Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Friday, October 11, 2013
ကောင်းတဲ့ အတုတော့ ခိုးစေချင်
ဂျပန်  နာဂိုရာမြို့ က နာမည်ကြီး Osukannon ဘုရားကျောင်းကိုရောက် သွားတော့ ရေးချင်တာလေးတွေ ပေါ်လာတယ် ..။
ဂျပန်ပြည်ဟာ ကမ္ဘာမှာနာမည်ကျော်ခြင်းရဲ့ အဓိက အကြောင်းအရင်းက လှပသန့် ရှင်းမှုနဲ့  စည်းကမ်းရှိမှုတို့ကြောင့်ပါ--သူတို့ဟာ တကယ်လဲ နာမည်ကြီးတဲ့အတိုင်း လူတဦးချင်းစီမှာ ကိုယ်ပိုင် အသိစိတ်ဓါတ်တွေရှိတာ ချီးကျူးစရာပါ ....။
သူတို့ရဲ့ အိမ်၊သူတို့ရဲ့လမ်း၊သူတို့ရဲ့ မြို့ ၊သူတို့ ရဲ့ နိုင်ငံ  ကို သူတို့အမြဲတမ်း လှပသပ်ယပ်ပြီး စည်းစနစ်တကျရှိအောင်ထိမ်းသိမ်းနိုင်ကြတယ်...။
သူတို့ဟာ ချမှတ်ထားတဲ့  ဥပဒေ စည်းကမ်းတွေ ၊ကျင့်ဝတ်တွေကို တသွေမတိမ်း အားလုံးလိုက်နာကြတယ်
သူတို့ဆီ လာလည်တဲ့ သူတွေ အားကျအတုယူချင်စရာကောင်းလောက်အောင် သူတို့လုပ်ပြနိုင်တယ်
ဒါ ငါတို့ပြည် လို့ ဂုဏ်ယူစွာနဲ့  နေရာတိုင်းကို သူတို့  ချပြရဲကြတယ်...။
ဒီလိုပြောနေတာ  ကျမက ဂျပန်ပြည်ကို ချစ်လို့-အားကျအထင်ကြီးလို့ပြောနေတာမဟုတ်ပါဘူး
ကိုယ့်မြန်မာပြည်က မြန်မာတွေကိုလဲ ဒီလို  တဦးချင်းတယောက်ချင်း  ကိုယ်ပိုင်အသိနဲ့ စည်းကမ်းရှိစေချင်လို့ပါ--
ကြီးကြီးကျယ်ကျယ်တွေ ဥပမာမပေးချင်ပါဘူး--
ခုရောက်ခဲ့တဲ့ Osukannon ဘုရားကျောင်းက ပုံလေးတွေ နဲပြောပြမယ်နော်--
ဘုရားကျောင်းကြီးရဲ့ မျကိနှာစာ
ဘုရားရှင်ကိုပူဇော်ဖို့  ဖယောင်းတိုင် အမွှေးတိုင်တွေဝယ်ရအောင်...
ဟယ် ဘယ်သူမှလဲမရှိပါလား--အော -စာရေးထားတာပဲ--ကျသင့်ငွေထည့်ပြီးယူရုံပဲကိုး
သစ်သားပုံးလေးထဲကို ပိုက်ဆံ ယန်းတစ်ရာထည့်ပြီးရင် ကိုယ်ပူဇော်ချင်သလောက် ယူလို့ရတယ်
(အင်း--လာတဲ့သူတွေထဲမှာ --အိမ်မှာမီးထွန်းဖို့ယူသွားမယ့်သူတွေ မပါလောက်ပါဘူးနော် :D
အမွှေးတိုင်လေးတွေကလဲ ယန်းတစ်ရာထည့်ပြီးရင် လိုသလောက် မီးပူဇော်လို့ ရပါသတဲ့ --
ပိုက်ဆံထည့်မထည့် စောင့်ကြည့်နေတဲ့  ဂေါပက လူကြီးလဲမရှိပါဘူး--
ဘယ်နေရာမှာ ဘာလုပ်ရင်  ဘယ်လောက်ထညိ့ပါဆိုတာ  --နေရာတိုင်းမှာစာလေးတွေကပ်ထားလိုက်ရုံပဲ--
အင်း--အော်ဟစ်ဆူညံပြီးဆုတောင်းပေးမယ့်သူမရှိ--အလှူခံဖို့အတင်းတိုက်တွန်းမယ့်သူမရှိ--အးချမ်းတိတ်ဆိတ်စွာဘုရားဖူးလို့တော့ပြီးသွားပြီ---ဘုရားကျောင်းအောက်ပြန်ဆင်းတော့မယ်--
ဟယ်--ခိုလေးတွေက ချစ်စရာ--
ခိုစာကျွေးတော့မယ်--အော--ဒီမှာလဲ စာရေးတာတာပဲ-- ခိုစာဖိုးက  ယန်း ၅၀ တဲ့ --မှန်တံခါးလေးဖွင့် ပြီး ပိုက်ဆံထည့် ပြီး ခိုစာယူပေါ့ --
(ပိုက်ဆံ မထည့် ဘဲ ခိုစာယူကျွေးရင်ေ၇ာ---ဘယ်သူသိတာမှတ်လို့--)
 ဒီမြှားပြထားတဲ့ အပေါက်လေးထဲ ကို ကျသင့်ငွေကိုထည့်ပါ-
အစာကျွေးလိုက်တဲ့အခါ ကျောင်းတပတ် ၀ဲပျံပြနေတဲ့  ခိုလေးတွေ---
အော--သူတို့မောသွာြး့ပီ --ဘုရားကျောင်းထိပ်မှာ ခဏနားနေကြ့ပီ--
အစာကျွေးရကျိုးနပ်အောင် လုပ်ပြကြရတာလေ---သူများကျွေးတာကို အလကားမစားဘဲ ဖြေဖျော်ပေးတဲ့ သဘောပါ--
ငှက်ကလေးတွေကတော့ ဒီလို လုပ်ပြဖို့ စိတ်ကူးပေါ်မယ်မထင်ဘူး--အသိဥာဏ်ရှိတဲ့ လူတွေရဲ့  သွန်သင်ပြသမှူပဲဖြစ်ရမယ်-ဘာပဲဖြစ်ဖြစ် ဒီလိုလေး ပျံပြတော့  ခိုစာကျွေးတဲ့သူတွေလဲ စိတ်ချမ်းသြာ့ပီး သဒ္ဒါစိတ် ပေါက်တာပေါ့ -ကျွေးချင်တဲ့သူတွေများတန်းစီလို့-
ကဲ--တို့လဲ ဘုရားကျာင်းအထွက်နားက လူရုပ်လေးကိုဓါတ်ပုံရိုက်ပြီး ပြန်တော့မယ်-ိတိတ်ဆိတ်အေးချမ်းတဲ့ ဘုရားကျောင်းထဲက ထွက်လာတော့လဲ ရင်ထဲမှာ ကြည်နူးအေးချမ်းခြင်းနဲ့အတူ တို့မြန်မာပြည်ကဘုရားတွေကိုလဲ ဒီလို တိတ်ဆိတ်အေးချမ်းစွာ ဖူးချင်တယ်--
ဘုရားလာဖူးတဲ့သူတွေ  အနှောင့်အယှက် ဖြစ်စေမယ့်တစာတစာ အော်ဟစ်ဆူညံနေ တဲ့ ဈေးရောင်းသံတွေ--
ဘုရားလာဖူးတဲ့သူတွေ ပိုက်ဆံပါမှန်း မပါမှန်းမသိ  နိဗာန်ရောက်အောင် လှူ တန်းခိုင်းနေတဲ့ တိုက်တွန်းသံတွေ --
အဲဒါတွေကိုလဲပျောက်ပျက်စေချင်ပါတယ်--
ကမ္ဘာမှာ မြန်မာပြည်ဆိုတာ  ဘုရားကျောင်းကန်တွေပေါများလှပါတယ်ဆိုပြီး သတင်းမွှေးနေတဲ့ နိုင်ငံပါ--
 ခေတ်အခြေအနေကောင်းရင် မြန်မာပြည်က  ဘုရားတွေကို သွားဖူးကြမယ်ဟဲ့  ဆိုပြီး အားခဲထားကြတဲ့ 
ကမ္ဘာလှညိ့ ခရီးသည်တွေအများကြီးရှိပါတယ်--
ခုချိန်ကစပြီး လာကြတော့မှာပါ။
သူတို့လာချင်လောက်အောင် တို့မြန်မာပြည်မှာလဲ အစစအရာရာ စည်းကမ်းရှိစေချင်တယ်--
လာတဲ့ သူတွေ စိတ်မပျက်သွားရအောင်---အထင်မသေးသွားရအောင်  -တို့မြန်မာပြည်ဟာ ဒီလိုပဲဟေ့ လို့  ဂုဏ်ယူစွာ ချပြချင်ပါတယ်--
သူများနိုင်ငံတွေကို ခရီးသည်တွေ ဘာကြောင့်အသွားများလဲ--ဘာကြောင့်ကြိုက်ကြလဲ --
သူတို့မှာ ဘာအားသာချက်ရှိလဲ--
ကောင်းတဲ့အတုတွေ ယူကြပါစို့လားး
တို့မြန်မာပြည်ကြီးကို  ကမ္တာက ချီးကျူးလေးစားအားကျလာရအောင်  တို့တွေ အတူကြိုစား ထိမ်းသိမ်းစောင့်ရှောက်ကြပါစို့ နော်----
မေတ္တာမွန်ဖြင့် 
ကြာဖြူနွယ်
Wednesday, June 26, 2013
`` မြန်မာအမျိုးသမီးဆိုတာ.... ``
ခုခေတ် ကျမတို့ နိုင်ငံက အမျိုးသမီးများဟာအိမ်ထဲမှာပဲနေကြတာမဟုတ်ဘဲ ယောင်္ကျားသားတွေ နဲ့  ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြရတာပါ။ ရဲရင့် ထက်မြက် ပြီး ကြိုးစားနေတဲ့  မိန်းမသားတွေ လုပ်ငန်းခွင်တိုင်းမှာရှိပါတယ်။
မြန်မာမလေးတွေ အလုပ်ကြိုးစားကြတာ ကို ကျမမိတ်ဆွေ ဂျပန်တစ်ယောက်က မှတ်မှတ်ထင်ထင် ချီးကျူးဖူးပါတယ်။
အရင်လ က ကျမ နဲ့  သူ နောင်ချိုဘက်သွားပြီး စိုက်ခင်းတွေ လိုက်လေ့ လာခဲ့ပါတယ်။
မိုးဝင်စအချိန်မို့  စိုက်ခင်းတွေ မြေထွန် ၊ မျိုးစေ့ ချနေကြပါပြီ။ရွာငယ်လေးတွေမှာဆို အကုန် စိုက်ခင်းထဲဆင်းကြလို့  ရွာထဲမှာလူတောင်မရှိဘဲ တိတ်ဆိတ်နေပါတယ်။
ကျမတို့  ကားနဲ့  စိုက်ခင်းတွေလိုက်ကြည့်ကြတော့ တွေ့ ရတာ မိန်းမတွေ က ပေါက်တူးပေါက်ကြ ၊ ပျိုးနုတ်ကြ နဲ့ လုပ်နေတာ မြင်တော့ သူ သေချာကြည့်ပြီး မြန်မာမ တွေ ရတဲ့ ယောင်္ကျားတွေ ကံကောင်းတယ်တဲ့ ...အချက်အပြုတ်လည်းရတယ် ၊ အလုပ်ဆိုလည်း ယောင်္ကျားနဲ့ တန်းတူ လုပ်နိုင်တယ်တဲ့ ..
သူတို့ ဆီက ဂျပန်မတွေက ခြေဆုံးခေါင်းဆုံး လှပနုရွနေအောင် အလှပြင်ပြီးယောင်္ကျားလုပ်စာ ထိုင်ဖြုန်းကြတာ များတယ်တဲ့ ...မြန်မာမတွေ ကတော့ နေပူထဲမိုးရွာထဲ အကြမ်းခံပြီးလုပ်နိုင်တယ်ဆိုပြီး ချီးကျူးပါတယ်။
နေ့ ခင်း ကျမတို့ ယာတဲ မှာ ခဏနားတော့ ပန်းဂေါ်ဖီ လာခုတ်ပေးတဲ့ ရွာထဲကမိန်းကလေး တစ်ယောက်ကို သူက အားလပ်ရက်ဘာလုပ်လဲ ၊ ဘယ်သွားလဲလို့ မေးပါတယ်။ အဲ့ ဒီ မိန်းကလေး က သူ့ မှာ အားလပ်ရက်ဆိုတာမရှိဘူး ၊ ဘယ်မှလဲမသွားဘူး ၊ လုပ်စရာတွေက တစ်ခုပြီးတစ်ခု ရှိနေတာ ၊ ကိုယ့်စိုက်ခင်းမရှိလည်း သူများစိုက်ခင်း ကူပေးတယ် ။ တစ်ရက်မှမနားဘူးလို့ ပြောလိုက်တော့ သူ တော်တော်ဖြုံသွားတယ်။ သူ့ ဘ၀မှာ အံ့ သြစရာအကောင်းဆုံး စကားပဲတဲ့ ...အားလပ်ရက် သပ်သပ်ရယ်လို့  မထားဘဲ အလုပ်လုပ်နေတဲ့  မြန်မာမတွေရှိတာ သူ သိသွားပါတယ်။
ဒါနဲ့ ညနေစောင်းပြန်လာကြတော့ ကံကြီးရွာအစွန် က စိုက်ခင်းထဲမှာ အလုပ်လုပ်နေတဲ့  သီလရှင်လေးတွေ ကိုမြင်ရပြန်ပါတယ်။ ကံကြီးရွာမှာ သီလရှင်တိုက်ရှိပြီး မိဘမဲ့ ကလေးတွေကို သီလရှင် ၀တ်ပေးပြီးခုလိုပဲ ကျောင်းပိုင်စိုက်ခင်း မှာ သီလရှင်တွေကိုယ်တိုင် ထွန်ယက်စိုက်ပျိုး ရပါတယ်တဲ့ ...ဘုရားဝတ်တက်ချိန်တက် ၊ လောကုတ္တရာစာသင်ချိန်သင်ရသလို ကိုယ့်စားဝတ်နေရေး အတွက်လည်း ကိုယ့်ဘာသာစိုက်ပျိုးစားကြပါတယ်တဲ့ ..လို့  အဲ့ ဒီဂျပန် ကို ကျမပြောပြတော့ သူ တို့ ဆီ မှာ မရှိတဲ့ ကိစ္စမို့ အထူးအဆန်းဖြစ်နေပါတယ်။
ကျမတော့သိပ်သဘောကျပါတယ်... မိဘမဲ့ ပြီး ခိုကိုးရာမရှိတဲ့ မိန်းမငယ်လေးတွေ အတွက် အင်မတန် အကျိုးရှိစေတဲ့အလုပ်လို့ မြင်ပါတယ်.။ဒီလို နိုင်ငံတော်လည်းမသိ ၊ ဘယ်အဖွဲ့ အစည်းအကူအညီမှ မလိုဘဲ မိဘမဲ့ ကလေးတွေ ကိုကယ်တင်စောင့်ရှောက်နိုင်အောင်လုပ်ကိုင်စီစဉ်ပေး တဲ့  ကျောင်းတိုက် ကသီလရှင်ဆရာလေး ကိုလည်း ချီးကျူးမိပါတယ်။
ဘယ်အရပ်မှာနေနေ ၊ ဘယ်အခြေအနေ မှာ ဖြစ်ဖြစ် ကောင်းမှု လုပ်ချင်တဲ့ သူဟာ လုပ်နေတာပါပဲ။
နောက်ပြီးတွေးမိတာက ဒီလိုမျိုး မိန်းကလေးတွေ အားမာန်အပြည့် လုပ်ကိုင်နေကြတာကျတော့ ဘယ်မီဒီယာမှ မသိ၊ ဘယ်ဖေ့စ်ဘုတ်ပေါ်မှ မတင်ကြပါလား..
တနေ့  တနေ့ တွေ့ နေရတဲ့  ဖေ့စ်ဘုတ်ပေါ် က မြန်မာမိန်းကလေးတွေ ကို ကဲ့ ရဲ့ ရှုံ့ ချ အထင်သေးတဲ့သတင်းတွေ ၊ တင်ထားတဲ့ မတော်တရော်ပုံတွေ မြင်ရ ဖတ်ရတာကျမ စိတ်မချမ်းသာပါဘူး...
အင်တာနက် ဖေ့ဘုတ် ကွန်ယက် က သိပ်ကျယ်ပြန့် ပါတယ်…သတင်းတခုဆို ချက်ချင်း တကမ္ဘာလုံးဆီရောက်သွားတာမို့ .. ငါးခုံမတကောင်ကြောင့် တလှေလုံးပုပ်ဆိုသလို လက်တဆုပ်စာလောက်ပဲရှိတဲ့  အကျင့် ပျက်မြန်မာမိန်းကလေးတွေကြောင့်  တနိုင်ငံလုံး က မြန်မာ မိန်းကလေးတွေ ကို နိုင်ငံခြားသားတွေ အထင်သေးသွားမှာကျမသိပ်စိုးရိမ်ပါတယ်….
ဒါကြောင့်  မြန်မာမလေးတွေ ယဉ်ေ ကျးလိမ္မာ ပြီး သိ က္ခာရှိတဲ့ အကြောင်းတွေ ၊ မိဘ ကိုရိုသေ လုပ်ကျွေးတတ်တာလေးတွေ ၊ အမျိုး သိ က္ခာ စောင့်ထိန်းနေတဲ့ သတင်းတွေ များသိရရင် လက်တို့ ကြပါ တကမ္ဘာလုံးသိအောင် တင်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်…
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်
Saturday, January 5, 2013
သန္တရသ ရပ်ဝန်း
သန္တရသ ရပ်ဝန်း
 ( ဆုံဆည်းရာ မိသားစု စာဆိုတော်နေ့ အကြို ဂုဏ်ပြုဆောင်းပါး )
ဆုံဆည်းရာ အဖွဲ့ သားများအားလုံးမင်္ဂလာပါရှင်
ဆုံဆည်းရာ မှာ စာဆိုတော်နေ့ အတွက် ဂုဏ်ပြုဆောင်းပါး ရေးကြမယ်ဆိုတော့ ကျမ လက်တွန့် မိတာအမှန်ပါ။
ကျမက ၀ါသနာအရ အွန်လိုင်းမှာ ကိုယ်ခံစားမိသမျှ  ဆောင်းပါးတွေ ၀တ္တုတွေ ရေးနေပေမယ့်   စာရေးဆရာမဟုတ်ဘာမဟုတ်နဲ့ မို့ စာဆိုတော်နေ့  ဂုဏ်ပြုဆောင်းပါး-- ဆိုတဲ့ခေါင်းစဉ် ကြီး ကို ရှိန်ပြီး ရေးချင်တာတွေရှိပေမယ့်တော်တော်နဲ့ ရေးလို့မရပါဘူး။
ဦးဇင်းအရှင်စန္ဒကုမာရတို့  အကိုကြီး ကိုသုည တို့  မောင်လေးညချစ်သူတို့  စာတွေဖတ်ကြည့်လိုက်တော့လည်းစာဖတ်သူတွေအတွက်တကယ့်ကို အသိပေးနိုင်တဲ့  
စာကောင်းပေမွန်တွေမို့  ကျမအလှည့်မှာ ရေးရမှာ လက်တွန့်နေတာလဲပါပါတယ်။
တကယ်တော့ ကျမကရင်တွင်းဖြစ်တွေ ပဲ ခံစားတင်ပြတတ်ပြီး  စာကြီးပေကြီး တွေ မရေးတတ်တဲ့ သူပါ  :)
ဒါပေမယ့်    အလှည့်ကျတော့လည်း  နွဲ့ နေလို့ မရတော့ဘူးပေါ့ လေ
ဒါကြောင့် အရင်အပတ် က ကျမ  ရောက်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ကအွန်လိုင်းမရှိတဲ့  နေရာလေးတစ်ခု အကြောင်း ကိုပြောပြရင်း အွန်လိုင်း သုံးတဲ့  လူငယ်တွေအတွက် သတိထားစရာလေးတွေကို
 ပြောပြသွားပါမယ်နော်။
ကျမ ရောက်ခဲ့ ပါတယ်။အဲဒီနေရာ မှာ ဂျပန်စိုက်ပျိုးရေးပညာရှင်တွေ က သူတို့ ရဲ့  ဂျပန်မျိုးစေ့ တွေ စမ်းသပ်စိုက်ပျိုးနေတာမို့  ကျမကစကားပြန်အဖြစ် လိုက်သွားရတာပါ။
ပြောရရင် ရောက်ရောက်ချင်း ကျမစိတ်ညစ်သွားတယ်။
ဘာလို့ လဲဆိုတော့ အဲဒီနေရာ မှာ  ကျမရဲ့  ဖုန်းလည်းလိုင်း မမိတော့ဘူး၊ အင်တာနက်လဲမရှိတော့ဘူး။
ထစ်ခနဲဆို  ဖုန်းကောက်ဆက်လိုက် ၊ မေးလ်လေးစစ်လိုက်နဲ့  မိုးလင်းကမိုးချုပ် အိပ်ချိန် ကလွဲရင် ထမင်းစားတာတောင်ကွန်ပြူတာရှေ့ က မခွာဘဲ  ညမအိပ်ခင်အထိ အွန်လိုင်းသုံး တတ်တဲ့ ကျမ အတွက်
 တော့ ဖုန်းမပြောရ၊ အက်တာနက်မသုံးဘဲနေရတာ တခုခုလိုနေသလိုပါပဲ။
 ရောက်ရောက်ချင်းနေ့ က ကျမ တော်တော် နဲ့ အိပ်မပျော်ပါဘူး။ ယူလာတဲ့ လက်တော့ပ်  ကို ဖွင့်ကြည့်ပေမယ့်လည်းအင်တာနက် မရတော့ ကွန်ပြူတာ သုံးရတာ
 အဓိပ္ပါယ် မရှိတော့သလိုပါပဲ။အိမ်မှာဆို အစောဆုံး ည ၁၂ နာရီကျော် မှ အိပ်တတ်တဲ့ ကျမ တော်တော် နဲ့ အိပ်မရဘဲ၁၀  နာရီလောက်မှ အိပ်ပျော်သွားပါတယ်။
နောက်နေ့  မနက်စောစော  နိုးနေတော့ အရင်နေ့ တွေလို မဟုတ်ဘဲ ကျမ ခေါင်းထဲကြည်နေတာကို  သတိထားမိတယ်။ဒါ စောစော အိပ်လို့ အိပ်ရေးဝပြီး ခေါင်းကြည်နေတာဖြစ်မယ်လို့ တွေးမိတယ်။
အိမ်မှာ ဖုန်းအင်တာနက်သုံးကတည်းက ကျမ ဒီလို အိပ်ရေး၀၀ မအိပ်ရတာ ကြာပါပြီ။
ရှမ်းပြည်နယ်ရဲ့ အေးချမ်းတဲ့ဆောင်းမနက်ခင်းလေးကလည်း  လှပနေတယ်။
တည်းတဲ့  နေရာကနေ ယာခင်းလေးဆီ သွားတဲ့ လမ်းတစ်လျှောက်မှာ နေကြာရိုင်းဝါ၀ါတွေ ပွင့်နေတာလှလိုက်တာ။ဟိုးအဝေး မှာလည်း ရှမ်းရိုးမ တောင်တန်းတွေကို မှုံပြပြ မြင်နေရပါတယ်။
 မျိုးစေ့ ကြဲဖို့ ခေါ်ထားတဲ့  ကလေးမလေးတွေ နဲ့ စကားပြောကြည့်ရတာလည်းပျော်စရာပါ။
သူတို့ မျက်နှာလေးတွေ က ရိုးသား ကြည်လင်နေပြီး  စကားသံဝဲ၀ဲ လေးတွေနဲ့  ပြောနေတာ သိပ်နားထောင်လို့ကောင်းပါတယ်။
