Monday, September 23, 2013
" သိက္ခာဆူး "
မျက်နှာချင်းဆိုင်မှာရပ်နေသည့်  ဝေမာ့ ကို ငေးကြည့်ရင်း ဖူးပွင့် ရင်ထဲတွင်သိမ်ငယ်သလိုလို စိတ်ခံစားမှုဖြစ်ပေါ်နေပါ၏..။
"ငါ DMA တက်ပြီးသွားပြီလေ ... ၊ပြင်သစ်စာလည်း တော်တော်ရနေပြီ.... ခု လေးလွှာမှာရှိတဲ့  ပြင်သစ်ကုမ္မဏီမှာ အလုပ်လာလျှောက်တာ..နင်ရော ဒီဟိုတယ် ဘာလာလုပ်တာလဲ"
" ငါလား..ဟိုလေ... ငါ့ သူဌေးမ ခိုင်းထားတာလေးရှိလို့ ပါ"
ထစ်ငေါ့ စွာ နှင့် ပြန်ဖြေလိုက်သော ဖူးပွင့် အသံဟာ အင်အားမရှိဘဲတိုးတိမ်လှပါသည်။
ဝေမာ နုတ်ဆက် ထွက်သွားပြီးသည့်နောက်အတန်ကြာသည်အထိ   ကျောက်ရုပ်တစ်ရုပ်လို
ဖူးပွင့်  ရပ်နေမိပါသည်။
ဝေမာ နဲ့  ဖူးပွင့် ဆိုတာ ကျောင်းတုန်းကတည်းက ရည်ရွယ်ချက်ကြီးခဲ့ ကြသူတွေပါ...။
အလုပ်တွေ ရှာတဲ့အထိ တတွဲတွဲရှိနေရာ မှ ဖူးပွင့် က မြင့်မြတ်စံကုမ္မဏီတွင် အတွင်းရေးမှူးအလုပ်ရပြီးကတည်းက အဆက်အသွယ်ပြတ်သွားတာခြောက်နှစ်တောင်ရှိပါပြီ။
ကြည့်ပါဦး...အချိန်တွေ အကုန်မြန်လိုက်တာ...
ဖူးပွင့် ကတော့ မမမြတ်တို့ ရဲ့  မိသားစုကိစ္စတွေကြားမှာ ဘ၀ကို မြုပ်နှံထားခဲ့ရတဲ့  ဒီခြောက်နှစ်အတွင်းမှာ ဝေမာက နောက်ထပ်ပညာတွေအများကြီး သင်ယူပြီးသွားပြီ..။
ဒီလို ပညာရပ်တွေတစ်ခုပြီးတစ်ခုသင်ဖို့ ဆိုတာ ဖူးပွင့် ရဲ့ ငယ်နုစဉ်က အိပ်မက်ပါ....
အပြောကျယ်လှသည့် ပညာသမုဒ္ဒရာကြီးမှာ တတ်နိုင်သလောက်ကူးခပ်ဖြတ်သန်းမဟဲ့ လို့  အားမာန်တင်းခဲ့သော ဖူးပွင့် သည် ယခုတော့လည်း မမမြတ်ရဲ့  စိတ် နဲ့ အသက်ရှင်နေရသူ လိုဖြစ်နေပါပြီ..။
ဒီဟိုတယ်ကိုရောက်နေသည်ကလည်း ကုမ္မဏီအလုပ်ကိစ္စကြောင့်မဟုတ်ဘဲမမမြတ်အမျိုးသား ဦးမောင် ကို လာချောင်းရခြင်းပင်..။
ဦးမောင်က ကောင်မလေးတစ်ယောက်နှင့် ဒီဟိုတယ်ကို လာတတ်တယ်လို့ မမမြတ်သတင်း ရသွားကတည်းကဖူးပွင့် ကို ဟိုတယ်လွှတ်ပြီးကြည့်ခိုင်းထားတာ တစ်ပတ်ရှိပါပြီ။
နေ့ တိုင်း ဘာမှမလုပ်ဘဲ နေ့ ခင်း ၁၂ နာရီ မှ  ညနေ ၅ နာရီထိဟော်တယ်ဧည့်ခန်းမှာ လာထိုင်နေတတ်တဲ့  ဖူးပွင့် ကို ၀န်ထမ်းတွေကတောင်မျက်မှန်းတန်းမိနေပါပြီ။
ကံကောင်းတာလား..ကံဆိုးတာလားမသိပေမယ့်  ဒီနေ့ ထိ ဦးမောင်က ဟိုတယ်ကိုမလာပါ။
၅ နာရီထိုးသည်နှင့်  မမမြတ်ကိုဖူးပွင့် ဖုန်းဆက်ရသည်။
" ဒီနေ့ လည်းမတွေ့ ဖူးလား ..အေးအေး....ပြန်လာခဲ့လေ..
မမမြတ်နဲ့  ညစာသွားစားရအောင် ၊ သမီးတို့ လည်း ရုံးမှာရောက်နေပြီ.. "
" ဒီနေ့ တော့ အိမ်ပဲတန်းပြန်ပါရစေ.. .ဖူးပွင့် ခေါင်းတွေကိုက်နေလို့ ပါ "
" အော်..အေးအေး..ဒါဆိုလဲနားလေ..အရမ်းဆိုးနေလား..မမ ကားလွှတ်ပေးရမလား ၊
ဆေးခန်းသွားပြမလား.."
" နေပါစေ..အိမ်ပြန်နားရင်ကောင်းသွားမှာပါ..ကျေးဇူးပါမမမြတ် "
ပြာပြာသလဲနှင့် ဂရုတစိုက်မေးနေသည့် မမမြတ်အသံကိုနားထောင်ရင်း ဖူးပွင့် ငိုချင် လာတာ မို့ ဖုန်းအမြန်ချလိုက်ရပါသည်။ကိုယ့်ကို ညီမလေးတစ်ယောက်လို ချစ်ခင်အားကိုးနေသည့် ဒီအလုပ်ရှင်သူဌေးမအပေါ်ထားမိတဲ့  သံယောဇဉ်ဟာဖူးပွင့် ကို တုပ်နှောင်ထားတာကြာခဲ့ပါပြီ။
အိမ်ရောက်တော့ မျက်နှာမကောင်းသည့်သမီးကိုကြည့်ပြီး အမေက မေးလာပါသည်။
"ဘာမှမဟုတ်ပါဘူးအမေရယ်...ဟိုတယ်ထဲမှာဒီအတိုင်းကြီးထိုင်စောင့်နေရတာ ခေါင်းတွေ ကိုက်လာလို့ ပါ..."
"အင်း..ဒီနေ့ လည်း မတွေ့ သေးဘူးလား ... လုပ်ပေးလိုက်ပါသမီးရယ် ၊ ဒီလိုကိစ္စမျိုးဆိုတာ အပြင်လူအသိခံကြတာမဟုတ်ဘူး...ငါ့သမီးကိုယုံလို့ ခိုင်းတာ...သမီးသူဌေးမရဲ့ကျေးဇူးတွေ
အမေ တို့ မှာ ဘယ်လောက်များနေပြီဆိုတာ သမီးအသိဆုံးပါ... ဒီအိမ်လေး မှာ အေးအေးချမ်းချမ်းနေနေရတာကို  အမေဖြင့် ကျေးဇူးတင် လှပြီ.. .နေ့ တိုင်းမေတ္တာပို့ ပေးနေပါတယ်ကွယ်"
သိပါသည်...အမေ မပြောလည်း မမမြတ်ရဲ့ ကျေးဇူးတွေကို ပွင့်ဖူးအမြဲတမ်းဦးထိပ်တင် ထားတတ် သူပါ...အဖေမရှိတော့ဘဲအမေတစ်ခုသမီးတစ်ခုမို့ စားဝတ်နေရေးအတွက်ရုန်းကန်ခဲ့ရတဲ့ဘ၀မှာ မမမြတ်ဆီအလုပ်ဝင်ပြီးမှ ချောင်လည် ခဲ့ရတာပါ။ ဒါပေမယ့် ဒီနေ့ ဝေမာ နဲ့ ဆုံလိုက်ရတော့လည်း မက်ခဲ့ဖူးတဲ့ အိပ်မက်လေးတွေကိုပြန်သတိရပြီး ၀မ်းနည်းမိတာအမှန်ပါ....။
တစ်ချိန်ကတော့ ဖူးပွင့် ဆိုသည့်ကောင်မလေးဟာကောင်းကင်ပြာကြီးထဲမှာ အတောင်ပံဖြန့် ပြီး လွတ်လပ်စွာ ပျံသန်းချင်ခဲ့ တာပါ...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဒေါ်မေမြတ်သွယ်..တဲ့ ..
 သမီးနှစ်ယောက်အမေလို့  မထင်ရအောင် ချောမွတ်ဝင်းပနေသည့်အသားအရည် ၊ သွယ်လျှမြင့်မားသည့်ကိုယ်ဟန် နှင့် အထက်တန်းကျကျ လှပလွန်းသည့် သူဌေးမကို ဖူးပွင့် ငေးကြည့်နေမိပါ၏။
"ဖူးပွင့် က Secretary Cost ( အတွင်းရေးမှူးသင်တန်း ) တက်ထားတာပဲ..၊ ဘယ်မှာအလုပ်ဝင်ဖူးလဲ"
"အတွင်းရေးမှူးအနေနဲ့ တော့ အလုပ်မ၀င်ဖူးပါဘူး၊ အရင် စူပါမားကက်တစ်ခု မှာအရောင်းစာရေးလုပ်ရင်း ဒီသင်တန်းတက်ခဲ့တာပါရှင့် "
မ၀ံ့ မရဲ နှင့် ဖြေနေသည့် ဖူးပွင့် ကို ဒေါ်မေမြတ်သွယ်က ပြုံးကြည့်ရင်း ....
"မင်း ကို ဒီလို ဘယ်မှမလုပ်ဖူးတဲ့သူမို့ ရွေးလိုက်တာပဲ..မမမြတ်က အတွေ့ အကြုံတွေ များပြီးလူရည်လည်နေတဲ့ ဝန်ထမ်းတွေဆိုကြောက်တယ်...ဒီမှာက မိသားစုလိုပဲ... မင်းလုပ်နိုင်မှာပါ..."
ပြုံးပြုံးလေးနှင့် ပြောလိုက်သည့် သူဌေးမဒေါ်မေမြတ်သွယ်ရဲ့ စကားတစ်ခွန်းတည်းနှင့် ပင်
ဖူးပွင့် ဟာမြင့်မြတ်စံကုမ္မဏီအတွက်အားကြိုးမာန်တက်တာဝန်ထမ်းဆောင်ချင် သည့် ဝန်ထမ်း တစ်ယောက်ဖြစ်သွားပါသည်။
နိုင်ငံခြား မှ အလှကုန် အမျိုးမျိုးတင်သွင်းဖြန့် ချီနေသည့်ဒီကုမ္မဏီမှာ သူ နေ့ရာနှင့်သူ ၀န်ထမ်းတွေအလုပ်လုပ်နေကြတာမို့  ဖူးပွင့် မှာ လက်ဆုပ်လက်ကိုင်ပြစရာ အလုပ်မရှိဘဲ
သူဌေးမရဲ့  အပါးတော်မြဲ အဖြစ်နေရရုံပါ...။
ဒေါ်မေမြတ်သွယ် ကို အနီးကပ်ဆက်ဆံရမှ သူ့ မှာသောကတွေ များနေတာသိလာ
ရပါသည်။အဓိက က အိမ်ထောင်ရေးမသာယာခြင်းပင်....။
ဒေါ်မေမြတ်သွယ်၏ ခင်ပွန်းဦးမောင်မောင်က အချိုရည်စက်ရုံထောင်ထားပါသည်။ လင်မယားနှစ်ယောက် တက်ညီလက်ညီစီးပွားရှာနေကြတာအားရစရာကောင်းပေမယ့် အနေဝေးနေကြပါသည်။
ဦးမောင်မောင်က မြို့ စွန်မှာရှိသည့် အချိုရည်စက်ရုံဝင်းထဲတွင်ဆောက်ထားသည့် တိုက်မှာ နေတာများပြီး အိမ်ကို ပြန်လာခဲပါသည်။
သမီးနှစ်ယောက် ကျောင်းပိတ်ရက်တွေမှာ ဖုန်းဆက်ချိန်းကာ အပြင်စားသောက်ဆိုင်မှာ ဆုံကြပေမယ့် ရွှေတောင်ကြားအိမ် မှာ ကြာကြာမနေတော့တာ အငယ်မလေးတစ်သက် ၊လေးနှစ်လောက်ရှိပြီလို့  ..သိလိုက်ရချိန်မှာ ဖူးပွင့် ရင်ထဲ ကျင်နေအောင်မမမြတ်ကိုသနားလှပါ၏။
ကြည့်ပါဦး..ခုမှ အသက်သုံးဆယ့်ငါးနှစ်ပဲရှိသေးတဲ့ ထက်မြက်ချောမောတဲ့ မိန်းမတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့ အချစ်မခံရဘူးတဲ့ ....
ဒါကြောင့် မမမြတ်ရဲ့ မျက်လုံးလေးတွေဟာ ဆွေးရိပ်သမ်းနေတာလားပဲ....
သူဌေးမအပေါ် ဂရုဏာသက်ဝင်မိသည့် ဖူးပွင့် တစ်ယောက်.... မမမြတ်စိတ်ချမ်းသာအောင်တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါသည်။
သမီးလေးနှစ်ယောက် ကျောင်းကြိုကျောင်းပို့ တာကစလို့ ... မမမြတ်ဒီနေ့ ဘာဟင်းစား ချင်တယ်ဆိုတာက အစ ဖူးပွင့် စီစဉ်လုပ်ဆောင်ပေးပါသည်။
ဦးမောင်မောင် နှင့် ဖုန်းဆက်စကားများပြီးမမမြတ်မောလို့ နားနေလျှင် အမောပြေ သံပုရာရည်ဖျော်ပေးဖို့ လည်း မမေ့ ပါ....။ စိတ်နှလုံးကြည်အောင် မမမြတ်အလုပ်စားပွဲ မှာ မွှေးနရနံ့ သင်းသည့် ပန်းလှလှလေးတွေလည်း ပန်းအိုးထိုးပေးထားပါသည်။
ဒီလို အလိုက်သိလှပြီးအောက်ခြေသိမ်းက အစ လုပ်ပေးတတ်တဲ့  ဖူးပွင့် ကို ဒေါ်မေမြတ်သွယ် ကလည်းသူ့ အိမ်တွင်းရေးတွေရင်ဖွင့် ပြောပြလာပါတော့၏။
xxxxxxxxxxxxxxxxxxxxxxxxxxxx
"မမမြတ်တို့ မိသားစုနဲ့  သူ့ မိသားစုက အရမ်းခင်ကြတာ...မမမြတ်က ငယ်ငယ်လေးကတည်းက သူ့ကိုကြိတ်ချစ်ခဲ့ရပေမယ့် သူက မမမြတ်ကို ချစ်လို့ ယူခဲ့တာမဟုတ်ဘူး...သူ့ မှာ ရည်းစားရှိတယ်...
ဒါပေမယ့် သူ့ အိမ်က အသိုင်းအ၀ိုင်းနိမ့် တဲ့  သူ့ ရည်းစားရဲ့ မိဘနဲ့ ပတ်ဝန်းကျင်ကိုလုံးဝ သဘောမကျဘူး၊ ဒါနဲ့ မမမြတ်နဲ့ စေ့စပ်ပေးခဲ့တယ်..
အဲ့ဒီအချိန်ထိ သူကတော့ ဇွတ်အတင်းလက်ထပ်မယ်ဆိုပြီးပြောနေတုန်းပဲ..
.နောက်ဆုံး သူ့ ရည်းစားနဲ့သူ လက်ထပ်ပြီးနိုင်ငံခြားအပြီးထွက်သွားဖို့ စီစဉ်နေကြတာ မမမြတ်သိသွားလို့ လူကြီးတွေကိုတိုင်လိုက်တယ်...အဲ့ ဒီတော့ သူ့ မိဘတွေက သူ့ရည်းစားအိမ် လိုက်သွားပြီး သူ့ ရည်းစားမိဘတွေကို ရက်ရက်စက်စက်ပြောပြီးရန်တွေ့ တာပေါ့ ..
သူ့ ရည်းစားကိုလည်း ငွေမက်တဲ့ ပိုင်းလုံးဆိုပြီး မိဘတွေရှေ့ မှာတင်ပြောခဲ့တာလေ...
ခုထိကိုပြန်မလာတော့ဘူး.. "
 " ဒါဆို..ရည်းစားဟောင်းနဲ့ တော့ ဦးမောင်က အဆက်အသွယ်မရှိဘူးပေါ့ နော် "
"ဟုတ်တယ်...ဒါပေမယ့် မမမြတ်တိုင်လိုက်လို့  သူ့ ရည်းစားနဲ့ ကွဲရတယ်ဆိုပြီး စိတ်နာနေတာလေ...
မလွှဲသာလို့ ယူလိုက်ရပေမယ့် သူ မမမြတ်ကို သံယောဇဉ်မရှိဘူး ၊ မမမြတ်လည်း တစ်နေ့တော့ မမမြတ်အပေါ်သူ ချစ်လာမှာဆိုပြီး မျှော်လင့် ခဲ့ပေမယ့် အိမ်ထောင်သက်ဆယ်နှစ်ကြာလာပေမယ့်  ထင်သလိုဖြစ်မလာဘူး ...သမီးနှစ်ယောက်ရလာတဲ့အထိသူ က မပြေနိုင်သေးဘူး…
မမမြတ်ကတော့ သူလိုချင်တာဆိုအမြဲဖြည့်ဆည်းပေးခဲ့တယ်...မမမြတ်နဲ့ အတူတူမလုပ်ဘဲ အချိုရည်စက်ရုံထောင်ချင်တော့လည်း လိုက်လျောခဲ့တယ်...ဒါပေမယ့် သူဟာမမမြတ် အပေါ် နည်းနည်းမှ မညှာခဲ့ဘူး....သူ ပျော်သလိုနေပြီးမမမြတ်ကို ပစ်ထားတယ်လေ.. "
ပြောရင်း မျက်ရည်ဝဲလာသည့်မမမြတ်ကိုဖူးပွင့်  သနားလိုက်တာ…
အိမ်မှာအမေ့ ကို မမမြတ်အကြောင်းပြောပြတော့….
"အင်း..သမီးပြောတဲ့ အတိုင်းဆို သူဌေးမဘ၀က သနားစရာပဲ ၊ ဒါပေမယ့် အိမ်ထောင်ရေး ဆို တာလည်းပြောရခက်သား…သူ့ ယောင်္ကျား က ချစ်ခင်ကြင်နာ အောင်သူလည်း နေတတ်ဦးမှပါ… "
အမေဒီလိုပြောတော့ လည်းဟုတ်သလိုလိုပင်…။ ဦးမောင်လာတဲ့အချိန်တွေ မှာ မမမြတ် ကလည်း တတွတ်တွတ် နှင့်  မကျေနပ်တာတွေ ပြောနေတာ ဖူးပွင့် တောင် နားပူလာတာမို့  ကာယကံရှင် ဦးမောင် လည်း အာရုံနောက်မှာပါ..။
" တော်တော့ ကွာ ၊ မင်းဆီလာရင်အဲ့ လို နားပူလွန်းလို့  မလာချင်တာ ၊ အသေးအဖွဲတွေလို က်ပြောမနေနဲ့  ၊ သမီးတို့ အကြောင်းပဲပြော"
"မပြောလို့ ရမလား ၊ ရှင် အပြင်မှာ သွားလာနေတာ မြတ် အသိုင်းအ၀ိုင်းကအကုန်သိနေတာပဲ"
"သိတော့ဘာဖြစ်လဲ ၊ ငါ တရားဝင်နောက်အိမ်ထောင်ပြုနေတာမဟုတ်ဘူး ၊ မင်း ဟာ တွေ့ 
လိုက်တာ နဲ့ ဆူပူပြောဆိုဖို့ ပဲတတ်တယ် ၊ ငါလုပ်နေရတာအဆင်ပြေလား တခွန်းမမေးဘူး ၊ ဒါကြောင့် မင်းနားမကပ်ချင်တာ "
ဒီလိုပြောဆိုအော်ဟစ်ရင်း ဦးမောင်ပြန်သွားသည့်အခါမှာတော့ မမမြတ် ငိုပါပြီ။
ယောင်္ကျားတွေရဲ့ အသည်းနှလုံးဆိုတာ ဒီလိုပဲမာကြောရက်စက်တတ်ကြတာပဲလား…
ကိုယ့်ကိုမချစ်တဲ့ ခင်ပွန်းအပေါ် သ၀န်တိုစိတ်နှင့် ပူလောင်နေရသည့်မမမြတ်ဘေးမှာနေရင်း
 ဖူးပွင့်တစ်ယောက် လည်း ဒီအိမ်ထောင်ရေးကြီးကို စိတ်ပျက်မိပါသည်။
Xxxxxxxxxxxxxxxxxxxxxxxxx
 မြင့်မြတ်စံကုမ္မဏီမှာ ၂ နှစ်ရှိလာပေမယ့်  ဖူးပွင့် လုပ်ရတာက မမမြတ်ဘေးမှာနေရင်းဖြေသိမ့်ပေး ၊ သမီးတွေသွားကြိုသွားပို့ ပေး ၊ ညဘက် သွားချင်တဲ့နေရာအဖော်လိုက်ပေး … ဒီအလုပ်တွေပဲ ဆိုတော့ ဖူးပွင့်  တွေးရပါပြီ။
လုပ်ချင်တာက ထက်မြက်သွက်လက်ပြီး ကုမ္မဏီအလုပ်တွေကို စနစ်တကျကိုင်တွယ်နိုင်မယ့် အတွင်းရေးမှူး ပါ..ခုတော့ မမမြတ်က သူ့ ကို ဘာအလုပ်မှမခိုင်းတော့ ဘာမှလည်းမသိ ၊ မတတ်တော့ပါ…။ မမမြတ်ကို ဖွင့်ပြောပေမယ့် လည်းထူးမလာပေ…။
"သူ့ နေရာနဲ့ သူလုပ်ငန်းလည်ပတ်နေတာပဲ ၊ဖူးပွင့် က မမမြတ်နားပဲနေပေးလေ "
" ဖူးပွင့် လည်း လုပ်ငန်းအတွေ့ အကြုံလိုချင်လို့ ပါ"
"အော်…ဒါလေးများ ၊သိချင်တာတွေ  GM ကိုမေးလိုက် ၊ သူကမမမြတ်ရဲ့ လူယုံပဲ၊
သူရှိနေတော့မမမြတ်ဘာမှသိပ်ကြည့်ဖို့ မလိုဘူးလေ…ကဲ…သမီးတွေသွားကြိုဖို့ 
အချိန်ရောက်နေပြီ…သွားတော့..အပြန် City Mark ၀င်ပြီး ဈေးဝယ်ခဲ့ … ဒီည ဟောပေါ့့ လုပ်စားရအောင်၊ ဖူးပွင့်  အိမ်မှာပဲအိပ်လိုက်တော့နော်"
" ဟို..ဦးမောင်ပြန်မလာဘူးလား"
"မလာဘူး…သူပြန်မလာတာ တစ်လကျော်နေပြီ ၊အချိုရည်စပ်ပေးတဲ့ နိုင်ငံခြားသားပညာရှင်ရှိလို့  အလုပ်ရှုပ်နေတယ်တဲ့ …မမမြတ်လည်း ခု စိတ်လျှော့ ထားပြီး သမီးတွေနဲ့ ပဲပျော်ပျော်နေတော့မယ် ၊
ဖူးပွင့် ရှိနေတာလည်း အားရှိတယ် ၊ မမမြတ်နားမှာပဲနေနော်…."
ဖူးပွင့် ပုခုံးကို ဖက်ကာ ချိုသာစွာပြောလိုက်သည့် မမမြတ်ရဲ့  စကားသံတွေကဖူးပွင့် ရဲ့ 
ရုန်းထွက် ချင်စိတ် ကို လွှမ်းမိုးသွားပြန်ပါသည်။
မမမြတ်ကိုဖူးပွင့်  သံယောဇဉ်ရှိပါသည်။ဒါပေမယ့်လည်း ဖူးပွင့် ရှင်သန်ကျင်လည် ချင်တဲ့  ဘ၀ ရောက်ဖို့  ဒီပတ်ဝန်းကျင်ကို မခွာလို့ မရဘူးဆိုတာ တဖြည်းဖြည်းသိလာရပြီ။
တကယ်တော့ မမမြတ်ဟာ သူ့ ရဲ့  အပူတွေမျှဝေဖို့  ၊သောကတွေနားထောင်ဖြေသိမ့်ပေး ဖို့  ဖူးပွင့် ကို ခေါ်ထားတာပါ။ မမမြတ်ပေးထားသည့်လခ ဟာ တခြား ကုမ္မဏီက အတွင်းရေးမှုး လခတွေထက်များပေမယ့် ဖူးပွင့် မလိုချင်တော့ပါ။
အမေ့ ကို ပြောပြတိုင်ပင်ကြည့်တော့…….
"အင်း…သမီး အရမ်းပြောင်းချင်တယ်ဆိုရင်တော့သဘောပဲလေ၊ဒါပေမယ့် ဒီလောက်ကိုယ့် အပေါ်ကောင်းနေတဲ့သူဌေးမကိုပစ်ထားခဲ့မလို့ လား ၊ လခလည်းတိုးပေးနေတာပဲ ၊ အမေတော့ မပြောင်းစေချင်ဘူး..
နေ့ လည်ကပဲ အိမ်ရှင်လာသွားတယ် ၊နောက်လအိမ်လခတွေတက်တော့မယ်တဲ့ … အမေတို့ နောက်ထပ် ၆လပြန်ချုပ်ရင် ဒီဈေးနဲ့ မရတော့ဘူးတဲ့ ..ငွေကုန်ဖို့ ပိုများ လာပြီ ၊နောက်ပြောင်းမယ့် အလုပ်က ဒီလောက်လခရပါ့မလား ကွယ်.. "
မရနိုင်ပါ ၊ ဒါကတော့သေချာပါသည်။ လုပ်ငန်းအတွေ့ အကြုံဘာမှမရှိ၊ ဘာသင်တန်းမှ ထပ်မတက်ထားဘဲ အရင်လေ့လာထားတဲ့ အင်္ဂလိပ်စာတောင်ခေါင်းထဲ မရှိတော့တဲ့ ဖူးပွင့် အနေနဲ့  ဒီခေတ် လခကောင်းတဲ့ အလုပ်ပြောင်းလုပ်ဖို့ မလွယ်တော့ပါ။
အမေ့ ကျန်းမာရေးကလည်း ချူချာလာတာမို့  စားသောက်စရိတ်အပြင် ဆေးဖိုးပါကုန်နေသည်။
ဟင်းးးးးးးးး
သက်ပြင်းမောကြီးချလိုက်ရင်း အလုပ်ပြောင်းဖို့ ကို ဖူးပွင့် အတွေးထဲမှ ထုတ်လိုက်
ရပြန်ပါတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxx
ဒီလိုနှင့် ပဲမမမြတ်ဘေးမှာ ဆက်နေရင်း သုံးနှစ်တာအချိန်တွေကုန်လာပါသည်။
ဦးမောင်ရဲ့ အချိုရည်လုပ်ငန်းပိုအောင်မြင်လာကာ လင်မယားနှစ်ယောက်လည်း ပိုဝေးလာပါပြီ။
မမမြတ်ကတော့ အရင်လိုပဲ ယောင်္ကျားကို သ၀န်တိုစိတ်နှင့် ပူလောင်မြဲပင်…
အချိုရည်လုပ်ငန်းမို့ မော်ဒယ်ချောချောလေးတွေနဲ့  ကြော်ငြာရိုက်ရတဲ့ ဦးမောင်ကိုလည်း
ပြောဆိုနေသည်။
ကြာလာနှင့် အမျှ ဖူးပွင့် သိလာရတာမမမြတ်ရဲ့ အချစ်ဟာ အတ္တတွေဖုံးနေခြင်းပင်…။
အချစ်ခံချင်စိတ် နှင့်  ပြောဆိုမိသမျှဟာ ဦးမောင်စိတ်ဆင်းရဲအောင်လုပ်နေတာနှင့်တူနေပါ၏။
တွေ့ တာနဲ့ ကိုယ့်ကို အပြစ်တင်ပြောဆိုနေတတ်သည့် ဇနီးသည်အနားကိုဘယ်ယောင်္ကျားမှ မကပ်ချင်တာမမမြတ်မသိဘူးလား…။ ချိုချိုသာသာနှင့် ဦးမောင်ကို သိမ်းသွင်းဖို့ စေတနာနှင့် ပြော မိတော့ လည်း မမမြတ်ကလက်မခံပါ..
"မိချောင်းမင်းရေကင်းပြမနေနဲ့ ဖူးပွင့်  ၊ မမမြတ် ယောင်္ကျားအကြောင်းမမမြတ် သိတယ်၊ ချော့ပြောလည်းရမှာမဟုတ်ဘူး ၊ သူ့ ကို ဒီလောက်ပြောထားမှတော်ရုံကျမှာ…"
ကြာလာလေလေ မမမြတ် အခြေအနေကပိုဆိုးလာလေလေပင်…
ဦးမောင်သွားလေရာ နေရာတိုင်း လိုက်ကြည့်ဖို ပါ့ဖူးပွင့် ကို ခိုင်းလာပါသည်။
ကျန်တာတွေဘာလုပ်ပေးရလုပ်ပေးရ ၊လုပ်ပေးချင်ပေမယ့် ဒီလိုသူများယောင်္ကျား လိုက်ချောင်းရတာတော့ ဖူးပွင့် မလုပ်ချင်ပါ။
ဒီတော့ငြင်းလို့မရမယ့်အတူတူ အလုပ်ထွက်တာအကောင်းဆုံး ပါပဲလို့ ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ဒီတခါတော့ အမေလည်း မတားတော့ပါ။ တစ်လကြိုပြီး အလုပ်ထွက်စာ တင်လိုက်ချိန်မှာ မမမြတ် က အပြင်းအထန် တားပါတော့သည်။
"မသွားပါနဲ့ ဖူးပွင့်ရယ် ၊ ဒီမှာပဲအေးအေးဆေးဆေးနေပါ ၊ ဖူးပွင့် ဘာတွေပင်ပန်းတာလုပ်နေရ
လို့ လဲ..မမမြတ်လစာထပ်တိုးပေးပါ့မယ် "
လစာတိုးပေးတာလည်းမလိုချင်တော့ပါ။ သူများအိမ်ထောင်ရေးကိစတွေထဲလည်းနစ်မ နေချင်တော့တဲ့ ဖူးပွင့်ဟာ မမမြတ် ဘယ်လိုတားတားဒီလကုန်ထွက်ဖို့ ပြင်ဆင်နေဆဲမှာပဲ….ဖူးပွင့်တို့ ငှားနေသည့် အိမ် ဖယ်ပေးရဖို့ ဖြစ်လာပါသည်။
အိမ်ပိုင်ရှင်ကငွေလို သောကြောင့် အိမ်ငှားတွေတင်ထားတဲ့ ဒီနေရာကို ဓါတ်ဆီဆိုင် ဖွင့် မယ့်သူဌေးတယောက်ကို ရောင်းလိုက်တာမို့ အိမ်တွေအကုန်ဖျက်ပေးရပါသည်။ နေတဲ့ 
သူတွေကို တလအတွင်းအမြန်ပြောင်းခိုင်းတော့ ၀ါတွင်းကြီး ငှားမယ့်အိမ်မရှိဘဲဖူးပွင့်တို့ သားအမိ ဒုက္ခရောက်နေချိန်မှာမမမြတ်ရောက်လာပါသည်။
" မမမြတ်..ဘယ်လိုလုပ်သိလာတာလဲ "
" အော်..ဒီလိုပဲမေးလာရတာပေါ့  ၊ ဖူးပွင့်ဟာ သိပ်နေနိုင်တာပဲ၊ဘာလို့ အိမ်ငှားနေရတာ
မပြောတာလဲ ၊မမမြတ်က ဖူးပွင့်တို့ သားအမိ အိမ်အပိုင်လေးနဲ့ နေနေတာပဲထင်ထားတာ၊
ခု ဒီနေရာကဖယ်ပေးရရင် ဘယ်ပြောင်းမှာလဲ…ပြောပါဦး "
ဖူးပွင့်ပြန်မဖြေတော့ အမေက…
"လောလောဆယ် အိမ်ငှားလို့ မရသေးပါဘူးသူဌေးမလေးရယ် ၊ ဖူးပွင့်က လည်း ဒီလကုန်အလုပ်ထွက်တော့မှာဆိုတော့ … "
"အို..အဲ့ ဒါတွေမပူနဲ့ အဒေါ် ၊ ဖူးပွင့်ထွက်ဖို့  မြတ်ခွင့်မပြုသေးပါဘူး ၊ လောလောဆယ် အလုပ်မရှိဘဲ
အိမ်ပြောင်းလို့လည်းအဆင်ပြေမှာမဟုတ်ဘူး ၊ ဒီလိုလုပ် ...ရွှေပြည်သာဘက်မှာ မမမြတ် ၀ယ်ထား တဲ့အိမ်လေး ရှိတယ် ၊ ဘယ်သူမှမနေဘဲ ပစ်ထားရတာကြာပြီ ။ အတော်ပဲ..မမမြတ်အိမ်နဲ့ ခြံလေးကို ဖူးပွင့်တို့ နေရင်းကြည့်ပေးနော်…"
ဖူးပွင့်မာနကိုသိတဲ့မမမြတ်က သူ့ အိမ်ကို ကြည့်ခိုင်းသလိုလိုနှင့် နေဖို့  စီစဉ်ပေးနေတော့ ဘယ်လိုမှမငြင်းသာတော့ဘဲ မမမြတ်ရဲ့ အိမ်ကိုပဲေ ပြာင်းခဲ့ရပါသည်။
သီးပင်စားပင်တွေဝေေ၀ဆာဆာနှင့် ပျဉ်ထောင်အိမ်လေးမှာအမေ စိတ်ချမ်းသာနေတာမြင်တော့ မမမြတ်ကို ကျေးဇူးတင်စွာဖြင့်  တင်ထားသည့်အလုပ်ထွက်စာ ကို ဖူးပွင့် ပြန်ရုပ်သိမ်း လိုက် ရပါတော့သည်။
xxxxxxxxxxxxxxxxxxxx
သည်လိုနှင့် ခြောက်နှစ်တာကြာလာခဲ့ပြီး ဖူးပွင့်အလုပ်ကလည်း မမမြတ်နားနေရုံ ကလွဲပြီး မလုပ်ရသေးပါ။
ခုတော့ ဦးမောင်က ကောင်မလေးတယောက်နှင့် အတည်တွဲနေတာသေချာသလောက်သတင်း
ရထားတဲ့မမမြတ်ဟာ ဘယ်လိုမှအေးအေးဆေးဆေးမနေနိုင်ဘဲ အမျိုးမျိုးအကြံထုတ်နေပါသည်။
 မသာယာတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ချင်နေတဲ့ ဦးမောင် ကိုယ်တိုင်ကိုက ဒီကောင်မလေးကို အတည်ယူတော့မယ့်ပုံပြလာပါသည်။
ဖူးပွင့်ကို သူတို့ သွားတတ်တဲ့ ဟိုတယ် မှာ သွားစောင့် ကြည့်ခိုင်းပေမယ့် ဘာမှမထူးတဲ့အခါ တမျိုးထပ်ခိုင်းပါသည်။
"ဒီလိုလုပ်…အဲ့ ဒီကောင်မလေး က ပိုက်ဆံချမ်းသာတဲ့အသိုင်းအ၀ိုင်းကပဲ. .ငွေနဲ့ ဖျက်လို့တော့ရမှာမဟုတ်ဘူး…အထင်လွဲအောင်လုပ်မှရမယ်…"
" ဘယ်လို မမမြတ်"
ဖူးပွင့် နားမလည်စွာဖြင့်  မမမြတ်ကိုကြည့်လိုက်တော့ မျက်ဝန်းထဲမှာမျက်ရည်တွေဝေသီနေ သည့်ကြားမှ ပြုံးလိုက်သည့်မမမြတ်အပြုံးကကြောက်ဖို့ ကောင်းနေပါသည်။
" ဒီမယ်..မမမြတ်ပြောတာသေချာနားထောင်..ဖူးပွင့်  အချိုရည်စက်ရုံသွားရမယ်"
" ရှင်..အချိုရည်စက်ရုံသွားပြီးဖူးပွင့် ကဘာလုပ်ရမှာလဲ"
 " ဘာမှမလုပ်နဲ့ ..ဦးမောင်နားကပ်ပြီး လုပ်ငန်းအကြောင်းမေးနေရုံပဲ ..ကျန်တာ မမမြတ်ကြည့်  စီစဉ်မယ် "
ဘာမှပြန်မပြောသာတဲ့ဖူးပွင့်ဟာ မမမြတ်ကြိုးဆွဲရာ ကဖို့  အချိုရည်စက်ရုံကို နေ့တိုင်း သွားရပါတော့သည်။
မမမြတ်က..အချိုရည်လုပ်ငန်းအကြောင်းသိချင်တဲ့ မမမြတ်ပါတနာ နိုင်ငံခြားသားတယောက်ကို
ရှင်းပြဖို့  ဖူးပွင့် ကို လွှတ်ထားတာပါဆိုတော့ ဦးမောင်လည်းမငြင်းသာတော့ဘဲ ပြောပြနေရပေမယ့် စိတ်အနှောင့် အယှက်ဖြစ်နေပုံပင်…။
ဖူးပွင့်လည်း ဒီလိုလုံးဝမလုပ်ချင်ပါ ..။ဦးမောင်ကောင်မလေး ကစက်ရုံကိုလာတတ် တာ တွေ့ လာရတော့စိတ်ရှုပ်လာပါသည်။ ကောင်မလေးရောက်နေတယ်လို့ မမမြတ်ကို
ဖုန်းဆက်လိုက်ရင်… ဦးမောင်နားကပ်နေဖို့ ပြောတတ်တာမို့  ထွက်ပြေးချင်မိသည်။
တဖြည်းဖြည်းနှင့် မမမြတ်လုပ်ရပ်ကို သဘောပေါက်လာတာနဲ့ အမျှ ထိတ်လန့် အံ့ သြမိသည်။
မမမြတ်ဟာ ဦးမောင်နှင့်  သူ့ ကောင်မလေး ကြား သံသယ ၀င်အောင် ဖူးပွင့် ကို ထားခြင်းပင်။
တကယ်လည်း အဲ့ ဒီကောင်မလေးက နေ့ တိုင်းဦးမောင်နားရှိနေသည့်ဖူးပွင့်ကို မကြည်သာသည့်
အရိပ်အယောင်တွေ ပြလာတော့ဖူးပွင့် ရှက်တာမို့ မမမြတ်ကို ပြောမိပါသည်။
သူတို့ ဇာတ်ရှုပ်ထဲတိုးဝင်နေရတဲ့ ကိုယ့်အဖြစ်ကိုလည်း စိတ်ပျက်လာမိသည်။
"ဖူးပွင့်  ဆက်မနေချင်တော့ဘူးမမမြတ် ၊ အဲ့ ဒီကောင်မလေးက ဖူးပွင့် ကို ဦးမောင်နဲ့ အထင်လွဲနေပြီ"
"ဟုတ်လား…မမမြတ်ဆင်တဲ့ အကွက်ထဲရောက်လာပြီ..ခဏလေးသည်းခံလိုက်ပါဦးဖူးပွင့်ရယ် ၊ ခဏလေးပါ …"
လွယ်လိုက်တာ..မမမြတ်က ပြောတာလွယ်ပေမယ့် ဖူးပွင့် ရဲ့ အနေအထားဟာဘာဖြစ်သွားပြီလဲ…
လင်မယားချင်းသေချာညှိနှိုင်းပြီးအိမ်ထောင်ရေး ပြေလည်အောင်မလုပ်ဘဲ တစ်ခြားသူကို ခုတုံးလုပ်သည့် မမမြတ်အတ္တကို ဖူးပွင့်ကြောက်လာပါပြီ။
နောက်နေ့ မှ စပြီး အချိုရည်စက်ရုံမသွားတော့ဘဲ မမမြတ်ရုံးကိုသွားတော့ အဆူခံရပါတော့သည်။
"ဘာလို့ မမမြတ်ခိုင်းတဲ့အတိုင်းမလုပ်ဘဲပြန်လာတာလဲဖူးပွင့်  "
"မလုပ်နိုင်တော့လို့ပါ ၊ မမမြတ် ခိုင်းတာက ဖူးပွင့် သိက္ခာကိုထိခိုက်ပါတယ် "
"ဘာ…ဘာထိခိုက်တာလဲ..တစ်ကယ်မှ မဟုတ်တာ..မမမြတ်ကိုယ်တိုင် ခိုင်းထားတာပဲ"
"တကယ်မဟုတ်ဘူးဆိုတာ မမမြတ်သိပေမယ့်  …တစ်ခြားသူတွေမသိပါဘူး ၊ ဦးမောင်နဲ့ ဒီလိုအထင်လွဲခံရရင်လူကြားလို့ လည်းမကောင်းပါဘူး"
"အို..ဒီလိုမလုပ်လို့ မရဘူး ဖူးပွင့်  …မင်း မမမြတ်ကိုမသနားဘူးလား ၊ ဦးမောင်ကို မမမြတ်ဆုံးရှုံးရမှာဖူးပွင့် ကြည့်နေရက်လား"
"မကြည့်ရက်ပါဘူးမမမြတ် ၊ ဒါပေမယ့် ခုလုပ်နေတဲ့နည်းလမ်းကမှားနေပါတယ် ၊ ဒီလိုမလုပ်ဘဲ
မမမြတ် ဦးမောင်နဲ့ အေးအေးဆေးဆေးညှိကြည့်ပါ ၊ သမီးလေးတွေမျက်နှာလည်းရှိတာပဲ၊ဦးမောင်
ရက်ရက်စက်စက် လုပ်မယ်မထင်ပါဘူး"
" အို..ညှိလို့ လည်း မရတော့ဘူး…ဒင်းကို ဒင်းကောင်မလေးအထင်လွဲမှ ဖြစ်မှာ၊ မမမြတ်ဟာမင်းအပေါ်ညီမလေးလိုသဘောထားလာတာမင်းအသိဆုံးပါဖူးပွင့်  ၊ မမမြတ်အတွက်ဒါလေးတောင်မကူညီနိုင်ဘူးလား "
ဇွတ်အတင်းပြောနေသည့်မမမြတ်ကို ဘာမှမပြောချင်တော့လို့ အသာလှည့် ထွက်ခဲ့ ပါသည်။
ရုံးမှထွက်ကာ ရွှေတိဂုံဘုရားပေါ်တက်ပြီး  ရှုပ်နေသည့်စိတ်တွေရှင်းသွားအောင်
အေးအေးေ ဆးဆေးဘုရားအရိပ်ခိုလိုက်ပါသည်။
ညနေစောင်းမှ အိမ်ပြန်ရောက်သည့် ဖူးပွင့်  ကို အမေ က ဆီးပြောပါသည်။
" သမီးရဲ့ သူဌေးမ အိမ်လာသွားတယ် "
"ဟင်..မမမြတ်လာသွားတယ်…ဟုတ်လား ၊ သမီးကိုမပြောဘဲဘာလာလုပ်တာလဲ"
"ဟုတ်တယ်..သမီးမသိအောင်လာတာတဲ့  ၊ ဒီမှာကြည့်.. "
အမေပြတဲ့ စာချုပ်ကိုကြည့်လိုက်တော့ ဒီအိမ် နဲ့ ခြံကို ဖူးပွင့် နာမည် နဲ့ လွှဲဖို့ ရေးထားတဲ့  စာချုပ်ပါလား...။
" ဒါ..ဒါမမမြတ်ပေးသွားတာလား .. "
" ဟုတ်တယ်သမီး…သမီးလာရင်ဆိုင်းထိုးခိုင်းလိုက်ပါတဲ့ ၊ဒါဆို ဒြီံခံနဲ့ အိမ် သမီးအပိုင်
ဖြစ်သွားပြီတဲ့  "
ဝမ်းသာအားရပြောနေသည့်အမေ့ ကိုငေးကြည့်ရင်း ဖူးပွင့်ရင်ထဲဗလောင်ဆူနေပါပြီ။
မမမြတ် … ဖူးပွင့် ကိုလျှော့ တွက်ထားတာပဲ…
မမမြတ်ခိုင်းတဲ့အတိုင်းမလုပ်နိုင်တော့တဲ့ ဖူးပွင့် ကို ဒီအိမ်ပေးပြီး ခိုင်းနေပါလား..
