Sunday, March 2, 2014
“ နှင်းဆီစူးတဲ့ …ရင် ”
( ၁ )
< နှင်းဆီပွင့်  နှင့်  ဆုံတွေ့ ခြင်း >
ထိုနေ့ သည် .... မင်းညိုမန်နေဂျာအဖြစ်ကြီးကြပ်ရသည့်Lifeဆူပါမားကက်ကြီးအတွင်း ဈေးဝယ်သူတို့ ဖြင့် ရှုပ်ထွေး
စည်ကားနေသောပုံမှန်တနင်္ဂနွေနေ့ တစ်နေ့ ပင်ဖြစ်သောကြောင့်  ဘာမှမထူးဆန်းခဲ့ပေ။
သို့သော်အပေါ်ဆုံးထပ်ရှိ သူ့ ရုံးခန်းမှခွာပြီးသုံးထပ်တွင်ရှိသော သူငယ်ချင်းကျော်ထိုက်ဖွင့်ထားသည့်
ကော်ဖီဆိုင်သို့ ဆင်းလာမိခြင်းကတော့သူ့ အတွက်ထူးခြားသောအပြုအမူတစ်ခုပင်။
ဆိုင်ဖွင့်ထားသည်မှာ ခြောက်လခန့် ရှိနေပေမယ့်  ယခုမှ ဆိုင်လာဖူးသောမင်းညိုကိုကျော်ထိုက်က
ဝမ်းသာအားရကြိုဆို၏။ဆိုင်လူရှင်းချိန်မို့ ကော်ဖီတစ်ခွက်စီဖြင့် စကားပြောနေစဉ်ခပ်သဲ့ သဲ့ ကြား
လိုက်ရသည်က ချိုသာ ကြည်လင်သည့်အသံလေး…။
ချွန်မြမြ ဆူး နဲ့ 
ထူးခြားတဲ့  ပန်းနှင်းဆီ
သင်းကြည်ကြည် ရနံ့ သင်းပေမယ့်
အဆိပ်ပြင်းတတ်တာ
ရှင်… မမေ့ ပါနဲ့ လေ
ဘာတွေပြောနေတာပါလိမ့်…ဟုဇဝေဇ၀ါဖြင့် မင်းညို လှည့်ကြည့်မိသည့်အခါ ဆိုင်ထောင့်တစ်နေရာတွင်
စားပွဲများဆက်ကာစုဝေးထိုင်နေကြသည့်လူဆယ့်ငါးယောက်လောက်ရှိ မည့်အုပ်စုကြီးကိုတွေ့ရ၏။
အားလုံးထဲ မတ်တပ်ရပ်နေသောသွယ်နွဲ့ သည့်ပုံရိပ် လေးကထင်ရှားနေလေသည်….။
မင်းညိုကြားရသည်ကထိုပုံရိပ်လေးနုတ်ဖျားမှရေရွတ်နေသည့်အသံပင်…။
“ဟေ့ကောင်…ဘယ်အဖွဲ့ အစည်းကလဲ…ဘာတွေရွတ်နေတာလဲ”
“အော်..မဟုတ်ပါဘူးကွ ၊ သူတို့ က ကဗျာရွတ်တဲ့အဖွဲ့ ပါ”
“ ဒီလိုဆိုင်မျိုးမှာ ကဗျာလာရွတ်တယ်..ဟုတ်လား ”
မင်းညိုတအံ့တသြမေးရင်းတက္ကသိုလ်တုန်းကစာရူးကဗျာရူးမင်းထိုက်ပုံစံကိုပြန်မြင်ယောင်မိလေ၏။
သူကတော့ ကဗျာဆိုလျှင် ကျောင်းသင်ခန်းစာထဲသင်ရသောကဗျာကလွဲလျှင် မဖတ်ဖူးသူပါ။
“သူတို့ ကစာရေးဆရာတွေလေကွာ…မင်းကစိတ်မ၀င်စားလို့ သာမသိတာ...
လစဉ်ထုတ်မဂ္ဂဇင်းတွေမှာရေးနေတဲ့နာမည်ရကဗျာဆရာတွေလည်းပါတယ်”
“တခြားနေရာတွေမှာကဗျာရွတ်ကြတဲ့သတင်းတော့ဂျာနယ်တွေစာစောင်တွေမှာငါဖတ်ဖူးပါတယ်..
ဒါပေမယ့်  ဒီလိုဆူပါမားကက်ထဲက ကော်ဖီဆိုင်မှာ ကဗျာရွတ်တာတစ်ခါမှမကြားဖူးပါဘူး”
“ဟုတ်တယ်..ငါဖိတ်လိုက်တာ…သူတို့ အနုပညာကိုချပြလို့ရအောင်ပါ။
ဆိုင်လာတဲ့သူတွေလည်းစိတ်ဝင်စားကြတယ်ကွ..ခုဖတ်နေတဲ့စာရေးဆရာမလေးက ဆူးနှင်းဆီတဲ့  ၀တ္တုရောကဗျာရောရေးတယ်လေ……သူ့ရဲ့  နှင်းဆီကဗျာလေးတွေကသိပ်ကောင်းတယ်.
.မင်းကတော့ ခံစားတတ်မှာမဟုတ်ပါဘူး”
အကြောင်းသိသူငယ်ချင်းကျော်ထိုက်ပြောသလို ကဗျာကောင်းမကောင်းသူမသိ..။
သို့ သော် ကဗျာရွတ်နေသူလေး၏ကဗျာဆန်လှသည့်မျက်နှာလေးမှမျက်ဝန်းများကလွှဲဖယ်လို့ မရနိုင်ဘဲ
စူးစိုက်ကြည့်နေမိပြီ။သူမကတော့ မည်သူ့ အကြည့်မှဂရုမစိုက်ဘဲ ကြည်လဲ့တောက်ပသော
မျက်ဝန်းလေးများဖြင့် နှင်းဆီဆူး အကြောင်းရွတ်သွားလေ၏။
ထိုနေ့ က ကဗျာရွတ်ပွဲပြီးသည့်အထိသူ ထိုင်နားထောင်သဖြင့် ကျော်ထိုက်တအံ့ တသြဖြစ်နေသည်။
သူမတို့ ပြန်ခါနီးတော့ ကျော်ထိုက်နှင့်စကားလာပြောကြတော့ မင်းညို ငေးမောကြည့်နေမိသည်။
ပါးပြင်၌ သနပ်ခါးပါးကွက်လေးခပ်ရေးရေးထင် နေသောဖြူဝင်းသွယ်ပျောင်းသူလေးသည်
နှင်းဆီဖြူတစ်ပွင့်ကဲ့သို့ နှယ်ပင်…။
xxxxxxxxxxxxxx
(၂ )
< ရနံ့ မွှေးမြ လှပနှင်းဆီ >
မိသားစုအရေး နှင့် အလုပ်ကိစ္စများသာရှိသည့်မင်းညို၏ဘ၀ဖြတ်သန်းမှုထဲ နှင်းဆီတစ်ပွင့် ဝင်ရောက်
လာခဲ့လေပြီ။အပတ်စဉ် တနင်္ဂနွေနေ့ များတွင် မည်မျှပင်အလုပ်များနေပါစေ ကဗျာရွတ်ချိန်၌ကော်ဖီဆိုင်သို့ 
ရောက်အောင်လာတတ်သည့်သူ့ကို ကျော်ထိုက်ကပင်အံ့ သြယူရသည်။
သူတို့ သိသည့် မင်းညိုဆိုသူမှာ အလုပ်များပိနေသည့် စက်ရုပ်တစ်ရုပ်ပင်။
ယခုတော့ ထိုစက်ရုပ်၏အသည်းနှလုံးထဲ နှင်းဆီဆူး စူးရှခဲ့ပြီမို့ မျက်တက်တက်နာတာတာ
နှင့်  သူမကိုမတွေ့ မမြင်ရလျှင် ရင်ထဲ လစ်ဟာနေသည့်ခံစားချက် က ထူးဆန်းလှ၏။
ကဗျာရွတ်ပွဲ ပြုလုပ်သည့်တနင်္ဂနွေများထပ်ကာထပ်ကာဖြတ်သန်းသွားလေတော့
သူနှင့် နှင်းဆီ သည်လည်းကျော်ထိုက်မှတစ်ဆင့်ထံကာ ခင်မင်ရင်းနှီးလာရလေပြီ။
သူသည်လည်းအရင်လို ရုံးခန်းတံခါးပိတ်ပြီးအလုပ်များဖြင့် နပန်းလုံးနေသည့် မင်းညိုမဟုတ်တော့ပေ။
ကဗျာရွတ်ပွဲပြီးလျှင် နှင်းဆီနှင့် စကားပြောရင်းကော်ဖီသောက်ရသည့်အချိန်လေးများကို
မျှော်လင့်ရင်းသူ့ ဘ၀၏ရှင်သန်မှုမှာရင်ခုန်သံများဖြင့်ပူနွေးအသက်ဝင်လာသည်။
နှင်းဆီက မှော်ဘီဘက်မှာနေသည်။ တစ်ဦးတည်းသောသမီးဖြစ်ပြီးအဖေ၊အမေ နှင့်အတူ
သစ်ခွနှင့် နှင်းဆီပန်းများစိုက်ပျိုးရောင်းချသည့်အလုပ်ဖြင့် အသက်မွေးနေသူဟု သူသိထားသည် ။
ပန်းတွေကြားမှာနေသည့်မိန်းကလေးဆိုတော့လည်းကဗျာဆရာမလေးဖြစ်လာခြင်းကမဆန်းပေ။
တိုးတက်နေသောသည်ခေတ်ကြီးထဲ၌ လမ်းသွားရင်း ဖုန်းအင်တာနက်မသုံးသော ၊ ချည်ထည်ထဘီများသာ
စွဲမြဲဝတ်တတ်သော၊ သနပ်ခါးပါးကွက်မကွက်ရလျှင်မနေနိုင်သော၊ ဆံပင်ဖားလျားချပြီးအပြင်မထွက်သော၊
သေသပ်စွာ စည်းနှောင်ထားသည့် ဆံပင်တွင် နှင်းဆီပန်းတစ်ပွင့် အမြဲပန်ဆင်တတ်သော မြန်မာမလေးရှိနေ သည်ဟု တစ်စုံတစ်ယောက်က လာပြောလျှင် နားအကြားဖြင့် သူ ယုံနိုင်မည်မထင်။
နှင်းဆီသည် သူ့ ဘ၀တွင် မတွေ့ ကြုံဖူးသည့်ရိုးအေးဆန်းကြယ်လှသည့်မိန်းကလေးပင်။
မြန်မာစာအဓိကဘွဲ့ တစ်ခု ကိုအဝေးသင်ဖြင့်ယူပြီးကတည်းက နှင်းဆီ ပျော်မွေ့ ရာသည်
သူမ၏ပန်းဟေ၀န်ခြံကြီးပင်ဖြစ်ပါသတဲ့ ။ မဂ္ဂဇင်းတိုက် များသို့ စာမူပို့ သည့်အခါ ၊ ကဗျာဝိုင်းများရှိသည့်အခါများသာ နှင်းဆီရန်ကုန်မြို့ ထဲလာပါသတဲ့ ။
နှင်းဆီပြောပြသမျှတအံ့ တသြနားထောင်နေသည့်မင်းညိုပုံစံကတော့ သားနားသန့်ပြန့် ကာ
တကယ့်လုပ်ငန်းရှင်ကြီးတစ်ဦးကဲ့သို့ ပင်။ အရပ်မြင့် ခြင်း၊ ရုပ်ရည်သန့်ပြန့် ကြည့်ကောင်းခြင်း၊
စမတ်ကျကျဝတ်စားတတ်ခြင်းများကြောင့်လည်း မှိုလိုပေါက်လာသော DMA ဘွဲ့ ရများကြား
သည်နှစ်မှ အသစ်ဖွင့်လိုက်သော Life ဆူပါမားကက်ကြီး ၌ သူအလုပ်ရလိုက်ခြင်းပင်။
သို့ သော် သူ နှင့် DMA အတူတက်ခဲ့သည့်သူငယ်ချင်း ၀င့်ချယ်၏ထောက်ခံအားပေးမှုတော့ ပါခဲ့ရလေ၏။
Life သူဌေး၏တခြားလုပ်ငန်းခွဲတစ်ခုတွင်အလုပ်ဝင်နေသည့် ၀င့်ချယ်က သူ့ ကိုဖုန်းဆက် ကာ သည်နေရာ၊
သည်ရာထူးအားလာလျှောက်ပါဟုခေါ်သဖြင့် သာ လျှောက်ဖြစ်ခဲ့သော်လည်း ရမည်ဟုသိပ်မထင်ထားခဲ့ပေ။
သို့ ပေမယ့် လက်ရှိအလုပ်ထက် ငါးဆများသော လစာနှင့်မြင့်မားသည့်ရာထူးကိုသူရရှိခဲ့သည်။
ကောင်းမွန်သည့် လခနှင့်ထိုက်တန်စွာမင်းညိုအလုပ်လုပ်ပေးနေခြင်းသာဖြစ်သော်လည်း အများအမြင်မှာတော့ သားနားသန့်ပြန့် ပြီးLife တွင် အချိန်ပြည့်ရှိနေသောသူ သည် ဆူပါမားကက်ကြီး၏ရှယ်ယာဝင်လိုလို
ထင်မှတ်မှားစရာပင်…။
ကျော်ထိုက်ကလည်းကွယ်ရာမှာမည်သို့ ပြောထားမှန်းမသိဘဲနှင်းဆီကပါ သည်လိုထင်လာတော့
သူရှင်းပြရသေးသည်။ ထိုသို့ ရှင်းပြလိုက်လေမှ နှင်းဆီကပြုံးကာပြောလာသည်။
“ကိုမင်းညို က ပညာတတ်သလောက် မာန်လည်းမတက်ဘူး၊တကယ်လေးစားတယ်”
“ဟာဗျာ..ဒီလောက်ကြီး မဟုတ်ပါဘူး နှင်းဆီရယ်…ကျွန်တော်လည်းလခစားပါ”
“အမယ်..လျိုနေပြန်ပါပြီ...အမြင့်ဆုံးလခကိုစားနေရတဲ့ လခစားဆိုတာသိပါတယ်နော်”
သူ့ ကိုအထင်ကြီးလေးစားခြင်းများနှင့်ပြောနေသည့်နှင်းဆီကို ဘာမှပြန်မပြော
ဘဲ မချိပြုံးဖြင့်သာမင်းညို ငြိမ်နေလိုက်ရပါသည်။
xxxxxxxxxxxxx
(၃)
< နှင်းဆီတော ၌ မောဟိုက်ခြင်း…>
ကျော်ထိုက်နှင့် အတူ မှော်ဘီသို့ လိုက်မသွားခဲ့လျှင် သူ့ အတွက် အံ့ သြဆန်းကျယ်မှုများ
ရှိလာမည်မဟုတ်ပေ။
နှင်းဆီဖိတ်သော အိမ်သစ်တက်ပွဲ အလှူသို့ သူရောက်ရှိသွားလေမှ ပန်းဟေ၀န်ခြံကြီးအား သူမိန်းမော သွားရသည်။တစ်ပတ်တစ်ခါ ကဗျာဝိုင်းသို့ လာလျှင် သနပ်ခါးပါးကွက်လေးဖြင့် ချည်ထည်လေးများသာ ၀တ်လာတတ်သောဆူးနှင်းဆီသည် အညတရပန်းစိုက်သူလေး မဟုတ်ပေဘူးပဲ။
နှင်းဆီစိတ်ကြိုက် ပုံစံပေးဆောက်ထားသည့် တစ်ထပ်တိုက်အသစ်ပြားပြားလေးသည်
ပန်းများအလယ်တွင် ကဗျာဆန်နေသည်။ လမ်းထွက်လျှင်နှင်းဆီဖုန်းအင်တာနက်မသုံးသော်လည်း
မှန်လုံကာ အဲကွန်းတပ်ထားပေးသည့် စာကြည့်ခန်းထဲ ၌ Appleလက်ပ်တော့ အဖြူရောင်လေးနှင့်အတူ
ပရင်တာ နှင့်  မိတ္တူကူးစက်များရှိနေသည်။နှင်းဆီ စာရေးလျှင် လက်ဖြင့် မရေးဘဲကွန်ပြူတာဖြင့် သာ ရိုက်သတဲ့ ။အွန်လိုင်းတက်ပေမယ့် ဂျီမေးလ် ၊ဖေ့စ်ဘုတ်သိပ်မသုံးဘဲ သစ်ခွ၊နှင်းဆီနှင့်ပတ်သက်သည့်
ပန်းပင်ဆိုင်ရာ ဗဟုသုတများကို ရှာသည့်အချိန်သာ အင်တာနက်သုံးလေသတဲ့ ။
စားသောက်ပြီးတခြားဧည့်သည်များပြန်သွားကြတော့ နှင်းဆီက သူတို့ ကို ခြံထဲခေါ်လာသည်။
တိုက်၏ညာဘက်ခြမ်းတွင် အပွင့်ဝေေ၀ဆာနေသော သစ်ခွစင်များရှိပြီး ဘယ်ဘက်ခြမ်း ၌
ရောင်စုံနှင်းဆီပန်းခင်းရှိလေ၏။ တစ်ရောင်စီ အကန့်လိုက်စိုက် ထားသည့် လှပသောနှင်းဆီပန်းများကြားရောက်သွားသည့်အခါမှာတော့ချိုအီသည့် နှင်းဆီနံ့ ကိုရှူရှိုက်မိလေပြီ။
“လှလိုက်တဲ့ပန်းတွေ ၊ ဒီပန်းတွေနေ တို့င်းခူးရတာပေါ့ ..ဟုတ်လား”
“နှင်းဆီကိုယ်တိုင်တော့ မခူးရဘူး..ခြံထဲမှာအလုပ်သမားတွေရှိပါတယ်…ဒါပေမယ့်  ဖေဖေနဲ့ 
နှင်းဆီက စောင့်တော့ကြည့်ရတာပေါ့ …မေမေကသစ်ခွစင်တာဝန်ယူတယ်လေ”
“တစ်နေ့ တစ်နေ့ တော်တော်ရောင်းရမှာပဲနော်”
“ရောင်းရတယ်ကိုမင်းညို ၊ မင်္ဂလာဆောင်တွေကသစ်ခွမှာသလို အခမ်းအနားတွေကလည်း
နှင်းဆီမှာကြတယ်..အော်ဒါမပြတ်ဘူး.မြို့ ထဲသွားရောင်းတဲ့ ပန်းသည်တွေလည်း
နှင်းဆီပန်းလာယူရောင်းတယ်လေ…မနက်ပိုင်းဆို နှင်းဆီ လည်းဖေဖေတို့ ကို ကူလုပ်ပေးရတယ်..
နေ့ ခင်းထမင်းစားပြီးချိန်လောက်မှ နားပြီး စာရေးရတာ…။
ပြောရရင်ဖေဖေတို့ က စာရေးတာသိပ်သဘောကျတာမဟုတ်ဘူး၊ နှင်းဆီက၀ါသနာကြီးလို့ သာ
မပြောတာ၊ အပင်ပန်းခံအိပ်ရေးပျက်ခံပြီး ရလာတဲ့ စာမူခနဲ့ မတန်ဘူးတဲ့ ”
“ အော်…စာမူခက တော်တော်နည်းလို့ လား”
“ ကဗျာတစ်ပုဒ် …. လေ၊ ၀တ္တုဆို ….ပါ”
“ဟာ..ဒီလောက်ပဲရတာလား ၊ ဒါဆို စာရေးတာသက်သက်နဲ့ ဘ၀ရပ်တည်လို့ ဘယ်ရမလဲနော်”
“ဟုတ်တယ်…ဒါပေမယ့် ဝါသနာကြီးလွန်းလို့ အဆင်းရဲခံပြီးစာပေနယ်တစ်ခုတည်းမှာပဲ
ရပ်တည်နေသူတွေလည်းရှိတယ်၊ နှင်းဆီကတော့ စာမူခဆိုတာ ထည့်မတွက်ဘဲ ကိုယ့်အနုပညာလေးတွေ
ဖန်တီးချပြရတာကိုပဲ ကြည်နူးပီတိဖြစ်နေရတာပါ”
သူ့ ကိုသိမ်မွေ့ အေးဆေးစွာရှင်းပြနေသောနှင်းဆီ၏ဆံကေသာထက်ဝယ်ပန်းရောင်နှင်းဆီ
ပွင့်လေးတစ်ပွင့် ရှိနေသည်။ အလှူနေ့ ဖြစ်၍ ပန်းနုရောင်ဇာဝမ်းဆက်လေးဝတ်ကာ နောက်တွဲ ဆံထုံးလေးထုံးထားသောနှင်းဆီသည်မဟာဆန်ဆန်လှနေ၏။မိတ်ကပ်ပါးပါးခြယ်ထားသည့်
ပန်းသွေးရောင်သမ်းမျက်နှာလေးကို ငေးကြည့်ရင်း အတွေးများစွာဖြင့်  မင်းညိုသက်ပြင်းတစ်ချက်
ခိုးရှိုက်လိုက်မိလေသည်။
xxxxxxxxxxxxxx
(၄)
< ဆူးခြွေ နှင်းဆီ… >
သခင်သာ ပန်ဆင်လေ
ချွန်မြတဲ့ဆူးတွေခြွေလို့ 
ချစ်ခင်ခြင်း ပွင့်ဖတ်လွှာ
နှလုံးသားမှာ ၀င့် ဖြာစေဖို့ 
နှင်းဆီဦး ကို ခူးလှည့်ပါ
ကဗျာရွတ်နေသည့် နှင်းဆီမျက်နှာလေးကိုငေးရင်း မင်းညိုရင်ထဲသိမ့်ခနဲ လှုပ်ရှားသွားသည်။
နှင်းဆီဦးကိုခူးလှည့်ပါတဲ့လား…တကယ်ပဲ ခူးစေချင်နေပြီလား မိန်းကလေးရယ်။
ပွဲပြီးတော့ ထုံးစံအတိုင်းကော်ဖီအတူတူသောက်ကြသည့်အခါ နှင်းဆီကသာ စကားဝေဆာနေ ပေမယ့် 
သူ ကတော့ တွေဝေတိတ်ဆိတ်နေသည်။ကျော်ထိုက်ကပင်မတုန်မလှုပ်မင်းညိပုံစံကို အားမလိုအားမရဖြစ်ပြီး
နှင်းဆီပြန်သွားမှ ပြောပါလေတော့သည်။
“ခုတစ်လော…နှင်းဆီရွတ်တဲ့ကဗျာတွေက မင်းကို ရည်ညွှန်းနေသလိုပဲကွ”
“ဟာ…အဲ့ လိုမပြောပါနဲ့ကွာ..မင်းကလဲ”
“မင်းကလဲ..လုပ်မနေနဲ့ … သူတို့ ကဗျာဝိုင်းကလူတွေတောင်သိနေလောက်ပြီ…
မင်းလာတာနဲ့ နှင်းဆီမျက်နှာလေးက ပြောင်းသွားတာကိုး…အားလုံးရိပ်မိနေတာတောင်
မင်းကဘယ်လိုဖြစ်နေတာလဲမင်းညို ”
“ငါလား..ငါ ဘာဖြစ်လို့ လဲ”
“မသိချင်ယောင်ဆောင်မနေစမ်းနဲ့ကွာ…နှင်းဆီကဗျာရွတ်တာတစ်ပတ်တစ်ခါနားထောင်၊
ကော်ဖီ အတူတူသောက်ပြီးစကားပြောကြရုံ အဆင့်မှာပဲ မင်းရပ်နေတယ်လေ…”
“မရပ်လို့ ငါကဘာလုပ်ရမှာလဲ”
“ဟာ..ဒီကောင်တော့..နှင်းဆီကို ဖွင့်မပြောသေးဘူးလား..မင်းသူ့ ကိုချစ်နေတာမဟုတ်ဘူးလား
သူလည်းမင်းကိုသံယောဇဉ်တွယ်နေပြီထင်တယ်နော်”
သံယောဇဉ်… သုံးလုံးတည်းသောစကားလုံးလေးသည်မင်းညိုကိုအိပ်ပျက်ညများစွာဖန်တီးတတ်မှန်း
ခုတော့သိရလေပြီ။ နှင်းဆီအပေါ်ယှက်နွယ်မိလေသည့် သူ့ တွယ်တာမှုကိုသူသာလျှင်အသိဆုံးပါ။
သိမ်မွေ့ အေးချမ်းလှသည့် မိန်းကလေးကို မြတ်နိုးရခြင်းများကမင်းညိုရင်ထဲအပြည့်ရှိပါ၏။
