Saturday, May 5, 2012

လွတ်မြောက်ခွင့်ပြုပါ

“ကောင်မလေး…အသည်းနင့်အောင် ကိုယ်တစ်ကယ် ချစ်ခဲ့မိပါတယ် …..ရှေးရှေးတုန်းက ရေစက်ထင်တယ် ကြုံလာတဲ့  ခဏလေးမှာ မြင်မြင်ချင်းကွယ် ကောင်မလေး မင်းတစ်ယောက်ကို ဘယ်လိုချစ်မှန်းလဲ မသိအောင်ကွယ် ….တစ်နေ့ထက် တစ်နေ့ ပိုတိုးတိုးလာတယ် …..အကြင်နာတွေ မင်းအတွက်ပါကွယ်…. ပူပင်သောကတွေနဲ့ စိုးထိတ်လို့ရယ် စောင့်စားရသူ ရင်ဖိုလှိုက်မောတယ် ကြည်ဖြူပြီး လက်ခံမလား မုန်းများသွားမှာလား…လို့ရယ် ရင်ခုန်စွာမျှော်လင့်ရင်းနဲ့……….. ”
ကိုကြီး…… အသံအေးချိုချိုလေးနဲ့ အမြဲဆိုနေကျ သီချင်းလေးလေ ကိုကြီး……..ထွေးငယ်တို့အိမ်ခြံစည်းရိုးနဲ့ ကိုကြီးတို့ စည်းရိုးအစပ်က စိန်ပန်းပင်အောက်မှာ ဂစ်တာတစ်လက်နဲ့ အမြဲညည်းနေတတ်တဲ့သီချင်း….ထွေးငယ်တို့ငယ်ငယ် ကိုကြီးတို့ လူပျိုပေါက်အရွယ်မှာ.. ကိုကြီးက ဆို ထွေးငယ်က ပရိတ်သတ်ပေါ့ …. အသက်တစ်ဆယ့်တစ်နှစ်လောက်ကွာတဲ့ ထွေးငယ်နဲ့ ကိုကြီးက မောင်နှမအရင်းတွေထက်တောင် တစ်ဦးကိုတစ်ဦး ပိုရင်းနှီးနေခဲ့ကြတယ်.. လသာတဲ့ညလေးတွေများဆို အရမ်းပျော်ဖို့ကောင်းတယ်… စိန်ပန်းပင်ကြီးရဲ့ ဖြာထွက်နေတဲ့ ခက်မတွေ…လရောင်ရဲ့ အေးမြတဲ့ အရိပ်လေးတွေ… ကိုကြီးရဲ့ သီချင်းအေးအေးလေးတွေကို ကိုကြီးပုခုံးပေါ်မီပြီး..နားထောင်ခဲ့တာ…ထွေးငယ် အခုထိမှတ်မိသေးတယ် ကိုကြီးရယ်……. နှစ်အိမ်သားလုံးပြောနေကျ စကားကတော့ တစ်ယောက်က အဆိုရူး တစ်ယောက်က စာပေရူးတဲ့.. ဟုတ်ပါ့နော် ထွေးငယ်တို့က ပြောလဲ ပြောချင်စရာ.. ထွေးငယ်က ကြီးလာရင် စာရေးဆရာမလုပ်မယ်လို့ ပြောတာကိုး………..
ကိုကြီးက ကိုကြီးချစ်သူနဲ့အဆင်မပြေတဲ့အခါတိုင်း ထွေးငယ်ကိုရင်ဖွင့်…. သီချင်းတွေဟစ်ခဲ့တာလဲ… အားလုံးအသိနော် ကိုကြီး…. ကိုကြီးကတော့ ထွေးငယ်ကို ကလေးဆိုပြီး အားလုံးပြောပြခဲ့တာပါ….ထွေးငယ်လဲ  ကိုကြီး.စကားတွေနားထောင်ရင်း အဲဒီချစ်သူဆိုတာကို မုန်းမိတယ် ဘာလို့များ အဲဒီမမက ကိုကြီးကို စိတ်ဆင်းရဲအောင်လုပ်တာလဲ လို့ပေါ့………. ဘယ်လိုပဲဖြစ်ဖြစ်.. ထွေးငယ်ကတော့ ကိုကြီး သီချင်းဆိုနေတဲ့အချိန်တွေဆို အရမ်းပျော်တာပဲ …ဘယ်လောက်ပဲ အိပ်ချင် အိပ်ချင်.. ထွေးငယ်ရေ နင့်ကိုကြီးတော့ ဂစ်တာကိုင်လာပြီလို့ မေမေတို့ ပြောတာပဲဖြစ်ဖြစ် ထွေးငယ်ကိုယ်တိုင် မြင်ရင်ပဲဖြစ်ဖြစ် အနည်းဆုံးသုံးပုဒ်လောက်တော့ နားထောင်ပြီးမှ အိပ်တာနော် ကိုကြီး… တခါတခါ နားမထောင်ဘဲ အိပ်ရတဲ့ညများဆို. .နောက်မနက်ပြောလို့မဆုံးဘူးပဲ…..
ဒီလိုပဲ ကိုကြီးရဲ့ ဂစ်တာသံချိုလေးတွေကို နားဆင်ပြီးမှ အိပ်တတ်တဲ့ ထွေးငယ်တစ်ယောက်….ထွေးငယ်ရဲ့ တစ်ဆယ့်တစ်နှစ်မြောက်မွေးနေ့မှာ ကိုကြီးကို ဂစ်တာတီးပြီး သီချင်းဆိုခိုင်းမယ်ဆိုတဲ့အတွေးနဲ့ ကိုကြီးဆီကို အလာ…..တင်းမာနေတဲ့ ကိုကြီးကို တွေ့လိုက်ရတယ်… ဘာဖြစ်တာလဲ မသိပေမယ့် ကိုကြီး စိတ်ဆိုးနေပြီ ဆိုတာ သိတယ်… ကိုကြီးစိတ်ဆိုးပြီဆိုရင် …ထွေးငယ်ကြောက်တတ်တာ ကိုကြီးလဲသိတာပဲ… ထွေးငယ်ကိုမြင်တော့… မျက်နှာကိုပြင်လိုက်ပေမယ့်…အရင်တုန်းကလို ရွှင်ပျပျတော့မဟုတ်ဘူး…ကိုကြီး… ပင်ပန်းနေလို့ပါ တဲ့… ထွေးငယ် သနားလို့.. မွေးနေ့လက်ဆောင် မတောင်းတော့ဘဲ အိပ်တော့မယ်လို့ စဉ်းစားနေတုန်း … ကိုကြီးက…သီချင်းဆိုပြမယ်ဆိုပြီး ..အများကြီးဆိုပြခဲ့တယ်….အရင်အချိန်ဆို ပျော်မိမှာ မှန်ပေမယ့်… ကိုကြီးစိတ်ထဲတစ်ခုခုဖြစ်နေသလိုပဲ ထင်လို့ မပျော်ခဲ့ဘူးကိုကြီး……
နောက်နေ့မနက် ထွေးငယ် အိပ်ယာက အထ… ကိုကြီးနဲ့ ထွေးငယ်တို့ မေမေ နှစ်ယောက်  စကားတွေ……. ပြောနေကြတယ် ကိုကြီးအကြောင်းပြောနေကြတာပဲ….ထွေးငယ်ကိုမြင်တော့ ကိုကြီးမေမေက က ငိုတယ် ထွေးငယ်ရဲ့ ကိုကြီး ဟိုးအဝေးကြီးကို သွားတယ်တဲ့.. ကိုကြီးမေမေနဲ့ စိတ်ဆိုးပြီး သွားတာတဲ့… ကိုကြီးပဲပြောဖူးတယ်လေ ထွေးငယ် မေမေက ထွေးငယ်ကို ဆူလို့  စိတ်ကောက်ရင် မိဘက ကောင်းစေချင်လို့ ချစ်လို့ ဆိုပြီး စိတ်မကောက်ရအောင် ပြောခဲ့တာလေ ခုတော့ ကိုကြီးက….. ကိုကြီး……. ကိုကြီး ဘာလို့ အဲဒီလိုလုပ်ခဲ့ရတယ်ဆိုတာ နားမလည်နိုင်ဘူး…
ထွေးငယ်တစ်ယောက်တည်း….ညတိုင်း ကိုကြီးသီချင်းသံတွေ လွမ်းနေမှာ ကိုကြီးမသိဘူးလား  ကိုကြီးရယ်……. ဘယ်တော့မှ ပြန်လာမလဲ မသိပေမယ့် ..ထွေးငယ်ကတော့  ညနေရောက်တိုင်း.. စိန်ပန်းပင်ကြီးကိုမြင်တိုင်း… သီချင်းသံအေးအေး လေးတွေ  ကြားတိုင်း ကိုကြီးကို အမြဲသတိရနေခဲ့တယ်…ကိုကြီးကို သတိရတိုင်း… ကိုကြီးရဲ့ သီချင်းသံလေးတွေ လွမ်းတိုင်း…ထွေးငယ် စာလေးတွေ ရေးဖြစ်ခဲ့တယ်…ထွေးငယ်ရဲ့ မေမေနဲ့ တီတီလေးက စာရေးတာ ၀ါသနာပါတာ ကိုကြီးလဲ သိမှာပေါ့..ထွေးငယ်ရဲ့ ခံစားချက်လေးတွေကို ကဗျာတွေ စာတွေအဖြစ် ထွေးငယ်ပြောင်းလဲခဲ့တယ် မေမေနဲ့ တီတီလေးက မြေတောင်မြှောက် အားပေးရင်း ထွေးငယ်ကို စာပေလမ်းကြောင်းထဲ ဆွဲခေါ်ခဲ့တယ် ထွေးငယ်ကိုလဲ အားပေးတယ်..ထွေးငယ်လဲ ကိုကြီးသွားတဲ့နောက်ပိုင်း စာထဲမှာပဲ စိတ်နစ်ခဲ့တယ်ပေါ့
သူငယ်ချင်းတွေအတွက် မွေးနေ့ဆုတောင်းကဗျာလေးတွေ စရေးရင်းကနေ တဖြည်းဖြည်း ကြိုးစားပြီး ရေးကြည့်ခဲ့တယ်  သူငယ်ချင်းတွေ ပေးဖတ် ဝေဖန်ခိုင်းရင်းနဲ့ ကိုယ့်ဘ၀ကိုယ်ကျေနပ်နေခဲ့တယ်…. ကိုကြီးရေ..နောက်တော့ ထွေးငယ်က မေမေ့ဆီက ရတဲ့အမွေကြောင့်လား ထွေးငယ်ရဲ့ ၀ါသနာကြောင့်လားတော့မသိဘူး စာရေးခြင်းကို စူးစူးနစ်နစ် စိတ်ဝင်စားလာခဲ့တယ် ထွေးငယ်…ကိုကြီးကို သတိရတိုင်း ကိုကြီးဆိုနေကျ.. ကောင်မလေး သီချင်းကို တိုးတိုးညည်းနေခဲ့ရင်း၊ ကဗျာတွေ စာတွေရေးရင်း  အချိန်တွေ ကုန်လွန်ခဲ့တယ်… ကိုကြီးနဲ့ ပြန်ဆုံဖို့ ဆိုတဲ့ မျှော်လင့်ချက်လေးတွေလဲ တဖြည်းဖြည်း မှုန်ဝါးလာပြီပေါ့….ဒါပေမယ့် ကံကြမ္မာရဟတ်လို့ ပြောရမလား … ဘ၀ဇာတ်ဆရာလို့ပဲ ဆိုရမလား…၂၀၁၁ ရဲ့ ဒီဇင်ဘာ နှစ်ကူးညမှာ ထွေးငယ်တို့တွေ ပြန်ဆုံဖြစ်ခဲ့ကြတယ်နော်… တကယ့်ကို ၀မ်းသာကြည်နူးဖြစ်ခဲ့ကြတာလေ… ထွေးငယ်တို့ ပြန်ဆုံတော့ ထွေးငယ်အသက် နှစ်ဆယ့်ခုနစ်… ကိုကြီးအသက်.. သုံးဆယ့်ရှစ်ပေါ့…. အသက်တွေလဲ ငယ်တော့တဲ့အရွယ်မှ မဟုတ်တော့ပဲနော် ….
.ထွေးငယ်တို့ ပြန်ဆုံတဲ့အချိန်မှာ ကိုကြီးက ဒုတိယအကြိမ်မြောက်…အသည်းကွဲနေပြီပေါ့… ထုံးစံအတိုင်း ထွေးငယ်ကို ရင်ဖွင့်စကားတွေဆိုခဲ့တယ်… ဒါပေမယ့် ငယ်တုန်းကနဲ့တော့ ကွာခြားသွားခဲ့ပြီပေါ့… အကွာခြားဆုံး အချက်ကတော့ ငယ်တုန်းကလို ကိုကြီးသီချင်းဆိုတာကို ထွေးငယ် နားထောင်ခွင့်မရတော့ဘူးလေ…. ထွေးငယ်လေ..ကိုကြီးရဲ့.. စကားသံတွေ   နားထောင်ရင်း  ကိုကြီးကို သနားလာတယ် ကိုကြီးရဲ့ပူလောင်တဲ့စိတ်တွေကို  အေးချမ်းစေချင်လိုက်တာ..
မထင်မှတ်ဘဲ… ၂၀၁၂ ရဲ့ ချစ်သူများနေ့မှာ ကိုကြီးက ထွေးငယ်ကို ချစ်ခွင့်ပန်ခဲ့တယ်.. ကိုကြီးစိတ်တွေ အေးချမ်းချင်ပါပြီတဲ့.. .. ကိုကြီး…ထွေးငယ် ဘယ်လိုဆုံးဖြတ်ရမှန်း မသိပေမယ့်.. ကိုကြီးအပေါ်မှာတော့..တင်းတင်းမာမာ မဆက်ဆံရက်ဘူး ကိုကြီး.  ထွေးငယ်.. ကိုကြီးရဲ့ ချစ်သူကိုလဲ အားနာ.. ကိုကြီးကိုလဲ သနားနဲ့.. အမျိုးမျိုးတော့ စိတ်ရှုပ်ခဲ့ရတယ်.. နောက်တော့  အရင်က သံယောဇဉ်နဲ့ အခု.. ပြန်ပေါင်းပြီး ကိုကြီးကို လက်ခံခဲ့တယ်… ကိုကြီးချစ်ခဲ့တဲ့ချစ်သူက ထွေးငယ်ကို လာတော့ သတိပေးရှာတယ်.. ညီမလေး သေချာပြန်စဉ်းစားတဲ့… သူက အမုန်းခံပြီး ၀င်ပြောတာ ကိုကြီး သူ့ကို အရမ်းချစ်နေရာကနေ တူးတူးခါးခါး မုန်းသွားခဲ့တယ်… ထွေးငယ်က အဲဒီမမရဲ့ စေတနာကိုလဲ နားလည် ကိုကြီးကိုလဲ ပစ်ပစ်ခါခါ မလုပ်ရက် ဒီတော့ ကိုကြီးကို ထွေးငယ် လက်ခံခဲ့တယ် အားလုံးကိုပစ်ပြီးတော့လေ ..
တကယ်တော့ ကိုကြီးချစ်သူက ကိုကြီးကို မချစ်တာမဟုတ်ဘဲ ကြောက်သွားခဲ့ လန့်သွားခဲ့တယ်ဆိုတာ ထွေးငယ်  ကိုကြီးကို လက်ခံပြီးနောက်ပိုင်းမှ သိလာခဲ့ရတယ်.... ထမင်းစားရေသောက်က အစ အရာအားလုံးကို ဂရုစိုက်ခဲ့တယ် ကိုကြီးကို ပြန်ဂရုစိုက်မှလဲ ကိုကြီး ကြိုက်တယ်… နည်းနည်းများ မေ့ထားမိလိုက်လို့ကတော့ စကားများလို့ကို မဆုံးဘူး ကိုကြီး.. အရင်က ကိုကြီး ဘယ်ရောက်သွားလဲ လို့တောင် တွေးမိတယ် ထွေးငယ်ကိုကြီးက အရမ်း အချစ်လွန်နေတာကိုလေ..  အရမ်းကိုဂရုစိုက် အရမ်းကို ချစ်တတ်လွန်းပြီး….ကိုကြီးကိုလဲ  အဲဒီလိုပြန်ချစ်တာ လိုချင်ခဲ့တယ်… တကယ်တော့ ကိုကြီးက အချစ်ကို လောဘကြီးလွန်းလို့ ကိုကြီးမရခဲ့တာပဲ..
ထွေးငယ်နဲ့ ကိုကြီးတို့ရဲ့လွန်ခဲ့တဲ့ အတိတ်က ပျော်ရွှင်ကြည်နူးစရာအချိန်လေးတွေ ဘယ်ရောက်ကုန်ပြီလဲ..ကိုကြီး.. သူငယ်ချင်းတွေနဲ့ စကားပြောတော့လဲ  ကိုကြီးကို အချိန်မပေးလို့ဆိုပြီး မကြိုက်ပြန်ဘူး.. ယောက်ျားလေးမိတ်ဆွေ ထားတာကိုလဲ အပြစ်တင်ခဲ့တယ်… ထွေးငယ် အနေအထိုင်မတတ်ရင် ဆုံးမတာကတော့ ဟိုးအရင် ငယ်လေးကတည်းပဲ အခုက ကိုကြီးက ချစ်တာမဟုတ်ဘဲ ပိုင်ဆိုင်လိုစိတ်ကြောင့် အရာအားလုံးကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေခဲ့တယ် တကယ်တော့ ကိုကြီးဘက်က ချစ်တာဆိုပေမယ့် တစ်ဖက်လူက ချစ်တာလို့မမြင်ဘဲ ချုပ်တာလို့ ခံစားရတယ်ဆိုတာ ကိုကြီး ယောင်လို့တောင် မတွေးမိဘူး ထင်ပါရဲ့.. ကိုကြီးရဲ့ အသေးအဖွဲက စ လိုက်ခံစားတတ်တဲ့ အချစ်ကြောင့် ထွေးငယ် စိတ်တွေ အကျဉ်းကျခဲ့တယ်.. လွတ်လပ်မှုမရှိတော့ဘူး .. ပေါ့ပါးမှုမရှိတော့ဘူး ကိုကြီး..  နောက်ဆုံး ဘယ်လောက်ထိဖြစ်သွားလဲ ဆိုရင် ထွေးငယ် ချစ်ခဲ့တဲ့ ကိုကြီးနဲ့စကားပြောရမှာတောင် လန့်သွားတဲ့အထိဖြစ်ခဲ့တယ် ကိုကြီး…
တကယ်တော့ ကိုကြီးရယ် မိန်းကလေးဆိုတာ ပန်းကလေးတွေနဲ့ တူပါတယ်… ပန်းချင်းတူပေမယ့်..ဖွံ့ဖြိုးတဲ့အခါ ပွင့်တဲ့အခါ လိုအပ်တဲ့ လိုအပ်ချက်တွေက မတူနိုင်ဘူး ကိုကြီး. ကိုကြီးချစ်တဲ့အချစ်က ဘာနဲ့တူလဲ ဆိုတော့..ဒီပန်း မြန်မြန်ပွင့်အောင် ရေများများလောင်းနေတဲ့ ဥယျာဉ်မှူးနဲ့တူတယ် ကိုကြီး…. သဘာဝတရား… ပန်းလေးရဲ့ အနေအထား လိုအပ်ချက် ဘာမှမကြည့်ဘဲ ရေသာလောင်းနေတဲ့ ဥယျာဉ်မှူးလေ ကိုကြီး…
ကိုကြီးရဲ့ ချစ်ခြင်းတရားကို နားမလည်တာ  မဟုတ်ပေမယ့် ကိုကြီးရယ်…ထွေးငယ်တို့ မိန်းမသားတွေမှာ မိန်းမသားမာန ရှိတယ်ဆိုတာ ကိုကြီးမမေ့သင့်ဘူး…. ပန်းပန်ရင် နန်းဆန်တယ် ဆိုပေမယ့်… ပန်းမပန်လဲ နန်းဆန်တဲ့သူတွေ ဒီခေတ်မှာ အများကြီးပါ ကိုကြီး…ပြီးတော့ ကိုကြီးက ယှဉ်ပြီးရွေးခိုင်းတဲ့ အလုပ်ကိုလဲ ၀ါသနာထုံသေးတယ်နော်… နှင်းဆီ၊ ပိတောက်နဲ့ စံပယ် သုံးမျိုးထဲက ကြိုက်တာရွေးပန်…တဲ့ .. ပန်းမပန်လဲ ထွေးငယ် နန်းဆန်နိုင်ပါတယ် ကိုကြီး… နှင်းဆီလဲ သူ့ပင်ကိုယ်တန်ဖိုး ရှိသလို ပိတောက်နဲ့ စံပယ်ကလဲ တန်ဖိုးတစ်ရွေးသားတောင် မလျော့ပါဘူး… နှင်းဆီကို ရွေးတိုင်း ပိတောက်နဲ့စံပယ်ကို တန်ဖိုးမထားဘူး ပြောလို့မရသလို ပိတောက်နဲ့စံပယ်ကိုရွေးတိုင်းလဲ နှင်းဆီကို တန်ဖိုးမထားဘူးလို့ ပြောလို့မရဘူးဆိုတာ ကိုကြီးသိမှာပါ………
နောက် ကိုကြီး ရွေးခိုင်းတယ် သူငယ်ချင်းတွေနဲ့ ကိုကြီး.. တစ်ဦးကိုပဲရွေးတဲ့…. ဒီရွေးချယ်ခိုင်းမှုက ထွေးငယ်နဲ့ သိက္ခာနဲ့ ဖြူစင်တဲ့ သူငယ်ချင်းမေတ္တာတွေကို အထင်သေးတဲ့သဘောဆိုတာ ကိုကြီး မသိခဲ့ဘူး… ကိုကြီးက အချစ်လောဘကြီးတာကိုး…. ထွေးငယ်တို့တွေ ချစ်သူဖြစ်ကြပါပြီ ဆိုကတည်းက ရန်ဖြစ်လိုက်ကြ စိတ်ဆိုးလိုက်ကြ အော်လိုက် ဟစ်လိုက်နဲ့ တစ်ရက်ကလေးမှ ပျော်ရွှင်ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူးပဲနော် … ကိုကြီးချစ်တာကို နားလည်နိုင်ပေမယ့်..ထွေးငယ်ရဲ့မာနကိုချိုး ..ထွေးငယ်ရဲ့ဘ၀ကိ ဆုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ကိုကြီးကိုတော့ ထွေးငယ် အလျှော့မပေးနိုင်ခဲ့ဘူး…ဒီလိုဆိုတော့ ထွေးငယ်တို့နှစ်ယောက် ဘယ်မှာ အေးချမ်းနိုင်ပါတော့မလဲ ..ထွေးငယ် စိတ်ကို ခဏခဏလျှော့ခဲ့ပေမယ့် ကိုကြီးရဲ့ နှုတ်က ထွက်လာတဲ့စကားလုံးတိုင်းက မကျေနပ်မှု အလိုမကျမှု သံသယဖြစ်မှုတွေနဲ့ပဲ ပြည့်လျှံလို့ နေတာလေ
အခုလဲ ကိုကြီး ထွေးငယ်ကို  ရွေးချယ်ခိုင်းပြန်ပြီ.. ဒီတစ်ခါတော့ အကြီးမားဆုံး စွန့်စားမှုပဲ ကိုကြီး.. ဘ၀နဲ့ချီလို့ပေါ့… ထွေးငယ်ရဲ့ဝါသနာ စာရေးတာနဲ့ ကိုကြီး နှစ်ခုထဲက တစ်ခုကိုရွေးတဲ့… ထွေးငယ် မဆိုင်းပါဘူး စာပဲရေးမယ်လို့ ထွေးငယ်ဖြေခဲ့တယ် .. ကိုကြီး အရမ်းစိတ်ဆိုးတာပေါ့.. ထွေးငယ်ကိုလဲ ပြောခဲ့တယ် အရည်မရ အဖတ်မရ..နဲ့  ထွေးငယ်ရဲ့ စာကောင်းလွန်းလို့များ သူငယ်ချင်းတွေ ဝေဖန်ပေးနေတယ်ထင်လားတဲ့…. ထွေးငယ်မှာ လိုအပ်ချက်တွေ ရှိတာ ထွေးငယ်သိတာပေါ့ ကိုကြီးရယ်.. အရည်မရ အဖတ်မရလို့ ကိုကြီး ဆိုလိုက်သလား …
ထွေးငယ် စာရေးတယ်ဆိုတာ တစ်ခုခုကိုမျှော်လင့်ပြီးရေးတာမဟုတ်ဘူး…  စာရေးခြင်းဆိုတာ ၀ါသနာပါလို့ကို ရေးနေတာ ကိုကြီး… စာရွက်နဲ့ ခဲတံတွေ့ရင် စာလေးတွေစီပြီး ရေးတတ်တာ အခုမှ မဟုတ်ဘူး ဟိုးငယ်ငယ်ကတည်းက ဆိုတာ ကိုကြီး သိမှာပါ….ထွေးငယ် ထွေးငယ်ရဲ့ ၀ါသနာကို မစွန့်လွှတ်နိုင်ဘူး ဆိုတော့ … ကိုကြီးထက်ကို စာရေးတာက တန်ဖိုးရှိလို့လား တဲ့…. ကိုကြီးရယ် တန်ဖိုးဆိုတာ သူ့နေရာနဲ့သူပါ ထွေးငယ်ဘ၀မှာတော့ နှစ်ခုလုံးက အရေးပါတာပဲ တန်ဖိုးရှိတာပဲ… ကိုကြီးက ကိုကြီးကို အချိန်မပေးနိုင်လို့ စိတ်ဆိုးတယ်ဆိုတာ ထွေးငယ်သိတယ်လေ ထွေးငယ်က နေ့ဘက် အလုပ်ဝင် ညဘက် စာရေး ဆိုတော့ ကိုကြီးလိုချင်တဲ့  အလေးထားမှု ဂရုစိုက်မှု ကြင်နာမှုတွေ ပေးဖို့ အချိန်မလောက်ဘူး တဲ့ ချစ်သူကိုပေးဖို့အချိန်မလောက်ဘူး ဆိုပြီး စိတ်ဆိုးတာလေ
တကယ်ဆို မျိုသိပ်ပြီးချစ်တတ်တဲ့ ထွေးငယ်ရဲ့ အချစ်နဲ့ အသေးအဖွဲကစ ထုတ်ဖော်ပြောပြီး ချစ်တဲ့ ကိုကြီးတို့က သဘာဝချင်းမှမတူတာပဲ… ဒေါသထွက်လို့ ပြောလိုက်တဲ့ ကိုကြီးရဲ့စကားက ထွေးငယ်ရဲ့ မာနကို ထိခိုက်စေတယ် ကိုကြီး အဆိုးဆုံးကတော့ ထွေးငယ်ဘ၀ကို ချုပ်ကိုင်ချင်တာပဲ ကိုကြီးရယ်… ချစ်တာနဲ့ပဲ ဘ၀တစ်ခုလုံး ကိုကြီးစိတ်တိုင်းကျ ဖန်တီးလို့ရတာမှမဟုတ်တာ… ပန်းပင်ကိုပျိုးပြီး ရှင်သန်ဖို့ ပွင့်လန်းဖို့ဆိုတာ ပန်းအိုးထဲစိုက်ထားရုံနဲ့ မရပါဘူး ကိုကြီးရယ်… ကိုကြီး ဆိုနေကျ  သီချင်းထဲကလိုမျိုး အချစ်ဆိုတာ ဘ၀နဲ့မပေါင်းစပ်ဘူးဆိုရင်တော့ ထွေးငယ်က ကိုကြီးလိုချင်တဲ့အချစ်မျိုး ပေးနိုင်ပါလိမ့်မယ်… တကယ်တော့ အချစ်နဲ့ဘ၀က တခြားစီလေ ကိုကြီးရယ်… ဒါကြောင့် ထွေးငယ် နန်းမဆန်ရလဲ နေပါစေ… ပန်းမပန်ရလဲ နေပါစေ.. ထွေးငယ်ဝါသနာပါတဲ့ စာရေးခြင်းအလုပ်ကို ဘ၀တစ်လျှောက်လုံး လုပ်သွားရရင် ထွေးငယ် နေပျော်ပြီ ကိုကြီး….. ထွေးငယ် ပန်းမပန်လဲ လှနိုင်ပါတယ်..ထွေးငယ် နန်းဆန်အောင် ကြိုးစားနေမှာပါ…….
ဟိုအရင် ငယ်တုန်းက ကိုကြီးနဲ့ ထွေးငယ်တို့ရဲ့ အချစ်က ဖြူစင်ပြီး အေးချမ်းခဲ့တယ် .. အေးချမ်းဆို ရယူလိုမှု ပိုင်ဆိုင်လိုမှုမှ မပါဘဲကိုး ကိုကြီးရယ်..ခုတော့ ကိုကြီးစိတ်က ကိုကြီးကို ပြန်ပြီး ပူလောင်စေတယ်ဆိုတာများ မသိလေဘူးလား ထွေးငယ်ကြုံတိုင်းလဲ ပြောပါရဲ့.. စိတ်ကိုအေးအေးချမ်းချမ်းထားပါ လို့ … အဲဒီလိုပြောတိုင်းလဲ ထွေးငယ်က နေတတ်တယ် နေနိုင်တယ် နေစိမ့်တယ် အဲဒီလိုနေချင်တယ်… ဆိုပြီး အရွဲ့တိုက် အငေါ်တူးတဲ့စကားတွေနဲ့ပဲ ကြုံခဲ့ရတယ်… ကိုကြီးရေ..ကိုကြီးလိုချင်တဲ့ အချစ်ကိုရချင်လေလေ ကိုကြီးဖမ်းလို့မရလေလေပဲ ဖြစ်နေမှာ ကိုကြီး…. လက်ဆုပ်ထားတဲ့သူက နောက်ထပ် ဘယ်အရာမှ ကိုင်လို့မရတော့ဘူးလေ…. ပိုင်ဆိုင်လို့မရတော့ဘူး ကိုကြီးရဲ့… ဒီတော့ ကိုကြီးရယ် ထွေးငယ်ကို  လွတ်လပ်ခွင့်ပေးတာထက် ကိုကြီးစိတ်ကို ကိုကြီး လွှတ်ဖို့လိုတာပါ… ကိုကြီးဆုပ်ကိုင်ထားကို လွှတ်ချလိုက်မှသာ ကိုကြီးလိုချင်တာကို ဖမ်းဆုပ်ကိုင်လို့ရမှာလေ ကိုကြီး…………..ထွေးငယ်ပြောတာ ကိုကြီးနားလည်မှာပါနော်…. ထွေးငယ်လဲ စိတ်ရဲ့ အေးချမ်းမှု စိတ်ချမ်းသာမှု လိုချင်သလို ကိုကြီးရဲ့ စိတ်ကိုလဲ အေးချမ်းစေချင်တယ် ..လွတ်မြောက်စေချင်တယ်… ဒါကြောင့် ထွေးငယ်ကိုလဲ လွတ်လပ်ခွင့်ပေးစေချင်သလို ကိုကြီးရဲ့ စိတ်ကို လွတ်မြောက်ခွင့်ပြုလိုက်ပါတော့ ကိုကြီးရယ်……..


2 comments:

  1. ညီမလေး ဆောင်းချယ်ရီ ၀တ္တုလေးက ရင်နဲ့ ခံစားရေးဖွဲ့ ထားသလိုပဲ။
    ကောင်းလိုက်တာကွယ်

    ReplyDelete
  2. အားပေးခံစားမိပါတယ်..........တော်တော် ကောင်းတယ်

    ReplyDelete