Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Monday, June 16, 2014

ဗလာ.....

အို
ဘယ်အစိုးရတက်တက်
ဘယ်သူသမ္မတဖြစ်ဖြစ်
ကိုယ်ရှိမှကိုယ်စားရတာ
ကိုယ့် အလုပ်ကိုယ်လုပ်
ကိုယ့်ထမင်းကိုယ်စားမယ်
-------
ငါ အစ သူအဆုံး အားလုံးက
ဒီလို သဘောထားပြီး
နေသာသလို နေလာတဲ့မြန်မာ
တဖြည့်းဖြည်းနဲ့ဗလာ ဖြစ်လာ

သယံဇာတဗလာ
နည်းပညာဗလာ
ပညာရေးဗလာ
ကျန်းမာရေးဗမာ
အသိပညာဗလာ
စဉ်းစားတွေးခေါ်တတ်မှုဗလာ
စည်းလုံးညီညွတ်မှုဗလာ
ရိုသေကိုင်းရှိုင်းမှုဗလာ
သိမ်မွေ့ ယဉ်ကျေးမှုဗလာ
နာခံသင်ယူတတ်မှုဗလာ

------ ဗလာ
------ ဗလာ
------- ဗလာ
------ ဗလာ
------- ဗလာ

သြော်

ငါနေတာဟာ

ဗလာတိုင်းပြည်ပါတကားးးး

Saturday, May 5, 2012

လက္ခဏာရေး သုံးပါးကို ဖုံးကွယ်ခြင်း

အနိစ္စကို သန္တတိ ဖုံးကွယ်တယ်၊ ဒုက္ခကို ဣရိယာပထ ဖုံးကွယ်တယ်၊
အနတ္တကို ဃန ဖုံးကွယ်တယ် ဆိုတဲ့စကားကို
သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာ အာယတန၀ိဘင်္ဂမှာ ဖွင့်ပြထားပါတယ် ...
အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သည်တရားသုံးပါးတို့ဟာ
အမှန်ထင်ရှားသော တရားများဖြစ်ပါလျက်
အဘယ်ကို နှလုံးမသွင်းခြင်းကြောင့် မထင်သလဲ ...
အဘယ်တရားဖြင့် ဖုံးလွှမ်းခြင်းကြောင့် မထင်သလဲ ...
ဤသို့ မေးငြားအံ့ .................
အနိစ္စမထင်သော အကြောင်းကို ရှေးဦးစွာ ငါ ဆိုအံ့ ...
အနိစ္စဆိုတဲ့ မမြဲသောတရားဟာ ဧကန်ရှိသောတရား ဖြစ်သော်ငြားလည်း
ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို နှလုံးမသွင်းခြင်းကြောင့်
ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ထိုးထွင်းပြီး မသိဘူး...
ဖြစ်ပျက်ကို မသိတဲ့အတွက်
သန္တတိဆိုတဲ့ ရုပ်အစဉ်၊ နာမ်အစဉ် ဖုံးလွှမ်းနေတယ် ...
ဒါကြောင့် အနိစ္စကို မထင်ခြင်း ဖြစ်သတဲ့ ...
ဒုက္ခတရားဟာလည်း ထင်ရှားရှိပါလျှက်နဲ့
ရုပ်နာမ်တို့ရဲ့ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်
ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်း၊ ရင့်ရော်ခြင်း၊ နာကျင်ခြင်း၊ ပျက်ခြင်းတို့ကို မမြင်ဘူး။
မမြင်ခြင်းကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တို့
ပြောင်းလည်းပေးခြင်းဖြင့် ချမ်းသာသလိုလို ထင်နေတယ် ...
ဒါကြောင့် ဒုက္ခတရားကို ဣရိယာပုတ်က ဖုံးလွှမ်းနေတယ်သတဲ့ ...
ခန္ဓာအတွင်းမှာ ခိုင်မာသော အတ္တအနှစ် မရှိရိုးမှန်သော်လည်း
အထူးထူးသောဓာတ်ကို အသီးသီး ခွဲခြမ်းခြင်း မရှိတဲ့အတွက်
ဓာတ်အသီးသီး အကြောင်းအကျိုး ဆက်သွယ်နေတာကို မမြင်ဘူး ...
အကြောင်းအကျိုး ဆက်သွယ်နေတာကို မမြင်တဲ့အတွက်
သန္တတိဃန ဖုံးလွှမ်းနေတယ် ...
သန္တတိဃန ဖုံးလွှမ်းနေလို့ အနတ္တကို မထင်ဘူးလို့ ဖွင့်ပြထားတယ် ...
အနိစ္စ၊ ဒုက္ခ၊ အနတ္တထင်အောင် ပြုလုပ်နည်းကိုလည်း
သမ္မောဟ၀ိနောဒနီမှာ ဖွင့်ပြထားပါတယ်
သမ္မေဋ္ဌကထာမှာ ဖွင့်ပုံက
ဖြစ်ခြင်းပျက်ခြင်းကို သိမ်းဆည်းပြီး သန္တတိကို ဖျက်ဆီးလိုက်လျှင်
အနိစ္စလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...
မပြတ် ပြင်းစွာနှိပ်စက်ခြင်းကို နှလုံးသွင်းပြီး
လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်ကို
ခွာကြည့်လိုက်လျှင်
ဒုက္ခလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...
အထူးထူးသောဓာတ်တို့ကို အသီးသီး ခွဲခြမ်းပြီး
အစိုင်အခဲ ထင်နေတဲ့ ဃနကို ခွဲကြည့်လိုက်လျှင်
အနတ္တလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...