သို့ ပါသော်လည်း…
"ဟင်း "
သူ သက်ပြင်းမောတစ်ချက် ချလိုက်ပြီးချိန် ၀င့်ချယ်ထံမှ ဖုန်းဝင်လာသည်။
“မင်းညို ၊ ဒီနေ့ အိမ်စောစောပြန်ခဲ့ဟာ…အန်တီ့ ကို ငါ လိမ်းဆေးလာပို့ ပေးမလို့ ၊အံတီကလည်း
ငါကြိုက်တဲ့ ရှောက်သီးသုတ်ကျွေးမယ်တဲ့ ဟ…”
“အေးပါ..ကြိုက်ရင်လည်းအ၀သာတီး..ငါအပြန်နောက်ကျချင်ကျမှာ..စောင့်မနေနဲ့ ”
“အမလေး..ဖြစ်နေလိုက်တာ..နင်ကငါနဲ့ မဆုံချင်ဘူးပေါ့ လေ”
“မဟုတ်ပါဘူးဝင့်ချယ်ရယ်..ငါတကယ်မအားလို့ ပါ..”
“မရဘူး… ငါ နင့်ကို တိုင်ပင်စရာတစ်ခုလည်းရှိတယ်..ညနေ နင်ပြန်မလာမချင်း
ငါစောင့်နေမှာနော်..ဒါပဲ”
ပြောပြောဆိုဆို ဖုန်းချသွားသည့်ဝင့်ချယ်ကြောင့်  ဒီညနေအိမ်စောစောပြန်ရန်အတွက် လုပ်လက်စ
အလုပ်များကို အမြန်လက်စသတ်ဖို့  ကော်ဖီဆိုင်ထဲမှ ချက်ချင်းထွက်လာခဲ့ သည့်အခါမှာတော့
ကျော်ထိုက်ကခေါင်း တဆတ်ဆတ်ငြိမ့်ကာ ငေးကြည့်နေလေ၏။
xxxxxxxxxxxxx
(၅)
< ကွက်လပ်မရှိ တွယ်ငြိသည့် နှင်းဆီ>
“ ဒီဆေးကလိမ်းရတာ နည်းနည်းတော့နံတယ်အန်တီ ၊ ဒါပေမယ့် သိပ်ကောင်းတယ်၊
ဝင့်ချယ်သူငယ်ချင်းအဖေ လေဖြန်းတုန်းကလည်းဒီဆေးနဲ့ ပျောက်သွားတာ၊
သူတို့ ကဆိုင်တိုင်းမတင်ဘူး၊နည်းနည်းလေးပဲရှိလို့ ခင်မင်သူတွေပဲရောင်းတာတဲ့ ”
အမေ့ဘယ်ဘက်ကိုယ်တခြမ်း လေဖြတ်သွားသည်မှာ ခြောက်လကျော်လာခဲ့ပြီ။
မင်းညို နှင့် ညီလေး တို့ သာရှိသည့် သည်အိမ်ကြီးမှာအမေ့ ကို အနီးကပ်ပြုစုဖို့ ရန်လိုအပ်လာသည့်
အခါ လစာကောင်းသည့်မင်းညိုက ထွက်လို့ မရသောကြောင့်သာမန်ဝန်ထမ်းညီလေးက အလုပ်ထွက်ပြီး
အမေ့ နားနေပေးခဲ့သည်။အမေကိုချစ်သည့်သားယောင်္ကျားလေးနှစ်ယောက်၏အချိုး မကျသောပြုစု
လုပ်ကိုင်ပေးမှုများကို စိတ်မချဘဲ လာရောက်ပြုစုပေးသူကတော့ တလမ်းထဲနေသည့် ၀င့်ချယ်ပင်။
အဖေတာဝန်ထမ်းဆောင်စဉ်ကတည်းက ခင်မင်လာခဲ့ကြသောဝင့်ချယ်တို့ မိသားစုသည် ပွဲရုံလုပ်ငန်းဖြင့် 
ချမ်းသာသော်လည်း မာနမရှိဘဲ သဘောကောင်းလှသည်။
အဖေမဆုံးခင် ပင်စင်ယူခါစ ကိုယ်ပိုင်အိမ်မရှိသေးခင်ကလည်း ရှိသမျှငွေကိုသာယူထားပြီး
ယခုလက်ရှိခြံလေးကို အလကားနီးပါးဈေးဖြင့် ရောင်းပေးသူက ၀င့်ချယ်အဖေပင်။
ဝင့်ချယ်အမနှစ်ယောက်ကလည်း စင်ကာပူမှာသူတို့ အိမ်ထောင်တွေဖြင့် အခြေကျနေလေတော့
အဖော်မရှိသည့် ၀င့်ချယ်က မင်းညိုကို ခင်မင်အားကိုးသည်။
သည်အတိုင်းအလုပ်ဆက်လုပ်လျှင်မဖြစ်စလောက်လစာဖြင့် နေသွားရမည်ကိုမနှစ်သက်သော
ကြောင့်  မင်းညို ခြိုးခြံခြစ်ခြုတ်ပြီး အလုပ်လုပ်ရင်းမနက်ပိုင်း DMA သင်တန်း တက်သည့်အခါ
ဝင့်ချယ်ကသူလည်းလိုက်တက်ပြီးဈေးကြီးလှသည့်သင်တန်းစာအုပ်များကိုမင်းညိုအတွက်ပါ
စိုက် ၀ယ်ပေးတတ်သူပင်။
အမေ လေဖြတ်သွားကာ ညီလေးအလုပ်ထွက်လိုက်ရသောအိမ်ထောင်စုတွင် သူ့ ဝင်ငွေဖြင့်သာ
လည်ပတ်နေရသည်မို့  လစာနည်းသည့် အရင်အလုပ်တုန်းက သူတို့ အိမ်၏စားဝတ်နေရေး မပြေလည်ခဲ့ပေ။ထိုအချိန်ကတည်းကမာနကြီးပြီးသူတပါးအကူအညီမယူချင်သည့်မင်းညို၏ အအော်အငေါက်တာ ခံကာ အမြဲဖြည့်ဆည်းပေးသူက ၀င့်ချယ်ပင်။
သည်လိုမျိုးသူ့ အပေါ် ကောင်းလွန်းနေသည့်ဝင့်ချယ်ရင်ထဲမှတွယ်တာမှုသံယောဇဉ်
တရားများကိုအမေနှင့်ညီလေး က အသိအမှတ်ပြုပေးပေမယ့်  သူ မသိချင်ယောင်ဆောင်ခဲ့ ၏။ ယခုတော့ သူ့ ရင်ထဲမှာနှင်းဆီတစ်ပွင့်  ကနေရာယူထားလေတော့ ၀င့်ချယ်အတွက် ကွက်လပ်မရှိတော့ပေ။
သို့ သော်လည်း..အမေကတော့ ၀င့်ချယ် မှ ၀င့်ချယ်ပင်။
ညစာစားပြီးဝင့်ချယ်ပြန်သွားသည်နှင့် ဓါတ်ပြားဟောင်းကြီးကို ဖွင့်ပါလေတော့သည်။
“မင်းညို.. သားအသက် ၂၈ ရှိပြီနော်၊မငယ်တော့ဘူး၊အိမ်ထောင်ပြုဖို့ စဉ်းစားတော့”
“ဟာဗျာ..အမေကလည်း ကိုယ့်တစ်ယောက်တည်းတောင်မနဲရုန်းကန်နေရတာကို”
“အေးလေ..မင်းတစ်ယောက်တည်းမရုန်းရအောင် အမောဖြေပေးမယ့်
ပါရမီဖြည့်ဖက်လေးလိုနေပြီ..သားရဲ့ ”
“ဟားဟား၊ ကိုကိုရေ..အမေဘယ်သူ့ ကိုပြောချင်လဲဆိုတာညီသိနေတယ်နော်..စိတ်ကူးမလွဲနဲ့ ”
“ဟုတ်တယ်သား၊ တို့ မိသားစုအခြေအနေနဲ့  သားဘ၀ထဲကိုဝင်လာတဲ့သူဟာ အမေတို့ နဲ့ 
အတူနေနိုင်မယ့်အတွင်းသိအစင်းသိမှဖြစ်မှာ.. အမေ့ ရင်ခွင်ထဲကသားကိုဆွဲထုတ်သွားမယ့်
မိန်းကလေးမျိုးဆိုရင် အမေလေ..အမေ ကျန်ခဲ့မှာသားရဲ့ ”
ပြောရင်းအမေကငိုလေတော့မင်းညို ကြင်နာသနားစွာဖြင့် အမေ့ ကိုပွေ့ ဖက်လိုက်မိသည်။
“အမေရယ်..၊သားက အမေ့ ကိုထားရက်မယ့် သူမဟုတ်ပါဘူးဗျာ၊စိတ်ချ အမေ့အတွက်
အလိမ္မာအိမ်ပါချွေးမမျိုးပဲ သားရွေးမှာ ”
ပြောနေရင်း နှင်းဆီ၏မျက်နှာလေးအားမြင်ယောင်မိလေသည့်အခါမင်းညို အံကြိတ်ကာ နုတ်ခမ်း
ကိုသာ နာနာဖိကိုက်လိုက်မိပါ၏။
xxxxxxxxxxxx
(၆)
< မျှော်လင့် နှင်းဆီ>
မှောင်မိုက်မိုက် ၀င်္ကပါတော
မောရသည့် နှင်းဆီ
ချိုကြည်ကြည် ထုံကာသင်းသော်လည်း
မွှေးရနံ့ မှာ သူမတိမ်း
စိမ်းရက်ပေ့ကွယ်
ကဗျာရွတ်နေသည့် နှင်းဆီအသံက တုန်ရင်လှိုက်ခတ်နေသလို မျက်နှာလေးနွမ်းလျနေသည်ကို
လှမ်းမြင်ရသည့် မင်းညိုရင်ထဲမှာလည်း မိုးပြိုနေပါပြီ။စိမ်းရက်သူလည်း ငိုချင်နေသည်ဆိုတာ နှင်းဆီကို သူဘယ်သို့ ပြောရပါ့ ။ညစဉ်လိုလို ဖုန်းပြောဖြစ်နေသည့် အလေ့အထကိုလည်း အကြောင်းအမျိုးမျိုးပြကာ
သူဖျက်ခဲ့တာကြာပါပြီ။
ကဗျာရွတ်ပွဲပြီးသည်နှင့် သူ့ ကိုခဏသာနုတ်ဆက်ပြီး နှင်းဆီပြန်သွားသည်။ သူခေါင်းငိုက်စိုက်ကျကာ
ကျန်ခဲ့ချိန်မှာတော့ ကျော်ထိုက် ပြောပါတော့သည်။
“ မင်းလုပ်ပုံမဟုတ်သေးဘူးမင်းညို၊နှင်းဆီသိပ်ခံစားနေရပြီ၊သူ့ ခမျာပန်းပင်တွေကြား
အေးအေးဆေးဆေးလေးနေနေတာ၊မင်းနဲ့ မှပြောင်းလဲလာတာသူတို့ တဖွဲ့ လုံးလည်းသိတယ်၊
ဒီခေတ်ကြီးမှာ နှင်းဆီလို သိမ်မွေ့ ယဉ်ကျေးတဲ့ မိန်းကလေးမျိုးနဲ့ ဆုံတာ မင်းကနာနေတယ်ထင်လို့ လား”
ကျော်ထိုက်စကားများက သူ့ နှလုံးသားထဲထိုးစိုက်စူးရှလေပြီ။
နှင်းဆီပွင့်လေးကို ပိုင်ဆိုင်ရလျှင်သူ ..နာသည်ဟုမထင်ပါ။
သို့ သော်..ထိုနှင်းဆီလေးနာကျင် ပင်ပန်းသွားမှာတော့သူစိုးလှသည်။
ပန်းဟေ၀န်ခြံထဲမှ နှင်းဆီသခင်မလေးသည် သူ့ မိသားစုအတွင်းသို့ ဘယ်နည်းနှင့်မျှ ၀င်လာနိုင်မည် မဟုတ်ပေ။စာကဗျာများရေးနေသည့် နှင်းဆီ၏လက်ချောင်းနုနုလေးများသည် အမေ့ ကိုလိမ်းပေးရမည့်
ဆေးနံ့ များစွဲကျံ သည့်လက်ချောင်းများအဖြစ်ပြောင်းလဲသွားရ မည်ကိုသူမလိုလားပေ။
လေဖြတ်နေသည့်ယောက္ခမတစ်ယောက်နှင့်အိမ်ဝေယျာဝစ္စများကို လုပ်ကိုင်ပေးရမည့်မိန်းကလေးတစ်ယောက်
ဖြစ်လာလျှင် နှင်းဆီနှလုံးသားမှာ အနုပညာတွေ ဖူးပွင့်ပါဦးတော့မလားဟုသူစိုးရိမ်လှပါသည်။
ကျော်ထိုက်ကတော့ သူ့ အတွေးအမြင်ကိုဆန့်ကျင်၏။
“မင်းအဖြစ်က မုန့် ဆီကြော်ကဘယ်နေမှန်းမသိ ၊ နုတ်ခမ်းနာနဲ့ တည့်ပါ့ မလားဆိုတာလိုဖြစ်နေပြီ။
ရည်းစားတောင်မဖြစ်သေးဘူး၊ယူပြီးအိမ်ပေါ်ရောက်ရင် ဘာဖြစ်မလဲတွေးနေတယ်၊မင်းခေတ်လူငယ်
မဟုတ်ဘူးလား၊ လက်ထပ်တာကိုမစဉ်းစားပါနဲ့ ဦးကွ၊ချစ်ရင်တွဲကြလေ၊ တွေ့ ကြလေ”
“တော်တော့ ကျော်ထိုက်၊ ဒီလိုပြောတာငါမကြိုက်ဘူး ၊ ခေတ်တွေဘယ်လိုပြောင်းပြောင်း
ငါတို့ ဟာမြန်မာယောင်္ကျားသားတွေပါ ၊ အမျိုးကောင်းသားတစ်ယောက်ဟာ မိန်းကလေးတိုင်းကို
နှမချင်းစာနာပြီးတွေးပေးရမှာပဲ ၊ ဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ ခုခေတ်နေထိုင်မှုကို ငါလုံးဝသဘောမကျဘူး၊
မိန်းကလေးတစ်ယောက်ကို သေတစ်ပန်သက်တစ်ဆုံးလက်မတွဲနိုင်ဘဲ ၊ ကိုယ့်ဘ၀ထဲဆွဲမခေါ်ရဲဘဲ ငါဘယ်တော့မှ ချစ်တယ်လို့ မပြောဘူးကွ”
ဒေါမာန်ဖြင့်ပြောလိုက်သည့် သူ့ စကားအဆုံးမှာ ကျော်ထိုက်က မထီတတီပြုံးကာ ပုခုံးတွန့် လိုက်လေသည်။
“မင်းပြောသလိုဆို မိန်းမတစ်ယောက်ကိုလက်မထပ်နိုင်ရင် မတွဲရဘူးပေါ့ ၊ဟုတ်လား
တောမှာသွားပြောမင်းညို ၊ ဒီခေတ်မှာ မိန်းကလေးတွေကိုယ်တိုင်က သဘောတူလိုက်လျောလို့ 
တွဲနေကြတာပေါ့ ကွ ၊ အေး..ခြွင်းချက်အနေနဲ့  နှင်းဆီလိုမိန်းကလေးမျိုးကတော့  ဒီခေတ်မှာ ရှားပါးပစ္စည်းကွ”
သူသိပါသည်။ ရှားပါးသည့်အရာဆိုလျှင်တန်ဖိုးကြီးမည်။ အမြတ်တနိုးထားနိုင်ရမည်ပေါ့ ။
သူ ချစ်သောနှင်းဆီပန်းလေး အနုပညာဟေ၀န်တောကြီးထဲတွင်ငှားငှားစွင့်စွင့် ဖူးပွင့် လန်းဆန်း
နေသည်ကိုသာ မြင်လိုသည်မို့  သူ…ရင်နာနာဖြင့် ဆုံးဖြတ်ချက်တစ်ခု ချရပါတော့မည်။
xxxxxxxxxxx
(၇)
< နှင်းဆီစူးတဲ့ …ရင် >
“ကဲ..သွားရအောင် မင်းညို ၊ ငါကားယူလာပြီ၊အန်တီရေ ဒီနေ့ ဝင့်ချယ်ထီဝင်ထိုးမယ်သိလား၊
သူက ဘယ်တုန်းကမှ ၀င့်ချယ်မောင်းတဲ့ ကားပေါ်လိုက်တာ မဟုတ်ဘူး ၊ ဒီနေ့ သစ်ခွသွားကြည့်မှ
ကားယူလာခဲ့ ဆိုလို့  ၀င့်ချယ်တောင်အံ့ သြနေတာ..သိလား ”
အမေ့ကိုလှမ်းပြောနေသောဝင့်ချယ်ပုံစံလေးက သွက်လက်မြူးကြွလှပနေသည်။
အမေကတော့ မင်းညိုတို့ နှစ်ယောက်ကို ကြည်နူးပီတိပြုံးဖြင့် ကြည့်နေလေ၏။
အမေစိတ်ချမ်းသာနေမှာသူသိပါသည်။ သိသောကြောင့်လည်း သူ့ ရင်နာကျင်စေမည့်ဆုံးဖြတ်ချက်မျိုး သူချခဲ့ခြင်းပင်။
သူ…၀င့်ချယ်ကိုလက်ထပ်ခွင့်တောင်းခဲ့ပါသည်။
မမျှော်လင့်ဘဲ သူ့ ဆီမှစကားကြားရသည့်အခါအံ့ သြ၀မ်းသာသွားသည့်ဝင့်ချယ် မျက်လုံးလေးများထဲမှာ သူ့ အပေါ်ချစ်ခြင်းများပျော်ဝင်နေသည်ကို မြင်ရလေတော့
သူ့ ရွေးချယ်မှုဟာ မမှားနိုင်တော့ဟု ယုံကြည်မိပါ၏။
ကဗျာရွတ်ပွဲသို့ လည်းမလာ ၊ ကျော်ထိုက်ဆိုင်သို့ လည်းမသွားဘဲ နှင်းဆီနှင့်ပတ်သက်သမျှ သူရှောင်ကာ
အဆက်ဖြတ်ထားသည်မှာ သုံးလရှိပါပြီ။အစတော့ ညဘက်များမှာ နှင်းဆီသူ့ ဆီဖုန်းခေါ်သေး ပေ မယ့်  သူမကိုင်ပေ။မက်ဆေ့ မျှပင်ပြန်မပို့  ဘဲ လချီကြာအောင်ရှောင်နေသည့် ယောင်္ကျားတစ်ယောက်ကို ခံပြင်းစိတ်ဖြင့်
့နှင်းဆီနာကြည်းနေလောက်ပါပြီ။
ရှိပါစေတော့…နှင်းဆီ
မင်းဟာ ကိုယ်မပန်သင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်လို့  ခူးခြွေဖို့ လက်မလှမ်းတော့ပါဘူး။
မင်းနဲ့ အဆက်ဖြတ်ထားတဲ့ အချိန်တွေဟာ ကိုယ့်အတွက်လည်းငရဲတမျှပူလောင်ခဲ့ရတယ်ဆိုတာမင်းမသိစေရပါဘူး။
စာတွေကဗျာတွေဆက်ရေးပါနှင်းဆီ …။
မင်းလက်ကလေးတွေ နဲ့  ပန်းဟေ၀န်ခြံထဲက ပန်းလှလှလေးတွေကိုသာဆုပ်ကိုင်နမ်းရှိုက်ပါ။
မင်းလက်ဖ၀ါးနုနု သွေးခြေဥမယ့်အဖြစ်ထက်စာရင် ကိုယ့် နှလုံးသားကိုသာ အနာတရဖြစ်စေချင်ပါတယ်။
ခု ကိုယ့်ရင်ထဲမှာ ဆူးစူးနေပြီ..နှင်းဆီ။ဒါပေမယ့်  ကိုယ်ဘာမှမတတ်နိုင်ခဲ့ဘူးကွယ်။
ကိုယ်..နောက်လ မင်္ဂလာဆောင်တော့မယ်လို့ ပြောဖို့ မင်းဆီလာနေပါပြီ။
ကိုယ်လက်ထပ်မယ့်ဇနီးလောင်းနဲ့ မိတ်ဆက်ပေးတဲ့ အခါ ကျေးဇူးပြုပြီးတော့
မင်း မျက်ရည်မ၀ဲရဘူးနော်..။
လက်ထပ်ပြီးရင်မင်းကို မေ့ပစ်လိုက်တော့မှာပါနှင်းဆီ...။
ဒါပေမယ့် မင်းမဟုတ်တဲ့  ကိုယ့်သတို့ သမီးအတွက်ပန်းဟေ၀န်ခြံထဲက ပန်းလေးတွေနဲ့ အလှဆင်ချင်တယ်။
ကိုယ့်မင်္ဂလာပွဲ မှာ မင်းမပါခဲ့ပေမယ့်  မင်းခြံထဲက ပန်းကလေးတွေကိုတော့ ပါဝင်စေချင်တာ ကိုယ့်ရဲ့ နောက်ဆုံးလက်ကျန်အတ္တပါ။
“ မင်းညိုရေ…ရောက်တော့မလား..ဆိုင်းဘုတ်လဲတွေ့ သေးဘူး”
ဝင့်ချယ်အသံကြားမှ မင်းညိုအတွေးအိပ်မက်မှ လူးလွန့် နိုးထလာသည်။
ကားက မှော်ဘီမြို့ စွန်သို့ ရောက်လာလေပြီ။ ခဏကြာတော့ ပန်းဟေ၀န် ဆိုသည့်ဆိုင်းဘုတ်
မြင်ရပြီမို့  ၀င့်ချယ်က ကားကို ခြံထဲသို့ ကွေ့ မောင်းလိုက်လေသည်။
ဟော..ဟိုးနှင်းဆီပင်တွေထဲက အရိပ်လေးဟာ နှင်းဆီပါလား။
သူ..မင်းညိုတို့ ကားရပ်လိုက်သည့်နေရာကိုလာနေပြီ။
မင်းညိုသည် သက်ပြင်းတစ်ချက်ကိုလေးနင့် ပင်ပန်းစွာမှုတ်ထုတ်လိုက်ပြီးသည့်အခါမှာတော
ကားပေါ်မှဆင်းကာ ၀င့်ချယ်လက်ကို ဆွဲကိုင်ရပ်စောင့်ရင်း သူတို့ ရှိရာဆီသို့ 
လာနေသည့် နှင်းဆီကို ပြုံးပြလိုက်ပါ၏။
ကြာဖြူနွယ်
♫♪အမျိုးအစား♫♪
ဝတ္တုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment