Saturday, January 5, 2013
ဂျပန်မှာ လွမ်း တဲ့ မုန့် လုံးကြီး ကြော်
 ဖော်ရွေခင်မင်စွာဧည့်ခံသလို ကျမတို့  ဂျပန်လာရင်လည်းမိသားစုလို ပဲသေချာ ဂရုစိုက်တတ်ပါတယ်။
နေ့ တိုင်းလည်း ဂျပန်စာလေးတွေ လုပ်ကျွေးတတ်သလို စားကောင်းတဲ့ ဆိုင်တွေမှာ လိုက်ကျွေးပါတယ်။
သူတို့ အစားအစာတွေ ကလတ်ဆတ်သန့် ရှင်းပြီးကျန်းမာရေး နဲ့ညီညွတ်ပါတယ်။
ပြောရရင်တော့ ဂျပန်မှာ ကျမ  အစားကောင်းတွေ စားရပါတယ်။
ဒီလို စားရတဲ့ အချိန်တိုင်းမှာ ကျမ ဟာ ဟိုးလွန်းခဲ့တဲ့  ၁၀ နှစ်လောက်က စားခဲ့ရတဲ့ မုန့် လုံးကြီး ကြော်လေးတွေကိုပြန်တမ်းတမိပါတယ်။
အဲဒီအချိန် က ကျမ ဂျပန် အထည်ချုပ်စက်ရုံ တစ်ခု မှာ စတိုတာဝန်ခံလုပ်ရင်း ဂျပန်စာ သင်နေတဲ့ကာလပါ။
ကျမအဖေက အလုပ်ထွက်လိုက်ပြီး စီးပွားလဲကျ ကာ အိမ် မှာ ကျမ လစာ ကို ပဲ အားကိုးစားနေရတဲ့ ဘ၀မို့ 
စားဝတ်နေရေး က တော်တော် ကျပ်တည်းပါတယ်။မိသားစု စားစရိတ်ကလွဲရင် ကျမ ပိုက်ဆံကို အပို မသုံးနိုင်ပါဘူး။
အလုပ်ပိတ် တဲ့  တနင်္ဂနွေ တစ်ရက် ကို ပညာဒါန ဘုန်းကြီးကျောင်းမှာ ဂျပန်စာသင်တန်း သွားတက်ဖို့ ဘတ်စ်ကားခတောင်မနဲ သုံးနေရပါတယ်။ အဲဒီအချိန်က ကျမတို့  ဒညင်းကုန်းကနေ မြောက်ဥက္ကလာဘုန်းကြီးလမ်း ကိုသွားတာ ၄၃ ဒိုင်နာ အ၀ါ
တစ်စီးပဲရှိပါတယ် ။  လမ်းတွေကကြမ်းကြမ်း ဒိုင်နာ က ဆောင့် နဲ့  မနဲသည်းခံ စီးသွားရတယ်။
ဒါပေမယ့်  နေပူပူ မိုးရွာရွာ တစ်ပတ်တစ်ခါ တက်ရမယ့်  သင်တန်းကို ကျမရောက်အောင်သွားပါတယ်။
ကျမ ဂျပန်စာ တတ်ချင်တယ်လေ-- ကျမ တို့ စက်၇ုံမှာ လက်ရှိ လုပ်နေတဲ့ ဂျပန်စကားပြန်တွေ ကိုကြည့်ပြီး အားကျသလိုကျမ ကိုယ်တိုင် ကလည်း ဒီဂျပန်စာလေးတွေ စိတ်ဝင်စားပါတယ်။
နောက်ပြီး ကျမ ဒီိလိုပဲ သာမာန် ၀န်ထမ်းဘ၀ နဲ့  ဆက်လုပ်နေတာထက်စာရင် ဂျပန်စာတတ်ရင် ကျမအလုပ်အကိုင်နေရာပိုမြင့် မားလာမယ် ၊ လစာများများ ရတဲ့ အလုပ်ရရင် ကျမတို့ မိသားစု ဒီထက် ပိုပြီးပြေလည် လာမယ် -- ဆိုတဲ့ အတွေးနဲ့ ကျမ ဂျပန်စာ ကို အားတင်းသင်ပါတယ်။
ပညာဒါန ကျောင်းဆိုပေမယ့်  သွားရတဲ့ ကားခ၊ စာအုပ်ဖိုး၊ မုန့် ဖိုးတွေကတော့ကုန်ပါတယ်။
ကားခ နဲ့ စာအုပ်ဖိုးကတော့ ကျသင့် ငွေ ပေးရတာမို့  လျှော့သုံးလို့ မရပါဘူး။
ဒီတော့ ကျမ က ခြွေတာလို့ ရတာ မုန့် ပဲသားရေစာ ဖိုးပါ။
ကျမတို့ ရပ်ကွက် က မနက်ပိုင်းဆို  ပဲပြုတ်သည်၊ ကောက်ညှင်းပေါင်းက စလို့ အမျိုးမျိုးသောမုန့် သည်လေးတွေလာရောင်းကြပါတယ်။
ဒီမုန့် သည်တွေ ထဲမှာ ကျမ ရွေးချယ်လိုက်တာ က မုန့်လုံကြီး ကြော်သည်ပါ။
မုန့်လုံကြီးကြော် ဆိုတာက သိတဲ့အတိုင်းပဲ ကောက်ညှင်းထဲကို အုန်းသီး ဒါမှမဟုတ် ပဲ ဌာပနာပြီး ပြန်ကြော်ထားတဲ့မုန့်ပါ။
ကောက်ညှင်းကိုကြော်ထားတာမို့ တော်တော်အဆာခံပါတယ်။ ဈေးကလည်း ပေါပါတယ်။
မနက်ကတည်းက မုန့် လုံးကြီး တလုံး ငါးဆယ် နဲ့  ၂ လုံး တစ်ရာဖိုးစားပြီး ရေသောက်လိုက်ရင်  နေ့ ခင်းသင်တန်းပြီးလို့ အိမ်ပြန်ရောက်ချိန်အထိ ကျမ ဗိုက်မဆာတော့ပါဘူး။ 
ဒီတော့ သင်တန်းမှာ သူများတွေလို မုန့်ဆိုင်မထိုင်ရတော့လို့ ပိုက်ဆံမကုန်တော့ပါဘူး။
 ပြောရရင် ဒီမုန့် လုံးကြီးလေးတွေ က ကျမကို အထောက်အပ့ံပေးနေတဲ့ မိတ်ဆွေလေးတွေပါ။
အလုပ်သွားရင်လဲ တခြား မုန့် တွေထက်  ဈေးနည်းပြီး တွက်ခြေကိုက်တဲ့   မုန့်လုံးကြီး ပဲ ကျမ ၀ယ်သွားပါတယ်။
ကျမ ကတော့ ကျမ တွက်ကိန်း နဲ့ ကျမ စားနေတာပေမယ့်  ရုံးမှာ သူများတွေ ၀ယ်လာတာကစားကောင်းပြီး  ဈေးကြီးတဲ့ မုန့်တွေများပါတယ်။ 
ကျမ ကတော့ သူတို့ ဘာသာ ဘယ်လောက်ကောင်းတာ စားစား မမှုပေမယ့်ကျမ ဒီလို ငါးဆယ်တန် မုန့် လုံးကြီး ပဲအမြဲ စားတာကို လှောင်ပြောင်ကဲ့ ရဲ့ ချင်တဲ့သူတွေလည်းရှိပါတယ်။
" မသန္တာ က လည်း ဒီမုန့်လုံးကြီး ပဲစားနေတာပဲနော် ၊ မငြီးငွေ့ ဘူးလား"
" အေးလေ ၊ ကပ်စေးနှဲလိုက်တာ ၊တခြားမုန့် တွေ မစားဘူးလား။ "
" နင့် မုန့်ကြီးကလည်ဟယ် ၊ ငါ တခါမှတောင်မစားဖူးပါဘူး။လက်ဖက်ရည်ဆိုင်မှာ ဒီလိုမုန့် မရောင်းပါဘူး"
ကိုယ့်မုန့် ကို ကိုယ့်ပိုက်ဆံ နဲ့ ၀ယ်စားတာတောင် ကျမ ကဲ့ရဲ့ ခံခဲ့ရပါတယ်။
အမှန်အတိုင်းပြောရရင် ဒီလို အပြောခံ ရရင် ကျမလည်း   ရှက်ပြီးသိမ်ငယ်သလို ခံစားရပါတယ်။
တကယ်ဆို ကျမ သင်တန်းတက်ဖို့  ကားခ မကုန်ဘူးဆိုရင် ၊ ဂျပန်စာအုပ်တွေ မ၀ယ်ရင် သူတို့လို  ဈေးကြီးတဲ့ မုန့်တွေစားဖို့  ပိုက်ဆံ ထွက်လာမှာပါ။
ဒါပေမယ့်  ဒါဟာ ကျမ ရွေးချယ်မှုပါ။
ကျမ ဂျပန်စာ တတ်ချင်တယ်။ အလုပ်ကောင်းကောင်းလိုချင်တယ်။ ကျမ မိသားစု ဘ၀ ကိုမြှင့်ချင်တယ်။
အစားအစာ ဆိုတာ  ၀မ်းတွင်းမီး ကို ငြှိမ်းပေးတာပါ။ဘာ စားစား ဗိုက်ပြည့် ပြီး  ၀မ်းမီး ငြိမ်းဖို့ က အဓိက ပါ။
နောက်ပြီး မုန့် လုံးကြီးကျော်လေးတွေ က မနက်စောစော ၀ယ်ရင် ကြော်ပြီးခါစ မို့  ကြွပ်ရွပြီး
စားကောင်းပါတယ်။
ကျမ စားတဲ့ အစားအစာ ကျမ ကျေနပ်ရင်ပြီးတာပဲ၊ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ခြွေတာ သည်းခံပြီး ကြိုးစားလိုက်ရင်နောက်ဆို ငါ ဟာ သူတို့ ခု စားနေတဲ့ မုန့်တွေ ထက်ကောင်းတဲ့မုန့်စားရမှာသေချာတယ်။
