Wednesday, November 20, 2013
" အတူလေးရယ်နှင့် ယှဉ်ကာပြိုင် "
 xxx အတူလေးရယ်နှင့် ယှဉ်ကာပြိုင်..ယှဉ်ကာပြိုင်.. xxx
 ပန်းမွှေ့ ယာရွှေကောဇော…ရောနှောလို့ ထိုင် xxx
ကြည်လင်ချိုမြသောသီချင်းသံလေးနှင့်အတူလက်မှလည်းအပျိုတော်ရုပ်လေးကို ကျွမ်းကျင်စွာကြိုးဆွဲ ကပြနေသူလေးကိုမင်းထင် အံ့ သြစွာ ..ပြီးတော့..သဘောကျစွာဖြင့် ငေးကြည့်နေမိသည်။ သူ့ အတွက်တော့ဒီလိုရုပ်သေးပွဲကြည့်ရသည့်အတွေ့ အကြုံဟာ  ပထမဆုံးမို့ တစ်ကယ့်ကို ကမ္ဘာသစ်တခုထဲရောက်သွားရသလိုပင်…။
ဘေးမှာထိုင်ကြည့် နေသော Yamamoto San ယာမာမိုတိုစံ ကတော့ ကြိုးတစ် လှုပ်လှုပ်နှင့်  အချိုးတကျ.. ကပြနေသော အပျိုတော် ရုပ်သေးရုပ်လေးကိုဝမ်းသာအားရနှင့်ကြည့်နေသည်.။ လုပ်ငန်းသဘောအရဆက်ဆံလာတာသုံးနှစ်ရှိပြီးကုမ္မဏီမှအလုပ်ကိစ္စများနှင့် ပတ်သက်လျှင်ပြတ်သား တိကျစွာပြောတတ်သောဒီဂျပန်ကြီးဟာခုလိုလှိုက်လှိုက်လှဲလှဲပြုံးတာမျိုး..မမြင်စဖူးမြင်ရတာလည်းမင်းထင်
အတွက် အံ့ သြစရာ…
မနေ့က…ရန်ကုန်မှရောက်ရောက်ချင်းအလုပ်အကြောင်းမပြောဘဲမန္တလေးမြို့ ရောက်တုန်းရောက်ခိုက်  ရုပ်သေးပွဲကြည့်ချင်လို့  စီစဉ်ပေးပါဆိုသည့်စကားကို ပထမဆုံးပြောသည်ကလည်း အံ့ သြစရာ…
ပြခကို နာရီအလိုက်ဒေါ်လာနှင့်တွက်ယူသည့် သီးသန့် ရုပ်သေးပွဲလေးမှာ….
 ရုပ်သေးကြိုးဆွဲပြပေးသူဟာသူထင်ထားခဲ့သလိုဇာတ်ဆရာအိုအိုကြီးမျိုး၊အဖိုးကြီးမျိုးတွေမဟုတ် ဘဲယဉ်ကျေးမှုအနုပညာ တက္ကသိုလ်ဆင်း ညိုညက်သွယ်နွဲ့ သော မိန်းမပျိုလေးဖြစ်နေခြင်းကတော့ အံ့ သြစရာအကောင်းဆုံးပင်…
ပြောရမည်ဆိုလျှင်…မန္တလေးရောက်နေတာသုံးလရှိပြီဆိုပေမယ့်အပြင်ထွက်ခဲသောသူ့ အတွက်မန္တလေးက သူစိမ်းပြင်ပြင်ပါ…
မင်းထင်တို့ ကုမ္မဏီသည်ဂျပန်မှ နာမည်ကြီးတံဆိပ်လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို မြန်မာတစ်နိုင်ငံ လုံးရောင်းချ ခွင့်  ကိုယ်စားလှယ်ယူ ထားလေ၏။အစကတော့ရန်ကုန် Show Room တစ်ခုတည်း ဖွင့် ထားပေမယ့်  အထက်မြန်မာပြည်မှဖောက်သည် များ၏တောင်းဆို ချက်ကြောင့်  မန္တလေးတွင် Show Room အသစ် လာဖွင့်ရသည့်အခါ ဖေဖေက မင်းထင်ကိုမန္တလေးလွှတ်ပြီးရုံးထိုင်ခြင်းပင်..။
ဖုန်ထူနေပူကာဆိုင်ကယ်တွေရှုပ်လှသောမန္တလေးမှာမင်းထင်မနေတတ်ပါ..
ဖေဖေ့ကိုမလွန်ဆန်နိုင်ဘဲလုပ်ငန်းရှိလို့ နေနေရပေမယ့် ရန်ကုန်ပြန်ဖို့ အမြဲတွေးနေမိသည်။
သည်တော့ ….
မန္တလေးမှာဘယ်မှမသွား၊ခင်မင်ရင်းနှီးသည့်မိတ်ဆွေလည်းမရှိသောကြောင့် ရုံးမှသူ့ ဝန်ထမ်းလေး ကိုပြောပြီးဧည့်သည်အတွက်ရုပ်သေးပွဲလိုက်စုံစမ်းခိုင်းရလေသည်။ နိုင်ငံခြားသားတွေအတွက် စီစဉ်ကပြပေးနေသည့် အဖွဲ့ များရှိကြောင်း ၊ ထိုအဖွဲ့ ထဲတွင် ဒေါ်မိမိခိုင်အဖွဲ့ က အကောင်းဆုံးဟု သိလာရတော့..ဒီညကပွဲရအောင်ပြောခိုင်းခဲ့သည်။
ပွဲမစခင်သူတို့ ရောက်တော့ ဒေါ်မိမိခိုင် နှင့် ခဏတွေ့ သည်။ နိုင်ငံတစ်ကာလှည့်ြ့ပီးမြန်မာ့ရုပ်သေးကို ဂုဏ်ယူစွာကပြနေသည့်ဒေါ်မိမိခိုင်သည်လေးစားစရာကောင်းလှ၏။
မင်းထင်လုံးဝနားမလည်သောအကြောင်းအရာဖြစ်သောကြောင့် ယာမာမိုတိုစံနှင့် ဒေါ်မိမိခိုင်တို့  အချင်းချင်းရုပ်သေးအကြောင်း အင်္ဂလိပ်လိုအပြန်အလှန်ပြောဆိုနေကြသည်ကိုဘာမှဝင်မပြောဘဲ အသာနားထောင်နေမိသည်။မေးခွန်းပေါင်းများစွာမေးမြန်းနေသော သည်ဂျပန်ကြီးဟာလုပ်ငန်းရှင်ကြီး တစ်ယောက်နှင့်ပင်မတူပေ..နောက်ဆုံးဒေါ်မိမိခိုင်ကသူ့ ကိုပြောသည်။
“ကဲ..ဦးမင်းထင်ရေ..သေချာစကားပြောကြည့်တော့သူကဒီရုပ်သေးပညာအကြာင်းနက်နက်နဲနဲလေ့လာ လိုက်စားနေတာကိုး.. ရုပ်သေးကတာအပျော်ကြည့်ရုံလေးမဟုတ်ဘူးပဲ.. ရုပ်သေးကြိုးဆွဲပြတာကြည့်နေရင်း လည်းသိချင်တာမေးမယ့်ပုံပေါ်တယ်… ဒါကြောင့် ဒီညကျွန်မတို့  မပြတော့ဘူး. ကျွန်မအသိကောင်မလေး ကိုပြပွဲ စီစဉ်ခိုင်းမယ်..ပြခကတော့ကျမကိုပေးသလိုပဲပေးပါ..
