Saturday, November 16, 2013

“အဲလိဇဘတ်အေးမြ ”





“မကြီးစန္ဒာရေ… အ၀တ်လျှော်ဖို့ ရှိလား..”

ခြံတံခါးကိုကျွီကနဲမြည်အောင်တွန်းဖွင့် ဝင်လာရင်း မေးလိုက်သည့်အေးမြအသံကြောင့် 
နှင်းဆီပန်းအိုးလေးများကိုရွှေ့ နေရာမှစန္ဒာလှမ်းဖြေလိုက်သည်။

“ ရှိတယ်အေးမြရေ… ခြင်ထောင်တွေလျှော်မလို့ ..အတော်ပဲ ”

“ မကြီးစန္ဒာဒီပန်းအိုးလေးတွေ သယ်မလို့မှတ်လား..ဖယ်ဖယ် ကျွန်မသယ်လိုက်မယ်”

ပြောရင်းဆိုရင်း ဖျိုးဖျိုးဖျတ်ဖျတ်နှင့် အေးမြက ပန်းအိုးတွေရွှေ့ ပေးပါတော့သည်။စန္ဒာရွှေ့ လျှင်နာရီဝက်လောက်ကြာမည့် ပန်းအိုးများက ခြေသွက်လက်သွက်နှင့် အေးမြသယ်လိုက်တော့လည်းဆယ့်ငါးမိနစ်တောင်မကြာပေ..။

“ မြန်လိုက်တာဟယ်..ကျေးဇူးပဲ..အေးမြတို့ ကတော့အားသန်ပါ့ ..”

“ ဟီးးးးမကြီးကလည်းဗလချင်းလည်းယှဉ်ကြည့်ဦးလေ ”

ဟုတ်ပါရဲ့ … ပိန်ပိန်သွယ်သွယ်စန္ဒာ့ကိုယ်လုံးက ထွားကြိုင်းဖွံ့ ဖြိုးလှသောအေးမြ၏တစ်ဝက်မျှပင်မရှိပါ။

အရပ်မြင့်မြင့် ၊အသားမည်းမည်း ၊ နှာတံပိပိ နှင့် အေးမြမျက်နှာတွင်အမြဲတွေ့ ရသည်ကတော့ သွားဖြူဖြူလေးတွေပေါ်အောင်ပြုံးပြတတ် သည့် ခင်မင်ဖွယ်အပြုံးပင်..။စန္ဒာ့ထက် သုံးနှစ်ငယ်ပေမယ့် အသက်နှစ်ဆယ့်ငါး နှစ်ဟု မထင်ရလောက်အောင်အေးမြက ခန့် ထည်ကြံ့ ခိုင်နေရသည်ကတော့ လောကဓံ ကိုဖြတ်ကျော်နေရသောကြောင့်ဖြစ်ပါလိမ့်မည်။

“ ဒီနေ့ တော့ နင့်သားပါမလာပါလား.. ”

“သားလေးကျူရှင်တက်နေတယ်မကြီးရေ..ဒါကြောင့်ပါမလာတာ…”

“ ဟဲ့ ..တယ်ဟုတ်ပါလား..ဘယ်ကျူရှင်လဲ ”

“ဟိုး၂လမ်းထဲကဆရာမလေးသင်ပေးတာပါ.ကျူရှင်ဆိုပေမယ့် ပိုက်ဆံကမပေးလည်းရတယ်တဲ့ …
ဆရာမလေးအိမ်ကျွန်မအ၀တ်သွားလျှော်ရင်းစကားစပ်မိတာနဲ့  သားကိုသင်ပေးမယ်ဆိုလို့ မကြီးရေ”

“ဟုတ်လား..ကောင်းတာပေါ့ ..”

အေးမြကလူခင်အောင်ပေါင်းတတ်သည်။သူအ၀တ်လျှော်ဖူးသည့်အိမ်တိုင်းသူ့ကိုမခင်သည့်အိမ်မရှိပေ..။
အ၀တ်ပဲလျှော်ခိုင်းပေမယ့်ခြေသွက်လက်သွက်နှင့်  အိမ်ရှိအလုပ်များကို ကူလုပ်ပေးတတ်သည်။
အဓိက က အကျင့်စာရိတ္တလည်းကောင်းသည်မို့ အေးမြဆိုလျှင်အိမ်တိုင်းက ယုံကြသည်။

အမေနှင့်သမီး နှစ်ယောက်တည်းရှိသည့် စန္ဒာတို့ အိမ်တွင်လည်း စောင် ၊ခြင်ထောင်များလျှော်ချင်လျှင်အေးမြကိုသာ အားကိုးရသည်။နောက်ပြီး..အေးမြ ချက်ပေးသည့် သစ်တိုသီးငါးပိချက်လိုမျိုး ဖွယ်ဖွယ်ရာရာဟင်းလေးတွေ စားချင်သော အမေကတော့ အေးမြအ၀တ်လျှော်ပေးပြီးလျှင် မီးဖိုထဲခေါ်၊ အတူချက်ကြကာ နေ့ ခင်းစာကျွေးပြီးမှပြန်လွှတ်တတ်သည်။
အေးမြချက်သည့် ဟင်းကိုအမေကကြိုက်ပြီးအမေချက်သည့်ကြက်သားဆီပြန်လိုဝက်သားနှပ်လို ဟင်းမျိုးတွေနှင့် အေးမြ အ၀စားပါလေတော့သည်။

ထို့ ကြောင့် အေးမြက စန္ဒာတို့ အိမ်လာလျှင်သူ့ သားလေးကိုခေါ်လာစမြဲပင်…
ကိုယ်အစားကောင်းစားရသလိုသားသမီးကိုစားစေချင်သည့်အေးမြ၏မိခင်စိတ်ကိုနားလည်သည့်အမေကလည်း
အေးမြသားလေးခေါ်လာတာကိုမငြူစူပါ..အလှူတစ်ခုဟုပင်သဘောထားပါသည်။

အေးမြကအိမ်ထောင်ဆက်လည်းများ၏။
နှစ်ခုလပ်လား သုံးခုလပ်လားတောင်စန္ဒာမမှတ်မိတော့ပေ..။
စန္ဒာတို့ နှင့် စပြီးသိရသည့်အချိန်က တစ်ခုလပ်ပင်..့ သူ့ သားလေးသူငယ်တန်း တက်ခါစ..။ကလေးအဖေကသေသွားလို့ မဟုတ်ဘဲနောက်မိန်းမယူပြီးထွက်ပြေးသွားပါသတဲ့ …။
တောမှာရှိသည့်သူ့ မိဘနှစ်ပါးကလည်းဆုံးသွားပြီမို့ ရန်ကုန်မှာပဲဆက်နေသည်။

သူ့ အရင်ယောင်္ကျားကဂေါက်ကွင်းမှာကယ်ရီလုပ်သောကြောင့် နေခွင့်ရထားသည့်ဂေါက်ကွင်းဝင်းထဲ
ရှိသည့်အိမ်တန်းလေးမှာပဲဆက်နေကာ ကြုံရာအလုပ်တွေလုပ်ရင်းသားကိုကျောင်းရအောင်ထားသည့်အေးမြစိတ်ကို တော့ စန္ဒာချီးကျူးလေးစားသောကြောင့် ကလေးကျောင်းစားရိတ်အတွက်တတ်နိုင်သလောက်ထောက်ပံ့ ပေးပါသည်။

သို့ သော်စန္ဒာ ချီးကျူးလို့ မဆုံးခင် အေးမြက ယောင်္ကျားထပ်ယူ၏။ယူသည့်ယောင်္ကျားက မုဆိုးဖို ၊အိမ်မရှိယာမရှိ ၊ အေးမြနေသည့်တဲပေါ်တက်နေသည့်လူဆိုတော့ စန္ဒာတို့ သားအမိက ဂရုဏာဒေါသောနှင့် ဆူမိသည်။

“အေးမြရယ်…ညည်းကလည်း ယူမယ့်ယူ ကိုယ့်ကိုကောင်းကောင်းမွန်မွန်ထားမယ့်သူယူပါလားအေ့ ..
ဘယ့်နှယ်…ကိုယ့်တဲပေါ်လိုက်အိပ်မယ့်သူယူရလား ”

“အော်..ဒေါ်ကြီးရယ်..ကျွန်မလိုမိန်းမကိုဒီလိုလူမျိုးပဲယူမှာပေါ့ …
သူကအရက်သောက်တတ်တာကလွဲပြီးမဆိုးပါဘူး..ဆိုက္ကားနင်းပြီးရတာလည်းအကုန်အပ်တယ်တော့..
ကျမသားလေးကျောင်းစရိတ်မပူရတော့ဘူး..”

သူ့ အကြောင်းပြချက်နှင့်သူတော့ဟုတ်နေတာပါပဲ..
သည်လိုနှင့် အဆင်ပြေနေရင်း တစ်နေ့ ငိုကြီးချက်မနှင့် စန္ဒာတို့ အိမ်ရောက်လာပြန်၏။

“ ဟိုသေနာကိုတော့ကျွန်မ အိမ်ပေါ်ကမောင်းချလိုက်ပြီဒေါ်ကြီးရေ..”

“ဟဲ့ ..ဘာဖြစ်လို့လဲ..ညည်းပဲကောင်းတယ်ဆို..”

“အမလေး..ယူခါစပဲကောင်းတာလေ..ကြာတော့ဇာတိပေါ်လာတယ်…ရသမျှအရက်ချည်းဝယ်သောက်ပြီး ဆိုက္ကားနင်းတစ်လှည့်မနင်းတစ်လှည့်နဲ့ ..အဆိုးဆုံးက ကျွန်မသားကို အော်တာပဲ..”

“ဟယ်..ညည်းကလည်း ယူတာဖြင့် တစ်နှစ်တောင်မပြည့်သေးဘူး..တော်ရုံတန်ရုံဆိုသည်းခံမှပေါ့ ..
တစ်ခုလပ်ထပ်ဖြစ်ဦးမယ်..”

“အို..ကျွန်မသားကိုထိရင်တော့ကျွန်မမခံနိုင်ဘူး ..၊နေပစေ..ယောင်္ကျားမရှားပါဘူးဒေါ်ကြီးရယ်..
ဒင်းသွားလည်းနောက်တစ်ယောက်ပေါ့  ”

ဒေါနှင့် မောနှင့် ပြောလိုက်သောအေးမြကိုကြည့်ပြီးစန္ဒာတော်တော်ဖြုံသွား၏။
အမေကလည်းအေးမြပြန်သွားတော့စန္ဒာ့ကိုစကားနာထိုးပါတော့သည်။

“ အေးမြပြောသွားတာကြားလားဒေါ်စန္ဒာ”

“ဘာလဲအမေရဲ့ ..အရင်းမရှိအဖျားမရှိ ”

“မသိချင်ယောင်ဆောင်မနေပါနဲ့ ..အေးမြလိုမိန်းမကတောင်ယောင်္ကျားမရှားဘဲညည်းအတွက်
အိမ်ထောင်ပြုစရာယောင်္ကျားရှားနေတာလား”

ဟော..စလာပြန်ပါပြီ..အမေဟာ စန္ဒာအသက်အစိတ်ကျော်ပြီးချိန်မှစလို့ ဒီအိမ်ထောင်မပြုသည့်ကိစ္စကိုချည်းပြောဆို
တတ်သည်။ အဖေဆုံးသွားကတည်းက အိမ်မှာပဲစတိုးဆိုင်သဘောလေးဖွင့် ထားကာ အိမ်ပေါင်ခြံပေါင်လည်းလုပ်သောကြောင့် 
စန္ဒာတို့  သားအမိမှာ ငွေကြေးအတွက်မပူရပါ..။ခုထိဘယ်ယောင်္ကျားမှစိတ်တိုင်းမကျသောစန္ဒာကလည်းအမျိုးမျိုးတွေးတော
ပူပန်ရင်း..အပျိုကြီးဆိုသည့်ဘွဲ့ ထူးကြီးနှင့် ဖြစ်လာသည်ကိုအမေနည်းနည်းမှသဘောမကျပါ..။

“မိန်းကလေးဆိုတာ သီးချိန်တန်သီး ၊ ပွင့်ချိန်တန်ပွင့် ရတယ်…ဒီအသက်အရွယ်ထိရည်းစားမရှိဘူးတဲ့ .အံ့ ပါ့ တော်”

“အော်..အမေကတော့လုပ်ပြီ..သူများတွေကိုယ့်သမီးလေးအိမ်ထောင်ကျမှာစိုးလို့ လိုက်ချုပ်ချယ်နေတာပဲကြားဖူးတယ်..
အမေ့ ကျမှ အတင်းယောင်္ကျားပေးစားနေတယ်”

“အော်..အမေတို့ အိမ်မှာယောင်္ကျားသားမှမရှိတာအေ..ကောင်းကောင်းမွန်မွန်လေးတွေ့ ရင်လက်ခံ လိုက်ပါသမီးရယ်… အချိန်တန်အိမ်ထောင်ပြုတာမင်္ဂလာရှိပါတယ်..အမေမသေခင်ငါ့ သမီးလေးကိုတင့်တင့်တယ်တယ်လေးမြင်ချင်လို့ ပါ
…တော်ကြာတစ်ယောက်တည်းနေရင်း ဟိုလမ်းထိပ်ကမော်မော်လိုဖြစ်သွားမှာစိုးလို့ 

“အော်..အမေရယ်..ပြောရက်လိုက်တာ..သမီးကအဲ့ဒီလိုလုပ်ပါ့ မလား…သူနဲ့ တော့မနှိုင်းပါနဲ့ ”

အမေ့ကိုစိတ်လိုက်မာန်ပါပြောပြီးမှစန္ဒာလေသံကိုပြန်လျှော့ရသည်။

လမ်းထိပ်ကမော်မော်သည်ကုမ္မဏီကြီးတစ်ခုတွင် အတွင်းရေးမှူးလုပ်နေသူပင် …
အသက်ကစန္ဒာနှင့်မတိမ်းမယိမ်းပေမယ့်လှပကျော့ ရှင်းစွာနေတတ်သောကြောင့် ရှိရင်းစွဲအသက်ထက် နုပျိုအရွယ်တင်သူပါ..။
 ဈေးထဲတွင်အထည်ဆိုင်လေးရှိသောမော်မော်တို့ မိဘများကအသင့်အတင့်နေနိုင်စားနိုင်ပေမယ့်  မော်မော်ကရုံးသွားလျှင်သူဌေးသမီး
ရှုံးအောင်ဝတ်စားပြင်ဆင်တတ်သည်။မော်မော့်နားကပ်လိုက်လျှင် တန်ဖိုးကြီးရေမွှေးရနံ့ တစ်သင်းသင်း… မော်မော်သုံးသည့် မိတ်ကပ်တစ်ပုလင်းကသိန်းချီတန်…တစ်ကိုယ်လုံးပြင်ဆင်ခြယ်သထားသည့်တစ်နေ့ တာအသုံးအဆောင်ဖိုးများကပင် မော်မော်ရသည့်
လခထက်များနေ၏။

အစကတော့ ထိုသို့ သုံးစွဲနိုင်အောင် မော်မော်ဘာတွေလုပ်နေသည်ကိုမရိပ်မိပါ…။
ရုံးပိတ်ရက်များတွင်မော်မော်နှင့် သူ့ သူဌေးသွားနေကျ တိုက်ခန်းတွဲတွင်နေသောအမေ့ မိတ်ဆွေ ပြောပြမှ အကြောင်းစုံသိရပြီးစန္ဒာ့မှာမယုံနိုင်အောင်ပင်..။အမေကလည်းအံ သြသွားသည်။

“ဟုတ်ရဲ့ လား..ဒေါ်မိရယ်..တော်ကြာမဟုတ်ဘဲသူများအတင်းပြောမိလို့ ပြန်ကြားသွားရင် မကောင်းဘူး”

“ဟုတ်တာမှ..မော်မော်ကိုယ်တိုင်ကျွန်မကိုပြုံးပြနုတ်ဆက်တတ်သေးတာအမရဲ့ … သူ့ စိတ်ထဲမှာဒီလို နေတာအပြစ်ကြီးလို့ မထင်ထားပုံပါပဲ…သူ့ သူဌေးကလည်းသူ့ အိမ်ထောင်ရေးမထိခိုက်အောင်တော့
ကိစ္စပြတ်ရှင်းထားတာ…၊သူတို့ကတရားဝင် လက်ထပ်တဲ့ အထိတော့ အဖြစ်မခံကြဘူးလေ.. ပွဲပြီးမီးသေပေါ့ .. အခုကအရင်လိုမယားငယ်ခေတ်မဟုတ်တော့ဘူးအမရဲ့ …စပွန်ဆာခေတ်..ခုခေတ်မိန်းကလေးတွေကဒီလိုလုပ်တာ မဆန်းသလိုဖြစ်နေပြီလေ…ရတဲ့ လခကမဖြစ်စလောက်..အလှအပပစ္စည်းတွေက၀ယ်ချင်၊တကယ့်အကောင်းစားတွေ
ဝတ်ချင်.နဲ့ ဆိုတော့ စပွန်ဆာရှာကြတာပေါ့  ”

“ဘုရား..ဘုရား..အဲ့ လိုကြီးလားဟယ်… အပျိုဆိုတဲ့ ဂုဏ်ကိုတန်ဖိုးထားရမယ်ဆိုတာမသိလေရော့သလား…
ဘယ်လိုခေတ်ကြီးပါလိမ့်..မဖြစ်ပါဘူး..အိမ်ကသမီးလည်းမြန်မြန်ယောင်္ကျားအတည်တကျယူခိုင်းမှပါ ”

သည်လိုနှင့် ဘုန်းကြီးအမှူရွာပတ်ဆိုသလို..မော်မော့် အမှု  စန္ဒာ့ဆီလာပတ်ကာ အမေက ယောင်္ကျားပေးစားဖို့ စိုင်းပြင်းနေခြင်းပင်..။

“စန္ဒာရေ..ဟိုတစ်လောက လာလာလည်နေတဲ့ ရှေ့ နေလေးလည်း လုံးဝမလာတော့တာညည်းငြင်းလိုက်တာမှတ်လား ”


“အာ..အမေကလည်းသူနယ်ပြောင်းသွားလို့ ပါ..နောက်ပြီးသမီးသူ့ ကိုလုံးဝမကြိုက်ပါဘူး..စကားပြောရင်လေကြာရှည်ပြီး
မပြီးတော့ဘူး…သူနဲ့ ရရင်နားထဲဂွမ်းဆို့ ထားရမယ် ”

“ဒါဆို..အမေ့ကိုအားဆေးလာလာထိုးပေးတဲ့ ဆရာဝန်လေးရော..သဘောကောင်းပုံပါ..ကြည့်ရတာသမီးကိုစိတ်ဝင်စားနေပုံပဲ.. ”

“အမလေးအမေရယ်…သူ့ မှာ ဆရာဝန်ဆိုတဲ့ ဂုဏ်လေးပဲရှိတယ်..အသက်သုံးဆယ်သာပြောတာ နဖူးပြောင်ပြောင်နဲ့  ရုပ်ကအဖိုးအိုကျနေတာပဲ.. ဘယ်လိုမှခံစားလို့ မရဘူး ”

“အေးပါ..ညည်းခံစားလို့ ရမယ့်အချိန်က ဘိုးဘွားရိပ်သာရောက်မှထင်ပါရဲ့ ၊တကတည်း ရွေးမဆုံးတော့ဘူး..အေးမြနဲ့ ကွာပါ့  ”

အမေပြောလည်းပြောစရာပင်..စန္ဒာကရွေးမဆုံးဘဲရှိနေစဉ်မှာအေးမြနောက်ထပ်ယောင်္ကျားတစ်ယောက်ရသွားပြန်သည်။

သည်တစ်ခါတော့ ကောင်လေးကလူပျိုလေးပါ..သူ ဟင်းရွက်ရောင်းဖို့ သွားဝယ်နေကျဒညင်းကုန်းဈေးမှာကုန်ထမ်းသတဲ့ …
အရွယ်ကလည်းအေးမြထက်ငယ်သည်။အမေ့ ကို လင်မယားနှစ်ယောက်လာကန်တော့ကြတော့အေးမြမျက်နှာကပြုံးရွှင်တက်ကြွနေ၏။

“ဒေါ်ကြီးရေ..သူကသိပ်အေးတာ..တစ်နေ့ လုံးနေလို့ စကားငါးခွန်းတောင်ပြည့်အောင်ပြောတာမဟုတ်ဘူး..
ကုန်စိမ်းသည်သူ့ အမေကြီးကသဘောမတူဘူးဆိုလို့ ကျွန်မပဲသူ့ ကိုခေါ်လာတာ..ဂေါက်ကွင်းတဲမှာပဲဆက်နေကြမယ်.. ”

“အေးပါ..ခုလိုချစ်ချစ်ခင်ခင်မြင်ရတာဝမ်းသာပါတယ်..အေးမြကလည်းကိုယ့်ယောင်္ကျားအသက်ငယ်တယ်ဆိုပေမယ့် ရိုရိုသေသေ
ဆက်ဆံနော်..”

“ဟုတ်..ဒေါ်ကြီး..ကျွန်မသားနဲ့ လည်းသူက တော်တော်တည့်တယ်..ဒီတစ်ခါတော့ အဆင်ပြေပါပြီ..အဟီး”

အေးမြတိုြ့ပန်သွားတော့ အမေကပြောပါတော့သည်။

“ဘယ်သူတွေဘာပြောပြော..အေးမြကိုအမေတော့ သဘောကျတယ်..
သူ့ ရှိသမျှအားမာန်နဲ့ သူ့ သားလေးကိုရှာကျွေးနေတာ…ဒီကြားထဲအချစ်သစ်တွေကတစ်ယောက်ပြီးတစ်ယောက်..”

“ဟားးဟား..အမေပြောမှရယ်ရတယ်..ဒါဆိုအေးမြကသမီးထက်စွံတယ်ပေါ့ လေဟုတ်လား”

“ဟုတ်တယ်အေ့ …သူကအသားမည်းပေမယ့် ကိုယ်လုံးကိုယ်ပေါက်ကလည်းတောင့်တယ်၊
သွက်သွက်လက်လက်ချက်ချက်ချာချာနဲ့ဆိုတော့ဆွဲဆောင်မှုရှိတယ်ဆိုရမယ်...
သူ့ကြည့်ပြီး အမေတို့ ငယ်ငယ်ကခေတ်စားတဲ့ မင်းသမီး အဲလိဇဘတ်တေလာတောင်သတိရမိတယ် ”

“အော်..ယောင်္ကျားတွေအများကြီးယူတဲ့ခရမ်းရောင်မျက်လုံးပိုင်ရှင်မင်းသမီးကြီးလား..အမေ”

“ဟုတ်ပါ့ ..ကမ္ဘာမှာတော့ ဟိုးလေးတစ်ကြော်ပေါ့ …အဲ့ ဒီခေတ်တုန်းကအမေတို့ မှာသူ့ ကြည့်ပြီး အံ့ သြတာပေါ့ ..ဒီိမိန်းမလင်တွေအများကြီးယူတာမရှက်ဘူးလားမသိဘူး..ဆိုပြီးတော့လေ
အင်း..ခုအေးမြကိုကြည့်ပြီးတော့မှအမေ့အတွေးပြောင်းသွားတယ်”

“အယ်..ဘယ်လိုပြောင်းသွားတာလဲအမေ”

“အော်..လူဆိုတာကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလို့ …
ပတ်ဝန်းကျင်ဆိုတာအပေါ်ယံလောက်ပဲမြင်ပြီးအလွယ်လေးဝေဖန်ကဲ့ ရဲ့ ကြပေမယ့်ကိုယ့်ဘ၀ကိုယ်အသိဆုံးလေ..
ဘ၀မှာအဆင်ပြေအောင်ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာကာယကံရှင်ပဲဆုံးဖြတ်ရတာ..အေးမြလည်း သူ နဲ့ 
သူ့ သားလေးအတွက် အကောင်းဆုံးနည်းလမ်းတွေရွေးချယ်ပြီးဘ၀ကိုဖြတ်သန်းနေတယ်လို့ အမေထင်တာပဲ ”

“ဟုတ်ပါတယ်..ပြောမယ့်သာပြောတာအေးမြက အကျင့်စာရိတ္တလုံးဝမပျက်ဘူးအမေ”

“အင်း..အမေသူ့ ကိုခင်တာလည်းအဲဒါကြောင့်လေ…သမီးလည်းတွေ့ နေတာပဲ..အေးမြကခုထိသမ္မအာဇီဝနဲ့ ပဲ
ပင်ပင်ပန်းပန်းရှာစားတယ်..သူ နဲ့ သူ့ သားအတွက်အားကိုးရမယ်ထင်တဲ့အဖော်သူ့ဘာသာရွေးပြီး သတ်သတ်မှတ်မှတ်အိမ်ထောင်ပြုတယ်…မကောင်းတာတွေမလုပ်တာအမေချီးကျူးတယ်”

အမေပြောတာစန္ဒာလည်းထောက်ခံပါသည်။

အေးမြလို စားဝတ်နေရေးအတွက်ရိုးရိုးသားသားမရှာဘဲ..

အေးမြလိုပညာမတတ်တာမဟုတ်ဘဲ..

အေးမြလို အိမ်ထောင်တစ်ခုအတည်တကျမပြုဘဲ. ..

အေးမြလို သားလေးပညာရေးအတွက်မဟုတ်ဘဲ..

ကိုယ်ရှာသမျှနှင့်လောက်ငအောင်မသုံးဘဲ ၀င့် ကြွားပျော်ရွှင်ဖို့ အတွက် အိမ်ထောင်သည်လူချမ်းသာကြီးများထံမှာ
လူမသိသူမသိကိုယ့်အပျိုစင်ဘ၀ကိုတိတ်တိတ်လေးထိုးအပ်နေသည့် မော်မော့် လို ပညာတတ်မိန်းကလေးတွေ
မြန်မာပြည်ကြီးမှာဘာလို့ များသည်လောက်များလာတာပါလိမ့် ..။


မိသားစုအတွက်မဟုတ်ဘဲတစ်ကိုယ်စာသာယာပျော်ရွှင်ဖို့ ကိုယ့်ဘ၀ကိုယ်နှစ်နေသောအပျိုဟုလူသိရှင်ကြားခေါင်းစဉ်
တပ်ထားသည့် မိန်းကလေးများကို မြင်ရတိုင်း စန္ဒာကတော့ အဲလိဇဘက်အေးမြကိုသာသတိရနေမိပါလေတော့သည်။




ကြာဖြူနွယ်

No comments:

Post a Comment