Saturday, January 5, 2013

စောင့် ဆိုင်းတတ် တဲ့  နီဟွန်း

အရင်အပတ်ကတည်းက အလုပ်ကိစ္စ နဲ့ ကျမ ဂျပန်ရောက်နေပါတယ်။
ခုချိန် ဂျပန်က kooyooလို့ ခေါ်တဲ့  ရွက်ပြောင်းချိန် ရောက်နေပြီး တဖြည်းဖြည်း အေးလာပါပြီ။
ကျမ သွားရတဲ့ မြို့ လေးက  တောင်တန်းကြီးတွေ ၀န်းရံထားပါတယ်။

တောင်ပေါ်က သစ်ပင်တွေမှာ သစ်ရွက်လေးတွေ က တဖြည်းဖြည်း အရောင်ပြောင်းနေကြတာ ခုလိုပဲမြင်ရပါတယ်။



အေးစက်တဲ့ ရေခဲလေ တွေ တိုက်ခတ်လာတဲ့ ဒီလို အချိန်မှာ Ramen လို့ ခေါ်တဲ့ ခေါက်ဆွဲပြုတ် ပူပူလေး
 စားရတာကတော့အရသာရှိလှပါတယ်။
ကျမတို့  နေ့ ခင်း သွားစားနေကျ ဆိုင်လေး တစ်ဆိုင်ရှိပါတယ်။ဒီဆိုင်လေးပါ။

 

ဒီဆိုင်လေးက ၀က်သားပြားခေါက်ဆွဲ က ဒီနယ်တ၀ိုက်မှာ နာမည်ကြီးသတဲ့ ။ စားရတာလည်း တကယ်အရသာရှိပါတယ်။


ပါဆယ်ထုပ်သွားချင်ရင် တော့  ဒီပုံစံလေး လုပ်ပေးပါတယ်။ အရည်ကို တကူးတက သယ်သွားစရာမလို ပါဘူး။
ဟင်းရည်ထဲထည့်ရမှာတွေ အကုန် ထုပ်ပေးထားပြီး အိမ်ရောက်မှ ကိုယ့်ဘာသာရေနွေး နဲ့ ရောရမှာပါ။


ဒီဆိုင်လေးက တနင်္လာနေ့ တစ်ရက် ပိတ်ပြီး ကျန်တဲ့အချိန်တွေ အမြဲ လူပြည့်နေပါတယ်။
ကျမတို့ ဘယ်အချိန်သွားသွား စောင့်ရတာက များပါတယ်။
အရင်လူ က စားပြီးသွားလို့  စားပွဲ အားသွားရင် အများကြီးစောင့် နေရတဲ့အထဲက တန်းစီစနစ်နဲ့ပဲ နေရာပေးပါတယ်။
ကိုယ်ရောက်တဲ့အချိန် နေရာပြည့်နေရင် ဟောဒီစာရွက်လေးမှာ ကိုယ့် နာမည်နဲ့ စားမယ့် 
သူအရေအတွက်ရေးပေးရပါတယ်။


ရောက်လာတဲ့သူတိုင်းက စောင့်ရတော့မယ် ဆိုရင် ဒီလိုနာမည်ရေးပြီး ထိုင်စောင့်ရပါတယ်။

ထိုင်စောင့် တဲ့ ခုံ လူပြည့်နေရင် ရပ်စောင့် ပါတယ်။
အဲလိုရပ်စောင့် တဲ့အချိန် လည်း အေးအေးဆေးဆေး ပဲ ဒီလို စာဖတ်ပြီးစောင့် နေပါတယ်။



စားပွဲ တလုံးလွတ်သွားပြီဆိုရင်  နာမည်ရေးထားတဲ့ စာရွက်လေး ကြည့်ပြီး အရင်ဆုံးလူ ကို ခေါ်ပါတယ်။


ကိုယ့်နာမည် မခေါ်မချင်း သူတို့ကတော့ စောင့် တာပါပဲ။
ဒီလိုစောင့် ရ တာ နဲ့ပတ်သက်ပြီး သူတို့ လူမျိုးတွေ က သိပ်စိတ်ရှည်ပါတယ်။

ဂျပန်လူမျိုးတွေဟာ စည်းကမ်းရှိတဲ့ နေရာ မှာ ကမ္ဘာကျော်တာလည်း ကျော်ထိုက်ပါပေတယ်လို့  သူတို့ ကိုကြည့်ပြီး ကျမ တွေးမိပါတယ်။

ဘူတာရုံတွေ မှာဆိုလည်း လက်မှတ်ဖြတ်စက်မှာ တန်းစီပြီးဝယ်ရပါတယ်။
 ရထားစောင့်ရင်လည်း တန်းစီကာစာဖတ်ရင်းဒီလိုစောင့်ပါတယ်။

 

ရထားလာလို့ တက်ရင်လဲ လုမတက်ပါဘူး။ ဆင်းတဲ့ သူကို ရပ်စောင့်ပေးပြီးမှ အစဉ်လိုက်တက်ကြပါတယ်။
ရထားပေါ်မှာလူကျပ်လာရင်လည်း အလိုက်တသိ နဲ့ နေရာရွေ့ ပေးကြပါတယ်။ နောက်ပြီး သိပ်စကားမပြောဘဲ အေးအေးဆေးဆေးစီးကြပါတယ်။

သူတို့ တွေ က ဆူညံသံမကြိုက်ကြပါဘူး။ ရထားစီးရင် ဖုန်းပိတ်ထားရပါတယ်။
ရထားထဲမှာ ဖုန်းပြောလို့ မရပါဘူး။ အရေးကြီးတဲ့ဖုန်းပြောချင်ရင်တော် ထောင့် လေးမှာ တိုးတိုးပဲပြောပါတယ်။ဘေးပတ်ဝန်းကျင် အနှေင့် အယှက်မဖြစ်အောင် သတိထားကြပါတယ်။

ရထားပေါ်ကဆင်းရင်လဲ တပြုံကြီး ဆင်းလာပေမယ့်  စက်လှေခါးနေရာတွေ ရောက်ရင် တိုးဝှေ့ မနေဘဲ အလိုက်တသိ တစ်ယောက်နောက်က တစ်ယောက် တန်းစီပြီးမှ တက်ကြပါတယ်။
 ဒါဟာ ဘယ်သူကမှ အော်ဟစ် တိုက်တွန်းနေတာ မဟုတ်ဘဲသူတို့  ရဲ့  ကိုယ်ပိုင်အသိစိတ် နဲ့ 
 စနစ်တကျ လုပ်သွားတာပါ။

သူတို့ က ဒီလို လုပ်ရတာ ကိုအသားကျနေပါပြီ။ သူတို့ ကလေးဘ၀ ကျောင်းစတက်ကတည်းက လူ့ ကျင့် ဝတ်နဲ့  ပတ်ဝန်းကျင်မှာဘယ်လိုဆက်ဆံရမယ်ဆိုတာတွေ ကျောင်းကသင်ပေးလိုက်တာပါ။

ကျမ လည်းမြန်မာပြည်ဖွား မြန်မာလူမျိုးမို့  ပထမဆုံးဂျပန်ရောက်စ က   ရထားစီးရင်း ဖုန်းခိုးဆက်မိတယ်။
တခါတလေ သတိလက်လွတ် စကားအကျယ်ကြီးပြောမိတယ်။ ထိုင်ခုံလွတ်ရင် အမြန်ဦးချင်တယ်။ ရထားလာရင် အမြန်တက်ချင်တယ်။

ခုတော့ ဂျပန်လာရတာ အခေါက်အရေ များလာပြီး တဖြည်းဖြည်း ကျင့် သားရလာပေမယ့်  သူတို့ လောက် တော့ဘယ်လိုမှစနစ်မကျနိုင်သေးပါဘူး။
တစ်သက်လုံးအရိုးစွဲနေတဲ့အကျင့်ဆိုတာတော့ ပြင်ဖို့ ခက်သားလားနော်--

နေရာတကာ စနစ်တကျ ဖြစ်နေတဲ့  သူတို့ နိုင်ငံ နဲ့  လူမျိုးတွေ ရဲ့  ဘ၀နေထိုင်မှု ပုံစံ ကိုကြည့်ပြီး ကျမတို့ မြန်မာပြည်ကြီးကိုလည်း  ပိုမို တိုးတက်ကောင်းမွန်ပြီး စနစ်တကျ ဖြစ်စေချင်ပါတယ်။

ဒီလို စနစ်တကျ ဖြစ်ဖို့ ဆိုတာ ငယ်စဉ် ကလေးဘ၀ ကတည်း က အကျင့် လုပ်ပေးရမယ် ထင်ပါတယ်။

ခုချိန်က စလို့  ပညာရေးစနစ်တွေလည်းပြုပြင်ပြောင်းလဲပြီမို့    မိဘဆရာ ပူးပေါင်းပြီး ကလေးဘ၀ ကတည်းက  ပြုစုပျိုးထောင်ပေးလိုက်လို့  စည်းကမ်းရှိပြီး စနစ်တကျနဲ့ ကြီးပြင်းလာမယ့် မြန်မာနိုင်ငံရဲ့ 
နောက်မျိုးဆက်သစ်လေးတွေကို မြင်ချင်လှပါဘိတော့တယ်ရှင်။

စေတနာမွန် ဖြင့် 

ကြာဖြူနွယ်

No comments:

Post a Comment