 ကျမကလည်း သူတို့ ဘ၀တွေ ကို နည်းနည်းတီးခေါက် ကြည့် စပ်စုမိတော့ သိပ်ရိုးစင်းပြီးအေးချမ်းပါတယ်။
 မိရိုးဖလာ အစဉ်အဆက် ပိုင်ဆိုင်တဲ့  ယာကွက်တွေ သူ တို့ မှာရှိကြတယ်။
ဂေါ်ဖီချိန် ဂေါ်ဖီ ၊ ဆီမုန်လာချိန် ဆီမုန်လာ  စိုက်ကြတယ်။
ခုနောက်ပိုင်း ဒီဘက်ပိုင်းမှာ သကြားစက်တွေ တိုးလာတော့ ကြံစိုက်ကြတာများပါတယ်။
ကြံစိုက်မယ်ဆိုရင် လယ်ကွက်ပဲလိုတယ် တဲ့ --
သကြားစက်ရုံတွေက မျိုးစေ့ ပေး၊ အရင်းအနှီးထုတ်ပေး ၊ သယ်ပို့ ဖို့ ကားနဲ့ ဆီဖိုး ပါ စီစဉ်ပေးသတဲ့ -
ဒါကြောင့်  အဲဒီဘက်မှာ ကြံစိုက်ခင်းတွေများနေပါတယ်။
ကျမတို့  သွားတဲ့ အချိန်က သူတို့  ဂေါ်ဖီထွက်ချိန် ပြီးလို့  ယာခင်း တွေ ခဏ အားချိန်မို့  ကျမတို့  ဆီမှာ ပျိုးကြဲဖို့ နေ့ စားလာလုပ်ကြပေမယ့်  သူတို့ တွေ မှာ ကိုယ်ပိုင် ယာကွက်တွေရှိပါတယ်။
အမယ်-- ကျမမေးကြည့်တာ သူတို့  အိမ်တွေ က မြေ  ဧကတွေ တော်တော်များများ ပိုင်ကြတာပဲ။
ဟိုမှာ ဒီမှာ လက်ညှိုးထိုးပြီး ကျမကို စိုက်ခင်းအကွက်တွေ ပြနေတဲ့ သူတို့ မျက်နှာတွေက ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပါ။
ဒီယာကွက်တွေ ရှိနေသမျှ သူတို့ ဘ၀ အာမခံချက်ရှိတယ်လေ။အချိန်တန် စိုက်မယ် ၊ပျိုးမယ်၊ ရတဲ့ ငွေနဲ့ လိုတာဝယ်မယ်။
နောက်လ ရွာဘုရားပွဲ  သွားကြဖို တော့င် တိုင်ပင်နေကြတာ ပျော်စရာပါ။
ညနေစောင်းအလုပ်ပြီးတော့    ၃ မိုင် လောက်ဝေးတဲ့ သူတို့  ရွာကို တောလမ်းအတိုင်း လမ်းလျှောက်ပြန်သွားကြတာလဲ
ညောင်းပုံမရပါဘူး။  တနေကုန် လှုပ်ရှားမှု ရှိလို့လားပဲ သူတို့ ကိုယ်လုံးလေးတွေကလည်း ကြည့်ကောင်းတယ်။
ကျမလဲ သူတို့ ကို အားကျလို့  ညနေ အားတဲ့အချိန် တောလမ်းလေးအတိုင်း လမ်းလျှောက်ပါတယ်။
 ဟိုးအဝေးထိ ယာတော နဲ့  တောင်တန်းတွေကို မျက်စိတဆုံး တွေ့ မြင်နေရတာဟာကွန်ပြူတာရှေ့ ပဲ တကုပ်ကုပ် ထိုင်နေတဲ့ ကျမအတွက်တော့ လှပတဲ့  မြင်ကွင်းကျယ်ကြီးပါပဲ။
ကျမတို့   အနုပညာ ဖန်တီးမှုတွေ ဖြစ်တဲ့ ကဗျာတစ်ပုဒ် ဖတ်တဲ့ အခါ ၊ ပန်းချီကားတစ်ချပ် ကို ကြည့်တဲ့အခါ  ၊သီချင်းတစ်ပုဒ် နားဆင်တဲ့ အခါ -- ရင်ထဲမှာ ခံစားဖြစ်ပေါ်တတ်တဲ့ ခံစားမှု ရသ  ၉ မျိုးရှိပါတယ်။
နားလည်သလောက်ရှင်းပြရရင် အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) သင်္ဂါရ ရသ (ချစ်ခင်ခြင်း)
(၂) ဟာသရသ (ပြုံးရယ် ရွှင်လန်းခြင်း)
(၃) ရုဒ္ဓရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)
(၄) ကရုဏာရသ (သနားကြင်နာခြင်း)
(၅) ၀ီရရသ (ရဲရင့် တက်ကြွခြင်း)
(၆) ၀ိဘစ္ထရသ (ရွံ့ရှာစက်ဆုပ်ခြင်း)
(၇) ဘယာနကရသ (ကြောက်ရွံ့ထိတ်လန့် ခြင်း)
(၈) အဗ္ဘုတရသ (အံ့သြခြင်း)
(၉) သန္တရသ (တည်ငြိမ် အေးချမ်းခြင်း) တို့ဖြစ်ပါတယ်။
ခု   ဒီယာတော ပန်းချီကားလေးကို ကြည့်ရှုရင်း ကျမ ခံစားရတာကတော့  တည်ငြိမ်အေးချမ်းခြင်း ဆိုတဲ့  
သန္တရသပါ။ကျမ ဒီ ရသ လေးကို ကြည်မွေ့ စွာ ခံစားရင်း ခုလို ဖုန်းမရှိ ၊ အင်တာနက်မရှိ တဲ့  ဒီနေရာလေးမှာ  မှဒီလို သန္တရသ ကို ခံစားရမှာလား ၊  အွန်လိုင်းသုံးရင်းရော ဒီလို အေးချမ်းမှုတွေ မရနိုင်ဘူးလားလို့ စဉ်းစားကြည့်မိပါတယ်။
ရှင်းရှင်းပြောရရင်  ကျမ နေ့ နေ့ ညည အွန်လိုင်းကမ္ဘာမှာ နစ်မြောရင်း ကျန်းမာရေးထိခိုက်လာလို့  စိတ်မအေးချမ်းတော့ပါဘူး။
တကယ်တော့  တန်ဆေး လွန်ဘေးဆိုသလို အချိန် နဲ့  အခါ နဲ့  သင့် တင့် မျှတအောင် သုံးတတ်မယ် ဆိုရင် ၊
ကိုယ် နဲ့တကွ ကိုယ့် ပတ်ဝန်းကျင် ကို အကျိုးပြုစေမယ်ဆိုရင် အင်တာနက် သုံးရတာလည်း စိတ်အေးချမ်း မှာပါ။
အရေးအကြီးဆုံးက  ကျန်းမာရေးထိခိုက်တဲ့  အထိ အွန်လိုင်း မထိုင်ဖို့ ပါပဲ။
 သဘာဝ က ပေးထားတဲ့ ခန္ဓာကိုယ် ဆိုတာ  တစ်ချိန်လုံး ထိုင်နေဖို့ မဟုတ်ပါဘူး။
နေ့ ရော ညရော ကွန်ပြူတာရှေ့ မှာ ထိုင်နေမယ်ဆိုရင် ဇက်ကြောတက် ၊ ခါးနာ ၊ ခြေသလုံးနာ ၊ ကြွက်သားတွေ ညောင်းညာမျက်စိ တွေ အာရုံကြောတွေ ထိခိုက်ပြီးကိုက်ခဲပြီး 
လူက မအီမသာဖြစ်လာပါမယ်။ အဆီ တက်လာပါမယ် ။
ဒီလိုဖြစ်လာရင် စိတ်တွေလည်း လန်းဆန်းမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့်  ကိုယ်လက်လှုပ်ရှား လုပ်ချိန်တန်လုပ် ပြီး အင်တာနက် ကို အချိန် နဲ့ ပဲ သုံးစေချင်ပါတယ်။
( အများကို ပြောနေသလို ကျမလည်း ပြုပြင်ရပါဦးမယ်)
 အွန်လိုင်းတက် နေတဲ့ သူတွေဟာ ပတ်ဝန်းကျင်ကို လစ်လျှူရှု ထားတတ်ပါတယ်။
မိသားစု ဆိုတာ ဘ၀မှာ အရေးအကြီးဆုံးပါ။ ကိုယ့်မိသားစု နဲ့  ချစ်ချစ်ခင်ခင် နေရမယ့် အချိန်ဆိုတာ သတ်မှတ်ထားပေးပါ။
အိမ်သားတွေ  နဲ့ စကားပြောချိန် မရှိလောက်အောင် ကွန်ပြူတာာရှေ့ က မခွာတမ်း သုံးနေမယ်ဆိုရင် ၊ အိမ်မှု ကိစ္စ လုပ်ရမှာတွေလစ်ဟင်းလာတဲ့အခါ  ကြာလာရင် အချင်းချင်းနားလည်မှုတွေ ၊
 ချစ်ခင်ကြင်နာမှုတွေ မရှိတော့ဘဲ မိသားစု ရဲ့ အေးချမ်းမှုတွေပျောက်ဆုံးသွားပါလိမ့်မယ်။
 နောက်တစ်ခုက လူမှုရေးပျက်ကွက်ခြင်းတွေရှိလာနိုင်ပါတယ်။
လက်တွေ့ ဥပမာပေးရရင် ကျမ လည်း  စိတ်အလိုလိုက်ပြီး လူမှုရေးတွေ ပျက်ကွက်တာများနေပါပြီ။
အရင်ဆို ကျမ ပိတ်ရက်တွေမှာ  မိတ်ဆွေသူငယ်ချင်းတွေ ရဲ့ သာရေး နာရေးတွေသွားတယ် ၊ ခင်မင်တဲ့ သူတွေ နဲ့ ဆုံပြီးစကားပြော တယ်။  ရပ်ထဲရွာထဲ ဘာ လုပ်ပေးစရာရှိလည်း သတိထားတတ်ပါတယ်။
အင်တာနက် သုံးတဲ့ အချိန်ကစပြီး ကျမ  အပြင်သိပ်မထွက်ချင်တော့ပါဘူး။ သူငယ်ချင်းတွေ ဖုန်းဆက်ချိန်းရင်တောင်စကားကြာကြာ မပြောဖြစ်တော့ပါဘူး။ သာရေး ၊  နာရေး   တွေ သွားရတာ အချိန်ကုန်တယ်ထင်လာပါတယ်။အွန်လိုင်းမှာ ပဲတစ်ချိန်လုံးနေချင်ပြီး အပြင်လောက ကို မေ့ နေမိပါတယ် ။
တကယ်တော့  ဒီလို အပြင်လောက  က သူငယ်ချင်းမိတ်ဆွေ တွေ ကို ပစ်ခွာထားတဲ့အထိတော့လည်း
 မဖြစ်သင့် ပါဘူး။ဒီလို နေလာတာကြာရင် ကိုယ့်မှာပြင်ပ မိတ်ဆွေအပေါင်းသင်းဆိုတာ မရှိတော့ဘဲပတ်ဝန်းကျင် မှာမ၀င်ဆံ့ တော့ဘဲအထီးတည်းဖြစ်လာနိုင်ပါတယ်။
 ဒါကြောင့်  အွန်လိုင်းမိတ်ဆွေတွေတင်သာမက ပြင်ပ မိတ်ဆွေ အပေါင်းအသင်းတွေအတွက်ပါ အချိန်ပေးသင့် ပါတယ်။
နောက်တစ်ခု အဆိုးဆုံး ကတော့  မကောင်းတဲ့  ၀ဘ်ဆိုဒ်တွေ ကြည့်ခြင်းနဲ့  လူမှုရေးဖောက်ပြန်ခြင်းပါ။  
အင်တာနက်ကို ဒီကိစ္စတွေမှာ သုံးတာ သိပ်နှမြောစရာကောင်းပါတယ်။
တကယ်တော့  အင်တာနက်ဆိုတာ သုံးတတ်မယ်ဆိုရင်  လို တ ရ တဲ့ အဖိုးမဖြတ်နိုင်တဲ့  ရတနာသိုက်ကြီးပါ။
ကျမတို့ ငယ်ငယ်ကဆိုရင် စာအုပ်လေးတစ်အုပ်ဖတ်ဖို့ ကို စာအုပ်ဆိုင် တကူးတက သွားငှားရပါတယ်။
 အကြောင်းအရာ တခုခုသိချင်ရင်  စာကြည့်တိုက်သွားပြီး တကူးတက ရှာဖွေလေ့ လာရပါတယ်။
ခုခေတ်ကျတော့ အင်တာနက်မှာ ကလစ်တစ်ချက် နှိပ်လိုက်ရုံနဲ့  ကမ္ဘာကြီးတစ်ခုလုံးကို လည်းမြင်ရပါမယ်။
Enter တစ်ချက်ခေါက်လိုက်ရုံ နဲ့  လိုချင်တဲ့ အကြောင်းအရာ အချက်အလက်တွေ ရှာဖွေ လို့ ရနေပါပြီ။
ဒီလို အလွယ်တကူ ရနိုင်တဲ့  ရတနာ တွေ ရှိပါရဲ့ နဲ့  မကောင်းတဲ့ အာရုံ နဲ့  အင်တာနက် သုံးနေသူတွေဟာ
အထူးသဖြင့်  လူငယ်တွေ ကို ဒီလိုမဖြစ်စေချင်ပါဘူး။
အင်တာနက်မှိုင်းမိ ပြီး အလုပ်မလုပ်ချင်တဲ့ လူငယ်တွေ ၊ လူပျိုလား လူအိုလားမသိဘဲနဲ့ ချက်တင်ပြောရင်းချစ် ကြိုက်သွားတဲ့
သူချိန်းရာနောက် လိုက်ရင်းဘ၀ပျက်တဲ့ မိန်းကလေးတွေ ၊ မကြည့်သင့် တဲ့  ကားတွေ ကြည့်ပြီး မစမ်းသပ်သင့်တာတွေ
စမ်းသပ်မိလို့  ရောဂါပိုးရသွားတဲ့ ကောင်လေးတွေ --- ဘယ်လောက်တောင်များနေပါပြီလဲ။
တွေးကြည့်ရင် သိပ်ရင်နာဖို့ ကောင်းပါတယ်။
ဒီလို မကောင်းတဲ့  အာရုံနဲ့  အင်တာနက် ကိုသုံးနေမယ် ၊အွန်လိုင်းတက်နေမယ်ဆိုရင်တော့  စိတ်နှလုံးသားလည်း
ဘယ်တော့မှ အေးချမ်းမှာ မဟုတ်ပါဘူး။
ဖြစ်သင့် တာက အင်တာနက် သုံးရင်း ကိုယ်ဝါသနာပါရာ ပညာရပ်တွေ လေ့ လာမယ် ၊ဗဟုသုတ တွေ  ဖတ်မယ်။စာပေအနုပညာလမ်းစ ကိုရှာမယ်။ ၀ါသနာတွေ အိပ်မက်တွေ ကို အကောင်အထည်ဖော်မယ်။
မိတ်ဆွေ သူငယ်ချင်းတိုးပွားအောင်လုပ်မယ် ၊  ကိုယ့် အလုပ်အကိုင် တိုးတက်စေမယ့်  အခွင့် အလမ်းတွေ ရှာမယ်။ပရဟိတ လုပ်ငန်းတွေ တတ်နိုင်သလောက် လုပ်မယ် ဆိုရင်တော့ ……
 အွန်လိုင်းသုံးရင်း ကိုယ့်အတွက်လည်း အကျိုးရှိသလို  ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင် နဲ့  လူ့ လောက အသိုင်းအ၀ိုင်းကိုလည်း အကျိုးပြု နိုင်ပြီး   ကိုယ်စိတ် နှလုံး အေးချမ်းကြည်လင်လာမှာမို့   အင်တာနက် ရှိတဲ့ အရပ်ဟာလည်းသန္တရသ ရပ်ဝန်း လေး ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်  အွန်လိုင်းသုံးကြသူတွေ အနေနဲ့  အင်တာနက်သုံးရင်း အေးချမ်းမှု ဆိုတဲ့  သန္တရသ ခံစားချင်တယ်ဆိုရင်တော့စိတ်အလိုမလိုက်ဘဲအသိတရားလေးနဲ့  ဆင်ခြင်ပြီး  ဆင်ခြင်ပြီး သုံးကြပါလို့   ပြောကြားလိုက်ရပါတယ်ရှင်။
အွန်လိုင်းပေါ်မှာရှိတဲ့ 
ဆုံဆည်းရာအဖွဲ့ သားများအားလုံး
အင်တာနက်သုံးရင်း အသိပညာ ၊အတတ်ပညာတွေ တိုးပွားကာ
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ …
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်
မဗေဒါ ရဲ့  စုန်ဆန်တရား
ညက ညဉ့် နက်သွားလို့  ဒီမနက် ကျမအိပ်ယာထ နောက်ကျပြီး အမြန်ရေချိုးကာ အလုပ်သွားဖို့ ပြင်ရတယ်။
မနက်စာ ထိုင်စားမယ့် အချိန်မရှိတော့လို့  မုန့် အခြောက်ထုပ်လေးတွေ အိတ်ထဲ ထည့် ပြီး ဖယ်ရီအမီ လမ်းမ ပြေးရတယ်။
ရုံးရောက်တော့လည်း ကော်ဖီတစ်ခွက် နဲ့  မုန့် မြန်မြန်စားပြီး  ကွန်ပြူတာ ဖွင့်လိုက်တာနဲ့  တနေ့ တာ အလုပ်တွေစရပြန်ပါပြီ။ အဆင်မပြေတဲ့ နေ့ ဆို သူဌေးဆူတာခံရ လို့ စိတ်တွေညစ်၊
 ခေါင်းတွေကိုက်ရတယ်။ပြသနာတွေရှင်းရတယ်။
ဒီလို နဲ့  နေ့ ခင်း ထမင်းစားဖို့ ခဏနား  ၊ ပြီးရင် ပြန်လုပ် ။ညနေ ရုံးဆင်းတော့ပြန်။
အိမ်ရောက်တော့မှောင်နေပြီ။ ရေချိုး ထမင်းစား ။ ပြီးတော့ TV ကြည့်ရင်းနဲ့ မနက်ထမင်းချိုင့် အတွက်
ဟင်းချက်ဖို့ ကြက်သွန်နွှာ ၊ ငရုတ်သီးထောင်းထားရတယ်။
၈ နာရီ သတင်းလာတော့  မှ TV ရှေ့ က ထပြီး  သတင်းနားထောင်ရင်း ဟင်းချက် ။ဆေးကြောစရာရှိတာဆေးလိုက်တာကိုးနာရီလောက် မှ ချက်ပြုတ်သိမ်းဆည်းပြီး နားရတယ်။
အဲဒီအချိန်ကျမှ ကွန်ပြူတာလေးဖွင့်  ပြီး အွန်လိုင်းတက်လိုက်တာ  ည ၁၂ နာ၇ီ ၁ နာရီလောက်မှ အိပ်ဖြစ်ပြန်ရော
ဒါနဲ့ မနက် ကျတော့  မနဲ ထပြီး အိပ်ချင်မူးတူးနဲ့  အလုပ်သွားဖို့ ပြင်ရပြန်ရော။
တနေကုန် လုပ်ငန်းခွင် ထဲ အချိန်ကုန်ပြီးညနေစောင်း နေ၀င်ရီတရော မှ ပြန်လာ
ရေချိုး--ထမင်းစား-------------------ညဉ့် ၁နာရီ ၂ နာရီလောက်မှအိပ်--မနက်မနဲပြန်ထ
--------------------------
--------------------------
--------------------------
ဒီလိုနဲ့ပဲ နေ့ တိုင်းဖြတ်သန်းရင်း  အချိန်တွေလည်း ကုန်မှန်းမသိ ကုန်သွားတာပါပဲ။ ဒါဟာ မရိုးနိုင်တဲ့  ဘ၀ဖြတ်သန်းမှုပါလား။
တနေ့ လာလည်း ဒီအလုပ် ၊ တနေ့ လာလည်းဒီအလုပ် နဲ့ ကြာတော့  အလုပ်ကလည်း လုပ်နေရတာပဲလို့ ငြီးငွေ့ မိတယ်။
နေ့ စဉ် ဒါတွေချည်းဘဲလုပ်နေရတယ်လို့ ငြူစူမိတယ်။ အလုပ်တွေ ကိုရှောင်ပြေးချင်လာမိတယ်။
ဒီလို ဖြစ်လာရင် ကျမ လေ ဆရာဇော်ဂျီ ရဲ့  ဗေဒါလမ်းကဗျာလေး ဖတ်ပြီး မနဲအားပြန်တင်းရတယ်။
ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာ တွေဟာ ကျမတို့  ဘ၀ ရှင်သန်ဖို့ အတွက် အားမာန်ဖြစ်စေတာချည်းပါပဲ။
ဒီအထဲက ခု ကျမ ဖြစ်နေတဲ့ အခြေအနေ ကို ဖြေသိမ့်ပေးမယ့်  ကဗျာလေးတပုဒ်ကို တင်ပြချင်ပါတယ်။
ဗေဒါလမ်း ကဗျာ နံပါတ် ( ၉) ဖြစ်တဲ့  --စုန်ဆန်ရတရားဆိုတဲ့ ကဗျာလေးပါရှင်။ ဖတ်ရှုခံစားကြည့်ပါ။
ဗေဒါလမ်း (၉) – စုန်ဆန်ရတရား ( ဇော်ဂျီ)
 ပန်းပါဘိ ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံ
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။
ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)
ကဗျာ က တိုတိုလေးပေမယ့် ပေမယ့်  ပေးတဲ့အသိတရားကတော့ အဖိုးမဖြတ်နိုင်အောင်ပါပဲ။
ကျမ ခံစားနားလည်မိသလောက် ရှင်းပြမယ်နော်။
သိတဲ့အတိုင်း ဗေဒါပန်းလေးခမျာ  ချောင်းရေပြင်တကြော မှာ ရေစုန် ရေဆန်အတိုင်းမျောနေရတာပါ။
ဒါကိုမြင်တဲ့ ကျူရိုးရှင်လေး က ကြည့်ပြီးသနားကာ ---
ပင်ပန်းလိုက်တာမဗေဒါရယ်
မင်းမှာ  ရေစုန်ရေဆန် နဲ့ အတူ မျောနေရတာ မပြီးဆုံးနိုင်တော့ပါလားကွယ်
ဒီချောင်းရေတကြော မင်းမျောရတဲ့ ဗေဒါလမ်း က ပန်းဘွယ်ပါလား--လို့ 
ဂရုဏာအပြည့်နဲ့ ဒီလိုပြောလိုက်ပါတယ်။
ပန်းပါဘိ ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။
ဝေးပါသေးတယ်ရှင် ၊
 လောကဓံကို ကြံ့ကြံ့  ခံ နိုင်တဲ့ ဘာမထီ စိတ်ထားနဲ့  ဗေဒါလေးက ဒီလိုပြန်ရှင်းပြပါတယ်။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံ ကြွဝင်။
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
တနေ့ လာလည်းစုန်ရဆန်ရ ၊ တနေ့ လာလည်းစုန်ရဆန်ရ နဲ့ ဗေဒါဘ၀ ကို  ပင်ပန်းတယ်လို့  ပြောနေတဲ့ ကျူရိုးရှင်လေးကိုသာဓကလေးတွေ နဲ့ ရှင်းပြပါရစေ။
 ရွာဦးကျောင်းက ဦးဇင်းကလေ နေမင်းကြီးထွက်ပေါ်လာစ မနက်ခင်းတိုင်းမှာ ရွာရိုးတစ်လျှောက် လုံးဆွမ်းခံထွက်လိုက်တာနေထန်းတစ်ဖျားအမြင့် ရောက်မှ ရွာပြင်တံတားကနေ 
ဆွမ်းခံပြန်လာတာ နေ့ တိုင်း မြင်မှာပေါ့ နော်။
ဒီလို တစ်အိမ်ဝင် တစ်အိမ်ထွက် အမြဲဆွမ်းခံနေရတာ ညောင်းညာပင်ပန်းလိုက်တာ လို့  ထင်ပြီး ဦးဇင်း ဆွမ်းခံမထွက်တဲ့နေ့ လည်းမရှိခဲ့ပါဘူး။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။
နောက်တစ်ခု ထပ်ပြောပြဦးမယ် ကျူရှိုးရှင် ရေ
ဟိုးချောင်းစပ်မှာ လောင်းလှေပေါ် ဟင်းရွက်စုံတွေ နှစ်ပုံထပ်ပြီးတင်နေတဲ့ လင်မယားကိုတွေ့ လား။
သူတို့ က ဈေးသည်တွေလေ။ 
ဒီလှေကြီးနဲ့  ဟင်းရွက် တွေ ကို တင်ပြီး ချောင်းရိုးအတိုင်း တစ်ရွာဝင် တစ်ရွာထွက်
လိုက်ရောင်းပြီးညနေ စောင်း လို့  ဟင်းရွက်တွေကုန်မှ ရတဲ့ ပိုက်ဆံလေး နဲ့ မှ ဟင်းချက်စရာဝယ်ကြရတာလေ။
ငွေစ လေး ရသလောက် ငါးလေး ပုဇွန်လေး တွေ အဆင်ပြေတာဝယ်ပြီးမှ အိမ်ပြန်ကြတာလည်း နေ့တိုင်းပါပဲ။  
ချောင်းတစ်လျှောက်  နေပူပူ မှာ တနေ့မှ မနားဘဲ လောင်းလှေကြီး  နဲ့   ဈေးလိုက်ရောင်းနေရပေမယ့် 
သူတို့ ကတော့ ပျော်နေတာပဲလေ။ဒါကို စိတ်ပျက်စရာရယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူးတဲ့ ။
မဗေဒါ ရဲ့ ဘ၀ကလည်းဒီလိုပါပဲ မိတ်ဆွေလေးရေ
ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။
ဒီရေတက်လာရင် လည်း ကမ်းနားကိုအားမာန်အပြည့်နဲ့ လာလိုက်တာပါပဲ။
ဒီရေကျသွားတော့လည်း ကမ်းစပ်ကမိတ်ဆွေတွေကို ကသုတ်ကရက် နုတ်ဆက်ခွဲခွာပြီး
 ချောင်းရိုးတလျှောက် ပြန်မျောလိုက်တာပါပဲ။  
 ဒီလို အဖန်ဖန်အလဲလဲ စုန်လိုက်ဆန်လိုက်လုပ်နေရတာကို  မဗေဒါ က စိတ်ပျက် ငြီးငြူနေလို့ ရော
ဘာထူးမှာလဲ။ ဒါကြောင့် ဒီချောင်းရေတစ်ကြော မှာ ပျော်ရွှင်လန်းဆန်းစွာပဲ မျောပါနေတာပေါ့  ကျူရိုးရှင်လေးရယ်။
ဒီလို ရှင်းပြလိုက်တော့ ကျူရိုးရှင်လေးဟာ လက်ဖျားခါလောက်အောင် မဗေဒါကို အ့ံသြချီးကျူးမိတယ်လေ။
မဗေဒါ လေး အကြောင်း သိရတော့ ကျမလေ ကိုယ့်ကိုယ် ကို ပြန်ရှက်မိတယ်။
ကြည့်စမ်းပါဦးနော် --
 နေပူပူ မိုးရွာရွာ ရေစုန်ရေဆန် အလိုက် ချောင်းရေပြင်မှာ  မျောပါရင်း ဘ၀ ကုန်ဆုံးသွားရမယ့် 
မျှော်လင့် ချက်မဲ့  ဗေဒါပန်း လေး ကတောင် သူ့ ဘ၀ ကို စိတ်ပျက်ငြီးငွေ့ ခြင်းမရှိဘဲ ပျော်ရွှင် လန်းဆန်းနေနိုင်ပါရဲ့ နဲ့ ကျမ က ဘာလို့ များစိတ်ပျက်ငြီးငြူနေရတာပါလိမ့်။
ကျမ ဘ၀ မှာ ပျော်ရွှင်ရယ်မောရတာတွေ ၊  မျှော်လင့် ရင်ခုန်ရတာတွေ ၊ ကြည်နူးချမ်းမြေ့ ရတာတွေရှိနေတာပဲ။
နောက်ပြီး  ဒီအခြေအနေ  ၊ ဒီအလုပ် ၊ဒီလစာ ရဖို့ ဇွဲ ၊ လုံ့ လ နဲ့   ကျမ အားထုတ်ကြိုးပမ်းခဲ့ရတာလေ။
ကိုယ့်ထက် ပိုဆိုးပြီး ထမင်းတလုပ်စားဖို့  ချွေးနဲ့ သွေးနဲ့ ရင်းပြီး လှုပ်ရှား လုပ်ကိုင်နေကြရတဲ့ ဘ၀တွေ
အများကြီးရှိတဲ့ ကြားက ခုလို တည်ငြိမ်တဲ့ဘ၀ နဲ့ နေ့ စဉ် ၀တ္တရားတွေ ကို အေးအေးဆေးဆေး လုပ်ဆောင်နေရတာတောင်စိတ်ပျက်ငြီးငွေ့ ချင်နေသေးသတဲ့  ။  
တကယ်ဆို ကျန်းမာရွှင်လန်းစွာနဲ့  အခက်အခဲမရှိ  ဆောင်ရွက်စရာတွေ ဆောင်ရွက်ရင်း
တနေ့ တာကုန်ဆုံးသွားရတာဝမ်းမြောက်စရာမဟုတ်ပါလားရှင်။
ဘာလို့ များ စိတ်လေ ပျင်းရိချင်ရတာလဲ --လို့  ကိုယ့်စိတ်ကိုယ် ပြန်ဆုံးမလိုက်တယ်။
သေဆုံးခြင်းဆိုတဲ့ တစ်ဘ၀တာလမ်းဆုံး ကို မရောက်ခင်ကျမ ဟာ နေ့စဉ် လှုပ်ရှားရုန်းကန်ရင်း လူ့ ဘ၀ ကို ဖြတ်သန်းနေမှာပဲလေ။ 
ဒီတော့ ပျင်းငြိငြီးငွေ့  ချင်စိတ်တွေဖျောက် ပြီး မဗေဒါ လေးနဲ့ အပြိုင် တစ်နေ့ တာ ၀တ္တရားတွေကို  ပျော်ရွှင်တက်ကြွစွာလုပ်ကိုင်လို့ ပြီးတဲ့အခါ ညချမ်းမှာ အနားယူ အိပ်စက်ရင်း   မနက်ဖြန်အတွက်
 အားမာန်တွေ ပြန်ဖြည့်ရမှာပဲပေါ့ ။
ညအိပ်ယာဝင်လို့   အနန္တော အနန္တ ငါးပါး နဲ့တကွ ကျေးဇူးရှင်တွေကို ကန်တော့တဲ့အခါ မှာတော့ အဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိလှတဲ့   ဒီဗေဒါလမ်းကဗျာလေးတွေကို ရေးပေးခဲ့ တဲ့ ဆရာဇော်ဂျီ ကိုလည်း
 ကြီးစွာသော လေးစားစိတ်နဲ့ ရိုသေစွာ ကန်တော့လိုက်ပါတော့တယ်ရှင်။
ဘ၀အမောများပြေကြပါစေ
ကြာဖြူနွယ်
စောင့် ဆိုင်းတတ် တဲ့  နီဟွန်း
အရင်အပတ်ကတည်းက အလုပ်ကိစ္စ နဲ့ ကျမ ဂျပန်ရောက်နေပါတယ်။
ခုချိန် ဂျပန်က kooyooလို့ ခေါ်တဲ့  ရွက်ပြောင်းချိန် ရောက်နေပြီး တဖြည်းဖြည်း အေးလာပါပြီ။
ကျမ သွားရတဲ့ မြို့ လေးက  တောင်တန်းကြီးတွေ ၀န်းရံထားပါတယ်။
တောင်ပေါ်က သစ်ပင်တွေမှာ သစ်ရွက်လေးတွေ က တဖြည်းဖြည်း အရောင်ပြောင်းနေကြတာ ခုလိုပဲမြင်ရပါတယ်။
အေးစက်တဲ့ ရေခဲလေ တွေ တိုက်ခတ်လာတဲ့ ဒီလို အချိန်မှာ Ramen လို့ ခေါ်တဲ့ ခေါက်ဆွဲပြုတ် ပူပူလေး
 စားရတာကတော့အရသာရှိလှပါတယ်။
ကျမတို့  နေ့ ခင်း သွားစားနေကျ ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ဒီဆိုင်လေးပါ။
ဒီဆိုင်လေးက ၀က်သားပြားခေါက်ဆွဲ က ဒီနယ်တ၀ိုက်မှာ နာမည်ကြီးသတဲ့ ။ စားရတာလည်း တကယ်အရသာရှိပါတယ်။
ပါဆယ်ထုပ်သွားချင်ရင် တော့  ဒီပုံစံလေး လုပ်ပေးပါတယ်။ အရည်ကို တကူးတက သယ်သွားစရာမလို ပါဘူး။
ဟင်းရည်ထဲထည့်ရမှာတွေ အကုန် ထုပ်ပေးထားပြီး အိမ်ရောက်မှ ကိုယ့်ဘာသာရေနွေး နဲ့ ရောရမှာပါ။
ဒီဆိုင်လေးက တနင်္လာနေ့ တစ်ရက် ပိတ်ပြီး ကျန်တဲ့အချိန်တွေ အမြဲ လူပြည့်နေပါတယ်။
ကျမတို့ ဘယ်အချိန်သွားသွား စောင့်ရတာက များပါတယ်။
အရင်လူ က စားပြီးသွားလို့  စားပွဲ အားသွားရင် အများကြီးစောင့် နေရတဲ့အထဲက တန်းစီစနစ်နဲ့ပဲ နေရာပေးပါတယ်။
ကိုယ်ရောက်တဲ့အချိန် နေရာပြည့်နေရင် ဟောဒီစာရွက်လေးမှာ ကိုယ့် နာမည်နဲ့ စားမယ့် 
သူအရေအတွက်ရေးပေးရပါတယ်။
ရောက်လာတဲ့သူတိုင်းက စောင့်ရတော့မယ် ဆိုရင် ဒီလိုနာမည်ရေးပြီး ထိုင်စောင့်ရပါတယ်။
ထိုင်စောင့် တဲ့ ခုံ လူပြည့်နေရင် ရပ်စောင့် ပါတယ်။
အဲလိုရပ်စောင့် တဲ့အချိန် လည်း အေးအေးဆေးဆေး ပဲ ဒီလို စာဖတ်ပြီးစောင့် နေပါတယ်။
စားပွဲ တလုံးလွတ်သွားပြီဆိုရင်  နာမည်ရေးထားတဲ့ စာရွက်လေး ကြည့်ပြီး အရင်ဆုံးလူ ကို ခေါ်ပါတယ်။
ကိုယ့်နာမည် မခေါ်မချင်း သူတို့ကတော့ စောင့် တာပါပဲ။
ဒီလိုစောင့် ရ တာ နဲ့ပတ်သက်ပြီး သူတို့ လူမျိုးတွေ က သိပ်စိတ်ရှည်ပါတယ်။
ဂျပန်လူမျိုးတွေဟာ စည်းကမ်းရှိတဲ့ နေရာ မှာ ကမ္ဘာကျော်တာလည်း ကျော်ထိုက်ပါပေတယ်လို့  သူတို့ ကိုကြည့်ပြီး ကျမ တွေးမိပါတယ်။
ဘူတာရုံတွေ မှာဆိုလည်း လက်မှတ်ဖြတ်စက်မှာ တန်းစီပြီးဝယ်ရပါတယ်။
 ရထားစောင့်ရင်လည်း တန်းစီကာစာဖတ်ရင်းဒီလိုစောင့်ပါတယ်။
ရထားလာလို့ တက်ရင်လဲ လုမတက်ပါဘူး။ ဆင်းတဲ့ သူကို ရပ်စောင့်ပေးပြီးမှ အစဉ်လိုက်တက်ကြပါတယ်။
ရထားပေါ်မှာလူကျပ်လာရင်လည်း အလိုက်တသိ နဲ့ နေရာရွေ့ ပေးကြပါတယ်။ နောက်ပြီး သိပ်စကားမပြောဘဲ အေးအေးဆေးဆေးစီးကြပါတယ်။
သူတို့ တွေ က ဆူညံသံမကြိုက်ကြပါဘူး။ ရထားစီးရင် ဖုန်းပိတ်ထားရပါတယ်။
ရထားထဲမှာ ဖုန်းပြောလို့ မရပါဘူး။ အရေးကြီးတဲ့ဖုန်းပြောချင်ရင်တော် ထောင့် လေးမှာ တိုးတိုးပဲပြောပါတယ်။ဘေးပတ်ဝန်းကျင် အနှေင့် အယှက်မဖြစ်အောင် သတိထားကြပါတယ်။
ရထားပေါ်ကဆင်းရင်လဲ တပြုံကြီး ဆင်းလာပေမယ့်  စက်လှေခါးနေရာတွေ ရောက်ရင် တိုးဝှေ့ မနေဘဲ အလိုက်တသိ တစ်ယောက်နောက်က တစ်ယောက် တန်းစီပြီးမှ တက်ကြပါတယ်။
 ဒါဟာ ဘယ်သူကမှ အော်ဟစ် တိုက်တွန်းနေတာ မဟုတ်ဘဲသူတို့  ရဲ့  ကိုယ်ပိုင်အသိစိတ် နဲ့ 
 စနစ်တကျ လုပ်သွားတာပါ။
သူတို့ က ဒီလို လုပ်ရတာ ကိုအသားကျနေပါပြီ။ သူတို့ ကလေးဘ၀ ကျောင်းစတက်ကတည်းက လူ့ ကျင့် ဝတ်နဲ့  ပတ်ဝန်းကျင်မှာဘယ်လိုဆက်ဆံရမယ်ဆိုတာတွေ ကျောင်းကသင်ပေးလိုက်တာပါ။
ကျမ လည်းမြန်မာပြည်ဖွား မြန်မာလူမျိုးမို့  ပထမဆုံးဂျပန်ရောက်စ က   ရထားစီးရင်း ဖုန်းခိုးဆက်မိတယ်။
တခါတလေ သတိလက်လွတ် စကားအကျယ်ကြီးပြောမိတယ်။ ထိုင်ခုံလွတ်ရင် အမြန်ဦးချင်တယ်။ ရထားလာရင် အမြန်တက်ချင်တယ်။
ခုတော့ ဂျပန်လာရတာ အခေါက်အရေ များလာပြီး တဖြည်းဖြည်း ကျင့် သားရလာပေမယ့်  သူတို့ လောက် တော့ဘယ်လိုမှစနစ်မကျနိုင်သေးပါဘူး။
တစ်သက်လုံးအရိုးစွဲနေတဲ့အကျင့်ဆိုတာတော့ ပြင်ဖို့ ခက်သားလားနော်--
နေရာတကာ စနစ်တကျ ဖြစ်နေတဲ့  သူတို့ နိုင်ငံ နဲ့  လူမျိုးတွေ ရဲ့  ဘ၀နေထိုင်မှု ပုံစံ ကိုကြည့်ပြီး ကျမတို့ မြန်မာပြည်ကြီးကိုလည်း  ပိုမို တိုးတက်ကောင်းမွန်ပြီး စနစ်တကျ ဖြစ်စေချင်ပါတယ်။
ဒီလို စနစ်တကျ ဖြစ်ဖို့ ဆိုတာ ငယ်စဉ် ကလေးဘ၀ ကတည်း က အကျင့် လုပ်ပေးရမယ် ထင်ပါတယ်။
ခုချိန်က စလို့  ပညာရေးစနစ်တွေလည်းပြုပြင်ပြောင်းလဲပြီမို့    မိဘဆရာ ပူးပေါင်းပြီး ကလေးဘ၀ ကတည်းက  ပြုစုပျိုးထောင်ပေးလိုက်လို့  စည်းကမ်းရှိပြီး စနစ်တကျနဲ့ ကြီးပြင်းလာမယ့် မြန်မာနိုင်ငံရဲ့ 
နောက်မျိုးဆက်သစ်လေးတွေကို မြင်ချင်လှပါဘိတော့တယ်ရှင်။
စေတနာမွန် ဖြင့် 
ကြာဖြူနွယ်
ဂျပန်မှာ လွမ်း တဲ့ မုန့် လုံးကြီး ကြော်
 ဖော်ရွေခင်မင်စွာဧည့်ခံသလို ကျမတို့  ဂျပန်လာရင်လည်းမိသားစုလို ပဲသေချာ ဂရုစိုက်တတ်ပါတယ်။
နေ့ တိုင်းလည်း ဂျပန်စာလေးတွေ လုပ်ကျွေးတတ်သလို စားကောင်းတဲ့ ဆိုင်တွေမှာ လိုက်ကျွေးပါတယ်။
သူတို့ အစားအစာတွေ ကလတ်ဆတ်သန့် ရှင်းပြီးကျန်းမာရေး နဲ့ညီညွတ်ပါတယ်။
ပြောရရင်တော့ ဂျပန်မှာ ကျမ  အစားကောင်းတွေ စားရပါတယ်။
ဒီလို စားရတဲ့ အချိန်တိုင်းမှာ ကျမ ဟာ ဟိုးလွန်းခဲ့တဲ့  ၁၀ နှစ်လောက်က စားခဲ့ရတဲ့ မုန့် လုံးကြီး ကြော်လေးတွေကိုပြန်တမ်းတမိပါတယ်။
အဲဒီအချိန် က ကျမ ဂျပန် အထည်ချုပ်စက်ရုံ တစ်ခု မှာ စတိုတာဝန်ခံလုပ်ရင်း ဂျပန်စာ သင်နေတဲ့ကာလပါ။
ကျမအဖေက အလုပ်ထွက်လိုက်ပြီး စီးပွားလဲကျ ကာ အိမ် မှာ ကျမ လစာ ကို ပဲ အားကိုးစားနေရတဲ့ ဘ၀မို့ 
စားဝတ်နေရေး က တော်တော် ကျပ်တည်းပါတယ်။မိသားစု စားစရိတ်ကလွဲရင် ကျမ ပိုက်ဆံကို အပို မသုံးနိုင်ပါဘူး။
အလုပ်ပိတ် တဲ့  တနင်္ဂနွေ တစ်ရက် ကို ပညာဒါန ဘုန်းကြီးကျောင်းမှာ ဂျပန်စာသင်တန်း သွားတက်ဖို့ ဘတ်စ်ကားခတောင်မနဲ သုံးနေရပါတယ်။ အဲဒီအချိန်က ကျမတို့  ဒညင်းကုန်းကနေ မြောက်ဥက္ကလာဘုန်းကြီးလမ်း ကိုသွားတာ ၄၃ ဒိုင်နာ အ၀ါ
တစ်စီးပဲရှိပါတယ် ။  လမ်းတွေကကြမ်းကြမ်း ဒိုင်နာ က ဆောင့် နဲ့  မနဲသည်းခံ စီးသွားရတယ်။
ဒါပေမယ့်  နေပူပူ မိုးရွာရွာ တစ်ပတ်တစ်ခါ တက်ရမယ့်  သင်တန်းကို ကျမရောက်အောင်သွားပါတယ်။
ကျမ ဂျပန်စာ တတ်ချင်တယ်လေ-- ကျမ တို့ စက်၇ုံမှာ လက်ရှိ လုပ်နေတဲ့ ဂျပန်စကားပြန်တွေ ကိုကြည့်ပြီး အားကျသလိုကျမ ကိုယ်တိုင် ကလည်း ဒီဂျပန်စာလေးတွေ စိတ်ဝင်စားပါတယ်။
နောက်ပြီး ကျမ ဒီိလိုပဲ သာမာန် ၀န်ထမ်းဘ၀ နဲ့  ဆက်လုပ်နေတာထက်စာရင် ဂျပန်စာတတ်ရင် ကျမအလုပ်အကိုင်နေရာပိုမြင့် မားလာမယ် ၊ လစာများများ ရတဲ့ အလုပ်ရရင် ကျမတို့ မိသားစု ဒီထက် ပိုပြီးပြေလည် လာမယ် -- ဆိုတဲ့ အတွေးနဲ့ ကျမ ဂျပန်စာ ကို အားတင်းသင်ပါတယ်။
ပညာဒါန ကျောင်းဆိုပေမယ့်  သွားရတဲ့ ကားခ၊ စာအုပ်ဖိုး၊ မုန့် ဖိုးတွေကတော့ကုန်ပါတယ်။
ကားခ နဲ့ စာအုပ်ဖိုးကတော့ ကျသင့် ငွေ ပေးရတာမို့  လျှော့သုံးလို့ မရပါဘူး။
ဒီတော့ ကျမ က ခြွေတာလို့ ရတာ မုန့် ပဲသားရေစာ ဖိုးပါ။
ကျမတို့ ရပ်ကွက် က မနက်ပိုင်းဆို  ပဲပြုတ်သည်၊ ကောက်ညှင်းပေါင်းက စလို့ အမျိုးမျိုးသောမုန့် သည်လေးတွေလာရောင်းကြပါတယ်။
ဒီမုန့် သည်တွေ ထဲမှာ ကျမ ရွေးချယ်လိုက်တာ က မုန့်လုံကြီး ကြော်သည်ပါ။
မုန့်လုံကြီးကြော် ဆိုတာက သိတဲ့အတိုင်းပဲ ကောက်ညှင်းထဲကို အုန်းသီး ဒါမှမဟုတ် ပဲ ဌာပနာပြီး ပြန်ကြော်ထားတဲ့မုန့်ပါ။
ကောက်ညှင်းကိုကြော်ထားတာမို့ တော်တော်အဆာခံပါတယ်။ ဈေးကလည်း ပေါပါတယ်။
မနက်ကတည်းက မုန့် လုံးကြီး တလုံး ငါးဆယ် နဲ့  ၂ လုံး တစ်ရာဖိုးစားပြီး ရေသောက်လိုက်ရင်  နေ့ ခင်းသင်တန်းပြီးလို့ အိမ်ပြန်ရောက်ချိန်အထိ ကျမ ဗိုက်မဆာတော့ပါဘူး။ 
ဒီတော့ သင်တန်းမှာ သူများတွေလို မုန့်ဆိုင်မထိုင်ရတော့လို့ ပိုက်ဆံမကုန်တော့ပါဘူး။
 ပြောရရင် ဒီမုန့် လုံးကြီးလေးတွေ က ကျမကို အထောက်အပ့ံပေးနေတဲ့ မိတ်ဆွေလေးတွေပါ။
အလုပ်သွားရင်လဲ တခြား မုန့် တွေထက်  ဈေးနည်းပြီး တွက်ခြေကိုက်တဲ့   မုန့်လုံးကြီး ပဲ ကျမ ၀ယ်သွားပါတယ်။
ကျမ ကတော့ ကျမ တွက်ကိန်း နဲ့ ကျမ စားနေတာပေမယ့်  ရုံးမှာ သူများတွေ ၀ယ်လာတာကစားကောင်းပြီး  ဈေးကြီးတဲ့ မုန့်တွေများပါတယ်။ 
ကျမ ကတော့ သူတို့ ဘာသာ ဘယ်လောက်ကောင်းတာ စားစား မမှုပေမယ့်ကျမ ဒီလို ငါးဆယ်တန် မုန့် လုံးကြီး ပဲအမြဲ စားတာကို လှောင်ပြောင်ကဲ့ ရဲ့ ချင်တဲ့သူတွေလည်းရှိပါတယ်။
" မသန္တာ က လည်း ဒီမုန့်လုံးကြီး ပဲစားနေတာပဲနော် ၊ မငြီးငွေ့ ဘူးလား"
" အေးလေ ၊ ကပ်စေးနှဲလိုက်တာ ၊တခြားမုန့် တွေ မစားဘူးလား။ "
" နင့် မုန့်ကြီးကလည်ဟယ် ၊ ငါ တခါမှတောင်မစားဖူးပါဘူး။လက်ဖက်ရည်ဆိုင်မှာ ဒီလိုမုန့် မရောင်းပါဘူး"
ကိုယ့်မုန့် ကို ကိုယ့်ပိုက်ဆံ နဲ့ ၀ယ်စားတာတောင် ကျမ ကဲ့ရဲ့ ခံခဲ့ရပါတယ်။
အမှန်အတိုင်းပြောရရင် ဒီလို အပြောခံ ရရင် ကျမလည်း   ရှက်ပြီးသိမ်ငယ်သလို ခံစားရပါတယ်။
တကယ်ဆို ကျမ သင်တန်းတက်ဖို့  ကားခ မကုန်ဘူးဆိုရင် ၊ ဂျပန်စာအုပ်တွေ မ၀ယ်ရင် သူတို့လို  ဈေးကြီးတဲ့ မုန့်တွေစားဖို့  ပိုက်ဆံ ထွက်လာမှာပါ။
ဒါပေမယ့်  ဒါဟာ ကျမ ရွေးချယ်မှုပါ။
ကျမ ဂျပန်စာ တတ်ချင်တယ်။ အလုပ်ကောင်းကောင်းလိုချင်တယ်။ ကျမ မိသားစု ဘ၀ ကိုမြှင့်ချင်တယ်။
အစားအစာ ဆိုတာ  ၀မ်းတွင်းမီး ကို ငြှိမ်းပေးတာပါ။ဘာ စားစား ဗိုက်ပြည့် ပြီး  ၀မ်းမီး ငြိမ်းဖို့ က အဓိက ပါ။
နောက်ပြီး မုန့် လုံးကြီးကျော်လေးတွေ က မနက်စောစော ၀ယ်ရင် ကြော်ပြီးခါစ မို့  ကြွပ်ရွပြီး
စားကောင်းပါတယ်။
ကျမ စားတဲ့ အစားအစာ ကျမ ကျေနပ်ရင်ပြီးတာပဲ၊ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခြွေတာ သည်းခံပြီး ကြိုးစားလိုက်ရင်နောက်ဆို ငါ ဟာ သူတို့ ခု စားနေတဲ့ မုန့်တွေ ထက်ကောင်းတဲ့မုန့်စားရမှာသေချာတယ်။
ကဲ-- -ဇွဲ လုံ့ လ အပြည့်နဲ့  ကိုယ့်လမ်း ကိုယ်လျှောက်မယ် လို့ အားပြန်တင်းပြီး ကျမ ဂျပန်စာ ဆက်သင်ခဲ့ပါတယ်။မုန့်လုံးကြီးကျော် ဆက်စားခဲ့ပါတယ်။
ဒီလိုနဲ့ ပဲ ဂျပန်စာ Level တွေ တဖြည်းဖြည်း မြင့် လာပြီး ကျမ ဂျပန် စကားပြန် အလုပ်နဲ့ အသက်မွေး လာနိုင်ပါတယ်။အရင်ထက်လည်း လစာပိုကောင်းလာပြီး အိမ် ကိုလည်း ပိုထောက်ပံ့ လာနိုင်ပါတယ်။
တဖြည်းဖြည်း မုန့်လုံးကြီးကျော် နေ့ တိုင်း စားရာကနေ မနက်ခင်းဆို တခြားဖွယ်ဖွယ်ရာရာလေးတွေ ၀ယ်စားနိုင်ပါပြီ။
ကျမသူဌေးက ဂျပန်ဧည့်သည်တွေလာလို့  ဟိုတယ်မှာ ၊စားသောက်ဆိုင်ကြီးတွေမှာ လိုက်ကျွေးတိုင်းလည်း ကျမ ကလိုက်ရပြီး အစားကောင်းတွေစားရပါတယ်။
ကျမကို ကဲ့ ရဲ့ ခဲ့တဲ့ သူတွေကတော့ ခုထိလည်း ဘ၀မပြောင်းဘဲ သာမာန် ရုံးဝန်ထမ်းဘ၀ နဲ့  ဆက်လက်ရှင်သန်နေတုန်းပါ။
ကျမ သတင်းတွေ သူတို့ ကြားပြီး တခါတလေ ပြန်ဆုံရင် အားကျလိုက်တာလို့ ပြောတတ်ပါတယ်။
ခုတော့ သူတို့  မုန့်လုံးကြီးကျော် ပဲ ခြွေတာ စားခဲ့တယ်ဆိုပြီး ကျမ ကို မကဲ့ရဲ့ တော့ပါဘူး။
ခုလို ဂျပန်လာတဲ့  အချိန် ဆိုလည်း ဒီက ခင်မင်တဲ့ ဂျပန်မိတ်ဆွေတွေက ဂျပန်စာတွေ တမျိုးပြီး တမျိုး မရိုးရအောင် ကျွေတော့တာပါပဲ။  ကျမလေ ဒီလို အစားကောင်းတွေ စားရတဲ့ အခါတိုင်း သတိရမိတာက အရင် စားခဲ့တဲ့ မုန့်လုံးကြီးကျော်ကိုပါ။
အရင် က ကျမသာခြွေတာစားပြီး ဂျပန်စာမသင်ဘဲ သူများတွေလိုစားသောက်ပစ်လိုက်ရင် ဒီဘ၀ရောက်မလာနိုင်ပါဘူး။
တကယ်တော့  လူဆိုတာ  ကိုယ် ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင်သွားနိုင်မယ့် လမ်း ကို ကိုယ့်ဘာသာ ရွေးရတာပါ။
အများလျှောက်တဲ့လမ်းဟာ ကိုယ့်ပန်းတိုင်မရောက်ဘူးဆိုရင် ရောယောင်ပြီး သွားလျှောက်စရာ မလိုပါဘူး။
သူတို့ နဲ့ လမ်းအတူတူ မလျှောက်လို့  ပြောဆို ကဲ့ရဲ့ တာ ခံရကောင်း ခံရပါတယ်။
ဒါပေမယ့်   စိတ်ဓါတ်ခိုင်ခိုင်မာမာ နဲ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကိုပဲ ကိုယ်ဆက်လျှောက်မယ်ဆိုရင် 
တနေ့  ကိုယ့် ပန်းတိုင်ရှေ့ ကို ကိုယ်ရောက်လာမှာပါ။
 ကျမ ကြုံခဲ့ရတဲ့ အတွေ့ အကြုံလေးကို ရင်းပြီး   ရုန်းကန်ကြိုးစားနေရတဲ့ လူငယ်လေးတွေအတွက် တခုခု ရနိုင်စေဖို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ အားလုံး ရည်ရွယ်ရာပန်းတိုင် ကို လှမ်းကိုင်နိုင်ကြပါစေ။
စေတနာမွန့်ဖြင့် 
ကြာဖြူနွယ်
Friday, January 4, 2013
ဗိုလ်ချုပ် ရဲ့ ဒီဇိုင်နာ
 လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ 
သမိုင်းဝင် ၀တ်စုံအကြောင်းလေးနဲ့ 
 မနက်ဖြန် ကျရောက်မယ့်  ၆၅ နှစ်မြောက်လွတ်လပ်ရေးနေ့  ကို  ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်ရှင်
တနင်္ဂနွေနေ့  က  အကယ်ဒမီပွဲကိုတက်ရောက်လာကြတဲ့  အနုပညာရှင်တွေကို TV မှာကြည့်ရတာ
သူ့ ထက်ငါ အပြိုင်အဆိုင် လှလိုက်ကြတာ။
ရောင်စုံပန်းခင်းကြီးထဲရောက်သွားသလို ပါပဲ။သူတို့အနုပညာရှင်တွေ အတွက် အရေးကြီးတဲ့ တန်ဖိုးထားတဲ့
 ဒီပွဲကြီးကိုတက်ရောက်တဲ့ အခါသူတို လဲ လှပ ၀ံ့ကြွား ချင်ကြမှာပဲလေ။
ဒါကြောင့် ဒီလို  ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးမှာ အနုပညာရှင် တွေကို လူပုံအလယ်မှာ တောက်ပ
ဝံ့ကြွားနေအောင် အစွန်းကုန်ကြိုးစားချုပ်လုပ်ပေးထားကြတဲ့ ဒီဇိုင်နာ တွေရဲ့ ပညာစွမ်းကလဲ 
အထင်ကြီးလေးစားစရာကောင်းပါတယ်။
“လူမှာ အ၀တ် တောင်းမှာအကွပ်  ”ဆိုတဲ့  စကားပုံလေးလိုပါပဲ၊ အ၀တ်အစားဆိုတာ ကြွားဝါ ပြိုင်ဆိုင် ဖို့  ၊
  ပေါ်ပြူလာ ဖြစ်ဖို့ ဝတ်စရာမလိုပေမယ့်   ကိုယ့်အတွက် အရေးပါတဲ့ နေရာတွေ 
 သွားတဲ့အခါကိုယ့်ကိုလူအထင်မသေးအောင် ကိုယ်တက်ရောက်တဲ့ ပွဲ နဲ့ လိုက်ဖက်ပြီးကိုယ့်တန်ဖိုး
 ပေါ်လွင်အောင် ကိုယ့် အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့အ၀တ်အစားကိုတော့ ၀တ်ဆင်တတ်မှ
 သင့်တော်ပါလိမ့်မယ်။
ဒီလိုတွေးရင်းနဲ့  ကျမ သတိရသွားမိတဲ့ သူတစ်ယောက်ကတော့ ကျမတို့မြန်မာပြည်ရဲ့ 
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုဒီဇိုင်နာ လုပ်ပြီး အလှဆင်ပေးခဲ့တဲ့ 
သူတစ်ယောက်ကိုပါပဲ။
သူကတော့  ဗိုလ်ချုပ်နဲ့ရင်းနှီးခင်မင်ပြီးဗိုလ်ချုပ်ကို စေတနာထားတဲ့ အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူး --ပါတဲ့ရှင်။
အချိန်အခါကတော့  ၁၉၄၇ ခုနှစ် ဇန်န၀ါ၇ီ လ ၊မြန်မာ့လွတ်လပ်ရေးအတွက် လက်တကမ်းအလို မြန်မာပြည်ကြီးအတွက်ဗိုလ်အောင်ဆန်း ဆိုတဲ့  သူတစ်ယောက် နေ့ မအား ညမအား 
အားသွန်ခွန်စိုက်ကြိုးပန်းနေတဲ့ အချိန်ပါ။
ဗိုလ်ချုပ် ဟာ ၁၉၄၆ ဒီဇင်ဘာလ၂၄ရက်နေ့ကလွိုင်ကော်မှာ ကယားခေါင်းဆောင်နဲ့စော်ဘွားများအား
 တွေ့ ဆုံပြီးသူ မကြာမီ ဘိလပ်သို့သွားပြီး မြန်မာ့လွတ်လပ်ရေးအတွက်အရေးဆိုတော့မည်ဖြစ်ကြောင်း
  ကယားပြည်သူများကိုလဲမန်မာပြည်မနဲ့အတူ လွတ်လပ်စေလိုကြောင်းစသဖြင့် တိုင်းရင်းသားအားလုံးရဲ့  
 စည်းလုံးညီညွတ်မှုအင်အားရဲ့ တန်ဖိုးရှိပုံကိုပြည်နယ်ခေါင်းဆောင်ကြီးများလက်ခံသဘောတူလာအောင် စည်း၇ုံးခဲ့ပါတယ်။
လွိုင်ကော်မှတဆင့် ဒီဇင်ဘာ ၂၆ တွင် တောင်ကြီးသို့ရောက်လာပြီး ၁၉၄၆ ဒီဇင်ဘာ၂၅ ခရစ်စမတ်နေ့ တွင်
တောင်ကြီးမြို့ လူထုစည်းဝေးပွဲကြီးမှာ စည်းလုံးညီညွတ်ရေးတရားဟောပြောခဲ့ပါသည်။ထို့နောကိ ဒီဇင်ဘာ၂၆ရက်နေ့ နံနက်ညောင်ရွှေမြို့ လူထု စည်းဝေးပွဲကြီးတွင် ညီညွတ်ရေး တရား ဟောပြောပြီးနောက်
 ရှမ်းပြည်မှရန်ကုန်ကိုပြန်ခဲ့ ရာ ထိုအချိန်သည်မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိနိုင်ငံ လန်ဒန်မြို့ တော် 
 တွင် နန်းရင်းဝန် မစ္စတာအက်တလီခေါင်းဆောင်သောလေဘာတီ အစိုးရနှင့် ဆွေးနွေးရန်  
 ဗိုလ်ချုပ်သွားရောက် ဖို့ ခြောက်ရက်မျှသာကျန်တော့တဲ့  အချိန် ကာလဖြစ်ပါသည်။
ဗိုလ်ချုပ်သည် လန်ဒန်တွင် ဆွေးနွေးခြင်းမပြုလုပ်ခင် သူနှင့် ခင်မင်ရင်းနှီးသော အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူး နှင့် ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလိုတဲ့ ဆန္ဒ ဖြစ်ပေါ်မိပါတယ်။
လူဆိုတာ အရေးကြုံရင် ကိုယ်ခင်မင်အားကိုးရတဲ့  မိတ်ဆွေကောင်းကိုတောင့်တမိတတ်ကြပါတယ်။
ဗိုလ်ချုပ်အနေနဲ့လဲ တိုင်းပြည်လွတ်လပ်ရေးကြီးအတွက် ကြီးကျယ်ခမ်းနားလှတဲ့  လန်ဒန်ဆိုတဲ့ ရွှေမြို့တော်ကြီးကိုမသွားခင်သူခင်မင်ရင်းနှီးတဲ့ သူ့မိတ်ဆွေကို တိုင်ပင်ချင်စိတ်ပေါ်မိတာပါ။
၁၉၄၇ ဇန်န၀ါရီလ ၂ ရက်နေ့ နံနက် ၇ နာ၇ီ တိတိတွင် ဗိုလ်ချုပ်သည်မင်္ဂလာဒုံလေဆိပ်မှစတင်ထွက်ခွာပြီး
နံနက်  ၁၀နာရီခွဲ  ခန့် တွင်အိန္ဒိယပြည် ကလကတ္တားမြို့ သို့ ဆိုက်ရောက်ပါသည်။
နံနက် ၁၁ နာ၇ီခွဲတွင် ကာလကတ္တားမှပြန်ထွက်ပြီး ညနေ ၄ နာ၇ီ မိနစ်၄၀တွင် နယူးဒေလီမြို့ ဆင်ခြေဖုံး၇ှိ
ဝယ်လင် တန်လေဆိပ်သို့ ရောက်သွားကြပါသည်။
လေယဉ်ပေါ်မှဆင်းဆင်းချင်း လာကြိုနေသူများရဲ့ ရှေ့ဆုံးကတွေ့ ရတာကတော့အိန္ဒိယခေါင်းဆောင်ကြီး
မစ္စတာနေရူးပါပဲ။
သူက ဗိုလ်ချုပ်နှင့်လွပ်လပ်စွာ တိုင်ပင်ဆွေးနွေးချင်လို့ ဟိုတယ်မှာတောင် မတည်းခိုင်းဘဲ သူ့နေအိမ်မှာတည်းခိုစေပြီးသူ့ သမီး အင်ဒရာဂန္ဒီကိုယ်တိုင်ဗိုလ်ချုပ်ကို ဧည့်ခံပြုစုခဲ့ပါသည်။
ဗိုလ်ချုပ်သည် ဇန်န၀ါရီ ၂ရက်နေ့ ညမှ ဇန်န၀ါရီ ၆ရက်နေ့ အထိ ထို အိန္ဒိယခေါင်းဆောင်ကြီးနှင့် 
 နိုင်ငံရေးပြသနာများကိုကျယ်ပြန့် စွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ထိုတောအတွင်းဇန်န၀ါရီ ၄ ရက်နေ့ ညနေ တွင် မစ္စတာနေရူးသည် သူမှာကြားလိုသောအချက်များကို
 ပြောဆိုပြီးနောက် ဗိုလ်ချုပ် အားမေးခွန်းတစ်ခုမေးပါသည်။
“ဒါ့ထက်အောင်ဆန်း ၊မင်း အင်္ဂလန်ပြည်ရောက်ရင် ဘာအ၀တ်အစားဝတ်မှာလဲ”
ထိုအခါ ဗိုလ်ချုပ်က ဘာမှပြန်မပြောဘဲ သူဝတ်ထားသော ကာကီဇင်ယူနီဖောင်း တပတ်နွမ်းကို ပြန်ငုံ့ ကြည့်ရင်း ပြုံးနေပါသည်။
သြော်--ဗိုလ်ချုပ်၊ဗိုလ်ချုပ်--တိုင်းပြည်လွပ်လပ်ရေးရဖို့အရေးကလွဲရင် ကိုယ့်အရေးအတွက်တောင် ဘာမှမစဉ်းစားပုံများ ဒီလောက်ကြီးကျယ်ခမ်းနားလှတဲ့  လန်ဒန်ရွှေမြို့ တော်ကြီးကို
 ကာကီယူနီဖောင်း အနွမ်းလေးနဲ့ သွားမတဲ့ ။
ကိုယ်ဝတ်ထားတဲ့ အက်ျီ ဘယ်လောက်ဟောင်းနေလဲဆိုတာတောင်ဂရုစိုက်မယ့်သူလဲမဟုတ်ပါဘူးလေ-
ဒီတော့မှမစ္စတာနေရူးလဲ ဗိုလ်ချုပ်ဟာ ဒီကာကီယူနီဖောင်း အဟောင်းလေးနဲ့ အင်္ဂလန်ဆက်သွားမှာ သဘောပေါကိသွားပြီးအံ့သြသွားပါသတဲ့ ။
“ဟာ--မင်းရဲ့ ဒီအ၀တ်အစားမျိုးနဲ့  အလွန်အေးတဲ့ လန်ဒန်မြို့ ဆောင်းရာသီမှာ ဘယ်ဝတ်လို့ဖြစ်မလဲကွယ့် ၊
ပြီးတော့ ဟိုကျရင် မင်းကို ဂျော့ဘုရင်မင်းမြတ်က ဘတ်ကင်ဟမ် နန်းတော်မှာ ပွဲတော်တည်ဖို့ ဖတ်ချင်ဖိတ်မှာ၊
အဆောင်အယောင်ပကာသနအလွန်ကြိုက်တဲ့ ဗြိတ်သျှလူမျိုးတွေရဲ့အလယ်မှာ 
မင်းကအ၀တ်အစား ပြည့်ပြည့်စုံစုံမပါရင်ခက်နေပါဦးမယ်၊
မဖြစ်ပါဘူး၊ကြည့်လုပ်ပေးလိုက်ဦးမှပဲ”
ပြောပြောဆိုဆို မစ္စတာနေရူးဟာ သူ့အတွင်းဝန်တစ်ဦးကိုချက်ချင်းခေါ်ပြီး ဗိုလ်ချုပိအောင်ဆန်းနှင့်  တပည့်ဖြစ်သူအတွက်ပါသင့်တော်တဲ့ ဝတ်စုံများချုပ်ရန် ညွှန်ကြားလိုက်ပါသည်။
ထိုညတွင်းချင်းပင် အပ်ချုပ်ပညာသည်များရောက်လာပြီး စနစ်တကျကိုယ်တိုင်းများယူသွားကြပြီးနောက်
၂၄နာ၇ီ  အတွင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်းတို့အတွက် သက္ကလပ်ဖြင့် ချုပ်ထားသော စစ်ဝတ်စုံ၊
၇ှပ်အင်္ကျီ၊ နက်ကတိုင်လည်စည်း၊ ကက်ဦးထုပ်မှ အစ အားလုံးဝတ်စုံပြည့် ဆင်မြန်းပေးလိုက်ပါတော့သည်။
ထို့ကြောင့်ဗိုလ်ချုပ်သည် နယူးဒေလီမှခ၇ီးဆက်တဲ့အခါ ပုံပန်းကျနသပ်ရပ်သောသက္ကလပ်
စစ်ယူနီဖောင်းဖြင့်  ခံ့ညားစွာလန်ဒန်ကို ခရီးဆက်ခဲ့ နိုင်ပါသည်။
လန်ဒန်တွင်  ဗိုလ်ချုပ်သည် ဗြိတိသျှ နန်းရင်းဝန်နှင့်တကွ အစိုးရအဖွဲ့ ဝင်များနှင့်ဆွေးနွေးခဲ့ ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဗိုလ်ချုပ်ကိုယ်ပေါ်တွင် ခံ့ညားစွာနေရာယူထားတာက မစ္စတာနေရူးရဲ့မေတ္တာ လက်ဆောင်သက္ကလပ် စစ်ယူနီဖောင်းပဲဖြစ်ပါတယ်။
ထိုဝတ်စုံဟာ ဗိုလ်ချုပ်နဲ့ အင်မတန်ပဲလိုက်ဖက်ကြည့်ကောင်းလှပါတယ်။
ပြင်းထန်တဲ့ စိတ်ဓါတ်၊အားမာန်တွေနဲ့ လှုပ်ရှားနေတဲ့ ခိုင်မာပြတ်သားတဲ့ ဗိုလိချုပ်နဲ့ အရမ်းကိုလိုက်ဖက်တဲ့
ဝတ်စုံပါပဲ။ခုတော့ဒီဝတ်စုံနဲ့ လန်ဒန်မှာ ဗြိတိသျှတွေနဲ့ ယှဉ်ဘောင်တန်းပြီး ပြောဆိုဆွေးနွေးနေတဲ့  ဗိုလ်ချုပ်ရဲ့ ဓါတ်ပုံတွေဟာလဲသမိုင်းဝင် ပုံတွေဖြစ်ခဲ့ပါပြီ။
ကျမကလေးဘ၀တုန်းက ဗိုလ်ချုပ်ကို ဓါတ်ပုံတွေထဲမှာစမြင်ဖူးကတည်းက  ဒီသက္ကလပ် စစ် ၀တ်စုံနဲ့ ပုံက
ကြည့်အကောင်းဆုံး ပဲလို့ ထင်မိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လို့ ဆိုလိုက်တာနဲ့ မျက်စိထဲမှာ သက္ကလပ်စစ်ဝတ်စုံနဲ့  ဗိုလ်ချုပ်ပုံကိုပဲ မျက်စိထဲပြေးမြင်ယောင်မိပါတယ်။
တကယ်လို့  ဗိုလ်ချုပ်ဟာ အိန္ဒိယကိုမ၀င်ခဲ့ရင် ၊ မိတ်ဆွေမစ္စတာနေရူးကိုသတိတရ နဲ့ အရေးမထားခဲ့ရင်
ဒီလို ခံ့ညားတဲ့ ဝတ်စုံနဲ့ ဝံ့ကြွားနေတဲ့  ဗိုလ်ချုပ်ရဲ့  သမိုင်းဝင်ပုံတွေကို မြင်တွေုရမှာမဟုတ်ပါဘူး။
ဒါဟာ ဗိုလ်ချုပ်ရဲ့ မိတ်ဆွေစစ်ကို အလေးထားတိုင်ပင်ခဲ့တဲ့ စိတ်ရင်းစေတနာက အကျိုးပေးခဲ့တယ်လို့ ထင်ပါတယ်။
ဒီလို ကောင်းမွန်မှန်ကန်တဲ့  မိတ်ဆွေစစ် ရဖို့အတွက် မိမိဘက်ကလဲရိုးသားပွင့်လင်းမှု၇ှိပြီး
စိတ်ရင်းနဲ့ ဆက်ဆံရပါမယ်။စေတနာမှန်ရင် အကျိုပေးစမြဲပါ။
ဗိုလ်ချုပ်ရဲ့ တိုင်းပြည်ကိုစေတနာထားချစ်ခင်စိတ်ကပဲ ဗိုလ်ချုပ်ကို လူပုံအလယ်မှာ တင့်တယ်စေခဲ့ တယ် လို့ ယူဆမိပါတယ်။
ဘယ်လိုပဲဖြစ်ပါစေ ကျမကတော့ ကျမတို့ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင် ဓါတ်ပုံတွေ လှပခန့် ညားပြီး ကြည်ညိုချင်စရာကောင်းအောင်ဗိုလ်ချုပ်ကို သက္ကလပ်စစ်ဝတ်စုံ ချုပ်လုပ်ဆင်မြန်းပေးခဲ့တဲ့ 
ဗိုလ်ချုပ်ရဲ့  ဒီဇိုင်နာ ဖြစ်တဲ့  အိန္ဒိယခေါင်းဆောင်ကြီး ဂျဝါဟလာလ်နေရူးကို
ကျေးဇူးတင်နေမိပါတော့တယ်။
 (ကိုးကား-- တက္ကသိုလ်နေ၀င်း ရေးသော ဗိုလ်ချုပ်အောင်ဆန်း၏လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း )