Tuesday, October 15, 2013
“ အခါတော်...ပေးတာက ”
“အမေ …အိပ်နေပြီလား..ဆေးသောက်ဦးလေ ”
အမေ့အားဆေးတိုက်ရန် ဆေးနှင့် ရေခွက်ယူလာသောမေသူ သည် ဧည့်ခန်းထဲတွင် အမေ့ ကို မတွေ့ သောကြောင့် အိပ်ခန်းထဲ တွင်ရှိမည်ဟုထင်ပြီး အသံပေးပေမယ့်  အမေ ကထွက်မလာပါ။ အိပ်များပျော်သွားပြီလားဟု ကန့် လန့် ကာလှပ်ကြည့်တော့  အိပ်ခန်းထဲတွင် လည်းအမေရှိမနေပါ။
“အော်..အမေကလည်း ညကိုးနာရီတောင်ရှိနေပြီ…ခြံထဲဆင်းနေတယ်”
တီးတိုးပြောဆိုရင်း မေသူ လည်းအိမ်အောက်ဆင်းကာအမေထိုင်တတ်သည့် သနပ်ခါးပင်နားက ခုံတန်းလေးဆီ လှမ်းလာခဲ့ ပါသည်။
သီတင်းကျွတ်လပြည့်ကျော် ၃ ရက်နေ့ ဖြစ်သောကြောင့် လမင်းကြီးက၀င်းပပသာနေပါ၏။
ခုံတန်းလေးတွင် တိတ်ဆိတ်စွာထိုင်နေသောအမေ့ ကျောပြင်ကိုလရောင်နှင့် မြင်ရသည့် အခါမေသူ့ ရင်ထဲ ဆို့ နင့်ဝမ်းနည်းသွားပါ၏။
အမေ…အဖေ့ ကိုသတိရနေတာနေမှာ..ပြန်သွားသည့်မြေးလေးတွေကိုလည်းလွမ်းနေတာမှာပေါ့ လေ….
နှစ်တိုင်းလာကန်တော့နေကျကိုကိုကြီးနှင့် မမလတ်တို့  သီတင်းကျွတ်အမှီလာကန်တော့ပြီး အမေ့ အိမ်တွင် တစ်ပတ်ခန့် နေသွားပါသည်။တစ်အိမ်လုံးဗြောင်းဆန်အောင်ဆော့သော ကိုကိုကြီး ၏ သားနှစ်ယောက် ၊ တွတ်တီးတွတ်တာပြောတတ်ခါစ မမလတ်၏သမီးငယ်လေး တို့ ကို ကြည်နူးစွာကြည့် ရင်း မြေးလေးတွေအတွက် ကိုယ်တိုင်မီးဖိုချောင်ထဲဝင်ကာ အမျိုးမျိုးချက်ပြုတ်ပေးနေသော အမေ့ မျက်နှာ ပြုံးရွှင်လန်းကြည်နေတာ ကြည့်ပြီး မေသူလည်းဝမ်းသာမိပါသည်။
မေသူနှင့် အမေတို့ နေသောအိမ်လေး ၏တနှစ်ပတ်လုံးတွင် အစည်ကားဆုံးအချိန်လေးများပင်..။
ခုတော့အလုပ်တွေ၊ ကျောင်းတွေလည်းပြန်ဖွင့် တော့မှာမို့ တစ်မြို့ တစ်ရွာတွင်နေထိုင်ကြသောကိုကိုကြီး နှင့်  မမလတ်တို့ပြန်သွားကြပါပြီ။မေသူတို့ အိမ်လေးသည်လည်းခြောက်သွေ့ တိတ်ဆိတ်သွားပါ၏။
မေသူတို့ သားအမိသာရှိသည့် သည်အိမ်ကြီးမှာတိတ်ဆိတ်ခြင်းနှင့် အသားကျနေပြီးသားပါ။သို့ သော် စည်ကားပျော်ရွှင်ခြင်းတွေ ရှိလာပြီးမှ ပြန်လည်တိတ်ဆိတ်သွားသည့်အခါတွင် တော့ အိမ်ကြီးတခု လုံးခြောက်သွေ့ အထီးကျန်သွားသလိုလို…။
အော်…လူဆိုသည်မှာလည်း အဖော်မက်သော သတ္တ၀ါပေကိုးလေ…
မေသူ သည် သက်ပြင်းတချက်ချရင်း အမေ့ ကိုခေါ်လိုက်ပါသည်။
“အမေ..ဆေးမသောက်ရသေးဘူးနော်..သမီး ယူလာတယ်..သောက်လိုက်ဦး..အမေ့ မြေးတွေကို လွမ်းနေပြီလား.. အမေကတော့ပိုကိုပိုတယ်..မနေ့ ကမှ ပြန်သွားတာ..အခု လွမ်းနေပြီ..ဟွန်း ”
“ဟုတ်တယ်…အရင်နေ့ တွေကတဟဲ့ ဟဲ့ အော်နေရတဲ့ မျောက်လွှဲကျော်လေးတွေမရှိတော့ နေရတာ ဟာတာတာနဲ့ …. အင်း…ဒါပေမယ့် ခဏပါသမီးရယ်..နောက်တစ်ပတ်လောက်ဆို ပြန်အသားကျသွားမှာပါ…၊ ဒါလောကသဘာဝပဲလေ ”
တွေးတွေးဆဆပြောရင်း ဆေးသောက်နေသည့်အမေ့ ကို ငေးကြည့်ရင်း မေသူသနားမိပါ၏….။
သားသမီးတွေ အချိန်တန်အရွယ်ရောက်ပြီး အတောင်အလက်စုံသည့်အခါ အဝေးသို့ ပျံသန်း ခွဲခွာသွားသည်မှာ သဘာဝတရားဆိုပေမယ့်  ခုလိုအမေတစ်ယောက်တည်းကျန်ခဲ့သည်မှာတော့ သဘာဝတရားမဟုတ်ဘဲ ကံကြမ္မာ၏ရက်စက်မှုဟု မေသူထင်ပါသည်။
အဘယ်ကြောင့်ဆိုသော် အမေသည် လင်ယောင်္ကျားမရှိတော့သောမုဆိုးမ တဦးဖြစ်သောကြောင့် ပင်…။
xxxxxxxxxxxxxxxxxxxxxxxxxx
အငယ်ဆုံးသမီးမေသူ ဆယ့်ခြောက်နှစ်အရွယ်တွင်အဖေ ဆုံးသွားပါသည်။
ထိုစဉ်က ကိုကိုကြီးကကျောင်းပြီးလို့ အလုပ်ရှာနေချိန်မမလတ်ကတတိယနှစ်တက်နေပြီး မေသူက ဆယ်တန်းအောင်ပြီးချိန် ပါ။
အဖေ ရှိစဉ်ကတည်းက တစ်ဖက်တစ်လမ်းမှ အိမ်အတွက်စီးပွားရှာတတ်သည့် အမေ့ ကြောင့်  မေသူတို့ မှာ အဖေ မရှိတော့သဖြင့်  ၀မ်းနည်းရသည်မှလွဲပြီး အခြေအနေမပျက် နေရစားရပါသည်။
သို့ သော်.. ကိုကိုကြီးက အလုပ်ရပြီးသည်နှင့် မင်္ဂလာဆောင်မည်ဟုဆိုသောအခါ အပိုဝင်ငွေမရှိသည့် အမေသည် အိမ်တွင်စီးနေသည့် တစီးတည်းသောကားလေးကိုရောင်းလိုက်ပြီးသားကြီးကို တင့် တောင်းတင့်တယ်မင်္ဂလာဆောင်ပေးလိုက်ပါသည်။
ကိုကိုကြီးလက်ထပ်ပြီး သုံးနှစ်ကြာတော့ မမလတ် အိမ်ထောင်ပြုပါသည်။
ဆောက်လုပ်ရေးအင်ဂျင်နီယာဖြစ်သောမမလတ်အမျိုးသားက ခြစ်ခြုပ်စုထားသောပိုက်ဆံလေးများဖြင့်  မမလတ်ကို မင်္ဂလာဆောင်ပေးနိုင်ပေမယ့် သားမက်တာဝန်ကျရာတစ်နယ်တစ်ကျေးမှာ လိုက်နေရမည့် သမီးမျက်နှာငယ်မှာစိုးသည့်အမေ က ရှိသည့်လက်ဝတ်ရတနာလေးတွေ ကို သမီးလတ်အားလက်ဖွဲ့ ပေး လိုက် ရပြန်ပါသည်။
ခုတော့ အမေ့ တွင် အိမ်နှင့် ခြံရယ် ၊ ကျန်းမာရေးမကောင်းတော့သဖြင် ကိုယ်တိုင်မထိုင်နိုင်ဘဲ သူများကိုငှားထားသည့်  အထည်ဆိုင်လေးမှလွဲပြီး ပိုင်ဆိုင်မှုမရှိတော့ပေ…။သို့ သော် လိမ္မာသော သမီးငယ်လေး မေသူက ရသည့်လခအကုန် အပ်နေသောကြောင့် မပူပင်ရပါ။
သားအမိနှစ်ယောက်တည်းအေးအေးချမ်းချမ်းနေလာရင်း မြေးလေးတွေနှင့် ဆုံရသည့် အိမ်ထောင်ကွဲ သားသမီးတွေ လာကန်တော့သည့်အချိန် ကိုမျှော်ရင်း အချိန်တွေတနှစ်ပြီးတနှစ်ကုန်ဆုံးလာရပါလေသည်။
xxxxxxxxxxxxxxx
“သမီးရေ..အမေမေးတာဖြေဦးလေ….မောင်ရဲမင်းတို့ ဖက်က ဘာမှမပြောသေးဘူးလား ၊ ၀ါမထွက်ခင် ကတော့ သီတင်းကျွတ်ပြီး တာနဲ့ မင်္ဂလာဆောင်မယ်ဆို၊ မောင်ရဲမင်းကရာထူးတိုးတော့မှာမို့  တခြားနယ် မပြောင်းခင် အမြန်စီစဉ်ချင်တယ်ဆို”
အမေမေးနေသည်ကို ပြန်မဖြေနိုင်ဘဲ မေသူဆွံအတွေဝေနေပါသည်။ကိုရဲတို့ ဖက်မှ အမြန်မင်္ဂလာဆောင်ပေး ဖို့ ပြင်ဆင်နေ ပါပြီ။ နေ့ရက်သတ်မှတ်ဖို့  အမေ နှင့် လာတွေ့ မည့် ကိုရဲ မိဘတွေအား အချိန်ဆွဲထား သူက မေသူပါ။
ကျောင်းကတည်းကချစ်ကြိုက်လာကြသည်မှာ ခုဆိုချစ်သူသက်တမ်း ၇ နှစ်ကျော်လာပြီမို့  ကိုရဲ ကလည်း လက်ထပ်ချင်နေပါပြီ။ကိုရဲ မိဘတွေ နှင့် အမေလည်းခင်မင်ရင်းနှီးနေကာ သားရေးသမီးရေးအတွက် သဘာတူကြည်ဖြူကြပါသည်။
သို့ သော်..မေသူ လောလောဆယ် မင်္ဂလာလည်းမဆောင်ချင်ပါ ၊ အိမ်ထောင်ပြုပြီးအမေ့ ကိုလည်း ခွဲမသွားချင်ပါ။ကိုရဲနောက်မေသူလိုက်သွားလျှင်တစ်ဦးတည်းကျန်ခဲ့ တော့မည့်အမေ့ ကိုသနားစိတ်ကသာ ရင်ထဲကြီးစိုးနေပါ၏။
“ဟဲ့ ..အမေမေးနေတယ်လေသမီး…ဘာတွေငိုင်နေတာလဲ ”
“အော်..မဟုတ်ပါဘူးအမေရယ် ၊သမီး အိမ်ထောင်မပြုချင်သေးဘူး”
“အော်..သမီးရယ် ၊ ချစ်သူရည်းစားရှိမှတော့ တနေ့ အိမ်ထောင်ပြုရတာဓမ္မတာပဲလေ”
“ဒါဆို သမီးတို့ ပြောင်းရင်အမေ လိုက်နေပါလားဟင်”
“အို..မနေချင်ပါဘူးအေ..အိမ်ထောင်ဦးဆိုတာ လင်ကိုယ်မယားနှစ်ယောက်တည်းနေတာအကောင်းဆုံးပဲ ၊ အမေ့ တုန်းကဆိုမင်္ဂလာဆောင်ပြီးတပတ်တောင်မပြည့်သေးဘူးညည်းတို့ အဖေတာဝန်ကျတဲ့ 
နယ်စပ်မြို့ လေး မှာလိုက်နေရတာ ၊ နယ်မြေ ကမအေးချမ်းတော့ စစ်တပ်နဲ့ သူပုန်တွေ ပစ်နေကြတာတဂျိန်းဂျိန်းပဲ..အိမ်အောက်မှာဗုံးခိုကျင်းတောင်တူးထားရတယ်..ဒါပေမယ့် …ညည်းအဖေ
အားကိုးနဲ့ အမေတော့ မကြောက်ပေါင် ”
ပြောရင်းအတိတ်ကိုပြန်လည်တွေးတောမိပုံနှင့် ပြုံးနေသည့်အမေ့ မျက်နှာကငယ်မူငယ်သွေးကြွကာ နုပျို လန်းဆန်းလာသလိုပင်…။
အဖေ နှင့် အမေ သည် တစ်ဦးကိုတစ်ဦးနားလည်မှုရှိကာ သိပ်ချစ်ကြသူတွေပါ။အဖေကွယ်လွန်သွားခဲ့  သည့်အချိန်ထိ အဖေ နှင့် အမေ အော်ဟစ်ရန်ဖြစ်သည်ကိုမေသူတို့ တစ်ခါမှမတွေ့ ဖူးပါ။
လသာသည့်ညများဆို မိသားစုတွေခြံထဲဆင်းထိုင်ကြပြီး အဖေ ကတယောထိုးပြီးအမေက သီချင်းဆိုပြတတ် သည် မှာမေသူ တို့  အရွယ်ရောက်သည်အထိပင်…။
သည်လိုချစ်ခင်နေသည့်လင်မယားကိုမှ ရက်ရက်စက်စက်ခွဲကာအဖေ့ ကိုအစောကြီး ခေါ်သွားသည့်သေမင်း ကို မေသူမုန်းတီး နာကြည်းလှပါ၏။
xxxxxxxxxxxxxxxxxxx
xxx ဖေဖေရယ် ၊မေမေရယ် ငယ်စဉ်တုန်းကစလယ်ဝင်အိုးလေးနဲ့ အတူချက်ပြုတ်စားသောက်နေလာခဲ့တယ် xxx နှစ်တွေလတွေကုန်လွန်ကာသွားတော့ သားတွေသမီးတွေအချစ်တွေရယ်တိုးပွားလို့ လာတယ် xxx
ဒီစလယ်ဝင်အိုးကလုံလောက်မှုကိုမပေးစွမ်းနိုင်တယ်…သားတွေသမီးတွေအကုန်လုံးစားနိုင်ရေးအတွက်
ရည်မှန်းကာအိုးကြီးဝယ်xxx
တပျော်တပါးလေ စားလာတဲ့ အခါ ပျော်မြူးစရာလူ့ ဘုံခန်းဝါ xxx
အတောင်စုံတော့လေတလမ်းစီခွဲခွာ ၊ကိုယ်ပိုင်အသိုက်အမြိုလွှမ်းခြုံတဲ့  အခါ အဖေအမေများမှာကြည့်ကာဝမ်းသာ xxx
သည်တော့မှ အဖိုးအဖွားအဖြစ်နဲ့ ဒီစလယ်ဝင်အိုးလေးပြန်သုံးစွဲရပြန်xxx
မရိုးနိုင်တဲ့ မေတ္တာတွေပါ ၊ စလယ်ဝင်အိုးလေးဇာတ်လမ်းအစ မှ ဇာတ်လမ်းအဆုံးတိုင်ပါ xxx
သီချင်းလေး ကိုနားထောင်ရင်းမေသူ့ မျက်ဝန်းထဲမှမျက်ရည်များ ရစ်ဝဲလာပါသည်။ လောကဓမ္မတာအရ သားသမီးတွေ အတောင်အလက်စုံလို့ ခွဲခွာသွားရင် အဖိုးနဲ့ အဖွားအဖြစ် စလယ်ဝင် အိုးလေးနှင့် ချက် စားကြ ပါသတဲ့ လေ…
သို့ ပေမယ့်  ကံကြမ္မာအရ ကိုယ့်ရဲ့ ဇနီး၊ကိုယ့်ရဲ့ ခင်ပွန်းက လောကကြီးထဲကစောစီးစွာ ထွက်ခွာသွားသည့် အခါမှာတော့ သည်စလယ်ဝင်အိုးကရောအသုံးဝင်ပါတော့မတဲ့ လား…
ဘယ်အရာမှမမြဲသည့်လောကကြီးမှာလူတွေဟာကြည်နူးသာယာမည်ဟုထင်ပြီးဘ၀အဖော်တွေနဲ့ ရွှေလက် တွဲခဲ့ ကြပေမယ့် နောက်ဆုံးတော့ အထီးကျန်ခြင်းဖြင့် သာအဆုံးသတ်ကြရပါ၏…
ဒါဆို…အစကတည်းကတစ်ကိုယ်တည်းနေထိုင်သွားမယ်ဆိုလျှင်ခွဲခွာခြင်းနှင့် အထီးကျန်ခြင်းဆိုသည် လည်းလောကတွင် မရှိတော့ဘူးပေါ့ …။
အတွေးများနှင့် ချာချာလည်ရင်းမေသူရင်ထဲမှာ တွေဝေရှုပ်ထွေးနေပါ၏။
ဘယ်တော့ အမေ နှင့်လာတွေ့ ရမလဲဟုမေးနေသည့် ကိုရဲ ကို ရှောင်ရင်းမတွေ့ ဘဲနေသည်မှာ တစ်ပတ်ကျော်ပါပြီ။ကိုရဲကိုမေသူသိပ်ချစ်ပါသည်။ မေသူ့ အပေါ်ထားသည့်ကိုရဲရဲ့ မေတ္တာကိုလည်းယုံကြည်
ပါသည်။သို့ သော်…လောလောဆယ်မေသူ့ ရင်ထဲဖြစ်ပေါ်နေသည့်ခံစားချက်များနှင့် အတူ ကိုရဲကို လက်ထပ်ချင်စိတ်မရှိတာလည်းအမှန်ပင်….။
ဘယ်လိုလုပ်ရပါ့ …. တွေးရင်းတွေးရင်းချာချာလည်ပြီးမူးလာသောမေသူသည် လမ်းထိပ်ရှိမမနှင်းအိမ်သို့  ထွက်လာခဲ့ ပါတော့သည်။
xxxxxxxxxxxxxxx
“၀ို့ ဝို..အိုပါဂန်းနန်းစတိုင်….”
မမနှင်းတို့ အိမ်ပေါ်လှမ်းတက်လိုက်သည်နှင့် ကြားလိုက်ရသည့်သီချင်းသံကြောင့် စိတ်ရှုပ်နေသည့်မေသူ ပင်ပြုံးလိုက် မိ သည်။မမနှင်းတယောက်သီချင်းဖွင့် ပြီးကနေတာပဲနေမှာပါ…
“ဟော..မေသူပါလား..လာသမီး”
“မမနှင်းရှိတယ်မှတ်လား ဘဘ”
“ ရှိပါ့ ကွယ်..ကြားတဲ့အတိုင်း သူ့ အခန်းထဲမှာ သီချင်းဖွင့် ပြီးကနေတယ်..၀င်သွားလေ”
“ဟုတ်…ဘဘ”
“ဟယ်..မေသူရောက်နေတာလား”
မေသူဝင်မသွားရသေးခင်မမနှင်းထွက်လာပါသည်။ တီရှပ်ပွပွ ၊ ဆွဲသားအကျပ်ဘောင်းဘီဝတ်ထားပြီး မျက်နှာမှာ ပေါင်းတင်ဆေးတွေလိမ်းထားသောမမနှင်းကို မြင်တော့ ဘဘကအော်ပါသည်။
“ဟဲ့ …အခန်းထဲပြန်ဝင်စမ်းမိနှင်း ၊ နင့် ပုံကြည့်ရတာငါမျက်စိတော်တော်လေးနောက်နေပြီ..”
“အို..ဖေဖေကလည်း၊အားကစားလေ့ ကျင့် တာပဲဘာဖြစ်လဲ..ဒီသီချင်းနဲ့ ကရတာတော်တော်မိုက်တယ်..
မယုံရင်ဖေဖေလည်းလိုက်ကကြည့်ပါလား…ဒီလိုလေ..အိုပါဂန်းနန်းစတိုင်..၀ို့ ဝို့ ”
“တော်စမ်း…ပေါတောတောနဲ့ …အဲ့ ဒါသာကြည့်တော့မေသူရေ..သမီးအမကခုထိသူ့ကိုယ်သူ ကလေးထင်နေတုန်း … မေသူ့ လို တည်တည်ငြိမ်ငြိမ်မဟုတ်ဘူး”
“ခိခိ..ဖေဖေကလည်း ရည်းစား မရှိ ၊ အိမ်ထောင်မကျသေးရင် ကလေးပဲလေ..မေသူကငါးနှစ်ငယ်ပေမယ့်  မကြာခင်အိမ်ရှင်မဖြစ်တော့မှာဆိုတော့ သမီးထက်ဝါကြီးတယ်..နော့  မေမေရယ် ”
ကြီးကြီး ကတော သူ့သမီးပြောသမျှသဘောတကျရယ်မောနေပါ၏။မမနှင်းကပြောပြောဆိုဆို မေသူ့ ကို အိပ်ခန်းထဲခေါ်လာပါသည်။ ဘဘ ၊ ကြီးကြီး နှင့် မမနှင်းတို့ သုံးယောက်တည်းသာရှိသောအိမ်လေး သည် ပျော်ပျော်နေတတ်သောမမနှင်းကြောင့် အမြဲအသက်ဝင်နေသည်။
“မမနှင်းရယ်.. မမနှင်းကိုအားကျလိုက်တာ ၊ မေသူ လည်းအပျိုကြီးလုပ်တော့မယ်”
“အလိုလေး..ဒေါ်မေသူ..လေသံတွေပြောင်းနေပါလား..အရင်တုန်းကကျုပ်ကို အပျိုကြီးဘ၀မှာမနေဖို့  အမြဲဆွယ်တရားဟောနေတဲ့ သူကဘယ်လိုဖြစ်တာပါလိမ့်၊ဘာလဲချစ်ချစ်နဲ့ စိတ်ဆိုးထားတာလား ”
“ မဟုတ်ပါဘူးမမနှင်းရယ်”
“ ဒါနဲ့ များဟယ်…နေပါဦး မင်္ဂလာရက်ရွေးပြီးပြီလား…ဖိတ်စာတွေဘာတွေရိုက်တော့မှာလား”
“ဘာမှမလုပ်ရသေးပါဘူး ၊ ကိုရဲ ကလုပ်ချင်နေပေမယ့်  မေသူတားထားတာ”
“အယ်….ဘာလို့ လဲမေသူရယ်…ခုမယူလည်းနောက်ယူရမှာပဲ ၊ အချိန်ဆွဲမနေပါနဲ့ တော့”
“မဟုတ်ဘူးမမနှင်း..မေသူ လေ..မေသူ ..အိမ်ထောင်မပြုတော့ဘူး”
xxxxxxxxxxxxxxxxxxxxx
ကိုရဲထွက်မသွားခင်လွန်ခဲ့ သည့် ငါးမိနစ်အထိဆူညံနေသည့် ဧည့်ခန်းလေးသည် ယခုတော့လည်း အပ်ကျသံကြားရလောက်အောင် ပင်တိတ်ဆိတ်သွားပါ၏။
ဆက်တီခုံပေါ်တွင် ထိုင်နေသည့် မမနှင်းကပဲ တိတ်ဆိတ်ခြင်းကိုစတင် ဖြိုခွင်းလိုက်သည်။
“ကဲ…မေသူ…မောင်ရဲလည်း တော်တော်စိတ်ထိခိုက်သွားပြီ … ဘာလို့ ဒီလိုအပြတ်ငြင်းလိုက်ရတာလဲ ”
“ မေသူ တကယ်မယူချင်တော့လို့ ပါ”
“ဘာ..မယူလို့ ရမလား..ကြိုက်တုန်းကအသည်းအသန်ကြိုက်ကြပြီး..ညည်းကခုမှဘာသဘောလဲ…. ဘာလဲ..မောင်ရဲအပြင်နောက်တယောက်တွေ့ နေတာလား..ဒီမှာ..ငါရှင်းရှင်းပဲပြောမယ်မိသူ… ညည်းကိုမောင်ရဲကလွဲပြီးဘယ်သူနဲ့ မှသဘောမတူဘူး”
“မဟုတ်ပါဘူးအမေရယ်..မေသူလေ...”
“တော်တော့ ..ဘာစကားမှထပ်မပြောနဲ့ တော့ ..အကြီးနှစ်ယောက်အိမ်ထောင်ပြုသွားတာဘာသံမှ မကြားလိုက်ရဘူး..သူပဲအမျိုးမျိုးဂျစ်တိုက်နေတယ်... ”
အမေ ကဒေါသနှင့် အော်ပြီး အခန်းထဲဝင်သွားပါသည်။မေသူ့ ကိုစိတ်တိုရတာနှင့် အမေသွေးတွေတိုးနေပြီ လားပဲ..ဟုမေသူစိုးရိမ်သွားသည်။
“မေသူရယ်..မမနှင်းလည်း မေသူ့  ကိုဘယ်လိုမှ နားမလည်နိုင်တော့ဘူး ”
“ရှင်းနေတာပဲမမနှင်းရယ်..မေသူ အိမ်ထောင်မပြုတော့ဘဲမမနှင်းလို အပျိုကြီးလုပ်ပြီး အမေ့ နားမှာပဲနေတော့မလို့ ”
“ဟဲ့ ..ကြံကြီးစည်ရာ..ခုမှ အပျိုကြီးလုပ်ချင်လို့ ရမလား…..မမနှင်း က နဂိုကတည်းကလွတ်လွတ် လပ်လပ်ပျော်ပျော် ပါးပါးနေချင်လို့ သံယောဇဉ်အတွယ်အတာမထားတာ ၊ နောက်ပြီး မမနှင်း က စိတ်ဓါတ်ကြံ့ ခိုင်တယ် ၊ သတ္တိရှိတယ်၊ မိတ်ဆွေသူငယ်ချင်းများတယ် ၊ ဒါကြောင့်သာတစ်ယောက်တည်း ရပ်တည်နိုင်တာ..အပျိုကြီးလုပ်တာလွယ်တယ်များမှတ်နေလား… အသည်းမာမာအကြောမာမာနဲ့ မှရတာ. .မေသူကဖြင့် ပျော့ တိပျော့ ဖတ်နဲ့ ..မောင်ရဲမပါရင် ဘယ်မှတောင် မသွားရဲဘူးမှတ်လား”
ဟုတ်ပါသည်။ မေသူ့ မှာ အမေ နှင့် ကိုရဲ မှလွဲပြီး သူငယ်ချင်းပင်သိပ်မရှိပါ။ဘယ်သွားသွားဘာလုပ်လုပ် ကိုရဲကိုသာအားကိုးလာသည်မှာ အသားကျနေပါပြီ။
“ဒါပေမယ့် ..မမနှင်းရယ် ၊ ဘယ်လောက်ချစ်ခင်အားကိုးတယ်ပြောပြော တစ်နေ့ တော့ ခွဲခွာရမှာပဲလေ.. မမြဲတဲ့ သင်္ခါရသဘောတရားကိုသိနေမှတော့ အစကတည်းက မဆုံဆည်းတော့တာမကောင်းဘူးလား ၊ ဆုံဆည်းမှုမရှိရင် ခွဲခွာခြင်းဆိုတာလည်းမလာတော့ဘူးလေ…”
“ဘုရားရေ..မေသူ့ အတွေးတွေကသာမာန်မဟုတ်တော့ဘူးနော် ၊မမနှင်းဆေးပညာဂျာနယ်တခုမှာ ဖတ်ဖူးတယ်.. မိန်းကလေးတွေဟာ လက်ထပ်ခါနီးပြီိဆိုရင်စိတ်အပြောင်းအလဲဖြစ်တတ်သတဲ့ … ဘ၀အပြောင်းအလဲ ကိုကြောက်ရွ့ံပြီးငြင်းဆန်ချင် သတဲ့ …ဥပမာ…ကိုယ်အရမ်းချစ်တဲ့ ခင်ပွန်းလောင်းကို လှည့်မကြည့်ချင်တော့ တာမျိုး..ပေါ့ ငါ့ ညီမလည်း အဲ့ လို ဖြစ်တာနေမှာပါ.. စိတ်အေးအေးထားနော်”
“မဟုတ်ဘူးမမနှင်း…မေသူ့ စိတ်မပြောင်းတော့ဘူး…မေသူ လုံးဝ အိမ်ထောင်မပြုတော့ဘူး ”
မမနှင်းသည်ခါးခါးသီးသီးငြင်းနေသည့် မေသူ့ ကို ဘာမှပြန်မပြောတတ်တော့ဘဲစိတ်ပျက် လက်ပျက်နှင့် ငေးကြည့်နေမိပါလေသည်။
xxxxxxxxxxxxxxxxxx
“မေသူ… အမေ့ ကိုသေချာကြည့်စမ်း ၊ သမီး..အိမ်ထောင်မပြုတော့တာ အမေ့ ကို ညှာနေလို့ မှတ်လား”
မေသူ့ ကိုပြောနေသည့်အမေ့ မျက်ဝန်းမှာမျက်ရည်စတွေနှင့် ပါ…
“သမီး အမှန်အတိုင်းပြောပါ့မယ်…အမေ့  ကိုညှာတာလည်းပါပေမယ့်  တကယ်တမ်းက အမေ့ လို ဖြစ်မှာကြောက်တာပါ”
“အို..သမီးရယ် ”
“ဟုတ်တယ်အမေ….…တချိန်ကတော့ ခင်ပွန်းနဲ့ သားတွေသမီးတွေနဲ့ ပျော်ပါးပြီး ခုတော့ကြည့် ပါဦး..အားလုံးကအလျိုအလျို ခွဲခွာသွားကြတာ ကိုယ့်မှာ တစ်ယောက်တည်းကျန်ခဲ့ရတယ်… ဒီလိုခွဲခွာရမယ်မှန်းသိသားနဲ့ အစကတည်းက မဆုံကြရတာ ပိုမကောင်းဘူးလားအမေ …”
မေသူ့ စကားအဆုံးမှာအမေ ကပြုံးလိုက်ရင်း…
“လက်စသတ်တော့ ငါ့သမီးကသူရဲဘောကြောင်နေတာပဲ”
“ဟင်…အမေ ဘာကိုဆိုလိုတာလဲ ”
“ဒီမယ်သမီး…အသက်မဲ့ တဲ့ သစ်ပင်လေးတွေတောင်သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ကြတယ်.
.လောကကြီး အတွက် တတ်နိုင်သလောက်တာဝန်ထမ်းဆောင်ပြီးမှ သေဆုံးသွားကြတယ်.. ခုအမေတို့ ထိုင်နေတဲ့ သနပ်ခါးပန်းပင်ကြီးကိုပဲကြည့်လေ…သမီးတို့ ငယ်ငယ်တုန်းကတည်းကသူ့ ရာသီတိုင်း သူပွင့် ပေးတယ်…သူ့ ပန်းရနံ့ လေးတွေရှူရှိုက်ရင်းဒီခုံတန်းလေးမှာသမီးတို့ အေးအေးချမ်းချမ်းအိပ်ပျော်သွား ရတာသူ့ ကျေးဇူးပဲ…ခုဆိုသူလည်းအိုမင်းနေပြီ…တချိန်မှာပင်စည်တွေခန်းခြောက်ပြီးသေဆုံးသွားရင်တောင် သူက တာဝန်ကျေတဲ့ သစ်ပင်တစ်ပင်အဖြစ် ရဲရဲကြီးသေဆုံးသွားမှာပါ…
ဒီလိုပဲ ..အမေလည်း တစ်ချိန်က သမီးအဖေနဲ့ အတူတူ ဆင်းရဲချမ်းသာ လောကဓံကိုအတူတူဖြတ်သန်းပြီး သားတို့ သမီးတို့ ကို ရှာဖွေကျွေးမွေးခဲ့တယ်…လူ ကောင်းလူတော်လေးတွေဖြစ်အောင် သွန်သင်ဆုံးမခဲ့ တယ်…ဒီလိုနဲ့ ပဲသမီးအဖေဟာတာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးဘ၀နဲ့  သေဆုံးသွားတယ်..ကျန်ခဲ့ တဲ့ 
အမေက သားတွေသမီးတွေကိုဆက်ပြီးစောင့်ရှောက်ပေးခဲ့တယ်… ခုဆို…သားကြီးနဲ့ သမီးလတ်သူ့ အိမ်ထောင်လေးတွေနဲ့ သားသမီးလေးတွေနဲ့ သာယာနေပြီ…
ဒါလေးတွေမြင်ရတာအမေ့ အတွက်အမောပြေဆေးပါ”
“ဒါပေမယ့် ..အမေရယ် ၊ သမီးရောမရှိတော့ဘူးဆို အမေအရမ်းအထီးကျန်သွားမှာပါ”
“မထင်ပါနဲ့ သမီးရယ်...သမီးလေးကိုဘယ်လောက်ချစ်ချစ်အမေခွဲနိုင်ပါတယ်…အထီးလည်းမကျန်ပါဘူး.. ဘာလို့ လဲဆိုတော့အမေ့ မှာ ဆေးရှိပါတယ်”
“ ဘာဆေးရှိတာလဲအမေ”
“၀ိပသနာဆေးပေါ့ …မြတ်ဗုဒ္ဓရဲ့ တရားတော်တွေနာကြားရင်း ၀ိပသနာတရားအားထုတ်ရင်း ဘ၀ကူးကောင်းအောင်လုပ်တာဟာ အမေတို့ တတိယအရွယ်တွေအတွက်အကောင်းဆုံးဆေးပဲပေါ့  ”
“ဒါဆို…သမီးထင်သလို အမေ အထီးကျန်အားငယ်မနေဘူးပေါ့ နော် ”
“သေချာတာပေါ့ သမီးရယ် ၊ အမေလည်းပုထုဇဉ်ပီပီ ကိုယ့်အသိုက်အမြုံလေးကို ခင်တွယ်လို့ တစ်ခါတစ်လေ ခင်ပွန်းကိုလွမ်းဆွတ်မိတာရှိကောင်းရှိမယ် ၊ သားသမီးတွေမြေးတွေကို သတိရတာရှိကောင်းရှိမယ် ဒါပေမယ့် ဒီအရွယ်ရောက်မှတော့ အမေအဖော်မရှိဘဲနေတတ်ပါပြီ ”
“ အမေရယ်….”
အမေ ပြောသည်များကိုနားထောင်ရင်း မေသူ ဘာပြန်ပြောရမှန်းပင်မသိတော့ပါ။
“ ဒီတော့..အမေပြောချင်တာကလူဆိုတာအသက်အရွယ်အလိုက်ထမ်းဆောင်ရမယ့်  လူ့ လောက ၀တ္တရားတွေ ကို ထမ်းဆောင်မှလူသားတာဝန်ကျေမှာ…
ဒီလိုဆိုသမီးကမေးဦးမယ်..ဘုန်းကြီးတွေသီလရှင်တွေကျတော့ဘာလို့ ဒီတာဝန်တွေမထမ်းဆောင်လဲလို့ .. သူတို့ ကတော့ မြင့် မြတ်တဲ့ ပါရမီရှင်တွေ ၊ မြတ်ဗုဒ္ဓရဲ့ သားတော်သမီးတော်တွေမို့ ပဲ….
