Thursday, November 14, 2013
“ တစ်ဝက်သော..ရေ”
( ၁ )
xxx မြို့ ထဲလမ်းမပေါ် ကားရောင်စုံများစွာ xxx တစ်စီးမှ ကိုယ်မပိုင်ပါ xxx
xxx အိမ်ခန်းပေါင်းများစွာလည်း xxx မြို့ လယ်မှာရှိတာ xx တစ်ခန်းမှကိုယ်မပိုင်ပါ xxx
“ ကဲဟယ်…. ဒေါက်
ကားကြပ်လို့ မောလာရတဲ့ အထဲ ဒီသီချင်းလာဆိုနေတယ် ”
“အား..နာလိုက်တာ…မမကလဲဗျာ…သီချင်းကိုသီချင်းလိုခံစားစမ်းပါ ”
“ မခံစားနိုင်ဘူး…နောက်ဆိုငါ့ရှေ့ မှာအဲ့ ဒီသီချင်းလာမဆိုနဲ့ …စိတ်တိုတယ် ”
သြော်…ဒီကလေးတွေနှယ်…
ညစာအတွက်လုံလောက်ရန်..လက်ကျန်ပဲဟင်းထဲ ရေနွေး ၊ ဆားနဲ့ အချိုမှုန့် ထည့်ပြီး မီးဖိုပေါ်မှာပြန်တည်နေသည့်  ဒေါ်ခင်ခင်တစ်ယောက်  သားနှင့် သမီးအသံတွေကြောင့် အိမ်ရှေ့ ထွက်ခဲ့ရပါသည်။
“ဒီမောင်နှမတွေ…ဘာမဟုတ်တာနဲ့ ဆူညံဆူညံလုပ်နေတယ်...ရေမြန်မြန်ချိုးကြ..ထမင်းစားမယ်
ထိုင်နေတဲ့ အဖေကလည်း ဘာမှမပြောဘဲဒီအတိုင်းကြည့်နေတယ် ”
“ ဟိုက်..ငါ့ ဖက်လှည့် လာပြန်ပေါ့ …ဒီနေ့ တွတ်ပီကံမကောင်းပါလား”
“ တွေ့ လား…ပြောတာကိုက ကလေးတွေ ကြောက်ချင်စရာ”
“ဟားဟား..မိန်းမရာ…ဒေါသတွေလျှော့လိုက်ပါ…မင်းရဲ့ သမီးကိုကအကဲဆတ်နေတာပါကွာ ၊
ဒီကောင်မလေးဟာ ဒိုင်ယာနာသေလို့ များဝင်စားသလားပဲ..ငါတို့ အိမ် မရောက်ဘဲ..အင်္ဂလန်ကနန်းတော်ထဲမှာ
လူသွားဖြစ်ရမှာ…”
“ ဟုတ်ပါ့ ဖေဖေရာ၊မမကသိပ်ကြီးကျယ်တာပဲ…ပြောလိုက်ရင် စကားလုံးတွေကလည်းမိုးပေါ်ကမဆင်းတော့ဘူး၊
ကိုယ်ပိုင်ကား နဲ့ ကွန်ဒိုတိုက်ခန်းနဲ့နေချင်တာဆိုတော့ သားသီချင်းက အရှိုက်ထိသွားတာ..ဟာဟ”
“ဟဲ့ .. ကိုယ့်အမကိုဒီလိုမပြောရဘူး ..တော်တော့ ”
သားငယ်ကို ပြောလိုက်ပေမယ့်  ကိုယ့်သမီးကြီးကျယ်တာတော့ဒေါ်ခင်ခင်လည်းအသိပါ..။
ထမင်းဝိုင်းရောက်ပြန်တော့လည်း ….
“မေမေ့ ပဲဟင်းကထမင်းချိုင့်ထည့်သွားတုန်းကလိုလည်းမဟုတ်ဘူး.. ကျဲတောက်တောက်နဲ့ …
မြင်းခွာရွက်သုပ်ကပုဇွန်ခြောက်လည်းမပါဘူး..နဒီတို့ အိမ်ကသုတ်တာလောက်စားမကောင်းဘူး”
“ဟာ..မမကလည်း ညနေစောင်းပဲများများစားရင်လေပွမှာစိုးလို့ မေမေကရေရောပေးထားတာ..
မြင်းခွာရွက်သုတ်ကလည်းကုသိုလ်ရအောင်ပုဇွန်ခြောက်မထည့်ဘဲသက်သက်လွတ်သုတ်ထားတာ
… နော့မေမေရာ….သားတော့မြိန်မှမြိန်  ”
ပြုံးရွှင်စွာပြောရင်းထမင်းနောက်တစ်ပန်းကန်ထပ်ထည့်နေသည့်မောင်ငယ်ကိုမျက်စောင်းထိုးပြီး
ထမင်းဝိုင်းမှသမီးငယ်ထသွားပါသည်။
အင်း..ဒီကောင်မလေးဟာအကောင်းကြိုက်၊ဟင်းကြေးများတတ်သူမို့ ဒီနေ့ ထမင်းမြိန်ပုံမပေါ်ပေ…
ဒေါ်ခင်ခင် စိတ်မကောင်းပေမယ့်  သူကြိုက်တဲ့ ပုဇွန်ထုပ်ဟင်းကိုလည်း နေ့ တိုင်းချက်မကျွေးနိုင်ပါ…။
သည်အိမ်မှာ စက်ရုံမန်နေဂျာ ခင်ပွန်းသည် ၏၀င်ငွေ နှင့် ဒေါ်ခင်ခင် ၏အထက်တန်းပြဆရာမ၀င်ငွေသာရှိပါသည်။
သမီးက အဝေးသင်တက်ရင်း အရောင်းစာရေးလုပ်နေပေမယ့်သူ့ လခနှင့် သူ့ အသုံးစရိတ်တောင်မလောက်ပေ…။
ဒီနှစ်ဆယ်တန်းတက်နေသည့်သားလေးအတွက်ကုန်ကျစရိတ်များကိုဦးစားပေးနေရသောကြောင့် 
အရင်ထက်ခြိုးခြံစားနေရခြင်းပင်…။ဒါကို…ကျန်တဲ့သူတွေနားလည်ပေမယ့် သမီးကနားမလည်ပေ….
 သားဦးမို့ ဖူးဖူးမှုတ်ချစ်ခင်အလိုလိုက်ခဲ့မိသောသမီးကခုတော့ အကောင်းကြိုက်၊အမြင့် မှန်းတတ်နေပါပေါ့ လား…ဟုတွေးကာ
ဒေါ်ခင်ခင် ရင်လေးမိပါလေပြီ။
Xxxxxxxxxxxxxx
( ၂ )
“မမရေ…မမကြိုက်တဲ့ သီချင်းဆိုနေပြီ..လာကြည့်လေ… ”
သားငယ်က TV ရှေ့ မှ အော်ခေါ်နေပေမယ့် သမီးကအိပ်ခန်းထဲမှထွက်မလာပေ…စိတ်ကောက်နေတာပဲနေမှာပေါ့ ..
ဒီနေ့ အမျိုးသားပြဇာတ်ရုံမှာ သမီးသိပ်ကြိုက်သော နာမည်ကြီးအဆိုတော်တစ်ယောက်၏ Live Show ရှိပါသည်။ထိုပွဲ ကိုသွားချင်လို့ လက်မှတ်ဝယ်ပေးဖို့ ပူဆာတာမရဘဲ အိမ်မှာ MRTV4 မှတိုက်ရိုက်လွှင့် ပေးနေသော Live Show ပဲကြည့်ရန်ပြောသောမအေ ကိုမကျေနပ်ဘဲကောက်နေခြင်းပင်…
ပညာရေးနှင့်ပတ်သက်တာ ၊ ကျန်းမာရေးနှင့်ဆိုင်တာ ..များအတွက် ကုန်ကျမည့်ငွေကိုသာဦးစားပေးနေရသည့်
အချိန်တွင် သမီးပူဆာသည့်  တန်ဖိုးကြီးလက်မှတ်ကို ဒေါ်ခင်ခင်ဝယ်မပေးနိုင်ပါ…
“နဒီတို့ အမေများ ဘယ်Live Show ဆိုလည်းသွားကြည့်ဆိုပြီး လွှတ်တာပဲ…သမီးမှာတစ်ခါမှအဲ့လိုမကြည့်ဖူးဘူး ၊ ဒီတစ်ခေါက်ကတော့သွားချင်လွန်းလို့ ပြောရတာ”
“အေးလေ…သမီးကဒီအဆိုတော် သီချင်းဆိုတာကြည့်ချင်တာမှတ်လား..ခုလည်း MRTV 4က တိုက်ရိုက်လွှင့် ပေးမယ်ပြောတာပဲ…ကြည့်ပေါ့  ”
“အိုးးးးဖီလင်ချင်းဘယ်တူပါ့မလဲ ၊ ဟိုမှာသူငယ်ချင်းတွေနဲ့ အတူတူကြည့်မလို့ ပါဆို
ဒီလိုပဲ..ဘာပွဲလုပ်လုပ် အမြဲတမ်းသမီးပဲကျန်ကျန်နေခဲ့တယ်…နေရတာလူဖြစ်ရှုံးလိုက်တာ”
“တော်စမ်း…နင်ကငါတို့ အိမ်မှာနေရတာလူဖြစ်ရှုံးတယ်ဟုတ်လား…
နင့် ကို ပညာတွေသင်ပေးပြီး ခုလိုအလုပ်ရတဲ့ အထိ ငါတို့ ရှာဖွေကျွေးမွေးခဲ့တာပဲ ၊
ဒီ Live Show လေးမကြည့်ရတာနဲ့ မိဘကိုစော်ကားနေတာလား..သွားစမ်း..ဆက်ပြောရင်နင့် ကိုငါလုပ်မိလိမ့်မယ်”
သမီးက ဒေါ်ခင်ခင် ကို နာကျင်သောမျက်လုံးများနှင့် ကြည့်ကာချာကနဲ အိပ်ခန်းထဲဝင်သွားခဲ့ သည်မှာ
ခု Live Show လာသည့်အထိပင်…ဒေါ်ခင်ခင် လည်း ဒေါသနှင့် သမီးကိုပြောပြီးမှစိတ်တော့မကောင်းပေ..ဒါပေမယ့် အချိန်ကြာလေ.. သမီးအနေနဲ့ ကိုယ့်ဘ၀ကိုယ်မကျေနပ်စိတ်တွေစွဲသွားမှာလည်း မလိုလားပါ။
 ကျောင်းပြီးခါစတုန်းကလည်း သူ့ သူငယ်ချင်းက နိုင်ငံခြားကျောင်းဝင်ခွင့် တစ် ခုထပ်ဖြေတာကြည့်ပြီး သူမဖြေရတာ
ဝမ်းနည်းနေ၏။ လုပ်ငန်းရှင်ကြီး၏တစ်ဦးတည်းသောသမီးဖြစ်သည့်သူ့ သူငယ်ချင်း နှင့် တန်းတူလိုက်ယှဉ်ကာ ခံစားအားငယ်နေသည့်သမီးစိတ်ကို ဒေါ်ခင်ခင်ပြုပြင်မှရပါတော့မည်။
ထို့ ကြောင့် ခင်ပွန်းသည်ကိုတိုင်ပင်ရပါတော့သည်။
“ခင်တို့ ပြောပြမှဖြစ်တော့မယ်ကိုမောင်..နို့ မို့ ဆို သမီးလေးကပိုဆိုးလာလိမ့်မယ်.. ကိုယ့်ဘ၀ကိုယ်မကျေနပ်နိုင်တဲ့ 
မိန်းကလေးတွေဟာ ဒီခေတ်ကြီးမှာသိပ်အန္တရယ်ကြီးတာ ကိုမောင်လည်းသိသားနဲ့ ”
“အင်း..မင်းသဘောပါပဲကွာ …ငါက ကလေးတွေ သိလည်းဘာမှမထူးပါဘူးဆိုပြီးမပြောခဲ့တာပါ..
ပြောပြရလည်းမရှက်ပါဘူး..ဟုတ်ပြီလား ၊ မင်းကောင်းသလိုလုပ်ကွာ…မင်းနဲ့ ငါ ဟာဘ၀တိုက်ပွဲအတူဝင်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပဲလေ..”
အေးဆေးတည်ငြိမ်စွာပြောနေသောခင်ပွန်းသည်အား ဒေါ်ခင်ခင်သည် လေးစားချစ်ခင်စိတ်ဖြင့် ငေးကြည့်နေမိပါသည်။
Xxxxxxxxxx
( ၃ )
“ဟယ်…မေမေ့ အသိတွေကဒီအိမ်ရာမှာနေတာလား…အိမ်လေးတွေကလည်းလှပြီးဆိတ်ငြိမ်နေတာပဲ..ကောင်းလိုက်တာ..
အမြဲဆူညံနေတဲ့ သမီးတို့ ရပ်ကွက်နဲ့ တစ်ခြားစီပဲ”
“ဟာဗျာ..သားတို့ ရပ်ကွက်ကမှ စည်းစည်းလုံးလုံးနဲ့ ပျော်ဖို့ ကောင်းတာ..ဒီလိုနေရာမှာ ကိုယ့်အိမ်ထဲဝင်သတ်သွားရင်တောင်သိလိုက်မှာမဟုတ်ဘူး ”
“ အောင်မယ်…ဒါဆို..တကယ်လို့ ဒီမှာပြောင်းနေရရင်နင်လိုက်မနေဘူးလား”
“ အာ..တကယ်ဝယ်နိုင်ပြီဆိုရင်တော့လိုက်နေမှာပေါ့ …ဟီး ”
“ဒါများ..မနေချင်သလိုလိုနဲ့ ..ဟွန်း ”
“အော်..မမကလည်း.. ကိုယ် လက်လှမ်းမမီတဲ့ အရာတွေကိုလိုချင်နေရင် လောဘတွေနဲ့ ပူလောင်တာပေါ့ ဗျာ..ရောင့်ရဲတတ်မှချမ်းသာတဲ့ ..
ဘုန်းဘုန်းဟောထားတယ်လေ”
၁၅ နှစ်သားမောင်ငယ်က၁၈နှစ်ကျော်အမကို ဆရာလုပ်နေတာနားထောင်ရင်းဒေါ်ခင်ခင် ပြုံးမိသည်။
သားလေးဟာ ကိုမောင် ငယ်ငယ်ကနဲ့ တစ်ထေရာတည်းပါပဲလား..လို့ တွေးရင်းဘာတွေဖြစ်ဖြစ်မမှုဘဲ နင်လားဟဲ့ လောကဓံ ဆိုပြီးစိန်ခေါ်နေသည့်ဆံပင်နီကြောင်ကြောင်နှင့် ပိန်လှီလှီကောင်လေးတယောက်ကိုဒေါ်ခင်ခင်မျက်ဝန်းထဲမှာ မြင်ယောင်လာမိသည်။
“မေမေ..မောလာပြီ ၊ မရောက်သေးဘူးလား..”
“ဟုတ်ပါ့ ..သားရေတောင်ဆာလာပြီမေမေရာ..အိမ်ရာတွေကဒီမှာဆုံးပြီလေ..
ဘာလို့ ဆက်သွားနေတာလဲ ”
သမီးနှင့် သားမေးသည်ကိုဘာမှမဖြေဘဲ ဒေါ်ခင်ခင်ဆက်လျှောက်နေသည်မို့ သူတို့ လည်းဇေ၀၀ါနှင့် နောက်မှလိုက်လာရပါသည်။
လှပသောအိမ်ရာများအလွန် လမ်းနီလေးဘက်ချိုးကွေ့ ကာ ဆယ်မိနစ်လောက်ဆက်လျှောက်သောအခါကန်စွန်းခင်းတွေပြည့်နေသောရေအိုင်ကြီးနားရောက်လာပါသည်။
ရေအိုင်ဘေးပတ်လည်မှာတော့ အိမ် မပြောနှင့် တဲ ဟုပင် ဘယ်လိုမှမခေါ်သာသော ယိုင်နဲ့ စုတ်ပြတ်သော တဲအိမ်သေးသေးလေးတွေအများပင်…။
မိုးထားသောသက်ကယ်များကကျိုးတိုးကျဲတဲ နှင့် ရွဲ့ စောင်းစောင်း… ထရံစုတ်များ မလုံမခြုံကာထားပြီး အခန်းရယ်လို့ မရှိဘဲ အိပ်လည်းဒီနေရာ ၊စားလည်းဒီနေ ရာလုပ်နေရသောတဲအတွင်းမှာ…စောင်စုတ်များ ၊ အိုးခွက်ပန်းကန်များက ဗြုတ်စဗြင်းတောင်း…
 တဲအိမ်တိုင်းမှာ တူညီတာက တံခါးရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘဲ ဂုန်လျှော်အိတ်ကို ကြိုးနှင့် ဆွဲပြီး
ကာထားသည့်တဲ ကကာထားပြီး တချို့ တဲလေးတွေကတော့ အပေါက်ဟောင်းလောင်းနှင့် ပါ…
ထိုတဲလေးများရှေ့ တွင်..ဆော့ကစားနေသည့်ညစ်ပတ်ပေတူးသောကလေးများကိုမြင်ရတော့သမီးကနှာခေါင်းရှုံ့ ပါသည်။
“ဗွက်ပုပ်စော်ကလည်းနံလိုက်တာ..မေမေ ဒါလူတွေနေတဲ့ အိမ်လား”
“အေးပေါ့ ..ဒီတဲလေးမှာ မေမေတို့ သမီးတို့ လိုပဲပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ လူတွေနေတာပဲလေ..”
“အမလေး..သမီးသာဆို အမြဲနေဖို့ မပြောနဲ့ …တစ်ညလောက်သာအိပ်ရရင်သေမှာပဲ”
သမီးမကြီးကျယ်ပြောတာကိုနားထောင်ရင်း ဒေါ်ခင်ခင်ပြုံးလိုက်မိသည်။
“ကဲ..ဒါဆို မေမေမေးမယ်..ဒီတဲလေးထဲကလူတွေနဲ့ မေမေတို့ ဘယ်သူသာလဲ”
“ဟုတ်လား…သမီးဒီလိုပဲထင်လား…သားကရော”
“သားလည်းမမလိုပဲထင်ပါတယ်မေမေ…”
“အေး..ဟုတ်ပြီ..လာမေ့မေ့ နောက်လိုက်ခဲ့ ”
ဒေါ်ခင်ခင်က ကန်စွန်းအိုင်လေးအဆုံးနားထိလျှောက်သွားကာ ယိုင်နဲ့ နဲ့ တဲလေးတလုံးရှေ့ ရပ်ရင်းလှမ်းခေါ်လိုက်သည်။
“ မိဂျမ်း ရှိလား..မိဂျမ်းရေ ”
တဲထဲမှ ထဘီရင်လျှားနှင့် ခပ်၀၀မိန်းမကြီးတယောက်ထွက်လာပါ၏။ဆံပင်စုတ်တိစုတ်ဖွား ၊မျက်နှာအဆီတ၀င်းဝင်း နှင့်  မည်းညစ်ညစ် မိန်းမကြီးကမေမေ့ ကို သေချာကြည့်ပြီးမှ…
“ဟယ်..ဘုမ …မတွေ့ ရတာကြာပေါ့ ..နင်ဒီထိဘာလာလုပ်တာလဲ..ခိုင်းချင်တာရှိရင် လူကြုံနဲ့ မှာလိုက်ပေါ့ ”
“ရတယ်..ငါ့ ကလေးတွေကိုတမင်ခေါ်လာတာ”
“ဟယ်..ဒါနင့် ကလေးတွေလား..ချောလိုက်ကြတာ..သားလေးကကြွက်နီငယ်ငယ်ကနဲ့ တူပါ့ ..
နင့် သားအသက်ဘယ်လောက်လဲ..ဘယ်နှတန်းလဲ… ”
“ ၁၅နှစ်လေ..ဆယ်တန်း”
“ဟုတ်လား..ဆိုက်ကားနင်းနေတဲ့ ငါ့သားထက်၃နှစ်ငယ်တာပဲ..”
ဒေါ်ခင်ခင်တို့ ပြောသမျှ ကို နားမလည်ခြင်းများစွာဖြင့် သားနှင့်သမီးကငေးကာနားထောင်နေပါသည်။
ခနနေတော့ နုတ်ဆက်ကာပြန်လာကြတော့လမ်းမှာ သားနှင့် သမီးကအလုအယက်မေးပါတော့သည်။
“မေမေ..ခုနအဒေါ်ကြီးနဲ့ ဘယ်လိုသိတာလဲ..မေမေ့ ကိုခေါ်တာလည်းဘုမတဲ့ ”
“အေးလေ..ဖေ့ဖေ့ကိုလည်းဘာတဲ့ ..ကြွက်နီဆိုလား..ဘာတွေလဲပဲ”
“ ဘာတွေလဲဆိုတော့ အဲဒါဖေဖေနဲ့ မေမေတို့ ငယ်နာမည်တွေလေ.”.
“ဟင်..တကယ်လား”
“တကယ်ပေါ့ သမီးရယ်…သမီးနဲ့သားကို မပြောပြရသေးတဲ့ ဖေဖေနဲ့ မေမေ့ ငယ်ဘ၀မှာ…
ဘုမနဲ့ ကြွက်နီ ဟာ ဒီကန်စွန်းခင်းဘေးကတဲလေးမှာ ကြီးပျင်းခဲ့တာပေါ့ ကွယ်…”
................
( ၄ )
“ဒီကောင်..အမှတ်ကိုမရှိဘူး.. ကဲကွာ…ကျောင်းနေချင်တယ်လို့ ပြောဦး
ဖြန်း…”
“အို.. ကျုပ်သားလေးကိုမလုပ်ပါနဲ့ …ရှင့် ကြောင့် သားလေးကျောင်းမနေရတာ
ဒီအရည်တွေချည်းသောက်နေတာကိုး”
“ဟာ..မင်းကတစ်မှောင့်  ..ငါ တစ်နေ့ လုံးကမ်းနားမှာကုန်ထမ်းခဲ့ ရတာဘယ်လောက်ပင်ပန်းတယ်မှတ်လဲ..
ဒီလိုသောက်ရမှ မနက်ဖြန် အလုပ်ပြန်ဆင်းနိုင်မှာ ၊ငါအလုပ်ဆင်းမှမင်းတို့ ထမင်းစားရမှာကွ”
“အို..ရှင့် လုပ်စာတစ်ပဲခြောက်ပြားကိုများစကားလုပ်ပြောနေတယ်…ကျုပ်တို့ သားအမိကန်စွန်းရွက်လည်ရောင်းနေလို့..
မဟုတ်ရင်ငတ်တစ်လှည့်ပြတ်တစ်လှည့်နေနေရတာ”
“တယ်..ဒီမိန်းမ..လူပါးဝလို့ ၊ငါရိုက်မိတော့မယ် ”
“အမယ်ရိုက်ရဲရိုက်ကြည့်…ကျုပ်ကိုများဘာထင်လဲ”
အဖေနဲ့ အမေတို့ ရန်ပွဲကပြင်းထန်လာသဖြင့် ကြွက်နီတဲပေါ်မှအသာဆင်းကာလမ်းမပေါ်ထွက်ခဲ့သည်။ရင်ထဲမှာလည်းမွန်းကြပ်ကာအော်ငို
ချင်နေ၏။သူကျောင်းနေချင်တယ်လို့ ပြောလိုက်တာနှင့် ဒီလိုဖြစ်သွားရသည်ချည်းပင်။သူ့ အသက်၈ နှစ်ရှိပါပြီ။ သူ နှင့် ခင်နေသည့် ဦးဇင်းပြောတာ အသက်ငါးနှစ်ဆိုရင် ကျောင်းနေလို့ ရသတဲ့ …ဟုတ်မှာပါ..သူသွားသွားချောင်းကြည့်တတ်သည့်  မူလတန်းကျောင်းလေးထဲမှ အဖြူအစိမ်းဝတ်စုံဝတ်ထားသော ကျောင်းသားလေးတွေဟာ သူ့ ထက်တောင်ငယ်နေပါ၏။
သူတို့ ကျတော့ ကျောင်းတက် ပြီးအချိန်တန် အိမ်ပြန်…မိဘချက်ကျွေးတာစားပြီးစာကျက်ရုံပင်..
ထိုကျောင်းဝင်းထဲမှ စာ ကျက်သံများကြားလျှင် ရပ်နားထောင်ရင်း သူလည်းအဲ့ လိုမျိုးနေချင်လာသည်။
သူ့ စိတ်ကူးတွေကိုပြောပြတော့ သူငယ်ချင်းတွေက၀ိုင်းဟားသည်။
“ကြွက်နီရာ…ကျောင်းမတက်ရတော့ ဘာဖြစ်လဲ..ငါတို့ လည်းခုပျော်နေရတာပဲ...
ကျောင်းမှာဆို စာတွေလည်းကျက်ရ၊ဆရာမဆူတာခံရ နဲ့ …ခု ငါတို့ ကန်စွန်းရွက်ခူးရောင်းတော့ အိမ်ကိုလည်း ပိုက်ဆံပေးနိုင်တယ်…ငါတို့ လျှောက်ဆော့လို့ လဲရတယ်”
“အေးလေကွာ…မင်းကလဲ..ငါ့အဖေလည်းကျောင်းမနေခဲ့ဘူး..ဒီလိုပဲရှာစားနေတာပဲ”
“ကဲ..အခုဟိုဘက်လမ်းက အိုင်ထဲမှာငါးသွားပက်မလို့ ဘယ်သူလိုက်မလဲ…”
“ဝေးးပျော်စရာကြီး.ငါတို့ လိုက်မှာပေါ့ ကွ..ကြွက်နီလာ..သွားမယ်”
“ငါမလိုက်ချင်ဘူး..သူများအသက်သတ်တာငရဲကြီးတယ်တဲ့ ..ဦးဇင်းပြောထားတယ်”
“ဒါဆိုလည်းနေ ခဲ့ ကွာ…မင်းကိုအဲ့ ဒါကြောင့် မင်းအဖေရိုက်တာ..ငါတို့ငါးတွေရလာရင် တစ်အိမ်လုံးဟင်းကောင်းစားရမယ့်ဟာ …ဟေ့ကောင်တွေ…သွားကြမယ်…”
ပျော်ရွှင်မြူးတူးစွာဖြင့် သူ့ သူငယ်ချင်းတွေထွက်သွားပြီးသည်အထိ ကြွက်နီ ထိုနေရာမှာပဲရပ်ကာ ငိုင်တွေနေမိသည်။
သူ့ သူငယ်ချင်းတွေလို သူ ဘာလို့ မပျော်တာပါလိမ့် …
သူတို့ တဲတန်းလေးမှလူများဟာ ကြုံရာကျပန်း လုပ်စားကြ ၊မူးကြ၊ပျော်ကြနှင့် နေကြသူများပင်..
ဘယ်မိဘမှသားသမီးကို  စာသင်ပေးဖို့ သတိမရပါ…၊ဒီလိုပဲ နေထိုင်ရင်း ကြီးလာတော့ အဖေအမေလုပ်တာကူလုပ်ပေးရသူချည်းပင်….။ဘယ်သူမှလည်းကျောင်းတက်ဖို့ မပူဆာကြပါ။
တဲလေးတွေမှာနေသည့် ကလေးအားလုံးမတက်ချင်တဲ့ ကျောင်းကိုမှသူတက်ချင်နေမိတာ အပြစ်လား..
“ဟဲ့ ..ကြွက်နီ ..ဘာလုပ်နေတာလဲဟဲ့ ၊ နင်ငါးမျှားလိုက်မသွားဘူးလား”
နောက်ဖက်မှ မေးသံကြောင့် သူလှည့်ကြည့်လိုက်တော့ဘုမ..ပါလား..မျက်နှာကလည်းငိုထားပုံပင်
“အေး..ငါမလိုက်ချင်လို့ ..နင်ရောဘာဖြစ်လာပြန်တာလဲ..နင့် မိထွေးရိုက်လိုက်ပြန်ပြီလား”
“ဟုတ်တယ်…ငါ့ ကို မနက်ဖြန် သူနဲ့ အတူခေါ်သွားပြီးငါးဗန်းရွက်ခိုင်းမလို့ တဲ့..ငါကမလုပ်ချင်ဘူး
ပြောမိလို့ …ကြီးကျယ်တယ်ဆိုပြီးရိုက်တာ”
“ဒါဆို..နင်ကဘာလုပ်ချင်တာလဲ”
“ငါလား..ငါ..ကျောင်းနေချင်တာ”
“ဟာ..ဘုမ..ငါလည်းကျောင်းနေချင်တယ်…ငါတို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ”
“မသိဘူး…ငါ့ ကို ဘယ်သူမှကျောင်းထားပေးမှာမဟုတ်ဘူး.ငါတို့ ဘ၀တွေကဆိုးပါတယ်”
“အေးဟာ..လာ ..ငါ့ဦးဇင်းကျောင်းသွားရအောင်..ဦးဇင်းပြောတာတွေနားထောင်ရတာငါသိပ်သဘောကျတာပဲ…”
“ဟုတ်လား..ဘယ်နားမှာလဲ”
“နည်းနည်းတော့ဝေးတယ်..ငါဖြတ်လမ်းသိတယ်ဟ..သွားမယ်”
Xxxxxxxxxxxxxx
( ၅ )
 ရှေ့ တွင်ထိုင်နေသော ဆံပင်နီကြောင်ကြောင် ကောင်လေးနှင့်  ပိန်ညှောင်ညှောင်ကောင်မလေးကို ကြည့်ပြီး  ဦးဇင်းသုမနသက်ပြင်းချလိုက်မိသည်။
သူတို့ ဝတ်ထားသည့်အ၀တ်များက ဘာအရောင်ဟုပင်မပြောနိုင်တော့လောက်အောင်အရောင်မွဲပြီးစုတ်ပြတ်နေ၏။
နေလောင်ထားသည့်အသားအရည်ကလည်းမည်းညစ်နေကာ ခေါင်းပေါ်မှာလည်းဖုန်မှုန့် များဖြင့် ပေတူးနေသည်။
သို့ သော်..ထိုမည်းညစ်ပေတူးနေသော အဆင်အပြင်များနှင့် ဆန့် ကျင်ကာကလေးနှစ်ယောက်၏မျက်ဝန်းများကတော့ စိတ်အားထက်သန်မှုဖြင့် တလက်လက်တောက်ပနေ၏။
“အင်း..ပညာဆိုတာအဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိတယ်ဆိုတာ.. စာသင်ကျောင်းထဲကကလေးတွေ သိအောင် မိဘတွေဆရာတွေပူးပေါင်းပြီးအတန်တန်ဆုံးမနေရတယ်..မင်းတို့ ကျတော့လည်း ပညာမတတ် ဘဲ ကျရာပျော်နေတဲ့  မိဘတွေကမွေးခဲ့ပေမယ့် ပင်ကိုယ်အသိနဲ့ ကျောင်းနေချင်တာကိုး…
နေပါဦး..မင်းတို့ ဘာလို့ ကျောင်းတက်ချင်တာလဲ..ပြောကြ”
“တပည့်တော်က …အဖေ့လို ကုန်မထမ်းချင်ဘူးဦးဇင်း ၊ ကမ်းနားမှာ တွေ့ နေတဲ့ ယူနီဖောင်းဝတ်ထားတဲ့ ဦးလေးကြီးတွေလို
နေချင်တာ ၊ အဖေပြောတာသူတို့ ကဘွဲ့ ရ အရာရှိတွေတဲ့ ..”
“ဟားဟား..ကြွက်နီကတော့ အရာရှိတန်းမှန်းတာကိုး..ဘုမကရော”
“တပည့်တော်မက..ဟိုလေ..ဒီလိုတဲစုတ်လေးမှာမနေချင်လို့ ဘုရား...ငါးလည်းလိုက်မရောင်းချင်ဘူး.
.ကျောင်းထဲကဆရာမလေးတွေလိုနေချင်တာ”
“သြော်.. ရည်ရွယ်ချက်လေးတွေနဲ့ပဲကိုး....မင်းတို့ က ရွံ့ နွံထဲမှာမနေဘဲရုန်းထွက်ပြီး ကြည်လင်တဲ့ ကန်ရေပြင်ပေါ်တက်ပွင့် ချင်တဲ့ ကြာပန်းလေးတွေလိုပါပဲလား..အင်း..ဘယ်လိုလုပ်ပေးရပါ့ …”
ဦးဇင်းပြောသမျှနားထောင်ရင်း ကြွက်နီနှင့် ဘုမတို့ ရင်တွေတထိတ်ထိတ်ခုန်နေပါသည်။
“ဒီလိုလုပ်..မင်းတို့ ကျောင်းနေပြီးထမင်းစားရရင်ကျေနပ်တယ်မှတ်လား”
“တင်ပါ့ ဦးဇင်း..ကျောင်းတက်ရရင် ဘာအလုပ်ပဲလုပ်ရလုပ်ရပါ”
“ဒါဆိုရင်…ကျောင်းကိုလာလာလှူနေတဲ့ အထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ယောက်တော့ရှိတယ်..သူကအပျိုကြီး ..ကျောင်းဝင်းထဲကအိမ်လေးမှာနေတာ..သူ့ ကျောင်းကဟိုးမြို့ စွန်ဘက်မှာ..ဒီကနေတော့ဝေးတယ်..အဲ့ ဒီမှာသွားနေမှရမယ်..
မင်းတို့ လိမ်လိမ်မာမာနေရင်..ဦးဇင်းပြောပေးမယ်”
“တကယ်လားဦးဇင်း.. တပည့်တော်တို့ ကျောင်းနေရရင် ပြောသမျှနားထောင်မှာပါ”
“အေးအေး..ဟုတ်ပြီ..တစ်ခုတော့ရှိတယ်..တကယ်လို့ ကျောင်းနေခွင့် ရမယ်ဆိုရင်မင်းတို့ မှာအုပ်ထိမ်းသူမိဘတွေရှိနေလေတော့
ဦးဇင်းသေချာခွင့်တောင်းပေးမယ်..ဟုတ်ပြီလား..ကဲ..မိုးချုပ်တော့မယ်..ပြန်ကြတော့”
ဦးဇင်းလေးကျောင်းမှ အပြန်လမ်းမှာတော့ စိတ်လှုပ်ရှားစွာဖြင့်  ကြွက်နီ နှင့် ဘုမ တို့ ဘာမှမပြောဘဲတိတ်ဆိတ်နေကြပါလေ၏။
Xxxxxxxxxxxxxx
( ၆ )
“ဒါ..ဦးဇင်းပြောတဲ့ ကလေးနှစ်ယောက်ပဲဒကာမကြီး”
ကျောင်းအုပ်ဆရာမကြီးက သူတို့ နှစ်ယောက်ကို သေချာစူးစိုက်ကြည့်နေသဖြင့် မျက်လွှာချကာငြိမ်နေရသည်။
“ပုံစံလေးတွေကတော့ အပိုးကျိုးမယ့်ပုံလေးတွေပါ…တပည့်တော်မအနေနဲ့  ကျောင်းထားပေးရတာ အပန်းမကြီးပေမယ့် သူတို့ ကိုအိမ်ခေါ်ထားဖို့ ကတော့…”
“မခေါ်ထားလို့ မရလို့ပါ…သူတို့ မိဘတွေနဲ့ နေရင်ဘယ်တော့မှကျောင်းတက်ရမှာမဟုတ်တော့ဘူး
ဦးဇင်းတာဝန်ယူပါတယ်…ဒီကလေးနှစ်ယောက်ဟာ ဆင်းရဲပေမယ့် လိမ်မာပါတယ်..
စိတ်ချပါ..ဒကာမကြီးစိတ်မဆင်းရဲစေရပါဘူး…”
သူတို့ အတွက်ဆရာမကြီးကို တောင်းပန်ပြောပေးနေသည့် ဦးဇင်းလေးကိုကြည့်ကာကြွက်နီရင်ထဲငိုချင်လာသည်။ ဘုမကတော့ ဘယ်မှမကြည့်ရဲဘဲခေါင်းငုံ့ ကာ မျက်စိမှိတ်ထားရင်း ရသမျှဘုရားစာတွေရွတ်နေမိသည်။
“တပည့်တော်မကအေးအေးဆေးဆေးနေချင်လို့  မြို့ ထဲအိမ်မှာတောင်မနေဘဲကျောင်းဝန်းထဲမှာလာနေတာ…ဒီလိုလုပ်မယ်လေ..
သူတို့ ကို ဒီနှစ်ကျောင်းထားရင်း..လိမ္မာလား၊ပြောတာနားထောင်လားကြည့်မယ်…ပြောမရရင်ချက်ချင်းပြန်ပို့မယ်ဦးဇင်း”
“ဟုတ်ပါပြီ..ဒကာမကြီးသဘောပါ..ဦးဇင်းပြောတာလက်ခံပေးတာပဲကျေးဇူးတင်လှပါပြီ
ဒါဆို..သူတို့ အုပ်ထိန်းသူတွေကိုပြောပြီးဦးဇင်း လာပို့ ပါ့မယ်”
“ဒါဆို..တပည့်တော်မပြန်ပါဦးမယ်…ကလေးတွေ..ဦးဇင်းနဲ့ ဆရာမကြီးကျောင်းလိုက်လာခဲ့ နော်”
“ဟုတ်ကဲ့ ပါဆရာမကြီး”
ဝမ်းသာအားရနှင့် ဖြေလိုက်သော သူတို့ နှစ်ယောက်ကို ပြုံးပြရင်းဆရာမကြီးပြန်သွားတော့ဦးဇင်းက
သူတို့ နေသည့်တဲ တန်းလေးကိုလိုက်လာပါသည်။
ဦးဇင်းပြောပေးရင်ချက်ချင်းရမယ်ထင်မိပေမယ့် ဘုမမိထွေးက ကလေးထိန်းခိုင်းချင်သောကြောင့် ဘုမကိုမထည့်သလို
အဖေကလည်း ဦးဇင်းကိုခါးခါးသီးသီးငြင်းလွှတ်လိုက်ပါသည်။
“သောက်ကြီးသောက်ကျယ်နဲ့ သူများအိမ်သွားပြီးကျောင်းနေဦးမတဲ့ ....အေးအေးဆေးဆေးကန်စွန်းရွက်ခူးရောင်းနေတာမဟုတ်ဘူး..
ဟေ့ကောင်..မင်းမနက်ဖြန်ကမ်းနားလိုက်ခဲ့ တော့..ငါနဲ့ ကုန်ကူထမ်းပေး”
“အိုတော်.. ကလေးဒီလောက်ကျောင်းနေချင်တာသွားပါစေလား.. ကျုပ်တို့လည်းထားပေးနိုင်တာမဟုတ်ဘူး..သားလေးငယ်သေးတာကုန်မထမ်းခိုင်းပါနဲ့ ”
“ဘာ..မသွားရဘူး..ကုန်ထမ်းသမားသားကုန်ထမ်းရတာဆန်းလား..မရဘူး..ဟေ့ကောင်..ငါပြောတာနားထောင်..
မနက်ဖြန်မင်းလိုက်ရမယ်..ဒါပဲ”
ပြောဆိုကြိမ်းမောင်းပြီးအဖေအရက်ဆိုင်ထွက်သွားတော့ ကြွက်နီ ရှိုက်ကြီးတငင်ငိုမိပါသည်။
အမေက ကြွက်နီပုခုံးလေးကိုဖက်ရင်း
“သားရယ်…တစ်ကယ်ဆို.အမေလည်း သားကို သူများအိမ်မထည့်လိုက်ချင်ပါဘူး.. ဒါပေမယ့် အမေတို့ နဲ့ နေရင်ငါ့သားလေးမလုပ်ချင်တဲ့ ကုန်ထမ်းအလုပ်သမားပဲလုပ်ရမှာ..
ဒီတော့မင်းအဖေမသိအောင်သွားတော့..အမေဦးဇင်းကိုလိုက်ပြောပေးမယ်”
“ဟာ..အမေတကယ်ပြောတာလား…ဒါဆိုဘုမရောခေါ်မယ်နော်..သူ့ မိထွေးနဲ့ နေရင်ဘုမလည်းငါးပဲလည်ရောင်းရမှာ”
ကြွက်နီဝမ်းသာအားရပြောနေသည်ကိုကြည့်ပြီး အမေကကျလာသောမျက်ရည်များကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ပါသည်။
Xxxxxxxxxxxxxxx
( ၇ )
ကြွက်နီ နှင့် ဘုမတို့ သည်  ကျောင်းနေရခြင်းကို ဘုရားပေးသောဆုထူးဆုမြတ်ကြီးဟုနားလည်၏။
ထို့ ကြောင့် ဆရာမကြီးပြောသမျှတစ်သွေမတိမ်းနာခံပါသည်။ဦးဇင်းကလည်းသူတို့ အတွက်တတ်နိုင်သလောက်ထောက်ပ့ံပေးသည်။
တစ်ကိုယ်တည်းအေးအေးဆေးဆေးနေချင်သောဆရာမကြီးက ကျောင်းထားပေးပြီး ထမင်းကျွေးသည်ကလွဲလို့ သူတို့ ကို စကား  သိပ်မပြော၊ အရောမ၀င်ပါ..သို့ သော် သူတို့ ကတော့ အဖြူအစိမ်းလေးဝတ်ပြီးလွယ်အိတ်လေးလွယ်ကာကျောင်းတက်ရသည့် အတွက်ဆရာမကြီးကိုကျေးဇူးတင်ကာ ညတိုင်းကန်တော့အိပ်ပါသည်။
ဆရာမကြီးကကျောင်းအပ်တော့ သူတို့ နာမည်တွေပြောင်းပေး၏။
“ ကြွက်နီ နဲ့ ဘုမ လို့ခေါ်ရင် မင်းတို့ ကိုဝိုင်းရယ်ကြလိမ့်မယ်..နေဦး..နာမည်ပြောင်းပေးမယ်..ကြွက်နီနာမည်ကမောင်မောင်.
ဘုမနာမည်က ခင်ခင် ..ဟုတ်ပြီလား”
ဆရာမကြီးအလွယ်မှည့်ပေးလိုက်သည့်နာမည်တွေကိုအချင်းချင်းပြန်ခေါ်ရင်းနှစ်ယောက်သားရယ်မိသည်။
“မောင်မောင်..ဟိဟိ..နင့် နာမည်ကလည်းဟယ်…”
“ ဘာလို့လဲဘုမရဲ့ ..အဲ..ခင်ခင်ရဲ့ ၊ကောင်းပါတယ်ဟ”
နှစ်ယောက်သားတိုးတိုးလေးပြောနေပေမယ့် ဆရာမကြီးကြားသွားတော့အဆူခံရသည်။
"ကလေးတွေ…တခိခိနဲ့ ဘာတွေသဘောကျနေတာလဲ..စာကျက်နော်..မင်းတို့ ကလူကောင်သေးလို့ သာသူငယ်တန်းတက်ဖို့
အဆင်ပြေသွားတာ၊ကျန်တဲ့ ကလေးတွေထက်အသက်သုံးနှစ်တောင်ကြီးတာ…စာမေးပွဲကျလို့ မရဘူးနော်”
“ဟုတ်ကဲ့..ဆရာမကြီး”
ဆရာမကြီးနေသည့်ကျောင်းဝန်းထဲမှအိမ်ကအိပ်ခန်းတစ်ခန်းပဲပါသည်။ ခင်ခင့် ကို အိပ်ခန်းထဲမှဆရာမကြီးကုတင်ဘေးနားတွင် ဖျာခင်းအိပ်ခိုင်းပြီး မောင်မောင်က ဧည့်ခန်းမှာအိပ်ရသည်။ဘယ်လိုအိပ်ရအိပ်ရသူတို့ နေခဲ့ရသည့် ကြယ်မြင်လမြင် တဲစုတ်လေးထက်တော့ သာတာအမှန်ပါ…။
ကျောင်းတက်ပြီးတော်တော်လေးကြာလာတော့ မောင်မောင်အိမ်လွမ်းလာသည်။အဖေတို့ အမေတို့ ကိုသတိရမိပေမယ့် ပြန်မလွှတ်ဘဲ
ဆွဲထားမှာစိုးသောကြောင့် အိမ်ဘက်ခြေဦးမလှည့်ရဲပေ..အားလည်းမအားကြပါ…ကျောင်းပိတ်ရက်တွေမှာလည်းဆရာမကြီးက အချိန်သတ်မှတ်ကာ တစ်နေကုန် သူတို့ လုပ်ရမှာတွေခိုင်းထားတတ်သည်။
ဦးဇင်းလေးကတော့တစ်လတစ်ခါလောက်ရောက်ရောက်လာတတ်ပြီးကျောင်းဝတ်စုံလေးများဝတ်ထားသော မောင်မောင်တို့  မြင်ရတော့ ၀မ်းသာနေ၏။ ဦးဇင်းနှင့် ဆရာမကြီးမှလွဲပြီးသည်ပတ်ဝန်းကျင်မှာ သူတို့ ကိုမောင်နှမအရင်းဟုပင်သိထားလေသည်။
“ခုလိုမြင်ရတာဦးဇင်းသိပ်ဝမ်းသာတယ်ကြွက်နီ..အဲ..မောင်မောင် ၊  မင်းဖြစ်ချင်သလို အရာရှိကြီးဖြစ်လာအောင်
သေချာစာကြိုးစားနော်…”
“တင်ပါ့ ဦးဇင်းလေး..ဒါနဲ့ အမေတို့ နဲ့ ရောလာသေးလား”
“မင်းအမေ ငါ့ကျောင်းလိုက်လာတယ်လေ…မင်းကျောင်းတက်နေရပြီဆိုတော့ဝမ်းသာတယ်ဆိုပြီး
ငိုရှာလေရဲ့ …အင်း..လင်ဆိုးမယားတဖားဖားဖြစ်နေတဲ့ မင်းအမေဘ၀ကမြင်ရတာသနားစရာပါ..”
ဦးဇင်းလေးစကားအဆုံးမှာ မောင်မောင်ငိုချင်လာပေမယ့် မငိုဘဲအံတင်းတင်းကြိတ်မိသည်။
အမေ သားကို လွမ်းသလို သားလည်းအမေ့ ကိုလွမ်းပါတယ်…ဒါပေမယ့် သားပြန်မလာဘဲကျောင်းတက်ချင်သေးတယ်အမေ…
“ခင်ခင်တို့ အဖေအကြောင်းလည်းပြောသွားတယ်..မိန်းမကြောက်ရတဲ့ သူဆိုတော့ ကိုယ့်သမီးလေးဘယ်လိုနေရလဲတောင် တစ်ခွန်းလာမေးဖော်မရဘူးတဲ့ …အေးလေ..သူ့ မှာနောက်မိန်းမနဲ့ ရတဲ့ သားတစ်ယောက်ရှိနေသေးတာကိုး…
ခင်ခင်ကလည်းဘာမှဝမ်းနည်းမနေပါနဲ့ ”
ခင်ခင်ကတော့အဖေနှင့် မိထွေးအကြောင်းသိပြီးသားမို့ ထူးပြီးဝမ်းနည်းမနေတော့ပါ…။
သူ့ ကို ညီမအရင်းလေးလို ညှာတာပေးသည့် မောင်မောင်နှင့် အတူ ကျောင်းတက်ရင်း ဆရာမလှလှလေးများကိုသာငေးမောအားကျနေပါ၏။
Xxxxxxxxxxxxxx
( ၈ )
သည်လိုနှင့်ကျောင်းတက်လာရင်းသူတို့ ခြောက်တန်းအရောက်မှာ ဆရာမကြီးနယ်ပြောင်းမိန့် ကျလာ ပါသည်။ နောက်ရောက် လာမည့် ကျောင်းအုပ်ဆရာကြီးကမြို့ ထဲမှာမိသားစုနှင့် နေသူမို့ ကျောင်းဝန်းထဲကအိမ်မှာတော့လာမနေပါ။
သို့ သော်…ဆရာမကြီးမရှိခြင်းသည် သူတို့ အတွက်နားခိုရာမဲ့သွားခြင်းပင်…။
ကြားထဲကမနေနိုင်မထိုင်နိုင်သင်္ကန်းကြီးတကားကားနှင့် သူတို့ အတွက်လိုက်ပြောပေးတာကတော့ဦးဇင်းသုမနပင်…။
“နောက်ကျောင်းအုပ်ကိုသာဒီမှာနေ ခွင့် ရဖို့ ပြောပေးပါဆရာမကြီး ၊ဦးဇင်းမေတ္တာရပ်ခံပါတယ်..
ကလေးတွေအတွက်ကျန်တာဦးဇင်းတာဝန်ထားပါ…”
“တင်ပါ့ ..ဒီကလေးတွေဘယ်လောက်ကြိုးစားတယ်ဆိုတာသိနေတာပဲ…
ဆရာကြီးကိုသေချာရှင်းပြရင်တော့ရမှာပါ.. တပည့်တော်မလည်းနယ်စပ်မြို့ လေးပြောင်းရမှာဆိုတော့
ကျောင်းစရိတ်လှမ်းထောက်ဖို့ လည်းခက်နေတယ် ”
“ရပါတယ်…ကလေးတွေနေခွင့် ရဖို့ သာအရေးကြီးတာပါ..”
လောကီဝတ်ကြောင်ကိုစွန့် ပြီးခါမှမောင်မောင်နှင့် ခင်ခင်တို့ အတွက် ဦးဇင်းမှာ သံယောဇဉ်နှောင်ကြိုးတင်းနေရပါလေ၏။
နောက်ဆုံးတော့ …ကျောင်းအုပ်ဆရာကြီးခွင့်ပြုချက်ဖြင့်  သူတို့ နှစ်ယောက်အိမ်လေးမှာဆက်နေခွင့် ရသည်။
ဦးဇင်းကကျောင်းစားရိတ်ထောက်သည့်အပြင် သူတို့ ချက်စားဖို့ ဆန်၊ဆီ၊ငါးပိ တို့ ကိုပါယူလာပေးသည်။
မနက်ကျောင်းမသွားမီခင်ခင်ကထမင်းချက်သည်။ပင်တိုင်ဟင်းကတော့ငါးပိရည်ပါ..ကျောင်းဈေးမှာရောင်းသည့် အကြော်သည်ထံမှလက်ကျန်အကြော်ကြေများရသည့်နေ့ ဆိုလျှင်တော့.. အသုတ်သည်ထံမှအချဉ်ရည်နည်းနည်းတောင်းကာ အကြော်ကြေထဲရောထည့် ပြီးငရုတ်သီးအကျက်မှုန့် ဖြူးထားသည့်အကြော်ကြေသုတ်နှင့် စားရသည်မှာမြိန်လိုက်သည့်ဖြစ်ခြင်း…
သည်လိုနေဖို့စားဖို့ မပူရဘဲ ကျောင်းတက်နေရပေမယ့် ဆရာမကြီးလိုအုပ်ထိမ်းသူမရှိဘဲ ကျောင်းဝန်းထဲက အိမ်မှာနေရသည်က သူတို့ အတွက်တခါတစ်လေတော့အားငယ်စရာပင်…
ရန်ကုန်ဆင်ခြေဖုံးမြို့ နယ်တခု၏အစွန်အဖျားတွင်ရှိသောအထက်တန်းကျောင်းမို့ ကျောင်းဝန်းကြီးကကျယ်ပြီး အပင်များအုပ်ဆိုင်းနေပါ သည်။ ဘယ်ဘက်မှာဘောလုံးကွင်းကျယ်ကြီး ၊ ညာဘက်မှာသုသန်သွားသည့် လမ်းမကြီးရှိကာကျောင်းပတ်ဝန်းကျင်တွင် လူနေအိမ်ခြေနည်းပါးသည်။
နေ့ ခင်းဘက်မှာတစ်ကျောင်းလုံးတွင်ကျောင်းသားများနှင့် ဆူညံစည်ကားနေပေမယ့် ညဘက်ရောက်လျှင်တော့ ကျောင်းရှေ့ ဂိတ်တံခါးမကြီး
မှဂိတ်စောင့်ကြီး မှလွဲပြီးမည်သူမှမရှိပေ…။ကျောင်းနောက်ဘက်သီဟိုပင်တွေကြားထဲတွင် ၀ပ်နေသည့် သူတို့ အိမ်လေးကအမှောင်ထဲတွင် ထည်းထည်းတည်ရှိနေပါ၏။ခင်ခင်က မိန်းကလေးပီပီကြောက်ချင်သည်။
“မောင်မောင်..နင်သိလား…ညဘက်ဆို သစ်ပင်တွေပေါ်မှာရှိတဲ့ အစောင့်တွေဆင်းလာတတ်သတဲ့ ....
ငါတို့ အိမ်ပတ်လည်မှာလည်းအစောင့်တွေရှိမှာပဲနော်…”
“ပေါက်ကရတွေလျှောက်ပြောမနေနဲ့ …စာကျက်မှာသာကျက်..နင်ဒီလပတ်စာမေးပွဲမှာလည်း သမိုင်းအမှတ်နည်းတယ်…”
“ငါ..ခုနှစ်တွေမှတ်ရတာခေါင်းမူးလို့ဟ…နင့် လောက်လည်းဥာဏ်မကောင်းဘူးလေ…”
“ဘာဥာဏ်မကောင်းတာလဲ..အပျင်းထူနေတာများ..ရအောင်ကျက်”
မောင်မောင်ဟောက်လျှင်တော့ခင်ခင်ဘာမှမပြောဘဲ ငြိမ်သွားပါသည်။
အသက်၁၄နှစ်ကျော်သာရှိကြသေးပေမယ့် ဖြတ်သန်းလာရသည့်ဘ၀ပေးအခြေအနေအရမောင်မောင်နှင့် ခင်ခင်တို့ သည်လောကကြီးထဲ
မှာနေတတ်ထိုင်တတ်နေပါပြီ။
တနှစ်တစ်တန်းကျောင်းတက်ရင်းနွေရာသီကျောင်းပိတ်ရက်များမှာတော့ဦးဇင်းကျောင်းမှာပဲတစ်နေကုန်နေကြသည်။
မောင်မောင်ကဦးဇင်းနားမှာလိုတာလုပ်ပေး သည်။ခင်ခင်ကတော့ ကျောင်းမှာလုပ်မည့်ရှင်ပြုအလှူတွေအတွက်ဆွမ်းကူချက်ပေးရသည်။
ညနေဘုန်းကြီးကျောင်းမှပြန်လာလျှင်တော့အိမ်ဘေးစံပါယ်ရုံမှပန်းများခူးပြီးသီကြသည်။အစကစံပါယ်ပင်နည်းနည်းလေးပဲရှိပေ
မယ့် မောင်မောင်ကပွားအောင်ထပ်စိုက်ထားခြင်းပင်…။ညဘက်စံပါယ်ပန်းလို က်ရောင်းနေသည့်ကောင်လေးလာလျှင်မောင်မောင် ကကျောင်းဂိတ်မှတဆင့် စံပါယ်ကုံးများပေးလိုက်ကာ နောက်နေ့ မှရောင်းရငွေပြန်ယူသည်။ဦးဇင်းမှကျောင်းစားရိတ်ထောက်ပေမယ်
့မောင်မောင်ခုလိုအပိုဝင်ငွေရှာနေတာအမေ့ ကိုပေးချင်လို့ ပါ..။
မောင်မောင့် အဖေကတော့အရင်လိုပဲကုန်ထမ်း ၊အရက်သောက်ဆဲ..ဦးဇင်းအကူအညီနှင့် အမေသူတို့ ကျောင်းကိုရောက်ရောက် လာပါသည်။အမေလာလျှင် စံပါယ်ပန်းရောင်းထားသည့်ငွေလေးတွေပေးတော့အမေ မျက်ရည်ကျ၏။
“မငိုပါနဲ့ အမေရယ်…သားခုကောင်းကောင်းနေရတာပဲ..အဖေ့ကိုသာအရက်တွေအရမ်းမသောက်အောင်ထိန်းပါ..
သားအခုခြောက်တန်းတောင်ရောက်နေပြီ..နောက်လေးနှစ်ဆိုဆယ်တန်းအောင်ပါပြီအမေရဲ့ ..”
“အေးပါ..သားရယ်..ငါ့သားလေးဒီလိုသိတတ်လေအမေ၀မ်းနည်းလေပဲ…မင်းအဖေကတော့အရင်အတိုင်းပါပဲ...
တခါတလေသတိတရနဲ့ တော့သားကိုမေးပေမယ့် ဒီမှာရှိနေတာအမမပြောရဲသေးဘူး..တော်ကြာကျောင်းထိလိုက်လာပြီးသောင်းကျန်းနေ
မှာစိုးလို့  ”
“ဒေါ်ကြီး.. ကျမအဖေရောနေကောင်းရဲ့ လား..”
“ညည်းအဖေကတော့အရင်အတိုင်းအရက်လေးတမြမြနဲ့ ဘော်ကျော့ ပါပဲအေ..သူ့မိန်းမကလည်လည်ဝယ်ဝယ်ဆိုတော့မငတ်ပါဘူး..
ဒါပေမယ့် သမီးအကြောင်းတစ်ခွန်းမှမမေးတာငါဖြင့် အသည်းယားလိုက်တာ”
“နေပါစေဒေါ်ကြီးရယ်..ဦးဇင်းပြောထားလို့ ကျမကျောင်းတက်နေတာသိမှာပါ..အဖေအဆင်ပြေရင်ပြီးတာပါပဲ ”
သူတို့ ပြောနေသည်များကိုနားထောင်ရင်း ဦးသုမန ခေါင်းတညိမ့်ညိမ့်နှင့် တရားရနေပါ၏။
သြော်..ခေတ်ကာလပြောင်းပြန်..သားသမီးကမိဘကိုပြန်ပြီးပူပန်ပေး ၊စိုးရိမ်ပေးနေရလေခြင်းပါလား
...............
( 9 )
“ဟေ့..ဘုမ…နင်ဒီကျောင်းထဲမှာရှိတာသိတယ်..ထွက်ခဲ့ စမ်း…သောက်ကောင်မ…
အိမ်မှာကူမလုပ်ဘဲဒီမှာဇိမ်နဲ့ ကျောင်းလာတက်နေတယ်…ခုငါနဲ့ ပြန်လိုက်ခဲ့ ”
ကျောင်းဂိတ်ရှေ့ မှအော်နေသည့် အဖေ့အသံကိုနားထောင်ရင်းခင်ခင်သည်အခန်းထောင့်တွင် ရှိုက်ကြီးတငင်ငိုနေ၏
“တောက်..နင့် အဖေ တော်တော်လွန်နေပြီခင်ခင်…ကိုယ်လည်းဘာမှလုပ်ပေးရတာမဟုတ်ဘဲသမီးကျောင်းနေတာလာအရှက်ခွဲနေတဲ့ 
အဖေ မျိုးဒီတခါပဲငါတွေ့ ဖူးတယ်”
“အဲ့ ဒါ..ငါ့ မိထွေးမြှောက်ပေးလိုက်တာနေမှာဟ..ငါသိတယ်..
သူနဲ့အတူတူငါ့ ကိုငါးလိုက်ရောင်းခိုင်းချင်လို့ အဖေ့ကိုသွေးထိုးပြီးပြန်ခေါ်ခိုင်းတာနေမှာ”
“ခုလိုလာအော်နေတာဘယ်နှညရှိနေပြီလဲ…စာမေးပွဲနီးမှအနှောင့်အယှက်လာပေးတယ်ဟာ..
ဒီနှစ်ရှစ်တန်းဆိုတာအစိုးရစစ်မို့ အရေးကြီးပါတယ်ဆို..ကျောင်းဂိတ်စောင့်တဲ့ ဘကြီး ကငါတို့ ကိုသနားပြီးပြန်မတိုင်ပေလို့ပဲ..နို့မို့ ဆိုငါတို့ မလွယ်ဘူး”
မောင်မောင်ပြောသလိုပင်ကျောင်းဂိတ်စောင့်ဘကြီးကမတိုင်ပေမယ့် နောက်နေ့ တွင်ထိုပြသနာကို ကျောင်းအုပ်ကြီးသိသွားတော့
မိုးမီးလောင်ပါတော့သည်။မောင်မောင်တို့ အုပ်ထိမ်းသူလုပ်ရသည့်ဦးဇင်းသုမနလည်း မျက်နှာငယ်နှင့် ကျောင်းအုပ်ကြီးကိုတောင်းပန်ပေမယ့်မရပါ..။
“တပည့်တော်ကိုအရင်ဆရာမကြီးကအတန်တန်ပြောလို့ အားနာပြီးလိုက်လျောခဲ့ရတာပါဦးဇင်း ၊တကယ်ဆိုဒီလို ကလေးနှစ်ယောက် တည်းကျောင်းဝန်းထဲမှာထားရတာသိပ်အန္တရယ်များပါတယ်…သူတို့ လိမ္မာမှန်း ၊ စာကြိုးစားမှန်းတော့သိပါတယ်.. ဒါပေမယ့် ခုလို ခင်ခင့် အဖေညတိုင်းလာအော်ဟစ်သောင်းကျန်းနေတာ ရပ်ကွက်လူကြီးကကျွန်တော့ကိုခေါ်မေးနေပြီ…
 မိဘနဲ့ သားသမီးဆိုတော့ တခုခုဖြစ်ရင်ကျွန်တော့အလုပ်ပါထိခိုက်ပါလိမ့်မယ်. .ဒါကြောင့် ဒီကျောင်းထဲကအိမ်မှာတော့ မထားနိုင်တော့ပါဘူး”
ဆရာကြီးပြောတာကြားလိုက်ရသည့်မောင်မောင့်ရင်ထဲသံချွန်နှင့် ထိုးလိုက်သလိုခံစားရသည်။သည်နေရာမှာမနေရလျှင်သည်ကျောင်းကို
သူတို့ ဘယ်လိုဆက်တက်ရပါ့ မလဲ…
ခင်ခင်ကတော့ အဖေလုပ်သူအပြစ်ကြောင့် ရှက်ရွ့ံဝမ်းနည်းကာမျက်ရည်များသာတွင်တွင်ကျနေလေ၏။
“ကလေးတွေကနောက်လဆိုရှစ်တန်းဖြေရတော့မှာပါဆရာကြီးရယ်..တကယ်လို့ သူတို့ ချည်းပဲမထားရင်ဦးဇင်းပါဒီအိမ်လေးမှာ
သူတို့ စာမေးပွဲပြီးတဲ့ အထိလာစောင့်ပေးပါမယ်”
“ဟုတ်ပါတယ်..ဆရာကြီး..မောင်မောင်တို့ ကိုစာမေးပွဲဖြေပြီးတဲ့အထိတော့နေခွင့် ပေးပါလို့ ကျမလည်းတောင်းပန်ပါတယ်..
ဒီကလေးကစာသိပ်တော်တာဆရာကြီးလည်းသိပါတယ်..ဒီနှစ်အစိုးရစစ်မှာကျောင်းပေါင်းစုံ ထဲပထမရဖို့ အထိကျမမှန်းထားလို့ ပါ”
မောင်မောင့်အတန်းပိုင်ဆရာမစကားအဆုံးမှာ ဆရာကြီးကသက်ပြင်းချရင်း…
“ဟင်း..ဦးဇင်းနဲ့ ဆရာမတို့ ဒီလောက်ပြောနေတာခွင့် မပြုရင်ကျွန်တော်ကပဲရက်စက်ရာကျနေတယ်.. တကယ်တမ်းကျွန်တော်လည်းဘယ်နှင်ချင်ပါ့ မလဲဗျာ...မတတ်သာလို့ ပါ..ဒါဆိုစာမေးပွဲဖြေပြီးတာနဲ့ ပြောင်းပေးပါ..ဟုတ်ပြီလား”
ဆရာကြီး ခွင့် ပြုချက်ကြားသည်နှင့် မောင်မောင်ထခုန်မတတ်ဝမ်းသာသွားသည်။
ခင်ခင်ကတော့ ညရောက်သည်အထိငိုမဆုံးပေ…
“ငါ့ အဖေကြောင့် ဒီလိုဖြစ်ရတာငါ သိပ်ရှက်တာပဲမောင်မောင်..နောက်ပြီး ဒီမှာမနေရရင် ငါတို့ ဘယ်မှာနေကြမလဲ…”
“ဟာ..နင်ကလည်းငိုမနေပါနဲ့ ခင်ခင်ရာ..ခုလောလောဆယ်စာပဲကျက်…ဘာမှမစဉ်းစားနဲ့ ..ဒီနှစ်ကျလို့ မဖြစ်ဘူး..
သွား..အခန်းထဲဝင်တော့…”
မောင်မောင့် အမိန့် ကိုနာခံရင်း ခင်ခင်အခန်းထဲဝင်ကာစာကြည့်စားပွဲမှာထိုင်လိုက်ရပေမယ့် ဘယ်လိုမှစာကျက်လို့ မရပေ..။
မောင်မောင်ကတော့ဧည့်ခန်းထဲမှာဖျာခင်းကာထမင်းစားစားပွဲဝိုင်းအပုလေးရှေ့ ချပြီးစာကျက်လိုက်၊သင်္ချာတွက်လိုက်လုပ်ရင်း
တစ်လောကလုံးကိုမေ့ နေ၏။
မောင်မောင်ဟာ သူ့ အပေါ်ညှာတာခင်ခင်သိပါသည်။ ရှစ်တန်းဆိုပေမယ့် သူတို့ အသက်တွေကဆယ့်ခြောက်နှစ်ကျော်နေပါပြီ။
မောင်မောင်က ခင်ခင်အပျိုပေါက်လေးဖြစ်လာကတည်းက နှမလေးလိုအစစအရာရာပြောဆိုဆုံးမသည်။ခင်ခင့်အပေါ် အကို တစ်ယောက်လိုဖခင်တစ်ယောက်လို စောင့်ရှောက်နေသည့်မောင်မောင်ဒုက္ခတွေ့ ရမည့်အဖြစ်မို့ ခင်ခင်ဝမ်းနည်းလှပါသည်။
ဒီနှစ်ရှစ်တန်းကို မောင်မောင်ဂုဏ်ထူးတွေတသီကြီးနှင့်အောင်မှာခင်ခင်သိပါသည်။
သို့ သော်..ဒီအိမ်လေးမှာမနေရလျှင်သူတို့ ဘယ်မှာနေပြီးကျောင်းတက်ရပါ့မလဲ..
သောကများနှင့် ခင်ခင် အိပ်လို့ မရပေမယ့် မောင်မောင်ကတော့ စာကျက်ရင်းဘေးမှဖျာပေါ်ကျောဆန့် လိုက်သည်နှင့် တုံးခနဲအိပ်ပျော်သွားလေ၏။
..............
( ၁၀ )
ခင်ခင်သည် ဆရာလေးဒေါ်ခေမာကိုနင်းနှိပ်ပေးပြီးသည့်အခါ ရိုသေစွာကန်တော့လိုက်သည်။
“သာဓု သာဓု သာဓု ပါ..စိတ်ချမ်းသာပါစေ..ဒါနဲ့ ခင်ခင်ကျောင်းသွားရတာအဆင်ပြေရဲ့ လား..”
“ပြေပါတယ်ဆရာလေး…ဒီကနေ ကျောင်းထိ ဆယ့် ငါးမိနစ်လောက်ပဲလျှောက်ရပါတယ်”
“သြော်…သိပ်မဝေးဘူးပဲ…ဘုန်းကြီးကျောင်းမှာနေတဲ့ အကိုကပိုဝေးမယ်ထင်တယ်”
“မောင်မောင်ကတော့နာရီဝက်လောက်လျှောက်ရတယ်ပြောပါတယ်..သူ့ ကိုဦးဇင်းကဘတ်စ်ကားစီးခိုင်းပါတယ်.. 
သူ့ ဘာသာမစီးတာပါဆရာလေး ”
“အင်း…ဘာပဲဖြစ်ဖြစ်…ကျောင်းဆက်တက်ရတာကံကောင်းတယ်လို့ ပဲမှတ်ပါခင်ခင်ရယ်..
ဆရာလေးလည်းတတ်နိုင်သလောက်ပညာပါရမီဖြည့်ပေးပါ့မယ်”
စေတနာအပြည့်  နှင့်  ပြောနေသောဆရာလေးကိုပြောမပြတတ်လောက်အောင်ခင်ခင်ကျေးဇူးတင်မိပါသည်။
တကယ်တော့ သီလရှင်ကျောင်းအုပ်ဒေါ်ခေမာသည် ခင်ခင့် ရဲ့ ကယ်တင်ရှင်ပါ…။
ဘုန်းကြီးအမှုရွာပတ်ဆိုသလို…ရှစ်တန်းစာမေးပွဲပြီးသည်နှင့် ကျောင်းဝင်းလေးထဲမှခွာရသည့် မောင်မောင်နှင့် ခင်ခင်တို့ နေထိုင်ရေး
၊ကျောင်းဆက်တက်ရရေးသည်ဦးဇင်းသုမနခေါင်းပေါ်ရောက်လာပါတော့သည်။မောင်မောင့် အတွက်ကတော့ထိုကျောင်းနှင့် အတန်ငယ်
လှမ်းသော ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ပြောပေးရန်ဦးသုမနတွေးထားပေမယ့်  ခင်ခင့် အတွက်စဉ်းစားရပြန်သည်။
နောက်ဆုံးတော့ အသိဦးဇင်းတစ်ပါးအကူအညီဖြင့် ဒေါ်ခေမာ၏သီလရှင်ကျောင်းသို့ ရောက်လာရခြင်းပင်..
သီလရှင်ဆယ်ပါးရှိသည့်ကျောင်းလေးမှာလူဝတ်ကြောင်ဖြင့် နေခွင့် ရခြင်းမို့ ခင်ခင်အလိုက်သိရပါသည်။ မနက်သီလရှင်များအာရုဏ်ဆွမ်းအတွက်အစောကြီးထကာ ယာဂုကျိုပေးရသည်။ ကိုးတန်းအတန်းချိန်ကမနက်ပိုင်းမို့ ထမင်းချိုင့် ယူစရာမလိုတာတော်သေးသည်။နေ့ ခင်းကျောင်းမှပြန်လာသည်နှင့် ဆွမ်းဟင်းအကျန်လေးများနှင့် 
ထမင်းစားသည်။ ညစာအတွက်ကတော့ ပိုနေသည့်ထမင်းကြမ်းနှင့် ငါးပိရည်ရှိလျှင်ရပါသည်။
ထမင်းမကျန်လျှင်လည်း ငှက်ပျော်သီးစားပြီးရေသောက်ကာခင်ခင်နေတတ်ပါသည်။
ဆရာလေးတို့ နေပူထဲမှာတလမ်းဝင်တလမ်းထွက်အလှူခံပြီးရလာသောဒီဆွမ်းတွေကို စားနေရတာ အားနာလှပါသည်။
ထို့ ကြောင့် ညဘက်ဆိုလျှင်ကျေးဇူးရှင်ဆရာလေးများကိုခင်ခင် နှိပ်နယ်ပြုစုပေးပါသည်။
လောကုတ္တရာတရားအားထုတ်နေသည့်ဆရာလေးများကျောင်းတွင် လာနေရသည့် မိမိအတွက် စိတ်အနှောင့် အယှက်မဖြစ်ရလေအောင် အစစအရာရာသတိထားပြီးသေသေ၀ပ်ဝပ်နေရင်း….မောင်မောင်နှင့် အတူကျောင်းဝင်းထဲမှအိမ်လေးတွင်လွတ်လွတ်လပ်လပ်နေခဲ့ရတာပြန်သတိရ
မိပါ၏။
ကျောင်းမှာလည်းအမှတ်လိုက်အတန်းခွဲလိုက်သဖြင့် စာတော်သောမောင်မောင်က A ခန်းရပြီး ခင်ခင်က C ခန်းမို့ ဝေးသွားသည်။
မောင်မောင်နေသည့်ဘုန်းကြီးကျောင်းကဝေးသည်။ခပ်သွက်သွက်လျှောက်လျှင်ပင်နာရီဝက်လောက်မှကျောင်းကိုရောက်သဖြင့် မောင်မောင်ပင်ပန်း
မှာပဲဟုထင်ကာခင်ခင်ကသနားနေပေမယ့် မောင်မောင်ကတော့တက်ကြွနေဆဲပါ…
“နင်ကလည်းဟာ..နာရီဝက်လောက်လမ်းလျှောက်ရတာများစကားလုပ်ပြောနေသေးတယ်…
ငါတို့ ဘ၀တွေခုဆိုဘယ်လောက်ပြောင်းလဲသွားပြီလဲ…နင်မနေချင်တဲ့ တဲစုတ်လေးမှာမနေရဖို့ ဆယ်တန်းအောင်အောင်ကြိုးစား..
ဟုတ်ပြီလား ”
မောင်မောင်ကတော့သူ့ အပေါ်အရင်အတိုင်းနှမလေးတစ်ယောက်လိုသဘောထားပြောနေပေမယ့် ခင်ခင့်ရင်ထဲမှာတော့မောင်မောင့် ကို
တွယ်တာစိတ်တွေတိုးနေပါသည်။အမြဲတမ်းစားအတူသွားအတူနေလာခဲ့သည့်သံယောဇဉ်နှောင်ကြိုးဟာခင်ခင့်ရဲ့ ငယ်နုတဲ့ နှလုံးသားလေးကို
ခပ်တင်းတင်း ချည်နှောင်ရစ်ပတ်နေပါပြီ။
ငယ်ငယ်ကလိုမဟုတ်တော့ဘဲ အသားညိုညိုထောင်ထောင်မောင်းမောင်းနှင့် ကြည့်ကောင်းပြီးစာတော်သည့်မောင်မောင်က
ဆယ်ကျော်သက်မိန်းကလေးများကြားရေပန်းစားနေတာခင်ခင်သိတော့အူတိုမိသည်။
“ဟဲ့ ..နင့် ကို B တန်းက မေလွင်ကျော်က ကြိုက်နေတာသိလား..ငါ့ ကိုဆိုယောင်းမယောင်းမနဲ့ လာလာခေါ်နေတယ်..
နင်သွားအရောမ၀င်နဲ့နော်”
“ဟာ…သွားစမ်းပါ..ဒီမှာနေဖို့ စားဖို့ တောင်မရှိရတဲ့ အထဲအဲ့ ဒါတွေမတွေးအားဘူး..နင် လည်းဒီလိုအရည်မရအဖတ်မရတွေလာပြောမနေနဲ့ … သွား..အချိန်အားရင်သင်္ချာသွားတွက်နေ..နင့်သင်္ချာအမှတ်က ၅၀ ကကိုမတက်ဘူး..ညံ့ ပါ့ ”
မောင်မောင့်စိတ်ထဲတွင်စာမှလွဲပြီးဘာမှမရှိတာခင်ခင်သိပါသည်။သို့သော်ခင်ခင့်ရင်ထဲမှာတော့မောင်မောင့်အပေါ်အားကိုးတွယ်တာစိတ်တွေ
တိုးတိုးလာတာတော့မောင်မောင်မသိပါ…။မောင်မောင်သာမရှိရင်ခင်ခင်ဆိုသည့်ဘ၀လည်းရှိခဲ့မည်မဟုတ်…ဘုမဆိုတဲ့နာမည်နဲ့ ငါးဗန်းရွက်ပြီး
လမ်းတကာလည်ရောင်းနေရမှာပါ…ခင်ခင့်ဘ၀မှာကြုံတွေ့ ခဲ့ ရသည့်အဖေ့ လိုယောင်္ကျားမျိုးနှင့် နှိုင်းယှဉ်လို့ မရအောင်မောင်မောင်ကတော်
လွန်းကောင်းလွန်းပါသည်။
ခင်ခင့်အဖေကတော့ ခင်ခင့်ကိုလာအော်ဆဲပြီးနောက်ပိုင်းကတည်းက ပျောက်နေသောကြောင့် မောင်မောင့် အမေ ကိုမေးကြည့်တော့ တစ်မိသားစုလုံး မရှိတော့ပါတဲ့ .. ကန် စွန်းအိုင်ဘေးကတဲလေးမှာမနေတော့ဘဲထွက်သွားကြတာကြာပါပြီတဲ့ …။သတင်းအစအနေတောင်
မကြားရတော့သည့်အဖေနှင့် ခင်ခင်ဒီတစ်သက်ပြန်ဆုံတွ့ ရန်မသေချာတော့ပေ..။
ခင်ခင့် ရင်ထဲမှာမကောင်းပေမယ့် ထူးပြီးတော့ဝမ်းနည်းမနေတော့ပါ..။သည်ဘ၀မှာသည်လိုအဖေမျိုးနှင့် တွေ့ ရတာကိုကအရင်ဘ၀တွေမှာ ခင်ခင်လုပ်ခဲ့သည့် အကုသိုလ်တွေရှိခဲ့လို့ ဖြစ်လိမ့်မည်ဟုတွေးကာခင်ခင်ဖြေပါသည်။
အရေးအကြီးဆုံးကဆယ်တန်းအောင်ဖို့ ပဲ..ဟုတွေးကာခင်ခင်သောကမှန်သမျှမေ့လိုက်ပါတော့သည်။
Xxxxxxxxxxxxxxxx
( ၁၁ )
“ဟေး……အောင်ပြီကွ …ငါတို့ ဆယ်တန်းအောင်ပြီခင်ခင်ရေ...
ဟားဟားဟား”
ဝမ်းသာအားရနှင့် အော်ဟစ်နေသော မောင်မောင့်ကိုငေးကြည့်ရင်းခင်ခင်လည်းပျော်လိုက်တာ…
တော်လိုက်တဲ့ မောင်မောင်..ဆယ်တန်းကိုလေးဘာသာဂုဏ်ထူးနှင့် အောင်သတဲ့ …။
ခင်ခင်ကတော့ဘာဂုဏ်ထူးမှမပါဘဲရိုးရိုးအောင်သည်။
ဦးဇင်းသုမနလည်းမောင်မောင်နှင့် ခင်ခင်ဆယ်တန်းအောင်သည်ကိုသိပ်ဝမ်းသာနေသည်။
အထက်တန်းကျောင်းနှင့် ဝေးသွားလည်းရပြီမို့ မောင်မောင်ကဦးသုမနကျောင်းကိုပြောင်းနေပေမယ့် ခင်ခင်ကတော့ သီလရှင်ကျောင်းမှာပဲကျန်ခဲ့ရသည်။ ခင်ခင်အားငယ်နေမည်စိုးသောကြောင့်မောင်မောင်ကသီလရှင်ကျောင်းကိုလာပေးပါသည်။
“ခင်ခင်ရေ…ပြောရဦးမယ်…ငါလည်းဦးဇင်းကျောင်းမှာနေရမှတဲတန်းလေးဘက်ရောက် တော့တယ်..ငါ့ အဖေလည်းအရက်နာကျပြီး
သိပ်နေမကောင်းလို့ အမေပဲလုပ်ပေးနေရတယ်…အဖေကအခုငါ့ ကိုမဆူတော့ပါဘူး..ငါဆယ်တန်းအောင်တယ်ကြားတုန်းကအဖေငိုတယ်လို့ 
အမေပြောတော့ငါ့ရင်ထဲမှာလည်းတမျိုးကြီးပဲ…”
“အင်း…နင့် အဖေနဲ့ နင်ပြန်အဆင်ပြေသွားတာငါဝမ်းသာပါတယ်..ငါ သာ..အဖေပစ်ပြေးသွားတဲ့ တစ်ကောင်ကြွက်ပါ…”
“အားမငယ်ပါနဲ့ ဟာ..ငါတို့ တွေရှိတာပဲ..နင်အမှတ်စာရင်းတွေ ထွက်ရင်တွဲဖက်ဆရာမလျှောက်မယ်ဆို”
“ဟုတ်တယ်..ငါ လုပ်မြန်မြန်ဝင်ပြီးအဝေးသင်တက်ဖို့ ငွေစုတော့မယ်..နင်ရော”
“အင်း..ဦးဇင်းကတော့ငါ့ အမှတ်ကြည့်ပြီးအင်ဂျင်နီယာလုပ်ရမယ်တဲ့ ..တော်ပါပြီဟာ..ငါတို့ အတွက်ဦးဇင်းလည်းမောလှပါပြီ…။ ခုအသစ်ဆောက်နေတဲ့ အချိုရည်စက်ရုံမှာလူခေါ်နေတာတွေ့ တယ်..ငါ လျှောက်လွှာသွားတင်မလို့ …”
“နင့် အမှတ်တွေနှမြောလိုက်တာ..တကယ်ဆိုနင်အင်ဂျင်နီယာဖြစ်ရမှာနော်”
“ဟားဟား..လောဘကြီးမနေနဲ့ ခင်ခင်ရေ…ခုလိုဘ၀မျိုးရောက်လာတာကိုကငါတို့ အနေနဲ့ ကျေနပ်သင့် ပြီ..
အင်ဂျင်နီယာမှမဟုတ်ပါဘူးဟာ…သေချာကြိုးစားလုပ်ရင်ဘယ်အလုပ်ဖြစ်ဖြစ်တက်လမ်းရှိပါတယ်ဟ”
“ဒါပေမယ့်ဘယ်တူပါ့မလဲမောင်မောင်ရယ်..ငါကလေနင့်ကို အင်ဂျင်နီယာကြီးဖြစ်စေချင်တာ..ဟ..”
ပြောရင်း ခင်ခင့် အသံတွေတိမ်ဝင်သွားကာမျက်ရည်တွေဝဲတက်လာသည်။
ခင်ခင်ဟာ ကိုယ့်အတွက်ထက် မောင်မောင့်အတွက်ပိုတွေးပေးနေမိသည့်ကိုယ့်ကိုယ်ကိုလည်း
နားမလည်တော့ပေ…။သေချာတာကမောင်မောင့်ဘ၀တိုးတက်အောင်မြင်စေချင်သည့်စေတနာတွေကခင်ခင့် ရင်ထဲမှာ
စိမ့်စမ်းရေလို တစ်သွင်သွင်စီးဆင်းနေခြင်းပင်….
မောင်မောင်ကခင်ခင့်ခေါင်းကိုအုပ်မိုးကိုင်လိုက်ရင်း…
“နင်ကလည်း….ငါ့အတွက်ဒီလောက်ကြီးစိတ်ထိခိုက်မနေပါနဲ့ ဟာ…
ဒီမယ်ခင်ခင်..နင့် ကိုငါဖတ်ရတာလေးပြန်ပြောပြမယ်…နားထောင်မလား”
“အင်း..ပြောလေ”
ကျောင်းတက်တာချင်းအတူတူမောင်မောင်ကသူ့ ထက်အရာရာပိုသိနေခြင်းမှာစာတွေဖတ်လို့ ပဲနေမှာပါဟုခင်ခင်တွေးမိသည်။ အထက်တန်းတုန်းကကျောင်းစာကြည့်တိုက်တွင် မောင်မောင်စာတွေသွားသွားဖတ်နေတာခင်ခင် အသိပင်…။
“ဒီလိုဟ…လူတွေဟာလောကကြီးကိုကြည့်တဲ့နေရာမှာ့ အကောင်းမြင်တတ် သူ နဲ့ အဆိုးမြင်တတ်သူ ဆိုပြီးရှိတယ်...
ဥပမာ..ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ကို ပြပြီး အကောင်းမြင်တတ်သူနဲ့ အဆိုးမြင်တတ်သူနှစ်ယောက်ကိုပြတဲ့အခါ မြင်ပုံချင်း
တူမယ်ထင်လား”
“ဟဲ့ ..ရေတစ်ဝက်ထည့်ထားတာပဲ…တစ်ဝက်လို့ ပဲပြောမှာပါ့ …ဘာကွာလို့ လဲ”
“အေး..နားထောင်..ဖန်ခွက်ကိုမြင်တော့အကောင်းမြင်တတ်သူက..ဟာ ရေတစ်ဝက်ကြီးများတောင်ရှိသေးတာပါလားလို့ ..
ဝမ်းသာအားရပြောသတဲ့ ...
အဲ..အဆိုးမြင်တတ်သူကတော့..ဟင်း.. ရေကလည်းတစ်ဝက်ပဲကျန်တော့တယ်ဆိုပြီးမကျေမနပ်ညည်းတွားသတဲ့ …လေ
ဒီတော့..ရေတစ်ဝက်ရတာချင်းအတူတူဘယ်သူစိတ်ချမ်းသာရလဲ…ဘယ်သူပျော်ရသလဲ”
“ဟုတ်ပြီ..ငါသဘောပေါက်လာပြီမောင်မောင်..ရေတစ်ဝက်ကြီးများတောင်ရှိသေးပါလားလို့ တွေးတတ်တဲ့သူစိတ်ချမ်းသာမှာပေါ့ ..”
“ဟုတ်တာပေါ့ ...ခုငါလည်း ရေတစ်ဝက်ကြီးများတောင်ရှိသေးပါလားလို့ တွေးနေတာ..
စာမတတ် ပေမတတ် ကြွက်နီ ဘ၀ ကနေ ဆယ်တန်းအောင်ပြီးတဲ့ မောင်မောင်ဘ၀ထိရောက်လာတာငါဝမ်းသာရမယ်..
နင်ပြောသလို ငါလည်းအင်ဂျင်နီယာကြီးဖြစ်ချင်တာပေါ့ ဟာ..ဒါပေမယ့် ငါတို့ ဘ၀အခြေအနေငါတို့ အသိဆုံးပါ… ငါတို့ အတွက်ဦးဇင်းလည်းမောလှပါပြီ…
ဒီတော့ အလုပ်လုပ်ရင်းအဝေးသင်ပဲတက်တော့မယ်..အဖေနဲ့ အမေလည်း ငါပြန်ကြည့်ရမယ်…
ငါ့ မှာရှိတဲ့ ရေတစ်ဝက်ကိုကျေကျေနပ်နပ်လက်ခံပြီး တဖန်ခွက်လုံးရေပြည့်အောင်ငါ့ ခွန်အားနဲ့ ပဲကြိုးစားတော့မယ်..”
အားမာန်အပြည့်နှင့်ပြောပြနေသောမောင်မောင့်ကို ငေးကြည့်ရင်းခင်ခင့် ရင်ထဲမှာလည်း ခွန်အားတွေပြည့်လာသလိုခံစားရပါလေ၏။
( ၁၂ )
 လောကဓံဆိုသည်မှာလူသားတွေအပေါ်အမျိုးမျိုးသောနည်းလမ်းများဖြင့် လှည့်ဖျားကြည်စယ်တတ်ပါ၏…။
မောင်မောင်ကအချိုရည်စက်ရုံတွင်အလုပ်လျှောက်ကာ မိဘကိုပြန်လုပ်ကျွေးဖို့ ကြိုးစားနေပေမယ့်  မမျှော်လင့် သော
အဖြစ်ဆိုးကြီးကြုံရ၏။မောင်မောင့် အဖေ ပန်းရံလုပ်ရင်းတိုက်ပေါ်မှပြုတ်ကျကာသေသွားလေသည်။
ကြားကြားချင်း မောင်မောင်တဲတန်းလေးဆီအပြေးသွားတော့ အမေကမျက်ရည်လည်ရွှဲနှင့် ငိုနေ၏။
“သားရယ်..မင်းအဖေကလေ ခုနောင်တရနေပါပြီ ၊ သားဆယ်တန်းအောင်တာလည်းဝမ်းသာနေတာ.. တစ်သက်လုံးသားကိုဘာမှလုပ်မပေးခဲ့ရလို့ သားကျောင်းတက်ရင် သူလည်းတတ်နိုင်သလောက်ထောက်ပံ့ မတဲ့ လေ..နေမကောင်းလို ကုန်သွားမထမ်းရတာမကျေနပ်ဘဲဟိုးဘက်လမ်းမှာဆောက်နေတဲ့ တိုက်တွေမှာပန်းရံသွားလုပ်နေတာ..မလုပ်ပါနဲ့ လို့ အမေပြောတာမရဘူး..ခုတော့ဒီလိုဖြစ်ရလေခြင်း”
အလုပ်ရသည်နှင့် အဖေနှင့် အမေ ကိုပြန်ကြည့်ရန်အားခဲထားသော မောင်မောင်တစ်ယောက်ဝမ်းနည်းယူကြုံးမရဖြစ်နေတာမြင်ရတော့ ခင်ခင်လည်းခံစားရပါသည်။
သို့ သော်..မောင်မောင့်အနားမှာခင်ခင် ကြာကြာအားပေးချိန်မရလိုက်ပါ…
ခင်ခင့်အလုပ်ရှိရာသို့ ပြောင်းရပါလေပြီ။
့အစိုးရမူလတန်းပြဆရာမလေးလျှောက်ထားဆဲတွင်..ပဲခူးတိုင်းထဲမှ ရွာလေးတစ်ရွာ၏တွဲဖက်အလယ်တန်းကျောင်းတွင် ဆွဲခန့် ဆရာမ အလုပ်ရသဖြင့် ထိုရွာသို့ ခင်ခင် ပြောင်းနေရသည်။အစိုးရခန့် မဟုတ်ပေမယ့်ရွာမှပေးသောလခကသိပ်မနည်းပေ…။ခင်ခင်နေရသောအိမ်မှ ထမင်းချက်ကျွေးသဖြင့်  လခကအသားတင်ရသဖြင့်ကျောင်းစရိတ်စုနိုင်သည်။
မောင်မောင်ကတော့အချိုရည်စက်ရုံမှာအလုပ်ရပြီးလူပျိုဆောင်မှာအခန်းပေးပေမယ့် မလုံမခြုံတဲအိမ်လေးထဲမှာအမေတစ်ယောက်တည်း ရှိနေတာ မကြည့်ရက်သောကြောင့် အတူပြန်နေပေးသတဲ့…။
ခင်ခင်လည်း အဝေးသင်ဒုတိယနှစ်ဖြေပြီးသည်အထိလျှောက်ထားသော အစိုးရခန် ဆရာမအလုပ်မရသေးသဖြင့် ထိုရွာလေးတွင်သောင်တင်နေသည်။
နွေရာသီကျောင်းပိတ်ရက်ဆိုလျှင်တော့ ခင်ခင့် မှာသွားစရာနေရာမရှိပေ…။ အလုပ်လုပ်နေတုန်းကမသိသာပေမယ့်  အချိန်တွေအားသွား လျှင်မိမရှိ ၊ဖမရှိ၊ဆွေမျိုးမရှိသည့် ခင်ခင့် ရင်ထဲအားငယ်စိတ်တွေအလိုလိုဝင်လာ၏။ထို့ ကြောင့်အချိန်ကိုအအားမထားဘဲ နွေရာသီမှာ ကလေးတွေကိုယဉ်ကျေးလိမ္မာသင်တန်းလေးသင်ပေးရန်ရွာလူကြီးများကိုခွင့်တောင်းတော့ဝမ်းသာအားရခွင့်ပြုသည်။သည်တော့မှ ..ခင်ခင့် အချိန်တွေ ကိုအကျိုးရှိရှိအသုံးချခွင့် ရသွားလို့ ဝမ်းသာကြည်နူးရ၏။
ထိုရွာကစံပြကျေးရွာလေးဖြစ်ပြီးအလုပ်အကိုင်တွေလည်းအဆင်ပြေကြသောကြောင့် မိဘများကကလေးတွေကိုကျောင်းထားပေးနိုင်တာ
ကြည့်ပြီး ခင်ခင်ဝမ်းသာမိသည်။နောက်ထပ် ..ကြွက်နီတွေ..ဘုမတွေ..မရှိစေချင်တော့ပါ…။ ထို့ ကြောင့်ထိုရွာတွင်ကျောင်းမနေရသည့်ကလေးမရှိရအောင်ခင်ခင်တတ်နိုင်သလောက်ကြိုးစားပါသည်။ကြာတော့ ရွာခံများလည်း ခင်ခင့်စေတနာကိုနားလည်လာကာ ထိုရွာလေးသည်ခင်ခင့် ဆွေရွာမျိုးရွာဖြစ်လာလေသည်။
ခင်ခင်တတိယနှစ်အဝေးသင်ရောက်တော့ထိုတွဲဖက်အလယ်တန်းကျောင်းလေးကအစိုးရကျောင်းဖြစ်လာ၏။ထိုအခါ..ကျောင်းအုပ်ကြီးနှင့် 
တကွ ရပ်မိရပ်ဖများ၏ထောက်ခံမှုနှင့်အတူ ထိုကျောင်းမှာပဲ အစိုးရခန့်ဆရာမအလုပ်ပြန်ဝင်ရတော့ခင်ခင်ပျော်လိုက်တာ..
ထိုရွာလေးပေါ်ထားသည့်ခင်ခင့် စေတနာတွေရောင်ပြန်ဟပ်ခြင်းပင်…။
ထို့ ကြောင့် တစ်ကောင်ကြွက်ခင်ခင်သည်ထိုရွာလေး၏မေတ္တာရိပ်မှာခိုရင်းကလေးတွေကိုစာဆက်သင်ပေးနေသည်။
မောင်မောင်လည်း စက်ရုံမှာအဆင်ပြေနေသည်ဟုကြားပေမယ့် ခင်ခင်တို့ မဆုံဖြစ်ပါ..။
သို့ သော်..ခင်ခင့် ရင်ထဲမှာတော့မောင်မောင်အမြဲရှိနေပါလေ၏။
Xxxxxxxxxxxxxxxxx
( ၁၃ )
ကလေးတွေအတွက် ..ယဉ်ကျေးလိမ္မာစာစောင်လေးတွေ…ပုံပြင်စာအုပ်လေးတွေဝယ်မည်ဟုအကြောင်းပြကာ ရန်ကုန်တက်လာသောခင်ခင် သည် မောင်မောင့်ကိုတွေ့ ချင်တာလည်းပါပါ၏။
သူနှင့် မောင်မောင်ခွဲခွာရတာကြာပါပေါ့ လား….
အဝေးသင်စာမေးပွဲဖြေတော့လည်းခင်ခင်ကပဲခူးမှာဖြေပြီးမောင်မောင်ကရန်ကုန်မှာဖြေသည်မို့ မဆုံရပါ။ မောင်မောင့် ကို သတိရတဲ့အခါစာရေးပေမယ့် ခင်ခင်စာဆယ်စောင်လောက်ထည့်မှမောင်မောင့်ဆီမှစာတိုလေးတစ်စောင်တစ်လေသာရ၏။ သူမအားလို့ နေမှာပါဟုဖြေပေမယ့် ခင်ခင်ဝမ်းနည်းမိသည်။
ဘယ်နေရာရောက်ရောက်ထက်မြက်ပြီးကြိုးစားသည့်မောင်မောင်နေရာရမှာပါဟုခင်ခင်ယုံပါသည်။
အလုပ်အဆင်ပြေလို့ စိတ်အေးရတာကသပ်သပ်..လွမ်းတာကလွမ်းတာပဲမို့ ခင်ခင်မောင်မောင့်ဆီလာခဲ့ခြင်းပင်…။
တဲတန်းလေးရောက်မှ မောင်မောင့် အမေရောအချိုရည်စက်ရုံမှာလိုက်နေတာသိရလေသည်။
ခင်ခင်လည်းမောင်မောင်နှင့် မတွေ့ ရသောကြောင့် နွမ်းလျစွာဖြင့် တဲတန်းလေးမှလှည့်အပြန်ငယ်သူငယ်ချင်းမိဂျမ်းနှင့် ဆုံ၏။
“ ဟဲ့ ..ဘုမ လား..မှတ်တောင်မမှတ်မိဘူးအေ..ညည်းကဆရာမကြီးဖြစ်နေပြီဆို…”
“ဆရာမကြီးမဟုတ်သေးပါဘူး…ခုမှမူလတန်းပဲသင်ရသေးတာပါဟယ်”
“ဘာဖြစ်ဖြစ်ညည်းကစာတတ်ပေတတ်ကြီးဖြစ်တော့ကျုပ်တို့ ထက်တော့သာတာပေါ့ ...”
“ဒီလိုပါပဲမိဂျမ်းရယ်..နင်အခုဘာလုပ်နေလဲ”
“ငါလား..အတည်မရှိပါဘူး…ငါ့ လင်လုပ်တာလိုက်ကူလုပ်နေရတာပါ..ကြုံရာကျပန်းပေါ့ ”
“နင်ကယောင်္ကျားရနေပြီလား..ငါတောင်မသိဘူး”
“ဟဲ့ …ရတာကြာပေါ့ .. ကလေးတောင် ၂ယောက်ရှိပြီ..ညည်းလည်းရည်းစားတွေဘာတွေရှိနေပြီလား”
“မရှိပါဘူးဟယ်..ဘွဲ့ ရအောင်ကြိုးစားရဦးမှာ..ဒါတွေခေါင်းထဲမထည့်အားပါဘူး..”
“ညည်းသာခေါင်းထဲမထည့်တာ..မောင်မောင်က တော့ စက်ရုံမှူးသမီးနဲ့ ဘာလိုလိုအေ့ ”
“ဟင်..ဟုတ်လို့ လားဟယ်..”
“ဟုတ်ပါ့ တော်..ငါ့ တို့ တဲတန်းကအကောင်တွေအဲ့ ဒီစက်ရုံမှာနေ့ စားသွားလုပ်ရင်းတွေ့ လာတာ…
သူတို့ ကအမြဲတမ်း အတူတူရှိနေတာတဲ့ ..”
ကြားလိုက်ရသည့်သတင်းကမောင်မောင့်ကိုတွေ့ ချင်လို့ ခရီးအဝေးကြီးမှအပြေးလာရသည့်ခင်ခင့် ကိုရင်ဝဆောင့်ကန်
လိုက်သလိုပင်…။ဒါကြောင့်ခင်ခင့် ဆီမောင်မောင်စာမပြန်တာကိုး…
ရက်စက်လိုက်တဲ့ မောင်မောင်…
အို..ဒါ…ရက်စက်တာတော့လည်းမဟုတ်ပါဘူး…
မောင်မောင်ဟာခင်ခင့် အပေါ်တကယ့်နှမအရင်းလေးလို စောင့်ရှောက်ခဲ့တာပဲ..
မောင်မောင့်ရည်းစားဆိုရင်..ခင်ခင့် ယောင်းမလောင်းပဲပေါ့ 
စက်ရုံမှုးသမီးနှင့် ဆိုတော့ ခင်ခင်သဘောတူရမှာပေါ့ ..
ဒါပေမယ့် ..ခင်ခင့် ရင်ထဲမှာဖြစ်ပေါ်နေသည့်နာကျင်ဆို့ နင့် စူးရှသည့်ခံစားမှုကြီးကဆိုးလှချည်လား..
ခင်ခင့် နှလုံသားထဲစိတ်ဝိညဉ်ထဲမှာ အတူစားအတူသွားအတူနေခဲ့သည့်ငယ်ကျွမ်းဆွေမောင်မောင်တစ်ယောက်ပဲရှိပေ မယ့် မောင်မောင်ကတော့တစ်ခြားမိန်းကလေးတယောက်ကိုချစ်သွားပြီတဲ့လား…
မျှော်လင့် တွေးထင်ထားသလို မောင်မောင်ဟာခင်ခင့် ဘ၀ခရီးဖော်မဟုတ်နိုင်တော့ဘူးပေါ့ ...
ထိုညက နှမြောတသ၀မ်းနည်းခြင်းများဖြင့် ခင်ခင်ကြေကွဲစွာဖြင့် ငိုမိပါသည်။
( ၁၄ )
ခင်ခင်သည်ညောင်ပင်ကြီးအောက်ခြေရှိအခုံးခုံးထနေသည့်သစ်မြစ်များပေါ်မှာထိုင်ရင်း ခပ်ဝေးဝေးတွင်မြင်နေရသော ချောင်းစပ်မှ ဗေဒါပင်လေးများကို ငေးမောနေမိသည်။
ဒီဗေဒါလေးတွေဟာ ထာဝရရပ်နားဖို့ နေရာရယ်လို့ မရှိဘဲ ချောင်းရေနဲ့ အတူစုန်ရ..ဆန်ရ နဲ့ ပင်ပန်းလိုက်တာ…
ဒါပေမယ့်  ဘယ်တော့မှမပင်ပန်းသလို အမြဲပြာလွင်တောက်ပတဲ့အဆင်းနဲ့ သူတို့ လှနေတာပါပဲလား..
ခင်ခင့်မှာတော့နှလုံးသားလေးပင်ပန်းနေပါပြီ…။
လက်ထဲတွင်ဆုပ်ကိုင်ထားသောအကြိမ်ကြိမ်ဖတ်ပြီးနေသည့်မောင်မောင့်စာကို ဖြန့်ကာပြန်ဖတ်မိသည်။
“ ခင်ခင်
နင်.. စာမေးပွဲဖြေနိုင်လား…ငါတော့ဖြေနိုင်တယ်
ဘာလိုလိုနဲ့ ငါတို့ ဘွဲ့ ရတော့မယ်နော်..နင်ဝမ်းမသာဘူးလား
နင် ရန်ကုန်လာတုန်းကတဲတန်းလေးဘက်လာသေးတယ်ဆို ၊ ငါလည်းနင့် ကိုတွေ့ ချင်နေတာပါ။
ဒါပေမယ့် …ခုအလုပ်ထဲမှာနေ့ ရောညရောအချိန်ပေးထားရတယ်ဟာ…။
နင့် ကိုကြွားရဦးမယ်…ငါလခတိုးသွားပြီဟ…ဦးဇင်းနဲ့ အမေ့ ကိုပိုပြီးကန်တော့နိုင်တော့မှာမို့ ငါဝမ်းသာတယ်။
နင်လည်း ရန်ကုန်ရောက်တိုင်း ဦးဇင်းကျောင်းကိုလာကန်တော့တယ်လို့ ဦးဇင်းပြောပါတယ်။
နင်အဲ့ ဒီရွာလေးမှာအဆင်ပြေပြေနေရတာငါသိပ်ဝမ်းသာတယ်
ငါနင့်ကိုတိုင်ပင်စရာတခုရှိလို့ လူချင်းတွေ့ ပြီးပြောပြချင်တယ်..
တန်ဆောင်မုန်းလပြည့်နေ့ နင်ရန်ကုန်လာခဲ့ပါလား…
တဲတန်းလေးကိုပဲလာခဲ့လေ..ငါစောင့်နေမယ်..
မောင်မောင်”
ဒီနေ့ တန်ဆောင်မုန်းလပြည့်ကျော်သုံးရက်ရှိပါပြီ။မောင်မောင်ချိန်းတဲ့နေ့ ခင်ခင်ရန်ကုန်မသွားခဲ့ပါ။
စာထဲမှာရေးထားသည့်မောင်မောင်တိုင်ပင်မယ်ဆိုတာ သူ နဲ့ စက်ရုံမှူးသမီးအကြောင်းပဲနေမှာပေါ့ …။
ကိုယ်တွယ်တာရသူကတခြားမိန်းကလေးတစ်ယောက်ကိုချစ်နေတဲ့ အကြောင်းတွေပြောပြမှာခင်ခင် နားထောင်နိုင်ဖို့ အင်အားမရှိသောကြောင့် တွေ့ ချင်မြင်ချင်လှသောမောင်မောင့်ဆီမသွားတော့ပေ…။
ငါ..နင့် ကိုသိပ်လွမ်းနေတာပါမောင်မောင်ရယ်..နင့် ကိုညတိုင်းတမ်းတပြီးငိုနေရတာပါ..ဒါပေမယ့် .. နင့် ကိုငါလာမတွေ့ ချင်ဘူး..နင့် နုတ်ဖျားကငါမဟုတ်တဲ့မိန်းကလေးတစ်ယောက်အကြောင်းမြတ်မြတ်နိုးနိုးပြောမှာလည်းငါမကြားချင်ဘူး…
နင်ငါ့ ကိုဘာမှမပြောပါနဲ့ နော်..
“ခင်ခင်…”
မောင်မောင့်ကိုတိုင်တည်ပြီးစိတ်ထဲမှာစကားတွေပြောနေသောခင်ခင့်နားထဲတွင်မောင်မောင့်ခေါ်သံလိုလိုကြားလာသည်။ အို..ခင်ခင်နားကြားလွဲတာများလား…..
“ဟေး..ခင်ခင်ရေ..ခေါ်လိုက်ရတာ..ဘာတွေများစိတ်ကူးယဉ်နေရတာလဲ..ဟ”
အို..ဒါမောင်မောင့်အသံအစစ်ပဲ..
ခင်ခင် နောက်ဘက်လှည့်ကြည့်လိုက်သောအခါ ပြုံးပြီးရပ်ကြည့်နေသောမောင်မောင့်ကိုမြင်ရ၏။
မောင်မောင်က ပိုကြံ့ ခိုင်လာသည့်ခန္ဓာကိုယ်ဖြင့် တ ကယ့်ယောင်္ကျားရင့်မကြီးလိုပင်..။
မတွေ့ ရသည့်အချိန်တွေမှာ မောင်မောင်ဒီလောက်ပြောင်းလဲသွားရသလား..
“နင်ကတော့ ဘာမှမပြောင်းလဲဘူး..အရင်အတိုင်းပါပဲလားခင်ခင်..”
မောင်မောင့်ကိုတွေ့ ရတာရန်ခုန်ဝမ်းသာနေပေမယ့် ခင်ခင့်နုတ်မှပြောမိသည်ကရန်တွေ့ စကားပါ
“ငါကဘာပြောင်းလဲရမှာလဲ..နင့် လိုမှတ်လို့ လား..မပြောမဆိုနဲ့ ဒီရွာကိုဘာလာလုပ်တာလဲ..”
“ဟ..ဒီရွာလာပါတယ်ဆိုမှနင့်ကိုတွေ့ ချင်လို့ပေါ့ ..ဒါကြောင့်ကျောင်းပိတ်ရက်ရွေးလာတာ..
အရေးထဲ …ဆရာမကလည်းအိမ်မကပ်ဘဲလျှောက်သွားနေတော့ဧည့်သည်ကဒီထိလိုက်လာရတာပေါ့ ”
အို..မောင်မောင်စကားတွေသွက်နေပါလား..အရင်လိုမဟုတ်တော့ဘူး...
“ ကဲ..ဒါဆိုလည်းငါနေတဲ့အိမ်လိုက်ခဲ့ လေ”
“နေပါဦး..ဒီနားလေးကအရိပ်ကောင်းလို့အေးနေတာပဲ..ဒီမှာပဲနေမယ်..
ဒါနဲ့ ..နင်လပြည့်နေ့ က ဘာလို့ မလာတာလဲ..ငါကတော့မနက်ကတည်းကတဲတန်းလေးမှာသွားစောင့်နေတာ..”
“ငါ…မအားလို့ …”
“မညာပါနဲ့ …အခါကြီးရက်ကြီးဆိုရွာမှာဘယ်ကျောင်းမှမဖွင့်ပါဘူး..နင်မလာချင်လို့ မှတ်လား”
“ဟုတ်တယ်..မလာချင်လို့် ..ဘာဖြစ်လဲ”
“ဟာ..ဘာလို့စိတ်တိုနေရတာလဲ..နင်နဲ့ ငါခုလိုအေးအေးဆေးဆေးမတွေ့ ရတာဘယ်လောက်တောင်ရှိနေပြီလဲ.. စကားပြောရအောင်..နင့်ကိုငါတိုင်ပင်စရာရှိလို့ပါဆို”
ပြုံးစိစိနှင့် နောက်သလိုပြောနေသည့်မောင်မောင့်ကိုကြည့်ုပြီးခင်ခင်သည်းမခံနိုင်တော့ဘဲပေါက်ကွဲတော့သည်။
“ဘာမှလာမတိုင်ပင်နဲ့ ..ဘာမှမကြားချင်ဘူး..နင်ဟာတော်တော်ရက်စက်တယ်မောင်မောင်..
ငါစာတွေရေးတိုင်းမပြန်ဘဲခုလိုနင့်ရည်းစားအကြောင်းမှဘာလို့ ငါ့ကိုလာပြောရတာလဲ..သွား.နင်ပြန်တော့ ”
“ဟားဟားဟား..ငတုံးမ…နင်ဟာလေ..ဆရာမသာလုပ်နေတာအရင်လိုပဲညံ့နေတုန်းပါလား”
“ဘာ..ဘာညံ့တာလဲ..”
“ငါတဲတန်းလေးရောက်တုန်းကမိဂျမ်းပြောပြတယ်..အရင်တခေါက်နင်လာတုန်းကမိဂျမ်းက ငါနဲ့ စက်ရုံမှူးသမီးနဲ့ ကြိုက်နေတာလို့  နင့် ကိုပြောလိုက်တယ်ဆို..”
“ဟုတ်တယ်လေ..နင်ငါ့ ကိုလာတိုင်ပင်မှာလည်းစက်ရုံမှူးသမီးအကြောင်းပဲမှတ်လား”
“အဲ့ ဒါကြောင့် နင့် ကိုညံ့တယ်လို့ပြောတာပေါ့ ဟ.. ဘယ့်နှယ့်ဗျာ. ကိုယ့်ရည်းစားစကားပြောမယ့်သူကိုလည်း သူများရည်းစားလို့ ထင်လိုထင်…”
အို..မောင်မောင့်စကားကဘယ်လိုပါလိမ့်…ဒါဆို…သူက..သူက..
“ဒီမယ်ခင်ခင်…နင်နဲ့ ငါဟာကလေးဘ၀ကတည်းကသူများတွေထက်ဆိုးနိမ့်တဲ့ ဘ၀နဲ့ အတူတူကြီးပျင်းလာခဲ့ရတယ်.. အတူတူကြိုးစားလာခဲ့ရတယ်.အတူတူရှင်သန်လာခဲ့ရတယ်..
ငါ့ ဘ၀မှာ နင့်လောက်ရင်းနှီးတွယ်တာရမယ့်မိန်းကလေးမရှိပါဘူးဟာ..”
“ဟင်..ဒါဆို..နင်နဲ့ စက်ရုံမှူးသမီးမကြိုက်ဘူးပေါ့ ”
ဒါကိုဒီဆရာမကြီးကလည်းယုံတာပဲ”
“ဘယ်သိမလဲ..နင်ကငါစာရေးတိုင်းလည်းပြန်မှမရေးတာ”
“အော်..ငါနေ့ ရောညပါ အလုပ်လုပ်နေရတယ်လို့ ပြောထားတယ်လေ…
ဒီမှာခင်ခင်..နင့်လောက်လည်းငါ့ဘ၀ကိုဘယ်သူမှနားလည်ပေးနိုင်မှာမဟုတ်ဘူး
ငါ့လောက်လည်းနင့် ဘ၀ကိုဘယ်သူမှနားလည်ပေးနိုင်မှာမဟုတ်ဘူး
နင်နဲ့ ငါဟာ..လောကဓံတိုက်ပွဲကိုအတူတူနွှဲရမယ့် ရဲဘော်ရဲဖက်တွေပါ”
“အော်.နင်က တိုက်ပွဲနွှဲဖို့ ငါ့ ကိုအဖော်ညှိနေတာလား”
“အေးလေ…ဘာလို့ အဲလိုအဖော်ညှိလည်းသိလား”
“မသိဘူး”
“အော်..နင့်ကိုချစ်လို့ ပေါ့ ..ဘုမရ.နင့်ကိုချစ်လို့..သိပြီလား”
“ဟယ်..တိုးတိုးပြောပါဟဲ့ ..သူများတွေကြားကုန်ပါဦးမယ်
ပြောမယ့်ပြောတော့လည်းအသံကျယ်ကြီးဖြင့် ချစ်တဲ့ အကြောင်းအားရပါးရအော်နေသူကြီးကိုခင်ခင်အတင်းပါးစပ်ပိတ်လိုက်ရပါတော့သည်။
xxxxxxxxxxxxxxx
( ၁၅ )
“၀ါးးးးမိုက်တယ်..ဖေဖေနဲ့ မေမေ့ဇာတ်လမ်းက TV မှာလာနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေထက်လန်းတယ်”
“ဟဲ့ ..ဒီကောင်လေးတော့.. ကိုမောင်ရေ…ကလေးတွေကိုဘာလို့ ဒီအကြောင်းတွေပါပြောပြရတာလဲ”
“ဘာဖြစ်လဲကွ..မင်းကလည်း..ဒီခေတ်ကလေးတွေကနားလည်သိတတ်နေပါပြီ။ ခုအရွယ်ကတည်းက
ပြောပြထားမှအိမ်ထောင်ဖက်ဆိုတာဘယ်လိုလည်းဆိုတာသိသွားမှာပေါ့ ..
ကဲ..သားနဲ့ သမီး..ဖေဖေတို့ ငယ်ဘ၀ကိုသိသွားပြီဆိုတော့ဘယ်လိုခံစားရလဲ..ပြောပါဦး”
“သားကတော့ကြိုက်တယ်.. ဖေဖေ ကတကယ့်ဟီးရိုး..ပဲ ”
“အမယ်..ဒီကောင်..သားအဖချင်းမြှောက်နေပြန်ပြီ..သမီးကရော..ဟင်..သမီးငိုနေတာလား”
“ဟင့် ..ဟင့် ..သမီးလေ..ဖေဖေနဲ့ မေမေတို့ ဒီလိုရုန်းကန်လာခဲ့ရတာမသိဘဲအမျိုးမျိုးပူဆာမိတာ
တွေးမိပြီးဝမ်းနည်းလို့ပါ…”
“သြော်..သမီးရယ်..ခုသိပြီပဲ…ဖေဖေနဲ့ မေမေအိမ်ထောင်ပြုပြီးတော့ခုနေရတဲ့ ဘ၀ရောက်လာအောင်သမီးတစ်သက်ဖေဖေတို့ ရုန်းခဲ့ရတာပဲ..
သမီး အနေနဲ့ ချမ်းသာတဲ့ သမီးသူငယ်ချင်းနဲ့ ယှဉ်ပြီးအလိုမကျပေမယ့် ဖေဖေတို့ ကတော့ကိုယ့်ဘ၀ကိုယ်ကျေနပ်တယ်သမီး…
သမီးမြင်ခဲ့တဲ့ တဲတန်းလေးမှာနေရတဲ့ ဘ၀ကနေ …ခုလိုရပ်ကွက်လေးတခုမှာအိမ်သေးသေးလေးတစ်လုံးပိုင်ဆိုင်နိုင်တာ…၊ ပညာတတ်ဘ၀နဲ့ သားနဲ့ သမီးကိုလူလားမြှောက်အောင်ရှာကျွေးနိုင်တာ ဖေဖေတော့ဂုဏ်ယူတယ်..
ရှေ့ မှာပြောခဲ့သလိုပဲ သုညကနေစခဲ့ရတဲ့ ဖေဖေတို့ အတွက်ရှိတဲ့ ဖန်ခွက်ထဲကရေတစ်ဝက်ဟာ အားတက်မက်မောစရာပါ…
ခုသမီးတို့ အလှည့်မှာတော့..ဖေဖေတို့ ရှာပေးခဲ့တဲ့ ရေတစ်ဝက်ကနေ တစ်ခွက်လုံးပြည့်အောင်ဆက်ဖြည့်ပါ..
သမီးတို့ သားတို့ ဒီလိုဖြည့်နိုင်ဖို့ ဖေဖေတို့ ကအသိဥာဏ်နဲ့ ပညာကိုလက်နက်အနေနဲ့ တပ်ဆင်ပေးမယ်..ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါဖေဖေ..သားလည်းဖေ့ဖေ့တုန်းကလိုဂုဏ်ထူးတွေအများကြီးနဲ ဆယ်တန်းအောင်အောင်ကြိုးစားပါ့ မယ်..”
“သမီးလည်း နောက်ဆိုဖေဖေပြောသလို..ရေတစ်ဝက်ကြီးများတောင်ရှိသေးတာပါလား လို့ ပဲပြောမှာပါ”
“ဒီလိုမှပေါ့ ..ဖေ့ဖေ့သမီးနဲ့ သားကလိမ္မာပြီးသား..အဲ့ ဒါဖေဖေနဲ့ တူလို့ ..”
“ဟင်းနော်…အဖေကြီး..အကောင်းပြောနေရာကဖောက်လာပြီ.. ကဲ..သွားအိပ်ကြတော့..ညဥ့်နက်နေပြီ..”
“မနက်ဖြန်အမေ့ တရားရိပ်သာသွားရင်းအပြန်ဦးဇင်းသုမနကို လည်းသွားလျှောက်ရမယ်.. ကလေးတွေကိုပြောပြပြီးပါပြီလို့ ”
“ကောင်းတယ်ကိုမောင်..ဒါဆိုဦးဇင်းလည်းဝမ်းသာမှာ…ကလေးတွေမသိဘူးဆိုလို့သာသူ့မှာအပြောအဆိုဆင်ခြင်နေရတာ..
အတိတ်ကအကြောင်းတွေပြောချင်နေတာ”
“ဟုတ်ပါ့ကွာ..အသက်ကြီးလာရင်အတိတ်ကိုပိုတမ်းတတ်တယ်ဆိုတာခုလက်ခံသွားပြီ”
“အမယ်..သူကတော်တော်ကြီးနေတာကိုး..ပြောပါဦး..ဘာတွေကိုတမ်းတမှာလဲ…”
“ဟိုလေကွာ..အတမ်းတချင်ဆုံးကတော့ မင်းစာသင်တဲ့ရွာလိုက်လာပြီး ညောင်ပင်ကြီးအောက်မှာ
ရည်းစားစကားအကျယ်ကြီးအော်ပြောတာကိုလေကွာ..
“တော်ပါ.. ကလေးကလားနဲ့ ..ကြွက်နီနော်..တော်တော်ကဲ”
“ပျော်လို့ ပါဘုမရာ..ဟားဟားဟား”
....................
ကြာဖြူနွယ်
1 comment: