Saturday, January 5, 2013
မဗေဒါ ရဲ့  စုန်ဆန်တရား
ညက ညဉ့် နက်သွားလို့  ဒီမနက် ကျမအိပ်ယာထ နောက်ကျပြီး အမြန်ရေချိုးကာ အလုပ်သွားဖို့ ပြင်ရတယ်။
မနက်စာ ထိုင်စားမယ့် အချိန်မရှိတော့လို့  မုန့် အခြောက်ထုပ်လေးတွေ အိတ်ထဲ ထည့် ပြီး ဖယ်ရီအမီ လမ်းမ ပြေးရတယ်။
ရုံးရောက်တော့လည်း ကော်ဖီတစ်ခွက် နဲ့  မုန့် မြန်မြန်စားပြီး  ကွန်ပြူတာ ဖွင့်လိုက်တာနဲ့  တနေ့ တာ အလုပ်တွေစရပြန်ပါပြီ။ အဆင်မပြေတဲ့ နေ့ ဆို သူဌေးဆူတာခံရ လို့ စိတ်တွေညစ်၊
 ခေါင်းတွေကိုက်ရတယ်။ပြသနာတွေရှင်းရတယ်။
ဒီလို နဲ့  နေ့ ခင်း ထမင်းစားဖို့ ခဏနား  ၊ ပြီးရင် ပြန်လုပ် ။ညနေ ရုံးဆင်းတော့ပြန်။
အိမ်ရောက်တော့မှောင်နေပြီ။ ရေချိုး ထမင်းစား ။ ပြီးတော့ TV ကြည့်ရင်းနဲ့ မနက်ထမင်းချိုင့် အတွက်
ဟင်းချက်ဖို့ ကြက်သွန်နွှာ ၊ ငရုတ်သီးထောင်းထားရတယ်။
၈ နာရီ သတင်းလာတော့  မှ TV ရှေ့ က ထပြီး  သတင်းနားထောင်ရင်း ဟင်းချက် ။ဆေးကြောစရာရှိတာဆေးလိုက်တာကိုးနာရီလောက် မှ ချက်ပြုတ်သိမ်းဆည်းပြီး နားရတယ်။
အဲဒီအချိန်ကျမှ ကွန်ပြူတာလေးဖွင့်  ပြီး အွန်လိုင်းတက်လိုက်တာ  ည ၁၂ နာ၇ီ ၁ နာရီလောက်မှ အိပ်ဖြစ်ပြန်ရော
ဒါနဲ့ မနက် ကျတော့  မနဲ ထပြီး အိပ်ချင်မူးတူးနဲ့  အလုပ်သွားဖို့ ပြင်ရပြန်ရော။
တနေကုန် လုပ်ငန်းခွင် ထဲ အချိန်ကုန်ပြီးညနေစောင်း နေ၀င်ရီတရော မှ ပြန်လာ
ရေချိုး--ထမင်းစား-------------------ညဉ့် ၁နာရီ ၂ နာရီလောက်မှအိပ်--မနက်မနဲပြန်ထ
--------------------------
--------------------------
--------------------------
ဒီလိုနဲ့ပဲ နေ့ တိုင်းဖြတ်သန်းရင်း  အချိန်တွေလည်း ကုန်မှန်းမသိ ကုန်သွားတာပါပဲ။ ဒါဟာ မရိုးနိုင်တဲ့  ဘ၀ဖြတ်သန်းမှုပါလား။
တနေ့ လာလည်း ဒီအလုပ် ၊ တနေ့ လာလည်းဒီအလုပ် နဲ့ ကြာတော့  အလုပ်ကလည်း လုပ်နေရတာပဲလို့ ငြီးငွေ့ မိတယ်။
နေ့ စဉ် ဒါတွေချည်းဘဲလုပ်နေရတယ်လို့ ငြူစူမိတယ်။ အလုပ်တွေ ကိုရှောင်ပြေးချင်လာမိတယ်။
ဒီလို ဖြစ်လာရင် ကျမ လေ ဆရာဇော်ဂျီ ရဲ့  ဗေဒါလမ်းကဗျာလေး ဖတ်ပြီး မနဲအားပြန်တင်းရတယ်။
ဆရာကြီးရဲ့ ဗေဒါလမ်းကဗျာ တွေဟာ ကျမတို့  ဘ၀ ရှင်သန်ဖို့ အတွက် အားမာန်ဖြစ်စေတာချည်းပါပဲ။
ဒီအထဲက ခု ကျမ ဖြစ်နေတဲ့ အခြေအနေ ကို ဖြေသိမ့်ပေးမယ့်  ကဗျာလေးတပုဒ်ကို တင်ပြချင်ပါတယ်။
ဗေဒါလမ်း ကဗျာ နံပါတ် ( ၉) ဖြစ်တဲ့  --စုန်ဆန်ရတရားဆိုတဲ့ ကဗျာလေးပါရှင်။ ဖတ်ရှုခံစားကြည့်ပါ။
ဗေဒါလမ်း (၉) – စုန်ဆန်ရတရား ( ဇော်ဂျီ)
 ပန်းပါဘိ ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံ
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။
ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)
ကဗျာ က တိုတိုလေးပေမယ့် ပေမယ့်  ပေးတဲ့အသိတရားကတော့ အဖိုးမဖြတ်နိုင်အောင်ပါပဲ။
ကျမ ခံစားနားလည်မိသလောက် ရှင်းပြမယ်နော်။
သိတဲ့အတိုင်း ဗေဒါပန်းလေးခမျာ  ချောင်းရေပြင်တကြော မှာ ရေစုန် ရေဆန်အတိုင်းမျောနေရတာပါ။
ဒါကိုမြင်တဲ့ ကျူရိုးရှင်လေး က ကြည့်ပြီးသနားကာ ---
ပင်ပန်းလိုက်တာမဗေဒါရယ်
မင်းမှာ  ရေစုန်ရေဆန် နဲ့ အတူ မျောနေရတာ မပြီးဆုံးနိုင်တော့ပါလားကွယ်
ဒီချောင်းရေတကြော မင်းမျောရတဲ့ ဗေဒါလမ်း က ပန်းဘွယ်ပါလား--လို့ 
ဂရုဏာအပြည့်နဲ့ ဒီလိုပြောလိုက်ပါတယ်။
ပန်းပါဘိ ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။
ဝေးပါသေးတယ်ရှင် ၊
 လောကဓံကို ကြံ့ကြံ့  ခံ နိုင်တဲ့ ဘာမထီ စိတ်ထားနဲ့  ဗေဒါလေးက ဒီလိုပြန်ရှင်းပြပါတယ်။
အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံ ကြွဝင်။
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။
တနေ့ လာလည်းစုန်ရဆန်ရ ၊ တနေ့ လာလည်းစုန်ရဆန်ရ နဲ့ ဗေဒါဘ၀ ကို  ပင်ပန်းတယ်လို့  ပြောနေတဲ့ ကျူရိုးရှင်လေးကိုသာဓကလေးတွေ နဲ့ ရှင်းပြပါရစေ။
 ရွာဦးကျောင်းက ဦးဇင်းကလေ နေမင်းကြီးထွက်ပေါ်လာစ မနက်ခင်းတိုင်းမှာ ရွာရိုးတစ်လျှောက် လုံးဆွမ်းခံထွက်လိုက်တာနေထန်းတစ်ဖျားအမြင့် ရောက်မှ ရွာပြင်တံတားကနေ 
ဆွမ်းခံပြန်လာတာ နေ့ တိုင်း မြင်မှာပေါ့ နော်။
ဒီလို တစ်အိမ်ဝင် တစ်အိမ်ထွက် အမြဲဆွမ်းခံနေရတာ ညောင်းညာပင်ပန်းလိုက်တာ လို့  ထင်ပြီး ဦးဇင်း ဆွမ်းခံမထွက်တဲ့နေ့ လည်းမရှိခဲ့ပါဘူး။
အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။
နောက်တစ်ခု ထပ်ပြောပြဦးမယ် ကျူရှိုးရှင် ရေ
ဟိုးချောင်းစပ်မှာ လောင်းလှေပေါ် ဟင်းရွက်စုံတွေ နှစ်ပုံထပ်ပြီးတင်နေတဲ့ လင်မယားကိုတွေ့ လား။
သူတို့ က ဈေးသည်တွေလေ။ 
ဒီလှေကြီးနဲ့  ဟင်းရွက် တွေ ကို တင်ပြီး ချောင်းရိုးအတိုင်း တစ်ရွာဝင် တစ်ရွာထွက်
လိုက်ရောင်းပြီးညနေ စောင်း လို့  ဟင်းရွက်တွေကုန်မှ ရတဲ့ ပိုက်ဆံလေး နဲ့ မှ ဟင်းချက်စရာဝယ်ကြရတာလေ။
ငွေစ လေး ရသလောက် ငါးလေး ပုဇွန်လေး တွေ အဆင်ပြေတာဝယ်ပြီးမှ အိမ်ပြန်ကြတာလည်း နေ့တိုင်းပါပဲ။  
ချောင်းတစ်လျှောက်  နေပူပူ မှာ တနေ့မှ မနားဘဲ လောင်းလှေကြီး  နဲ့   ဈေးလိုက်ရောင်းနေရပေမယ့် 
သူတို့ ကတော့ ပျော်နေတာပဲလေ။ဒါကို စိတ်ပျက်စရာရယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူးတဲ့ ။
မဗေဒါ ရဲ့ ဘ၀ကလည်းဒီလိုပါပဲ မိတ်ဆွေလေးရေ
ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။
ဒီရေတက်လာရင် လည်း ကမ်းနားကိုအားမာန်အပြည့်နဲ့ လာလိုက်တာပါပဲ။
ဒီရေကျသွားတော့လည်း ကမ်းစပ်ကမိတ်ဆွေတွေကို ကသုတ်ကရက် နုတ်ဆက်ခွဲခွာပြီး
 ချောင်းရိုးတလျှောက် ပြန်မျောလိုက်တာပါပဲ။  
 ဒီလို အဖန်ဖန်အလဲလဲ စုန်လိုက်ဆန်လိုက်လုပ်နေရတာကို  မဗေဒါ က စိတ်ပျက် ငြီးငြူနေလို့ ရော
ဘာထူးမှာလဲ။ ဒါကြောင့် ဒီချောင်းရေတစ်ကြော မှာ ပျော်ရွှင်လန်းဆန်းစွာပဲ မျောပါနေတာပေါ့  ကျူရိုးရှင်လေးရယ်။
ဒီလို ရှင်းပြလိုက်တော့ ကျူရိုးရှင်လေးဟာ လက်ဖျားခါလောက်အောင် မဗေဒါကို အ့ံသြချီးကျူးမိတယ်လေ။
မဗေဒါ လေး အကြောင်း သိရတော့ ကျမလေ ကိုယ့်ကိုယ် ကို ပြန်ရှက်မိတယ်။
ကြည့်စမ်းပါဦးနော် --
 နေပူပူ မိုးရွာရွာ ရေစုန်ရေဆန် အလိုက် ချောင်းရေပြင်မှာ  မျောပါရင်း ဘ၀ ကုန်ဆုံးသွားရမယ့် 
မျှော်လင့် ချက်မဲ့  ဗေဒါပန်း လေး ကတောင် သူ့ ဘ၀ ကို စိတ်ပျက်ငြီးငွေ့ ခြင်းမရှိဘဲ ပျော်ရွှင် လန်းဆန်းနေနိုင်ပါရဲ့ နဲ့ ကျမ က ဘာလို့ များစိတ်ပျက်ငြီးငြူနေရတာပါလိမ့်။
ကျမ ဘ၀ မှာ ပျော်ရွှင်ရယ်မောရတာတွေ ၊  မျှော်လင့် ရင်ခုန်ရတာတွေ ၊ ကြည်နူးချမ်းမြေ့ ရတာတွေရှိနေတာပဲ။
နောက်ပြီး  ဒီအခြေအနေ  ၊ ဒီအလုပ် ၊ဒီလစာ ရဖို့ ဇွဲ ၊ လုံ့ လ နဲ့   ကျမ အားထုတ်ကြိုးပမ်းခဲ့ရတာလေ။
ကိုယ့်ထက် ပိုဆိုးပြီး ထမင်းတလုပ်စားဖို့  ချွေးနဲ့ သွေးနဲ့ ရင်းပြီး လှုပ်ရှား လုပ်ကိုင်နေကြရတဲ့ ဘ၀တွေ
အများကြီးရှိတဲ့ ကြားက ခုလို တည်ငြိမ်တဲ့ဘ၀ နဲ့ နေ့ စဉ် ၀တ္တရားတွေ ကို အေးအေးဆေးဆေး လုပ်ဆောင်နေရတာတောင်စိတ်ပျက်ငြီးငွေ့ ချင်နေသေးသတဲ့  ။  
တကယ်ဆို ကျန်းမာရွှင်လန်းစွာနဲ့  အခက်အခဲမရှိ  ဆောင်ရွက်စရာတွေ ဆောင်ရွက်ရင်း
တနေ့ တာကုန်ဆုံးသွားရတာဝမ်းမြောက်စရာမဟုတ်ပါလားရှင်။
ဘာလို့ များ စိတ်လေ ပျင်းရိချင်ရတာလဲ --လို့  ကိုယ့်စိတ်ကိုယ် ပြန်ဆုံးမလိုက်တယ်။
သေဆုံးခြင်းဆိုတဲ့ တစ်ဘ၀တာလမ်းဆုံး ကို မရောက်ခင်ကျမ ဟာ နေ့စဉ် လှုပ်ရှားရုန်းကန်ရင်း လူ့ ဘ၀ ကို ဖြတ်သန်းနေမှာပဲလေ။ 
ဒီတော့ ပျင်းငြိငြီးငွေ့  ချင်စိတ်တွေဖျောက် ပြီး မဗေဒါ လေးနဲ့ အပြိုင် တစ်နေ့ တာ ၀တ္တရားတွေကို  ပျော်ရွှင်တက်ကြွစွာလုပ်ကိုင်လို့ ပြီးတဲ့အခါ ညချမ်းမှာ အနားယူ အိပ်စက်ရင်း   မနက်ဖြန်အတွက်
 အားမာန်တွေ ပြန်ဖြည့်ရမှာပဲပေါ့ ။
ညအိပ်ယာဝင်လို့   အနန္တော အနန္တ ငါးပါး နဲ့တကွ ကျေးဇူးရှင်တွေကို ကန်တော့တဲ့အခါ မှာတော့ အဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိလှတဲ့   ဒီဗေဒါလမ်းကဗျာလေးတွေကို ရေးပေးခဲ့ တဲ့ ဆရာဇော်ဂျီ ကိုလည်း
 ကြီးစွာသော လေးစားစိတ်နဲ့ ရိုသေစွာ ကန်တော့လိုက်ပါတော့တယ်ရှင်။
ဘ၀အမောများပြေကြပါစေ
ကြာဖြူနွယ်
No comments:
Post a Comment