Friday, June 1, 2012

မာလာငွေ ကန်ရေအေးရယ်နှင့်  ……

တဆစ်ဆစ်နဲ့ ခေါင်းတွေကိုက်လိုက်တာ---

ကွန်ပြူတာ ကို မျက်စိပေါက်မတတ် စိုက်ကြည့်ရင်း ဂျပန်ဘက်က

အကြောင်းပြန်လာမယ့် မေးလ် တစ်စောင် ကို ရင်တထိတ် ထိတ် နဲ့ စောင့်နေမိပါတယ်။


ဒီကိစ္စ က ဒီနေ့  သိရမှဖြစ်မယ်။ ပြသနာက ငွေလွှဲ စာရင်းကွာတာပါ။

ကျမ ဒီဘက်က ငွေလွှဲလိုက်တာကို ဂျပန်ဘက် က မရသေးဘူးငြင်းနေပါတယ်။


ကျမ သေချာ စစ်ကြည့်ပါဆိုတော့ လည်း သူ့ ဘဏ်စာအုပ်မှာကို မ၀င်တာ ဆိုတော့  ကျမ ခေါင်းကြီးသွားပါတယ်။

ဒါဆို ဒီပိုက်ဆံ က ဘယ်ရောက်သွားလဲ-- ငွေပမာဏ ကလည်း သိန်းပေါင်း ရာချီနေတာ ကို 
တခုခု မှား ယွင်းသွားရင် ကိုယ်လည်း စိုက်ပြီး မပေးနိုင်ဘူး။ 

သူဌေးကို ဒီငွေစာရင်းက ဒီနေ့  တင်ပေးရမှာ။





ကျမ လွှဲပေးလိုက်တဲ့  ဘဏ် လိပ်စာများ မှား နေလားပြန်စစ်ကြည့်တော့လည်း မမှားပါဘူး။


နောက်ဆုံး တဖက်ဂျပန်ကြီးကို သေသေချာချာ ရှင်းပြပြီး ဘဏ်စာအုပ်ကို နောက်တခေါက်လောက် ပြန်စစ်ပြီး

အကြောင်းပြန်ပေးပါလို့  တောင်းဆိုထားရတာပါ။ သူ့ ဘက် က အကြောင်းပြန်စာ မရမချင်း လူက နေမရ ထိုင်

မရ ဖြစ်နေပါတယ်။ ဟော--မေးလ် ရောက်လာပြီ--



စာကိုအမြန်ဖတ်ကြည့်လိုက်တော့ဂျပန်ကြီးကသူ့ ဘဏ်စာအုပ်က နှစ်အုပ်ခွဲထားတာကျမက သူ့ကုမ္မဏီ ဘဏ်

အကောင့်ကို ပို့တာ ၊ သူက ပါစင်နယ် အကောင့်မှာ ရှာနေတာမို့  မတွေ့ တာတဲ့ --သူမှားပြောမိတာ တောင်းပန်ပါတယ်တဲ့ -- ဟင်းးးးးးးးးတော်ပါသေးရဲ့ 




သက်ပြင်းကြီး တစ်ချက် ချလိုက်မိရင်း တောင်တစ်တောင် တော့ ကျော်သွားပြန်ပြီလို့  တွေးလိုက်မိရုံကြံသေး

အရေးကြီးစာရွက် တစ်ရွက်ပျောက်နေတာ ရှာမတွေ့ ပြန်ဘူး။ 

ဒီစာရွက် က လက်မှတ်ထိုးပြီး ဂျပန်ဘက်ပြန်ပို့ရမယ့် မူရင်းစာရွက်ပါ
 --မေ့ မှာစိုးလို့  ကွန်ပြူတာရှေ့ မှာပဲ ထားထား တာကို ဘယ်ရောက်သွားတာပါလိမ့် -




ဘယ်နားထားမိပါလိမ့်--စဉ်းစားစမ်း--ကိုယ့်ဦးနှောက်ကို အလုပ်ပေးရင်း မျက်စိကနေရာအနှံ့  လိုက်ကြည့်ရင်း

လက်ကလည်း အိတ်တွေ ဖိုင်တွေထဲ မွှေနှောက်ရှာနေမိတယ်။ စာရွက်ကတော်တော်နဲ့  မတွေ့ ဘူး ၊ ချွေးတွေလည်းပြန်နေပြီ။
 နေ့ ခင်းထမင်းစားချိန်တောင် မစားနိုင်ဘဲ စေ့ စေ့စပ်စပ်ရှာနေတာ လုံးဝမတွေ့ ဘူး။
 ညနေဘက်ရောက်လာပြီး ဗိုက်အရမ်း ဆာလာမှ စိတ်ခဏလျှော့ပြီး ထမင်းထိုင်စားပါတယ်။





စားပွဲက ပေနေလို့  သုတ်ဖို့  မိတ္တူစက်အောက်မှာစက္ကူစုတ် လိုက်ရှာရင်း စာအိတ်ညိုတစ်ခု တွေလို့ ဆွဲ ထုတ်ကြည့်လိုက်တော့ --အလိုလေး--ကျမ ဒေါင်းတောက်အောင်လိုက်ရှာနေတဲ့ အရေးကြီးစာအိတ်က ဒီရောက်နေပါလား-

ဘယ်လိုဖြစ်တာပါလိမ့် --မနက်ကကျမစားပွဲခုံရှင်းပေးတဲ့သန့်ရှင်းရေးအမကြီးကဒီမှာခဏသိမ်းထားရင်း
 ပြန်ထားပေးဖို့ မေ့ သွားတာတဲ့ --အမလေး--တော်ပါသေးရဲ့ --

ဒီစာရွက်ပျောက်လို့ကတော့  အပြောခံလိုက်ရမယ့်ဖြစ်ခြင်း-




ကဲ--ခုတော့လည်း တောင်တစ်တောင် တက်ပြီးသွားပြန်ပေါ့ -


ပြသနာတစ်ခု ဖြစ်ရင် ကျမက တောင်တစ်တောင်တက်ရတော့မယ်လို့ သဘော ထားပါတယ်။ ပြသနာတစ်ခုဖြေရှင်းနိုင်သွားရင်တော့တောင်တစ်တောင်ကျော်နိုင်သွာြး့ပီလို့ 

သတ်မှတ်လိုက်ပါတယ်။ တောင်တွေကလည်း ကျော်ဖြတ်လို့ကို
မဆုံးနိုင်အောင်ပါပဲလားနော်။ 

အသက်တစ်ရာမနေရပေမယ့်  အမှု တစ်ရာ ပွေ ရတယ် --ဆိုတဲ့  စကားလိုပါပဲ။




တစ်ခါတစ်လေ ရင်ဆိုင်ဖြေရှင်းဖို့ ခက်ခဲတဲ့  ပြသနာတွေကလည်း အများကြီးပါ။ စိတ်ရှုပ်လွန်းလို့  ဒီပြသနာတွေ ရဲ့အဝေးကိုထွက်ပြေးသွားလိုက်ချင်ပေမယ့် မရနိုင်တဲ့ ဘ၀မှာ ကျမဟာကဗျာလေးတစ်ပုဒ်ကို တဖွဖွရေရွတ်ရင်းကိုယ့်ကိုယ်ကိုဖြေသိမ့်ရပါတယ်။ ဒီကဗျာလေးက အလယ်တန်းကဗျာလေး တပုဒ်ပါ။




ခေါင်းစဉ်က ချစ်ဖွယ့် လူသား

တစ်တောင်ပေါ် တစ်တောင်ဆင့်  တောင်အမြင့် ပတ်ခြံရံ

တစ်တောင်ဆုံးပြန်တော့  တစ်လုံးကျန်ပြန်ပေသမို့ 

ဖန်ဖန်လေ အားအင်နှိုးလို့ ရယ် ကြိုးလျှောက်ရပြန်

ခါတစ်လေ တစ်ကယ်ပန်းတာကြောင့်  တော်ပါပြီဆက်မလှမ်းချင်ဘု

ရပ်တန်းကရပ်မယ်ကြံ အမှန်တော့ ဖြစ်နိုင်ပါ့မလား

စခဲ့မိဟာမို့  တစ်နေ့ မှာ ဆုံးအောင်ရောက်ပါလိမ့် 

အားလျှော့ ကာ ဆုတ်ချင်စမ်းပါနဲ့ 

မာလာငွေကန်ရေအေးရယ်နှင့်  ငှက်တေးကိုအာရုံဆင်လို့ 

မူတစ်သွင် အားအင်သစ်လိုက်ပါ့  ချစ်ဖွယ့် လူသား။





ဒီကဗျာလေးဖတ်ရကတည်းကကျမမျက်စိထဲမှာချွေးတလုံးလုံးနဲ့တောင်တွေတစ်လုံးပြီး တစ်လုံးမောကြီးပန်းကြီးနဲ့ကြိုးစားပမ်းစားတက်နေရတဲ့ လူသားတစ်ယောက်ကိုမြင်ယောင်လာပါတယ်။ သူ့ ခမျာ တော်တော် ပင်ပန်းနေပြီ--တောင်တွေကလည်း မကုန်နိုင်တော့ မောလှပြီ။







လက်လျှော့ အရှုံးပေးလိုက်ချင်ပေမယ့်  စခဲ့မိတဲ့ ခရီးကဆုံးအောင် ဆက်လျှောက်ရမှာပဲလေ- 
ဒီတော့လည်း အားပြန်တင်းရမှာပေါ့ -- 

လမ်းခရီးကပန်းပင်လေးတွေ၊ ကန်ရေအေးအေးလေးတွေ၊ တီတီတာတာသီကြူးနေတဲ့ ငှက်သံလေး

တွေ ကိုအာရုံခံစားရင်း ခေတ္တခဏအမောဖြေရင်း အားအင်သစ်တွေ မွေးဖွားရမှာပဲပေါ့ --



ကျမ တို့ အားလုံးလည်း ဒီလူသားလိုပဲပေါ့နော်--




နေ့ တိုင်း တက်လိုက်ရတဲ့ တောင်တွေ -တောင်တွေ --တခါတလေ သိပ်မောတာပဲ--အားလျှော့ အရှုံးပေးချင်စိတ်တွေ နဲ့ပြသနာကိုရင်ဆိုင်ဖြေရှင်းဖို့ခွန်အားမရှိတော့လို့  ထွက်ပြေးလိုက်ချင်ပေမယ့်  မဖြစ်နိုင်တဲ့ဘ၀တွေပါ။




ဒီတော့လည်း စိတ်ပျော်ရွှင်ကြည်နူးစရာလေးတွေကို အာရုံပြောင်းရင်း ခဏ အပန်းဖြေလိုက်ပါ။


အားအင်သစ်တွေ ပြည့်လာပြီဆိုရင်တော့  တောင်တွေ ဆက်တက်ကြတာပေါ့ ။


မောလာရင်တော့  ကျမလိုပဲ ဒီကဗျာလေးကို ဖွဖွရွတ်ကြည့်လိုက်ပါနော်။



မေတ္တာမွန်ဖြင့် 

သန္တာအောင်




(ဒီကဗျာကစာအုပ်မရှိဘဲမှတ်မိနေတဲ့ အတိုင်းအလွတ်ချရေးရတာဖြစ်သောကြောင့် ကဗျာစာလုံးတွေ လွဲချော်ခဲ့ရင်အမှန်ကို ပြောပြ ပြင်ဆင်ပေးကြပါနော် ။)

No comments:

Post a Comment