Saturday, May 5, 2012

လက္ခဏာရေး သုံးပါးကို ဖုံးကွယ်ခြင်း

အနိစ္စကို သန္တတိ ဖုံးကွယ်တယ်၊ ဒုက္ခကို ဣရိယာပထ ဖုံးကွယ်တယ်၊
အနတ္တကို ဃန ဖုံးကွယ်တယ် ဆိုတဲ့စကားကို
သမ္မောဟ ၀ိနောဒနီ အဋ္ဌကထာ အာယတန၀ိဘင်္ဂမှာ ဖွင့်ပြထားပါတယ် ...
အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ သည်တရားသုံးပါးတို့ဟာ
အမှန်ထင်ရှားသော တရားများဖြစ်ပါလျက်
အဘယ်ကို နှလုံးမသွင်းခြင်းကြောင့် မထင်သလဲ ...
အဘယ်တရားဖြင့် ဖုံးလွှမ်းခြင်းကြောင့် မထင်သလဲ ...
ဤသို့ မေးငြားအံ့ .................
အနိစ္စမထင်သော အကြောင်းကို ရှေးဦးစွာ ငါ ဆိုအံ့ ...
အနိစ္စဆိုတဲ့ မမြဲသောတရားဟာ ဧကန်ရှိသောတရား ဖြစ်သော်ငြားလည်း
ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို နှလုံးမသွင်းခြင်းကြောင့်
ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ထိုးထွင်းပြီး မသိဘူး...
ဖြစ်ပျက်ကို မသိတဲ့အတွက်
သန္တတိဆိုတဲ့ ရုပ်အစဉ်၊ နာမ်အစဉ် ဖုံးလွှမ်းနေတယ် ...
ဒါကြောင့် အနိစ္စကို မထင်ခြင်း ဖြစ်သတဲ့ ...
ဒုက္ခတရားဟာလည်း ထင်ရှားရှိပါလျှက်နဲ့
ရုပ်နာမ်တို့ရဲ့ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတို့ကို နှလုံးမသွင်းတဲ့အတွက်
ရုပ်နာမ်တို့ရဲ့ ဖြစ်ခြင်း၊ ရင့်ရော်ခြင်း၊ နာကျင်ခြင်း၊ ပျက်ခြင်းတို့ကို မမြင်ဘူး။
မမြင်ခြင်းကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်တို့
ပြောင်းလည်းပေးခြင်းဖြင့် ချမ်းသာသလိုလို ထင်နေတယ် ...
ဒါကြောင့် ဒုက္ခတရားကို ဣရိယာပုတ်က ဖုံးလွှမ်းနေတယ်သတဲ့ ...
ခန္ဓာအတွင်းမှာ ခိုင်မာသော အတ္တအနှစ် မရှိရိုးမှန်သော်လည်း
အထူးထူးသောဓာတ်ကို အသီးသီး ခွဲခြမ်းခြင်း မရှိတဲ့အတွက်
ဓာတ်အသီးသီး အကြောင်းအကျိုး ဆက်သွယ်နေတာကို မမြင်ဘူး ...
အကြောင်းအကျိုး ဆက်သွယ်နေတာကို မမြင်တဲ့အတွက်
သန္တတိဃန ဖုံးလွှမ်းနေတယ် ...
သန္တတိဃန ဖုံးလွှမ်းနေလို့ အနတ္တကို မထင်ဘူးလို့ ဖွင့်ပြထားတယ် ...
အနိစ္စ၊ ဒုက္ခ၊ အနတ္တထင်အောင် ပြုလုပ်နည်းကိုလည်း
သမ္မောဟ၀ိနောဒနီမှာ ဖွင့်ပြထားပါတယ်
သမ္မေဋ္ဌကထာမှာ ဖွင့်ပုံက
ဖြစ်ခြင်းပျက်ခြင်းကို သိမ်းဆည်းပြီး သန္တတိကို ဖျက်ဆီးလိုက်လျှင်
အနိစ္စလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...
မပြတ် ပြင်းစွာနှိပ်စက်ခြင်းကို နှလုံးသွင်းပြီး
လျောင်း၊ ထိုင်၊ ရပ်၊ သွား လေးပါးသော ဣရိယာပုတ်ကို
ခွာကြည့်လိုက်လျှင်
ဒုက္ခလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...
အထူးထူးသောဓာတ်တို့ကို အသီးသီး ခွဲခြမ်းပြီး
အစိုင်အခဲ ထင်နေတဲ့ ဃနကို ခွဲကြည့်လိုက်လျှင်
အနတ္တလက္ခဏာကို မဖောက်မပြန် အမှန်အတိုင်း မြင်နိုင်သတဲ့ ...

(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
                                                          

 ရှာဖွေတင်ပြသူ-မာလာထွေး

No comments:

Post a Comment