သူ့နာမည်ကယမင်းခင်တဲ့ ..
ယဉ်ကျေးမှုတက္ကသိုလ်က ရုပ်သေးပညာ ဘာသာရပ် အထူးပြု B.A Drammatic Art (Mario nette specialize) နဲ့ ကျောင်းပြီး ထားတာ.. ဂျာမန်စာရောဂျပန်စာရောကျွမ်းကျင်တယ်…နိုင်ငံတော်ပွဲတွေကျွန်မသွားရင်သူ့ ပဲခေါ်သွားရတာ..
ဒီဂျပန်ကြီးနားလည်အောင်ဂျပန်လိုရှင်းပြနိုင်တယ်..သိပ်တော်တာ ”
သည်လိုနှင့် ဒေါ်မိမိခိုင်လိုက်ပို့ သော ပျဉ်ထောင်အိမ်လေးတစ်အိမ်ဘေး.. အဖီထိုးထားသည့် သီးသန့် ခန်းထဲတွင်ရုပ်သေးပွဲလေးကြည့်ရခြင်းပင်..  မမောနိုင်မပန်းနိုင်ဆိုပြကြိုးဆွဲပြနေသည်ကိုကြည့်ရင်းဒေါ်မိမိခိုင်ချီး ကျူးတာ မလွန်ဘူးဆိုတာ သူသိလိုက်ပါပြီ။
တစ်ကယ့်ကိုတော်သည့်ကောင်မလေး…
ဇာတ်စထွက်ပြီးအပျိုတော်ရုပ်မှစပြီး မြင်းရုပ်၊ဆင်ရုပ်၊ကျားရုပ်..စသဖြင့် အရုပ်များပြောင်းကာ အစဉ်လိုက်ကြိုးဆွဲကသွားရင်းပါးစပ်မှလည်းဂျပန်လိုသွက်လက်စွာရှင်းပြသွားပါသည်။
ပွဲပြီးသွားသည့်အခါယာမာမိုတိုစံကမပြန်သေးဘဲကောင်မလေးကိုသိချင်သည်များထပ်မေးနေသည်မှာ အတော်လေးကြာ၏။
 ထို့ နောက်မှာတော့ .. မင်းထင်ဘက်လှည့်ပြီးအင်္ဂလိပ်လိုပြောလိုက်သည်က..
“ငါ..မနက်ဖြန်မပြန်သေးဘူးမင်းစံ၊ဒီမှာနောက်နှစ်ရက်လောက်ထပ်နေဦးမယ်.. 
 လေယဉ်လက်မှတ်ပြန်ပြောင်းပေးပါ ”
Xxxxxxxxxxxxxxx
နောက်နေ့ မှာလည်း ယာမာမိုတိုစံက ယမင်းခင်ကို ရုပ်သေးပွဲထပ်ပြခိုင်းကာ အစအဆုံးသေသေချာချာ ဗွီဒီယိုရိုက်ယူသည်။ မင်းထင်ကတော့ ရုပ်သေးရုပ်လေးများအားမမြင်မိဘဲကြိုးဆွဲနေသည့်သက်ရှိ ယမင်းရုပ်လေး၏ပါးပြင်မှသနပ်ခါး ပါးကွက်လေး ကိုသာငေးနေမိသည်။
ဆွဲနေသည့်ရုပ်သေးကြိုးများကိုဂရုတစိုက်ကြည့်ကာမည်းနက်ထူထဲသောမျက်တောင်လေးများ စင်းချထားသည့် သွယ်လျှသော ညိုစိမ့် စိမ့် မျက်နှာလေးကိုကြည့်ရင်း မင်းထင်ရင်ထဲတစ်နေရာမှ တစ်သိမ့်သိမ့်ဖြစ်လာသည်။
တစ်ကယ်တော့မင်းထင်သည် ပန်းစုံတောတွင် ပျံဝဲနေသည့်လိပ်ပြာလူလည်ပင်…။
ယခုအသက်နှစ်ဆယ့်ရှစ်နှစ်ရှိလာပေမယ့် လက်ထပ်ဖို့ ကတိပေးထားသည့်ချစ်သူရည်းစားရယ်လို့  မရှိသေးပေ..။မြင့်မားချောမောသည့် ရုပ်ရည်နှင့် ရှိထားသောပိုင်ဆိုင်မှုများကြောင့် အထက်တန်းလွှာမှ မိန်းမပျိုလေးများကြားတွင်ရေပန်းစားသည့်မင်းထင်က ကောင်မလေးများ ကို သူငယ်ချင်းမက ရည်းစားမကျပုံစံဖြင့် ခင်ခင်မင်မင်တွဲရုံပဲတွဲကာ အိမ်ထောင်ဖက်မရွေးသေးသည်မှာ မေမေ့ ကြောင့် လည်း ပါပါသည်။မေမေက တစ်ဦးတည်းသောသားလေးမင်းထင်အတွက် စိတ်ကြိုက်ချွေးမရှာနေပါသတဲ့ ..။
“သားသားနော်..မင်းကောင်မလေးတွေတွဲတာအလွန်အကျူးမဖြစ်စေနဲ့ …
မင်းအတွက်မေမေစိတ်ကြိုက်ချွေးမရှာနေတာ..သိလား ”
“ဟားဟား..မေမေရာ..သားကဘော်ဒါလိုပဲပေါင်းနေတာပါ..သမီးရည်းစားလိုမနေပါဘူး..စိတ်ချ... သားအလုပ်လုပ်ရင်းလွတ်လွတ်လပ်လပ်နေချင်သေးတယ်.မိန်းမလည်းမယူချင်သေးဘူး”
“မိန်းမမယူချင်လို့ တော့မရဘူးနော်..အသက်ကသုံးဆယ်နားနီးနေပြီ..မေမေတို့ မြေးချီချင်သေးတယ် သားသားရဲ့  …မေမေစိတ်ကြိုက်ရှာလိုက်ဦးမယ်..”
သားကိုတုန်အောင်ချစ်သည့်အမေများထုံးစံအတိုင်းမင်းထင်အတွက်မေမေချွေးမရှာနေသည်မှာနှစ်ပေါက်နေပေမယ့် စိတ်ကြိုက် မတွေ့ သေးပေ..။မင်းထင်မှာလည်းရင်ခုန်စိတ်လှုပ်ရှားရလောက်သည့်ချစ်သူမရှိသေးပေ..။ဖေဖေနှင့်အတူတူ ကုမ္မဏီလုပ်ငန်းတွေ ချဲ့ ထွင်နေသည့်သူ့ ကိုသူငယ်ချင်းများကပင် နှလုံးသားမပါသည့်ငွေရှာစက်ရုပ်.. ဟုနောက်ပြောင်တော့ဟုတ်နေသလိုလိုရှိသောကြောင့် သူရယ်မောနေခဲ့ဖူးသည်။ခုတော့ သူ ဟာစက်ရုပ် မဟုတ်ကြောင်းသူ့ ရင်ခုန်သံကသက်သေပြနေပါပြီ။
ဂျပန်ယဉ်ကျေးမှုဌာနတွင်ပြန်ပြသမည့်ဗွီဒီယိုဖြစ်သောကြောင့် ဒီည မြန်မာ့ရုပ်သေးသဘင်တွင် ပါရှိသည့်ရုပ် ၂၈-ပါးစလုံးကပြရပါသည်။
 ၁။ နတ်ကတော်ရုပ်
၂။ မြင်း
၃။ ဆင်
၎။ ကျား
၅။ ဆင်ထိန်း
၆။ ကုမ္ဘောဘီလူး
၇။ ကုမ္ဘဏ်ဘီလူး
၈။ ကြက်တူရွေး
၉။ ငှက်ရုပ်
၁၀။ ဂဠုန်
၁၁။ နဂါး
၁၂။ ဇော်ဂျီ
၁၃။ သူဌေး
၁၄။ စုန်းမ
၁၅။ နတ်
၁၆။ နေရာထိုင်ခင်းအရုပ်
၁၇။ ရှင်ဘုရင်
၁၈။ ရွှေနန်းဆက် မိဖုရား
၁၉။ မင်းသားလတ်
၂၀။ မင်းသားနုရုပ်
၂၁။ မင်းသမီး
၂၂။ သံချိုလက်စွဲ
၂၃။ သံပျင်လက်စွဲ
၂၄။ မင်းကြီး သက်တော်ရှည်
၂၅။ ရွှေတိုက်ဝန်
၂၆။ ဝန်ထောက်
၂၇။ မြို့တော်ဝန်
၂၈။ ပုဏ္ဏား (ဆရာတော်ရုပ်)
စသဖြင့် ..အရုပ်လေးတွေတစ်ရုပ်ပြီးတစ်ရုပ်ပြောင်းကာ၂၈ရုပ်လုံးပြီးသွားပေမယ့် သူ့ မျက်စိထဲမှာတော့ ယမင်းရုပ်လေး၏မျက်နှာသာ စွဲထင်ကျန်ရစ်၏။ကြိုးဆွဲရ ၊ သီချင်းဆိုပြရ နှင့် ချွေးစို့ ကာပါးပြင်မှ ပါးကွက် ပါးပါးလေးပျက်လာပေမယ့်  ယမင်းခင်မျက်လုံးလေးများ ကကြည်နူးပီတိဖြင့် တောက်ပနေ ၏။ ပွဲပြီးတော့ယာမာမိုတိုစံက သည်ရုပ်သေးကပွဲဗွီဒီယိုအား တိုကျိုယဉ်ကျေးမှုကျောင်းတွင်ပြသပေးမည် ဟုပြောကာနုတ်ဆက်ရင်းပြန်လာခဲ့ ကြပါသည်။
Xxxxxxxxxxxxxx
မင်းထင်ပရင့်ထုတ်ယူလာပေးသောယာမာမိုတိုစံပို့လိုက်သည့်မေးလ်စာရွက်ကိုဖတ်ရင်း ပါးကွက်ကြားလေး တင်းလာအောင်ပြုံးနေသော ယမင်းကိုကြည့်ပြီးမင်းထင်လည်းပျော်နေပါသည်။
ယာမာတိုတိုစံကလည်းဝမ်းသာအားရမေးလ်ပို့ လိုက်ခြင်းပင်..
သူရိုက်ယူသွားသောရုပ်သေးပွဲဗွီဒီယို ကို ဂျပန်အနုပညာအသင်းမှသဘောကျပါသတဲ့ …။
ယခုခေတ် ဂျပန်နိုင်ငံတွင် ရိုးရာကြိုးဆွဲ ရုပ်သေးပညာမှာ တိမ်မြုပ်လုနီးပါး ဖြစ်နေကြောင်း၊ မြန်မာနိုင်ငံမှ ရိုးရာရုပ်သေးကို ဖိတ်ခေါ်၍ အနုပညာပိုင်း ဆိုင်ရာ ဖလှယ်မှုများ ပြုလုပ်ချင်ကြောင်း.. နောက်လတွင်ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Modern Foundation Puppet Centerမှ တာဝန်ခံ ကိုယ်တိုင်မန္တလေးကိုလာရောက်လေ့လာမည်ဖြစ်ကြောင်း…
တည်းခိုဖို့ မင်းထင်စီစဉ်ပေးစေချင်ကြောင်း၊ထိုတာဝန်ခံနှင့် အတူယာမာမိုတိုစံပါ…လိုက်လာမည့်အကြောင်း..
အချိန်မရသောကြောင့် မြန်မာပြည်တွင်သုံးရက်ဘဲနေမည့်အကြောင်း..ဂျပန်ယူသွားချင်သည့်မြန်မာရုပ်သေး ရုပ်များကိုယခုကတည်း ကအော်ဒါမှာပြီးလုပ်ထားပေးစေချင်ကြောင်း..မင်းထင်မှလည်း ယမင်းခင်ကို လိုအပ်တာကူညီပေးစေချင်ကြောင်း….
စသဖြင့် ရေးထားသောစာကိုဖတ်ပြီးသည့်အခါမှာတော့ယမင်းက မင်းထင်ကိုပြုံးကာပြောလိုက်သည်။
“ရုပ်သေးရုပ်တွေအတွက်တော့မပူပါနဲ့ ဦးမင်းထင်၊ ယမင်းတို့ အိမ်ကရုပ်သေးထုတာပါ..ခုထိအဖိုးနဲ့ အဖေ ထုလုပ်ဆဲပါ”
“ဟာ..ဟုတ်လား..ဒါဆိုအဆင်ပြေတာပေါ့ …ဒါဆိုမယမင်းခင်ပဲ စီစဉ်ပြီးသူတို့ လာမယ့်အချိန် အကုန် အဆင်သင့်ဖြစ်အောင်ပြင်ဆင်ပေးပါ.. ကုန်ကျစရိတ်တွေအကုန်ကျွန်တော်တာဝန်ယူပါ့မယ်..”
“ဒါ.သူဌေးဆိုပြီးငွေစကားပြောတာလား..”
“ဟာ..မဟုတ်ပါဘူးမယမင်းခင်ရယ်…ရုပ်သေးရုပ်တွေအော်ဒါမှာရင်ငွေကြိုပေးရမှာမဟုတ်လား. .နောက်ပြီးသူတို့ လာရင် ပြသဖို့  အတွက်ကြိုပြင်ဆင်ရရင်ငွေကြေးကုန်ကျမှာတွေရှိ တယ် မဟုတ်လား..ယာမာမိုတိုစံက ကျွန်တော့်ရဲ့ ပါတနာပါ.. စီးပွားဖက်မိတ်ဆွေမို့ ပြောတာပါ”
“မလိုပါဘူး..ရုပ်သေးရုပ်ဖိုးကဂျပန်တွေလာမှရှင်းလည်းရတယ်..တခြားနေရာမှာတာမှမဟုတ်တာ.. ယမင်းအဖိုးလုပ်မှာ..နောက်ပြီးဒီပွဲအတွက်ကုန်ကျစားရိတ်လည်းဦးမင်းထင်ပေးဖို့ မလိုပါဘူး. .ယမင်းကိုယ်တိုင်အကုန်တာဝန်ယူလုပ်မှာပါ..
ဘာလို့ လည်းဆိုတော့  ဒါယမင်းအိပ်မက်..ဖြစ်နေလို့ ပါ ”
ပြောပြီးသည်နှင့် နုတ်ခမ်းပါးလေးတင်းတင်းစေ့လိုက်သောယမင်းခင်ကိုမင်းထင်နားမလည်ပေ..
“ဘာပြောလိုက်တာလဲ..ဒါမယမင်းခင်အိပ်မက်..ဟုတ်လား”
“ဟုတ်တယ်ဦးမင်းထင်..မြန်မာ့ရုပ်သေးကိုနိုင်ငံခြားကျောင်းတွေမှာချပြချင်တာယမင်းစိတ်ကူးအိပ်မက်ပဲ..
ဒီအတွက်ယဉ်ကျေးမှုတက္ကသိုလ်တက်ခဲ့တာ.ပြောပြရရင်တော့ရယ်စရာကောင်းနေမလားပဲ…. ဒီရုပ်သေးရုပ်လေးတွေကယမင်းရဲ့ ဖွားဖက်တော်ပဲ..မွေးပြီးကတည်းကအမေဆုံးသွားပြီးအဖိုးနဲ့ အဖေလက် ထဲမှာကြီးခဲ့ ရတဲ့ ယမင်းအတွက် သိတတ်စအရွယ်ကတည်းကအဖိုးထုတဲ့ ရုပ်သေးရုပ်လေးတွေနဲ့  စကားပြောရင်းနေခဲ့ရတာပါဦးမင်း ထင် ”
“ ဟို..မယမင်းခင်မှာမွေးချင်းမောင်နှမတွေ မရှိဘူးလား”
“မရှိပါဘူး..အမေကယမင်းတစ်ယောက်တည်းမွေးပြီးဆုံးသွားတာပါ… အဖိုးတို့ လည်းယမင်း တစ်နှစ် သမီးရောက်တော့ဇာတိရပ်စွန့် ပြီးမန္တလေးပြောင်းလာတာလေ…သိတတ်စကတည်းကအဖိုးနဲ့ အဖေ ရယ် ဒီရုပ်သေးရုပ်လေးတွေဟာယမင်းရဲ့ ကမ္ဘာပါ ”
သနားစရာကောင်းလိုက်တဲ့ မိန်းကလေး...အမေ့ ရင်ခွင်မှာမခိုလှုံရဘဲကြီးလာရတာပါလား..
ရုပ်သေးရုပ်လေးတွေကြားမှာနေသောသည်ယမင်းရုပ်လေးကမင်းထင်ရဲ့ စိတ်ခံစားမှုတွေကိုလည်းကြိုးဆွဲ ချယ်လှယ်တော့မယ်ထင်ပါရဲ့ …
Xxxxxxxxxxxxx
“ခဏစောင့်မောင်ရင်ရေ..ယမင်းရေချိုးနေတုန်း…အကြမ်းရေနဲ့ ထန်းလျှက်ခဲစားဦး..”
အသက်၆၀နီးပါးရှိမည့်လူကြီးတစ်ဦးကယွန်းဗန်းလေးမကာယူလာပေးသည်မို့ မင်းထင်အားနာသွား သည်။
“ဟာ..ရပါတယ်ဦးလေး..ကျွန်တော်ရေနွေးမသောက်တတ်လို့ ပါ..
ဟိုလေ..ရေတော့သောက်ချင်တယ် ”
“အော်...ရေအိုးက ဒီကပြင်မှာလေ..ကြိုက်သလောက်ခပ်သောက်..ဟုတ်လား”
မင်းထင်သည်အံ့ သြသည့်စိတ်နှင့်အတူရေအိုးဆီသွားရင်း ရေနည်းနည်းခပ်သောက်လိုက်သည်။
ရေအိုးမှ ရေကလည်းအေးပါသည်။ ရေအိုးဖုံးနှင့် စတီးရေခွက်လေးကလည်းသန့်ပါသည်။သို့ သော်. .ယမင်းခင်လို ပညာတတ် တစ်ယောက်နေသောအိမ်မှာရေခဲသေတ္တာ..ရေသန့် ဘူး..မှအစ လိုအပ်သော ပရိဘောဂများရှိသင့်သည်ဟုသူထင်ပါသည်။ခုတော့ တစ်အိမ်လုံးပြောင်ရှင်းနေသည်မှာ ကုလားထိုင် မရှိသောကြောင့် သူပင်နှီးကြောဖျာပေါ် ကြုံ့ ကြုံ့ ကလေးထိုင်နေရ၏။
ဘယ်လောက်မှမကျယ်သောအိမ်ကျဉ်းကျဉ်းလေးမှာ..သူထိုင်နေရာမှအိမ်နောက်ဖေးဘက်လှမ်းမြင်ရသည်မှာ လည်း ဘာပစ္စည်းမှ မမြင်ပေ…။ သို့ ပေမယ့် တိုက်ချွတ်ထားပုံရသောဒန်အိုးလေးတွေ ကတော့ပြောင် လက်နေသလို ထိုင်နေသည့်ကြမ်းပြင်မှာလည်း အရိပ်ထင်မတတ်ကြည်လင်နေသည်။ မိန်းကလေး တစ်ယောက်တည်းရှိသည့် အိမ်မှာ ဒီလိုအိုးတိုက် ၊ ကြမ်းတိုက်အလုပ်တွေ.. ယမင်းခင်ပဲလုပ်ရမှာပါ.. ။တော်လိုက်တဲ့မိန်းကလေး..ရုပ်သေးကြိုးဆွဲတဲ့ မင်းလက်လေးတွေကသိပ်အဖိုးတန်တာပဲယမင်းခင်ရယ်..
“ဟော..ဦးမင်းထင်..ရောက်နေပြီလား ”
အသံနှင့် အတူအနားရောက်လာသည့်ယမင်းခင်ထံမှ သနပ်ခါးရနံ့ သင်းသင်းလေးက မွှေးပျံ့ လိုက်တာ..
လိမ်းပြီဒခါစ..သနပ်ခါးပါးကွက်လေးကရေတွေကျန်ပြီးမခြောက်တစ်ခြောက်ဖြစ်နေလို့များပို အနံ့ မွှေးနေခြင်းများလားတော့မသိပေ…     သူ ကတော့ သနပ်ခါးနံ့ မှာမိန်းမူးသွားသည်။
ဝတ်ထားသောချည်သားအင်္ကျီနံ့ သာရောင်လေးဟပ်ကာ ဖြန့်ချထားသည့်နက်မှောင်ထူထဲသော
ဆံပင်များကြားမှယမင်းခင်မျက်နှာသွယ်သွယ်လေးက၀င်းပနေ၏။တွေ့ ခါစကတော်တော်ညိုသည်ဟု ထင်မိသောယမင်းခင် အသားအရည်ကခုတော့လည်းဝင်းအိစိုပြည်နေ၏..
“ဦးမင်းထင်..ယမင်းပြောတာဟုတ်လားလို့ ..ဦးမင်းထင်”
“ဗျာ..ယမင်းကဘာမေးလိုက်တာလဲ..”
“သြော်..ပြီးတဲ့ ရုပ်သေးရုပ်တွေလာယူတာလားလို့ ….”
“ဟုတ်ကဲ့ ..ခဏလေးနော်..အဘကိုမေးလိုက်ဦးမယ်”
ပြောပြောဆိုဆိုထသွားသည့်ယမင်းခင်ကိုငေးကြည့်ရင်းသူရင်တွေခုန်နေသည်။
တစ်ကယ်တော့ ..ဒီနေ့ လာရသည့်အကြောင်းအရင်းက ရုပ်သေးရုပ်လာယူခြင်းမဟုတ်ပါ..။
မတွေ့ ရတာကြာပြီဖြစ်သည့် ညိုချောလေးကို မြင်ချင်စိတ်က ပြင်းပြင်းပြပြ နှင့် တားမနိုင်ဆီးမရဖြစ် လာသောကြောင့်  ယမင်းခင်အိမ်သို့  အလိုလိုရောက်လာရခြင်းပင်…။
သူ..၀န်ခံပါသည်။ ယမင်းခင်အပေါ်လိုတာထက်ပိုပြီးသူခင်တွယ်နေမိပါပြီ။
တစ်ကယ်ဆို…သူနှင့် ယမင်းခင်တွေ့ တာမကြာသေးသည့်အပြင်တွေ့ ဆုံချိန်လည်းနည်းပါးပါသေးည်။
ဘာလို့ ..သူ့ ဘက်ကဒီလောက်ယိမ်းယိုင်သွားရတာပါလိမ့်..။
ရန်ကုန်မှာမိန်းကလေးများနှင့် သူ့ လောက်ခင်ခင်မင်မင်ရင်းရင်းနှီးနှီးနေတတ်တာသူပဲရှိသည်။ ချောပေ့  လှပေ့ ချမ်းသာပေ့.. ဆိုသောကောင်မလေးများနှင့် တစ်နေကုန်တွေ့ နေရတုန်းက မလှုပ်ရှားသည့်တေ     မိနှလုံးသားက သနပ်ခါးပါးကွက်ကွက်.. ၊ ရင်ဖုံးအင်္ကျီတွေပဲဝတ်သည့်ယမင်းခင်ကျတော့ရင်ခုန်သတဲ့ …။ မိတ်ကပ်ရောင်စုံမျက်နှာတွေထက်ယမင်းခင်၏သနပ်ခါးမျက်နှာလေးကြည့်ရခြင်းသည်ရင်အေးစရာဖြစ်နေခြင်း မှာ  သူ့ နှလုံသားမျက်နှာလိုက်တာလေများလား..
သူစဉ်းစားနေတုန်းမှာပဲယမင်းခင်က အရုပ် သုံးရုပ်ကိုင်ကာပြန်လာသည်။
“ဇော်ဂျီရုပ် ၊ဘီလူးရုပ်နဲ့ မြင်းရုပ်ပဲရသေးတယ်”
“အော်..ရပါတယ်..အချိန်တွေရှိသေးတာပဲ..ရသလောက်ပဲယူသွားမယ်”
“ဟုတ်..ထမင်းစားခဲ့ ပြီးပြီလားဦးမင်းထင်..ယမင်းတို့ စားတဲ့ ဆန် နဲ့  ဟင်းကိုစားနိုင်မယ်ဆိုရင်တော့
ကျွေးချင်ပါတယ်..”
“ဟာဗျာ..ကျွန်တော်ကကြေးမများတတ်ပါဘူး..ဒါပေမယ့် မစားတော့ပါဘူးမယမင်းခင်”
တစ်ကယ်တော့…ယမင်းခင်ချက်သည့်ဟင်းလေးတွေနှင့်သူထမင်းစားချင်ပါသည်။
သို့ သော်…သူစားလိုက်လျှင်တစ်ယောက်စာလျော့ သွားကာကျန်တဲ့သူတွေစားဖို့ မလောက်မငဖြစ်မှာ စိုးသောကြောင့် သူ ငြင်းရခြင်းပင်..
“မယမင်းခင်တို့ အိမ်လေးကရှင်းနေတာပဲနော်..”
“ဒါကတော့..ဘာပစ္စည်းမှမရှိတာကိုးဦးမင်းထင်ရဲ့ ..”
“ကျွန်တော်ကဒါကိုရည်ရွယ်ပြောတာတော့မဟုတ်ပါဘူး..ဒါပေမယ့်..ပညာတတ်တစ်ယောက်အိမ်မှာ    ခေတ်အသုံးအဆောင်ဘာမှ မတွေ့ လို့ ပါ ”
“အော်..ယမင်းကိုတောကျတယ်ထင်နေတာလား..ဟင်းဟင်း”
“ဟာ..မဟုတ်ပါဘူး…ဟိုလေ..ဘယ်လိုပြောရမလဲ..ရှိစေချင်တာပါ”
“ကဲ..ဦးမင်းထင်ခဏလိုက်ခဲ့ ”
ဆတ်ခနထသွားသည့်ယမင်းခင်နောက်ကို အူကြောင်ကြောင်နှင့် လိုက်လာရသည့်မင်းထင်သည်
အခန်းကျဉ်းတစ်ခုထဲအရောက်မှာတော့ အံ့ သြသွားရသည်။
Flat TV ၊ ကွန်ပြူတာ ၊ ပရင့်တာ ၊ ဆောင်းဘောက် …စသည့်အခန်းထဲရှိပစ္စည်းများအားလုံးကအကောင်းစားတံဆိပ်များပင်…။
“ဒါ..ယမင်းရဲ့ သီးသန့် ခန်းလေးပါ…ဒီပစ္စည်းတွေအားလုံးယမင်း ချွေးနှဲစာနဲ့ စုထားတာပါ..အဖိုးနဲ့ အဖေက အရမ်းရှေးဆန်တယ်.. နားအေးပါးအေးနေချင်တယ်…သူတို့ ဝါသနာပါရာရုပ်သေးရုပ်လေးတွေနဲ့  ပဲ ပျော်ချင်တာဆိုတော့လူကြီးတွေအနှောင့် အယှက်ဖြစ်မှာစိုးလို့  ဧည့်ခန်းထဲမှာဘာပစ္စည်းမှမထားတာ ပါ…ယမင်းတော့ အားတာနဲ့ အွန်လိုင်းကယမင်းဝက်ဆိုဒ် ထဲ ၀င်နေတာလေ ”
“အော..မယမင်းခင်မှာကိုယ်ပိုင်ဝက်ဆိုဒ်ရှိတယ်ဟုတ်လား..”
“ဟုတ်ကဲ့..ရှိပါတယ်..အင်တာနက်မှာ ယမင်းရွှေစင်..ဆိုပြီးရှာကြည့်ပါ.. ရုပ်သေးပညာရပ်နဲ့ ပတ်သက်တာတွေအကုန်တင်ပေးထားပါတယ်…ပြောရရင် မြန်မာ့ရုပ်သေးပြန်လည် ဦးမော့လာနိုင်အောင်ယမင်း တတ်နိုင်သလောက်လုပ်နေတာပါ.. တစ်နေ့ ..မြန်မာ့ရုပ်သေးဖောင်ဒေးရှင်း..ထောင်နိုင်လာအောင်အထိကြိုးစားမှာပါ”
မျက်လုံးလေးတွေအရောင်ထွက်ကာသူ့ အိပ်မက်ကိုပြောပြနေသောပါးကွက်ကြားမလေးကိုကြည့်ရင်း အံသြချီးကျူးခြင်း ၊ လေးစားအထင်ကြီးခြင်း ၊ ချစ်ခင်နှစ်သက်ခြင်းဆိုသောခံစားချက်များဖြင့်  မင်းထဲရင်ထဲလှုပ်ရှားတုန်ယင်နေပါလေ၏။
Xxxxxxxxxxxxxx
ယမင်းခင်မျှော်လင့် သလို မြန်မာ့ရုပ်သေးကိုချပြဖို့ အခွင့် အရေးများရှိလာပြီဆိုတာယာမာမိုတိုစံနှင့် တိုကျိုမှ တာဝန်ခံတို့ လာသည့်အချိန်တွင်သိလိုက်ရသည်။
“ဘာဖြစ်လို့ လဲမယမင်းခင်ရယ်…သူတို့ ပြောသလိုအစိုးရချင်းဖိတ်ပြီးသွားတာပိုမကောင်းဘူးလား”
“ဒီလောက်မလွယ်ဘူးဦးမင်းထင်…ယမင်းတို့ အဖွဲ့ တွေအကြောင်းယမင်းပဲသိတယ်..နောက်ပြီး ခုထိကမ္ဘာ့ရုပ်သေးအဖွဲ့ ချုပ်ထဲမှာ မြန်မာနိုင်ငံမ၀င်ရသေးဘူး..”
“သြော်..ဟုတ်လား..ဒါဆိုဘယ်လိုဝင်ရသလဲကောမသိဘူးလား”
မင်းထင်အမေးကြောင့် ယမင်းခင်၏မျက်နှာတွင်ခံပြင်းသည့်အရိပ်များပေါ်လာပြီးအံကြိတ်လိုက်တာမြင်ရသည်။
“မြန်မာနိုင်ငံက အဲဒီအဖွဲ့ ထဲဝင်ဖို့အတွက်က တိုင်းပြည်ကိုယ်စားပြု ဖွဲ့ရမယ်။ တစ်နိုင်ငံလုံးက ပညာရှင်တွေ ဖွဲ့ပြီး ရုပ်သေးပညာရှင်များ အဖွဲ့ဆိုပြီးတော့ နိုင်ငံကိုယ်စားပြု အဖွဲ့ကို ထူထောင်ရမယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ရုပ်သေးပညာရှင် အကုန်ပါရမယ်။ ဒီလို နိုင်ငံကိုယ်စားပြု ဖြစ်မှဝင်ရမယ်။ခုလောလောဆယ် ရုပ်သေးကို သဘင်အစည်းအရုံး အောက်မှာ ထားကြတယ်။.. ဘာမှလုပ်ပိုင်ခွင့် မရှိဘူးလေ…”
“ဒီလိုဆိုမြန်မာနိုင်ငံ သဘင် အစည်းအရုံးကနေ အလွှာခွဲတခု အနေနဲ့ရော ခွဲထွက်လို့ မရဘူးလား”
“အန်တီဒေါ်မိမိခိုင်တို့ နဲ့အတူယမင်းကြိုးစားကြည့်ပြီးပါပြီ..မရပါဘူး..နောက်ပြီး..သတ်သတ်အပြင်မှာ အသင်းအဖွဲ့ လုပ်ဖို့ကလည်းသင်းဖွဲ့ စည်းမျဉ်းတခုနဲ့ သွားငြိတယ်။  မှတ်ပုံမတင်လို့  မရဘူး။ သဘင်အစည်းအရုံးက အဲဒီလိုလည်း မလုပ်စေချင်ဘူး။ ရုပ်သေး ဖောင်ဒေးရှင်းလိုမျိုး ထောင်ဖို့ စဉ်းစား ပြန်တော့လည်း ငွေအင်အားလည်း မရှိဘူး..”
“ဟင်းးးးးကြားရတာ..စိတ်မကောင်းလိုက်တာမယမင်းခင်ရယ်..ကျွန်တော်တတ်နိုင်တာဆိုရင်တော့ ကူညီပါရစေနော်”
“ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ်ဦးမင်းထင်လည်း ယမင်းကြောင့်  အလုပ်တွေပစ်ထားရတယ်နော်”
“မပစ်ထားရပါဘူး..ကျွန်တော့ဝန်ထမ်းတွေကတော်ပါတယ်..ကျွန်တော်က အပေါ်ယံကြည့်ပေးရုံလေးပါ… ”
“သြော်..ဒါနဲ့ များမန္တလေးမှာအမြဲနေရတယ်နော်..ရန်ကုန်ကိုမလွမ်းဘူးလား ”
“အင်း..ဘယ်လိုပြောရမလဲ..ဖေဖေနဲ့ မေမေကိုတော့သတိရပါတယ်..ဒါပေမယ့် နေ့ နေ့ ညညဖုန်း ဆက်စကားပြောနေတော့ဝေးနေ တယ်လို့ မခံစားရပါဘူး…ပြောရရင်..ခုကျွန်တော်မန္တလေးမှာပျော် လာပါပြီမယမင်းခင်. .မန္တလေးဟာကျွန်တော့်သံယောဇဉ်တွေကိုခြွေယူနေပါပြီ …”
လေးနက်စွာပြောရင်းစူးစူးနင့်နင့် စိုက်ကြည့်နေသောမင်းထင်၏မျက်လုံးအကြည့်ဒဏ်ကိုမခံနိုင်တော့ သည့်ယမင်းရုပ်လေးသည်ခေါင်းတွင်တွင်သာငုံ့ ထားပါလေတော့သည်။
Xxxxxxxxxxxxx
“မြန်မာ့ရုပ်သေးကိုစထွင်ခဲ့တာစဥ့်ကူးမင်းလက်ထက် ကသဘင်ဝန် ဦးသော်-လို့ လည်းပြောကြတယ်..
 နောက်ပြီး..“ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့် ပုဂံက”ဆိုပြီး ပုဂံမင်းလက်ထက်မှာ စတင်ပေါ်ပေါက်လာတာလို့ လည်း ဆိုကြတယ်..
 နောက်.. မြဝတီမင်းကြီး ဦးစ တီထွင်တာလို့ လည်းပြောပြန်ရော …ရွှေဘိုမင်းတရားကြီး က မြဝတီမင်းကြီး ကို အကျဉ်းချထားတဲ့အချိန်မှာ စိတ်ညစ်ပြီးပျင်းလာလို့ အဝတ်စုတ်လေးတွေကိုအရုပ် လုပ်ပြီး ကခိုင်းကြည့်ရင်းကရုပ်သေးဖြစ်လာတာတဲ့ လေ…”
မင်းထင်သည်ရုပ်သေးရုပ်သမိုင်းကိုတတွတ်တွတ်ရှင်းပြနေသည့်ယမင်းခင်ကိုငေးကြည့်ရင်းဝမ်းနည်း လာသည်။လွန်ခဲ့သည့်တစ်နာရီကမှ သူချစ်ခွင့်ပန်ခဲ့သည့်မိန်းကလေးတစ်ယောက်ဟာစိတ်လှုပ်ရှားမှုလုံးလုံး မရှိဘဲ ရုပ်သေးအကြောင်းပဲ အားတက်သရောပြောနေ သည်မှာ သူ့ အတွက်တော့ နာကျင်ခံခက်စရာပင်..။
သူမနက်ဖြန်ရန်ကုန်ပြန်ရပါမည်။မန္တလေးရောက်နေတာခြောက်လကျော်ပေမယ့်တစ်ခါက်မှရန်ကုန် မပြန်နိုင်ခြင်းမှာလည်း ယမင်းခင် ဆိုသောသံယောဇဉ်ကြိုးလေးကြောင့်ပင်..။ သို့ သော်..ထိုတွယ်တာမှုများသည်မင်းထင်၏တစ်ဖက်သတ်ခံစားချက်များသာဖြစ်ပြီးယမင်းခင် က လုံးဝအသိအမှတ်မပြုပါ..။မေမေကရန်ကုန်ကိုမဖြစ်မနေပြန်လာရမည်.. သူနှင့် သင့်တော်သည့်ချွေးမလောင်းတွေ့ ထားပြီ ဟုပြော လာပါ၏။ထို့ ကြောင့် မနက်ဖြန်ရန်ကုန်မပြန်ခင် ယမင်းခင်ဆီမှအဖြေတစ်ခုကိုလိုချင်သောကြောင့်  ယမင်းခင်ဆီအပြေးလာကာ ရင်ဖွင့် ပြောပြပေ မယ့်  ယမင်းခင်ကလုံးဝငြင်းလိုက်ပါသည်။
“ဘယ်လိုမှမဖြစ်နိုင်ပါဘူး..ဦးမင်းထင်နဲ့ ယမင်းတို့ ဘ၀တွေကတခြားစီပါ..ပိုက်ဆံချမ်းသာတာနဲ့  ဆင်းရဲတာသက်သက် ကိုချည်းပြောတာမဟုတ်ပါဘူး..လူ့ ဘ၀ရပ်တည်မှုချင်းလည်းမတူပါဘူး”
“မတူတာတွေကျွန်တော်ညှိမယ်လေ..ယမင်းကိုကျွန်တော်တစ်ကယ့်မေတ္တာစစ်နဲ့ ချစ်တာပါဗျာ”
“ယုံပါတယ်..ဦးမင်းထင်ရဲ့ စိတ်ကိုယမင်းခံစားနားလည်ပေးလို့ ရပါတယ်..ဒါပေမယ့် ယမင်းဘက် ကတော့လုံးဝဒီလိုခံစားမှုမရှိပါဘူး.. ဦးမင်းထင်မှမဟုတ်ပါဘူး..ဘယ်ယောင်္ကျားသားကိုမှ ယမင်းစိတ်မ၀င်စားပါဘူး..ယမင်းရဲ့ ဘ၀ဟာယမင်းရဲ့ အရုပ်လေးတွေပါ … ”
“ဟာ..ဒီလိုလည်းမဟုတ်ဘူးလေယမင်းရယ်..ရုပ်သေးရုပ်ကိုချစ်တာနဲ့ လူကိုမချစ်တော့ဘူးတဲ့ လား..”
“ဟုတ်တယ်..သူများတွေအမြင်မှာယမင်းကိုရူးနေတယ်လို့ ထင်ချင်ထင်လိမ့်မယ်။။ဒါပေမယ့် ယမင်းဘ၀ ကိုရုပ်သေးရုပ်လေးတွေကြားမှာ ပဲနှစ်ထားချင်ပါတယ်..ဦးမင်းထင်လည်းသိခဲ့သလိုပဲ …ဂျပန်အစိုးရက ဖိတ်ချင်တာတောင်တရားဝင်သွားခွင့် မရသေးတဲ့ ဘ၀.. တစ်ကမ္ဘာလုံးကသောင်းသောင်းဖျဖျ အားပေးနှစ်သက်နေပေ မယ့် ကမ္ဘာ့ရုပ်သေးအသင်းချုပ်ထဲမှာတောင်မ၀င်နိုင်သေးတဲ့ မြန်မာ့ ရုပ်သေးလော ကကြီးရဲ့ အခြေအနေကိုယမင်းမြှင့်တင်ချင်တယ်…မြန်မာပြည်မှာတခြားအလုပ်မလုပ်တတ်လို့  ထမင်းဝအောင်မစားရတဲ့  ရုပ်သေးအနုပညာရှင်တွေကိုကမ္ဘာတစ်လွှားကထိုက်တန်ကောင်းမွန်တဲ အနုပညာကြေးနဲ့ ဖိတ်လာအောင်ယမင်းလုပ်ချင်တယ်…”
“ဟင်း…အဲ့ ဒီလိုလုပ်ဖို့ မလွယ်လောက်သေးဘူးမှတ်လားယမင်းရယ်…ဒေါ်မိမိခိုင်တို့ လိုဝါရင့် ရုပ်သေး ပညာရှင်တွေတောင်ဒီလိုပဲ    နိုင်ငံခြားပုဂ္ဂလိကအဖွဲ့ တွေ ဖိတ်ကြားတဲ့ ပွဲလေးတွေပဲ သွားကနေကြတာပဲလေ”
“ဟုတ်တယ်..မလွယ်ဘူး..ယမင်းအိပ်မက်အတိုင်းဖြစ်လာဖို့ ဆိုတာခုကစပြီးဆယ်နှစ်ကြာချင် လည်းကြာမယ်. .နှစ်နှစ်ဆယ်ကြာချင်လည်းကြာမယ်..ဒါပေမယ့် ယမင်းလုပ်မယ်..ဒီိလိုလုပ်လို့  ရအောင်ယမင်းဘာအနှောင်အဖွဲ့ မှ မလိုချင်ဘူး..ယမင်းအိမ်ထောင်မပြုတော့ဘူးဦးမင်းထင်.. ယမင်းအရုပ်လေးတွေနဲ့ ပဲဒီတစ်သက်နေတော့ မယ်…”
သူခေါင်းငိုက်စိုက်ချကာလက်လျှော့လိုက်ရပါလေပြီ။
သူကတော့ယမင်းလိုဘ၀နှင့် ရင်းပြီးမက်ခဲ့သည့်အိပ်မက်များလည်းမရှိပါ..။သူ့ကိုချစ်သည့်မေမေ့စကားကို ဆန့် ကျင်ပြီးလက်မထပ်ဘဲ ယမင်းကိုတစ်သက်လုံးစောင့်ဖို့ လည်းမဖြစ်နိုင်ပါ..
သူ..အိမ်ထောင်ပြုရပါမည်။
ဖေဖေ အမွေပေးမည့်  လုပ်ငန်းတွေအားလုံးကိုလည်းသူလက်လွှဲဆက်ခံရပါဦးမည်။
တစ်ဦးတည်းသောသားဖြစ်သည့်သူ့ ရဲ့ မျိုးဆက်တွေလည်းမွေးဖွားရပါဦးမည်။
သူလုပ်ငန်းခွင်မှာကောင်းမွန်ကျန်းမာစွာအလုပ်လုပ်နိုင်ရန်သူ့ ကိုပြုစုပါရမီဖြည့်ပေးမည့်အိမ်ရှင်မ လိုအပ်ပါသည်။
ဘယ်တော့ဖြစ်လာမှန်းမသိသေးသည့်မြန်မာ့ရုပ်သေးကမ္ဘာမှာကျော်ကြားစေရန်…စိတ်နှလုံးသားနှစ်ထား သည့် ယမင်းခင်သည် သူစိတ်ကူးယဉ်ထားခဲ့ သလိုသူ့ ရဲ့ လက်တွဲဖော်ဖြစ်မလာနိုင်တော့ပါ..။ ယမင်းခင်ကြိုးဆွဲကပြခဲ့ သည့် အပျိုတော်သီချင်းလို.. ပန်းမွေ့ ယာရွှေကောဇောမှာသူနဲ့ အတူတူရောနှောထိုင်မယ့်သူသည် ယမင်းခင်မဟုတ်တော့ပေဘူးပဲ…။
ရင်ဘတ်ထဲမှနင့်သီးခါးသက်သောခံစားမှုကြီးပျောက်အောင်..သူတော်တော်ကြိုးစားယူရမှာပေါ့ ..။
မန္တလေးမှအလုပ်များကိုသူ့ လက်ထောက်မန်နေဂျာကောင်လေးကိုလွှဲခဲ့ ပြီးရန်ကုန်ကိုသူအပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။
“ဒါဆို..ကျွန်တော်သွားတော့မယ်..ယမင်းဖြစ်စေချင်သလို မြန်မာ့ရုပ်သေးပညာရပ်ပြန်လည် ဦးမော့နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်..ကျွန်တော်ကူညီနိုင်တာရှိရင်လည်းအချိန်မရွေးဆက် သွယ်ပါ..”
“ဟုတ်ကဲ့ ..ယမင်းကိုခုလိုနားလည်ပေးတာကျေးဇူးတင်ပါတယ်ဦးမင်းထင်”
xxx အတူလေးရယ်နှင့် ယှဉ်ကာပြိုင်..ယှဉ်ကာပြိုင်.. xxx
 ပန်းမွှေ့ ယာရွှေကောဇော…ရောနှောလို့ ထိုင် xxx
ကြာဖြူနွယ်
No comments:
Post a Comment