နောက်ပြီးသမီးရဲ့ မမနှင်းတို့ လိုအပျိုကြီးတွေကလည်းသူ့ ခံယူချက်နဲ့ သူ လောကကြီးထဲမှာတစ်ယောက်
တည်းအားမန်အပြည့်နဲ့ ရဲရဲဝံ့ ဝံရပ်တည်နေနိုင်တာလည်းချီးကျူးစရာပါ..ဒါပေမယ့် မမနှင်းလိုသမီး တစ်ယောက် တည်းမရပ်တည်နိုင်ဘူးဆိုတာအမေသိပါတယ် ”
အမေ့ စကားက မှန်နေသည်မို့ မေသူမငြင်းသာပါ…ခုမှသာ အမျိုးမျိုးတွေးတောပူပင်ရင်း အိမ်ထောင်ပြုမှာ ကို ရုတ်တရက်ငြင်းမိပေမယ့်  ချစ်ရသူကိုရဲ ၏ဖေးမကြင်နာမှုများဖြင့် သိမ်မွေ့ အေးဆေးစွာနေ လာ သည့်မေသူ့ မှာ မမနှင်းလို လောကကြီးကိုတစ်ယောက်တည်း ရင်ဆိုင်ဖို့ သတ္တိမရှိတာတော့အမှန်ပင်….။
“ကဲ….ညဉ့် လည်းနက်နေပြီ ၊ ဒီလောက်ပြောရင်သမီးလည်းနားလည်လောက်ပြီထင်ပါတယ် ၊ အမေကတော့ အတင်းတွန်းအားမပေးချင်တော့ဘူး ၊သမီးဘ၀အတွက်သမီးဘာလုပ်ရမယ် ဆိုတာ သေချာဆုံးဖြတ်ပါ… ထ..အိမ်ပေါ်တက်ရအောင်နော် ”
အမေတွဲခေါ်သည့်လက်ကိုဆွဲကိုင်ရင်း မေသူ့ မျက်ဝန်းထဲမှမျက်ရည်စတစ်ချို့ ပါးပြင်ပေါ်သို့ စီးကျသွား ပါလေသည်။
xxxxxxxxxxxxxxxx
xxx အခါတော်... ပေးတာကနတ်ရေးငယ်ရွှေစာ…xxx
xx သာသနာရောင်ဝါလင်း..ကောင်းခြင်းခုသည်ချိန်ခါ xxx
လွင့် ပျံ့ နေသည့်အခါတော်ပေးသီချင်းသံနှင့် အတူ မေသူတို့ စုံတွဲနောက်မှ ဖြည်းဖြည်းချင်းလျှောက်လာ ရသောအမေ့ ရင်ထဲတွင် ကြည်နူးမှုများဖြင့် ပြည့်နှက်နေပါ၏။
မင်္ဂလာစင်မြင့် ထက်တွင်သတို့ သားသတို့သမီးနေရာယူပြီးလို့ မင်္ဂလာရတုဖတ်နေသည့် အချိန်မှာသမီးမေသူ မျက်နှာလေးကိုပဲ အရိပ်လိုအမေကြည့်နေမိသည်။ရွှေဖလားရောင်မင်္ဂလာဝတ်စုံလှလှလေးဝတ်ထားသော သမီး၏မျက်နှာလေးသည်ဝင်းပရွှန်းစိုနေကာ မျက်ဝန်းလေးတွေတောက်ပလင်းလက်နေတာမြင်ရမှ အမေ့ ရင်ထဲ အေးချမ်းသွားသည်။
သားမက်လေးမောင်ရဲကလည်း နံ့ သာရောင်တိုက်ပုံနှင့်  ခန့်ညားဝံ့ ကြွားနေကာအိမ်ထောင်တခုလုံး ၏ ကောင်းမှုဆိုးမှုမှန်သမျှကို ရဲရဲဝံ့ ဝံ့ ရင်ဆိုင်ဖြေရှင်းပေးမည့် အိမ်ထောင်ဦးစီးတစ်ယောက်၏ အားမာန်များဖြင့် ပြည့်လျှမ်းနေ သည့်မျက်နှာပြင်ဟာ သိပ်ကြည့်ကောင်းပါသည်။
သည်မြင်ကွင်းလေးကိုကြည့်မြင်လိုက်ရသည့်အတွက်အမေ လည်း ဘ၀တွင်ကျေနပ်ပြည့်စုံသွားပါပြီ။ သားနှင့် သမီးနှစ်ယောက်ဟာ သင့်တော်ကောင်းမွန်သည့်ဘ၀လက်တွဲဖော်ကိုယ်စီဖြင့်  လောကဓံ တိုက်ပွဲ ဆင်နွှဲနိုင်ပြီဖြစ်သောကြောင့် မိခင်တစ်ယောက်၏ တာဝန်ဝတ္တရားများကျေပြီဟုအမေထင်ပါသည်။
သို့ ပါသောကြောင့် … လောကီတာဝန်များကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသောအမေသည်လည်းဝိပသနာ တရားတော်များ နာကြားအားထုတ် ရင်း နိဗ္ဗာန်မရောက်မီစပ်ကြား အဖန်ဖန်အထပ်ထပ် ကျင်လည်နေရ ဦးမည့်  သံသရာခရီးအတွက်ဘ၀ကူးကောင်းစေရန် ၊လောကုတ္တရာတာဝန်များကျေပွန်ရန်အတွက် အားထုတ်ကြိုးပမ်းထမ်းဆောင်သွားပါဦးမည်။
လောကီလောကုတ္တရာ တာဝန်ဝတ္တရားများကျေပွန်နိုင်ကြပါစေ
ကြာဖြူနွယ်
♫♪အမျိုးအစား♫♪
ဝတ္တုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment