Wednesday, May 30, 2012

နိုင်မယ့် ၀န်ကို သပ်သပ်ရပ်ရပ် ထမ်းပါ


ခုတစ်လော ကျမ စိတ်တွေ မကြည်လင်ဘူး။ ဘာလို့လည်းဆိုတော့ လုပ်ချင်၊ဖြစ်ချင်တာတွေ များနေလို့ ပါ။ ကုမ္မဏီ
အလုပ်ကလည်း မိုးချုပ်တဲ့အထိမအား၊ အိမ်မှာကလည်း လုပ်စရာအိမ်မှုကိစ္စတွေကများ ၊ သင်တန်းတစ်ခုလည်းတက်ချင်၊
သူငယ်ချင်းတွေက ခရီးထွက်ဖို့ အဖော်လာစပ်တော့လည်း လိုက်ချင် ၊ ဒီကြားထဲ သူများတွေ ဘလော့ပို့စ်တွေ အဆက်
မပြတ် တင်နေတာတွေ့ တော့ စာတွေရေးချင်စိတ်က ပြင်းပြလာပြန်ရော--



လုပ်ချင်တာတွေကများနေပေမယ့်  လုပ်ချင်စိတ် ပဲရှိပြီး လူက မလိုက်နိုင်တော့ မချင့်မရဲနဲ့  ကိုယ့်ကိုယ်ကို ဒေါသဖြစ်၊
စိတ်တွေ တိုပြီး မငြိမ်းချမ်းဘူး ဖြစ်နေတာပါ။ ဒီအချိန်မှာ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့  “ တစ်ယောက်တည်းနေ
တစ်စိတ်တည်းထား” စာအုပ်မှာ ဆရာတော်ကို အင်တာဗျူးထားတာလေး ဖတ်ရတော့ ဆရာတော်မိန့် ကြားတဲ့ စကား
လုံးတွေက ကျမ ခံစားနေရတာနဲ့  သိပ်တိုက်ဆိုင်လို့ သဘောကျမိတယ်။


ဆရာတော်ကိုဒကာ တစ်ယောက် က မေးထားတာလေးပါ--

“သာသနာတော်ကြီး ထွန်းကားပြန့် ပွားရေးအတွက် ရှေ့ ဆက်ပြီး ဘယ်လို သာသနာပြုလုပ်ငန်းတွေ လုပ်ဖို့ 
စိတ်ကူးထားပါသလဲဘုရား--” လို့  မေးလျှောက်တော့  ဆရာတော်က


“ ဒီအတိုင်းပဲကောင်းပါတယ် ဒကာကြီးရယ်၊ ကိုယ့်ကျန်းမာရေး ၊ကိုယ့်ပင် ကိုယ်စရိုက်နဲ့  အကိုက်ညီဆုံး၊အလိုက်ဖက်ဆုံး
သာသနာပြုနည်းကတော့ တောထဲတောင် ထဲမှာ တစ်ယောက်တည်းနေပြီး စွမ်းနိုင်သမျှသာသနာပြုနည်းပဲလို့  ဦးဇင်း
ထင်တယ်လေ-ကိုယ်လည်းစွမ်းနိုင်သမျှကျင့် ၊သူတစ်ပါးကိုလည်းစွမ်းနိုင်သမျှ အကျင့် ခိုင်း ၊ မဟုတ်ဘူးလား။
ဦးဇင်းရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀ နဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး သာသနာပြုနည်းကို ဦးဇင်းရွေးချယ်ရမယ်မဟုတ်လား--
လူတိုင်းမှာ ကိုယ် အားကျတဲ့ ဘ၀ ပုံစံတစ်ခုတော့ ရှိကြစမြဲပါ။ ဒါပေမယ့်  တစ်ခြားသူတစ်ယောက်ရဲ့  ဘ၀ ပုံစံကို
ထပ်ထူထပ်မျှ ပုံတူကူးချဖို့ဆိုတာ ကတော့  မဖြစ်နိုင်ဘူးထင်ပါတယ်။ ဖြစ်နိုင်တယ်ပဲထား၊ဦးဇင်းကတော့  သူတစ်ပါးရဲ့ 
ဘ၀ ပုံစံကို ဘယ်တော့မှ ထပ်တူထပ်မျှပုံတူ ကူးမချချင်ပါဘူး။ ကိုယ့် ပုံစံနဲ့ ကိုယ် ၊ ကိုယ့် အဓိပါယ်နဲ့ ကိုယ်ပဲ ကိုယ့် 
ဘ၀ ကို တည်ဆောက်ချင်ပါတယ်။လူငယ်စကားနဲ့ ပြောရရင် ကိုယ့် စတိုင်နဲ့ကိုယ်ပေါ့ ။

