Wednesday, May 30, 2012

Countrysick ဆိုတဲ့ ဝေဒနာ

လေယဉ်ကြီးကပြာလွင်လွင် ကောင်းကင်ထဲမှာ ပျံသန်းနေပါတယ်--
ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ တိမ်စိုင်တိမ်လိပ်ကြီးတွေကို အပေါ်စီးက မြင်ရတာ လှလိုက်တာ-
စိတ်ကူးယဉ်တတ်တဲ့ ကျမက ငယ်ရွယ်စဉ် ကလေးဘ၀တုန်းက ကောင်းကင်ပြင်မှာ တိမ်တွေ လေတိုက်တိုင်း ပုံစံပြောင်း
သွားတာကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ ကိုယ် ဇာတ်လမ်းလေးတွေ ပုံဖော်ဖူးတယ်- ၀ါဂွမ်းစိုင်လို ဖွေးမွနေတဲ့  တိမ်တိုက်
တွေ ထဲမှာ လမ်းလျှောက်ကြည့်ချင်လိုက်တာလို့  တမ်းတ ဖူးပါရဲ့ --


ခုတော့ တိမ် တွေက ကျမ ရဲ့ လက်တစ်ကမ်းမှာ --တိမ်စိုင်ကြီးတွေရေ တွေ့ ရတာ ၀မ်းသာပါတယ်နော်-- အခု ကျမ
ရဲ့ မြန်မာပြည်ကို ပြန်နေတာလေ-ကျမ ချစ်ခင်ရတဲ့  အမိမြေကိုပြန်တဲ့ ခရီးစဉ် ချောမွေ့ အောင် ကူညီနော်--
ကောင်းကင်ပြာထဲမှာ လေနှင်ရာ လွင့် မျောနေတဲ့  လှပတဲ့  ၀ါဂွမ်းဖြူလေး လိုပဲအမြဲနေပါနော်- ညစ်မှိုင်းတဲ့  မိုးတိမ်
ညိုကြီးတွေ ဖြစ်ပြီး လေယဉ်ကြီးကို အနှောင့် အယှက်မပေးပါနဲ့ နော်-- ကျမ ရင်ထဲကပြောစကားကို နားလည်လို့ ပဲ
လားမသိ--တိမ်လိပ်လေးတွေက ဖွေးဖြူစွာ ပဲရှိနေလေရဲ့ --


လေယဉ်မယ်လေးက စားစရာတွေ လိုက်ဝေနေပါတယ်---
ဒီအစားအသောက်တွေ ကို အနံ့ တောင် မခံချင်တော့လို့ ကျမ အလှည့် ရောက်တော့ ကိုလာနဲ့  ဘီစကစ်ပဲ
တောင်းလိုက်ပါတယ်။ လေယဉ်မယ်လေးက ကျမဗိုက်မ၀မှာ စိုးလို့  လားပဲ ဘီစကစ်တွေအများကြီးပေးပါတယ်။
ရတယ် လေယဉ်မယ်လေးရေ---အမကလေ ရန်ကုန်ပြန်ရောက်တာနဲ့  အမ ကြိုက်တဲ့ မြန်မာဟင်းတွေ တစ်ဝကြီးနဲ့ 
ထမင်းစားရတော့မှာမို့  ဒီ အချိန်မှာ အဆာခံထားလိုက်မယ်-- ကျမ စိတ်ထဲကပြောတာကိုကြားသွားသလိုနဲ့ 
လေယဉ်မယ်လေးက ပြံးပြသွားပါတယ်။



သူ့ မျက်နှာလေးက ပြင်ထားတာ ကြွေရောင်တောက်နေတာပဲ--ရောင်စုံခြယ်မျက်နှာလေးနဲ့  မျက်တောင်တု
မည်းနက်နက်လေးနဲ့  သူ့ ကြည့်ရတာ ကော်ပတ်ရုပ်လေးလိုပဲ- ဟိုးအရင် လေယဉ် စ စီးဖူးခါစတုန်းကတော့
လေယဉ်မယ်လေးတွေ ဒီလို ပြင်ထားတာ ကြည့်ပြီး လှလိုက်တာလို့ ထင်မိပေမယ့်  ခုတော့ သူတို့ ကြည့်ရတာ ပင်ပန်း
လိုက်တာလို့  ခံစားမိတယ်။



မိတ်ကပ်တွေ အထူကြီးလိမ်း--ကော်ရည်တောင့် တောင့် ဆံထုံးကြီးနဲ့  အသက်ဘယ်လိုရှူနေလည်းမသိတဲ့  ကိုယ်နဲ့ 
အတိကပ်ချုပ်ထားတဲ့  ယူနီဖောင်းကျပ်ကျပ်နဲ့  ခဦးစဉ်တစ်လျှောက်လုံး လေယဉ်စီးနင်းသူတွေကို ဧည့်ဝတ်ပြု နေရတဲ့ 
သူတို့ လေးတွေ ပင်ပန်းလိုက်တာလို့  သနားမိတယ်။ ဒါပေမယ့် သူတိုကတော့ အပြုံးမပျက် လန်းဆန်းနေကြတာ
ချီးကျူးစရာပါ။ သူတို့ လေးတွေကြောင့် လေယဉ်ခရီးသည်တွေ စိတ်ချမ်းသာရတာ ကျေးဇူးတင်စရာပါ။



ကျမလည်း ဘီစကစ်လေး နည်းနည်းပဲ အဆာပြေစားပြီး ခေါင်းတွေမူးပြီး နားတွေ အူလာလို့  မှိန်းနေရပါတယ်။
ခုတလော ကျမ ကျန်းမာရေး မကောင်းဘူးဖြစ်နေတယ်။ သူများရေမြေ မှာ နေရစဉ် နေ့ တိုင်း စိတ်မလန်းဘူး--
ရင်တွေတုန်လိုက်--မောလိုက်--ခေါင်းတွေကိုက်လိုက်နဲ့  တစ်မျိုးပြီးတစ်မျိုးဖြစ်နေတယ်။ ဂျပန်မှာ ကျမတည်းတဲ့ 
အိမ်ရှင်တွေက သိပ်သဘောကောင်းတာပါ။ ကျမနေမကောင်းမှန်းသိလို့  စားကောင်းမယ်ထင်တာလေးတွေ လုပ်
ပေးးတယ်--အရသာရှိတဲ့ ဆိုင်လေးတွေ လိုက်ကျွေးတယ် --နေရာအနှံ့  လိုက်ပို့ တယ်--


ဒါပေမယ့်  ကျမကိုက နေလို့ ကောင်းကို မကောင်းတာ-- ဘယ်မှလည်းသွားချင်စိတ် မရှိဘူး-ဘာမှလည်း ၀ယ်ချင်
စိတ်မရှိဘူး- စိတ်မလန်းတော့  ဂျပန်က ခမ်းနားလှတဲ့  အဆောက်အဦတွေကလည်း ကျမကို မဆွဲဆောင်နိုင်ဘူး--
အရသာရှိတယ်လို့နာမည်ကြီးလှတဲ့  ဂျပန်စာတွေကိုလည်း ခံတွင်းမတွေ့ ပါဘူး--အိမ်မှာ အမြဲတမ်း ထမင်းနှစ်ပန်းကန်
လောက် မှ ၀ တတ် တဲ့ အစားကြီးတဲ့ ကျမက သူတို့ ကျွေးတဲ့ ပုဂံလုံးတစ်လုံးစာ ထမင်းလေးကို ဘယ်တော့မှ ကုန်
အောင် မစားနိုင်ပါဘူး--ရန်ကုန်မှာ အချိန်ပြည့်ဆာ နေတတ်ပြီး ပါးစပ်နဲ့မပြတ် မုန့်တွေ တစ်ခုပြီးတစ်ခု စားနေတတ်
တဲ့ ကျမက ရေခဲသေတ္တာ အပြည့်အိမ်ရှင်ဝယ်ထည့်ပေးထားတဲ့ မုန့်တွေ မစားလို့  အဆူတောင် ခံခဲ့ ရတယ်--


ကိုယ့်စိတ်ကမှ မစားချင်တာ ဘယ့် နှယ့် လုပ်မလဲ--ခုတော့ မြန်မာပြည်နားရောက်ခါနီးလေ ဗိုက်က ဆာလာလေပဲ--
ဟော--လေယဉ်ကြီး အောက်နိမ့်လာပြီ--ဟိုးမှာ --ရွှေတိဂုံ ဘုရားကြီး ဖူးမြင်နေရပြီ--ကွင်းပြင်ကို ဘီးထိသံနဲ့ အတူ
လေယဉ်ကြီး ကပြေးလမ်းကြောင်းအတိုင်းပတ်နေတာ ကြာလိုက်တာ--လေယဉ်ရပ်သွားတာနဲ့ ကျမ ချက်ချင်းထရပ်ပြီး
အထုပ်တွေ ဆွဲချမိတယ်--ရှေ့ ကသွားတဲ့ သူတွေကလည်းနှေးလိုက်တာဟယ်--တန်းစီထွက်ပြီး အထုပ်တွေရွေးပြီး
တော့ ကျမသယ်လာတဲ့ အလုပ်ကိစ္စနဲ့ ဆိုင်တဲ့  ပစ္စည်းအိတ် မှန်သမျှကို လာကြိုတဲ့ စက်ရုံ က တာဝန်ခံကို အပ်လိုက်
ပြီး ကျမ လေဆိပ်ကနေ အိမ်ကို အမြန်ပြန်ခဲ့ ပါတယ်။


လေဆိပ်က စ ထွက်ကတည်းက ကြိုလိုက်တဲ့ ပူနွေးတဲ့ လေပြည်လေးကိုက မြန်မာပြည်ရဲ့ အငွေ့ အသက်ပဲ-
ကျမကြိုက်တဲ့ စိန်ပန်းနီနီတွေ ပွင့်နေတာလည်း လမ်းတစ်လျှောက် လှလိုက်တာ--ဆယ်မိုင်ကုန်းဘက်ကနေ ဖြတ်
လာတော့ ကြားလိုက်ရတဲ့  ဘစ်ကားပေါ်က စပါယ်ယာလေးတွေရဲ့ အော်သံ၊ ဈေးသည်လေးတွေရဲ့  အသံစာစာလေး
တွေ နားထောင်ပြီး ကျမရဲ့ နောက်ကျိတဲ့စိတ်တွေ တဖြည်းဖြည်း ကြည်လင်ရွှင်ပျလာတယ်-- ဖော့ကန်ဈေးကိုဖြတ်
တော့ နေ၀င်ရီတရော ဖြစ်နေပြီ--ကြိတ်ကြတ်တိုး စည်ကားနေတဲ့  လူတွေ၊ ဈေးဆိုင်တွေ နဲ့  ညနေဈေးတန်းလေးကို
ကြည့်ပြီး အသံထွက်အောင် ရယ်နေမိတဲ့ ကျမကို ကားမောင်းတဲ့ ဒရိုင်ဘာဦးလေးကြီး ကတောင် လှည့်ကြည့်တယ်။