အံတင်းတင်းကြိတ်ကာ အမေ့ လက်ထဲက စာချုပ်ကို ဆတ်ခနဲ ဆွဲယူကာ ဖူးပွင့် ထွက်လာခဲ့  ပါတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
စာချုပ်ကို အစိပ်စိပ်အမြွှာမြွှာ ဆွဲဖြဲနေသည့် ဖူးပွင့် ကိုကြည့်ပြီး မမမြတ်အော်လိုက်ပါသည်။
"မင်းရိုင်းလှချည်လားဖူးပွင့်  ၊ မမမြတ်စေတနာကိုစော်ကားတာလား… "
"မမမြတ်ကသာ ဖူးပွင့် သိက္ခာကိုစော်ကားနေတာပါ ၊မမမြတ်ခိုင်းတာ မလုပ်နိုင်ဘူးဆိုလို့ ဒီအိမ်ပေးတာမှတ်လား.. "
"ဟုတ်တယ်လေ..မင်းအတွက်ဘာထိခိုက်လို့လဲဖူးပွင့်  ၊ တကယ်ဖောက်ပြန်နေတာ
လည်း မဟုတ်ဘူး ၊ အခိုက်အတန့် လေး ဟန်ဆောင်လုပ်ပြရမှာ ၊ ဒီလောက်ခက်လား … "
"ခက်တယ်မမမြတ် ၊ ဟန်ဆောင်ပြီးတော့လည်း ဖူးပွင့် သိက္ခာကို ထိခိုက်တာမျိုးမလုပ်နိုင်ပါဘူး"
" မရဘူး..မင်းလုပ်ပေးရမယ်ဖူးပွင့်   "
"လုံးဝမလုပ်နိုင်ပါဘူး … "
"ဒါ…ကျေးဇူးရှိလို့ ကျေးစွပ်တာပေါ့ လေ..ဟုတ်လား…မင်းအပေါ် ငါ ဘယ်လောက်ထောက်ပံ့ ပေးခဲ့တယ်ဆိုတာမင်းအသိဆုံး…"
"ဟုတ်ပါတယ်မမမြတ် ၊ ဒီကျေးဇူးတရားတွေကိုငဲ့ ပြီး ကိုယ့်ဘ၀တက်လမ်း အတွက်တောင်မတွေးဘဲမမမြတ်နားနေပေးခဲ့ပါတယ်။
ဒါပေမယ့် ခုကိစကတော့ သိက္ခာတရားနဲ့ ဆိုင်ပါတယ် ၊ ခွင့်လွှတ်ပါမမမြတ်…"
"ဖူးပွင့် …မင်း..မင်း..ထွက်သွားစမ်း..သွားတော့ ၊ ငါ့အိမ်ပေါ်ကပါဆင်းတော့"
"ဆင်းမှာပါမမမြတ် ၊ မနက်မိုးလင်းတာနဲ့ မမမြတ် အိမ်ရိပ်မှာမနေတော့ပါဘူး ၊ခုချိန်ထိနေခွင့်ပေး တာကျေးဇူးတင်ပါတယ်၊ရှိခဲ့ဖူးတဲ့ ကျေးဇူးတွေအတွက် ကန်တော့ခဲ့ပါတယ်"
"အို..မကန်တော့နဲ့ …မလိုဘူး..သွား..ထွက်သွား"
Xxxxxxxxxxxxxxxxxxxxx
"…. မှတ်တိုင်ပါလား  "
" ပါတယ်..ပါတယ် "
ကြပ်သိပ်နေသည့်ကားထဲမှ အတင်းတိုးထွက်ကာ ဖူးပွင့် ဆင်းလိုက်ပါသည်။
ညနေစောင်းလာရင်ဒီလိုပဲလှိုင်သာယာပြန်သည့်ကားတွေကြပ်တတ်တာမို့ မဆန်းတော့ပါ။
တဒီးဒီးစီးကျလာသည့်ချွေးတွေသုတ်ရင်း ညိုမည်းသွားတဲ့အသားအရည်ကို သတိထားမိပေမယ့်
ဖူးပွင့် မမှုပါ။ ဘာသင်တန်းဆင်းလက်မှတ်မှ မရှိဘဲတခြား ဘာသာစကားဘာမှမတတ်တဲ့ 
ဖူးပွင့်ဟာဒီလို နေပူထဲတစ်နေကုန်လိုက်ရောင်းရတဲ့ မာကက်တင်းအလုပ်ပဲရဦးမှာပေါ့ …
ဘာပဲဖြစ်ဖြစ် ဖူးပွင့် ပျော်ပါသည်။ သက်တောင့်သက်သာနေရင်း သူများကြိုးဆွဲရာကကာ သိက္ခာဆူးတွေ အချိုးဖဲ့ ခံရတာထက်…ကိုယ့်ခွန်ကိုယ့်အားနဲ့ နေပူထဲမှာရုန်းကန်ရတဲ့ဘ၀ ကပိုပြီးမက်မောဖို့ ကောင်းပါ ၏..။ အလုပ်ပိတ်ရက်အိမ်မှာမနားဘဲသင်တန်းတက်နေရတာလည်း
ပျော်ပါသည်။
ကြိုးစားမှာပါ....
ဖူးပွင့် အစွမ်းအစရှိသလောက် ကြိုးစားရုန်းကန်သွားမယ်ဆိုရင် တစ်နေ့ တော့  သင့်တင့်တဲ့ နေရာတစ်ခုထိရောက်ပြီး တိုးတက်အောင်မြင်လာမယ်ဆိုယုံကြည်ပါသည်။
အတွေးတွေနှင့် ခပ်သွက်သွက်လျှောက်လာရင်းဗွက်အိုင်လမ်းလေးဆုံးသွားတဲ့ အခါ
တဲသာသာအိမ်ခန်းလေးမှထွက်လာသည့် အမေ့ ကို မြင်ရတော့ ဖူးပွင့် အားရပါးရပြုံးပြ လိုက်ပါတော့သည်။
သိက္ခာဆူးတွေ ချွန်မြနိုင်ကြပါစေ
ကြာဖျြူနွယ်
No comments:
Post a Comment