Saturday, May 5, 2012

လွမ်းဖွဲ့နွေဦး



နွေဂိမာန်ဦး.. လေပွေမြူးလို့
ဥသြသံချို.. အလွမ်းပိုအောင်
တေးသီဖွဲ့ဝေ.ရော်ရွက်ကြွေတို့
ဝဲလွင့်ပတ်လည်..ဒီရာသီ…………………..။

တပေါင်းတန်ခူး… ရာသီထူးမှာ
ချစ်သူကြင်သူ..ဖော်ဝေးသူတို့
လှုပ်ခတ်စိတ်ယိုင်…ခြေမခိုင်အောင်
ဆွဲဆောင်လေသည်…ဒီရာသီ…………..။

လေပြေဆော့ပြေး… ခဏလေးမှာ
ဝါရွက်သစ်ကြွေ..ပင်ယံဝေမှ
ခွဲခွာလွင့်မျော….ရင်တွေမောလို့
ကျန်ရစ်ရသည်… ဒီရာသီ……………။

တပေါင်းနွေကူး…ချစ်ရည်လူးသည့်
ဖော်စုံကြင်နှံ..ချစ်ခင်ပြန်လဲ
ရာသီအဝေး..ဖော်စုံဆွေးလို
လွမ်းစိတ်ဖြစ်တည်… ဒီရာသီ……………..။

ဒီရာသီနွေ… လေပွေတွေနဲ့
ညှိုးရော်ခြောက်သွေ့..ပင်အိုတွေ့ပြီး
မှိုင်းလို့ရော်ရီ…မြင်ကွင်းဆီကို
ငေးကာလွမ်းသည်… ဒီရာသီ…………………..။
လွမ်းဖွဲ့နွေဦး....မျှော်ခဲ့ဖူးသည်
ဝဿန်ကြွေဆောင်း..ရာသီပြောင်းလို့
ဘာဝပန်းချီ..ဆေးမမီဘဲ
တင့်ဆန်းလှသည်.......ဒီရာသီ..................။

 (အိစံ)

ကျွန်တော့်နာမည်........ ထိန်လင်း

  ကျွန်တော့်နာမည် ထိန်လင်းပါ။ ဒါပေမယ့် ဒီရွာလေးကတော့ ကျွန်တော့်ကို ကိုကြီးလို့ပဲသိကြပါတယ်။ကျွန်တော့်မှာ မိသားစု ဆိုလို့ ညီမလေး တစ်ယောက်ပဲရှိတော့တယ်။ အဖေရယ် အမေရယ် ညီငယ်လေးရယ်ကတော့ ကံကြမ္မာရဲ့ စေခိုင်းမှုကြောင့် ကျွန်တော်တို့ကို ထားခဲ့ပြီး အဝေးကို ထွက်သွားကုန်ပါပြီ။အဲဒီအချိန်တုန်းက ကျွန်တော်က (၁၁)နှစ်။ ညီမလေးက (၈)နှစ်။ ဆွေမရှိ မျိုးမရှိနဲ့ မောင်နှမနှစ်ယောက်တည်း လောကအလယ်မှာ ကျန်ခဲ့တာပေါ့။ ကျွန်တော်က ဒီရွာဇာတိမဟုတ်ပါဘူး။ နာဂစ်မုန်တိုင်းအပြီးမှာ ဒီရွာလေးရဲ့ ဘဘုန်းကြီး မေတ္တာကြောင့် ဇာတိကို စွန့်ခွာခဲ့ရတာလေ။ မောင်နှမနှစ်ယောက်လုံး ဘဘုန်းကြီးရဲ့ သွန်သင်ဆုံးမမှုအောက်မှာ အမေ့ရင်ခွင်ကို တမ်းတရင်း အဖေ့ရင်ခွင်ကို မှန်းဆရင်း ကြီးပြင်းလာခဲ့ကြတယ်။ညစဉ်ညတိုင်း အမေကို တမ်းတနေတဲ့ ညီမလေးရဲ့ဘေးမှာ  အမေလိုတစ်မျိုး အဖေလိုတစ်သွယ် စောင့်ရှောက်ခဲ့ရတယ်။ တွယ်တာစရာ သွေးရင်းသားရင်းဆိုလို့ ဒီညီမလေးပဲရှိတာမဟုတ်လား။ညီမလေးကလဲ ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံခဲ့ပါဘူး။ အမေ့လိုမျိုး ညတိုင်း ချော့သိပ်ပေးရင်း အဖေ့လိုမျိုး နေ့တိုင်း ရေချိုးပေးရင်း မိဘကို လွမ်းလို့ ကျလာတဲ့ မျက်ရည်တွေကို ညီမလေးအပါအ၀င် တခြားဘယ်သူ့ကိုမှ မသိစေခဲ့ရဘူး။အထူးသဖြင့် စိုးရိမ်စိတ်နဲ့ ညတိုင်း လာရောက် ကြည့်ရှုရင်း သက်ပြင်းချတတ်တဲ့ ဘဘုန်းကြီးပေါ့။

     ညီမလေးက တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတော့ ဘဘုန်းတို့ကျောင်းနဲ့ မသင့်တော်ဘူးဆိုတာ သဘောပေါက်လာတယ်။ဒါနဲ့ ရွာထဲမှာ နေဖို့ဆုံးဖြတ်ရင်း သူကြီးရဲ့ခွင့်ပြုချက်နဲ့ ရွာနောက်က ဟင်းလင်းပြင်မှာ တဲထိုးနေခဲ့တယ်။စားဝတ်နေရေးအတွက် ရွာထိပ်က ကန်ရေကို အိမ်တိုင်ရာအရောက် လိုက်ပို့ပေးတဲ့ ရေရောင်းတဲ့ အလုပ် လုပ်ခဲ့တယ်။ ညီမလေးအပေါ် လိုလေးသေးမရှိ ထားချင်တဲ့ ဖခင်ရဲ့ စိတ်မျိုးနဲ့လေ။ ပြီးတော့ အမေလိုလဲ တေးဆိုချော့သိပ်ရင်း အနားမှာ အားပေးနေခဲ့တယ်။အမေလိုမျိုး ပြုစုစောင့်ရှောက်တယ် ဆိုပေမယ့် ကျွန်တော်ကိုယ်တိုင် နားမလည်တဲ့ သဘာဝတရားတွေကို ညီမလေးကို ဘယ်လိုသင်ပေးရမလဲ အမေရယ် လို့ တိုင်တည်ရင်း  ငိုကြွေးခဲ့တဲ့နေ့တွေ ရက်တွေလည်း မနည်းပါဘူးဗျာ။
    တဖြည်းဖြည်းနဲ့ လှသွေးကြွယ်လာတဲ့ ညီမလေးကို ပိပိရိရိ သိုသိုသိပ်သိပ်နေတတ်အောင် သင်ပေးခဲ့ရပြန်တယ်။ ဒီအချိန်မှာပဲ ကံကောင်းချင်လို့လား ကံဆိုးချင်လို့လား မသိ။ ရွာက သူဌေး အရီးလေးတို့က ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို သနားကရုဏာသက်ပြီး စောင့်ရှောက်ခဲ့တယ်။ဒုတိယအကြိမ် မွေးဖွားပေးခဲ့တဲ့ ဘဘုန်းကြီး ပြီးရင် အရီးလေးတို့က ကျွန်တော်တို့ ရိုသေရမယ့်ကျေးဇူးရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။
     ဒီလိုပဲ ဘ၀ကိုအေးအေးဆေးဆေး ဖြတ်သန်းသွားရတော့မယ်လို့ စိတ်ချမယ့်ဆဲဆဲမှာ ဘ၀မုန်တိုင်းက ကျွန်တော်တို့   မောင်နှမနှစ်ယောက်ကို တိုက်ခတ်ပြန်တယ်။ ဖြစ်ပုံကတော့ မြို့ကနေ ပညာသင်ပြန်လာတဲ့ အရီးလေးရဲ့သားနဲ့ ညီမလေးတို့ရဲ့ သတင်းကြောင့်လေ။ပတ်ဝန်းကျင်က ပြောသံတွေမကြားချင်မှ အဆုံးပဲဗျာ။ ကျွန်တော် ညီမလေးကို နှမြောပေမယ့် အရီးလေးသားဆိုတဲ့ အချက်ရယ် ညီမလေးကို စိတ်ချမ်းသာစေချင်တဲ့ အချက်ရယ်ကြောင့် ထိထိရောက်ရောက် မဆုံးမခဲ့ပါဘူး။အဲဒါကပဲ ကျွန်တော့်ရဲ့အမှား တစ်ခု ဖြစ်သွားပါတယ်။ ညီမလေးကတော့ သူ့ကိုစိတ်ပူနေတဲ့ သူ့အစ်ကို ကို သတိမရအားပါဘူး ။ အရီးလေးကလဲ သိပေမယ့် ထူးခြားဟန်မပြတော့ အလကား သက်သက် စိတ်ပူနေသလားလို့ ပြန်တွေးမိပါတယ်။
    ဒီအချိန်မှာပဲ ရွာကို အရီးလေးသားရဲ့ ချစ်သူဆိုပြီးရောက်လာတော့ တစ်ရွာလုံး စိတ်ဝင်စားစရာ ဖြစ်ခဲ့ကြတယ်။ မြို့သူ ပညာတတ် ဥစ္စာပေါ ရုပ်ချော နဲ့ ကျွန်တော့် ညီမလေးလို ဆွေမရှိ မျိုးမရှိ ရေထမ်းရောင်းတဲ့ကောင်ရဲ့ညီမ ဘယ်လိုမှ ယှဉ်နိုင်စရာမရှိခဲ့ပါဘူး။ အားလုံးမျှော်လင့်ထားတဲ့အတိုင်း အရီးလေးက သူ့သားရဲ့ မင်္ဂလာပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ပြင်ဆင်နေပါပြီ။ ညီမလေးကတော့ အမေနဲ့ အဖေတို့ ဆုံးစဉ်ကအတိုင်း ကျွန်တော့်ရင်ခွင်ထဲမှာ ငိုနေလေရဲ့ဗျာ။ အဖေ့အစားနွေးထွေးပေးခဲ့တဲ့ ကျွန်တော်၊ အမေ့အစား အားပေးခဲ့တဲ့ ကျွန်တော် အခု...... ချစ်သူအတွက် ပူဆွေးနေတဲ့ ညီမလေးရဲ့ မျက်ရည်တွေကို ဘာပြောပြီး သုတ်ပေးရမလဲ နှစ်သိမ့်ပေးရမလဲ။ ကျွန်တော်နှစ်သိမ့်ပေးလို့ကော ညီမလေးက မျက်ရည်တိတ်မှာတဲ့လား ။
   မနက်ဖြန်....... မင်္ဂလာဆောင် ကျင်းပမယ့်ရက်။ အားလုံးက သနားတဲ့မျက်လုံး အစုံနဲ့ ၀ိုင်းကြည့်ခြင်းခံနေရတဲ့ ကျွန်တော်။ တဖြည်းဖြည်း အနေအထိုင် ပျက်ယွင်းလာတဲ့ ညီမလေး ။ ကျွန်တော့်ကို အမေတို့နဲ့ တစ်ခါတည်း တူတူခေါ်သွားပါတော့လား ကံကြမ္မာရယ်..... ဘာကြောင့်များ ဒီအချိန်ထိ အသက်ရှင် နေထိုင်ခဲ့ရတာလဲ.... သူများတွေ သနားတာခံရဖို့လား ...... ညီမလေး မျက်ရည်ကျတာကို စောင့်ကြည့်နေရဖို့လား..... ညရောက်တော့ ထုံးစံအတိုင်း ညီမလေးကို ချော့သိပ်နေခဲ့သည်။ တဖြည်းဖြည်းရှိုက်သံစဲသွားသည်.... အိပ်ပျော်သွားပြီ။ ဒါနဲ့ မရောက်တာကြာပြီဖြစ်သော ဘဘုန်းဆီသို့သွားခဲ့သည်။ လာမည်ကို ကြိုသိနေသည့်အလား...... ဘဘုန်းက ဆုံးမစကားများပြောကြားပြီး အေးငြိမ်းချမ်းသာစေရာတရားဓမ္မများဖြင့် လမ်းညွှန်ပြသပေးခဲ့သည်။
      တည်ငြိမ်သွားသော စိတ်ဖြင့် အိမ်ပြန်လာခဲ့ရာ.... အိပ်ယာထဲမှာ ညီမလေးက ရှိမနေ။ နောက်ဖေးများသွားသလားလို့ ခေါ်သော်လဲ အသံမကြား။ဒါနဲ့ စိတ်ပူသွားသည်။ ခြံဝန်းတစ်ခုလုံး ပတ်ရှာကြည့်သော်လဲ မတွေ့။ ညီမလေး ဘယ်သွားနိုင်လဲ...........  သူများတွေပြောနေသော ကန်ဘေးနားမှာလား......... ဘာပဲဖြစ်ဖြစ် သွားကြည့်လိုက်မည်..။ ကန်နားရောက်သော် မြင်လိုက်ရသော ၀ိုးတ၀ါးမြင်ကွင်းကြောင့် ထိတ်ကနဲဖြစ်သွားမိသည်။ မြင်ရသော အရိပ်နှစ်ခုအနက် တစ်ခုမှာ မြေပြင်ပေါ်တွင် လှဲနေသည်။ တစ်ခုမှာကား မတ်မတ်ရပ်လျှက်..... ဆံနွယ်ကေသာတို့က တဖါးဖါးလွင့်လျှက်...... ညီမလေး ဘာတွေလုပ်လိုက်ပြီလဲ.........
   အနီးနားရောက်တော့ သွေးအိုင်ထဲလဲနေသော အရီးလေးသား........... မြင်ကွင်းကို ကြောင်ကြည့်နေသော ညီမလေး....... ဘုရားတလိုက်မိသော ကျွန်တော်...... လျှက်တပြက် ဆုံးဖြတ်လိုက်ရင်း ညီမလေး လက်ထဲမှ ဓါးကိုယူလိုက်သည်...... တုန်လှုပ်နေသော ညီမလေးကို ထွေးပွေ့ပိုက်ထွေးရင်း အဆက်မပြတ် ချော့မော့နေမိသည်။ အခြေအနေက အားလုံး လွန်ကုန်ပြီဖြစ်သည်။ 
သေချာဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း လက်တွေ့မြင်ကွင်းကြောင့် တုန်လှုပ်နေဟန်ရှိသည့် ညီမလေးက ကျွန်တော့်အကြံကို မငြင်းဆန်ပါ....... ငြင်းဆန်ဖို့ သတိရဟန်လည်းမတူ....... ဒီအခြေအနေက ကျွန်တော့်ကို အနည်းငယ် သက်သာစေသည်... ဒါပေမယ့် ကျွန်တော် နံရံလေးဘက်ထဲမှာ ရောက်နေချိန် ညီမလေး ဘယ်လိုနေရှာမလဲ တွေးမိရင်တော့  စိတ်ပူမိပါသည်............။
    ထိုစဉ်မှာပင် အလည်လွန်နေသည့် သူတို့သားလောင်းအား ရှာဖွေသော သူတို့သမီးလောင်း စေလွှတ်လိုက်သည့် အဖွဲ့က  ကျွန်တော်တို့ဘက်ကို ရောက်လာခဲ့သည်။ လက်တစ်ဖက်က ဓါး တစ်ဖက်က ညီမလေးကို ထွေးပိုက်ထားသော ကျွန်တော်နှင့် သွေးအိုင်ထဲလဲနေသော သူတို့သားလောင်းကို မြင်လိုက်ရသည့်အခါ ... ကျွန်တော် ဘာမှပြောရန် မလိုတော့ပါ.........။ ညီမလေး အချုပ်အနှောင်ခံရသည်ကို အပြင်မှ စိတ်ပူနေရသည်နှင့်ယှဉ်လျှင် ယခု ကျေးဇူးကန်းသူဟု ပြောသည့် အရီးလေး၏ ဒေါသသံများ.... လူသတ်သမားအဖြစ် အားလုံးက ပြစ်တင်ကြသံများသည် ကျွန်တော့်အတွက် ခံရသက်သာပါသည်.......။
   တရားဥပဒေရဲ့ ဆုံးမမှုကို ခံယူဖို့ စောင့်နေဆဲမှာပဲ အပြင်မှ သတင်းတစ်ခုရောက်လာပါတော့တယ်........ လုပ်ရက်လိုက်တာ ညီမလေးရယ်...... ညီမလေးအတွက် အနစ်နာခံဖို့သွားတဲ့ ကိုကြီးကိုတောင်မှ မငဲ့ကွက်တော့ဘဲ လုပ်ရက်လိုက်တာ...... သူချစ်ရဆုံး အားထားရဆုံး တွယ်တာရဆုံး ကိုကြီး ဒီလိုဖြစ်တာကို မကြည့်ရက်လို့တဲ့လား...... ညီမလေးရယ်.....
  ကျွန်တော် ချစ်သော ညီမလေးက သူ့ကြောင့် ကျွန်တော် ဒုက္ခရောက်ရပါတယ် ဆိုပြီး ကန်ထဲကို ခုန်ဆင်းသတဲ့ဗျာ...... နောက်ကျမှ သိပြီး ဆယ်ခွင့်ရခဲ့ပေမယ့် ကယ်ခွင့်တော့မရတော့ပါဘူး...... နောက်ဆုံးတော့ ကျွန်တော့်ကို ညီမလေးကပါ ထားခဲ့ပါပြီ......... ကျွန်တော့်ကို လောကအလယ်မှာ နာကျင်မှုတွေခံစားဖို့ ထားရစ်ခဲ့ပါပြီ............။ဟုတ်ကဲ့ ..... ကျွန်တော့်နာမည် ထိန်လင်းပါ..... ညီမလေးကတော့ ကိုကြီး......... တဲ့။


(ပြတိုက်မှ စာပေချစ်သူ မောင်နှမများ ... အိစံ အမှားပါရင် နားလည်ပေးကြပါနော်)

NINGမစ်ဝှမ်းမှာရေးတဲ့ကဗျာ(သို့)ဝေဒနာစစ်ပွဲ ကြားမှာထွင်းတဲ့ကဗျာ




.................................................................

.....................................................
ကြေကွဲမှုတနင့်အပိုးနဲ့ ရွက်လွှင့်ခဲ့တယ်
အရှေ့လားအနောက်လားတောင်လားမြောက်လား
မရေရာတဲ့လမ်းဆုံမှာ ခြေစုံငါရပ်နေခဲ့
တဆတ်ဆတ်တုန်နေတဲ့ ရင်ဘတ်ထဲမှာတော့
ချစ်မိသူရဲ့တောင်စဉ်ရေမရ လှောင်ပြုံးတွေ
ငါ့ပါးစပ်ထဲမှာပြိုင်ဘက်ရဲ့နားရွက်တစ်ဖက် ကိုက်မိလျက်သား
ဒီအတွက်ပါပဲ
ငါအရိုးသားဆုံးငါဝန်ခံပါရစေ
လှောင်ပြုံးတွေနဲ့ချောမွတ်နေတဲ့ မျက်နှာပြင်ပေါ်လမ်းမလျှောက်ရဲဘူး
ထားခဲ့လိုက်ပါပြီ
ဟိုးအဝေးရဲ့ အနားသတ်ကောင်းကင်တဖတ်ခြား
တိမ်စိုင်တွေလိုလွင့်သွားခဲ့တယ်
လှည့်မကြည့်ဖြစ်ခဲ့ဘူး
................................................။
ငါ့စိတ်ကူးတွေရဲ့ဦးတည်ရာက မသိခြင်းနဲနဲဆန်တယ်
ငလည်တောသား NING မြစ်ဝှမ်းထဲရောက်တာကစတယ်
အတိုင်းအစမရှိအလွမ်းမြစ်ရိုးတလျှောက်
ကျင်လည်ရာတိုင်း အပြုံးပန်းတွေဝေလိုဝေတယ်
မျက်စိလည်လမ်းမှာတိုင်း ရမ္မက်ခိုးတွေခြွေလိုခြွေတယ်
နေလိုပူလလိုနွေး စမ်းလိုအေးပန်းလိုလည်မွှေးကြသေးတယ်
ရေချိန်လွန်ပဉ္စလက်အင်ပါယာ
သွေးဆောင်အားကောင်းတဲ့တိုးတက်ခြင်းအမှတ်သညာ
လေကိုလေနဲ့မီးလှုံကြတဲ့နေရာ
အချမ်းပြေစကားလုံးတွေနဲ့စောင်ခြုံကြတဲ့နေရာ
ဒီနေရာမှာပဲ
သြကာသလောကကြီးရဲ့ဖြစ်ပျက်ကြောင်းကျိုးတွေငါရတယ်
အပြာရောင်ကောင်းကင်ရဲ့
ရင်အုပ်မကွာမေတ္တာချိုတွေမြင်ရတယ်
မောဟဖောင်တွေစီးရင်းဒေါသရေတိမ်နစ်ကြတာလည်းရှိတယ်
ခံစားမှုလှေကြုံစီးရင်းရောသမအမွှေခံလိုက်ရတာလည်းရှိတယ်
သောကလေချဉ်တက်ရင်းညညထထယောင်တက်ကြသေးတယ်
ဂနိုင်တောမှာမျောနေတဲ့ငါလည်း
ရှိစုမဲ့စုအသိတရားလေးနဲ့ လူတွင်ကျယ်လုပ်ခွင့်ရနေသေးတယ်
ကမ္ဘာကြီးရွာဖြစ်သွားတာငါမသိလိုက်ဘူး
ငါ့ရွာလေးကမ္ဘာဖြစ်သွားတာပဲ ငါသိလိုက်ရတယ်
အနှစ်ချုပ်လိုက်တော့
ငါ့ဝေဒနာတွေမျက်နှာဖုံးတပ်ခွင့်ရလိုက်တာပဲ
ဟန်ဆောင်မှုကြေငြာစာတမ်း
ပြုံးမျက်နှာနဲ့လွမ်းချင်တိုင်းလွမ်းတယ်
အငိုမျက်နှာနဲ့သမ်းချင်တိုင်းသမ်းတယ်
အိပ်ချင်လာရင် ကဗျာတပုဒ်အဆင်သင့်ခေါင်းအုံးလိုက်တာပါပဲ
နိုးလာရင်ကဗျာတပုဒ်ကောက်ဖတ်လိုက်တယ်
တနေ့တာလုပ်ငန်းစဉ်တွေထဲမှာ
ချွေးတစ်စက်ဟာ ကဗျာတပုဒ်ဖြစ်နိုင်တယ်
သွေးတစ်စက်ဟာကဗျာတစ်ပုဒ်ဖြစ်နိုင်တယ်
ပျော်ငိုလွမ်းကမ်းကဗျာတစ်ပုဒ်ဖြစ်နိုင်တယ်
..............................။
တနေ့တာလုပ်ငန်းစဉ်တွေထဲမှာ
အချိန်တွေဆွဲဆန့်ဖို့ကဗျာဆရာလိုတယ်
စကြာဝဠာမှာခိုနားဖို့ကဗျာဆရာလိုတယ်
ကမ္ဘာမြေအသက်ရှူဖို့ကဗျာဆရာလိုတယ်
ကောင်းကင်နလံထဖို့ကဗျာဆရာလိုတယ်
ပန်းတွေပိုမွှေးဖို့ကဗျာဆရာလိုတယ်
လေပြေတွေအမူးအမောပြေဖို့ကဗျာဆရာလိုတယ်
xxxxxxxxxxxကဗျာဆရာလိုတယ်
xxxxxxxကဗျာဆရာလိုတယ်
..................................။
တနေ့တာလုပ်ငန်းစဉ်တွေထဲမှာ
မြစ်ပြင်တွေအလျှဉ်တင့်ဖို့ကဗျာဆရာငိုတယ်
တောင်တန်းတွေရှင်သန်ဖို့ကဗျာဆရာငိုတယ်
တိမ်ဆိုင်တွေဖျော်ချဖို့ကဗျာဆရာငိုတယ်
................................။
တနေ့တာလုပ်ငန်းစဉ်တွေထဲမှာ
ငါလည်း
လိုအပ်ခြင်းနဲ့ငိုတတ်ခြင်းအစဉ်မသင့်သေးဘူးထင်ရဲ့
ကဗျာကောင်းတစ်ပုဒ်မဖွဲ့နိုင်သေးဘူး
ကဗျာဆရာမဖြစ်ခဲ့သေးဘူး
တနေ့တာလုပ်ငန်းစဉ်တွေထဲမှာ
ငါ့ကိုယ်ငါ
အဓိပ္ပါယ်မဲ့ဝေဒနာစစ်ခင်းရင်း
ခြိမ့်ခြိမ့်သဲလွမ်းနေခဲ့တာပါပဲ
...........................................။
တနေ့တာလုပ်ငန်းစဉ်တွေထဲမှာ
အနှစ်မရှိတဲ့ခန္ဓာကိုယ်ထမ်းပိုးထားလျက်
အသိတရားတွေအစာသွပ်ဖို့လမ်းထွက်လျှောက်ရအုံးမယ်
 
NINGမြစ်ဝှမ်းထဲမှာဒီနေ့နေသာတယ်
.....................................
....................။

GOODBYE

အားလုံးကိုခင်မင်လေးစားလျက်
လိုအပ်တာလေးဖြည့်တွေးပေးကြပါဗျာ

လွတ်မြောက်ခွင့်ပြုပါ

“ကောင်မလေး…အသည်းနင့်အောင် ကိုယ်တစ်ကယ် ချစ်ခဲ့မိပါတယ် …..ရှေးရှေးတုန်းက ရေစက်ထင်တယ် ကြုံလာတဲ့  ခဏလေးမှာ မြင်မြင်ချင်းကွယ် ကောင်မလေး မင်းတစ်ယောက်ကို ဘယ်လိုချစ်မှန်းလဲ မသိအောင်ကွယ် ….တစ်နေ့ထက် တစ်နေ့ ပိုတိုးတိုးလာတယ် …..အကြင်နာတွေ မင်းအတွက်ပါကွယ်…. ပူပင်သောကတွေနဲ့ စိုးထိတ်လို့ရယ် စောင့်စားရသူ ရင်ဖိုလှိုက်မောတယ် ကြည်ဖြူပြီး လက်ခံမလား မုန်းများသွားမှာလား…လို့ရယ် ရင်ခုန်စွာမျှော်လင့်ရင်းနဲ့……….. ”
ကိုကြီး…… အသံအေးချိုချိုလေးနဲ့ အမြဲဆိုနေကျ သီချင်းလေးလေ ကိုကြီး……..ထွေးငယ်တို့အိမ်ခြံစည်းရိုးနဲ့ ကိုကြီးတို့ စည်းရိုးအစပ်က စိန်ပန်းပင်အောက်မှာ ဂစ်တာတစ်လက်နဲ့ အမြဲညည်းနေတတ်တဲ့သီချင်း….ထွေးငယ်တို့ငယ်ငယ် ကိုကြီးတို့ လူပျိုပေါက်အရွယ်မှာ.. ကိုကြီးက ဆို ထွေးငယ်က ပရိတ်သတ်ပေါ့ …. အသက်တစ်ဆယ့်တစ်နှစ်လောက်ကွာတဲ့ ထွေးငယ်နဲ့ ကိုကြီးက မောင်နှမအရင်းတွေထက်တောင် တစ်ဦးကိုတစ်ဦး ပိုရင်းနှီးနေခဲ့ကြတယ်.. လသာတဲ့ညလေးတွေများဆို အရမ်းပျော်ဖို့ကောင်းတယ်… စိန်ပန်းပင်ကြီးရဲ့ ဖြာထွက်နေတဲ့ ခက်မတွေ…လရောင်ရဲ့ အေးမြတဲ့ အရိပ်လေးတွေ… ကိုကြီးရဲ့ သီချင်းအေးအေးလေးတွေကို ကိုကြီးပုခုံးပေါ်မီပြီး..နားထောင်ခဲ့တာ…ထွေးငယ် အခုထိမှတ်မိသေးတယ် ကိုကြီးရယ်……. နှစ်အိမ်သားလုံးပြောနေကျ စကားကတော့ တစ်ယောက်က အဆိုရူး တစ်ယောက်က စာပေရူးတဲ့.. ဟုတ်ပါ့နော် ထွေးငယ်တို့က ပြောလဲ ပြောချင်စရာ.. ထွေးငယ်က ကြီးလာရင် စာရေးဆရာမလုပ်မယ်လို့ ပြောတာကိုး………..
ကိုကြီးက ကိုကြီးချစ်သူနဲ့အဆင်မပြေတဲ့အခါတိုင်း ထွေးငယ်ကိုရင်ဖွင့်…. သီချင်းတွေဟစ်ခဲ့တာလဲ… အားလုံးအသိနော် ကိုကြီး…. ကိုကြီးကတော့ ထွေးငယ်ကို ကလေးဆိုပြီး အားလုံးပြောပြခဲ့တာပါ….ထွေးငယ်လဲ  ကိုကြီး.စကားတွေနားထောင်ရင်း အဲဒီချစ်သူဆိုတာကို မုန်းမိတယ် ဘာလို့များ အဲဒီမမက ကိုကြီးကို စိတ်ဆင်းရဲအောင်လုပ်တာလဲ လို့ပေါ့………. ဘယ်လိုပဲဖြစ်ဖြစ်.. ထွေးငယ်ကတော့ ကိုကြီး သီချင်းဆိုနေတဲ့အချိန်တွေဆို အရမ်းပျော်တာပဲ …ဘယ်လောက်ပဲ အိပ်ချင် အိပ်ချင်.. ထွေးငယ်ရေ နင့်ကိုကြီးတော့ ဂစ်တာကိုင်လာပြီလို့ မေမေတို့ ပြောတာပဲဖြစ်ဖြစ် ထွေးငယ်ကိုယ်တိုင် မြင်ရင်ပဲဖြစ်ဖြစ် အနည်းဆုံးသုံးပုဒ်လောက်တော့ နားထောင်ပြီးမှ အိပ်တာနော် ကိုကြီး… တခါတခါ နားမထောင်ဘဲ အိပ်ရတဲ့ညများဆို. .နောက်မနက်ပြောလို့မဆုံးဘူးပဲ…..
ဒီလိုပဲ ကိုကြီးရဲ့ ဂစ်တာသံချိုလေးတွေကို နားဆင်ပြီးမှ အိပ်တတ်တဲ့ ထွေးငယ်တစ်ယောက်….ထွေးငယ်ရဲ့ တစ်ဆယ့်တစ်နှစ်မြောက်မွေးနေ့မှာ ကိုကြီးကို ဂစ်တာတီးပြီး သီချင်းဆိုခိုင်းမယ်ဆိုတဲ့အတွေးနဲ့ ကိုကြီးဆီကို အလာ…..တင်းမာနေတဲ့ ကိုကြီးကို တွေ့လိုက်ရတယ်… ဘာဖြစ်တာလဲ မသိပေမယ့် ကိုကြီး စိတ်ဆိုးနေပြီ ဆိုတာ သိတယ်… ကိုကြီးစိတ်ဆိုးပြီဆိုရင် …ထွေးငယ်ကြောက်တတ်တာ ကိုကြီးလဲသိတာပဲ… ထွေးငယ်ကိုမြင်တော့… မျက်နှာကိုပြင်လိုက်ပေမယ့်…အရင်တုန်းကလို ရွှင်ပျပျတော့မဟုတ်ဘူး…ကိုကြီး… ပင်ပန်းနေလို့ပါ တဲ့… ထွေးငယ် သနားလို့.. မွေးနေ့လက်ဆောင် မတောင်းတော့ဘဲ အိပ်တော့မယ်လို့ စဉ်းစားနေတုန်း … ကိုကြီးက…သီချင်းဆိုပြမယ်ဆိုပြီး ..အများကြီးဆိုပြခဲ့တယ်….အရင်အချိန်ဆို ပျော်မိမှာ မှန်ပေမယ့်… ကိုကြီးစိတ်ထဲတစ်ခုခုဖြစ်နေသလိုပဲ ထင်လို့ မပျော်ခဲ့ဘူးကိုကြီး……
နောက်နေ့မနက် ထွေးငယ် အိပ်ယာက အထ… ကိုကြီးနဲ့ ထွေးငယ်တို့ မေမေ နှစ်ယောက်  စကားတွေ……. ပြောနေကြတယ် ကိုကြီးအကြောင်းပြောနေကြတာပဲ….ထွေးငယ်ကိုမြင်တော့ ကိုကြီးမေမေက က ငိုတယ် ထွေးငယ်ရဲ့ ကိုကြီး ဟိုးအဝေးကြီးကို သွားတယ်တဲ့.. ကိုကြီးမေမေနဲ့ စိတ်ဆိုးပြီး သွားတာတဲ့… ကိုကြီးပဲပြောဖူးတယ်လေ ထွေးငယ် မေမေက ထွေးငယ်ကို ဆူလို့  စိတ်ကောက်ရင် မိဘက ကောင်းစေချင်လို့ ချစ်လို့ ဆိုပြီး စိတ်မကောက်ရအောင် ပြောခဲ့တာလေ ခုတော့ ကိုကြီးက….. ကိုကြီး……. ကိုကြီး ဘာလို့ အဲဒီလိုလုပ်ခဲ့ရတယ်ဆိုတာ နားမလည်နိုင်ဘူး…
ထွေးငယ်တစ်ယောက်တည်း….ညတိုင်း ကိုကြီးသီချင်းသံတွေ လွမ်းနေမှာ ကိုကြီးမသိဘူးလား  ကိုကြီးရယ်……. ဘယ်တော့မှ ပြန်လာမလဲ မသိပေမယ့် ..ထွေးငယ်ကတော့  ညနေရောက်တိုင်း.. စိန်ပန်းပင်ကြီးကိုမြင်တိုင်း… သီချင်းသံအေးအေး လေးတွေ  ကြားတိုင်း ကိုကြီးကို အမြဲသတိရနေခဲ့တယ်…ကိုကြီးကို သတိရတိုင်း… ကိုကြီးရဲ့ သီချင်းသံလေးတွေ လွမ်းတိုင်း…ထွေးငယ် စာလေးတွေ ရေးဖြစ်ခဲ့တယ်…ထွေးငယ်ရဲ့ မေမေနဲ့ တီတီလေးက စာရေးတာ ၀ါသနာပါတာ ကိုကြီးလဲ သိမှာပေါ့..ထွေးငယ်ရဲ့ ခံစားချက်လေးတွေကို ကဗျာတွေ စာတွေအဖြစ် ထွေးငယ်ပြောင်းလဲခဲ့တယ် မေမေနဲ့ တီတီလေးက မြေတောင်မြှောက် အားပေးရင်း ထွေးငယ်ကို စာပေလမ်းကြောင်းထဲ ဆွဲခေါ်ခဲ့တယ် ထွေးငယ်ကိုလဲ အားပေးတယ်..ထွေးငယ်လဲ ကိုကြီးသွားတဲ့နောက်ပိုင်း စာထဲမှာပဲ စိတ်နစ်ခဲ့တယ်ပေါ့
သူငယ်ချင်းတွေအတွက် မွေးနေ့ဆုတောင်းကဗျာလေးတွေ စရေးရင်းကနေ တဖြည်းဖြည်း ကြိုးစားပြီး ရေးကြည့်ခဲ့တယ်  သူငယ်ချင်းတွေ ပေးဖတ် ဝေဖန်ခိုင်းရင်းနဲ့ ကိုယ့်ဘ၀ကိုယ်ကျေနပ်နေခဲ့တယ်…. ကိုကြီးရေ..နောက်တော့ ထွေးငယ်က မေမေ့ဆီက ရတဲ့အမွေကြောင့်လား ထွေးငယ်ရဲ့ ၀ါသနာကြောင့်လားတော့မသိဘူး စာရေးခြင်းကို စူးစူးနစ်နစ် စိတ်ဝင်စားလာခဲ့တယ် ထွေးငယ်…ကိုကြီးကို သတိရတိုင်း ကိုကြီးဆိုနေကျ.. ကောင်မလေး သီချင်းကို တိုးတိုးညည်းနေခဲ့ရင်း၊ ကဗျာတွေ စာတွေရေးရင်း  အချိန်တွေ ကုန်လွန်ခဲ့တယ်… ကိုကြီးနဲ့ ပြန်ဆုံဖို့ ဆိုတဲ့ မျှော်လင့်ချက်လေးတွေလဲ တဖြည်းဖြည်း မှုန်ဝါးလာပြီပေါ့….ဒါပေမယ့် ကံကြမ္မာရဟတ်လို့ ပြောရမလား … ဘ၀ဇာတ်ဆရာလို့ပဲ ဆိုရမလား…၂၀၁၁ ရဲ့ ဒီဇင်ဘာ နှစ်ကူးညမှာ ထွေးငယ်တို့တွေ ပြန်ဆုံဖြစ်ခဲ့ကြတယ်နော်… တကယ့်ကို ၀မ်းသာကြည်နူးဖြစ်ခဲ့ကြတာလေ… ထွေးငယ်တို့ ပြန်ဆုံတော့ ထွေးငယ်အသက် နှစ်ဆယ့်ခုနစ်… ကိုကြီးအသက်.. သုံးဆယ့်ရှစ်ပေါ့…. အသက်တွေလဲ ငယ်တော့တဲ့အရွယ်မှ မဟုတ်တော့ပဲနော် ….
.ထွေးငယ်တို့ ပြန်ဆုံတဲ့အချိန်မှာ ကိုကြီးက ဒုတိယအကြိမ်မြောက်…အသည်းကွဲနေပြီပေါ့… ထုံးစံအတိုင်း ထွေးငယ်ကို ရင်ဖွင့်စကားတွေဆိုခဲ့တယ်… ဒါပေမယ့် ငယ်တုန်းကနဲ့တော့ ကွာခြားသွားခဲ့ပြီပေါ့… အကွာခြားဆုံး အချက်ကတော့ ငယ်တုန်းကလို ကိုကြီးသီချင်းဆိုတာကို ထွေးငယ် နားထောင်ခွင့်မရတော့ဘူးလေ…. ထွေးငယ်လေ..ကိုကြီးရဲ့.. စကားသံတွေ   နားထောင်ရင်း  ကိုကြီးကို သနားလာတယ် ကိုကြီးရဲ့ပူလောင်တဲ့စိတ်တွေကို  အေးချမ်းစေချင်လိုက်တာ..
မထင်မှတ်ဘဲ… ၂၀၁၂ ရဲ့ ချစ်သူများနေ့မှာ ကိုကြီးက ထွေးငယ်ကို ချစ်ခွင့်ပန်ခဲ့တယ်.. ကိုကြီးစိတ်တွေ အေးချမ်းချင်ပါပြီတဲ့.. .. ကိုကြီး…ထွေးငယ် ဘယ်လိုဆုံးဖြတ်ရမှန်း မသိပေမယ့်.. ကိုကြီးအပေါ်မှာတော့..တင်းတင်းမာမာ မဆက်ဆံရက်ဘူး ကိုကြီး.  ထွေးငယ်.. ကိုကြီးရဲ့ ချစ်သူကိုလဲ အားနာ.. ကိုကြီးကိုလဲ သနားနဲ့.. အမျိုးမျိုးတော့ စိတ်ရှုပ်ခဲ့ရတယ်.. နောက်တော့  အရင်က သံယောဇဉ်နဲ့ အခု.. ပြန်ပေါင်းပြီး ကိုကြီးကို လက်ခံခဲ့တယ်… ကိုကြီးချစ်ခဲ့တဲ့ချစ်သူက ထွေးငယ်ကို လာတော့ သတိပေးရှာတယ်.. ညီမလေး သေချာပြန်စဉ်းစားတဲ့… သူက အမုန်းခံပြီး ၀င်ပြောတာ ကိုကြီး သူ့ကို အရမ်းချစ်နေရာကနေ တူးတူးခါးခါး မုန်းသွားခဲ့တယ်… ထွေးငယ်က အဲဒီမမရဲ့ စေတနာကိုလဲ နားလည် ကိုကြီးကိုလဲ ပစ်ပစ်ခါခါ မလုပ်ရက် ဒီတော့ ကိုကြီးကို ထွေးငယ် လက်ခံခဲ့တယ် အားလုံးကိုပစ်ပြီးတော့လေ ..
တကယ်တော့ ကိုကြီးချစ်သူက ကိုကြီးကို မချစ်တာမဟုတ်ဘဲ ကြောက်သွားခဲ့ လန့်သွားခဲ့တယ်ဆိုတာ ထွေးငယ်  ကိုကြီးကို လက်ခံပြီးနောက်ပိုင်းမှ သိလာခဲ့ရတယ်.... ထမင်းစားရေသောက်က အစ အရာအားလုံးကို ဂရုစိုက်ခဲ့တယ် ကိုကြီးကို ပြန်ဂရုစိုက်မှလဲ ကိုကြီး ကြိုက်တယ်… နည်းနည်းများ မေ့ထားမိလိုက်လို့ကတော့ စကားများလို့ကို မဆုံးဘူး ကိုကြီး.. အရင်က ကိုကြီး ဘယ်ရောက်သွားလဲ လို့တောင် တွေးမိတယ် ထွေးငယ်ကိုကြီးက အရမ်း အချစ်လွန်နေတာကိုလေ..  အရမ်းကိုဂရုစိုက် အရမ်းကို ချစ်တတ်လွန်းပြီး….ကိုကြီးကိုလဲ  အဲဒီလိုပြန်ချစ်တာ လိုချင်ခဲ့တယ်… တကယ်တော့ ကိုကြီးက အချစ်ကို လောဘကြီးလွန်းလို့ ကိုကြီးမရခဲ့တာပဲ..
ထွေးငယ်နဲ့ ကိုကြီးတို့ရဲ့လွန်ခဲ့တဲ့ အတိတ်က ပျော်ရွှင်ကြည်နူးစရာအချိန်လေးတွေ ဘယ်ရောက်ကုန်ပြီလဲ..ကိုကြီး.. သူငယ်ချင်းတွေနဲ့ စကားပြောတော့လဲ  ကိုကြီးကို အချိန်မပေးလို့ဆိုပြီး မကြိုက်ပြန်ဘူး.. ယောက်ျားလေးမိတ်ဆွေ ထားတာကိုလဲ အပြစ်တင်ခဲ့တယ်… ထွေးငယ် အနေအထိုင်မတတ်ရင် ဆုံးမတာကတော့ ဟိုးအရင် ငယ်လေးကတည်းပဲ အခုက ကိုကြီးက ချစ်တာမဟုတ်ဘဲ ပိုင်ဆိုင်လိုစိတ်ကြောင့် အရာအားလုံးကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေခဲ့တယ် တကယ်တော့ ကိုကြီးဘက်က ချစ်တာဆိုပေမယ့် တစ်ဖက်လူက ချစ်တာလို့မမြင်ဘဲ ချုပ်တာလို့ ခံစားရတယ်ဆိုတာ ကိုကြီး ယောင်လို့တောင် မတွေးမိဘူး ထင်ပါရဲ့.. ကိုကြီးရဲ့ အသေးအဖွဲက စ လိုက်ခံစားတတ်တဲ့ အချစ်ကြောင့် ထွေးငယ် စိတ်တွေ အကျဉ်းကျခဲ့တယ်.. လွတ်လပ်မှုမရှိတော့ဘူး .. ပေါ့ပါးမှုမရှိတော့ဘူး ကိုကြီး..  နောက်ဆုံး ဘယ်လောက်ထိဖြစ်သွားလဲ ဆိုရင် ထွေးငယ် ချစ်ခဲ့တဲ့ ကိုကြီးနဲ့စကားပြောရမှာတောင် လန့်သွားတဲ့အထိဖြစ်ခဲ့တယ် ကိုကြီး…
တကယ်တော့ ကိုကြီးရယ် မိန်းကလေးဆိုတာ ပန်းကလေးတွေနဲ့ တူပါတယ်… ပန်းချင်းတူပေမယ့်..ဖွံ့ဖြိုးတဲ့အခါ ပွင့်တဲ့အခါ လိုအပ်တဲ့ လိုအပ်ချက်တွေက မတူနိုင်ဘူး ကိုကြီး. ကိုကြီးချစ်တဲ့အချစ်က ဘာနဲ့တူလဲ ဆိုတော့..ဒီပန်း မြန်မြန်ပွင့်အောင် ရေများများလောင်းနေတဲ့ ဥယျာဉ်မှူးနဲ့တူတယ် ကိုကြီး…. သဘာဝတရား… ပန်းလေးရဲ့ အနေအထား လိုအပ်ချက် ဘာမှမကြည့်ဘဲ ရေသာလောင်းနေတဲ့ ဥယျာဉ်မှူးလေ ကိုကြီး…
ကိုကြီးရဲ့ ချစ်ခြင်းတရားကို နားမလည်တာ  မဟုတ်ပေမယ့် ကိုကြီးရယ်…ထွေးငယ်တို့ မိန်းမသားတွေမှာ မိန်းမသားမာန ရှိတယ်ဆိုတာ ကိုကြီးမမေ့သင့်ဘူး…. ပန်းပန်ရင် နန်းဆန်တယ် ဆိုပေမယ့်… ပန်းမပန်လဲ နန်းဆန်တဲ့သူတွေ ဒီခေတ်မှာ အများကြီးပါ ကိုကြီး…ပြီးတော့ ကိုကြီးက ယှဉ်ပြီးရွေးခိုင်းတဲ့ အလုပ်ကိုလဲ ၀ါသနာထုံသေးတယ်နော်… နှင်းဆီ၊ ပိတောက်နဲ့ စံပယ် သုံးမျိုးထဲက ကြိုက်တာရွေးပန်…တဲ့ .. ပန်းမပန်လဲ ထွေးငယ် နန်းဆန်နိုင်ပါတယ် ကိုကြီး… နှင်းဆီလဲ သူ့ပင်ကိုယ်တန်ဖိုး ရှိသလို ပိတောက်နဲ့ စံပယ်ကလဲ တန်ဖိုးတစ်ရွေးသားတောင် မလျော့ပါဘူး… နှင်းဆီကို ရွေးတိုင်း ပိတောက်နဲ့စံပယ်ကို တန်ဖိုးမထားဘူး ပြောလို့မရသလို ပိတောက်နဲ့စံပယ်ကိုရွေးတိုင်းလဲ နှင်းဆီကို တန်ဖိုးမထားဘူးလို့ ပြောလို့မရဘူးဆိုတာ ကိုကြီးသိမှာပါ………
နောက် ကိုကြီး ရွေးခိုင်းတယ် သူငယ်ချင်းတွေနဲ့ ကိုကြီး.. တစ်ဦးကိုပဲရွေးတဲ့…. ဒီရွေးချယ်ခိုင်းမှုက ထွေးငယ်နဲ့ သိက္ခာနဲ့ ဖြူစင်တဲ့ သူငယ်ချင်းမေတ္တာတွေကို အထင်သေးတဲ့သဘောဆိုတာ ကိုကြီး မသိခဲ့ဘူး… ကိုကြီးက အချစ်လောဘကြီးတာကိုး…. ထွေးငယ်တို့တွေ ချစ်သူဖြစ်ကြပါပြီ ဆိုကတည်းက ရန်ဖြစ်လိုက်ကြ စိတ်ဆိုးလိုက်ကြ အော်လိုက် ဟစ်လိုက်နဲ့ တစ်ရက်ကလေးမှ ပျော်ရွှင်ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူးပဲနော် … ကိုကြီးချစ်တာကို နားလည်နိုင်ပေမယ့်..ထွေးငယ်ရဲ့မာနကိုချိုး ..ထွေးငယ်ရဲ့ဘ၀ကိ ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ကိုကြီးကိုတော့ ထွေးငယ် အလျှော့မပေးနိုင်ခဲ့ဘူး…ဒီလိုဆိုတော့ ထွေးငယ်တို့နှစ်ယောက် ဘယ်မှာ အေးချမ်းနိုင်ပါတော့မလဲ ..ထွေးငယ် စိတ်ကို ခဏခဏလျှော့ခဲ့ပေမယ့် ကိုကြီးရဲ့ နှုတ်က ထွက်လာတဲ့စကားလုံးတိုင်းက မကျေနပ်မှု အလိုမကျမှု သံသယဖြစ်မှုတွေနဲ့ပဲ ပြည့်လျှံလို့ နေတာလေ
အခုလဲ ကိုကြီး ထွေးငယ်ကို  ရွေးချယ်ခိုင်းပြန်ပြီ.. ဒီတစ်ခါတော့ အကြီးမားဆုံး စွန့်စားမှုပဲ ကိုကြီး.. ဘ၀နဲ့ချီလို့ပေါ့… ထွေးငယ်ရဲ့ဝါသနာ စာရေးတာနဲ့ ကိုကြီး နှစ်ခုထဲက တစ်ခုကိုရွေးတဲ့… ထွေးငယ် မဆိုင်းပါဘူး စာပဲရေးမယ်လို့ ထွေးငယ်ဖြေခဲ့တယ် .. ကိုကြီး အရမ်းစိတ်ဆိုးတာပေါ့.. ထွေးငယ်ကိုလဲ ပြောခဲ့တယ် အရည်မရ အဖတ်မရ..နဲ့  ထွေးငယ်ရဲ့ စာကောင်းလွန်းလို့များ သူငယ်ချင်းတွေ ဝေဖန်ပေးနေတယ်ထင်လားတဲ့…. ထွေးငယ်မှာ လိုအပ်ချက်တွေ ရှိတာ ထွေးငယ်သိတာပေါ့ ကိုကြီးရယ်.. အရည်မရ အဖတ်မရလို့ ကိုကြီး ဆိုလိုက်သလား …
ထွေးငယ် စာရေးတယ်ဆိုတာ တစ်ခုခုကိုမျှော်လင့်ပြီးရေးတာမဟုတ်ဘူး…  စာရေးခြင်းဆိုတာ ၀ါသနာပါလို့ကို ရေးနေတာ ကိုကြီး… စာရွက်နဲ့ ခဲတံတွေ့ရင် စာလေးတွေစီပြီး ရေးတတ်တာ အခုမှ မဟုတ်ဘူး ဟိုးငယ်ငယ်ကတည်းက ဆိုတာ ကိုကြီး သိမှာပါ….ထွေးငယ် ထွေးငယ်ရဲ့ ၀ါသနာကို မစွန့်လွှတ်နိုင်ဘူး ဆိုတော့ … ကိုကြီးထက်ကို စာရေးတာက တန်ဖိုးရှိလို့လား တဲ့…. ကိုကြီးရယ် တန်ဖိုးဆိုတာ သူ့နေရာနဲ့သူပါ ထွေးငယ်ဘ၀မှာတော့ နှစ်ခုလုံးက အရေးပါတာပဲ တန်ဖိုးရှိတာပဲ… ကိုကြီးက ကိုကြီးကို အချိန်မပေးနိုင်လို့ စိတ်ဆိုးတယ်ဆိုတာ ထွေးငယ်သိတယ်လေ ထွေးငယ်က နေ့ဘက် အလုပ်ဝင် ညဘက် စာရေး ဆိုတော့ ကိုကြီးလိုချင်တဲ့  အလေးထားမှု ဂရုစိုက်မှု ကြင်နာမှုတွေ ပေးဖို့ အချိန်မလောက်ဘူး တဲ့ ချစ်သူကိုပေးဖို့အချိန်မလောက်ဘူး ဆိုပြီး စိတ်ဆိုးတာလေ
တကယ်ဆို မျိုသိပ်ပြီးချစ်တတ်တဲ့ ထွေးငယ်ရဲ့ အချစ်နဲ့ အသေးအဖွဲကစ ထုတ်ဖော်ပြောပြီး ချစ်တဲ့ ကိုကြီးတို့က သဘာဝချင်းမှမတူတာပဲ… ဒေါသထွက်လို့ ပြောလိုက်တဲ့ ကိုကြီးရဲ့စကားက ထွေးငယ်ရဲ့ မာနကို ထိခိုက်စေတယ် ကိုကြီး အဆိုးဆုံးကတော့ ထွေးငယ်ဘ၀ကို ချုပ်ကိုင်ချင်တာပဲ ကိုကြီးရယ်… ချစ်တာနဲ့ပဲ ဘ၀တစ်ခုလုံး ကိုကြီးစိတ်တိုင်းကျ ဖန်တီးလို့ရတာမှမဟုတ်တာ… ပန်းပင်ကိုပျိုးပြီး ရှင်သန်ဖို့ ပွင့်လန်းဖို့ဆိုတာ ပန်းအိုးထဲစိုက်ထားရုံနဲ့ မရပါဘူး ကိုကြီးရယ်… ကိုကြီး ဆိုနေကျ  သီချင်းထဲကလိုမျိုး အချစ်ဆိုတာ ဘ၀နဲ့မပေါင်းစပ်ဘူးဆိုရင်တော့ ထွေးငယ်က ကိုကြီးလိုချင်တဲ့အချစ်မျိုး ပေးနိုင်ပါလိမ့်မယ်… တကယ်တော့ အချစ်နဲ့ဘ၀က တခြားစီလေ ကိုကြီးရယ်… ဒါကြောင့် ထွေးငယ် နန်းမဆန်ရလဲ နေပါစေ… ပန်းမပန်ရလဲ နေပါစေ.. ထွေးငယ်ဝါသနာပါတဲ့ စာရေးခြင်းအလုပ်ကို ဘ၀တစ်လျှောက်လုံး လုပ်သွားရရင် ထွေးငယ် နေပျော်ပြီ ကိုကြီး….. ထွေးငယ် ပန်းမပန်လဲ လှနိုင်ပါတယ်..ထွေးငယ် နန်းဆန်အောင် ကြိုးစားနေမှာပါ…….
ဟိုအရင် ငယ်တုန်းက ကိုကြီးနဲ့ ထွေးငယ်တို့ရဲ့ အချစ်က ဖြူစင်ပြီး အေးချမ်းခဲ့တယ် .. အေးချမ်းဆို ရယူလိုမှု ပိုင်ဆိုင်လိုမှုမှ မပါဘဲကိုး ကိုကြီးရယ်..ခုတော့ ကိုကြီးစိတ်က ကိုကြီးကို ပြန်ပြီး ပူလောင်စေတယ်ဆိုတာများ မသိလေဘူးလား ထွေးငယ်ကြုံတိုင်းလဲ ပြောပါရဲ့.. စိတ်ကိုအေးအေးချမ်းချမ်းထားပါ လို့ … အဲဒီလိုပြောတိုင်းလဲ ထွေးငယ်က နေတတ်တယ် နေနိုင်တယ် နေစိမ့်တယ် အဲဒီလိုနေချင်တယ်… ဆိုပြီး အရွဲ့တိုက် အငေါ်တူးတဲ့စကားတွေနဲ့ပဲ ကြုံခဲ့ရတယ်… ကိုကြီးရေ..ကိုကြီးလိုချင်တဲ့ အချစ်ကိုရချင်လေလေ ကိုကြီးဖမ်းလို့မရလေလေပဲ ဖြစ်နေမှာ ကိုကြီး…. လက်ဆုပ်ထားတဲ့သူက နောက်ထပ် ဘယ်အရာမှ ကိုင်လို့မရတော့ဘူးလေ…. ပိုင်ဆိုင်လို့မရတော့ဘူး ကိုကြီးရဲ့… ဒီတော့ ကိုကြီးရယ် ထွေးငယ်ကို  လွတ်လပ်ခွင့်ပေးတာထက် ကိုကြီးစိတ်ကို ကိုကြီး လွှတ်ဖို့လိုတာပါ… ကိုကြီးဆုပ်ကိုင်ထားကို လွှတ်ချလိုက်မှသာ ကိုကြီးလိုချင်တာကို ဖမ်းဆုပ်ကိုင်လို့ရမှာလေ ကိုကြီး…………..ထွေးငယ်ပြောတာ ကိုကြီးနားလည်မှာပါနော်…. ထွေးငယ်လဲ စိတ်ရဲ့ အေးချမ်းမှု စိတ်ချမ်းသာမှု လိုချင်သလို ကိုကြီးရဲ့ စိတ်ကိုလဲ အေးချမ်းစေချင်တယ် ..လွတ်မြောက်စေချင်တယ်… ဒါကြောင့် ထွေးငယ်ကိုလဲ လွတ်လပ်ခွင့်ပေးစေချင်သလို ကိုကြီးရဲ့ စိတ်ကို လွတ်မြောက်ခွင့်ပြုလိုက်ပါတော့ ကိုကြီးရယ်……..


တောဘုရားပွဲတော်ည




................................................................................................................................

တောဘုရားပွဲတော်ည


 အနီးဝန်းကျင် ဘုန်းကြီးကျောင်းများမှ တုံးမောင်းခေါက်သံကြားသည်။ ဘုရားကုန်းတော်ပေါ်မှ
ဖွင့်လိုက်သော ဗြောသံဖြင့် အိပ်ပျော်နေသူများ ကြည်နူးစွာ နိုးထလာကြလေသည်။ ပြင်ကြဆင်ကြ
ချက်ပြုတ်ကြသံများဖြင့် လှည်းဝိုင်းကြီးတစ်ဝိုက်တွင်  သက်ဝင်လှုပ်ရှားလာ၏ ။
 နွားတွေနှင့် အလုပ်ရှုပ်သူရှုပ်၊ဆွမ်းတော်တင်ပွဲ ပြင်ဆင်သူ ပြင်ကြနှင့် ဘုရားဝန်းကျင်တွင် စည်ကားစပြုလာပြီ။ ဈေးဆိုင်တန်းများဘက်တွင်ကားတိတ်ဆိတ်ငြိမ်သက်ဆဲ။ 
သူတို့က သန်းခေါင်သန်းလွဲမှ  ဆိုင်ပိတ်ကြရသည်ကိုး။
ညလုံးပေါက်ဖွင့်သောဆိုင်များလည်း ခြောက်တိခြောက်ကပ်သာ။ 
သူတို့အဖို့ ယနေ့မှစမည်ဖြစ်သော ပွဲတော်ညကိုအားထားမျှော်လင့်ကြရလေသည်။

    မိုးလင်းသည်နှင့် လှည်းဝိုင်းရှိ လူအားလုံးသည် ကလေးသူငယ်မကျန် စီတန်းလျက် ဘုရားပေါ်သို့တက်ကြ၏ ။
 ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဆွမ်းဦးကပ်ကြပြီးလျင် ဘုရားကို လက်ယာရစ်လှည့်ပတ်ပူဇော်ကြကုန်၏ ။
ပြည့်ပြည့်၊ မောင်ရေချမ်း၊ မောင်မိုးသူ စသော ကလေးများပင်လျင် မျက်နှာထိမျက်နှာထားကလေးများနှင့်
တည်ကြည်ရှင်းသန့်နေကြသည်။ ၀တ်ပြုပူဇော်ကြပြီးသောအခါ ဘုရားအနီးတစ်ဝိုက်အား လှည့်ပတ်ကြည့်ရှုသူကြည့်ရှု၊ ဘုန်းကြီးကျောင်းများသို့ သွားသူ သွား၊ဘုရားရင်ပြင်တော်ပေါ် နားသူနားဖြင့် လူစုကွဲသွားကြသည်။

                ကိုကြည်နိုင်၊ ကိုလွမ်းနောင်၊ ကိုရာဇာ၊ ကိုလူရိုး၊ ကိုရိုးရာ စသော ကာလသားတစ်သိုက်ကား
ရွာကတည်းက ကြိုတင်ကြံစည်ထားကြသည့်အတိုင်း လက်ဖက်ရည်ဆိုင်သို့ ဦးတည်ကြလေပြီ။
သူတို့အဖွဲ့တွေနှင့်ပင် လက်ဖက်ရည်ဆိုင်ကလေးက ပြည့်သွားသည်။ ကလေးတွေရော.. လူကြီးတွေပါ
ဆူညံစွာ ပြောဆိုအားပေးနေကြသလို ဖြတ်သွားဖြတ်လာများကိုလည်း အလွတ်မပေး ၀ိုင်းကြည့်ကြချေသေးရာတော်တန်ရုံမိန်းကလေးဆိုလျင် ခြေလှမ်းမှား၍ လမ်းဆက်လျှောက်ရန်ပင် လွယ်ကူမည်မဟုတ်ပေ။
ကိုကညွတ်ကား ဤနေရာတွင် အကဲဆုံးဖြစ်လေသည်။

“ဟေ့ ဟေ့.. ဟို မဒီလေး ကြည့်ကြစမ်းပါဦး။ ခြေသလုံးလေးတွေဆိုတာ ၀င်းလို့မှည့်လို့။
ဗန္ဓကသရက်သီးလေးကျနေတာပဲနော်”

“အောင်မာ၊ ဟေ့ ကိုရင်ကညွတ်ရ။ မင်းက အဲဒီသရက်သီး မြင်ဖူးလို့လား”

“မြင်တော့ မမြင်ဖူးဘူးပေါ့ ဟလူရာ။ ငါလည်း ဒီလိုပဲ မှန်းပြီး ဖောတာပေါ့.. ဟေးဟေး။ ကြည့်မှာသာ
ကြည့်စမ်းပါကွာ။ အဲလိုပုံစံလေးလို့ မှတ်လိုက်ပေါ့ကွ။ မင့်ပြောရတာနဲ့ သမာဓိတွေတောင် ပျက်ကုန်ပြီမောင်။မှန်းစမ်း နောက်တစ်ယောက်”

                အမယ်ကြီးများနှင့် အပျိုမများကား ဆွေမျိုးသားချင်းများ၊ အသိမိတ်ဆွေများ၊
ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လည်ပတ် နှုတ်ဆက်ကြလေသည်။ အချို့လည်း
ဘုန်းကြီးဆွမ်းအုပ်ပို့သူ ပို့ကြ၏။ နေ့လည်စာကား လှည်းဝိုင်းတွင် ပြန်၍ စုဆုံစားသောက်ကြသည်။
စောစောစီးစီး ကိုဇော်က မူးနေ၏ ။ ကိုရာဇာကား ဆွမ်းတော်အုပ်ကြီးနှင့် ပွဲတော်တည်နေရာ
မြင်ရသူများ ပြုံးစေ့စေ့။

“ငမင်းတစ်ကောင်.. ဘယ်လိုဖြစ်လို့ ဆွမ်းအုပ်နဲ့ တွယ်နေသတုန်း။ ပန်းကန်ခွက်ယောက် မပါခဲ့ဘူးလား”

“အေးဟ။ ငါလည်း ဆွမ်းတော်တင်ဖို့ပဲ သတိရပြီး စားဖို့ခွက်တွေထည့်ဖို့မေ့သွားတယ်။ မိချိုကလည်း
လှဖို့ကလွဲရင် ဒါတွေသတိမရတော့ မင်းတို့တွေ မြင်တဲ့အတိုင်းပဲပေါ့ကွာ.. ဟီး”

“အဖြစ်ကလည်း မနှစ်ကထက်တော့ ညစ်စရာကောင်းနေပါပြီ။ ဟိုကောင်တွေလည်း ကြည့်ဦး။ ရေနွေးဓာတ်ဘူးထဲဘာတွေထည့်လာတယ် မသိ၊ အစာထက် အသောက်ဘက် လုနေကြတယ်။ သိသာလိုက်တာကွာ.. ငမူးတွေ”

      ကိုနေလင်းထွန်းပြောလိုက်သော စကားက ကိုမင်းလွင်အရှိုက်ကို တည့်တည့်ထိ၏ ။
သောက်လက်စရေနွေးပင် သီးသွားလေသည်။

“ခွီး.. ဖရူး… ဖူး၊ ခွီးတဲ့မှပဲကွာ။ ဟေးရောင် ငါမပါဘူးနော်။ ငါယူသောက်နေတာ ဦးလေးဦးမောင်သန်းတို့ အိုးကကွ”

“အေးပါ.. မင်းလည်း မပြောပါဘူး။ အုံပွင့်မနေနဲ့။ ငါပြောတာ ကညွတ်တို့ဝိုင်းပါ”

“ဟီး”

          လူရိုးက သွားလေးဖြဲပြသည်။ ကိုပေါက်က မလုံသလို ခင်လေးကို ကြည့်၏ ။ ခင်လေးက မျက်စောင်းထိုး၍တစ်ဖက်လှည့်သွားလေသည်။ ကိုပေါက်က ဆင်သေကို ဆိတ်ရေနှင့် လိုက်ဖုံးရန် ကြိုးစားလိုက်သေးသည်။

“ဟေ့ကောင်တွေ။ ရေနွေးချည်း လှိမ့်သောက်မနေနဲ့ကွ.. အမြည်းလေးလည်း စားဦး.. အဲ”

“ဟာ.. ဒီကောင်လုပ်မှ အကုန်ပေါ်တော့မှာပဲ။ ဟေ့ ငပေါက်၊ မူးရင် ငြိမ်ငြိမ်နေကွာ.. စကားမများနဲ့”

“အာ.. ဒီနှစ်ကောင်။ ပြောလေဆိုးလေပါလား။ ၀ိုင်းထဲက ထွက်ကွာ.. သွား”

    သူတို့လုပ်သည်နှင့် အကုန်ပေါ်တော့သည်။ ဘကြီးသတိုးက ဆုံးမ၏ ။ ကိုကြီးကွန်ကလည်း

“မင်းတို့ကလည်းကွာ။ ဘုရားပွဲလာတဲ့ အခိုက်လေးတောင်၊ ဒီတစ်ရက်တော့ မသောက်ကြပါနဲ့လား။ ပေး ပေးငါ့ကိုပေးစမ်း။ နောက်ရော ဘယ်မှာ ရှိသေးလဲ”

               ထိုအခါ အားလုံးက မင်သေကလေးတွေနှင့် ပေကလပ် ပေကလပ်ပြန်ကြည့်နေကြသည်။
ဘယ်သူမှ ဘာမှမပြောချေ။ ဇင်မျိုးက မန်ကျည်းပင်ကြီးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။
ကိုကြီးကွန် ထသွားပြီး မန်ကျည်းပင်သစ်ခေါင်းထဲ ရှာကြည့်လိုက်သည်။ ပုလင်းနှစ်လုံး ထွက်လာ၏ ။
အားလုံးက ဇင်မျိုးကို ကြိတ်၍ ကျိန်ဆဲကြလေသည်။

                ပွဲတော်ညကား မမှောင်ခင်ကပင် စည်ကားလှသည်။ ခခတို့မောင်နှမတစ်စု ရဟတ်ကြီးနားမှာ
တ၀ဲဝဲလည်နေသည်။ မျက်လုံးများကလည်း အော်ဟစ်ဆူညံနေသော ရဟတ်မှ မခွာကြ။ သူတို့အကိုကြီးက

“ဘယ်နှခေါက်တောင် စီးကြမှာလဲဟေ။ တော်ပြီပေါ့။ သုံးလေးခေါက် မကတော့ဘူးထင်တာပဲ”

“နောက်ဆုံးတစ်ခေါက်.. နောက်ဆုံးတစ်ခေါက် နော်။ ကိုကြီး ပျင်းရင် လိုက်စီးလေ။ လာပါ အဖော်ရတာပေါ့”

“ဟာ.. ကိုကြီး မစီးရဲပါဘူး။ မသကာ ပြုတ်ပျက်ကျနေမှ။ ညီမလေးတို့ပဲ စီးကြပါ”

“ဟင်.. တိုကြီး.. မရဘူးဂျာ။ ဒီတစ်ခါ လိုက်စီးလှည့်။ သားသားတို့တောင် မကြောက်တာကို”

  သို့နှင့် မောင်နှမလေးယောက်သား ရဟတ်တစ်တွဲပေါ် ရောက်သွားကြသည်။ ရဟတ်က
လူခေါ်နေတုန်းဆိုတော့ တဖြေးဖြေး ထိပ်ကို ရောက်လာသည်။

“ဒီလို အပေါ်စီးက ကြည့်တော့လည်း လှသားဟ။ ဟိုမှာ ဘုရားက ထွန်းတဲ့မီးရောင်။ ဟိုမှာ
ပွဲဈေးတန်းကြီးက ထိန်လို့။ အောင်မာ ဇာတ်ရုံပိုစတာကြီးတွေက ဟီးထနေတာ ခုမှမြင်တယ် ကြည့်စမ်း။
ဒီညတော့ .. ညတော့.. အ အ အားးးးးးး”

     ပြောလို့မဆုံးလိုက်။ ရဟတ်က လူပြည့်ကာ စတင်လည်ပတ်ပြီဖြစ်ရာ အသင့်ပြင်မထားသော
ကိုကြီးတစ်ယောက် တလှပ်လှပ်လန့်ပြီး အော်တော့သည်။

“ဟင်.. အကိုကြီးကလည်း ရှက်စရာကြီး။ သိပ်မအော်နဲ့လေ.. တိတ်တိတ်လေး အော်မှပေါ့”

                ပြန်အတက်တွင် ခခမှ ကြိတ်သတိပေး၏ ။

“အေးပါ.. အေးပါ.. ငါ သတိထား… အ .. အားးးးးးးးး… အားး ဟားးး ဟားးး.. တကယ်ကျတယ်ဗျ။
ကယ်တော်မူကြပါ။ မရဘူးဟေး.. အောက်ဆင်းပါရစေဗျိုး”

“ဟင်.. မရတော့ဘူးလေ.. ဒီချိန်မှ။ ကြောက်ရင် မျက်စိမှိတ်ထား။ ရော့.. ပုဝါ။ အဲဒါ ကိုက်ထားလိုက်”

“အီး… အူး..”

  ဇင်မျိုးတို့တစ်သိုက်လည်း ရဟတ်နားရောက်လာကြသည်။ ဇင်မျိုးက လျှာသပ်လိုက်သည်။
ရဟတ်စီးချင်နေသည်မှာ ကြာပြီ။ မနေ့ကလည်း တစ်ခေါက် စီးပြီးပြီ။ 

ဒီနေ့ အ၀စီးပစ်လိုက်မည်ဟု အားခဲကာရဟတ်ဆီ လျှောက်သွားပြီး ဆယ်ခေါက်စီးမယ် ဘယ်လောက်ထားပေးမလဲဟု ဈေးသွားဆစ်လေသည်။

ရဟတ်ပိုင်ရှင်က ငါးခေါက်စာပဲပေးဟု ပြောသဖြင့် ကျေနပ်သွားပြီး ပိုက်ဆံအိတ်ကို စမ်းသည်။ ရှာမတွေ့တော့။

ဟင်.. အိတ်လည်း မပေါက်ပါဘူး။ အနောက်လှည့်ကြည့်တော့ မောင်ရေချမ်းလေးက ရေခဲမုန့်ခွက်ကိုင်ကာ
အားပါတရ လျက်နေလေသည်။

“ဟေ့ကောင်.. မင်းအမေကော”

“အင်.. ဘာလုပ်မလို့လဲဗျ။ ခင်ဗျားကြီးနော်.. ကောင်းကောင်းမေး။ သေနတ်နဲ့ ထုတ်ပစ်လိုက်မှာ”

“ဟာ.. မဟုတ်ပါဘူး၊ မင်းအမေလည်းမပါဘဲနဲ့ မင်းက ဘယ်ကပိုက်ဆံနဲ့ ရေခဲမုန့်စားနေတာလဲကွ။ မှန်မှန်ပြောစမ်း”

“မနေ့ညက ဟိုဘက်ရွာက အပျိုကြီး မဘုတ်ဆုံ ကျွန်တော့်ကိုချစ်လို့ဆိုပြီး ပေးလိုက်တာဗျ။ မယုံ သွားမေးကြည့်”

“အမ်”

 ဇင်မျိုး ခံလိုက်ရသည်။ မဘုတ်ဆုံ မနေ့က သူ့လက်ချက်မှန်း ရိပ်မိပုံရသည်။
သူ ပြေးတာ မြင်သွားသေးသည်လေ။

“တောက်.. ကွာ… ဟင်း.. ငါနော်.. မင်းနော်... ခွီး။ ဒါမျိုးကျ စိတ်သိပ်ကြီးတာနော်.. ဟင်းဟင်း”

 ထိုစဉ် ကာလသားများ စုဝေးရောက်ရှိနေရာ အထုံစားတော်ဆက်ဆီသို့ ပြည့်ပြည့်ကလေးနှင့်
မိချိုတို့ ပြေးလာပြီး

“ကိုကြီးတို့.. ဟဲ့.. လုပ်ကြပါဦး။ ဟိုမှာ ရည်ဝေကို ဟိုဘက်ရွာက ရော်ကာကြီးဆိုတဲ့လူ မူးပြီး လက်ဆွဲနေလို့”

“ဘာ..”           “ဘာကွ”          “ဟေ့ကောင်တွေ.. လာဟေ့”

“အောင်မာ ရာရာစစ.. ဒင်းက အနူလက်နဲ့ ရွှေခွက်နှိုက်ချင်တယ်ပေါ့လေ။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာကွာ။
ကေသရာဇာ ခြင်္သေ့ဆီဆိုတာ သင်္ဂီရွှေခွက်နဲ့ပဲ တန်တာ ဒင်း မသိလေရော့သလား။ ပုဝါပါးက
ကြက်သားလာထုပ်ချင်လို့ ဘယ်ရပါ့မလဲ။ ရွာနားကမြက် ရွာနွားတောင် စားတာမဟုတ်ဘူးကွ”

“ဟာ.. ဟေ့ကောင် ငလွမ်း၊ တော်စမ်း။ အကောင်း နားထောင်နေတာမဟုတ်ဘူး၊ ဘယ်တော့ပြီးမလဲ စောင့်နေတာ။
မင့်ဟာက မဆုံးနိုင်တဲ့အပြင် ငါတို့ပါ နွားတွေ ဖြစ်ကုန်ပါပေါ့။ တော်စမ်းကွာ..  မင်း စကားပုံရွတ်မှာလား
လိုက်မှာလားကွ။ လိုက်မှာဆို ဟိုကောင်တွေတောင် ရောက်နေလောက်ပြီ။ မင်းက ပုဆိုးပြင်ဝတ်လို့ မဆုံးနိုင်ဘူး”

  ဆရာဦးမောင်မောင်သန်း(ရင်ကိုအေးမြရစေသား)ဆိုက်ဖမ်းနေသော ရွာဦးမောင်မောင်သန်းကလမ်းနောင်ကို ဟောက်လိုက်တော့မှ

“ဆောရီး အဘရာ.. ပြောကောင်းကောင်းနဲ့ စကား ဘယ်ရောက်သွားတယ်တောင် မသိတော့ဘူး။ လိုရင်းကတော့နဂါးမှန်းသိအောင် အမောက်ထောင်ပြမှဖြစ်မယ်လို့ ပြောမလို့ပါ။ ပုဆိုးခြုံထဲက လက်သီးပုန်းပြတဲ့ကောင်မဟုတ်ဘူးဆိုတာ သိစေရမကွ”
 ဟုဆိုကာ ပုဆိုးတိုတို ၀တ်ပြီး အပြေးလိုက်သွားလေတော့သည်။

 တစ်နေရာတွင် လူများ ရုံးစုရုံးစုလုပ်နေကြသည်။ လက်ဆွဲသူ ရော်ကာကြီးရော ဆွဲခံရသူ ရည်ဝေပါ
မရှိတော့။ ဘုရားဂေါပကရုံးခန်း ရောက်သွားကြပြီဟု သိရသည်။ ရန်ပွဲတစ်ပွဲ ဖြစ်သွားသေးကြောင်း၊
ဓားထိုးမှုအထိ ဖြစ်သွားသောကြောင့် ပြဿနာမှာ မထင်မှတ်ဘဲကြီးနိုင်ကြောင်လူများ ပြောဆိုနေကြသည်။
အရင်ဆုံး ရောက်ရှိသော ကိုကြီးကွန်က အမောတကော ပြောလေ၏ ။

“တို့ကောင် ဇင်မျိုးတော့ ရုတ်တရက် ဘယ်က ရောက်လာမှန်းမသိဘဲ ဇွတ်ဝင်ထိုးတာ နောက်က ကောင်တစ်ကောင်ဓားနဲ့ထိုးလို့ ဆေးရုံပို့လိုက်ရပါပကော။ 
ငါတို့တော့ တာဝန်ကြီးပြီဟေ့..၊ စကားများ တွေဝေမနေကြနဲ့။
ရဲစခန်းလိုက်မယ့်သူတွေ၊ ဆေးရုံ လိုက်မယ့်သူတွေ လိုက်ဖို့ ပြင်ကြ.. လူရိုးက လှည်းဝိုင်းပြန်ပြီး
လူကြီးတွေကို အကြောင်းကြားချေ၊ စီစဉ်စရာရှိတာ စီစဉ်ခဲ့ကြ။ ကဲ ကဲ.. ငါနဲ့ ဘယ်သူ ဆေးရုံ လိုက်ကြမလဲ”

  အရေးကြုံက စည်းလုံးကြသော တောရွာသဘာဝအတိုင်း အားလုံးလှုပ်ရှားကုန်ကြသည်။
ဆေးရုံသွားကြသူတွေထဲ မေခက်လည်း ပါလာသည်။ တငိုငို တရယ်ရယ်နှင့် အစိုးရိမ်ပိုနေလေ၏ ။
သူ့အဖေ လူအေးကြီး ဦးကကြီးကလည်း ဘာမှ မပြောပေ။
 သူ့သမီးငိုတာ ထိုင်ကြည့်ရင်း လူနာစောင့်နေ၏ ။
ငိုသူကသာ ငိုနေသည်။ ဓားအထိုးခံရသော ဇင်မျိုးက ကုတင်ပေါ်မှာ ပြုံးပြုံးကြီး။ စိုးရိမ်ပူပန်သူများကို တရားချလိုက်၊
ကာလသားချင်း စကားပြောလိုက်၊ ငိုနေသည့် မေခက်ကို စလိုက်ဖြင့် လူပုံအလယ် စန်းထနေလေသည်။

“သင်းကို အဲဒါကြောင့် ပြောတာပေါ့။ နေရာတကာ စပ်စပ်စပ်စပ် ၀င်မပါပါနဲ့လို့။ ခုတော့ ထိပြီမဟုတ်လား။
သူ့ဗလလေးနဲ့ ထောင်ထောင် ထောင်ထောင်လုပ်လွန်းလို့ ခုလည်း မစည်အပ်
မလာအပ်တဲ့ နေရာမှာ (သူနာပြုဆရာမများ လှည့်ကြည့်ကြ၏ ။)
အသေဆိုးနဲ့ သေတော့မလို့။ (လူနာမေးသူများ မျက်နှာပျက်ကြ၏ ။)
တော် ရယ်မနေနဲ့.. တော့်ကို ပြောနေတာ (ဇင်မျိုး မျက်နှာပိုးသတ်၏ ။)
ကျုပ်က သင်္ချိုင်း နဲ့ ဆိုင်တာဆိုရင် (ဘေးမှ လူနာများ ခေါင်းထောင်ကြည့်ကြ၏ ။)
ပံ့သကူတောင် ကောက်တာမဟုတ်ဘူး။ သိတယ် မဟုတ်လား” (ဦးကကြီး မနေသာတော့..)

“တော်ပါတော့ သမီးရာ.. ဒီကောင်လည်း ဘာမှဖြစ်တာမဟုတ်ဘဲနဲ့။ ဓားလေးကြည့်တော့ လက်သန်းလောက်ရှိတဲ့ဘုရားပွဲက ဓားချောလေးကို။ သေချင်လို့တောင် သေမရဘူး သမီးရဲ့”

“အေးလေဟာ.. မေခက်ကလည်း၊ ငါက သူထိုးလိုက်တာ သိတောင် မသိလိုက်ပါဘူးဆို။ ရန်ဖြစ်နေတုန်း
ကလိလာထိုးနေတယ်မှတ်လို့ နောက်နေကြတာလားတောင် ထင်လိုက်သေးတယ်။ 
သူများတွေ ၀ိုင်းဆွဲမှလဲကျချင်သလို ဖြစ်တာ.. အတင်း ဆွဲနေကြလို့။ ဘာမှ မဖြစ်ပါဘူး”

“ကျုပ်က မိန်းမသားရှင့်.. မိန်းမသား။ ဘာမှ မဖြစ်လည်း စိုးရိမ်တတ်တယ်”

“အေးပါ.. ငါကလည်း ယောက်.. ယောက်.. အဲ”

     ဇင်မျိုး၏ ပြောလက်စ စကားမှာ ဦးကကြီး၏ အဟမ်း.. ဆိုသော အသံအောက်တွင် ရယ်သံများနှင့်ရောထွေး ပျောက်ကွယ်သွားလေသည်။

 ဦးကကြီးက မျက်စောင်းတစ်ချက်ခဲ၍ ထွက်သွားတော့ အနီးရှိသူများဝိုင်းရယ်ကြသေးသည်။ ဇင်မျိုးက ဘာမဆိုင်ညာမဆိုင် ရောယောင်၍ မေခက် လက်ကို ကိုင်လိုက်သည်။
မေခက်က ရှက်မျက်စောင်းတစ်ချက်နှင့် တုန့်ပြန်လေသည်။

“ဟွန်း.. ဆေးရုံပေါ်ရောက်နေတာတောင် သေကြောက ဆွဲနေသေးတယ် (ဘေးကုတင်များမှ ချောင်းဟန့်သံ
ထွက်လာ၏ ။ မေခက်အသံ တိုးသွားလေသည်။) ရွ မနေနဲ့ ကိုရင်.. အဖေက မလုပ်ရင် မလုပ်ဘူးနော်..
လုပ်ရင် ငှက်ကြီးတောင်နဲ့ လိုက်နေလို့ ဆေးရုံမရောက်ခင် အသက်..”

“ကဲ ကဲ.. လူနာစောင့်တွေ ပြန်ချိန်ရောက်နေပါပြီ။ မနက်မှ လာခဲ့ကြပါတော့။ ဒီလူနာလည်း အခြေအနေ
ကောင်းနေမင့်ဟာ။ ဖြစ်နိုင်ရင် လူနာရော လူနာစောင့်တွေရောကို တစ်ခါတည်း ဆေးရုံပေါ်က မောင်း.. အဲ..
ကားမောင်းပြီး ပြန်ပို့ပေးချင်တယ်။ တကတဲ.. တဟီးဟီး တဟားဟားတွေရော၊ ငိုတာ ယိုတာတွေရော
မပြောလိုက်ချင်ဘူး။ ကိုယ့်ရွာများ မှတ်နေကြသလား”

                တာဝန်ကျ သူနာပြုဆရာမကြီး၏ မကြည်သံအောက်မှာ မေခက် ဇက်ကလေးပု၍ ဇင်မျိုးအနီးမှ ထကာ
လှည့်ကြည့်လှည့်ကြည့်ဖြင့် ပြန်သွားလေတော့သည်။

           အညာဘုရားပွဲတော်ညကား မီးရောင်ထိန်ထိန်ဖြင့် သူ့ဘာသာ လည်ပတ်ဆူညံလျက်။


                                                                                                                             လူမွန်ဒဗ္ဗ

လက္ခဏာရေး သုံးပါးကို ဖုံးကွယ်ခြင်း

အနိစ္စကို သန္တတိ ဖုံးကွယ်တယ်၊ ဒုက္ခကို ဣရိယာပထ ဖုံးကွယ်တယ်၊
အနတ္တကို ဃန ဖုံးကွယ်တယ် ဆိုတဲ့စကားကို
သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာ အာယတန၀ိဘင်္ဂမှာ ဖွင့်ပြထားပါတယ် ...
အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သည်တရားသုံးပါးတို့ဟာ
အမှန်ထင်ရှားသော တရားများဖြစ်ပါလျက်
အဘယ်ကို နှလုံးမသွင်းခြင်းကြောင့် မထင်သလဲ ...
အဘယ်တရားဖြင့် ဖုံးလွှမ်းခြင်းကြောင့် မထင်သလဲ ...
ဤသို့ မေးငြားအံ့ .................
အနိစ္စမထင်သော အကြောင်းကို ရှေးဦးစွာ ငါ ဆိုအံ့ ...
အနိစ္စဆိုတဲ့ မမြဲသောတရားဟာ ဧကန်ရှိသောတရား ဖြစ်သော်ငြားလည်း
ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို နှလုံးမသွင်းခြင်းကြောင့်
ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ထိုးထွင်းပြီး မသိဘူး...
ဖြစ်ပျက်ကို မသိတဲ့အတွက်
သန္တတိဆိုတဲ့ ရုပ်အစဉ်၊ နာမ်အစဉ် ဖုံးလွှမ်းနေတယ် ...
ဒါကြောင့် အနိစ္စကို မထင်ခြင်း ဖြစ်သတဲ့ ...
ဒုက္ခတရားဟာလည်း ထင်ရှားရှိပါလျှက်နဲ့
ရုပ်နာမ်တို့ရဲ့ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်
ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်း၊ ရင့်ရော်ခြင်း၊ နာကျင်ခြင်း၊ ပျက်ခြင်းတို့ကို မမြင်ဘူး။
မမြင်ခြင်းကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တို့
ပြောင်းလည်းပေးခြင်းဖြင့် ချမ်းသာသလိုလို ထင်နေတယ် ...
ဒါကြောင့် ဒုက္ခတရားကို ဣရိယာပုတ်က ဖုံးလွှမ်းနေတယ်သတဲ့ ...
ခန္ဓာအတွင်းမှာ ခိုင်မာသော အတ္တအနှစ် မရှိရိုးမှန်သော်လည်း
အထူးထူးသောဓာတ်ကို အသီးသီး ခွဲခြမ်းခြင်း မရှိတဲ့အတွက်
ဓာတ်အသီးသီး အကြောင်းအကျိုး ဆက်သွယ်နေတာကို မမြင်ဘူး ...
အကြောင်းအကျိုး ဆက်သွယ်နေတာကို မမြင်တဲ့အတွက်
သန္တတိဃန ဖုံးလွှမ်းနေတယ် ...
သန္တတိဃန ဖုံးလွှမ်းနေလို့ အနတ္တကို မထင်ဘူးလို့ ဖွင့်ပြထားတယ် ...
အနိစ္စ၊ ဒုက္ခ၊ အနတ္တထင်အောင် ပြုလုပ်နည်းကိုလည်း
သမ္မောဟ၀ိနောဒနီမှာ ဖွင့်ပြထားပါတယ်
သမ္မေဋ္ဌကထာမှာ ဖွင့်ပုံက
ဖြစ်ခြင်းပျက်ခြင်းကို သိမ်းဆည်းပြီး သန္တတိကို ဖျက်ဆီးလိုက်လျှင်
အနိစ္စလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...
မပြတ် ပြင်းစွာနှိပ်စက်ခြင်းကို နှလုံးသွင်းပြီး
လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်ကို
ခွာကြည့်လိုက်လျှင်
ဒုက္ခလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...
အထူးထူးသောဓာတ်တို့ကို အသီးသီး ခွဲခြမ်းပြီး
အစိုင်အခဲ ထင်နေတဲ့ ဃနကို ခွဲကြည့်လိုက်လျှင်
အနတ္တလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...

(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
                                                          

 ရှာဖွေတင်ပြသူ-မာလာထွေး

တရားကို စာပေကွယ်တယ် ... ဆိုတာ


တရားဆိုတာ ဘုရားရှင် ၄၅ ၀ါ ကာလအတွင်း ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်တော်တွေပဲ၊
ပိဋကတ်တော်တွေကို ဟောကြားသူက ဓမ္မကထိက၊
ပိဋကတ်တော် ရေးမှတ်ထားတာက စာပေ ... ဟုတ်ရဲ့လား ...
ပိဋကတ်တော်ဟာ ဆောင်ထားသူ၊ ဟောကြားသူ မရှိသော်လည်းကောင်း၊
ပေ-ပုရပိုက်၊ စာရွက်၊ ကျောက်သား စသည်တို့အပေါ် ရေးမှတ်ထားခြင်း မရှိသော်လည်းကောင်း၊
ဤကမ္ဘာမှာ တည်နေနိုင်ပါ့မလား ...
တည်နေနိုင်မှာ မဟုတ်ပါဘူး ...
အေး ... သည်လိုဆိုလျှင် တရားတော်ကို စာပေကွယ်တယ်၊ ဓမ္မကထိက
ဘာဏကဆောင်များ ကွယ်တယ်လို့ကော ဆိုသင့်ပါသလား ...
မဆိုသင့်ပါ ... တရားတော်ဟာ စာပေနှင့် ဓမ္မကထိကပုဂ္ဂိုလ် ဘာဏကဆောင်ပုဂ္ဂိုလ်
စာသင်စာချပုဂ္ဂိုလ်များကြောင့် ထွန်းလင်းတောက်ပလာတယ်လို့ ဆိုသင့်ပါတယ် ...
ယခု သာသနာတော်ရဲ့အသက်ဟာ ၂၅၀၀ က ကျော်လွန်လာပြီ ...
သည်မျှရှည်ကြာအောင် သာသနာတော်ကို ဘယ်သူတွေ သယ်ဆောင်လာခဲ့တာလဲဆိုလျှင်
ဘာဏကဆောင်ပုဂ္ဂိုလ်တွေ၊ စာသင်စာချပုဂ္ဂိုလ်တွေနဲ့
စာပေတွေက သယ်ဆောင်လာခဲ့တာပဲကွယ် ...
နောင်အခါလည်း ဤပုဂ္ဂိုလ်များ၊ စာပေများက သာသနာတော်ကို ဆောင်ယူသွားကြလိမ့်ဦးမယ်။
သာသနာတော်ကို ဆောင်ယူသွားကြမည့် ပုဂ္ဂိုလ်များ၊ စာပေများ မရှိတော့လျှင်
သာသနာတော် ကွယ်ပြီလို့ ဆိုရတော့မှာပဲ ... ဟုတ်ရဲ့လား ...
အဲသည်အကြောင်းများကြောင့် တရားတော်ကို စာပေကလည်း မကွယ်ပါဘူး ...
စာချပုဂ္ဂိုလ်၊ စာသင်ပုဂ္ဂိုလ်၊ တရားဟောပုဂ္ဂိုလ်တို့ကလည်း မကွယ်ပါဘူး ...
မကွယ်သည့်ပြင် ထွန်းလင်းတောက်ပအောင်သာ ပြုလုပ်ကြပါတယ် ...
သို့သော်လည်း တရားကို စာပေကွယ်တယ်ဆိုတဲ့ စကားရဲ့ ဆိုလိုရင်းက
ဘုရားရှင်ရဲ့ တရားတော်ဟာ အလှကြည့်ဖို့၊ အပျော်နားထောင်ဖို့ မဟုတ်ဘူး။
ကျင့်သင့်တာကို ကျင့်ဖို့၊ ရှောင်သင့်တာကို ရှောင်ဖို့ ဟောထားတာဖြစ်တယ် ...
အကြင်ပုဂ္ဂိုလ်ဟာ တရားတော်ကို စာပေ၌မျှသာ ဆုံးနေမည် ...
ဓမ္မကထိက၏ အသံမျှ၌သာ ဆုံးနေမည် ဆိုပါလျှင်
ထိုပုဂ္ဂိုလ်များကို ရည်ရွယ်ပြီး
တရားကို စာပေကွယ်တယ် ... ဓမ္မကထိကကွယ်တယ်လို့
ရှေးဆရာများက ဆိုခဲ့ကြခြင်း ဖြစ်ပါတယ် ... သတိပေးကြခြင်း ဖြစ်ပါတယ်ကွယ် ...

(ထီးချိုင့်မြို့၊တည်တောဆရာတော်ဘုရားကြီး)
                                                       
ရှာဖွေတင်ပြသူ-မာလာထွေး

သံဃာကို ဘုန်းကြီးကွယ်တယ် ... ဆိုတာ

                                
                                    သံဃာကို ဘုန်းကြီးကွယ်တယ်ဆိုတဲ့ စကားကလည်း အနုဿတိဆယ်ပါးက
သံဃနုဿတိကို ရည်ညွှန်းတဲ့ စကားပါပဲကွယ် ...
သံဃနုဿတိ- သံဃဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့နေရမယ် ဆိုသော်လည်း
ဝါ၀ါဝတ်ထားသော ဘုန်းကြီးအပေါင်းကို ဆိုလိုသည်မဟုတ် ...
ထိုဘုန်းကြီးအပေါင်းရဲ့ သန္တာန်မှာ တည်ရှိတဲ့
"သုပ္ပဋိပန္နအစ ပုညက္ခေတ္တံအဆုံး" ရှိတဲ့
ဂုဏ်တော်ကို ဆင်ခြင်ပွားများရမှာဖြစ်တယ် ...
အတွင်းက ဂုဏ်တော်ကို မမြင်ဘဲ အပြင်အပ သဏ္ဍာန်မျှကိုသာ မြင်နေလျှင်
ဂုဏ်တော်ကို ပုဂ္ဂိုလ်က ဖုံးနေလို့
သံဃာကို ဘုန်းကြီးကွယ်တယ်လို့ ဆိုကြတာပဲ ...
သို့သော်လည်း သည်အဓိပ္ပာယ်ကို သည်လိုမကောက်ယူဘဲ
ဘုန်းကြီးတွေဟာ သံဃာမဟုတ်ဘူး ...
ဘုန်းကြီးတွေ ရှိနေသမျှ သံဃာအစစ်ကို မတွေ့ဘူးလို့ ယူဆခဲ့လျှင်
အယူအဆတွေ ချွတ်ချော်ပြီး
"ဘုန်းကြီးမပါ၊ သံဃာဆွမ်းကျွေး" ဆိုတဲ့ဂိုဏ်းထဲ ပါသွားတတ်တာပေါ့ကွယ် ...
(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
                                                 ရှာဖွေတင်ပြသူ-မာလာထွေး

မြတ်ဗုဒ္ဓ အား ရိုသေ လေးမြတ် ကြည်ညိုစွာ ပူဇော်ပါသည်။

မြတ်ဗုဒ္ဓ

     
       မြတ်ဗုဒ္ဓ လောင်းလျာ မင်းသားကို ဘီစီ ခြောက်ရာစုတွင် လုမ္ဗိနီ ဥယျာဉ်တော်၌ ဖွားမြင်ခဲ့၏။ ဖွားမြင်သည့် နေ့ကား သကျတို့၏ ပြက္ခဒိန်အရ မဟာသက္ကရာဇ် (၆၈) ခု ကဆုန်လပြည့် သောကြာနေ့ ဖြစ်သည်။ ခမည်းတော်မှာ သကျနိုင်ငံတော်၏ အရှင် ဘုရင် သုဒ္ဓေါဓန ဖြစ်ပြီး မယ်တော်မှာ မိဘုရားခေါင်ကြီး မာယာဒေဝီ ဖြစ်ပါသည်။ အနွယ်တော် အမည်မှာ ဂေါတမဖြစ်ပြီး ကိုယ်ပိုင် အမည်မှာ သိဒ္ဓတ္တဖြစ်သည်။
      သားတော်လေး ဖွားမြင်တော်မူသည့် အခါ အစဉ်အလာ ထုံးတမ်းဖြစ်သည့် ဘုရင့် ပုရောဟိတ်တို့က နိမိတ် ဖတ်ကြားကြသည်။ ဖတ်ကြားချက်မှာ နှစ်မျိုး နှစ်စား ဖြစ်ပါသည်။ တစ်မျိုးက မင်းသားလေးသည် အရွှယ်ရောက်သည့် အခါ တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်မည်ဟု ဆို၏။ နောက်တစ်မျိုးကား ဘုရားဖြစ်မည်ဟု ဆိုပါ၏။
           

         ခမည်းတော် မင်းကြီးသည် သားတော်လေးကို တစ်လောကလုံးကို အစိုးရသည့် စကြာဝတေးမင်း ဖြစ်စေလိုပါ၏။ တိုင်းသူ ပြည်သားတို့သည်လည်း အနာဂတ် ဘုရင်မျိုးဆက် ဖွားမြင်လာလို့ ဝမ်းမြောက် ကြည်နူးရသည့်အပြင် ထိုမင်းသားမှာ စကြေးဝတေးမင်းပင် ဖြစ်လာမည်ဆိုသဖြင့် အတိုင်းထက် အလွန်ပင် ဝမ်းသာနေကြ၏။
         ခမည်းတော် မင်းကြီးသည် သားတော်လေးအား မင်းသားတို့ တတ်အပ်သည့် အတတ်မျိုးစုံကို အကုန်ပင် သင်ကြားစေ၏။ မင်းသားလေးမှာလည်း ထက်မြက်လှသဖြင့် သင်ပေးအပ်သော ပညာရပ်တိုင်းကို လျှင်မြန်စွာ တတ်မြောက်၏။ တတ်သည့် အချင်းအရာမှာလည်း တစ်ဖက် ကမ်းခတ် တတ်မြောက်မှုချည်း ဖြစ်၏။ နန်းတွင်း ဗြဟ္မဏ ပညာရှိတို့ ဟောကြာချက်မှာ မင်းသားလေး အရွယ်ရောက်လေ၊ ဖြစ်နိုင်ချေ များလာလေဖြစ်၍ ဘုရင်ကြီးမှာ နှစ်လုံး ပျော်မွေ့ သဘောတော် တွေ့နေတော့၏။
         သို့သော်လည်း တစ်ခါ တစ်ရံမှာတော့ စိုးရိမ်ရပါသေး၏။ “သားတော် မင်းသားလေး တောထွက်သွားသော်” ဟု တွေးမိချိန်တွင် ယင်းသို့ ခံစားရ၏။ တစ်ဖက်ကတော့လည်း အဲဒီလို တွေးမိသည်ကို ကျေးဇူးတင်ကောင်း တင်နိုင်ပါ၏။ အကြောင်းမှာ မလိုချင်သည့် ဖြစ်လာနိုင်ခြေကို သတိယ တွက်ဆမိသဖြင့် ကြိုတင် ပြင်ဆင်နိုင်သောကြောင့်ပင်။
         အဓိက ကြိုတင်ပြင်ဆင်မှုကား သားတော်လေး မည်သည့် ဒုက္ခမျိုး၊ ဆင်းရဲမျိုးကိုမျှ မြင်ခွင့် သိခွင့်မရအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒုက္ခ သုက္ခများကို မြင်တွေ့ရခြင်း မရှိလျှင် တောထွက်ဖို့ရန် အကြံတော် ဖြစ်လိမ့်မည် မဟုတ်။ ထို့ပြင် မင်းစည်းးစိမ်၌လည်း ပိုမို သာယာ နှစ်သက် ပျော်ရွှင်မှုဖြင့် ဖက်တွယ်ပေလိမ့်မည်။ ယင်းသို့ ဖြစ်လာလျှင် ဘုရားဖြစ်ရေးအတွက် တောထွက်ဖို့ ပို၍ပင် ဝေးသွားပေလိမ့်မည်။ တောထွက်ဖို့ ဝေးသွားခြင်းသည် စကြာဝတေးမင်း ဖြစ်ရေးအတွက် နီးလာခြင်းပင် ဖြစ်ပါ၏။ 
      ထို့ကြောင့်လည်း နန်းတော်တွင်း နန်းတော်ပတွင် ပိုမို သာယာအေင် စီမံ၏။ စံနန်းဆောင်တို့ကလည်း ရမ္မ၊ သုဘ၊ သုရမ္မဟု သုံးဆောင်ပင် ရှိ၏။ ဥတုသုံးလီနှင့် အလိုက်သင့် အလှည့်သင့် ကိုက်ညီနေအောင် စီမံ ဆောက်လုပ်ထားသည်ဟု ဆို၏။ 
        စံနန်းဆောင်တွင်လည်း ရံရွှေတော် မောင်းမ မိဿံတို့ကား အပြည့်။ အားလုံးပင် ချောမောကြ၏။ လှပကြ၏။ ပြေပြစ်ကြ၏။ ရှုမငြီးဖွယ်တွေချည်း ဖြစ်ကြ၏။ သူတို့ကား သွယ်လျှသော လက်ချောင်း ခြေချောင်းလေးများကိုလည်း ပိုင်ဆိုင်ကြ၏။ ကြည်လင် ဝင်းပသော အသားအအရေလည်း ရှိကြ၏။ သေးသင့်ရာ သေး၊ သွယ်သင့်ရာ သွယ်၊ ပြည့်သင့်ရာ ပြည့်၊ မောက်သင့်ရာ မောက်သည့် ခန္ဓာကိုယ် အချိုးအစားမျိုး ရှိကြသည်ချည်းသာ ဖြစ်၏။

       သူတို့၏ တာဝန်သည် မင်းသားလေး အပျင်းတော် ပြေစေရန် တစ်နည်းဆိုရသော် ငြီးငွေ့မသွားစေရန် အက၊ အလှ တေးဂီတ ပဒေသာတို့ဖြင့် ဖျော်ဖြေပေးရန် ဖြစ်ပါ၏။ ယင်းသို့ ရံရွှေတော်များ ထားခြင်းသည် ထိုခေတ်က နန်းဓလေ့ ထုံးတမ်းဖြစ်သည်ဟု ဘီဘီစီက ထုပ်လွှင့်ခဲ့ဘူးသည့် ဗုဒ္ဓဝင်တွင် ဆို၏။ ခမည်းတော် ဘုရင်ကြီး စီမံထားသည်မှာ သားတော်၏ လောကတစ်ခုလုံးသည် ပျော်ရွှင် ကြည်နူးဖွယ် လောကဖြစ်နေစေရေး၊ ဆွဲဆောင်မှုအပြည့်ရှိသည့် လောကဖြစ်နေစေရေး  ဖြစ်ပါသည်။
         ထိုခေတ်ထုံးစံ အရ သက်တော် ဆယ့်ခြောက်နှစ်တွင် ယသောဓရာ မင်းသမီးလေးနှင့် လက်ဆက်၏။ မင်းသမီးလေးသည် လှလည်း လှနိုင်လွန်း၏။ ချောလည်း ချောနိုင်လွန်း၏။ ယဉ်မှုတွင်လည်း မှီသူမရှိ။ သစ္စာတရား ထားရှိမှုတွင် ပြိုင်းဖက် အလျှင်းပင် ကင်း၏။ အထက်က ဆိုခဲ့သည့် ဗုဒ္ဓဝင်တွင် သိဒ္ဓတ္ထမင်းသားသည် ယသောဓရာ မင်းသမီးကို လက်ဆက်နိုင်ရေး ယှဉ်ပြိုင် အနိုင်ယူခဲ့ရပြီး ခမည်းတော်ကြီးမှာကား သားတော်၏ စွမ်းပကားကို ကြည့်ကာ ကြည်နူး ဝမ်းမြောက်လှသည်ဟု ပညာရှင်တို့ ဆိုကြ၏။
               
         မင်းသားသည် သူ၏ နန်းတော်တွင် လို-တ-ရ ဘဝဖြင့် မင်းစည်းစိမ် အလယ်တွင် စံတော်မူနေခဲ့သည်။ ဘုရင် သုဒ္ဓေါဓန မင်းကြီး၏ အကြံအစီသည်လည်း ခုထိ ကောင်းနေဆဲ။ စီမံလုပ်ဆောင်ချက်သည်လည်း အစွမ်းပြ ထိရောက်နေဆဲပင်။ “ဤအတိုင်းသာ ဆိုလျှင်” ဟု တွေးကာ ခမည်းတော်ကြီးမှာ ကြိတ်၍ ဝမ်းသာနေ၏။
      သို့သော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်း အပ်သော ပါရမီတော်တို့ကား သဗ္ဗညုတ ဉာဏ်တော်ကြီး အတွက် ဆိုသည်ကို မည်သူမျှ မသိကြ။ စိုက်ပျိုးထားအပ်သော ပန်းမာလ်တို့သည် အချိန်တန်လျှင် ပွင့်ကြရိုး၊ သီးပင်တို့သည် သီးကြရိုးပင်။ 
        တစ်ခါသော် အပါးတော်မြဲ အမတ် ဆန္နကို ခေါ်တော်မူပြီး ဥယျာဉ်တော်သို့ ထွက်တော်မူ၏။ မထွက်ခင်ကပင် ခမည်းတော်ကြီးက သွားနိုင်ရာ လမ်းတစ်လျှောက် မြင်နိုင်ရာ အရပ်တိုင်းတွင် သန့်ရှင်း သပ်ရပ် လှပစေရန် လုပ်ဆောင်ခဲ့သည်သာ မက၊ သံဝေဂ ရစေနိုင်သည့် သူအို သူနာလို လူတွေကိုပင် ရှင်းလင်းထားခဲ့သည်။ အမြင်မတော်စေမည့် အရာမှန်သမျှကို ရှင်းလင်းစေခဲ့သည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ပါချေ။
        မင်းသားကား ခရီးစဉ်၏ တစ်ခုသော အရပ်တွင် “သူအို“ကို မြင်ခဲ့လေပြီ။ မမြင်စဖူး အမြင်တော်ထူးရကား ဆန္နအမတ်ကို မေးမြန်းရ၏။ အမတ်သည် အိုခြင်းသဘောကို ရှင်းလင်း လျှောက်ထားသည်။ အလောင်းတော် မင်းသားကား အိုခြင်း သဘောတရားကို လေးလေးနက်နက် စဉ်းစားမိကာ စိတ်နှလုံး တုန်လှုပ် ခြောက်ခြားသွားခဲ့ရလေပြီ။ ဘဝအဆက်ဆက်က ဖြည့်ဆည်း ထုံမွှမ်းအပ်သော ပါရမီတို့ဖြင့် ထောက်ကူထားသည့် သူ၏ သံဝေဂ ဉာဏ်တော်တွင် အိုခြင်းသဘောသည် ကွင်းကွင်း ကွက်ကွက်ကြီး ပေါ်လာတော့၏။ 
        နောက်ခရီးစဉ် နှစ်ခုတွင် “သူနာ“နှင့် “သူသေ“တို့ကို မြင်ခဲ့ရပြန်လေရာ တုန်လှုပ် ချောက်ခြားသော စိတ်ထားတို့သည် ဖော်ပြ ပြောဆိုဖို့ ဝေါဟာရ အပိုင်းအခြား မဲ့သွားခဲ့လေပြီ။ ကြင်ယာတော်နှင့်လည်း မပျော်မွေ့၊ မောင်းမ မိဿံတို့၏ အက၊ အလှ၊ တေးဂီတတို့သည်လည်း နှစ်သက်စရာ မရှိ။ နန်းစည်းစိမ် တစ်ခုလုံးသည်ပင် သူအတွက် ဘာမျှ အဓိပ္ပါယ် မရှိတော့။ အရာရာသည် အနှစ် အသား မပါ၊ အကာ သက်သက်သာ ဖြစ်နေခဲ့တော့သည်။
          နောက် တစ်ခေါက် ထွက်ကြွခဲ့သည့် ခရီးတွင်လည်း မမြင်စဖူး အမြင်ထူးကို ကြုံခဲ့ရပါသေး၏။ ဤ မမြင်စဖူး ထူးလှသည့် အာရုံသည် သူ၏ စိတ်တော်ကို ပြန်လည် လန်းဆန်းစေသည်။ တက်ကြွစေသည်။ ငြိမ်းချမ်းစေသည်။ ထို့အပြင် မျှော်လင့်ချက် ရောက်ခြည်လည်း တောက်ပစေပြန်ပါသည်။ ယင်းမြင်ကွင်းသည်ကား သစ်ပင်အောက်တွင် ငြိမ်သက် တည်ကြည်စွာ ထိုင်နေသည့် ရဟန်းတော် ဖြစ်၏။ 
        ထိုမြင်ကွင်းက ပေးသည့် မျှော်လင့်ချက်အတိုင်းပင် သိဒ္ဓတ္ထမင်းသားသည် တစ်ခုသော ည၏ သန်းခေါင်ယာမ် လူခြေတိတ်ချိန်တွင် ဆန္နအမတ်ကို နောက်တော်ပါ အဖြစ် ခေါ်လျှက် ကဏ္ဍကမြင်းကို စီးကား တောထွက်တော်မူခဲ့သည်။ အချိန်ကောင်းကို ရွေးထွက်ခဲ့၍ နန်းတော်ရှိ လူအားလုံး တစ်ယောက်မျှ မသိကြ။ ဒုက္ခခပ်သိမ်း ကင်းပြတ်ငြိမ်းရာ နိဗ္ဗာန်ချမ်းသာ အတွက် နန်းစည်းးစိမ် တစ်ခုလုံးကို အလွယ်တကူပင် စွန့်ပစ်ခဲ့လေပြီ။ ချမ်းသာကြီးကြီး လိုချင်လျှင် ချမ်းသာသေးကို စွန့်ရမြဲ။ ထာဝရချမ်းသာကို လိုချင်လျှင် တဒင်္ဂချမ်းသာကို စွန့်ရမြဲ။ ယင်းအချိန်၌ နန်းစံသက် (၁၃)နှစ်၊ သက်တော် (၂၉) နှစ်သာ ရှိသေး၏။
                
      အနောမာမြစ် တစ်ဖက်ကမ်းသို့ ရောက်သော် ကဏ္ဍကမြင်းနှင့် အမတ်တို့ကို ပြန်လွှတ်လိုက်သည်။ ရဟန်းအသွင်ယူကာ တရားစကျင့်၏။ ဂင်္ဂါမြစ်ဝှမ်း တစ်လျှောက် ကြွကာ ထိုခေတ်က နာမည်ကြီး ဆရာတို့ထံ နည်းခံကာ ကျင့်၏။ 
      ပထမ ဆရာကြီးကား ကာလာမ အနွယ် အာဠာရ ရသေ့ကြီး ဖြစ်၏။ သူကား အာကိဉ္စညာယတနဈာန်ကို ရရှိထားသူပါတည်း။ တရားဓမ္မ သင်ကြားပေးရာတွင် ပါးစပ်လှုပ်ရုံမျှဖြင့် သိဒ္ဓတ္ထမင်းသားသည် ဆရာ သိထားသော တရားအားလုံးကို သိသွား၏။ သိရာတွင်လည်း ခိုင်ခိုင်မြဲမြဲ စွဲစွဲကြီးပင် သိ၏။ ခဏကျင့်ရုံမျှဖြင့် ဆရာ ရထားသည့် ဈာန်ကို ရရှိသွား၏။ ဆရာကို ပွင့်ပွင့်လင်းလင်း မေး၏။ ဆရာကလည်း ဤတရားသည် သူသိမြင်သည့် တရားဖြစ်ကြောင်း ရိုးသားစွာ ဖြေ၏။ နောက် သူနှင့် အဆင့်တူ ရာထူးပေးကာ တပည့်များကို အတူ အုပ်ချုပ်ရန် ကမ်းလှမ်းသည်။ အလောင်းတော်ကား လက်မခံ။ လိုချင်သည်မှာ ဤအရာ မဟုတ်ပါလေ။
                   
      ဤဆရာထံမှ ထွက်ပြီး ရာမ၏ သား ဥဒကထံ သွား၍ နည်းခံပြန်၏။ ရှေးနည်းအတိုင်းပင် သင်ပေးအပ်သည့် တရားကို လျှင်မြန် ထက်မြက် စူးရှလှသော ဉာဏ်တော်ဖြင့် တစ်ခဏချင်း သိရှိတတ်မြောက်၍ ဆရာ ရရှိထားသည့် နေဝသညာ နာသညာယတနဈာန်ကို ရရှိလေတော့၏။ ပွင့်ပွင့်လင်းလင်း မေးကြည့်လိုက်ပြန်တော့ ဤတရားသည် ဤ ဆရာကြီး သိထားသည့် အမြင့်ဆုံးသော တရားပင် ဖြစ်နေပြန်၏။
            ဆရာကလည်း “သူသိတာကို အရှင် ဂေါတမ သိပြီး အရှင် ဂေါတမ သိတာကို သူသိပါကြောင်း” ဝန်ခံ ရှင်းပြသည်။ “ဤလို သီတင်းသုံးဖော်ကို ရခြင်းကား အရတော်လေစွ”ဟု ဝမ်းမြောက်လှသည်။ ဆရာ့အရာ၌ ထားပေးသည်။ သူ့ဂိုဏ်ကို ရှေ့ဆောင် ရှေ့ရွက်ပြုရန် ကမ်းလှမ်းသည်။ သို့သော် အလောင်းတော်ကား ကမ်းလှမ်းမှုကို ငြင်းပယ်ကာ သစ္စာရှာပုံတော် ခရီး ဆက်ထွက်ခဲ့သည်။ သစ္စာကို ထိုးထွင်း သိမှသာလျှင် ဒုက္ခအပေါင်းမှ ကင်းလွတ်ပြီး သန္တိသုခကို ရပေမည်။ 
       ဥရုဝေလတောအုပ်သို့ ဝင်ရောက်ကာ ဒုက္ကရစရိယာ အကျင့်ကို ပြင်းပြင်း ထန်ထန် ကျင့်၏။ မည်သူမျှ တုနှိုင်းမမှီအောင် ကျင့်၏။ တောအုပ်ကား ကြီးလည်း ကြီးမားလှ၏။ နက်လည်း နက်လှ၏။ ခေါင်လည်း ခေါင်လှ၏။ အစပထမတွင် ဤလိုနေရာ၌ နေ၍ တရားကျင့်ရန်သော်လည်းကောင်း၊ ပျော်မွေ့နိုင်ရန်သော်လည်းကောင်း၊ တစ်ပါးတည်း သီတင်းသုံးရန်သော်လည်းကောင်း ခက်ခဲကြောင်းနှင့် လုံလောက်သည့် သမာဓိ မရှိက စိတ်ချောက်ခြားနိုင်ကြောင်း သတိယမိသေးသည်။ သို့သော် စင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံတို့ ရှိသည့် အတွက် ထိုကဲ့သို့သော တော၌နေပြီး တရားကျင့်ရသည်ကို ချမ်းသာကြီးလှသည်ဟု မှတ်ယူတော်မူခဲ့သည်။ 
        သို့သော် ခြောက်နှစ်ပတ်လုံး ကျင့်ပါလျှက်နှင့်ပင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို မရခဲ့။ မရခြင်းမှာ ကျင့်နည်းမှားနေသောကြောင့် ဖြစ်၏။ နောက်ဆုံးတွင် အစွန်းတစ်ဖက်သို့ ရောက်နေသော အတ္တကိလမထာနုယောဂ အကျင့်ကို ပယ်စွန့်တော်မူကာ မဇ္ဈိမပဋိပဒါအကျင့်ဖြင့် ကျင့်တော်မူလေရာ တစ်ခုသောနေ့၏ -

                      
ညည့်ဦးယာမ်တွင် ပုဗ္ဗေနိဝါသာနုဿတိဉာဏ်
သန်းခေါင်ယာမ်တွင် ဒိဗ္ဗစက္ခဉာဏ်
မိုးသောက်ယာမ်တွင် အာသဝက္ခယဉာဏ်တို့ကို ရတော်မူကာ လောကသုံးပါး အလယ်တွင် ဘုရားစင်စစ် ထင်ရှားစွာ ဖြစ်ထွန်း ပွင့်ပေါ်လာပါတော့သည်။
ယင်းနေ့ကား မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါသတည်း။
ဤဆောင်းပါးဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ (Vesak Day)ကို ရိုသေ လေးမြတ် ကြည်ညိုစွာ ပူဇော်ပါသည်။

http://satekuupuyar.blogspot.com/2012/05/blog-post_2441.html

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့မဟုတ်) သဗ္ဗညုရဲ့ နှစ် ၂၆၀၀ ပြည့်


ဒီနှစ် သာသနာတော် ၂၅၅၅ ကုန်ဆုံးလို့ ၂၅၅၆ အကူး ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့်နှစ် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့
(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား ကိုယ်စားပြုတဲ့ ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲတွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်းပထုမ်ရှိ ဗုဒ္ဓမွန်းထိုးဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေးပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။

အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ်ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန်စည်ကားတာ တွေ့ရတယ်။
သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရုံ့းပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။
ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။ လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့


“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ။
Ref:
- The Sunday Times. Sunday. (12.9.1999) & (21.5.2000) Colombo, Sri Lanka
- Essay on the Thailand, Copyright 1991, Thanapol Vittayakarn Co.Ltd.
- မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၊ ၈၊ ကဆုန်လပြည့်နေ့၊ ဗောဓိပင်။
တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)

ဂျပန်ဈေးမှာ သွားဝယ်တဲ့အခါ ----

ဂျပန်ဈေးမှာ ဈေးဝယ်တာလေးပြောပြမယ်နော်--
သူတို့ ဆီမှာ ဈေးဝယ်မယ်ဆိုရင် Kama ခါမာ့  ဆိုတဲ့ ရိုးရိုးဈေးနဲ့ Super ဆိုတဲ့  ဆူပါမားကတ်   တွေရှိပါတယ်။
ဘယ်မှာဝယ်ဝယ်ဈေးကတော့ မကွာပါဘူး။
ဈေးမှာ ရောင်းတာလေးတွေကလည်း အားလုံး လိုချင်စရာလေးတွေချည်းပဲ။
ကျမ ကို အသိဂျပန်ကြီးတစ်ယောက်ကပြောဖူးပါတယ်။
ဂျပန်မှာ ရုပ်ဝတ္တုပစ္စည်းတွေ အမျိုးမျိုး ပေါများစုံလင်နေပေမယ့်  လူတွေက စိတ်ချမ်းသာပျော်ရွှင်
နေတယ်ရယ်လို့တော့လည်းမဟုတ်ပါဘူးတဲ့ ။
 ဘာလို့ လည်းဆိုတော့ ဒီပြည့်စုံမှုတွေအားလုံးဟာ ငွေနဲ့ ဆက်ဝယ်နေရလို့ ပါ --တဲ့ ။
 ငွေရအောင် အချိန်ပြည့် ရှာနေရတော့ စိတ်လွတ်လပ်ပျော်ရွှင်မှုလည်းနည်းသွားတယ်တဲ့လေ-- အင်း--ဒီလို ကြားရတော့လည်း ဘာမှမရှိလည်း တဲကုပ်နဲ့ နေ၊ထမင်းကြမ်းစားရင်းပျော်နေတဲ့ မြန်မာ   တွေကပဲ ပိုပြီးစိတ်ချမ်းသာမှုရနေသလိုလို --
လူ့ အလို နတ်မလိုက်နိုင်ဆိုသလိုပေါ့လေ ---
အာလုံးပြည့်စုံတယ်ရယ်လို့ ကတော့ လောကကြီးမှာ ဘယ်ရှိပါ့မလဲနော့ ။
ကိုယ်ရရှိလာတဲ့ ဘ၀ကို  ပျော်ရွှင်ကျေနပ်နိုင်မှ လူ့ ဘ၀နေရကျိုးနပ်မယ်လေ--
ကျမကတော့ ရန်ကုန်က ဒညင်းကုန်း ဈေးလေးမှာတိုးဝှေ့ ဝယ်ရတာလည်းပျော်တာပါပဲ။
ခု ဂျပန်ရောက်တော့ လည်း ဂျပန်ဈေးသွားရတာပေါ့ နော်--

ဒါက Takahama မြို့ က Kama ပါ

 

အ၀င်မှာ ပျိုးပင်ပေါက်လေးတွေ ၊ ပန်းပင်လေးတွေရောင်းတယ်။ဈေးမကြီးဘဲ ၀ယ်ချင်စရာပါ။


အသီးအနှံပင်လေးတွေဆိုရင် ဓါတ်ပုံပါကပ်ထားတယ်။ဘာပင်လဲ မေးနေစရာမလိုတော့ဘူးလေ





 ဒါက Toki မြို့ကSuper ပါ



အလဲ့ -- ဘွားဘွားတွေက ဈေးဝယ်လာတာအလန်းနော်


 သူတို့ ကတော့ ၀ယ်လိုက်ကြတာ

ကိုယ့်မှာတော့ ၀ယ်ဖို့ ရွေးလိုက် ဈေးဖတ်ကြည့်ပြီး ချလိုက်နဲ့ --
 မြန်မာငွေနဲ့ လိုက်တွက်ကြည့်နေရင်တော့ ဘာမှစားဖြစ်မှာမဟုတ်ပါဘူး။
သူတို့ ငွေနဲ့ ကိုယ့်ငွေ က ဆယ်ဆကျော်ကွာနေတာကိုး။
 လစာချင်းကျတော့လည်းအဆနှစ်ဆယ်လောက်ကွာသွားတယ်လေ။
သူတို့ လစာနဲ့ သူတို့ ကတော့တော့  စားလောက်ပါတယ်။
သူတို့ ဆီမှာ အသား၊ငါး ထက် သစ်သီးတွေက ဈေးပိုကြီးနေတာပါ။
ခရမ်းချဉ်သီးအရွယ်တော် တစ်လုံးကို ယန်းတစ်ရာကျော်မို့  ဘာဟင်းချက်ချက် ခရမ်းချဉ်သီးအနှစ်ကျအောင်ချက်တတ်တဲ့ ကျမ ဂျပန်မှာ ဟင်းချက်ရင်မထည့်ရတော့ပါဘူး။
သူတို့ ရဲ့ Okinawa ကထွက်တဲ့ သရက်သီး တစ်လုံးဘယ်လောက်လို့ထင်လဲဟင်--
ဟောဒီမှာကြည့်ပါ--
သရက်သီးတစ်လုံးကို ယန်း ၇၈၀၀ ပါ။ မြန်မာငွေနဲ့ဆို  ကျပ်၈ သောင်းလောက်ပေးရပါတယ်။


 မင်းဂွတ်သီး တစ်လုံးက ယန်း ၆၈၀ ပါ

ဖရဲသီးတစ်စိပ် က ယန်း ၄၀၀ကျော်ပါ


ဒူးရင်းသီးတစ်လုံးက ယန်း ၆၀၀၀ ကျော်ပါ
 သာမန် အရသာသိပ်မကောင်းတဲ့ သရက်သီးတွေပါ
 

  သင်္ဘောသီးတစ်လုံးက ယန်း ၇၈၀ ပါ




 သူတို့ ဆီမှာ သူဌေးတွေကလွဲရင် သာမာန် မိသားစုတွေ က ဒီအသီးတွေကိုအမြဲ ၀ယ်မစားကြပါဘူး။
ဒီလိုဆိုတော့လည်း တို့မြန်မာပြည်မှာ သစ်သီးဝလံတွေ အားရပါးရ စားနိုင်သေးတာ ဂုဏ်ယူစရာပါ။
 ဒါကြောင့်  စက်ရုံ ကားမောင်းတဲ့ ဂျပန်တစ်ယောက်က ပြောဖူးတယ်။
သူ့ ဘ၀မှာ အရသာရှိတဲ့ သရက်သီးကို  တ၀တပြဲ အားရပါးရ တစ်ခါလောက်စားကြည့်ချင်တယ်တဲ့လေ--
သူ့ ကို မြန်မာပြည်လာလည်ဖို့ ကျမ ခေါ်ထားပါတယ်။ သရက်သီးတွေ မင်းဂွတ်သီးတွေ သင်္ဘောသီးတွေ
အ၀ကျွေးမယ် ဆိုတာလေးကြားတာနဲ့ ကို သူ မြန်မာပြည် လာလည်ချင်နေပါပြီ။
 မြန်မာက အားသာချက်တွေ ကို သိဖို့ ပြောပြတာပါ။
ဘယ်အရာဖြစ်ဖြစ် အကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ။
သူများနိုင်ငံမှာလည်း ကောင်းတာတွေရှိသလို ကိုယ့်မြန်မာပြည်မှာလည်းနေချင်စရာကောင်းတဲ့အချက်လေးတွေရှိတာ သိစေချင်လို့ ပါ။

ဘာပဲပြောပြောကျမကတော့ ကျမရဲ့ အမိမြန်မာပြည်ကြီးနဲ့  သုံးလတာခွဲခွာနေရတာလွမ်းလှပါပြီ။

ဖုန်ဘယ်လောက်ထူထူ၊နေဘယ်လောက်ပူပူ၊မီးဘယ်လောက်ပျက်ပျက် ပြန်လာခဲ့မယ်မြန်မာပြည်ကြီးရယ်။


မေတ္တာမွန်ဖြင့် 
 သန္တာအောင်