ဂျပန်က သပ်ယပ်သားနားတဲ့  ဆူပါမားကက်ကြီးတွေမှာ ခရမ်းချဉ်သီးတစ်လုံး ကို မြန်မာငွေ တစ်ထောင်လောက်
ပေးဝယ်ရတိုင်း ဒီလိုလမ်းဘေးဈေးတန်းလေး ကို ကျမဘယ်လောက်လွမ်းခဲ့ရ လည်းဆိုတာ ဦးလေးကြီးကမှ မသိ
တာကိုး-- အိမ်ပြန်ရောက်တာနဲ့  အထုပ်ဖွင့်ပြီး အိမ်နီးချင်းတွေကို ပါလာတဲ့ လက်ဆောင်လေးတွေပေးဖို့ ကျမ လမ်း
ထွက်ပါတော့တယ်။ ကလေးတွေရော ခွေးတွေရော ဆူညံ ပျော်ရွှင်နေတဲ့  ရေစပ်စပ်နဲ့ ဗွက်ပေါက်နေတဲ့ လမ်းလေး
လျှောက်ရင်း ၊ အော်ဟစ်နုတ်ဆက်နေတဲ့  လူတွေကို ပြုံးပြရင်း လက်ဆောင်လေးတွေပေးပြီးတာနဲ့  လမ်းထိပ်က
ညနေခင်းထွက်တဲ့  မုန့် ဟင်းခါးဆိုင်လေးမှာ ပဲကြော်နဲ့ အိုးဘဲဥနဲ့  ငရုတ်သီးစပ်စပ် မုန့် ဟင်းခါးနှစ်ပန်းကန် စားပြီး
နေကြာစေ့ ၊ လက်ဖက်ထုပ်တွေ ၀ယ်ပြီးမှ ကျမ အိမ်ပြန်ရောက်လာတော့တယ်--



ညဘက် လက်ဖက်သုတ် နဲ့  ရေနွေးကြမ်းနဲ့  နေကြာစေ့ လေးစားပြီး MRTV-4 က လာနေတဲ့  ကိုရီးယားကားကို
ရောက်တဲ့ နေရာက ဖြတ်ကြည့်ရင်းဇာတ်လမ်းပေါ်အောင် စဉ်းစားရတာ ကလည်းဇိမ်ပဲ -- ကြေငြာလာတဲ့အချိန်
သူငယ်ချင်းတွေဆီပြန်ရောက်တဲ့ အကြောင်း ကျမ ဖုန်းတွေ ဆက်ပါတော့တယ်။


သူတို့ တွေက ကျမကို လူမမာကြီးလို ဆေးခန်းပြပြီးပြီလား ၊ ဘာဆေးတွေသောက်ထားလည်း ပဲ ၀ိုင်းမေးနေတော့
ကြောင်တောင်ကြောင်သွားတယ်။ ကျမနဲ့  ညီမလို အရမ်းခင်တဲ့ကောင်မလေးနဲ့စကားပြောတော့လည်း လက်ဖက်သုတ်
စားနေတယ်ပြောတော့--


“အမလေး--ရောဂါကြီးနဲ့ ဘာတွေလျှောက်စားနေတာလဲ အမရဲ့ ”

“ ဟယ်--အမက ဘာဖြစ်လို့လဲ--”

“ ဖြစ်မှဖြစ်ရလေ--သူပဲဂျပန်မှာတုန်းက အွန်လိုင်းကနေ တချိန်လုံးညည်းနေတာ ၊ဟိုဟာဖြစ်ပြန်ပြီ ဒီဟာဖြစ်ပြန်ပြီနဲ့ 
ရောဂါပေါင်း ၉၆ ပါး တောင်မကဘူး--”



အဲ-ဟုတ်သားပဲ--ကျမကလည်းကျမပဲ---ခုမှ သူ့ ကို ညည်းခဲ့တာတွေ ပြန်သတိရတယ်- ဒါပေမယ့်လေ--ခု ကျမမှာ
အဲဒီတုန်းက ဖြစ်တဲ့ခံစားမှုတွေ တစ်ခုမှ မရှိတော့ပါလား-- ဆေးသောက်စရာလည်းမလိုတော့ပါဘူး-- မွန်းကြပ်နေ
တဲ့ ခံစားမှုကြီးမှ မရှိတော့တာ--ထူးဆန်းလိုက်တာနော်--ဘာဖြစ်တာလည်းပဲ-


သူများတွေပြောကြတာကြားဖူးတယ်--ကိုယ့်အိမ်နဲ့  ကြာကြာခွဲရရင် အိမ်လွမ်းဝေဒနာ Homesick ဆိုတာ ဖြစ်တတ်
သတဲ့ --ဒီဝေဒနာက ဆေးမရှိဘူး--အိမ်ပြန်ရောက်မှ ပျောက်တာတဲ့ -- ဒါဆိုရင်တော့ ကျမ သိပြီ-- ကျမ ဂျပန်မှာ
ခံစားခဲ့ရတဲ ရောဂါက Countrysick ဆိုတဲ့  နိုင်ငံလွမ်းဝေဒနာပဲ ဖြစ်ရမယ်--ဂီလာန ရောဂါသည်ကြီးလို ဘာမှမစားနိုင်
မသောက်နိုင် ဖြစ်ပြီး ရင်တွေတုန် အသက်ရှူတွေမ၀နဲ့  မွန်းကြပ်နေတဲ့  ခံစားမှုတွေဟာ မြန်မာ့မြေပေါ်ခြေချလိုက်တာ
နဲ့  ပိန်းကြာဖက်ပေါ်ရေမတင်သလို လွင့်စင် ကင်းပျောက်သွားပါပြီ--- ကျမဟာ ခုမှပဲ ကျမ ရဲ့  အမိမြန်မာပြည်ကြီးကို
ဘယ်လောက်ထိ ချစ်ခင်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ရတယ်။



အေးလေ--တန်ဖိုးဆိုတာကလည်း မရှိမှ၊ ဝေးကွာမှ ပို သိတာကိုး။ အခု ကျမ ရောဂါပျောက်ကင်းပြီး အမိမြေရင်ခွင်မှာ
နားခိုနေချိန်မှာ ကျမခံစားခဲ့ရသလို Countrysick ရောဂါကြီး ခံစားပြီး အမိမြန်မာပြည်ကိုလွမ်းစိတ်နဲ့  စားမ၀င်၊
အိပ်မပျော်သူတွေ ရေခြားမြေခြားမှာ ဘယ်နှစ်ယောက်တောင် ရှိကြလိမ့်မလဲပဲနော်--


စားဝတ်နေရေး ဆိုတာကြီး ဖိစီးထားလို့  သူစိမ်းတွေကြားမှာ ကြိုးစားအလုပ်လုပ်ရင်း ၊ ခြိုးခြံခြွေတာ စုဆောင်းရင်း ၊
ပျော်ရာမှာမနေရဘဲ တော်ရာမှာနေနေရတဲ့  ရေကြည်ရာမြက်နုရာရှာရင်း ရေခြားမြေခြားမှာ နိုင်ငံလွမ်းဝေဒနာ ခံစား
နေရမယ့် သူတွေကို ကျမ ခံစားနားလည်ပေးရင်းဆုတောင်းလိုက်ပါတယ်။



ဖွံ့ ဖြိုးတိုးတက်လာတော့မယ့်  ကျမတို့  မြန်မာနိုင်ငံကြီး မှာ ရေကြည်အိုင်လေးတွေ မြက်ပင်နုနုလေးတွေ ပေါများ
လာပြီး ဟိုးအဝေးကြီးမှာ ချစ်သူခင်သူတွေကိုခွဲခွာပြီး စီးပွားရှာနေရတဲ့  အဝေးရောက် မြန်မာနိုင်ငံသားတွေ
ပြည်တော်ပြန် လှကြပါစေ-- Countrysick ဝေဒနာဆိုးကြီး ခံစားရတဲ့ ဘေးမှ ကင်းဝေးနိုင်ကြပါစေ ---





မေတ္တာမွန်ဖြင့် 
သန္တာအောင်

No comments:

Post a Comment