ကိုရင်ဘ၀ကတည်းက ဦးဇင်းအားကျခဲ့တဲ့  ဘ၀ ပုံစံကတော့  ( ပထမ) သပိတ်အိုင် တောရဆရာတော်ဘုရားကြီး
(ဦးကတ္တိ) ရဲ့ ဘ၀ ပုံစံပါပဲ။ဆရာတော်ဘုရားကြီးက ရာသက်ပန် တောထဲ တောင်ထဲမှာပဲ တစ်ပါးထဲ နေသွားခဲ့ပါတယ်။
ပျံလွန်တော်မူတာတောင် အနားမှာ ဘယ်သူမှ မရှိခဲ့ပါဘူး။ စာသင်တိုက်တွေ တည်ထောင်၊ ရိပ်သာတွေ ဖွင့် လှစ်ပြီး
သာသနာပြုနေကြတဲ့  ဆရာတော်တွေကို အရမ်းကြည်ညိုပါတယ်။ အရမ်းလေးစားပါတယ်။ သူတို့ ရဲ့ အောင်မြင်မှု
ကိုလည်း အရမ်းဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့်  ကိုယ်ကိုယ်တိုင် တော့ စာသင်တိုက်လည်း တည်ထောင်ဖြစ်
မှာမဟုတ်ပါဘူး။ ရိပ်သာလည်း ဖွင့်လှစ်ဖြစ်မှာ မဟုတ်ပါဘူး။ သူတို့လိုမစွမ်းနိုင်လို့ ပါ။ မနိုင်ဝန်ကို မသပ်မယပ် ထမ်းပြီး
စိတ်ဆင်းရဲ ပင်ပန်းနေမယ့်အစား ကိုယ်နိုင်တဲ့ဝန်ကို သပ်သပ်ရပ်ရပ်ထမ်းပြီးစိတ်ကျေနပ် ချမ်းသာနေရတာက
ပိုကောင်းမယ် ထင်တယ်လေ။ ၀န်တစ်ခုကို နိုင်တယ် မနိုင်ဘူးဆိုတာက ဘေးလူအမြင်နဲ့  သတ်မှတ်လို့မရပါဘူး။
ကာကယံရှင်ရဲ့ ဘ၀အတွေ့ အကြုံ ၊ ဘ၀ခံစားချက်၊ ကျန်းမာရေးအခြေအနေ ၊ ပင်ကိုယ်စရိုက်လက္ခဏာ ၊
စိတ်နေသဘာဝ---စတဲ့ အကြောင်းတရားအမျိုးမျိုးပေါ် မူတည်ပြီး ကာယကံရှင်ကိုယ်တိုင်ကပဲသတ်မှတ်လို့ရပါတယ်။
ဘယ်ဝန်ကို ကိုယ်ထမ်းနိုင်တယ်၊ မထမ်းနိုင်ဘူးဆိုတာ ကာယကံရှင်က အသိဆုံးပါ။ ကိုယ်လည်းအေးအေးချမ်းချမ်း
နေရ၊ အများအတွက်လည်း တစ်ကယ်ထိရောက်၊ သာသနာအတွက်လည်း ရေရှည်တည်တံ့ တဲ့ တစ်ယောက်တည်း
နေပြီးသာသနာပြုနည်းကို တော့ ဦးဇင်းအနှစ်သက်ဆုံးပါပဲ--”



ဆရာတော် ဖြေကြားတာ ဖတ်ရပြီး နောက် ကျမ အမှန်ကိုမြင်လာပါတယ်။



အများလည်းသိကြမယ်လို့ထင်ပါတယ်။ ဆရာတော်က နေ့ အလင်းရောင်နဲ့ပဲ စာရေးစာဖတ် လုပ်လို့ရသူပါ။
သူများတွေလို ညမီးရောင်နဲ့  စာမရေးနိုင်--လို့  နေ့ ခင်းကိုပဲ အားပြုပြီး စာပေအလုပ်လုပ်နေရသူပါ။ ဒါကြောင့် 
ဆရာတော်က နေ့ ခင်း အချိန်တွေမှာ တခြား သာသနာ့ရိပ်သာတည်ထောင်ဖို့တွေ မလုပ်နိုင်ပါဘူး။


ဒါပေမယ့်  ဆရာတော်က သူနိုင် တဲ့ဝန်ကို သပ်သပ်ယပ်ယပ် ထမ်းနေတော့ ဆရာတော့် စာအုပ်တွေ စဉ်ဆက်
မပြတ်ထွက်နေပါတယ်။ ဆရာ့တော် စာအုပ်တွေဖတ်ပြီး အသိလိမ္မာရသွားတဲ့  လူငယ်လေးတွေ အများကြီးပါ။
ခု ကျမအပါအ၀င် လူတော်တော်များများက ထမ်းချင်တဲ့ ၀န်တွေများပြီး မနိုင်မနင်းဖြစ် ၊ ဘာမှလည်း ဟုတ်တိ
ပတ်တိဖြစ်မလာဘဲ လမ်းပျောက်နေသူတွေ အများကြီးပါ။


နိုင်ငံရေး ၊ လူမှုရေး၊ စီးပွားရေး --ဘယ်နေရာမဆို မနိုင်ဝန်ကို ဖရိုဖရဲ ပရမ်းပတာ ထမ်းနေကြသူတွေအများကြီးပါ။
ဒီတော့ ပြန်ပြီးစဉ်းစားကြဖို့တော့လိုပါတယ်။ ဘာပဲလုပ်လုပ် ကိုယ်နိုင်တဲ့ ၀န်ကိုပဲ ပိုင်ပိုင်နိုင်နိုင် ထမ်းကြရင်ပိုပြီး
တိုးတက် အောင်မြင် မယ်လို့ ထင်ပါတယ်။စိတ်လည်း ကြည်လင်အေးချမ်းပါတယ်။ တစ်ခုတည်းကိုစောက်ချလုပ်ရင်
ပိုပြီးကျွမ်းကျင် တတ်မြောက် လာပါလိမ့်မယ်။ ဒါကြောင့်  အားလုံးကိုပြောချင်တာက ကိုယ့် စိတ်ကိုယ် သေချာ
ပြန်ဆန်းစစ်ကြည့်ပြီး ကိုယ်ဘာကို အဓိက ထားမလဲ၊ ဘယ်ဝန်ကို နိုင်နင်းအောင် ထမ်းမလည်းဆိုတာ ပြတ်ပြတ်
သားသား ဆုံးဖြတ်ကြည့်ကြပါနော်။




မေတ္တာမွန်ဖြင့် 
သန္တာအောင်

1 comment:

  1. အင်း အမှန်တရားတွေပေါ့ အမရေ ။
    ဘာအလုပ်ပဲ လုပ်လုပ် ကိုယ်နိုင်သလောက်အ၇င်လုပ်မှ
    ဖြစ်မှာပေါ့ ။ပြီးမှ တစ်ဆင့်ချင်းသွားတာ ကောင်းပါတယ် ။
    အမပိုစ်လေး ဖတ်ပြီး အသိတရားတစ်ခုတော့ ရခဲ့ပါတယ် ။
    ကျေးကျေးပါအမရေ ။

    ReplyDelete