( ၁ )
“ မယ်သီတာ..ပင်လယ်ရေတစ်ယောက်တည်းသောက်မကုန်ပါဘူး.
လောဘမကြီးစမ်းပါနဲ့ ငါ့ ညီမရယ် ”
လာပြန်ပြီ…အကိုကြီးဟာ ဒီစကားချည်းဂါထာလိုရွတ်နေတော့တာပါပဲလား…။
မသီတာပြောလိုက်တိုင်း အကိုကြီးသာမောင် က ဒီလိုပြောတာ သုံးကြိမ်ရှိပြီ။
ရပ်ကွက်ထဲမှာလည်း အိမ်ဆိုင်သုံးဆိုင်ထပ်တိုးလာပြန်ပေါ့ ..။
ပြောရရင် ..တစ်ခြားဆိုင်တွေဆိုတာနောက်မှပေါက်တဲ့ ရွှေကြာပင်တွေပါ။
ဈေးသည်မျိုးရိုးလည်းမဟုတ် ၊ အရောင်းအ၀ယ်လည်းစိတ်မ၀င်စား…
တတ်လို့ မဟုတ်ဘဲငတ်လို့ ထဖွင့် ကြတဲ့သူများပါတယ်။ ကြပ်တည်းလာတဲ့ အိမ်စားရိတ်အထောက်အကူပြုအောင်ပေါ့ …။
မသီတာတို့ ဆိုတာ ဒီမြေမှာငယ်မွေးခြံပေါက်တွေ..။သိတတ်စကတည်းက အမေ့ ဆိုင်က ချိန်ခွင်နဲ့ အလေးကိုင်ပြီးကြီးပျင်းလာခဲ့ရတာ…။ မိဘနှစ်ပါးဆုံးသွားတော့ ဒီကုန်စုံဆိုင်ကို အကိုကြီးသာမောင်ဆက်ပြီးဦးစီးတာဆိုပေမယ့် မသီတာက ဆယ်တန်းနှစ်ခါကျတော့ ကျောင်း ထွက်ပြီးဆိုင်အလုပ်ပဲဖိဖိစီးစီးလုပ်ရင်းမသီတာဆိုင်ရယ်လို့ အမည်တွင်သွားပါလေရော…။
နောက်…အကိုကြီးအိမ်ထောင်ကျတော့လည်းစီးပွားမခွဲဘဲ အတူတူစားကြတာပါပဲ။
အေးဆေးပြီးသဘောကောင်းတဲ့ ယောင်းမက ချက်ပြုတ်၊ အိမ်ရှင်း၊လျှော်ဖွပ်ပေးလို့ မသီတာက သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းပြီးဆိုင်ထိုင်ပေးရုံပဲ..။ မသီတာထုတ်ပေးတဲ့ ဈေးဖိုးပဲယူပြီးအပိုငွေမသုံးတတ်တဲ့ ယောင်းမမျိုးရလို့ အကိုကြီးကိုကျေးဇူးတင်လိုက်တာ..။
နှမကိုညှာလွန်းတဲ့ အကိုကြီးဟာမသီတာအတွက်တော့ ဖခင်နဲ့ မခြားပါဘူး..။
မသီတာတို့ နေတဲ့ မြို့သစ်ရပ်ကွက်လေးကနေ ငါးမှတ်တိုင်လောက်သွားရင်ဈေးတစ်ခုရှိပါတယ်။မသီတာလည်းအဲ့ ဒီဈေးကပဲ
ကုန်တွေဝယ်ပြီး အမြတ်ပြန်တင်ရောင်းတာပါ။
ဒါပေမယ့် အိမ်ရှင်မတွေကသိပ်တော့မသွားကြပါဘူး။
သိတဲ့ အတိုင်းပဲ..ပိုက်ဆံဆိုတာ က အသုံးခံတာမဟုတ်ဘူးလေ..။
ဟင်းချက်စရာချည်းပဲဝယ်ချင်လို့ သွားတာဆိုပေမယ့် ဈေးရောက်တော့ မျက်စိရှေ့ မြင်မြင်ရာလေးတွေကြည့်လိုက် ၊အိမ်အတွက်လိုတာလေးတွေ့ ရင်ဝယ်လိုက်နဲ့ အိတ်ထဲက ပိုက်ဆံတွေကုန်မှပြန်လာတတ်ကြတာအိမ်ရှင်မတိုင်းလိုလိုပါပဲ..။
နောက်ပြီး ဈေးသွားဖို့ ဆိုတာ အနည်းဆုံးသနပ်ခါးလေးလှလှပပလိမ်းရမယ်…အ၀တ်အစားသင့်တော်တာလေးဝတ်ရမယ်။
ဘတ်စ်ကားတိုးစီးရမယ်…ဈေးသွားဈေးပြန် အချိန်ကကုန်ဦးမယ်…
ဒီကြားထဲ…၀ယ်တာများသွားလို့ မသယ်နိုင်ဘဲဆိုက္ကားနဲ့ ပြန်လာမယ်ဆိုရင်အပိုငွေကထွက်ဦးမယ်။
ဒီလို ကုန်ကျမှာတွေ နဲ့ ချင့်ချိန်တွက်ချက်လိုက်တော့..မသီတာဆိုင်ကအမြတ်တင်ထားတယ်ဆိုပေမယ့် 
ဝယ်ပျော်ပါတယ်..။အဓိက အားသာချက်ကြီးကတော့ပိုက်ဆံမရှိတဲ့ အချိန်ဆို အကြွေးလည်းယူစားလို့ ရတာလည်းပါတာပေါ့ ..။
ဒီရပ်ကွက်မှာကပြည့်စုံသူရှားပါးပြီးရုန်းကန်စားသောက်နေရသူတွေများပါတယ်။တစ်နေ့ လုပ်တစ်နေ့ စား သမားတွေဆိုတာအကြွေးနဲ့ ကင်းသူခပ်ရှားရှားပါ။
ဒါပေမယ့် မသီတာက လူတိုင်းကိုအကြွေးပေးတာတော့လည်းမဟုတ်လေဘူး..ပုံမှန်ဝင်ငွေရှိတဲ့ သူတွေ ၊ တောင်းရတာလက်မခက်တဲ့ သူတွေ လောက်ပဲပေးတာ…
အဲ …ဈေးကလည်းလက်ငင်းရောင်းနေတဲ့ ဈေးအပြင်ထပ်တင်ထားလိုက်သေး..။
ဒါပေမယ့်..၀ယ်တဲ့သူတွေကကျေနပ်ကြတယ်။
ကိုယ့်လက်ထဲမှာပိုက်ဆံမရှိလည်း မသီတာဆိုင်မှာဆန် ၊ဆီ၊အခြောက်အခြမ်းရှိရင်မငတ်ဘူးတော့ဘူးလေ..။ မသီတာကလည်းရေကျိုငါးပိငါးဆယ်ဖိုးငါးနီတူခြောက်တစ်ရာဖိုးလောက်ကအစ လက်လီစိတ်ပြီးရောင်းပေးနေတော့ကျေးဇူးရှင် လိုသဘောထားပြီးအကြွေးယူကြတာပါပဲ..။
မသီတာဘက်ကကြည့်ရင်လည်း လကုန်မှငွေလည်းတစ်ပေါင်းတည်းရ ၊ လက်ငင်းရောင်းတာထက်လည်းပိုမြတ်တော့ တွက်ခြေကိုက်ပါတယ်..။ဒါပေမယ့် ..လုံးဝအကြွေးတောင်းလို့ မရဘဲဆုံးသွားတာမျိုးလည်းရှိတာပေါ့ နော်..။
ဘယ်လိုဖြစ်ဖြစ် … တစ်ရပ်ကွက်လုံးအားပေးမှုနဲ့ မသီတာတို့ စီးပွားတက်လာတာတော့အမှန်ပဲ။
မိဘအမွေပျဉ်ထောင်အိမ်လေးကနေ အုတ်ဖိနပ်တက်ပြီး နှစ်ထပ်တိုက်ခံအိမ်ကြီးပြင်ဆောက်လိုက်တာများဟီးထနေတာပဲလေ။
ဒီလိုနဲ့ နေလာကြတာ တူမလေး မေမြတ်နိုးသုံးနှစ်အရောက်မှာ ယောင်းမက ဆုံးသွားပါလေရော..။
သဘောဖြူအူစင်းယောင်းမမို့ မသီတာတော်တော်စိတ်ထိခိုက်ရပါတယ်။
အကိုကြီးခမျာလည်းမိန်းမစိတ်နဲ့ နှစ်ချီပြီး ဘာမှမလုပ်နိုင်အောင်ဖြစ်သွားတယ်။
ဒီတော့ မသီတာကပဲ တူမလေးမေမြတ်နိုးကိုသမီးလို ဆက်စောင့် ရှောက်ရတာပေါ့ ။
အမေရှိတုန်းကထက်ပိုပြီး အလိုလိုက်ခံရ ၊ အရေးပေးခံလာရတဲ့ မေမြတ်နိုးကလည်း
သူ့ အဒေါ် ကသူတစ်ချက်ချွဲလိုက်ရင်ပြီးတယ်..ဆိုတာသိတယ်။
ကျောင်းနေတော့လည်းတူမလေးမျက်နှာမငယ်ရအောင်ကျောင်းမှာဘာလိုလို မသီတာကချက်ချင်းဖြည့်ဆည်းပေးနေတော့ ဆရာမတွေကလည်းမေမြတ်နိုးကို ခင်ခင်မင်မင်ဖြစ်နေပါပြီ။
မသီတာကတော့ ကိုယ့်တူမလေးကျောင်းမှာမျက်နှာရတယ်ဆိုရင်ပဲကျေနပ်ပါပြီ။
ဘာဖြစ်ဖြစ် ထောက်ပံ့ ပေးလိုက်တာပါပဲ။
မသီတာက ဒီရပ်ကွက်လေးရဲ့ ကျေးဇူးကိုလည်းသိတယ်။
ဒါကြောင့် တစ်နှစ်တစ်ခါ စုပေါင်းရှင်ပြုပွဲလုပ်ရင် အလှူငွေအများဆုံးထည့်ပြီးအကျွေးအမွေးတာဝန်ယူတယ်။
အဲ့ ဒီအချိန်ဆို တစ်ရပ်ကွက်လုံးမီးခိုးတိတ်လာစားကြတာလေ။
“စားလို့ ကောင်းလိုက်တာအေ..မသီတာစေတနာကောင်းပါ့ ..ဒီ့ ထက်ချမ်းသာပါစေ”
“ငါးသလောက်ပေါင်းက အရိုးတွေပါအိနေတာပဲ..အရသာရှိလိုက်တာ..အလှူရှင်မသီတာတို့ မိသားစု
စီးပွားတွေဒီရေအလားတက်ကြပါစေ..ဒီ့ ထက်ပိုပြီးကျွေးမွေးလှူဒါန်းနိုင်ပါစေတော်”
ဒီလိုဆုတောင်းသံတွေလှိုင်လှိုင်ဝေနေတဲ့ ဆင်းရဲသားရပ်ကွက်လေးရဲ့ စုပေါင်းရှင်ပြုပွဲမှာ..
မသီတာနဲ့  တူမလေးမြတ်နိုးတို့ က ရှိသမျှ စိန်တွေေ ရွှတွေ အကုန်ထုတ်ဝတ်ပြီး လှလှပပလိုက်ဧည့်ခံတယ်။
အကိုကြီးသာမောင်ကတော့ ချက်ပြုတ်ရေးတာဝန်ယူပြီးချွေးတစ်လုံးလုံးနဲ့ မီးဖိုနားမှာပဲနေတာပါ။
ညီမနဲ့ သမီးလေး လှလှပပဖြစ်နေတာကြည့်ပြီး တစ်ပြုံးပြုံးနဲ့ ပေါ့ ..။
တစ်ကယ်တော့ ..အားလုံးစားသောက်နေကြတဲ့ ဒီအလှူကထမင်းဟင်းတွေဟာ တစ်ရပ်ကွက်လုံးဆီကရတဲ့ အမြတ်တွေထဲကပဲ မသီတာက ပြန်လှူတာပါ။ဒါပေမယ့် ဒီလို ဘယ်သူမှကပ်ကပ်သပ်သပ်တွေးမနေပါဘူး။သူတို့ သိတာ မသီတာဟာဒါနအားကောင်းတယ်...စေတနာအကျိုးပေးလို့ ပိုပိုပြီးချမ်းသာလာတယ်ပေါ့ ..။
တစ်ကယ်လည်း မသီတာရဲ့ အကွက်မြင်မှုတွေကြောင့်  ပိုပြီးစီးပွားတက်လာပါတယ်။
ဟိုးအရင်ကတည်းကပေါပေါပဲပဲဈေးနဲ့ ဝယ်ထားတဲ့ လမ်းကြားထဲကမြေကွက်လေးမှာမသီတာကသစ်သားကာ ၊ သွပ်မိုးပြီး အိမ်လေးဆောက်တယ်။မီတာတပ်ပြီး အ၀ီစိတွင်းတူးတယ်။ပြီးတော့ အိမ်ငှားတင်ထားတယ်။ ခုဆို သူတို့ ရပ်ကွက်က လမ်းတွေကောင်းလာပြီးပိုစည်လာတဲ့ အခါ အိမ်ငှားခကလည်းတစ်ရိပ်ရိပ်တက်လာတော့ဆိုင်ကအမြတ်အပြင် အိမ်လခကလည်းသဲ့ ပြီးရနေတာပေါ့ ။
မသီတာတို့ ရပ်ကွက်မှာစပေါ်နဲ့ အိမ်ငှားမထားကြဘူး..။သိတဲ့ အတိုင်းစပေါ်ဆိုတာစားရတာလည်းမဟုတ်ဘဲ အိမ်ငှားရဲ့ ပိုက်ဆံသိမ်းပေးထားရတာ...။ နောက်ပြီး စပေါ်တင်ထားရင်ပေးတဲ့ အိမ်လခ လည်း နည်းသွားရော။။
ဒီတော့ ခြောက်လစာ ၊ တစ်နှစ်စာ အပြတ်ငှားစာချုပ်ချုပ်ကြတယ်။
မသီတာကတော့ခြောက်လစာချုပ်နဲ့ ပဲငှားတာများပါတယ်..အိမ်ငှားအခြေအနေ စောင့်ကြည့် တယ်။
မဟန်ရင်တော့ဆက်ပြီးမငှားဘဲ ရပ်လိုက်တယ်။
ခုခေတ်မှာ အိမ်ဝယ်နိုင်တဲ့ သူကခပ်ရှားရှားဆိုတော့ အိမ်ငှားတွေက ခပ်တင်းတင်းပဲ… ။
ခုဆို မြတ်နိုးလေးတောင်ရှစ်တန်းကျောင်းသူကြီးဖြစ်လာပြီ…မသီတာလည်း အသက်လေးဆယ်နားနီးလာတဲ့  အပျိုကြီးဖြစ်လာပါပြီ။တူမလေးကိုသည်းသည်းလှုပ်ချစ်လို့ မ၀တဲ့ မသီတာကအိမ်ထောင်ပြုဖို့ လည်းမတွေးဘဲ တစ်နေ့ တစ်နေ့ ဆိုင်အလုပ်တွေနဲ့ ပဲချာလပတ်ရမ်းနေတာပါ။ အကိုကြီးကဘုရားတရားလုပ်ရင်းရပ်ရေးရွာရေးအတွက်ပဲအချိန်ပေးထားတော့ အိမ်ကစီးပွားရေးဆိုလည်း မသီတာပဲထိန်းချုပ်ကွပ်ကဲနေရတယ်။
တူမလေးတဖြည်းဖြည်းအတန်းကြီးလာပြီး ကျောင်းစရိတ်တွေတက်လာတဲ့ ခုချိန်မှာ ရပ်ကွက်ထဲတစ်ဆိုင်ပြီး တစ်ဆိုင် တိုးလာတဲ့ စီးပွားပြိုင်တွေအကြား… ငှားထားတဲ့ အိမ်လခလေးကယ်ပေလို့  သာပေါ့ ..။
xxxxxxxxxxxxxxxxxxxx
( ၂ )
“မသီတာရေ… လင်တော်မောင်ကဒီညနောက်ကျနေတယ်..လခရတာနဲ့ လာရှင်းမယ်နော် ”
“အော်..ရပါတယ်မခင်မီရယ်..ပြောနေရမယ့်သူတွေကျနေတာပဲ..ဒါနဲ့ ဘယ်ကပြန်လာတာလဲ”
“အိမ်ကလူကိစ္စပေါ့ …သူ့ အထက်အရာရှိအိမ်သွားတာ..မတွေ့ ခဲ့ ပါဘူး ”
“ ဘာဖြစ်လို့ လဲမခင်မီ ”
“ဒီတစ်ခေါက်နယ်ပြောင်းရမယ့် ထဲပါမယ်ကြားလို့ လေ…ဟိုးချင်းတောင်ပေါ်ဘက်ဆိုလို့ လန့်နေတာ.. အဲ့ ဒီဘက်မှာဆိုလခအပြင်ဘာမှရမှာမဟုတ်ဘူး..ခုဒီမှာဒီလောက်ရနေတာတောင်လောက်တာမဟုတ်ဘူး.. မသီတာဆိုင်ပဲအားကိုးနေရတာလေ ”
ဌာနကြီးတစ်ခုရဲ့ အရာရှိကတော်မခင်မီကမသီတာအိမ်တွင်ငှားနေတဲ့ အိမ်ငှားပါ။
လမ်းထွက်သွားလျှင် တကယ့်သူဌေးကတော်ကြီးလို အကောင်းစားအ၀တ်အထည်တွေနဲ့  မိတ်ကပ်အပျံစား လိမ်းပြီး လှပကြွားဝံ့ နေ တတ်တဲ့ မခင်မီ က အိမ်ထောင်သက် ၁၀ နှစ်ကျော်လာတောင် အိမ်ပိုင်မရှိသေးတာ သူ့ ယောင်္ကျားအသုံးမကျလို့ ပါ..တဲ့ ။
မိမွေဘမွေမရှိတဲ့ တစ်ကောင်ကြွက်ကိုယူမိလို့ သူဒုက္ခရောက်ရတာပါတဲ့ ။
ဒီစကားတွေက မသီတာဆိုင်မှာ အကြွေးလာဝယ်တိုင်းပြောတတ်လို့ အလွတ်တောင်ရနေပါပြီ။
မသီတာအမြင်တော့ သူတို့ မိသားစုအခုလိုမစုဆောင်းမိတာသူ့ ယောင်္ကျားအရာရှိရဲ့ အပြစ်မဟုတ်ဘဲ
မခင်မီရဲ့ လက်ဖွာမှု ၊ အိမ်ထောင်မထိန်းတတ်မှုတွေလည်းပါမယ်လို့ ထင်ပါတယ်။
မခင်မီတို့ မိသားစုကအထည်ကြီးပျက်တွေပါတဲ့ ..။အဖေဖြစ်တဲ့ ညွှန်မှူးကြီးရာထူးမကျခင်က လက်ညှိုးညွှန်ရာ ရွှေ..ပါပဲတဲ့ လေ…။ ဒါပေမယ့် မခင်မီ တို့ အပျိုအရွယ်ရောက်တော့ လာဘ်စားမှုနဲ့ အလုပ်ပြုတ်တော့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေပါအကုန်အသိမ်းခံရသတဲ့ ..။
ဒါကြောင့်မခင်မီက အရာရှိကိုရွေးပြီးလက်ထပ်ခဲ့ ပေမယ့်  သူ့ အဖေလက်ထက်ကလို မသုံးရလို့ မကျေမနပ်ဖြစ်နေပါသတဲ့ ..။ ဒါတောင်သူ့ ယောင်္ကျားအရာရှိကရုံးမှာ အပိုဝင်ငွေတွေရအောင် ရှာတတ်တယ်လို့  မသီတာတို့ ကြားနေတာပါပဲ။
ဒါပေမယ့် ..မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်နေတဲ့ မခင်မီ ကတော့ယောင်္ကျားကလာဘ်စားပြီး ရှာပေးနေ တာတောင် သုံးလို့ မလောက်ဘူးဆိုပြီး အလိုမကျနိုင်ဘူးလေ ။
အိမ်အလုပ်လည်းလက်ကြောတင်းအောင်မလုပ်ဘဲအ၀တ်တောင်ငှားလျှော်တတ်သူဆိုတော့ ယောင်္ကျား ဘယ်လောက်ရှာပေးပေးလောက်င မယ်တော့မထင်ပါဘူး..။မူလတန်း တက်နေတဲ့ ကလေးနှစ်ယောက် ကလည်း တစ်ချိန်လုံးသားရေစာတစွတ်စွတ်စားတတ်ပါတယ်။ဒီတော့  လကုန်ခါနီးဆို မသီတာတို့ ဆိုင်မှာ မခင်မီတို့ အိမ်က အကြွေးယူတာနဲ့  ကိုတော်တော်ရောင်းကောင်းပါတယ်။
ကြွေးယူစားနေပေမယ့် အရာရှိကတော်မခင်မီက မာနတော့ရှိတယ်။ ဈေးသည်တောင်းတာမခံဘဲ လခထုတ်တာနဲ့  ချက်ချင်းအကြွေးလာဆပ်တတ်တာမို့ မသီတာကလည်းဘယ်လောက်ယူယူပေးပါတယ်။
တစ်ခါတစ်လေအတိတ်ဆီကရွှေထီးဆောင်းရတာတွေပြန်ပြောတတ်လို့ နားညည်းခံရတာ… ၊
ငှားထားတဲ့ အိမ်မှာ အမှိုက်ဗလပွ နဲ့ ကြွက်သိုက်တွေရှိနေလို့  ရှင်းခိုင်းရတာ..ကလွဲရင်
မခင်မီအိမ်ငှားနေတာ မသီတာအတွက်စီးပွားတက်ပါတယ်။
ဒါကြောင့်လည်း မခင်မီတို့ နယ်မပြောင်းရပါစေနဲ့ လို့ ကူပြီးဆုတောင်းပေးနေမိပါရဲ့ ..။
Xxxxxxxxxxxxxx
( ၃ )
မခင်မီနဲ့ မသီတာတို့ ဆုတောင်းကမပြည့်ပါဘူး ... ။
မခင်မီ ယောင်္ကျား ချင်းပြည်နယ်ဘက်ကို ပြောင်းမိန့် ထွက်လာပါတယ်။
ခေါင်လှတဲ့ ချင်းတောင်ဘက် လိုက်နေရပြီး အပိုဝင်ငွေလည်းမရတော့မှာသိလို့  မခင်မီကစိတ်ဆင်းရဲနေသလိုမသီတာလည်းပူပင်ရပါပြီ။
မခင်မီပြောင်းသွားရင် သူ့ ဆိုင်မှာ အများဆုံးဝယ်တဲ့ ဖောက်သည်တစ်ယောက်လျော့ သွားပါပြီ။
အကြွေးပေးရလို့ နှစ်ဆမြတ်နေတဲ့ ဝင်ငွေတွေလည်းမရနိုင်တော့ပါဘူး။
ကိုယ့်ဆိုင်လာဝယ်အောင်စည်းရုံးတဲ့ အနေနဲ့ ဒီနှစ်နွေစုပေါင်းရှင်ပြုပွဲမှာဆင်းရဲတဲ့ အိမ်က ကလေးနှစ်ယောက်ကိုလည်းရှင်ပြုပေးမယ်လို့ ကတိပေးထားပြီးပြီ…။ပြိုင်ဘက်တွေတစ်ဆိုင်ပြီးတစ်ဆိုင် တိုးနေလို့  ရောင်းအားလျော့ လာတဲ့ ဆိုင်ဝင်ငွေကို တွက်ချက်ရင်းမသီတာရင်တွေပူလာပါတယ်။
အိမ်ငှားအသစ်တင်ဖို့ အမြန်ရှာတော့မခင်မီမပြောင်းခင်မိတ်ဆက်ပေးသွားတဲ့ သူ့  ယောင်္ကျားရဲ့ လက်အောက်ဝန်ထမ်းဆိုတဲ့  အရာရှိပေါက်စလင်မယားကိုပဲငှားဖြစ်သွားပါတယ်။အိမ်ထောင်ကျတာ ၃ နှစ်ပဲရှိသေးတဲ့ နှင်းနှင်းတို့ လင်မယားက ကလေးမရှိသေးပါဘူး။
နှစ်ဘက်မိဘတွေက တောမှာနေကြတာမို့  ရန်ကုန်မှာ အိမ်ငှားနေရပါသတဲ့ …။
အရင်ငှားနေတဲ့ တိုက်ခန်းကဈေးတက်သွားလို့ ပြောင်းဖို့ အိမ်ရှာနေတုန်း မခင်မီနဲ့ စကားစပ်မိပြီး ဒီအိမ်ကိုဆက်ငှားဖြစ်သွားတာပါ။
အရာရှိကတော်ချင်းတူပေမယ့် မခင်မီကို သိပ်သဘောမကျတဲ့ မသီတာက နှင်းနှင်းကိုတော့ မျက်စိတွေ့ မိတယ်။မနက်ဆို ခြင်းလေးဆွဲ ၊သနပ်ခါးလေးဖုန်နေအောင်လိမ်းပြီးမသီတာဆိုင်ရှေ့  ကဖြတ်ရင်း ဈေးသွား တတ်တဲ့ နှင်းနှင်းပုံစံလေးက ဖြတ်လတ်သွက်လက်နေပါတယ်။
နေ့ ခင်းအားတာနဲ့  ကြမ်းတိုက် ၊ အိမ်ရှင်းလုပ်နေတာ မြင်ရတယ်…။
ခြံထဲက မြေပိုနည်းနည်းလေးမှာ စံပါယ် ၊ နှင်းဆီပန်းအိုးလေးတွေ အစီအရီချထားတော့
ငှားလိုက်တဲ့ အိမ်လေးဟာ မခင်မီတို့ နေသွားတုန်းကနဲ့ တခြားစီကိုဖြစ်သွားတာပါပဲ။
နောက်ပြီး ..မခင်မီလိုအပြင်လည်းသိပ်မထွက်ဘဲ အိမ်မြဲတယ်။ ယုတ်စွအဆုံး မသီတာဆိုင်မှာတောင်
တစ်လနေလို့  တစ်ခါ ဈေးလာမ၀ယ်ဘဲနေနိုင်တဲ့ နှင်းနှင်းကို အံ့ သြစိတ်နဲ့ အတူမသီတာစိတ်ဝင်စားမိတယ်။
ဈေးသည်ပီပီစပ်စုချင်စိတ်လေးကလည်းရှိတော့ နှင်းနှင်းတို့ အိမ်နားမှာနေတဲ့ မမြဆီကစနည်းနာရတာပေါ့ ။
“အဲ့ ဒီနှင်းနှင်းက တစ်နေကုန်အိမ်အလုပ်လုပ်နေတာပဲတွေ့ တယ်။သဘောတော့ကောင်းပါတယ်..
ညနေဆို သူတို့ လင်မယားနှစ်ယောက် အိမ်ရှေ့ မှာ ခုံလေးတွေချပြီးထိုင်ရင်း လမ်းထဲက လူတွေဖြတ်သွားရင်နုတ်ဆက်တယ်..ပြုံးပြတယ်..ရင်းရင်းနှီးနှီးစကားပြောပါတယ်။
လင်ရောမယားရော ပြောတာဆိုတာလည်းချိုသာပါ့ ..ခုဆိုအားလုံးနဲ့ ခင်နေပြီလေ..။”
“ဟုတ်လား..မမြ၊ ကျွန်မနဲ့ တော့ တစ်ခါမှသေချာစကားမပြောဖူးသေးဘူး ”
“အော်.ဒါတော့သူကဈေးသွားဝယ်စားတာကိုး ၊ အမလေး…စေ့ လိုက်တဲ့ အရာရှိကတော်ပါမသီတာရယ်
နေ့ ခင်းနေ့ လည်လမ်းထဲလာရောင်းတဲ့ မုန့် သည်တွေတောင်တစ်ခါမှခေါ်ဝယ်စားတာမတွေ့ ဘူး ၊ အိမ်ဝယ်နိုင်အောင်ငွေစုနေရတယ်ဆိုလားပဲ ”
ကြားရတာတွေကတော့ ကောင်းသတင်းချည်းပါပဲ..။မသီတာလည်း နှင်းနှင်းလိုအိမ်ရှင်းတတ် ၊ ခြွေတာတတ်တဲ့ အိမ်ရှင်မကိုသဘောကျတာမို့ ကိုယ့်ဆိုင်မှာအားမပေးပေမယ့်  ခြောက်လပြည့်တဲ့ အခါ နှင်းနှင်းတို့ ကိုပဲနောက်ထပ်တစ်နှစ်ထပ်ငှားဖို့  စာချုပ်ချုပ်လိုက်မိပါတယ်..။
Xxxxxxxxxx
( ၄ )
အိမ်ငှားစာချုပ်တစ်နှစ်ထပ်ချုပ်ပြီးတော့မှ နှင်းနှင်းတို့ ကို အိမ်ဆက်ငှားလိုက်တာ မှားပြီဆိုတာမသီတာသိလိုက်ရပါတယ်…။
ဘာလို့ လဲဆိုတော့ နှင်းနှင်းက အိမ်ရှေ့ ခြံစည်းရိုးအပြင်မှာ အဖီလေးထိုးပြီးဈေးဆိုင်ဖွင့် လိုက်လို့ ပါ။
မသီတာလည်းအိမ်ရှင်နဲ့ စီးပွားပြိုင်လာဖွင့် တဲ့ အိမ်ငှားကို ဒေါသထွက်ပေမယ့်  အကိုကြီးကနှစ်သိမ့်ပါတယ်..။
“ငါသွားကြည့်ပြီးပါပြီမသီတာရယ်..ဆိုင်အဖီမထိုးခင်ကတည်းက သူ့ ယောင်္ကျားကငါ့ကိုလာခွင့်တောင်းတာပါ..။ အိမ်နဲ့ ခြံဘာမှမထိခိုက်စေရပါဘူးတဲ့ ..ခြံပြင်မှာပဲအဖီလေးထိုးပြီးရောင်းမှာပါဆိုတော့ငါလည်း မပြောသာတော့ဘူးလေ ”
“အိုး..ခုဟာက အိမ်ထိခိုက်လို့ ပြောနေတာမဟုတ်ဘူးအကိုကြီးရဲ့  ၊ နဂိုကတည်းက ဆိုင်တွေများနေလို့ 
ရောင်းအားလျော့ နေတာကို သူကပါတစ်ဆိုင်ထပ်ဖွင့် တော့  ၀ယ်သူထပ်နည်းဦးမှာ ”
“နင်ကလည်းဟာ..လောဘကြီးလိုက်တာ ၊ တရားလည်းရှိပါဦးငါ့ ညီမရယ် ၊ ပင်လယ်ရေဆိုတာ....”
“ပင်လယ်ရေ..တစ်ယောက်တည်းသောက်လို့ မကုန်ဘူးလို့ ပြောဦးမလို့ လား..
လာမယ့် နွေကျရင် ရှင်လောင်း ၂ပါးရော ၊ အကျွေးအမွေးရောတာဝန်ယူထားရတာနော်၊
ညီမမှာ ရောင်းရတဲ့ အမြတ်လေးတွေမနည်းစုနေရတာအကိုကြီးသိရဲ့ သားနဲ့  ”
“အေးပါ…ဒါပေမယ့်  ညည်းက ဆင်ပိန်ကျွဲပါမသီတာရယ် ၊ ဟိုခမျာ လင်ကလည်းရိုးတဲ့ အရာရှိဆိုတော့ အပိုငွေလည်းမ၀င်တော့ သူ့ ဘာသာ ကောင်းရောင်းကောင်းဝယ်လေးထလုပ်တာနေမှာပါ..၊
ခုမှဖွင့် တဲ့ ဆိုင် က ငါတို လော့က်ရောင်းရပါ့မလား..အရင်ဆိုင်တွေလိုပဲ ချောက်တိချောက်ချက်ရောင်းရရုံနေမှာပါ..ငါတို့  ကဖောက်သည်အခိုင်အမာ ရှိနေတာပဲ..အလကားနေ အကုသိုလ်ပွားမနေနဲ့ .. ကိုယ့်ဘာသာရောင်းစရာရှိတာရောင်းစမ်းပါ ”
အကိုကြီးနှစ်သိမ့် တာလည်းဟုတ်သလိုလိုရှိတာမို့ မသီတာစိတ်ပြန်ပြေသွားတယ်။
ဟုတ်တယ်..ဒီရပ်ကွက်မှာတစ်ခြားဆိုင်တွေတိုးလာတယ်ဆိုပေမယ့် မသီတာတို့ ဆိုင်က၀ယ်နေတဲ့  အခိုင်အမာဖောက်သည်တွေ အများကြီးရှိသေးတာပဲလေ…အကိုကြီးပြောသလို ပင်လယ်ရေအတူတူ မျှသောက်တယ်လို့ ပဲသဘောထားလိုက်ပါ့မယ်လို့  စိတ်နှလုံးကိုဒုံးဒုံးချလိုက်ပါတယ်။
Xxxxxxxxxxxxxx
( ၅ )
မသီတာရဲ့  ဒုံးဒုံးချလိုက်တဲ့ စိတ်နှလုံးကို ပြန်ပြီးဆူလောင်ကြွတက်အောင် နှင်းနှင်းကလုပ်နေပါတယ်။
တစ်ရပ်ကွက်လုံးရောင်းနေကျဈေးထက် နှင်းနှင်းဆိုင်ကသက်သာလို့ ဆိုပြီးဝယ်သူတွေဆိုင်ပြောင်းသွားကြ တာများအလျှိုအလျိုပါ…။
နှင်းနှင်းဆိုင်မှာ မရှိတဲ့ ပစ္စည်းဝယ်ချင်မှ ၊ အကြွေးယူချင်မှ ..မသီတာဆိုင်ကို ပြန်လာတတ်ကြသူတွေကို
စိတ်ဆိုးပြီးအော်ထုတ်မိပေမယ့် သူတို့ ကပြန်ချော့ပါတယ်…။
“စိတ်မဆိုးပါနဲ့ မသီတာရယ် ၊ ညည်းကချမ်းသာပြီးသားပါ..ငါလာမ၀ယ်လို ဆိုင်လည်း မပြုတ်သွားပါဘူး၊ဒါပေမယ့် ငါတို့ ကတော့ဈေးသက်သာတဲ့ နှင်းနှင်းဆိုင်ဝယ်ရင် ဈေးဖိုးလေးပိုထွက်လာ
လို့ ပါအေ ”
“တော်ပါမမြရယ် …ဈေးကဘယ်လောက်များသွားတာမှတ်လို့ .. တစ်သက်လုံးဒီဈေးတွေနဲ့ ပဲရောင်းနေတာကို၊ကျွန်မလည်းမတရားအမြတ်ကြီးမစားပါဘူး.
.ဈေးထဲကထက်နည်းနည်းပဲပိုတင်ထားတာပါ ”
“အေး..အဲ့ ဒါလည်းပြောဦးမယ် ၊ နှင်းနှင်းဆိုင်ကဈေးထဲကနဲ့ အတူတူရောင်းတာဟဲ့  ၊ တစ်ချို့ ဟာတွေဆို ဈေးထဲကထက်တောင်သက်သာသေးတယ် ”
ကြားလိုက်ရတဲ့ စကားကြောင့် မသီတာတောင်အံ့ သြသွားပါတယ်
“ဟုတ်လို့ လား..မမြရယ် ..သူ့ အတွက်အမြတ်မကျန်ဘဲဘယ်ရောင်းပါ့ မလဲ”
“အေး..ငါလည်းအဲ့ ဒါသိချင်လို့ စကားအစ်ကြည့်တော့ နှင်းနှင်းက ညည်းလို ဒီဈေးက၀ယ်ပြီးပြန်ရောင်းတာမဟုတ်ဘူးတဲ့ .. ဟိုး ဘုရင့်နောင်ပွဲရုံတွေကိုသွားဝယ်တာတဲ့ …။
နောက်မြို့ ထဲညောင်ပင်လေးဈေးဘက်လည်းသွားဝယ်သတဲ့ ၊ သူ့ ယောင်္ကျားက ရုံးပိတ်ရက်ဆို အပင်ပန်းခံပြီးသွားပေးသတဲ့ လေ..ဒါကြောင့် ဈေးကြီးနဲ့ အပြိုင်ရောင်းနိုင်တာတဲ့  ”
အဖြေကတော့ရှင်းနေပါပြီ..။
မမြတို့ ဝယ်သူဘက်ကကြည့်တော့လည်းသက်သာတဲ့ ဆိုင်ဝယ်တာမဆန်းဘူးဆိုတော့ဘယ်လိုလုပ်ရပါ့ …။
နှင်းနှင်းလို အဝေးကြီးကသွားဝယ်ဖို့ တော့မသီတာမလုပ်နိုင်ပါ..။
အကိုကြီးကလည်းအသက်ကြီးပြီ..။တူမလေးကလည်းအပျိုပေါက်လေးဆိုတော့ဈေးဝယ်ဖို့ ကိစ္စတွေခိုင်းလို့ 
မဖြစ်ပါဘူး။မသီတာမှာလည်းအိမ်အလုပ်ရော ဆိုင်အလုပ်ရော ချာချာလည်နေတာမို့  ဒီနားကဈေးသွားဝယ်ဖို့ တောင်မနည်းပြေးနေရတာပါ။
ဒီတော့ နှင်းနှင်း နဲ့ ဈေးနှုန်းအတူတူရောင်းဖို့ ဆိုတာမဖြစ်နိုင်ပါဘူး.။
ကိုယ့် ဆိုင်ထက်ဈေးသက်သာလို့ သွားဝယ်ကြဟေ့ …လို့ လွှတ်ထားဖို့ ကလည်း တစ်စထက်တစ်စလျော့နည်း လာတဲ့  ဆိုင်အမြတ်ငွေကြောင့် ရင်ပူနေရပါပြီ။
အတန်းကြီးလာတဲ့ တူမလေးအတွက်ကုန်ကျမှာတွေ ၊ဆီးချိုရှိနေတဲ့ အကိုကြီးရဲ့ ဆေးဖိုးဝါးခတွေ ၊
အားကိုးမရှိတဲ့ မသီတာအတွက်အိုစာမင်းစာစုဆောင်းရမှာတွေ ၊ အရင်လို အလှူရေစက်လက်နဲ့ မကွာလှူချင်တာတွေ…
အကြောင်းကိစ္စများစွာကို တွေးတောပူပန်ရင်း ဘာလုပ်ရမယ်ဆိုတာ မသီတာအချိန်ပြည့်တွေးတောနေမိပါတော့တယ်..။
( ၆ )
အမျိုးမျိုးတွေးတောစဉ်းစားမိပြီးမှ ရလာတဲ့ အကြံအစည်ကိုမသီတာက အကိုကြီးကိုပြောပြလိုက်ပါတယ်။
“အကိုကြီး. TV မှာလာတဲ့ ကားအရောင်းပြပွဲကြည့်လိုက်တယ်မှတ်လား”
“အေး..ကြည့်လိုက်တယ်လေ….ကားဈေးတွေအရမ်းကျသွားတာပဲ”
“အဲ့ ဒါပြော မလို့ ..ညီမတို့ လည်းကားဝယ်ပြီး ငှားစားရင်ကောင်းမလားလို့  ”
“မလုပ်ပါနဲ့ဟာ.. ကိုယ်လည်းကားအကြောင်း နားလည်တာမဟုတ်ဘဲနဲ့  ၊ နောင်ပြီးခုခေတ်တက္ကစီတွေကပေါမှပေါ..လမ်းထွက်ရင်လက်ညှိုးထိုးမလွဲဘူး”
“အကိုကြီးကလည်းခက်တာပဲ…တက္ကစီမလုပ်ဘူးလေ..ကားကောင်းကောင်းလေးဝယ်ပြီးနံပါတ်အနက်ပဲ တပ်ထားမှာ ၊ ခု နိုင်ငံခြားကုမ္မဏီတွေတိုးလာတော့ ကားအကောင်းစားတွေလပေးငှားစီးတယ်တဲ့  ”
“အမယ်…ငါ့ ညီမကတယ်သိပါလား ”
“အော်..ဒီလိုပဲစုံစမ်းကြည့်ရတာပေါ့  ၊ ဟို ၃ လမ်းထဲက အန်တီသက်တို့ ဆို အဲ့ ဒီလို ပဲကားတွေငှားစားနေတာ၊တခြားလုပ်ငန်းတောင်မလိုဘူး ၊ နောက်နှစ်ဆို အကိုကြီးသမီး ကိုးတန်းရောက်ပြီနော်.. သူ့ ကိုကိုးတန်းကတည်းက ဘော်ဒါထားလိုက်မလားလို့ …
ညီမလည်းဆိုင်တစ်ဖက်နဲ့ ဆိုတော့မထိန်းနိုင်ဘူးလေ ၊ဒီအရွယ်က စိတ်လေတတ်တယ် … စည်းကမ်းကောင်းတဲ့ ဘော်ဒါညီမရှာနေတယ်..နောက်ဆို ကုန်မယ့်ငွေတွေတိုးလာပြီအကိုကြီးရေ ”
သမီးကိစ္စပါအကြောင်းပြလိုက်တော့အကိုကြီးကစဉ်းစားပါတယ်..
“ညည်းပြောသလိုဆိုတော့လည်းအဟုတ်သား ၊ ဒါပေမယ့် ကားအကောင်းစားတစ်စီးဝယ်နိုင်လောက်အောင်
ညည်းမှာ အပိုငွေရှိလို့ လားငါ့ ညီမရယ် ၊ ဟိုတလောကတော့နွေအလှူအတွက်တောင်မနည်းစုရမှာဆို.. ”
ဟော..မသီတာလိုချင်တဲ့ စကားလမ်းကြောင်းပေါ်ရောက်လာပြီ။
“ ဟုတ်တယ်လေ.. ၊ ဒါကြောင့် အိမ်လေးရောင်းပြီးကားဝယ်မလားလို့  ”
“ဟာ..မလုပ်ပါနဲ့  ၊ ဒီအိမ်လေးက ရွှေဥ ဥ တဲ့ ငန်းလေးလိုပဲ ၊ ငါတော့မရောင်းချင်ပါဘူး”
အကိုကြီးကခေါင်းတစ်ခါခါ လက်တစ်ခါခါ နဲ့ တားပါတယ်။
ငှားထားတဲ့ အိမ်လေးဟာအရင်ကတော့ရွှေဥ ဥပေးတဲ့ ငန်းလေးဆိုပေမယ့် ခုတော့မသီတာရဲ ပိုက်ဆံတွေကိုကိုက်ချီပြေးနေတဲ့  ငန်းလေးဖြစ်နေပြီဆိုတာအကိုကြီးမသိလေရော့သလား..။
ခု နှင်းနှင်းတို့ ဆိုင်ဖွင့်လိုက်တဲ့ သုံးလအတွင်းမှာမသီတာရဲ့ ဆိုင်ရောင်းအားအရမ်းကျသွားပြီး
ဈေးအရင်းတောင်မနည်းပြန်ထည့်နေ ရပါပြီ။အိမ်ငှားစာချုပ်ကလည်း၁၂လစာချုပ်ပြီးသွားပြီမို့  အိမ်ငှားပြောင်းတင်လို့ လည်းမရနိုင်ပေ။ နောက်ထပ်ကိုးလသာနှင်းနှင်းတို့  ဆက်နေရင် မသီတာဆိုင်ပြုတ်ဖို့ နီးနေပါပြီ။
ဒါပေမယ့် ..အိမ်ငှားစာချုပ်ချုပ်တုန်းကထည့်ရေးထားတဲ့ အကြောင်းအချက်တစ်ခုက
မသီတာကို အသက်ရှူချောင်အောင်လုပ်ပေးသွားတာပါ။
တကယ်တော့ဒီအချက်ကဆိုးသွမ်းသောင်းကျန်းတဲ့ အိမ်ငှားတွေကို လမပြည့်ခင် နှင်လို့ ရအောင် မသီတာထည့်ထားတာပါ။
အိမ်ရှင်က အကြောင်းတစ်ခုခုကြောင့် အိမ်ရောင်းမယ်ဆိုရင် အိမ်ငှားကို ၂လကြိုပြောရပါမယ်။ အဲ့ ဒီ၂လအတွင်းအိမ်ငှားက တခြားနေရာပြောင်းပေးရမယ်၊ အိမ်ရှင်က မနေဖြစ်တဲ့  အိမ်လခတွေပြန်အမ်းရမယ် ..ဆိုတာစာချုပ်ထဲမှာ ပါပါတယ်။
ကိုယ့်စီးပွားကိုတဖြည်းဖြည်းဖဲ့ ခြွေနေတဲ့ အိမ်ငှားကို နှင်ဖို့ ရာ ဒီတစ်နည်းသာရှိတာမို့ သေချာစဉ်းစားပြီး အိမ်ရောင်းဖို့ မသီတာဆုံးဖြတ်လိုက်ရခြင်းပါ…။
XXXXXXXXXXX
( ၇ )
“သိန်း ခြောက်ဆယ် ..ဟုတ်လား..အကိုကြီးရဲ့ လမ်းကြားထဲကအိမ်သေးသေးလေးကို
ဘယ်သူက ဒီလောက်ပေးဝယ်မှာလဲအကိုကြီးရဲ့  ”
“အေးလေ..ငါရောင်းချင်တဲ့ ဈေးပြောတာ ၊ နင်ပဲအိမ်ရောင်းခွင့် ရရင်ပြီးရောဆို ”
ဒါတော့ အကိုကြီးသက်သက်ကပ်နေတာလို့ မသီတာထင်တာပဲ..။
နှင်းနှင်းတို့ ကို အိမ်ရောင်းတော့မှာမို့ ရွှေ့ ဖို့ ပြင် ဆင်ထားဖို့ ပြောလိုက်တဲ့အခါ
မသီတာမသိအောင် သနားတတ်တဲ့ အကိုကြီးကိုသူတို့ ငိုပြကြတယ်ထင်ပါရဲ့ …။
မသီတာရဲ့ အိမ်ငှားနှင်ရေးအစီအစဉ်ကိုရိပ်မိသွားတဲ့  အကိုကြီးက အိမ်မရောင်းဖြစ်အောင်တမင်ဈေးတင်ပါတော့တယ်..။
မသီတာတို့ အိမ်လေးကကောင်းပေမယ့် လမ်းကြားထဲရောက်နေတာပါ..ဘေးမှာလည်း အိမ်စုတ်လေးတွေပြွတ်သိပ်နေတာဆိုတော့ ကလေးတစီစီ ၊ ခွေးတစီစီနဲ့ ပါ..။ဒီနေရာမှာ အိမ်လာကြည့်ကြသူတွေကအိမ်ရောင်းဈေးလည်းပြောလိုက်ရော ပြန်ပြေးသွားတာပါပဲ..။ အားလုံးကလည်းဒီဈေးဆိုရောင်းထွက်မှာမဟုတ်ဘူးပြောနေပေမယ့် အကိုကြီးကတစ်ပြားမှမလျှော့ပေးပါဘူး။
အကိုကြီးကတော့သူတော်ကောင်းစိတ်နဲ့ သူတစ်ပါးအတွက်ငဲ့ ညှာပေးနေတော့မသီတာဘာဆက်လုပ်ရမှန်း ကိုမသိတော့ဘူး။
ဈေးမတည့် လို့ အိမ်လာကြည့်တဲ့ သူတွေပြန်သွားတိုင်း နှင်းနှင်းတို့ လင်မယားတွေက၀မ်းသာနေတယ်လို့  မမြလာပြောတော့  မသီတာရင်ထဲ ဒေါမနသပွားရပြန်ပါတယ်။တစ်နေ့ တစ်နေ့  ၀ယ်သူ လက်မလည်အောင်ရောင်းနေရတဲ့  ဆိုင်လေးကိုမက်မောနေတဲ့ နှင်းနှင်းခမျာလည်း အိမ်ဖယ်ပေးရမှာကို စိုးရိမ်နေပါသတဲ့ …။
ဒါတော့ တဆိတ်..နှင်းနှင်းလောဘတက်လွန်းနေပြီလို့ မသီတာထင်တယ်။
တကယ်ဆို သူက အရာရှိကတော်ပါ..ကလေးလည်းရှိတာမဟုတ်ဘူး။ နောက်ပြီးခုမှ အိမ်ရှင်မသီတာတို့  ကိုပြိုင်ပြီးဆိုင်လိုက်ဖွင့် နေတာ…။ အရင်ကဒီဆိုင်မရှိလည်းသူတို့ ရပ်တည်နိုင်ပါတယ်။
အားကိုးစရာလင်သားမရှိတဲ့ မသီတာမှာဒီဆိုင်လေးသာပြုတ်သွားရင် ဘာလုပ်စားရမလဲ ဆိုတာတောင်မတွေးရဲသလောက်ပါ။
ဒီတော့သူ့ ကိုညှာဖို့ မလိုပါဘူး..လို့ တွေးပြီးအိမ်ရောင်းဖို့ ဆက်ကြိုးစားပေမယ့် ဈေးမလျှော့ပေးသရွေ
့ရောင်းရဖို့ လမ်းကမမြင်ပါ..။ အိမ်မရောင်းရမချင်းမသီတာခံစားနေရတဲ့ ပူလောင်ခြင်းတွေကလည်းမပျောက်နိုင်မထင်..။
ညအိပ်တိုင်း..လက်မလည်အောင်ရောင်းနေရတဲ့ နှင်းနှင်းဆိုင်ကိုအိပ်မက်မက်ရင်း လန့် နိုးပြီးပြန်အိပ်မရလို့  မျက်လုံးအကြောင်သားနဲ့ မိုးလင်းရတဲ့ ညတွေများများလာပြီးမသီတာလည်းပိန်ကျသွားပါတယ်။
လောဘ၊ဒေါသတွေဖိစီးနေလေတော့ အိပ်လို့ လည်းမပျော် ၊စားလို့ လည်းမ၀င်တော့ဘူး..။ မျက်ကွင်းညိုကြီးနဲ့ မသီတာကိုကြည့်ပြီးအကိုကြီးလည်းစိတ်မကောင်းဖြစ်နေပါတယ်။
“ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို စိတ်အဆင်းရဲ ခံရတာလဲငါ့ ညီမရယ် ၊ အေးချမ်းအောင်နေစမ်းပါ ”
“မနေနိင်ပါဘူး..အိမ်ဝယ်မယ့်သူတွေပြန်ပြေးတာအကိုကြီးလုပ်လို့  ၊ ဆိုင်ကမရောင်းရတော့ဘူး ၊လုံးဝအမြတ်မရှိတော့ဘူး၊ ခုလုပ်တာတွေအကုန်လုံးကအကိုကြီးသမီးနောင်ရေးအတွက်ချည်းပဲ…
ဒါကိုနားမလည်ဘဲ အကိုကြီးကသူခိုးဓါးရိုးကမ်းလုပ်နေတာသိပ်ခံပြင်းတယ်၊ ကြည့်နေ ဒီဆိုင်လည်းမကြာခင်ပြုတ်မှာပဲ. .ကောင်းတယ်…ဒီလောက်ဖြစ်တာဆိုင်ပြုတ်သွားလည်းအေးတယ်..
ပြုတ်စမ်း..ပြုတ်ပစေ..ပြုတ်..ပြုတ် ..ဟီးးးး ”
ပြောရင်းဆိုရင်းမသီတာရှိုက်ကြီးတငင် ငိုချလိုက်မိပါတော့တယ်။
Xxxxxxxxxxxxxxx
( ၈ )
xxx ကြက်ဆီပြန် ..၀က်သားနီပြန်..မအီအောင်ချဉ်ပေါင်ခံ..xxx
ကုန်းတုတ်ကြပြန် ..၀က်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်..xxx
xxxထမင်းရည်ချောင်းစီး..ပေါင်းတီးနိုင်ရန်…အလှူဝင်ကြီးအိုး..မီးထိုးပါမြန်မြန်..
ဖွင့် ထားတဲ့ သီချင်းသံနဲ့ အတူ စားသောက်နေကြသူတွေရဲ့ စကားပြောသံတွေက အလှူမဏ္ဍပ်ထဲမှာ ဆူညံစည်ကားနေပါတယ်။မသီတာလည်း ၀က်သားသုံးထပ်သားတုံးကြီးကိုအားရပါးရ ကိုက်စားနေတဲ့  မမြကိုမြင်တော့တမင်အနားကပ်သွားပြီးမေးလိုက်ပါတယ်။
“စားကောင်းရဲ့ လားမမြရေ..”
“ကောင်းပါ့ အေ..ခုဖွင့် ထားတဲ့ သီချင်းနဲ့ ဒီဝက်သားဟင်းလေးနဲ့ လိုက်ပါ့ …သာဓုပါမသီတာရယ်..သာဓုပါ
ညည်းကတော့ ဒီဒါနတွေကြောင့် ပိုချမ်းသာဦးမှာပါ”
မမြဆုတောင်းပေးသံနားထောင်ရင်းမသီတာစိတ်ထဲကနေပြန်ပြောနေမိပါတယ်။
“ပိုချမ်းသာဦးမှာတဲ့လား..ဟုတ်တာပေါ့ ..ရှင်တို့ အားကိုးနေတဲ့ နှင်းနှင်းဆိုင်မရှိမှတော့ကျွန်မ
ဆိုင်ပြန်ရောင်းကောင်းလာလို့  ပိုချမ်းသာဦးမှာသေချာတာပေါ့ ..”
နှင်းနှင်းတို့  ဒီရပ်ကွက်ကပြောင်းသွားတာ ငါးလကျော်သွားပါပြီ။
နှင်းနှင်းတို့ ကိုမနှင်ချင်တဲ့ အကိုကြီးက..မသီတာငိုယိုပြီးစိတ်မချမ်းမသာဖြစ်နေတာမြင်မှ..
ဆိုင်လည်းချောက်တိချောက်ချက်ရောင်းနေရတာမြင်မှညီမကိုသနားသွားပါတယ်။ဒါပေမယ့်တရား
သမားကြီးမို့ သူတစ်ပါးစီးပွားလည်း မဖျက်ချင်ဘဲမြွေမသေတုတ်မကျိုးစကားပြောလာပါတယ်။
“ကဲ..ညည်းအဲ့ ဒီလောက်ရောင်းချင်နေရင် ပထမပြောထားတဲ့ ဈေးထက်ငါးသိန်းလျှော့ ပေးမယ်..
ငါးဆယ့်ငါးသိန်း ..ရရင်ရောင်းလိုက်တော့ ”
“အာ..အကိုကြီးကလည်း ငါးဆယ့်ငါးသိန်းလည်းများတယ်။။ဟိုးလမ်းအဆုံးက ညီမတို့ လို အိမ်တစ်လုံးဆိုလေးဆယ့်ရှစ်သိန်းနဲ့ တည့်သွားတာလေ..”
“မသိဘူး..အဲ့ ဒီဈေးနဲ့ ရရင်ရောင်း..မရရင် နှင်းနှင်းတို့ ကိုဆက်ထား..ဒါပဲ”
အကိုကြီးကမလျှော့ပေးပေမယ့် နောက်တစ်ပတ်မှာပဲ အိမ်ဝယ်ကအိမ်လာကြည့်ပြီးဈေးတည့် သွားလို့ အကိုကြီးအံ့ သြသွားပါတယ်။ သူ့စကားနဲ့ သူမို့ ရောင်းလိုက်ရပေမယ့် စိတ်မကောင်းဖြစ်နေပုံပါပဲ..။
တစ်ပတ်အတွင်းငွေချေပြီးအိမ်ဝယ်စာချုပ်ချုပ်လိုက်လို့  နှင်းနှင်းတို့ လည်းမသီတာပြန်အမ်းတဲ့  လက်ကျန်အိမ်ငှားခယူပြီး နောက်လမှာပဲ ဆိုင်ဖြုတ်ပြီးပြောင်းသွားပါတော့တယ်။
အခုနွေရောက်လာတော့ စုပေါင်းရှင်ပြုပွဲမှာ မသီတာက ရှင်နှစ်ပါးတာဝန်ယူနိုင်တဲ့ အပြင် အလှူမှာဝက်သားနှပ် နဲ့ ငါးသလောက်ပေါင်းဆိုပြီး ဟင်းနှစ်မျိုးတောင်ကျွေးပါတယ်..။
အဲ..ဒါပေမယ့်  အလှုရေစက်ချတရားနာတုန်းက ဘုန်းဘုန်းတိုင်ပေးတာလိုက်ဆိုရတဲ့အခါ..
မသီတာလေ..မုသာဝါဒဆိုတဲ့ သီလတစ်ပါးချန်ထားလိုက်ရပါတယ်။
ဘာလို့ လဲဆိုတော့အကိုကြီးအပေါ်မှာမသီတာလှည့်စားလိမ်ညာခဲ့ တာလေးတစ်ခုရှိနေလို့ ပါ..။
တကယ်ဆို အိမ်ရောင်းတုန်းက အကိုကြီးပြောသလိုငါးဆယ့်ငါးသိန်းမရခဲ့ ပါဘူး။
အိမ်လာဝယ်မယ့်သူ ရော ၊ အိမ်ပွဲစားကိုပါ သေချာညှိုနိုင်းပြီး သိန်းငါးဆယ်နဲ့ ဈေးတည့်သွားပါတယ်။
ဒီတော့မသီတာကပဲငါးသိန်းစိုက်ပြီးစာချုပ်မှာငါးဆယ့်ငါးသိန်းချုပ်လိုက်တာပါ။
ဒီကိစ္စကို အကိုကြီးမသိအောင် မသီတာပိပိရိရိလုပ်ခဲ့ ရပါရဲ့ ...။
တစ်ကယ်လည်း မသီတာငါးသိန်းစိုက်ရကျိုးနပ်ခဲ့ပါတယ်…။
မသီတာဆိုင်လည်း အရင်လိုပုံမှန်ပြန်လည်ပတ်လာပြီးရောင်းကောင်းခဲ့တယ်။
ဝယ်လိုက်တဲ့ ကားကလည်းအန်တီသက်အဆက်အသွယ်နဲ့ နိုင်ငံခြားကုမ္မဏီတစ်ခုကိုနှစ်ချုပ်နဲ့ ငှားလိုက်တာ
အိမ်ငှားခထက်ပိုကိုက်စိုက်ထားတဲ့ ငါးသိန်းပြန်ရလာပြီး မသီတာတို့ တပြုံးပြုံးနဲ့  ခုလို အလှူကြီးပေးနိုင်တာပေါ့ ..။
အဖေလိုရိုသေရတဲ့ အကိုကြီးကိုမလိမ့်တပတ်လုပ်ရတာစိတ်မကောင်းပေမယ့် မတတ်နိုင်ဘူးလေ..။
တစ်ကယ်လို့  နောက်ထပ်ပြိုင်ဘက်ဆိုင်တစ်ဆိုင်သာတိုးလာပြီးအကိုကြီးအရင်လိုတရားချလာရင်တော့
မသီတာဒီလိုပြန်ပြောမိလိမ့်မယ်ထင်ပါရဲ့ ..။
“အကိုကြီးရေ..ခုခေတ်ကမ္ဘာကြီးမှာ သဘာဝတရားတွေ က ဖောက်ပြန်ပြောင်းလဲနေတော့ ပင်လယ်ရေတွေလည်းခမ်းပြီးကုန်ချင်ကုန်သွားတော့ မှာ… ” လို့ …။
ကြာဖြူနွယ်

No comments:
Post a Comment