Sunday, March 2, 2014

“ မျှော် ”




( ၁ )


“တစ်ပတ်ကြီးတောင်ထပ်စောင့်ရဦးမှာလားဘုန်းဘုန်း..
တပည့်တော်မ ရောက်တာငါးရက်တောင်ရှိနေပါပြီ”

“ စောင့်ရမှာပဲဒကာမကြီး...ကိုယ့်စိတ်ကို တည်ငြိမ်အောင်အရင်လုပ်ပါဦး..
စိတ်တည်ငြိမ်မှ ဆုံးဖြတ်ချက်ဆိုတာ ခိုင်မာတာကွယ့်”

“တပည့်တော်မဆုံးဖြတ်ချက်ကခိုင်မာပြီးသားပါဘုရား၊ သေချာစဉ်းစားပြီးမှ
ရွာကိုပြန်လာခဲ့တာပါ ”

“ ဟုတ်ပါပြီ…ဒါပေမယ့် တစ်ပတ်လောက်တော့သည်းခံပြီးစောင့် ဦး ”

ကျောင်းထိုင်ဆရာတော်ကြီးဆိုမိန့်သည့်စကားအဆုံးမှာ သီသီသက်ပြင်းချလိုက်မိသည်။
ထပ်ပြီးလျှောက်တင်လည်းရမှာမဟုတ်မှန်းသိနေတော့ဆရာတော်ကြီးကို ဦးချပြီး
 ကျောင်းဆောင်ပေါ်မှဆင်းကာဘုန်းကြီးကျောင်းဝင်း အနောက်ဘက်သို့  ထွက်လာခဲ့သည်။

သီသီ ရွာသို့  ပြန်မရောက်ဖြစ်တာကြာနေပေမယ့်  ကံကော်ပင်၊ သရက်ပင်၊မရမ်းပင်များ
အုံ့ ဆိုင်းကာကျယ်ဝန်းလှသည့်ကျောင်း ၀င်းကြီးကတော့ ပြောင်းလဲမသွားပေ။
ဘုန်းကြီးကျောင်းနောက်ဘက်ရှိသီလရှင် ကျောင်းဆောင်လေးများ ကလည်းအရင်လိုပင်ရှိနေဆဲ..။

ဆက်လျှောက်လာသည့်အခါ ကျောင်းဝင်းအလွန်တောစပ်နားရောက်လာပြီးလိမ္မော်နီရောင်
အပွင့်များဝေနေသောပေါက်ပင်ကြီးများကိုမြင်ရ၏။သည်ပေါက်ပင်ကြီးများရှိနေသောကြောင့်လည်း
ပေါက်ပင်တန်းရွာ…အမည်တွင်ခဲ့ခြင်းဟုလူကြီးသူမများပြောပြခဲ့သည်ကို သီသီကလေးဘ၀က
ကြားခဲ့ဖူး၏။

ပေါက်ပင်တန်းရွာသည် သီသီ့ ဇာတိချက်ကြွေမွေးရပ်မြေပါ…။
သည်ပေါက်ပင်ကြီးများက သီသီတို့ ကလေးဘ၀က ဆော့ကစားနေကျနေရာ..။
သီသီ့ဘ၀အမျိုးမျိုးပြောင်းလဲသွားခဲ့သော်လည်းပေါက်ပင်ကြီးများကတော့မပြောင်းမလဲနွေရောက် တိုင်းပွင့်နေဆဲပါလား..။အတွေးများနှင့်အတူ ပေါက်ပင်ကြီးတစ်ပင်အောက်ရပ်မိသည်။
သီသီ့ခြေအစုံကကြွေကျနေသည့် ပေါက်ပွင့်ဖတ်များကိုနင်းမိသဖြင့် အပင်ပေါ်မော့ကြည့်မိသည်။
ပေါက်ပွင့်များက အပင်ပေါ် ၌တစ်ဝက်ခန့် ဝေနေပြီးမြေပြင်၌တစ်ဝက်ခန့်ကြွေနေလေ၏။

တပို့ တွဲလ၏ရာသီပန်းသည် ယခု တပေါင်းလရောက်တော့ ကြွေကုန်ကြလေပြီ.။

ပေါက်ပွင့်ကြွေများဖုံးလွှမ်းနေသောမြေပြင်ပေါ်သီသီထိုင်ချလိုက်စဉ်
အပူငွေ့ ပါသည့် နွေလေရူးလေးတစ်ချက်အတိုက်မှာ ပေါက်ပန်းတစ်ပွင့် ဝေ့ကနဲကြွေကာ
သီသီ့ရင်ခွင်ထဲကျလာ၏။လိမ္မော်နီရောင်တောက်စိုကာလှပသည့်ပေါက်ပွင့်လေးကို လက်မှာဖွဖွကိုင်ကာသီသီငေးကြည့်နေမိသည်။

သနားစရာပေါက်ပွင့်လေး..။ အပင်ထက်၌တခြားအပွင့်များကျန်နေပါလျှက်နှင့် 
စောစီးစွာကြွေကျလာရပြီ။

သီသီ မမြင်ဖူးလိုက်သော အဖေသည်လည်း အကြွေစောသည့်ပေါက်ပွင့်လေးလိုပင်…။

xxxxxxxxxxxx

(၂)

သီသီတစ်နှစ်သမီးတွင်အဖေဆုံးသွားသဖြင့်အမေသည် အကြော်သည်မုဆိုးမဘ၀ဖြင့် 
သီသီ့ ကိုရှာကျွေးခဲ့၏။

မိဘများမရှိတော့ဘဲအဒေါ်မိသားစုအိမ်တွင်နေရသည့်တောင်ပေါ်သူအမေကမြေလတ်သား အဖေနှင့်နဖူးစာရွာလည်ချစ်ကြိုက်ကြပြီးလင့်မျက်နှာတစ်ရွာထင်ကာပေါက်ပင်တန်းရွာသို့လိုက်လာခဲ့သည်။
သဘောကောင်းသည့်ယောက္ခမကြီးများနှင့်အဆင်ပြေသော်လည်းအဖေ့အမကြီးကမောက်မာ ပြီးအမေ့ကိုနှိမ်သည်။
အမေသည်ယောင်းမ၏မျက်နှာကြည့်နေခဲ့ရပြီးလယ်အလုပ်ယာအလုပ်ကိုလည်းအတူတူလုပ်ကိုင်ကြသည့်မိသားစုကြီးတွင်
အဖေပိုင်ဆိုင်သည့်အရာဟူပြီးသီးခြားမရှိခဲ့ပေ..။

အဖေဆုံးသွားသည့်အခါအမေက ယောက္ခမအိမ် မှာပဲဆက်နေတော့အမေ့ယောင်းမကမကြည်ပေ..။ အဖိုးနှင့် အဖွားဆုံးသွားသည့်အခါမှာတော့မိဘပိုင် အိမ်နှင့် ယာကွက်များအားလုံးကို
အမေ့ ယောင်းမကရောင်းပစ်ကာတစ်နယ်တစ်ကျေးသို့ အပြီးပြောင်းသွား၏။
အမေ့ ကိုတဲတစ်လုံးဆောက်သာရုံ မြေကွက်လေးသာပေးသွားခဲ့ ပြီးလုံးဝပြန်မကြည့်တော့ပေ။
 ရိုးအေးပြီးပညာမတတ်သည့်အမေကလည်းဘာမှမတောင်းဆိုတတ်ဘဲကျန်ခဲ့ရကာ သားအမိနှစ်ယောက်နေပြီး အကြော်ရောင်းစားလာခဲ့ရင်းသီသီ့ကိုပြုစုရှောက်ခဲ့သည်။

သီသီတို့အကြော်တဲလေးသည်ကျောင်းသွားရာလမ်းတွင်ရှိသောကြောင့် အတော်အသင့်ရောင်း ကောင်းပါသည်။
aပါက်ပင်တန်းရွာသည်တွဲဖက်အလယ်တန်းကျောင်းရှိသောရွာကြီးဖြစ်၏်။
မနက်မိုးမလင်းခင်ကတည်းကထပြီးအကြော်ကြော်မည့်အမေ့ ကိုကူလုပ်ရသည့်အခါ
ကလေးပီပီ အိပ်ရေးမက်သည့် သီသီက  မျက်နှာမကြည်ဘဲဆူပုတ်နေလျှင်အမေကချော့သည်။

“မနက်စောစောထတာကျက်သရေရှိတယ်သမီးရဲ့…အမေဒီလိုအကြော်ရောင်းမှ အမေ့ သမီးလေး ကျောင်းနေရမှာ…စာတတ်မှာ..ဒါမှ အမေ့ လို မအ မှာပေါ့ ”

ရွာရှိမိန်းကလေးအများစုကသေစာရှင်စာဖတ်တတ်ရုံသာကျောင်းနေပြီးမိဘလယ်ကို ကူလုပ်ကြချိန်မှာ အမေကတော့သီသီ့ကိုဘွဲ့ရသည်အထိကျောင်းထားမည်ဆိုသောအခါ အများက ပြောကြ၏။

“ညည်းမလည်းမိန်းမသားတစ်ယောက်တည်းမနည်းရုန်းနေရတာ..
မိန်းကလေးပဲ.. တော်ရုံအတန်ထိပဲကျောင်းထားပေါ့ ..”

“ကျွန်မတို့ လင်မယားက သမီးလေး ကို ပညာတတ်ဖြစ်စေချင်တာ..သူ့ အဖေသာရှိရင်လည်း
ဘွဲ့ ရအောင်ထားမှာပဲ..ဒီတော့ ကြိုးစားရှာရမှာပဲအမရယ် ”

အမေသည်မနက်ပိုင်းအကြော်ကြော်..နေ့လည်နှီးဇကာယက်ပြီးဝင်ငွေရှာကာ သီသီ့ကိုကျောင်းထားခဲ့ လေ၏။အမေ့ စိတ်ကိုသိထားသောသီသီကလည်းလိမ္မာသိတတ်စွာဖြင့့်စာကြိုးစားခဲ့သည်။
သားအမိနှစ်ယောက်တည်းအေးချမ်းစွာဖြင့်နေလာခဲ့သောသီသီတို့ ၏ဘ၀လေးကဆင်းရဲသော်လည်း
မျှော်လင့်ချက်ရောင်ခြည်များ ဖြင့်တောက်ပရဲရင့်နေသည်မှာ နွေတွင်ပွင့်သည့်ပေါက်ပန်းလေးများကဲ့သို့ ပင်..။

xxxxxxxxxxxxxxx

(၃)

ငယ်ဘ၀ကိုပြန်တွေးရင်း အမေ့ ကိုသတိရစိတ်ဖြင့် မျက်ဝန်းအိမ်ထဲခိုတွယ်လာသောမျက်ရည်စ များကြောင့် သီသီကြည့်နေသည့်ပေါက်ပွင့်လေးက အမြင်အာရုံတွင်ေ၀၀ါးသွား၏။ သီသီဆယ့်ငါးနှစ်တွင်
အမေဆုံးခဲ့၏။ ယခု သီသီ့ အသက် ၃၂ နှစ်ရှိပြီဆိုတော့  ၁၇ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း
အမေသာရှိလျှင်..ဆိုသည့်အတွေးအားအမေဆုံးသွားအချိန်မှစ၍ စိတ်ထိခိုက်စရာကြုံလေတိုင်းယခုထိသီသီတွေးမိစမြဲ..။ သီသီ့ အိပ်မက်တွေထဲ အမေအမြဲရှိနေစမြဲ။

“ အု..အူး”

 အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ သီသီထိုင်ရာအနီးတွင် ခွေးပိန်တစ်ကောင် ပေါက်ပင်ကြီးကိုမော့ကြည့်ပြီးအူနေသည်..။
ထိုစဉ် လေကြမ်းကြမ်းတစ်ချက်တိုက်ပြီး ပေါက်ပွင့်များဖျောကနဲ ကြွေကျပြန်ရာ ထိုခွေးက ပြေးဟပ်သည်။
သို့သော်  ပေါက်ပွင့်အား နုတ်သီးဖြင့် ထိတွေ့ ကြည့်ပြီးသည့်အခါ ပြန်လွှတ်ချကာအပင်ပေါ်မော့ကြည့်ပြန်၏။

ထိုခွေးကိုကြည့်ရင်း သီသီ သည် ရွာပြန်ရောက်ရောက်ချင်း ဆရာတော်ကြီးဟောခဲ့ သည့်
ပေါက်ပွင့်ခွေးမျှော်တရားအား ပြန်ကြားယောင်မိလေ၏။

“ဒကာမကြီးက အခုခံစားနေရတဲ့ ဒုက္ခတွေဆိုတာ ငါ့ ကျမှ ဖြစ်ရလေခြင်း၊တစ်လောကလုံး ငါသာကံအဆိုးဆုံးလို့  ထင်နေတာမှတ်လား..တစ်ကယ်တော့ လူဖြစ်လာရပြီဆိုမှ ဒုက္ခချည်းပါကွယ်။
ပိုထင်ရှားအောင် ခုလိုပေါက်ပန်းတွေပွင့်တဲ့ အချိန်နဲ့ ကိုက်ညီတဲ့ အကြောင်းလေးတစ်ခုပြောပြမယ်..။
တစ်ခါတုန်းက ခွေးတစ်ကောင်ဟာ အလွန်ဆာလောင် မွတ်သိပ်လွန်းလို့ အစာကို အပူတပြင်းလိုက်ရှာရင်း
 ပေါက်ပွင့်ရဲရဲတွေ ပွင့်နေတဲ့ ပေါက်ပင်ကြီးကို တွေ့သတဲ့။ တွေ့ တဲ့အခါ အပင်အောက်ကနေ မျှော်ကြည့်ရင်း ဒီခွေးစိတ်ထဲမှာ ပေါက်ပွင့် ရဲရဲတွေကို အမဲသားတွေလို့ ထင်မိသတဲ့ ..ဒါကြောင့် ကျလာမယ့်ပေါက်ပွင့်ကို အပင်အောက်ကနေမျှော်နေသတဲ့။


ပေါက်ပွင့်လည်းကြွေကျလာရော အဲ့ ဒီခွေးဟာ ၀မ်းသာအားရနဲ့ စားရပြီဆိုပြီးပြေးဟပ် လိုက်တော့ မှ သူထင်သလို အမဲသားမဟုတ်မှန်းသိသွားတယ်။ဒါပေမယ့် ဗိုက်ကလည်း ဆာနေတော့ဒီခွေးက အားမလျှော့ သေးဘူး။
ဩော် ဒီတစ်ပွင့်ကသာ ပေါက်ပွင့်ဖြစ်နေတာပါ။ အပင်ပေါ်ကျန်သေးတဲ့ဟိုး နီနီရဲရဲ တွေကတော့ အမဲသားပဲဖြစ်မှာ
ပါဆိုပြီး အပင်အောက်က မခွာနိုင်သေးဘဲ ဆက်မျှော်နေသတဲ့။

နောက်တစ်ပွင့်ကြွေကျလို့ ပြေးဟပ်တော့လည်း ပေါက်ပွင့်သာ ဖြစ်နေသတဲ့။

ဒါလည်း  ဇွဲမလျော့ဘူး။  အပေါ်မှာအမဲသားကတော့ကျန်ဦးမှာပဲဆိုပြီး ပေါက်ပွင့်ကြွေလိုက်
ပြေးကြည့်လိုက်နဲ့  ပေါက်ပင်ကြီးကို မျှော်ရင်းပေါက်ပွင့်တွေ တစ်ပွင့်ပြီးတစ်ပွင့် တဖြုတ်ဖြုတ်ကြွေလာလိုက်တာ တစ်ပင်လုံးကုန်သွားပေမယ့်  မျှော်လင့်တဲ့ အမဲသားကိုတော့ မရခဲ့ပါဘူး။နောက်ဆုံး တော့ အဲ့ ဒီခွေးဟာ အစာကို မျှော်လင့်တောင့်တရင်းနဲ့ပဲ ပေါက်ပင်အောက်မှာ အဆာလွန်လို့ သေပွဲဝင်သွားရရှာသတဲ့ ..။

ဒီလိုပဲ ဒကာမကြီး ၊ ဦးဇင်းတို့ တွေဟာလည်း လူရယ်လို့ ဖြစ်လာကတည်းကသမုဒယသံယောဇဉ်တွေနဲ့ 
ရစ်ပတ်ဖွဲ့ နှောင်ရင်းပျော်ရွှင်ချမ်းသာခြင်းဆိုတဲ့ သုခကိုပဲမျှော်လင့် တောင့်တရှင်သန်နေကြတယ်။

စိတ်ဆင်းရဲစရာပေါ်လိုက်၊အားတင်းလိုက်။အခုဒုက္ခလာပေမယ့် သုခဆိုတာကြီးကိုငါစောင့်မယ်ဟဲ့  ဆိုပြီးမျှော်လင့် ချက်နဲ့ အသက်ရှင်နေကြတာပဲလေ။ဒုက္ခပြီးရင်းဒုက္ခပဲရှိတဲ့ ပေါက်ပင် ကနေ သုခနဲ့  တူတဲ့အမဲသားကိုလိုချင်ဇောနဲ့ မောဟိုက်ပြေးလွှားနေတဲ့ ကိုယ့်ကိုယ်ကိုတောင်သနားရကောင်းမှန်းမသိခဲ့ကြဘူး။
ရှင်သန်ရာတစ်ဘ၀တာမှာချမ်းသာအစစ်ကိုရနိုးနဲ့မျှော်ရင်း…မျှော်ရင်း အချိန်တွေသာ ကုန်လာခဲ့ပေမယ့် ကိုယ်မျှော်နေတာတွေဟာ ဒုက္ခဖြစ်ကြောင်းတွေပါလားလို့ မစဉ်းစားမိသေးဘဲ
သေဆုံးခါနီးထိလည်း မျှော်နေကြဦးမှာပါပဲ။

လူ့ဘ၀ပေါက်ပင်ကပွင့်သမျှဒုက္ခတွေထဲကိုယ့်အတွက်သုခရှိလိုရှိငြားလူတွေမျှော်နေတာဟာ
ပေါက်ပွင့်ကိုခွေးမျှော်နေတာနဲ့ အတူတူပဲဒကာမကြီး."


 ပေါက်ပွင့်များကို လိုက်နမ်းကြည့်နေသောခွေးပိန်လေးအားကြည့်ကာ ဆရာတော်ဘုရားကြီးဟောပြခဲ့သည်မှာမှန်လိုက်လေခြင်းဟု သီသီ တွေးမိသည်။

သီသီသည်လည်း အမေဆုံးသွားခဲ့စဉ်က နောက်ထပ်ပေါက်ပွင့်တစ်ပွင့် အား ထပ်မံမျှော်ခဲ့ဖူးခဲ့လေ၏။

Xxxxxxxxxxxxxxxxxxxxxxxxxxx

(၃)

စာတော်သည့်သီသီ့ကိုအရိပ်တကြည့်ကြည့်ဖြင့်ဂရုစိုက်လွန်းသည့်အမေကစာကျက်ပျက်မှာ စိုးပြီး
ဘာအလုပ်မှမခိုင်းပေ။သီသီ့တာဝန်ကတက်သည့်အတန်းတွင်စာအတော်ဆုံး ဖြစ်အောင်
ကြိုးစားဖို့ ပင်..။

သည်လိုနှင့်ကျောင်းတက်လာသည်မှာသီသီရှစ်တန်းအရောက်တွင်အမေနေမကောင်းဘဲ တစ်ရှောင်ရှောင်ဖြစ်လာပေမယ်ပိုက်ဆံကုန်မှာစိုးသဖြင့်ရွာရှိဆေးပေးခန်းပင်မသွားခဲ့ပေ။ အမေရှိလျှင်အရာရာပြည့်စုံကာကျောင်းမှန်မှန်တက်နေရသည့်သီသီကလည်း စာကျက်ဖို့ ကလွဲလျှင်
အမေ့ကို ဂရုစိုက်ရကောင်းမှန်း မသိခဲ့ပါ။

အမေ မူးလဲသွားသည့်နေ့ ခင်းက သီသီအိမ်မှာမရှိပေ။နွေရာသီကျောင်းပိတ်သွားပြီမို့ 
ပေါက်ပင်ကြီးများအောက်တွင်ပေါက်ပန်းများကောက်ကာသီသီတို့မိန်းကလေးတစ်သိုက် ကတမ်းခုန်တိုင်းကစားနေကြ၏။အမေမူးလဲသွားသည်ကိုကြားလျှင်ကြားချင်းအိမ်အရောက်ပြန်ပြေးခဲ့ သော်လည်း
အိမ်ရောက်တော့အမေ့အလောင်းကိုသာတွေ့ရတော့သည်။
ဝေဒနာကိုဂရုမစိုက်ခဲ့သည့်အမေ့ခမျာဘယ်လိုဖြစ်ပြီးဘာရောဂါဖြင့် ဆုံးသွားမှန်းပင်မသိလိုက် ပေ။

အမေ့ ကိုသာတကမ္ဘာလို အားကိုးလာခဲ့သောသီသီသည်တုန်လှုပ်ခြောက်ခြားစွာဖြင့် စိတ်ထိခိုက်ကာ အမေဆုံးသွားပြီးနောက်ပိုင်းတော်တော်ကြာသည်အထိစကားမပြောနိုင်ဘဲဆွံ့ အသလိုဖြစ်သွားသောကြောင့်
ဆရာတော်ကြီးကကျောင်းဝင်းထဲရှိသီလရှင်ကျောင်းဆောင်လေးတွင်ခေါ်ထားသည်။ရှစ်တန်းအောင်စာရင်းထွက်သည့်
အခါသီသီဂုဏ်ထူးများဖြင့် အောင်ခဲ့သည်။

အမေမရှိတော့သဖြင့် ကျောင်းမတက်ရတော့ဘဲကိုယ့်တစ်ဝမ်းတစ်ခါးကိုယ့်ဘာသာရှာစားရတော့မည်ဟုထင်ပြီး
စိတ်လျှော့ ထားသည့်သီသီ့ ဆီသို့ ကျောင်းတက်ရန်အခွင့်အရေးကရောက်လာခဲ့သည်။

ဆရာတော်ကြီးနှင့်ဆွေရိပ်မျိုးရိပ်မကင်းသောမြို့ပေါ်မှအောင်သရဖူဆီစက်ပိုင်ရှင်သားအမိက ဘုန်းကြီးကျောင်းကိုလှူဘွယ်ပစ္စည်းများနှင့်ရောက်လာခဲ့ရာမှသီသီ့ အကြောင်းသိသွားလေသည်။ သူဌေးဆုံးသွားပြီးသားအမိနှစ်ယောက်တည်းနေသောမေမေကြီးတို့ကသီသီ့ကိုမြင်မြင်ချင်း ဂရုဏာသက်မိပါသတဲ့ ။
ထိုအချိန်က အပျိုပေါက်မလေးသီသီသည်ကိုယ့်ကိုသနားကြင်နာစွာဖြင့် ဖေးမနှစ်သိမ့်ပြီး
ကျောင်းထားပေးမည်ပြောနေသည့်ခန့်ညားသည့်သူဌေးသားလူပျိုချောကြီးကိုကြည့်ကာငယ်စဉ်က ကျောင်းမှ
ဆရာမပြောပြဖူးသည့်မနှင်းဖြူလေးကိုလာကယ်သည့်မင်းသားလေးများလားဟုထင်ကာ ရှက်ရွံ့ စိတ်လှုပ်ရှားမိပါ၏။

ကိုးတန်းကျောင်းများဖွင့်ချိန်ရောက်သည့်အခါမှာတော့ မြို့ ပေါ်တွင်နေကာသီသီကျောင်းတက်ခွင့် ရခဲ့သည်။ အိမ်အလုပ်များကူလုပ်ရသော်လည်းသီသီ့ ကိုညှာတာချစ်ခင်သော မေမေကြီးကြောင့် နေရတာပျော်လာသော
သီသီသည် အောင်သရဖူအိမ်ကြီးကို ကိုယ့်အိမ်လိုထင်မှတ်လာကာ ကိုယ့်ထက်ဆယ်နှစ်ကြီးသော ကိုကိုကြီးကိုလည်း ဆိုးနွဲ့ ရင်း ပျော်ရွှင်လာ၏။

အပျိုဖြန်းလေး၏နှလုံးသားအိပ်မက်ဦးသည်လည်းကိုကိုကြီးဖြစ်လာသည်။ ကိုကိုကြီး၏ချစ်ခင်ကြင်နာမှုများကိုမျှော်လင့်ရင်ခုန်ခဲ့ရသည်မှာလည်း မကြွေသေးသည့်ပေါက်ပွင့်ကို အပင်အောက်မှ မျှော်နေရသလိုပင်…။

Xxxxxxxxxxxxxxxxxx

(၄)

ညနေရောက်လာသောကြောင့် ကျနေပူပူ က သီသီ့ ကိုယ်ပေါ်ဖြာကျလာပေမယ့် မထချင်သေးဘဲ
ခုထိပေါက်ပင်ကြီးကိုလှည့်ပတ်မျှော်နေသည့်ခွေးပိန်လေးကို သီသီသနားကြင်စွာဖြင့် 
ငေးကြည့်နေမိသည်။ကိုယ်တိုင် မျှော်ခဲ့ဖူးသောကြောင့်လည်း ခွေးလေးကို ကိုယ်ချင်းစာမိသည်။

မျှော်ခဲ့ဖူးပါလေ၏။
အားကိုးချစ်ခင်ခြင်းများစွာဖြင့်တစ်လောကလုံးမှာကိုကိုကြီးသာ..ဟူသော စိတ်ဖြင့် သီသီတွယ်တာ
မျှော်လင့် ခဲ့မိပါသည်။

သီသီဆယ်တန်းအောင်တော့ အဝေးသင်တက်ရင်း ဆီစက်နှင့်တွဲဖွင့်ထားသည့် ပဲဆီသန့်  အရောင်းဆိုင်တွင်ထိုင်ရောင်းပေးရသည်။တော်ပေါ်သူအမေ့ ထံမှဖြူဖွေးလှပခြင်းများကိုအမွေရခဲ့ သည့်သီသီကမိန်းမချောလေးမို့ချူချင်သူတွေများပေမယ့်သီသီ့နှလုံးသားကကိုကိုကြီးကလွဲပြီး လက်မခံနိုင်ပါ။ထိုအချိန်ကိုကိုကြီးကဆီစက်အပြင် နိုင်ငံခြားသို့ ပဲအမျိုးမျိုးတင်ပို့သောပွဲရုံကို လည်း ဦးစီးနေ၏။ကိုကိုကြီးနှင့် မေမေကြီးတို့ မကြာခဏ တကြိတ်ကြိတ်စကားများပြောဆိုနေသည်ကိုရိပ်မိပေမယ့်  စီးပွားရေးကိစ္စဟုပင်ထင်ခဲ့မိသည်။

 ဆီဆိုင်သာမကအိမ်အလုပ်များတွင်လည်းအားကိုးရသည့်သီသီ့ကိုမေမေကြီးကတကယ့် သမီးရင်းချာလို
အားကိုးယုံကြည်ကာ ကိုကိုကြီးနှင့် နေရာချပေးချင်သလိုစကားဆိုလာတော့ သီသီ့ရင်တွေပေါက်ထွက်မတတ်ကြည်နူးရင်ခုန်ခဲ့ရသည်။လူလတ်ပိုင်းရောက်လာပြီဖြစ်သည့်သူဌေးသား
ကိုကိုကြီးမှာတွဲနေသည့်ချစ်သူလည်းမမြင်မိသောကြောင့်လည်းသီသီ့ စိတ်ကူးယဉ်မှုများက ရင့်သန်အမြစ်တွယ်လာခဲ့သည်။

သို့ သော်လည်း သီသီ့ အိပ်မက်များကိုရိုက်ချိုးပစ်သူက သီသီချစ်ရသည့်ကိုကိုကြီးပင်။

ရုတ်တရက်ကိုကိုကြီးကနိုင်ငံခြားထွက်သွားသည့်အခါမှာတော့ မေမေကြီး ဒေါသူပုန်ထကျန်ခဲ့ရသလို သီသီလည်း ရင်ကွဲပက်လက်ကျန်ခဲ့ရလေသည်။
ထိုအချိန်ကျမှ သိရသည်က ကိုကိုကြီးချစ်သူက နိုင်ငံခြားမှာပါ၊မေမေကြီးတို့ သဘောမတူသဖြင့်  ကိုကိုကြီးက ချစ်သူနှင့် အတူတူလိုက်မသွားရဘဲ ကျန်ရစ်ခဲ့ရသည်။နောက်ဆုံးတော့ မေမေကြီးက
သီသီ နှင့် နေရာချပေးမည့်အထိပြောလာသည့်အခါ အမေကိုဆန့်ကျင်ကာကိုကိုကြီးက ချစ်သူဆီလိုက်သွားခြင်းပင်။

ထိုအချိန်ကတည်းက ရင်ထဲမှ နှလုံးသားပွင့်ဦးကြွေခဲ့ရသောသီသီသည် မေမေကြီးနှင့် အတူတူ
ဆက်နေရင်းတကယ့်သမီးအရင်းလိုလုပ်ကိုင်ပေးခဲ့ပါသည်။နာကျင်ကြေကွဲနေသည့်ကြားမှ ရေခြားမြေခြား မှာ ကိုကိုကြီးအဆင်ပြေပါ့ မလားဟုစိုးရိမ်ပူပင်ကာနေ့စဉ်ဆုတောင်းပေးပါသည်။

စရိုက်ချင်းမတူသောချွေးမကိုလက်မခံချင်လို့သာမာန်တင်းထားသောမေမေကြီးသည်လည်းကိုကိုကြီးတို့
သမီးလေးမွေးကြောင်း၊စရိတ်ကြီးပြီးအဆင်မပြေကြောင်း၊မိန်းမကသမီးတစ်ဖက်နှင့်မို့ အလုပ်လုပ်ရတာ ကသီကြောင်းများ သိရသည့်အခါမှာတော့ တင်းမထားနိုင်တော့ဘဲကိုကိုကြီးတို့ ကို ပြန်လာပြီး အောင်သရဖူကိုလာဦးစီးရန်ခွင့်ပြုလိုက်လေတော့သည်။

ကိုကိုကြီးတို့ပြန်လာချိန်မှာတော့တစ်နှစ်သမီးလေးသဲဆုကိုမြင်မြင်ချင်းမေမေကြီးလက်ပေါ်က မချနိုင်အောင်သည်းသည်းလှုပ်ချစ်သွားသလိုသီသီ့ဘ၀မှာလည်းတွယ်တာရမည့်သံယောဇဉ်ကြိုးတစ်ချောင်းတိုးလာရ ပါလေတော့သည်။


(၅)

ပေါက်ပင်ပေါ်မော့ကြည့်ဆဲဖြစ်သောခွေးပိန်လေး တခြားထွက်မသွားသေးသည်ကိုကြည့်ရင်း
သီသီသက်ပြင်းတစ်ချက်ရှိုက်လိုက်မိ၏။

သီသီ့တုန်းကလည်းကိုကိုကြီးတို့ မိသားစုပြန်ရောက်လာပေမယ့် အောင်သရဖူမှထွက်မသွားနိုင်ဘဲ မေမေကြီးနှင့်အတူ ဆက်နေရင်း ကိုကိုကြီးသမီးလေးကို ချစ်ခင်တွယ်တာခဲ့ပါသည်။

ကိုကိုကြီးကဆီစက်နှင့်ပွဲရုံကိုဦးစီးလုပ်ကိုင်ခွင့်ရသည့်ကြားမှသီသီထိုင်သော ဆီဆိုင်မှာ ကိုကိုကြီးမိန်းမက
သူကိုယ်တိုင်ထိုင်မည်ဆိုလေတော့မေမေကြီးနှင့်စကားများကြသေး၏။ မိန်းမကိုမလွန်ဆန်နိုင်သည့် ကိုကိုကြီးကြောင့်
သားအမိ စိတ်ဝမ်းကွဲသွားမှာမလိုလားသော သီသီကိုယ်တိုင်ကပဲ ဆီဆိုင်မှာမထိုင်တော့ဘဲ အိမ်အလုပ်များကိုသာမေမေကြီးနှင့်ကူလုပ်ရင်း မီးဖိုချောင်ထိန်းကြီးဖြစ်မှန်းမသိဖြစ်လာခဲ့ရသည်။

ဘယ်လိုပဲဖြစ်ဖြစ်..သမီးလေးသဲဆုစားချင်သည်များကိုဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးရင်းသီသီပျော်ခဲ့ပါသည်။
သဲဆုလေးကလည်းကျောင်းမနေခင် အရွယ်အထိသီသီအလုပ်များနေသောအဖေနှင့်
အမေထက်သီသီ့ ကိုသာတွယ်တာခဲ့၏။သီသီနယ်ဖတ်ပေးသောထမင်းကိုသာစားသည့်သဲဆုလေးကို
သီသီချစ်ခင်လှပါသည်။

သို့သော်လည်း…ထိုအခြေအနေကိုမကြိုက်သည့်ကိုကိုကြီးမိန်းမကကလေးကိုသေချာပြောဆို စည်းရုံးလိုက်သည့်အခါ
သဲဆုလေးကသီသီ့ကိုစိမ်းသွားလေသည်။ကျောင်းတက်သည့်အရွယ်ရောက်လာချိန်မှာတော့ သဲဆုလေးက သီသီ့အားအိမ်ဖော်တစ်ဦးကဲ့ သို့ ပင်ဆက်ဆံလာသည်။

ရင်နင့်ဝမ်းနည်းစွာဖြင့်  ကွယ်ရာမှာ ကြိတ်ငိုရပေမယ့် သမီးလေးကို သီသီအချစ်မလျော့ ခဲ့ပေ..။
တစ်ကယ်လည်းကိုကိုကြီးတို့ သားအမိသာခေါ်ပြီးကျောင်းဆက်မထားပေးခဲ့လျှင်
သီသီဟာ အိမ်တစ်အိမ်မှာ  အိမ်ဖော်ဖြစ်ချင်ဖြစ်နေမှာ။ မေမေကြီးက သမီးအရင်းလို မြှောက်စားနေပေမယ့် 
သီသီဘ၀မမေ့ ပါ။ကျေးဇူးရှင်မိသားစု၏မျိုးဆက်လေးသဲဆုကိုလည်းဖူးဖူးမှုတ်ချစ်ခင်အလိုလိုက်ခဲ့လေ၏။
ကိုယ်ငယ်စဉ်ဘ၀လိုမဟုတ်ဘဲချစ်သူခင်သူတွေမေတ္တာကြားတွင်ပြည်စုံချမ်းသာစွာဖြင့် သဲဆုလေးကြီးပျင်းလာ
သည်ကိုမုဒိတာပွားရင်းလိုအပ်တာဖြည့်ဆည်းပေးခဲ့ပါသည်။

သီသီသာမရှိလျှင်မောက်မာသောချွေးမကြောင့်မေမေကြီးစိတ်ညစ်ရမှာကိုသိသောကြောင့်လည်းဘွဲ့ ရပြီးပေမယ့် 
တခြားဝန်ထမ်းအလုပ်လုပ်ဖို့ သီသီယောင်လို့ပင်စိတ်မကူးခဲ့ပါ။
သို့ သော်လည်း အောင်သရဖူ၏စည်းစိမ်ချမ်းသာများကိုမက်မောသောကိုကိုကြီးမိန်းမ က
သီသီ့ကို အိမ်မှာမရှိစေချင်ပေ။

တတ်နိုင်သမျှသည်းခံပြီးနေနေသော်လည်းနောက်ဆုံးသီသီ့ သိက္ခာကိုပါထိပါးလာလေသောကြောင့်
သီသီအောင်သရဖူမှခွာရန်ပြင်ခဲ့ပါသော်လည်းမထင်မှတ်သည့်ကံကြမ္မာအလှည့်အပြောင်းက ဖန်လာပြန်၏။

သဲဆုလေး ရှစ်နှစ်သမီးအရွယ်တွင် ကိုကိုကြီးမိန်းမ ရုတ်တရက်ဆုံးသွားလေ၏။

ထိုအခါမှာတော့ မိန်းမစိတ်ဖြင့် အလုပ်မလုပ်နိုင်ဘဲ ကြေကွဲစိတ်ညစ်နေသည့်အကိုကြီးကို အားပေးနှစ်သိမ့်ရင်း
သဲဆုလေးကိုစောင့်ရှောက်ပေးရင်းအောင်သရဖူအိမ်ကြီးမှ မခွာနိုင်ခဲ့သည့် သီသီ့ ဘ၀မှာလည်း  ပေါက်ပင်ကြီးနားမှ မခွာနိုင်သည့် ခွေးပိန်အလားပင်..။

Xxxxxxxxxxxx

(၆)

ညနေစောင်းလာပြီမို့ နေမင်းကြီး၏အရောင်ဖျော့ကာ အပူချိန်လည်းလျော့ကျလာ၏။
တည်းခိုနေထိုင်သည့်သီလရှင်ကျောင်းလေးသို့  ပြန်ဖို့ အချိန်တန်နေသော်လည်းသီသီ မပြန်ချင်သေးပေ။

ခွေးပိန်လေးကိုလှမ်းကြည့်မိလေတော့ မတွေ့ ရတော့ပေ။စား ၍မရသောပေါက်ပွင့်များကို စိတ်ပျက်ပြီးပြန်သွားပြေီလား..။စိတ်ပျက်တာမြန်လှချည်လားခွေးပိန်လေးရယ်။။။

သီသီကတော့ ဆယ်စုနှစ်တစ်နှစ်နီးပါး သဲဆုလေးကိုစိတ်မပျက်ခဲ့ပေ။

ကိုကိုကြီးမိန်းမဆုံးတော့သုံးတန်းသာရှိသေးသည့် သဲဆုလေးကို သနားကြင်နာလှ သောကြောင့်
သီသီပိုချစ်ပြီး ပိုဂရုစိုက်ခဲ့မိခြင်းသည် ကိုကိုကြီးကိုလက်ထပ်ချင် ၍မဟုတ်တာကို
သီသီသစ္စာဆိုရဲပါသည်။

သို့ သော် အထိန်းအကွပ်မရှိတော့ဘဲစိတ်လေပြီးအရက်စွဲနေသည့်ကိုကိုကြီးကိုပြုစုလုပ်ကိုင်ပေးဖို့ 
နှင့် သဲဆုလေးကို အနီးကပ်ကျွေးမွေးသုတ်သင်ရန်အတွက် အများအမြင်သင့်တော်ဖို့ အတွက်
မေမေကြီးက လက်ထပ်ပေးတော့ သီသီမငြင်းသာခဲ့ပေ။ သဲဆုလေးကိုသီသီမဟုတ်သော
တခြားမိထွေးများလက်ထဲရောက်သွားမည်ကိုစိုးရိမ်လှ၏။

မိခင်မဆုံးခင်သွေးထိုးပေးထားခဲ့သောစကာများကြောင့်သီသီ့အပေါ်အမြင်စောင်းနေသော သဲဆုလေး ကခါးခါးသီးသီးဖြစ်ခဲ့သလိုသဲဆုလေးကလွဲပြီးတခြားသားသမီးမလိုချင်တော့သည့် ကိုကိုကြီးကလည်း
သီသီနှင့်လက်မထပ်ချင်ပေ။
ထို့ ကြောင့်သီသီအတန်တန်ငြင်းခဲ့သေးသော်လည်းကျန်းမာရေးမကောင်းဘဲတရှောင်ရှောင်ဖြစ်လာသော
မေမေကြီး၏ဆန္ဒကိုမလွန်ဆန်နိုင်သောသီသီသည်နောက်ဆုံးမှာတော့ သားသမီးမယူရဟူသော ကိုကိုကြီး၏တောင်းဆိုမှုတစ်ခုဖြင့် လက်ထပ်ခဲ့ ရလေ၏။

သီသီကတိပေးခဲ့ပြီးသော်လည်းမယုံကြည်နိုင်သည့်ကိုကိုကြီးကလက်ထပ်ပြီးသည်နှင့် သားသမီးလုံးဝ
မရလေအောင်သားကြောဖြတ်လိုက်သည့်အခါ သီသီ ရင်နာပေမယ့် ကျေနပ်ပါသည်။
ကိုကိုကြီးသမီးသဲဆုလေးသည် သီသီ့ သမီးပဲဟုခံယူထားပြီးအစွမ်းကုန်ချစ်ခင်အလိုလိုက်ခဲ့၏။

သည်လိုနှင့် …ပေးသည့်မေတ္တာများ ပြန်လာလေမလားဟုတစ်နှစ်ပြီးတစ်နှစ် တစ်ရာသီပြီးတစ်ရာသီ မျှော်လင်ခဲ့မိသော်လည်းသဲဆုလေးသည်သီသီ့ကိုအိမ်ဖော်တစ်ဦးလိုသာ ဆက်ဆံပြောဆိုဆဲ…။
ငယ်ငယ်လေးကတည်းက ခေါ်ခဲ့သလို သီသီဟုပင်ခေါ်ဆဲ..။

မေမေကြီးလည်းဆုံးသွားပြီးသဲဆုလေးအထက်တန်းကျောင်းသူဖြစ်လာခဲ့သည့်အချိန်ထိ သီသီ့ အပေါ်
သဲဆုလေးက  ခပ်စိမ်းစိမ်းသာနေပေမယ့် သီသီကတော့ အပျိုဖော်ဝင်လာသည့်သမီးလေးအပေါ် မိခင်တစ်ယောက်၏ပူပင်ခြင်းများဖြင့် အမြဲပူပင်ကာ အရိပ်တကြည့်ကြည့်နေခဲ့သည်။

မနှစ်ကကိုးတန်းကျောင်းပိတ်ရက်များမှာသဲဆုလေးမူပျက်နေသည်ကိုရိပ်မိပြီးစုံစမ်းကြည့်သည့်အခါ သဲဆုလေးကိုအသည်းအသန်လိုက်နေသောကောင်လေးတစ်ယောက် ရှိလာတာသိခဲ့ရသည်။
စာလည်းမကြိုးစားဘဲဆယ်တန်းကိုတဘုန်းဘုန်းကျနေသောထိုကောင်လေးသည် တစ်ဦးတည်းသော
သဌေးသမီးလေးသဲဆုကိုဘာကြောင့်ကပ်နေလည်းဆိုတာအားလုံးရိပ်မိကြသော်လည်း ကာယကံရှင်သဲဆုလေးက မသိပေ။

ကိုးတန်းအထိစာတော်လာခဲ့ပြီးအရေးကြီးလှသည့်ဆယ်တန်းရောက်ခါမှအတန်းထဲတွင်အဆင့်ကျ
သွား ကာရမှတ်များနည်းသွားသည့်သဲဆုလေး၏စိတ်များကထိုကောင်လေး၏သိမ်းသွင်းခြင်း ခံနေရပြီဆိုတာ
ရိပ်မိလေတော့ သီသီ့ မှာခေါင်းမီးတောက်ခဲ့ရသည်။

အရိပ်အမြွက်သတိပေးမိသည့်သီသီိ့ကိုရန်သူလိုဆက်ဆံလာသည့် သဲဆုလေးကြောင့် 
နောက်ဆုံးကြံရာမရဖြစ်ကာကိုကိုကြီးကိုဖွင့်ပြောပြတိုင်ပင်ခဲ့ပါသော်လည်းသီသီထင်သလိုဖြစ်မလာခဲ့ပေ။ သမီးကိုယုံလွန်းသောကိုကိုကြီး က သီသီသတိပေးသည်ကိုအရေးမစိုက်သည့်အခါ သီသီ့ ရင်ထဲ နွေနေမင်းလို
ပူပြင်းခဲ့ရပါလေ၏။

Xxxxxxxxxxxxxxxxxx

(၆ )

ညနေစောင်းလေပြည်အေးလေးသုတ်ခနဲတိုက်လိုက်ပြီးသီသီ့ပါးပြင်ပေါ်အေးခနဲဖြစ်သွားလေမှ စီးကျနေသည့်
မျက်ရည်စများကို အသာအယာလက်ဖြင့် စမ်းသုတ်လိုက်သည်။

မျက်ရည်တွေမခန်းနိုင်သေးပါလား…ဒီကိုထွက်မလာခင်အထိငိုခဲ့ရလွန်းလို့ မျက်ရည်တွေခန်းသွားပြီဟုသီသီထင်ခဲ့တာပါ။

သည်နှစ်ဆယ်တန်းစာမေးပွဲဖြေခါနီးအချိန်တုန်းကသီသီ့မှာသဲဆုလေးကိုသာ အရိပ်လိုကြည့်နေခဲ့ ရသည်။ညဘက်သမီးလေးစာကျက်ချိန်တိုင်းအိမ်ရှေ့တွင်ရှိနေတတ်သည့် ထိုကောင်လေးအကြောင်း
ကို ကိုကိုကြီးအားပြောပြခဲ့သော်လည်း အရာမရောက်ပေ။လင်မယားဖြစ်လာပေမယ့် သီသီ့ကို အရင်လိုပဲဆက်ဆံပြောဆိုတတ်သည့်ကိုကိုကြီးက သမီးစကားကိုသာယုံကြည်ခဲ့လေ၏။

သို့သော်..သဲဆုလေးကိုကြေးမုံလိုရှုနေသည့်သီသီကစာမေးပွဲနီးလာလေ..သမီးလေးမူပျက် လာလေဖြစ်နေတာသိတော့ ရင်ပူရလေပြီ။သမီးလေးကိုစိတ်မချသောကြောင့် အိမ်မှာဆရာစုံခေါ်ကာ သင်ပေးနေသည့်ကြားမှ
သူငယ်ချင်းများကိုစာသွားမေးတတ်သည့်သဲဆုလေးကိုနောက်မှ လိုက်ချောင်းသည်
အထိသီသီစိတ်ပူခဲ့သည်။ဆယ်တန်းစာမေးပွဲဆိုသည်မှာဘ၀၏အဆုံးအဖြတ်မို့  သိပ်အရေးကြီး၏။ သဲဆုလေးကိုလှေလှော်ရင်းတက်ကျိုးသွားမှာစိုးလှသောကြောင့်  သဲဆုလေးဆယ်တန်းဖြေ
သည့်နေ့တိုင်းသီသီကျောင်းထိလိုက်စောင့်ခဲ့သည်မှာ စာမေးပွဲနောက်ဆုံးနေ့ အထိပင်..။

ထင်သည့်အတိုင်း..နောက်ဆုံးနေ့တွင်သဲဆုကစာမေးပွဲပြီးချိန်ကျော်သည်အထိ စောင့်နေသည့်
ကားနားရောက်မလာလေသည်မို့လိုက်ပတ်ရှာသည့်အခါ ကောင်လေးနှင့် လက်ချင်းတွဲပြီး
စကားပြောနေသည်ကိုမြင်ရလေ၏။

သီသီ့ မျက်ဝန်းထဲ ဘာမှမမြင်တော့ဘဲ ကောင်လေးကိုပြောဆိုကာ သဲဆုအား လက်အတင်းဆွဲခေါ်ပြီး
အိမ်ပြန်ခဲ့ပါတော့သည်။ အိမ်ရောက်သည့်အခါ သဲဆုက ကိုကိုကြီးကို ငိုပြီးတိုင်လေ၏။

“ ဘာလို့ ကျောင်းထိလိုက်အရှက်ခွဲရတာလဲသီသီ”

“မဟုတ်ဘူးကိုကိုကြီး ၊ ဟိုကောင်လေးပုံစံကသိပ်မဟန်လို့ ”

“မဟုတ်ဘူးဖေဖေ..အလကားလျှောက်ပြောနေတာ..သမီးတို့ ဘာမှမဖြစ်ဘူး”

“မညာနဲ့ သဲဆု…သီသီသိတယ်..အဲ့ ဒီကောင်လေး ကမရိုးသားဘူး၊သမီးကိုခိုးရာလိုက်ဖို့ 
သူစည်းရုံးနေတာမှတ်လား”

“သီသီ..ကလေးကို ဘာတွေပြောနေတာလဲ..တိတ်စမ်း”

“မတိတ်နိုင်ဘူးကိုကိုကြီး ၊သီသီမြင်တဲ့အတိုင်းပြောတာ ..သဲဆုနဲ့ ဒီကောင်လေးကကြိုက်နေတာ..”

“ဟုတ်လား..သမီး.”

“အို..မဟုတ်ဘူး..မဟုတ်ဘူး”

“ကလေးကမဟုတ်ဘူးလို့ ပြောနေတာကိုမင်းဘာသာအထင်လွဲနေတာသီသီ”

“အို..သီသီသိတယ်..သီသီသာအချိန်မီမရောက်ရင် ဒီကောင်လေးနောက်ကိုသဲဆုလေးပါသွား..”

ဖြန်းးးးးးး

စကားမဆုံးခင် မျက်လုံးထဲမီးတောက်ကာ သီသီ့ ညာဘက်ပါးပြင်တစ်ခုလုံး ကျိန်းစပ်သွားသည်။
ကိုကိုကြီး က သီသီ့ပါး ကို လှမ်းရိုက်လိုက်ခြင်းပင်။

“တော်စမ်းသီသီ၊မင်းပေါက်ကရပြောမနေနဲ့၊ငါ့သမီးကိုဒီလိုခိုးရာလိုက်မယ့် အောက်တန်းစားထင်
နေလား…အလကားမိန်းမ..ပြောတော့သမီးရင်းလိုချစ်တယ်လေးဘာလေးနဲ့ ..
နောက်ဆုံးတော့ မိထွေးက မိထွေးလိုပဲ သမီးကိုဆက်ဆံတယ် ”

အို…ပါးပြင်မှအနာထက် အသည်းတွေကွဲကြေမတတ်နာအောင်ပြောရက်လိုက်လေခြင်း..။
သီသီ့စေတနာ၊မေတ္တာများကိုသမီးလေးနားမလည်လျှင်နေပါ၊ကိုကိုကြီးနားလည်ဖို့ ကောင်းပါသည်။
ဘ၀၏ပျိုရွယ်ချိန်များကိုအောင်သရဖူမှာသာ နစ်မြုပ်ထားသည့်သီသီ့အတွက်ရလာဒ်ကခါးသီးလှ၏။
သီသီ့တစ်ဘ၀လုံးမြုပ်နှံပြီးချစ်ခင်ဂရုစိုက်ခဲ့ရသောသားအဖကသီသီ့ကို သည်လိုထင်နေမှတော့ အောင်သရဖူမှာ
သီသီ ဆက်ပြီ်းမနေသင့်တော့ပေ..။

သွားပါတော့မည်။အားလုံးကိုသီသီကျောခိုင်းလိုက်ပါမည်။

xxxxxxxxxxxxx

(၇)

နေမင်းကြီးက အ၀ါရောင်မှ ပုဇွန်ဆီရောင်ပြောင်းလာလေပြီမို့  ထိုင်နေရာမှသီသီထရပ်လိုက်သည်။

ကိုကိုကြီးနှင့်သဲဆုလေးကိုထားရစ်ခဲ့ပြီး သီသီပေါက်ပင်ကုန်းရွာကို ထွက်လာခဲ့သည်မှာ ငါးရက်ရှိပါပြီ။
အနှစ်နှစ်အလလပေးဆပ်ခဲ့ရသည့်နှလုံးသားမှာပြန်လည်ရရှိလာသည်ကအထင်လွဲမုန်းတီးခြင်းများ
ဖြစ်လေတော့လောကကြီးကိုသီသီစိတ်ကုန်သွားပါပြီ။သည်သားအဖအတွက်သာအသက်ရှင်နေထိုင်ခဲ့သည့်
သီသီဘ၀သည်လည်းအဓိပ္ပါယ်မရှိတော့သလိုပင်။

ထို့ကြောင့် ပူလောင်လှသောသမုဒယများကို တရားရေအေးဖြင့် ဆေးကြောရင်းသီလရှင်ဝတ်ပေးပါရန်
ခွင့်ပန်လေသောအခါ ဆရာတော်ကြီးက စောင့်ခိုင်းထားသဖြင့် သီသီစောင့်နေရခြင်းပင်..။

ပေါက်ပင်ကြီးအောက်မှလှည့်မထွက်ခင် နောက်ဆုံးအနေဖြင့် အပင်ပေါ်မော့ကြည့်လိုက်တော့
တောက်ပနေသောပေါက်ပွင့်များကမြူဆွယ်နေသလိုလို..။တော်ပါတော့ပေါက်ပွင့်လေးတွေရယ်…
ခုချိန်မှာ သီသီဟာ ဘာကိုမှမမျှော်လင့် ၊မမက်မောချင်တော့ပါဘူး…။

“ သီသီရေ..”

အို..ဒါသဲဆုလေးအသံပါလား။မဖြစ်နိုင်ပါဘူး။သီသီ စိတ်ထဲကြားယောင်နေမိတာနေမှာဟုတွေးနေ စဉ်မှာပဲ ထပ်ကြားရပြန်၏။

“သီသီရေ..သီသီရှိလား”

ခေါ်သံကပိုမိုသဲကွဲကာသီသီနှင့်နီးလာသလိုခပ်ဝေးဝေးမှာသီသီ့ဆီလှမ်းလာနေသော အရိပ်လေး နှစ်ရိပ်ကိုမြင်လိုက်ရပြီ။ ကိုကိုကြီးနှင့် သဲဆုလေးတို့ ကသီသီ့နောက်လိုက်လာကြပါလား။

သီသီသည် အံ့ သြမင်သက်စွာဖြင့်  ပေါက်ပင်အောက်မှာပင် ကျောက်ရုပ်ကဲ့သို့ ရပ်တန့် ရင်း နီးကပ်လာသူနှစ်ဦးကို ငေးမောနေမိသည်။

“ရှာလိုက်ရတာသီသီရယ်... သဲဆုကိုစိတ်ဆိုးနေတုန်းပဲလား”

သမီးလေး…ခုကျတော့လည်း သူ့ မျက်ဝန်းလေးတွေကကြည်လင်သန့်စင်လို့ ပါလား။
ကိုကိုကြီးကတော့သီသီနှင့်မလှမ်းမကမ်းမှာရပ်ကာ အားနာသလိုမျက်နှာညိုညိုနှင့် ရပ်ငေးနေသည်။
စကားတွေတတွတ်တွတ်ဆိုနေသူက သဲဆုလေးပင်။

“သဲဆုကို ခွင့်လွှတ်ပါသီသီ…အဲ့ ဒီ့ နေ့ကဖေဖေ့ ကိုရှက်ရမ်းရမ်းပြီးငြင်းလိုက်ပေမယ့် 
သီသီပြောသလိုသူကလေ..ဟို..သဲဆုကိုခိုးရာလိုက်ဖို့ ခေါ်ခဲ့တာပါ”

အလို..ဘုရား..ဘုရား..သီသီထင်ခဲ့သလိုပါပဲလား..ကံသီပေလို့ သာပေါ့ ။

“သီသီ့ ကိုရွဲ့ ပြီးပြန်ပြောနေပေမယ့် သူမကောင်းမှန်းတော့သဲဆုလည်းရိပ်မိပါတယ်။ ဒါကြောင့်  သီသီထွက်သွားကတည်းကသဲဆုသူ့ကိုအတွေ့မခံခဲ့ပါဘူး။ဖေဖေလည်းသီသီ့ကိုရိုက်မိတာ နောင်တ
ရပြီး သီသီ ဘယ်ထွက်သွားလဲစုံစမ်းပြီး ချက်ချင်းလိုက်လာမလို့ ပါ။
ဒါပေမယ့် …သဲဆုကိုလေ..ဟို..သဲဆုကို သူတို့ အဖွဲ့ တွေ ကားတင်ပြေးလို့ ”

“အို..သမီးကိုကားတင်ပြေးတယ်ဟုတ်လား..ရိုင်းလိုက်ကြတာ”

“ဟုတ်တယ်သီသီ…သမီး စာအုပ်ဆိုင်သွားတဲ့ လမ်းမှာသူတို့ သူငယ်ချင်းတွေကားတစ်စီးနဲ့ 
စောင့်ပြီးသဲဆုကိုအတင်းဆွဲခေါ်တာ…ဒါပေမယ့်  သဲဆုအော်ပြီး ပြေးထွက်လာတော့
တခြားလူတွေသိသွားလို့ သူတို့ နဲ့ ရိုက်ပွဲတွေဖြစ်ကြတယ်”

“ဖြစ်မှဖြစ်ရလေ…ရဲစခန်းတွေဘာတွေရောက်မှာပေါ့ ”

“ဟုတ်တယ်…ဒါကြောင့်သီသီထွက်သွားသွားချင်းသဲဆုတို့ လိုက်မလာနိုင်တာပါ။ဖေဖေကတော့ပြောပါတယ်..
သီသီဒီရွာကိုပဲပြန်မှာပါတဲ့ ”

အောင်သရဖူကလွဲလျှင် သီသီ့ကွန်းခိုရာသည်ပေါက်ပင်ရွာမှတစ်ပါးမရှိတာတော့ကိုကိုကြီး
သိနေသားပဲ။ယခုချိန်ထိ ကိုကိုကြီးက သီသီ့ကိုစကားမပြောဘဲငေးကြည့်နေဆဲပင်။
သီသီ့ပါးကိုရိုက်ပြီးနင့်နင့်သီးသီးပြောခဲ့သည်များကိုခုထိအားနာနေတာလားကိုကိုကြီးရယ်..။
သီသီကတော့ သီသီ့လက်များကိုလာရောက်ဆုပ်ကိုင်သည့်သဲဆုလေးကိုရင်ခွင်ထဲပွေ့ ထားမိလေပြီ။

“သဲဆုလေ…သီသီမရှိတော့ဘယ်လိုမှမနေတတ်ဘူး..သဲဆုဘာပဲလုပ်ချင်လုပ်ချင် သီသီလိုအပ်တယ် ဆိုတာခုတော့သိပါပြီ..ခုနကကျောင်းဝင်းထဲကနေ ဒီဘက်ကိုလိုက်ပို့ တဲ့ သီလရှင်ဆရာလေး ကပြောတယ်၊
သီသီက သီလရှင်အပြီးဝတ်တော့မှာဆို..
အဲ့ လိုတော့မလုပ်ပါနဲ့ သီသီရယ်..
သီသီမရှိရင်သဲဆုနဲ့ ဖေဖေဘယ်လိုနေရမှာလဲ..သဲဆုကိုခွင့်လွှတ်ပါနော်..
တကယ်တော့သီသီကသဲဆုရဲ့အမေပါ…ဖေဖေကလည်းသီသီ့ကိုတောင်းပန်ချင်လို့ လာခေါ်တာပါ”

အို..သမီးလေးကသီသီ့ကိုတောင်းပန်သတဲ့…။သီသီကသူ့ အမေတဲ့ …။လှိုက်ဖိုတုန်ယင်သောရင်ဖြင့် ကိုကိုကြီးဘက်
လှမ်းကြည့်လိုက်တော့သီသီ့ကိုငေးကြည့်နေသည့်ကိုကိုကြီးမျက်ဝန်းများမှ အရိပ်တစ်ခုကို တွေ့ ရ၏။
အခြေအနေကတခဏတာ တိတ်ဆိတ်ငြိမ်သက်သွားလေ၏။သီသီ့ ရင်ထဲမှာလည်း
ခံစားမှုမျိုးစုံဖြင့် ဖိုလှိုက်နေပါပြီ။

တိတ်ဆိတ်ခြင်းကိုစတင်ဖြိုခွင်းလိုက်သူက ကိုကိုကြီးပင်။

“ ကဲ..နေလည်းစောင်းနေပြီ..ဒီကနေ မြို့ ကိုပြန်ရင် သုံးနာရီလောက်ကားမောင်းရဦးမှာ..သီသီ ကိုကိုကြီးတို့ နဲ့ ပြန်လိုက်မှာမဟုတ်လားဟင်”

“ လိုက်မှာပေါ့ ဖေဖေကလည်း..ဟုတ်တယ်နော် သီသီ”

သီသီဘာမှပြန်မဖြေဘဲသဲဆုမျက်နှာလေးကိုငေးကြည့်နေမိသည်။
ထိုစဉ်မှာပင် ပေါက်ပင်ကြီးပေါ်မှကြွေကျလာသောပေါက်ပွင့်တစ်ပွင့် သီသီ့ ခြေရင်းဆီသို့ 
ကြွေကျဆင်းသက်လာ လေ၏။



ကြာဖြူနွယ်

No comments:

Post a Comment