(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
                                                          

 ရှာဖွေတင်ပြသူ-မာလာထွေး

တရားကို စာပေကွယ်တယ် ... ဆိုတာ


တရားဆိုတာ ဘုရားရှင် ၄၅ ၀ါ ကာလအတွင်း ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်တော်တွေပဲ၊
ပိဋကတ်တော်တွေကို ဟောကြားသူက ဓမ္မကထိက၊
ပိဋကတ်တော် ရေးမှတ်ထားတာက စာပေ ... ဟုတ်ရဲ့လား ...
ပိဋကတ်တော်ဟာ ဆောင်ထားသူ၊ ဟောကြားသူ မရှိသော်လည်းကောင်း၊
ပေ-ပုရပိုက်၊ စာရွက်၊ ကျောက်သား စသည်တို့အပေါ် ရေးမှတ်ထားခြင်း မရှိသော်လည်းကောင်း၊
ဤကမ္ဘာမှာ တည်နေနိုင်ပါ့မလား ...
တည်နေနိုင်မှာ မဟုတ်ပါဘူး ...
အေး ... သည်လိုဆိုလျှင် တရားတော်ကို စာပေကွယ်တယ်၊ ဓမ္မကထိက
ဘာဏကဆောင်များ ကွယ်တယ်လို့ကော ဆိုသင့်ပါသလား ...
မဆိုသင့်ပါ ... တရားတော်ဟာ စာပေနှင့် ဓမ္မကထိကပုဂ္ဂိုလ် ဘာဏကဆောင်ပုဂ္ဂိုလ်
စာသင်စာချပုဂ္ဂိုလ်များကြောင့် ထွန်းလင်းတောက်ပလာတယ်လို့ ဆိုသင့်ပါတယ် ...
ယခု သာသနာတော်ရဲ့အသက်ဟာ ၂၅၀၀ က ကျော်လွန်လာပြီ ...
သည်မျှရှည်ကြာအောင် သာသနာတော်ကို ဘယ်သူတွေ သယ်ဆောင်လာခဲ့တာလဲဆိုလျှင်
ဘာဏကဆောင်ပုဂ္ဂိုလ်တွေ၊ စာသင်စာချပုဂ္ဂိုလ်တွေနဲ့
စာပေတွေက သယ်ဆောင်လာခဲ့တာပဲကွယ် ...
နောင်အခါလည်း ဤပုဂ္ဂိုလ်များ၊ စာပေများက သာသနာတော်ကို ဆောင်ယူသွားကြလိမ့်ဦးမယ်။
သာသနာတော်ကို ဆောင်ယူသွားကြမည့် ပုဂ္ဂိုလ်များ၊ စာပေများ မရှိတော့လျှင်
သာသနာတော် ကွယ်ပြီလို့ ဆိုရတော့မှာပဲ ... ဟုတ်ရဲ့လား ...
အဲသည်အကြောင်းများကြောင့် တရားတော်ကို စာပေကလည်း မကွယ်ပါဘူး ...
စာချပုဂ္ဂိုလ်၊ စာသင်ပုဂ္ဂိုလ်၊ တရားဟောပုဂ္ဂိုလ်တို့ကလည်း မကွယ်ပါဘူး ...
မကွယ်သည့်ပြင် ထွန်းလင်းတောက်ပအောင်သာ ပြုလုပ်ကြပါတယ် ...
သို့သော်လည်း တရားကို စာပေကွယ်တယ်ဆိုတဲ့ စကားရဲ့ ဆိုလိုရင်းက
ဘုရားရှင်ရဲ့ တရားတော်ဟာ အလှကြည့်ဖို့၊ အပျော်နားထောင်ဖို့ မဟုတ်ဘူး။
ကျင့်သင့်တာကို ကျင့်ဖို့၊ ရှောင်သင့်တာကို ရှောင်ဖို့ ဟောထားတာဖြစ်တယ် ...
အကြင်ပုဂ္ဂိုလ်ဟာ တရားတော်ကို စာပေ၌မျှသာ ဆုံးနေမည် ...
ဓမ္မကထိက၏ အသံမျှ၌သာ ဆုံးနေမည် ဆိုပါလျှင်
ထိုပုဂ္ဂိုလ်များကို ရည်ရွယ်ပြီး
တရားကို စာပေကွယ်တယ် ... ဓမ္မကထိကကွယ်တယ်လို့
ရှေးဆရာများက ဆိုခဲ့ကြခြင်း ဖြစ်ပါတယ် ... သတိပေးကြခြင်း ဖြစ်ပါတယ်ကွယ် ...

(ထီးချိုင့်မြို့၊တည်တောဆရာတော်ဘုရားကြီး)
                                                       
ရှာဖွေတင်ပြသူ-မာလာထွေး

သံဃာကို ဘုန်းကြီးကွယ်တယ် ... ဆိုတာ

                                
                                    သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားကလည်း အနုဿတိဆယ်ပါးက
သံဃနုဿတိကို ရည်ညွှန်းတဲ့ စကားပါပဲကွယ် ...
သံဃနုဿတိ- သံဃဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့နေရမယ် ဆိုသော်လည်း
ဝါ၀ါဝတ်ထားသော ဘုန်းကြီးအပေါင်းကို ဆိုလိုသည်မဟုတ် ...
ထိုဘုန်းကြီးအပေါင်းရဲ့ သန္တာန်မှာ တည်ရှိတဲ့
"သုပ္ပဋိပန္နအစ ပုညက္ခေတ္တံအဆုံး" ရှိတဲ့
ဂုဏ်တော်ကို ဆင်ခြင်ပွားများရမှာဖြစ်တယ် ...
အတွင်းက ဂုဏ်တော်ကို မမြင်ဘဲ အပြင်အပ သဏ္ဍာန်မျှကိုသာ မြင်နေလျှင်
ဂုဏ်တော်ကို ပုဂ္ဂိုလ်က ဖုံးနေလို့
သံဃာကို ဘုန်းကြီးကွယ်တယ်လို့ ဆိုကြတာပဲ ...
သို့သော်လည်း သည်အဓိပ္ပာယ်ကို သည်လိုမကောက်ယူဘဲ
ဘုန်းကြီးတွေဟာ သံဃာမဟုတ်ဘူး ...
ဘုန်းကြီးတွေ ရှိနေသမျှ သံဃာအစစ်ကို မတွေ့ဘူးလို့ ယူဆခဲ့လျှင်
အယူအဆတွေ ချွတ်ချော်ပြီး
"ဘုန်းကြီးမပါ၊ သံဃာဆွမ်းကျွေး" ဆိုတဲ့ဂိုဏ်းထဲ ပါသွားတတ်တာပေါ့ကွယ် ...
(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
                                                 ရှာဖွေတင်ပြသူ-မာလာထွေး

မြတ်ဗုဒ္ဓ အား ရိုသေ လေးမြတ် ကြည်ညိုစွာ ပူဇော်ပါသည်။

မြတ်ဗုဒ္ဓ

     
       မြတ်ဗုဒ္ဓ လောင်းလျာ မင်းသားကို ဘီစီ ခြောက်ရာစုတွင် လုမ္ဗိနီ ဥယျာဉ်တော်၌ ဖွားမြင်ခဲ့၏။ ဖွားမြင်သည့် နေ့ကား သကျတို့၏ ပြက္ခဒိန်အရ မဟာသက္ကရာဇ် (၆၈) ခု ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဓန ဖြစ်ပြီး မယ်တော်မှာ မိဘုရားခေါင်ကြီး မာယာဒေဝီ ဖြစ်ပါသည်။ အနွယ်တော် အမည်မှာ ဂေါတမဖြစ်ပြီး ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္တဖြစ်သည်။
      သားတော်လေး ဖွားမြင်တော်မူသည့် အခါ အစဉ်အလာ ထုံးတမ်းဖြစ်သည့် ဘုရင့် ပုရောဟိတ်တို့က နိမိတ် ဖတ်ကြားကြသည်။ ဖတ်ကြားချက်မှာ နှစ်မျိုး နှစ်စား ဖြစ်ပါသည်။ တစ်မျိုးက မင်းသားလေးသည် အရွှယ်ရောက်သည့် အခါ တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်မည်ဟု ဆို၏။ နောက်တစ်မျိုးကား ဘုရားဖြစ်မည်ဟု ဆိုပါ၏။
           

         ခမည်းတော် မင်းကြီးသည် သားတော်လေးကို တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်စေလိုပါ၏။ တိုင်းသူ ပြည်သားတို့သည်လည်း အနာဂတ် ဘုရင်မျိုးဆက် ဖွားမြင်လာလို့ ဝမ်းမြောက် ကြည်နူးရသည့်အပြင် ထိုမင်းသားမှာ စကြေးဝတေးမင်းပင် ဖြစ်လာမည်ဆိုသဖြင့် အတိုင်းထက် အလွန်ပင် ဝမ်းသာနေကြ၏။
         ခမည်းတော် မင်းကြီးသည် သားတော်လေးအား မင်းသားတို့ တတ်အပ်သည့် အတတ်မျိုးစုံကို အကုန်ပင် သင်ကြားစေ၏။ မင်းသားလေးမှာလည်း ထက်မြက်လှသဖြင့် သင်ပေးအပ်သော ပညာရပ်တိုင်းကို လျှင်မြန်စွာ တတ်မြောက်၏။ တတ်သည့် အချင်းအရာမှာလည်း တစ်ဖက် ကမ်းခတ် တတ်မြောက်မှုချည်း ဖြစ်၏။ နန်းတွင်း ဗြဟ္မဏ ပညာရှိတို့ ဟောကြာချက်မှာ မင်းသားလေး အရွယ်ရောက်လေ၊ ဖြစ်နိုင်ချေ များလာလေဖြစ်၍ ဘုရင်ကြီးမှာ နှစ်လုံး ပျော်မွေ့ သဘောတော် တွေ့နေတော့၏။
         သို့သော်လည်း တစ်ခါ တစ်ရံမှာတော့ စိုးရိမ်ရပါသေး၏။ “သားတော် မင်းသားလေး တောထွက်သွားသော်” ဟု တွေးမိချိန်တွင် ယင်းသို့ ခံစားရ၏။ တစ်ဖက်ကတော့လည်း အဲဒီလို တွေးမိသည်ကို ကျေးဇူးတင်ကောင်း တင်နိုင်ပါ၏။ အကြောင်းမှာ မလိုချင်သည့် ဖြစ်လာနိုင်ခြေကို သတိယ တွက်ဆမိသဖြင့် ကြိုတင် ပြင်ဆင်နိုင်သောကြောင့်ပင်။
         အဓိက ကြိုတင်ပြင်ဆင်မှုကား သားတော်လေး မည်သည့် ဒုက္ခမျိုး၊ ဆင်းရဲမျိုးကိုမျှ မြင်ခွင့် သိခွင့်မရအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒုက္ခ သုက္ခများကို မြင်တွေ့ရခြင်း မရှိလျှင် တောထွက်ဖို့ရန် အကြံတော် ဖြစ်လိမ့်မည် မဟုတ်။ ထို့ပြင် မင်းစည်းးစိမ်၌လည်း ပိုမို သာယာ နှစ်သက် ပျော်ရွှင်မှုဖြင့် ဖက်တွယ်ပေလိမ့်မည်။ ယင်းသို့ ဖြစ်လာလျှင် ဘုရားဖြစ်ရေးအတွက် တောထွက်ဖို့ ပို၍ပင် ဝေးသွားပေလိမ့်မည်။ တောထွက်ဖို့ ဝေးသွားခြင်းသည် စကြာဝတေးမင်း ဖြစ်ရေးအတွက် နီးလာခြင်းပင် ဖြစ်ပါ၏။ 
      ထို့ကြောင့်လည်း နန်းတော်တွင်း နန်းတော်ပတွင် ပိုမို သာယာအေင် စီမံ၏။ စံနန်းဆောင်တို့ကလည်း ရမ္မ၊ သုဘ၊ သုရမ္မဟု သုံးဆောင်ပင် ရှိ၏။ ဥတုသုံးလီနှင့် အလိုက်သင့် အလှည့်သင့် ကိုက်ညီနေအောင် စီမံ ဆောက်လုပ်ထားသည်ဟု ဆို၏။ 
        စံနန်းဆောင်တွင်လည်း ရံရွှေတော် မောင်းမ မိဿံတို့ကား အပြည့်။ အားလုံးပင် ချောမောကြ၏။ လှပကြ၏။ ပြေပြစ်ကြ၏။ ရှုမငြီးဖွယ်တွေချည်း ဖြစ်ကြ၏။ သူတို့ကား သွယ်လျှသော လက်ချောင်း ခြေချောင်းလေးများကိုလည်း ပိုင်ဆိုင်ကြ၏။ ကြည်လင် ဝင်းပသော အသားအအရေလည်း ရှိကြ၏။ သေးသင့်ရာ သေး၊ သွယ်သင့်ရာ သွယ်၊ ပြည့်သင့်ရာ ပြည့်၊ မောက်သင့်ရာ မောက်သည့် ခန္ဓာကိုယ် အချိုးအစားမျိုး ရှိကြသည်ချည်းသာ ဖြစ်၏။

       သူတို့၏ တာဝန်သည် မင်းသားလေး အပျင်းတော် ပြေစေရန် တစ်နည်းဆိုရသော် ငြီးငွေ့မသွားစေရန် အက၊ အလှ တေးဂီတ ပဒေသာတို့ဖြင့် ဖျော်ဖြေပေးရန် ဖြစ်ပါ၏။ ယင်းသို့ ရံရွှေတော်များ ထားခြင်းသည် ထိုခေတ်က နန်းဓလေ့ ထုံးတမ်းဖြစ်သည်ဟု ဘီဘီစီက ထုပ်လွှင့်ခဲ့ဘူးသည့် ဗုဒ္ဓဝင်တွင် ဆို၏။ ခမည်းတော် ဘုရင်ကြီး စီမံထားသည်မှာ သားတော်၏ လောကတစ်ခုလုံးသည် ပျော်ရွှင် ကြည်နူးဖွယ် လောကဖြစ်နေစေရေး၊ ဆွဲဆောင်မှုအပြည့်ရှိသည့် လောကဖြစ်နေစေရေး  ဖြစ်ပါသည်။
         ထိုခေတ်ထုံးစံ အရ သက်တော် ဆယ့်ခြောက်နှစ်တွင် ယသောဓရာ မင်းသမီးလေးနှင့် လက်ဆက်၏။ မင်းသမီးလေးသည် လှလည်း လှနိုင်လွန်း၏။ ချောလည်း ချောနိုင်လွန်း၏။ ယဉ်မှုတွင်လည်း မှီသူမရှိ။ သစ္စာတရား ထားရှိမှုတွင် ပြိုင်းဖက် အလျှင်းပင် ကင်း၏။ အထက်က ဆိုခဲ့သည့် ဗုဒ္ဓဝင်တွင် သိဒ္ဓတ္ထမင်းသားသည် ယသောဓရာ မင်းသမီးကို လက်ဆက်နိုင်ရေး ယှဉ်ပြိုင် အနိုင်ယူခဲ့ရပြီး ခမည်းတော်ကြီးမှာကား သားတော်၏ စွမ်းပကားကို ကြည့်ကာ ကြည်နူး ဝမ်းမြောက်လှသည်ဟု ပညာရှင်တို့ ဆိုကြ၏။
               
         မင်းသားသည် သူ၏ နန်းတော်တွင် လို-တ-ရ ဘဝဖြင့် မင်းစည်းစိမ် အလယ်တွင် စံတော်မူနေခဲ့သည်။ ဘုရင် သုဒ္ဓေါဓန မင်းကြီး၏ အကြံအစီသည်လည်း ခုထိ ကောင်းနေဆဲ။ စီမံလုပ်ဆောင်ချက်သည်လည်း အစွမ်းပြ ထိရောက်နေဆဲပင်။ “ဤအတိုင်းသာ ဆိုလျှင်” ဟု တွေးကာ ခမည်းတော်ကြီးမှာ ကြိတ်၍ ဝမ်းသာနေ၏။
      သို့သော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်း အပ်သော ပါရမီတော်တို့ကား သဗ္ဗညုတ ဉာဏ်တော်ကြီး အတွက် ဆိုသည်ကို မည်သူမျှ မသိကြ။ စိုက်ပျိုးထားအပ်သော ပန်းမာလ်တို့သည် အချိန်တန်လျှင် ပွင့်ကြရိုး၊ သီးပင်တို့သည် သီးကြရိုးပင်။ 
        တစ်ခါသော် အပါးတော်မြဲ အမတ် ဆန္နကို ခေါ်တော်မူပြီး ဥယျာဉ်တော်သို့ ထွက်တော်မူ၏။ မထွက်ခင်ကပင် ခမည်းတော်ကြီးက သွားနိုင်ရာ လမ်းတစ်လျှောက် မြင်နိုင်ရာ အရပ်တိုင်းတွင် သန့်ရှင်း သပ်ရပ် လှပစေရန် လုပ်ဆောင်ခဲ့သည်သာ မက၊ သံဝေဂ ရစေနိုင်သည့် သူအို သူနာလို လူတွေကိုပင် ရှင်းလင်းထားခဲ့သည်။ အမြင်မတော်စေမည့် အရာမှန်သမျှကို ရှင်းလင်းစေခဲ့သည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ပါချေ။
        မင်းသားကား ခရီးစဉ်၏ တစ်ခုသော အရပ်တွင် “သူအို“ကို မြင်ခဲ့လေပြီ။ မမြင်စဖူး အမြင်တော်ထူးရကား ဆန္နအမတ်ကို မေးမြန်းရ၏။ အမတ်သည် အိုခြင်းသဘောကို ရှင်းလင်း လျှောက်ထားသည်။ အလောင်းတော် မင်းသားကား အိုခြင်း သဘောတရားကို လေးလေးနက်နက် စဉ်းစားမိကာ စိတ်နှလုံး တုန်လှုပ် ခြောက်ခြားသွားခဲ့ရလေပြီ။ ဘဝအဆက်ဆက်က ဖြည့်ဆည်း ထုံမွှမ်းအပ်သော ပါရမီတို့ဖြင့် ထောက်ကူထားသည့် သူ၏ သံဝေဂ ဉာဏ်တော်တွင် အိုခြင်းသဘောသည် ကွင်းကွင်း ကွက်ကွက်ကြီး ပေါ်လာတော့၏။ 
        နောက်ခရီးစဉ် နှစ်ခုတွင် “သူနာ“နှင့် “သူသေ“တို့ကို မြင်ခဲ့ရပြန်လေရာ တုန်လှုပ် ချောက်ခြားသော စိတ်ထားတို့သည် ဖော်ပြ ပြောဆိုဖို့ ဝေါဟာရ အပိုင်းအခြား မဲ့သွားခဲ့လေပြီ။ ကြင်ယာတော်နှင့်လည်း မပျော်မွေ့၊ မောင်းမ မိဿံတို့၏ အက၊ အလှ၊ တေးဂီတတို့သည်လည်း နှစ်သက်စရာ မရှိ။ နန်းစည်းစိမ် တစ်ခုလုံးသည်ပင် သူအတွက် ဘာမျှ အဓိပ္ပါယ် မရှိတော့။ အရာရာသည် အနှစ် အသား မပါ၊ အကာ သက်သက်သာ ဖြစ်နေခဲ့တော့သည်။
          နောက် တစ်ခေါက် ထွက်ကြွခဲ့သည့် ခရီးတွင်လည်း မမြင်စဖူး အမြင်ထူးကို ကြုံခဲ့ရပါသေး၏။ ဤ မမြင်စဖူး ထူးလှသည့် အာရုံသည် သူ၏ စိတ်တော်ကို ပြန်လည် လန်းဆန်းစေသည်။ တက်ကြွစေသည်။ ငြိမ်းချမ်းစေသည်။ ထို့အပြင် မျှော်လင့်ချက် ရောက်ခြည်လည်း တောက်ပစေပြန်ပါသည်။ ယင်းမြင်ကွင်းသည်ကား သစ်ပင်အောက်တွင် ငြိမ်သက် တည်ကြည်စွာ ထိုင်နေသည့် ရဟန်းတော် ဖြစ်၏။ 
        ထိုမြင်ကွင်းက ပေးသည့် မျှော်လင့်ချက်အတိုင်းပင် သိဒ္ဓတ္ထမင်းသားသည် တစ်ခုသော ည၏ သန်းခေါင်ယာမ် လူခြေတိတ်ချိန်တွင် ဆန္နအမတ်ကို နောက်တော်ပါ အဖြစ် ခေါ်လျှက် ကဏ္ဍကမြင်းကို စီးကား တောထွက်တော်မူခဲ့သည်။ အချိန်ကောင်းကို ရွေးထွက်ခဲ့၍ နန်းတော်ရှိ လူအားလုံး တစ်ယောက်မျှ မသိကြ။ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ အတွက် နန်းစည်းးစိမ် တစ်ခုလုံးကို အလွယ်တကူပင် စွန့်ပစ်ခဲ့လေပြီ။ ချမ်းသာကြီးကြီး လိုချင်လျှင် ချမ်းသာသေးကို စွန့်ရမြဲ။ ထာဝရချမ်းသာကို လိုချင်လျှင် တဒင်္ဂချမ်းသာကို စွန့်ရမြဲ။ ယင်းအချိန်၌ နန်းစံသက် (၁၃)နှစ်၊ သက်တော် (၂၉) နှစ်သာ ရှိသေး၏။
                
      အနောမာမြစ် တစ်ဖက်ကမ်းသို့ ရောက်သော် ကဏ္ဍကမြင်းနှင့် အမတ်တို့ကို ပြန်လွှတ်လိုက်သည်။ ရဟန်းအသွင်ယူကာ တရားစကျင့်၏။ ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက် ကြွကာ ထိုခေတ်က နာမည်ကြီး ဆရာတို့ထံ နည်းခံကာ ကျင့်၏။ 
      ပထမ ဆရာကြီးကား ကာလာမ အနွယ် အာဠာရ ရသေ့ကြီး ဖြစ်၏။ သူကား အာကိဉ္စညာယတနဈာန်ကို ရရှိထားသူပါတည်း။ တရားဓမ္မ သင်ကြားပေးရာတွင် ပါးစပ်လှုပ်ရုံမျှဖြင့် သိဒ္ဓတ္ထမင်းသားသည် ဆရာ သိထားသော တရားအားလုံးကို သိသွား၏။ သိရာတွင်လည်း ခိုင်ခိုင်မြဲမြဲ စွဲစွဲကြီးပင် သိ၏။ ခဏကျင့်ရုံမျှဖြင့် ဆရာ ရထားသည့် ဈာန်ကို ရရှိသွား၏။ ဆရာကို ပွင့်ပွင့်လင်းလင်း မေး၏။ ဆရာကလည်း ဤတရားသည် သူသိမြင်သည့် တရားဖြစ်ကြောင်း ရိုးသားစွာ ဖြေ၏။ နောက် သူနှင့် အဆင့်တူ ရာထူးပေးကာ တပည့်များကို အတူ အုပ်ချုပ်ရန် ကမ်းလှမ်းသည်။ အလောင်းတော်ကား လက်မခံ။ လိုချင်သည်မှာ ဤအရာ မဟုတ်ပါလေ။
                   
      ဤဆရာထံမှ ထွက်ပြီး ရာမ၏ သား ဥဒကထံ သွား၍ နည်းခံပြန်၏။ ရှေးနည်းအတိုင်းပင် သင်ပေးအပ်သည့် တရားကို လျှင်မြန် ထက်မြက် စူးရှလှသော ဉာဏ်တော်ဖြင့် တစ်ခဏချင်း သိရှိတတ်မြောက်၍ ဆရာ ရရှိထားသည့် နေဝသညာ နာသညာယတနဈာန်ကို ရရှိလေတော့၏။ ပွင့်ပွင့်လင်းလင်း မေးကြည့်လိုက်ပြန်တော့ ဤတရားသည် ဤ ဆရာကြီး သိထားသည့် အမြင့်ဆုံးသော တရားပင် ဖြစ်နေပြန်၏။
            ဆရာကလည်း “သူသိတာကို အရှင် ဂေါတမ သိပြီး အရှင် ဂေါတမ သိတာကို သူသိပါကြောင်း” ဝန်ခံ ရှင်းပြသည်။ “ဤလို သီတင်းသုံးဖော်ကို ရခြင်းကား အရတော်လေစွ”ဟု ဝမ်းမြောက်လှသည်။ ဆရာ့အရာ၌ ထားပေးသည်။ သူ့ဂိုဏ်ကို ရှေ့ဆောင် ရှေ့ရွက်ပြုရန် ကမ်းလှမ်းသည်။ သို့သော် အလောင်းတော်ကား ကမ်းလှမ်းမှုကို ငြင်းပယ်ကာ သစ္စာရှာပုံတော် ခရီး ဆက်ထွက်ခဲ့သည်။ သစ္စာကို ထိုးထွင်း သိမှသာလျှင် ဒုက္ခအပေါင်းမှ ကင်းလွတ်ပြီး သန္တိသုခကို ရပေမည်။ 
       ဥရုဝေလတောအုပ်သို့ ဝင်ရောက်ကာ ဒုက္ကရစရိယာ အကျင့်ကို ပြင်းပြင်း ထန်ထန် ကျင့်၏။ မည်သူမျှ တုနှိုင်းမမှီအောင် ကျင့်၏။ တောအုပ်ကား ကြီးလည်း ကြီးမားလှ၏။ နက်လည်း နက်လှ၏။ ခေါင်လည်း ခေါင်လှ၏။ အစပထမတွင် ဤလိုနေရာ၌ နေ၍ တရားကျင့်ရန်သော်လည်းကောင်း၊ ပျော်မွေ့နိုင်ရန်သော်လည်းကောင်း၊ တစ်ပါးတည်း သီတင်းသုံးရန်သော်လည်းကောင်း ခက်ခဲကြောင်းနှင့် လုံလောက်သည့် သမာဓိ မရှိက စိတ်ချောက်ခြားနိုင်ကြောင်း သတိယမိသေးသည်။ သို့သော် စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ရှိသည့် အတွက် ထိုကဲ့သို့သော တော၌နေပြီး တရားကျင့်ရသည်ကို ချမ်းသာကြီးလှသည်ဟု မှတ်ယူတော်မူခဲ့သည်။ 
        သို့သော် ခြောက်နှစ်ပတ်လုံး ကျင့်ပါလျှက်နှင့်ပင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို မရခဲ့။ မရခြင်းမှာ ကျင့်နည်းမှားနေသောကြောင့် ဖြစ်၏။ နောက်ဆုံးတွင် အစွန်းတစ်ဖက်သို့ ရောက်နေသော အတ္တကိလမထာနုယောဂ အကျင့်ကို ပယ်စွန့်တော်မူကာ မဇ္ဈိမပဋိပဒါအကျင့်ဖြင့် ကျင့်တော်မူလေရာ တစ်ခုသောနေ့၏ -

                      
ညည့်ဦးယာမ်တွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
သန်းခေါင်ယာမ်တွင် ဒိဗ္ဗစက္ခဉာဏ်
မိုးသောက်ယာမ်တွင် အာသဝက္ခယဉာဏ်တို့ကို ရတော်မူကာ လောကသုံးပါး အလယ်တွင် ဘုရားစင်စစ် ထင်ရှားစွာ ဖြစ်ထွန်း ပွင့်ပေါ်လာပါတော့သည်။
ယင်းနေ့ကား မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါသတည်း။
ဤဆောင်းပါးဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak Day)ကို ရိုသေ လေးမြတ် ကြည်ညိုစွာ ပူဇော်ပါသည်။

http://satekuupuyar.blogspot.com/2012/05/blog-post_2441.html

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့မဟုတ်) သဗ္ဗညုရဲ့ နှစ် ၂၆၀၀ ပြည့်


ဒီနှစ် သာသနာတော် ၂၅၅၅ ကုန်ဆုံးလို့ ၂၅၅၆ အကူး ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့်နှစ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်းပထုမ်ရှိ ဗုဒ္ဓမွန်းထိုးဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေးပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။

အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ်ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန်စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။
ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့


“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ။
Ref:
- The Sunday Times. Sunday. (12.9.1999) & (21.5.2000) Colombo, Sri Lanka
- Essay on the Thailand, Copyright 1991, Thanapol Vittayakarn Co.Ltd.
- မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၊ ၈၊ ကဆုန်လပြည့်နေ့၊ ဗောဓိပင်။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

Friday, May 4, 2012

ဗုဒ္ဓဝင် ပုံတော်များ လှူဒါန်းပါသည်








       ကဆုန်လပြည့်ဗုဒ္ဓနေ့အား ဤ ဗုဒ္ဓဝင် ပုံတော်များဖြင့် လှူဒါန်းပူဇော်ပါသည်။

























          
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ
ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ(ထက်၊အောက်)
အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း
အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း
အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ
 ဗိမ္ဗိသာရမင်းကြီးကနန်းစည်းစိမ်တဝက်ကို ခွဲပေးနန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။
 လောကီဈာန်သင်ယူတတ်မြောက်ပုံဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ
 အာဠာရ၊ဥဒက ရသေ့နှစ်ဦးတို၏ ဈာန်သမာပတ်များသည် မသေရာအမြိုက်နိဗ္ဗာန်ကို ရောက်နိုင်သည်
မဟုတ်ဟု သိမြင်တော်မုပြီး မိမိခန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင်နိုင်ရန်
ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင် မှားယွင်းစွာကျင့်တော်မူပုံ
 အိမ်မက်မြင်မက်တော်မူပုံ.....ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
 
ဘုရားအလောင်းတော်၏ ချက်တော်မှထွက်ပေါ်လာသောမြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ၊။
အရပ်လေးမျက်နာမှ ပျံသန်းလာသော ညို၊နီ၊ ရွှေရောင်ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ဖြူဆွတ်သွားပုံ၊။
ကိုယ်လုံးဖြူပြီး ဦးခေါင်းမဲးသောပိုးရွများ ဒူခေါင်းအထိတက်လာာကပုံ။
မစင်အညစ်အကြေးများ ရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ
 လူးလည်းပေကျံမူမရှိပုံ တိုကိုအိမ်မက် မြင်မက်တော်မူပုံ   ။
ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ



ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။http://www.dhammageha.com
အထက်ပါပုံများသည် ကျွန်တော်ဆီမှာရှိသော ပုံတော်များဖြစ်ပါသည်။
ဆက်လက်ပြီး ဖော်ပြမည်ပုံများကိုအောက်ပါ link မှ ကူးယူပါသည်။
နကို စာညွန်းမပါတာပါ။ အညွန်းရေးချင်ပါသောလည်း ဗုဒ္ဒဝင်ပုံတော်များ  ဖြစ်သောကြေင့်
လွှဲးချော်သွားမည်စိုးပါသဖြင့် ပုံစာညွန် မရေးတော့ပါ။အာလုံ သိကြလိမ်မည်ဟု ထင်ပါသည်။
ဗုဒ္ဓ ဖြစ်စဉ် ပုံလေးတွေပါ...........(3)
for everyon
ဘုရားရှင် ပရိတ်နိဗ္ဗာန် စံတော်မူပုံ လေးကိုတော့ facebook မှ ရပါသည်။
    ဗျာ၊ ဖွား ၊ပွင့်၊ စံ = ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဒဘာသာဝင်တိုအတွက် ထူးမြတ်သော နေ့ကြီးတနေ့ပါ။
ကုသိုလ်ကောင်းမှုများပြုခြင် ၊ဥပုဒ် သီလ စောင့်ထိန်းခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့်
ဗုဒ္ဓဘုရားရှင်အား ပူဇော်ကြပါစို..............
                                                          မောင်မြင့်
http://satekuupuyar.blogspot.com/2012/05/blog-post_4775.html