ကဲ-- -ဇွဲ လုံ့ လ အပြည့်နဲ့  ကိုယ့်လမ်း ကိုယ်လျှောက်မယ် လို့ အားပြန်တင်းပြီး ကျမ ဂျပန်စာ ဆက်သင်ခဲ့ပါတယ်။မုန့်လုံးကြီးကျော် ဆက်စားခဲ့ပါတယ်။
ဒီလိုနဲ့ ပဲ ဂျပန်စာ Level တွေ တဖြည်းဖြည်း မြင့် လာပြီး ကျမ ဂျပန် စကားပြန် အလုပ်နဲ့ အသက်မွေး လာနိုင်ပါတယ်။အရင်ထက်လည်း လစာပိုကောင်းလာပြီး အိမ် ကိုလည်း ပိုထောက်ပံ့ လာနိုင်ပါတယ်။
တဖြည်းဖြည်း မုန့်လုံးကြီးကျော် နေ့ တိုင်း စားရာကနေ မနက်ခင်းဆို တခြားဖွယ်ဖွယ်ရာရာလေးတွေ ၀ယ်စားနိုင်ပါပြီ။
ကျမသူဌေးက ဂျပန်ဧည့်သည်တွေလာလို့  ဟိုတယ်မှာ ၊စားသောက်ဆိုင်ကြီးတွေမှာ လိုက်ကျွေးတိုင်းလည်း ကျမ ကလိုက်ရပြီး အစားကောင်းတွေစားရပါတယ်။
ကျမကို ကဲ့ ရဲ့ ခဲ့တဲ့ သူတွေကတော့ ခုထိလည်း ဘ၀မပြောင်းဘဲ သာမာန် ရုံးဝန်ထမ်းဘ၀ နဲ့  ဆက်လက်ရှင်သန်နေတုန်းပါ။
ကျမ သတင်းတွေ သူတို့ ကြားပြီး တခါတလေ ပြန်ဆုံရင် အားကျလိုက်တာလို့ ပြောတတ်ပါတယ်။
ခုတော့ သူတို့  မုန့်လုံးကြီးကျော် ပဲ ခြွေတာ စားခဲ့တယ်ဆိုပြီး ကျမ ကို မကဲ့ရဲ့ တော့ပါဘူး။
ခုလို ဂျပန်လာတဲ့  အချိန် ဆိုလည်း ဒီက ခင်မင်တဲ့ ဂျပန်မိတ်ဆွေတွေက ဂျပန်စာတွေ တမျိုးပြီး တမျိုး မရိုးရအောင် ကျွေတော့တာပါပဲ။  ကျမလေ ဒီလို အစားကောင်းတွေ စားရတဲ့ အခါတိုင်း သတိရမိတာက အရင် စားခဲ့တဲ့ မုန့်လုံးကြီးကျော်ကိုပါ။
အရင် က ကျမသာခြွေတာစားပြီး ဂျပန်စာမသင်ဘဲ သူများတွေလိုစားသောက်ပစ်လိုက်ရင် ဒီဘ၀ရောက်မလာနိုင်ပါဘူး။
တကယ်တော့  လူဆိုတာ  ကိုယ် ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင်သွားနိုင်မယ့် လမ်း ကို ကိုယ့်ဘာသာ ရွေးရတာပါ။
အများလျှောက်တဲ့လမ်းဟာ ကိုယ့်ပန်းတိုင်မရောက်ဘူးဆိုရင် ရောယောင်ပြီး သွားလျှောက်စရာ မလိုပါဘူး။
သူတို့ နဲ့ လမ်းအတူတူ မလျှောက်လို့  ပြောဆို ကဲ့ရဲ့ တာ ခံရကောင်း ခံရပါတယ်။
ဒါပေမယ့်   စိတ်ဓါတ်ခိုင်ခိုင်မာမာ နဲ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကိုပဲ ကိုယ်ဆက်လျှောက်မယ်ဆိုရင် 
တနေ့  ကိုယ့် ပန်းတိုင်ရှေ့ ကို ကိုယ်ရောက်လာမှာပါ။
 ကျမ ကြုံခဲ့ရတဲ့ အတွေ့ အကြုံလေးကို ရင်းပြီး   ရုန်းကန်ကြိုးစားနေရတဲ့ လူငယ်လေးတွေအတွက် တခုခု ရနိုင်စေဖို့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။ အားလုံး ရည်ရွယ်ရာပန်းတိုင် ကို လှမ်းကိုင်နိုင်ကြပါစေ။
စေတနာမွန့်ဖြင့် 
ကြာဖြူနွယ်
1 comment: