Thursday, November 14, 2013
“ အစိမ်းရင့် ကောင်းကင် ”
ကောင်းကင်ဆိုသည်မှာ အရောင်အမျိုးမျိုးပြောင်းတတ်ပါ၏။
ညနေခင်းမှာ  သက်တန့် ကွေးဖြင့်  လှပသော အပြာရောင်ကောင်းကင်
လျှပ်နွယ်လျှပ်ပန်းများဖြင့်  တန်ဆာဆင်ထားသော ညိုမှိုင်းသည့် ကောင်းကင်
နက်ရှိုင်းမှောင်မိုက်နေသော အမည်းရောင်ကောင်းကင်
အမျိုးမျိုးသောအရောင်တို့ ပြောင်းလဲပြီး မြင်ဖူး ၊  ကြုံဖူးခဲ့သည့် ကောင်းကင်ကြီး ဟာ ယခုတော့ဘယ်သောအခါမျှမမြင်ဖူး၊ မတွေ့ ဖူးသောအရောင်ဖြင့်  စိမ်းကားစွာ စိုက်ကြည့်နေပါပကောလား…
ကောင်းကင်ကြီး …. စိမ်းနေပါသည်
မြစိမ်းရောင် ကဗ္ဗလာ ဖြန့်  ကျ က်ထားသည့်အလား….
တစ်မိုးလုံး ဖုံးလွှမ်းထားသည် က အစိမ်းရင့် ကောင်းကင်….
Xxxxxxxxxxxx
လေယဉ်ကြီး က အမြင့် ဝေဟင်ကောင်း ကင်ပြင်ထဲတွင်  အရှိန် မှန်မှန်ပျံသန်းနေဆဲ….
မေဇင် ပြောသမျှ ခေါင်းတညိတ်ညိတ်နားထောင်နေသည့် ဂျပန်မကြီး အိပ်ပျော်သွားမှ မေဇင့် ရင်ထဲပေါ့ ပါး သွားရသည်။
သည်တစ်ခေါ က်မြန်မာပြည်အနှံ့  ၁၀ ရ က်တာ လို က်ပို့ ရသည့်ခရီး မှာမေဇင် တော်တော်ပင်ပန်းခဲ့ပါသည်။
အသက်၆၀ ကျော်ဂျပန်မကြီး က မြန်မာပြည် လာချင် လွန်းလို့ တစ်ယော က်တည်း တကူးတကလာခဲ့ပါသတဲ့ …
ဂျပန်မှာရောင်းသည့် မြန်မာဆိုသည့် စာအုပ်ထဲတွင်ရေးထားသောမြန်မာ့ ယဉ်ကျေးမှု ရိုးရာ ဓလေ့ စရိုက် ၊အစားအစာနှင့် တန်ခိုးကြီး ဘုရားအကြောင်းများအားသေသေချာချာလေ့လာဖတ်ရှုထားသည့်ဂျပန်မကြီးက ရောက်ရာအရပ်မှာ တကယ်တွေ့ ရသည်နှင့်  သူဖတ်ထားတာကွာလို့ ကတော့မေးမြန်းမဆုံးတော့ပေ…။
မေဇင် ကိုယ်တိုင်က အတွေ့ အကြုံရှိပြီး စေ့စေ့စပ်စပ်သိထားသဖြင့့်ဂျပန်မကြီးမေးသမျှဖြေနိုင်လို့ သာတော်ပါတော့သည်။ မအူမလည် နှင့် ခုမှ သင်တန်း   ဆင်းခါစ ဧည့်လမ်းညွှန်သာဆိုလျှင်တော့ အရှက်ကွဲလိုက်မည့်ဖြစ်ခြင်း…
ခုတော့ မေဇင် ရှင်းပြသမျှဂျပန်မကြီးနားလည်သဘောပေါက်သွားပြီးအိပ်ပျော်နေပြီမို့ စိတ်လွတ်လပ်စွာဖြင့်  ဘေးလေယဉ်
မှန်ပြူတင်းလေး မှ တဆင့် မြင်ရသောအပြင်ကို လှမ်းကြည့်လိုက်တော့….
အို….လှလိုက်တာ…
ဖွေးဆွတ်နေသည့် ၀ါဂွမ်းဖြူတိမ်စိုင်လိပ်တွေ အပြည့်နှင့်  မေဇင်မြင်လိုက်ရသည် က အဖြူရောင်လွှမ်းသော ကောင်းကင်ပြင်ကြီးပါ ။
ကလေးဘ၀တုန်းကတည်းက မေဇင် သဘောကျလှသည့်  တိမ်တွေ အများကြီးပါပဲလား…
အယ် …မေဇင့် နောက်ကို လေယဉ်နှင့် အတူလိုက်ပါလာသည့် တိမ် စိုင်ခဲကြီး က ပုံအမျိုးမျိုးပြောင်းသွားပြန်ပြီ….။
ဟော….ခုန ကပဲ တောင်ကုန်းလေးလို ပုံပေါ်နေတာ…ခု ရှည်မျောမျော ဖြစ်သွားပြန်ကာ ဘာလေးနဲ့ တူပါလိမ့်…
အော…သိပြီ ၊ ဟိုဘက်က အစွယ်ရှိတဲ့ မြွေခေါင်းလေး..ဒီဘက်မှာ ရှည်ရှည်လေးကော့ထွက်နေတာက အမြီးပေါ့ ..အဲတော့…ဟုတ်ပါရဲ့ ..မြွေဟောက်လေးပါပြင်းထောင်နေတာနဲ့ တူလိုက်တာ..
ကြည့်ပါဦး…မေဇင် တစ်သက်လုံးပုံဖော်ပြီးကြည့်လာတာဒီလိုမြွေဟောက်ပုံပေါ်လာတဲ့ တိမ်လိပ်မျိုးမတွေ့ ဖူးပါဘူး …မေဇင့် နောက် မြွေဟောက်လေးပြေးလိုက်လာပါလား..အဲ…ပုံပြောင်းမသွားခင်ထူးဆန်းတဲ့ တိမ်မြွေလေးကိုမေဇင်သေချာကြည့်ဦးမယ်
ဟော..ပုံနည်းနည်းပြောင်းလာပြီ..ပြောင်းလာပြီ..
“ ဒီမှာ...ဒီမှာခင်ဗျား ”
“လေယဉ်ဆင်းခါနီးလို့ ခါးပတ်ပတ်ခိုင်းနေတာမပတ်သေးလို့ သတိပေးတာပါခင်ဗျာ"
အို..ဟုတ်ပါရဲ့ …ရန်ကုန်လေဆိပ်ကိုတောင် လေယဉ်ဆင်းတော့မှာပါလား..
ကြည့် ပါဦး…အမြဲတမ်း မေဇင် ကသာ အတူတူပါလာသည့် ခရီးသွားဧည့်သည်တွေကိုသတိပေးနေကျပါ…။
သည်တစ်ခေါက်တော့ မေဇင်တို့ သတိလွတ်သွားပုံများ… လေယဉ်မောင်ကတောင်လာပြောနေရပါလား..။
အမြဲ လေယဉ်စီးနေရတဲ့ ဧည့်လမ်းညွှန်လုပ်နေပြီး ဒီလို ဖြစ်ရတာ  ရှက်စရာပဲ…။
ရှက်ရှက်နှင့် မေဇင်ခါးပတ်ပတ်ပြီး သည်အထိရပ်နေရာ မှ မသွားသေးသည့် လေယဉ်မောင်ကိုကြည့်လိုက်တော့ မေဇင့် ကို ပြုံး ချင်သလိုကွေးညွတ်နေသည့် နုတ်ခမ်းရဲရဲလေးကိုသတိထားမိသည်။
ချောလိုက်တာ…မြင့် မားထောင်မောင်းသည့်အရပ် ၊ ဖွေးဆွတ်သောအသားအရည် နှင့် နုတ်ခမ်းရဲရဲလေး ပိုင်ဆိုင်ထားသော ကိုလူချော၏အကြည့်က ရင်ဖိုစရာပင်…
ဟွန်း… ခါးပတ်လေးပတ်ဖို့ မေ့သွားတာ နဲ့ လူကိုများ ကြည်စယ်ချင်သလိုလို ပြုံးပြီးကြည့်နေတယ်….ဘာမှန်းလည်းမသိဘူး..
မေဇင်သည် တလှပ်လှပ်ခုန်နေသောရင်ကိုထိန်းပြီး လေယဉ်မောင်လူချောလေးကိုနုတ်ခမ်းစူကာမျက်စောင်းထိုးလိုက်ပါတော့သည်။
xxxxxxxxxxxxxxxxxxxx
“အဲ့ ဒီအချိန်ကတည်းက နုတ်ခမ်းလေးစူပြီးမောင့် ကို မျက်စောင်းထိုးလိုက်တဲ့ ကောင်မလေးကို ဘယ်လိုချစ်သွားမှန်းမသိဘူး…”
မောင့်အပြောကြောင့်  မေဇင် ကြည်နူးစွာဖြင့်  မောင့်ရင်ခွင်ထဲတိုးဝင်ရင်း…
 “ ဟုတ်လို့ လား…မောင်ရယ် ”
“အမယ်..သိပါတယ်နော်…ဒီကလည်းနောက်ပိုင်း  ခရီးသွားတိုင်းမောင် တို့ လေယဉ်လိုင်းပဲ စီးလို့ အပြောတောင်ခံရတယ်”
“ဟားဟား..ကောင်မလေး…မောင့်ကို ချက်ချင်းကြွေသွားတာပဲ ”
“မောင်နော် ”
ရှက်ရှက်နှင့် မောင့် ကို ခပ်ဖွဖွထုလိုက်မိပေမယ့်  အမှန်လည်း မေဇင် မောင့် ကို မြင်မြင်ချင်းခင်တွယ်မိခဲ့ပါသည်။
ရှေးဘ၀ က ရေစက်များ ရှိခဲ့ သလားတော့မသိပေ…
မောင် နဲ့ မေဇင်တို့ နှစ်ဦးသည် မြင်မြင်ချင်း သံယောဇဉ်ငြိတွယ်ခဲ့ ကြပါ၏။
မေဇင် လေယဉ်ပေါ်ကအဆင်းမှာမောင်ကဖုန်းနံပါတ်တောင်းတော့ မေဇင်လိုလိုချင်ချင်ပဲပြောပြခဲ့ပါသည်။ နောက်ရက်တွေ
မောင်နေ့ တိုင်းဖုန်းဆက်တော့လည်း ပျော်ရွှင်ရင်ခုန်စွာဖြင့်  မေဇင် တုန့် ပြန်ပြောခဲ့ ပါသည်။
လိုက်ပို့ရသည့် ခရီးသွားဧည့်သည်တွေကို သေချာရှင်းပြနိုင်ရန် ဂျပန်စာလေ့လာဖို့ ၊ မြန်မာပြည်ရာဇ၀င် နှင့် ဘုရားသမိုင်းတွေကျက် ဖို့ လောက်ပဲ အတွေးထဲရှိသည့်မေဇင် သည်မောင့် အကြောင်းစဉ်းစားဖို့ အချိန်တစ်ချိန်သပ်သပ်ထားရပါတော့သည်။.
မောင့် မိဘများက ရှမ်းပြည်မှာပါ… ရန်ကုန်မှာရှိသည့်  မောင့် အမမိသားစုနှင့် အတူနေသောမောင်သည် ဖုန်းထဲမှာပြောဆို
ခင်မင်ပြီး သည့်နောက်ပိုင်း.. လူချင်းတွေ့ ခွင့်တောင်း ၊ အိမ်အထိလာလည် ၊ မေဇင့် မိဘတွေကိုရင်းနှီးအောင် လုပ်ကာ မေဇင့် အချစ်ကိုတောင်းခံလာသည်မှာ အချိန်တိုအတွင်းပင်…
“ အဖြေပေးဖို့ စောပါသေးတယ်…မေဇင် လည်း သူ့ အကြောင်းဘာမှမသိရသေးဘဲနဲ့ ”
“ဟာဗျာ…ကျွန်တော့အကြောင်းအကုန်ပြောပြပြီးပြီလေ… ”
“ဘာပဲဖြစ်ဖြစ် မေဇင်တို့ တွေ့ တာ ဘာမှမကြာသေးဘူး ၊ ခုလိုပြောတာမြန်လွန်းတယ် ”
“လေယဉ်မောင်ပါဆို..လေယဉ်လိုမြန်တာပေါ့ … ခုဖြေ ဖြေ နောက်အချိန်ဆွဲပြီးဖြေဖြေအတူတူပဲမှတ်လား..မေဇင်ရယ် ”
လေယဉ်လို စိတ်မြန်သည့်  လေယဉ်မောင်လူချောလေးသည် အပြောလည်းကောင်းသလိုအချွှဲလည်းကောင်းသည်မို့  အချိန်တိုတိုအတွင်းမှာ မေဇင့်  ရဲ့  မေတ္တပန်းခိုင်လေးမောင့် အပေါ် ကြွေကျသွားရပါပြီ။
ချစ်ကြပြီဆိုတော့လည်း  မေဇင့် အပေါ် ကြင်နာတတ်လွန်း သလိုမောင် က သ၀န်လည်းတိုတတ်လွန်းပါသည်။
မေဇင် တို့ဧည့်လမ်းညွှန်အလုပ် ဆိုတာ.. ယော င်္ကျားမိန်းမ မခွဲခြားဘဲ ကိုယ့်နိုင်ငံ လာသည့် ဧည့်သည် ကို အတတ်နိုင်ဆုံးဝန်ဆောင်မှုပေးရပါသည်။
မေဇင်တို့ နိုင်ငံ ကို တစ်ခါလာပြီးရင်ထပ်လာလည်ချင်အောင် ၊ တခြားသူတွေ ကိုပါ မြန်မာပြည် ကိုလာလည်ဖို့ တိုက်တွန်း
ချင်လောက်အောင် မေဇင် ကြိုးစားပြောပြပေးပါသည်။ဂရု စိုက်ပေးပါသည်။ဘယ်လောက်ပဲ ပင်ပန်းပါစေ… သူတို့ စိတ်ချမ်းသာပျော်ရွှင်စွာဖြင့်  ပြန်သွားရလျှင်မေဇင်ကျေနပ်ပါသည်။
ဒါပေမယ့်….မေဇင့် အလုပ် ကို နားလည်မပေးဘဲ မြင်မြင်ရာယော င်္ကျားတကာနှင့် သ၀န်တိုနေသောမောင့် ကြောင့် စိတ်ရှုပ်ရတာ လည်းအခါခါပင်…။မေဇင့် အပေါ် သည်းသည်းလှုပ် သ၀န်တိုတတ်တဲ့ မောင်ဟာ…
ေ ကာင်းကင်ပြာထဲမှာတရှိန်ထိုး လေဟုန်ခွင်းကာပြေးနေသောတိုက်လေယဉ်တစင်းလိုပင်..။
Xxxxxxxxxxxxxxxxxxxxxx
လေဆိပ်ထဲမှ မေဇင်တို့ ထွက်လာကြသည့်အချိန်တွင် မိုးတွေပြိုကာရွာချတော့မလို ကောင်းကင်တစ်ခွင်လုံးတိမ်မည်းညိုတွေ အုံ့ ဆိုင်းနေပါ၏။
ကားထဲမှာ ရှုတင်းတင်းနှင့် ထိုင်နေသော မောင့် မျက်နှာ အုံ့ မှိုင်းနေတော့မေဇင်မနေတတ်တော့ပါ …
“ မျက်နှာကြီး တင်းပြီး ဘာဖြစ်နေတာလဲ..မောင်  ”
မောင် က မေဇင်မေးတာ မဖြေပေ…
“ ပြောလေ..မောင့် မျက်နှာမကြည်ရင်မေဇင်မနေတတ်ပါဘူး ”
“ တော်ပါတော့မေဇင်ဆန်ရယ်”
“ ကြည့်..ခုန တာကာ့ ရာမ ဆန် ခေါ်သလို လိုက်ခေါ်နေပြန်ပြီ ..ဒါဆိုမေဇင်လည်းပြန်ခေါ်မယ်လေ..မောင်ဆန်လို့  ..ဟိဟိ ”
“ ဟယ်တော့..မောင်ကလည်းလေ…ကလေးကျနေတာပဲ..ဘာလဲခုန လေဆိပ်ထဲမှာ မောင်ရပ်နေတာ နုတ်မဆက်လို့ လား…
သူတို့  Check in ၀င်သွားပြီးလေယဉ်ပေါ်ရောက်တဲ့ အထိ မေဇင့် တာဝန်ရှိလို့ ပါမောင်ရယ် ၊ အရေးထဲ လေယဉ်လက်မှတ်က ကွန်ပြူတာမှာမပေါ်လို့ သေချာပြောပြနေရတာလေ ”
“ပြောလိုက်ရင်ဒီလိုချည်းပဲ ..မင်းဟာမင်းလိုက်ပို့ တဲ့ ဂျပန်တွေလောက်တောင်မောင့် ကို ဂရုမစို က်ပါဘူး”
“ဘယ်လိုပြောနေတာလဲမောင်…မောင်နဲ ဒီဧည့်သည်တွေဆိုတာ နှိုင်းယှဉ်စရာလား..မောင်ကမေဇင် နဲ့ တစ်ဘ၀လုံးလက်တွဲသွားရ
မယ့်သူ ၊ သူတို့ က မြန်မာပြည်ခနလာလည်တဲ့ သူတွေပါ…ခု လေယဉ်ပေါ်ရောက်သွားပြီးရင်ဒီတစ်သက်ပြန်တွေ့ ချင်မှတွေ့ တော့မှာပါ”
“ဟာဟ..ပြန်တွေ့ မှာပါ..ခင်ဗျားက အပြုစုအယုယ ကောင်းတာပဲ..ပြန်လာလည်ကြမှာပါ”
“တော်တော့မောင်…ခုမောင်ပြောနေတာတွေဟာမေဇင့် သိက္ခာကိုထိခိုက်နေပြီနော်..
မောင်လည်း လေယဉ်မောင်တစ်ယောက်ပဲ…နိုင်ငံခြားသားတွေလေယဉ်စီးရင် ဘယ်လိုဂရုစိုက်ပေးရသလဲ… ကိုယ့်နိုင်ငံလာလည်တဲ့အချိန်မှာသူတို့  အန္တရယ်ကင်းအောင် ၊စိတ်ချမ်းသာအောင် လုပ်ပေးရမှာ မေဇင်တို့ တာဝန်ပဲ.. ဒါ တွေသိရဲ့ နဲ့ အဓိပ္ပါယ်မရှိတဲ့  စကားတွေမပြောပါနဲ့ …”
မေဇင်ငိုမလိုပြောတော့မှ မောင်ကပြန်လျှော့ သွားကာ မေဇင့် ပုခုံးလေးကိုဖွဖွဖက်ရင်း
“မောင်က မေဇင့် ကို ချစ်လွန်းလို့ ပြောမိတာပါ…ဘယ်ယောင်္ကျားဖြစ်ဖြစ် ကိုယ့်ချစ်သူကတခြားယောင်္ကျားတွေကို အရေးတယူ ဂရုတစိုက်လုပ်နေတာမြင်ရင် ကြိုက်မှာမဟုတ်ဘူးလေ...
မေဇင့် ကို မောင်သိပ်ချစ်တယ်…ချစ်လွန်းလို့ ဖြစ်သွားတာပါမေဇင်ရယ်..နော် ”
“ တော်ပါ..ခုမှ ၊ မေဇင် ကတော့ မောင့် ကို လေယဉ်မယ်လေးတွေနဲ့ သ၀န်တိုဖူးလို့ လား
မောင့် ကို ယုံကြည်မှု အပြည့်နဲ့ နားလည်ပေးနေတာပဲ ”
“ဒါတော့..မေဇင် ကမောင့်လောက်မချစ်လို့ နေမှာပေါ့  ”
“မဆိုင်ပါဘူးမောင် ၊ သ၀န်တိုလွန်းတာ ၊ချုပ်ချယ်လွန်းတာဟာအချစ်လို့  လူတွေကလွဲမှားသတ်မှတ်နေကြတာပါ.. တကယ်တော့…ကိုယ့်ချစ်သူအပေါ် နားလည်စာနာပေးနိုင်မှ အချစ်စစ်ပါမောင်ရယ် ”
“အေးပါ..ထားပါတော့ မေဇင်ဆန်ရယ် ၊ ခင်ဗျားလေးကို မောင်နားလည်ပေးပါ့မယ်..ကျေနပ်ပလား ”
မောင့် စကားကြောင့် မေဇင်ကျေနပ်ငြိမ်သက်လိုက်ရပေမယ့် မောင် ဟာ မေဇင့် ကို နားလည်နိုင်လိမ့်မယ်လို့ တော့မေဇင် မယုံကြည်သေးပါ…
ဟင်း
မောင်မသိအောင်သက်ပြင်းမောတစ်ချက်ခိုးရှိုက်ရင်း ကားမှန်အပြင်ကိုကြည့်လိုက်တော့မိုးတွေသည်းသည်းမည်းမည်း ရွာနေသည့်ကောင်းကင်ကြီးကညိုမှိုင်းနေပါ၏။
xxxxxxxxxxxxxxxxx
မီးရောင်အောက်တွင် စားသောက်ရယ်မောနေသူများကိုငေးကြည့်ရင်းမေဇင့် ရင်ထဲမပျော်နိုင်ပေ…။
သည်တစ်ခေါက်မေဇင့် ဧည့်သည့် ဂျပန်တွေက မြန်မာပြည်မှ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနှင့် ဖက်စပ်အလုပ်လုပ်ရန်
လာစုံစမ်းခြင်းပါ။နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်မေဇင်ပဲ ပြောဆိုညှိနှိုင်းပေးပြီးဒီနေ့ တော့စာချုပ်ချုပ်ပြီးသွားတာမို့  ဒင်နာ ပေးခြင်းပင်….။ မနက်ဖြန် မနက်လေယဉ်နှင့် ပြန်ကြမယ့် ဂျပန်ဧည့်သည်တွေကို ဒီညဒင်နာမလာနိုင်ပါဘူးဘူး လို့  မေဇင်ငြင်းလို့  မရပေ…။ ဒါဟာမေဇင့် အလုပ်မို့  မေဇင်ကျေနပ်ပေမယ့် မကျေနပ်နိုင်တဲ့ ချစ်သူကြောင့် မေဇင် အခက်တွေ့ နေရပါပြီ။
ဖြစ်ချင်တော့  ဒီနေ့  ..မောင့် မွေးနေ့ ပါ ….
ရှမ်းပြည်မှမောင့်မိဘတွေလည်းရောက်နေကြသည်မို့ မေဇင်နဲ့ မိတ်ဆက်ပေးချင်သည့်မောင်က အလုပ်ကိုဖျက်ပြီး ဆုံဖို့ ပြောတော့မေဇင်ငြင်းရပါပြီ..။
“တခြားဂိုက်တစ်ယောက်ကို အစားထိုးပြီးသွားခိုင်းလိုက်ပေါ့ ကွာ…ဒါလေးများ ၊မေမေတို့ ကဆိုင်ပစ်ပြီးလာရတာ ၊
အချိန်ရတာမဟုတ်ဘူး ၊ မနက်ဖြန်ဆိုပြန်ပြီ ”
“ မောင့် မေမေတို့ လာမှာ အရင်အပတ်ကကြိုပြောရင်တော့ ဒီဧည့်သည်တွေမလာခင်ကတည်းက တခြားသူလွှဲပေးလိုက်လို့ရပေမယ့် 
ခု မှတော့ မရဘူးလေမောင်…သူတို့ စာချုပ်ချုပ်ထားတာတွေ ၊ညှိထားတာတွေက မေဇင် နဲ့ စကားပြန်ပြီးပြောထားတာလေ၊
ဒီညသူတို့ မပြန်ခင် ပြောချင်တာရှိရင်ပြောပေးလို့ ရအောင်မေဇင်ရှိမှဖြစ်မယ် ”
“သူများတွေလည်း ဒီလိုပဲ မအားရင် အစားထိုးတာပါပဲ..မြန်မာပြည်မှာဒီစာချုပ်အြေ ကာင်းပြောတတ်တဲ့ တခြားဂိုက် မရှိတော့ဘူးလား… မင်းကိုကပိုလွန်းတယ်မေဇင်၊ မရဘူး ..ဒီညမေမေတို့ နဲ့ တွေ့ ရအောင်မောင်ချိန်းတဲ့ နေရာလာခဲ့ပါ..ဒါပဲ ”
ဖုန်းထဲမှအော်နေသောမောင့် အသံကိုနားထောင်ရင်း မောင်ဘယ်လောက်တောင်ဒေါသထွက်နေတာလည်းဆိုတာခန့်မှန်းမိပေမယ့်
မေဇင် ဘာမှမပြောတော့ဘဲ ဒင်နာကိုထွက်လာခဲ့ ခြင်းပင်…။
မေဇင်ထင်သည့်အတိုင်းပင်..ဒင်နာမှာဂျပန်ဘက်မှသူတို့ မပြန်ခင်သိချင်တာတွေထပ်မေးတော့ မေဇင်ပဲသေချာဘာသာပြန်ပြီး
ရှင်းပြရပါသည်။ပြောကြဆိုကြ ညှိနှိုင်းကြ နှင့် ပြန်ရသည့်အချိန်ကတော်တော်လေး ညဥ့်နက်သွားပါသည်။
မေဇင့် ကိုလိုက်ပို့ သည့်ကားလေး အိမ်ရှေ့ ရောက်လို့ ဆင်းလိုက်သည့်အခါအမှောင်ထဲတွင်ရပ်နေသောမောင့်  ကို မြင် ရတော့မေဇင် လန့် သွားပါသည်။
“ ဟင်..မောင် ၊ ဒီမှာဘာလုပ်နေတာလဲ ၊မောင့် ဖေဖေနဲ မေမေရော”
“ အပိုတွေမေးမနေနဲ့ မေဇင် ၊ ဒီအချိန်မှဘာလို့ ပြန်လာတာလဲ ”
“ဒင်နာမှာလုပ်ငန်းအတွက် ပြောကြဆိုကြ နဲ့ အချိန်ကြာသွားတာပါ ၊ ဒါပေမယ့်  သူတို့ အဆင်ပြေသွားတော့ မေဇင်ဝမ်းသာပါတယ်  ”
“ ဘာကိုဝမ်းသာတာလဲ ၊ မင်းက ဘယ်နှပြားရမှာမို့ ဝမ်းသာတာလဲ  ”
“အော်…မောင်ကလည်း ကိုယ့်နိုင်ငံမှာလာပြီးရင်းနှီးမြုပ်နှံတာဝမ်းသာတာပေါ့  ၊နောက်ဆို တန်ဖိုးနည်း တိုက်ခန်းတွေဆောက်ပေး မှာလေ…”
“တော်ပါ …ပြောလိုက်ရင် ကြီးကြီးကျယ်ကျယ်နဲ့  ၊ ဘာလဲ ဒီဂျပန်တွေကမင်းကို ဘာတွေမက်လုံးပေးနေလို့ လဲ…မြန်မာပြည် က လုပ်ငန်းရှင်သူဌေးကရော ဘာတွေပြောလို့ လဲ”
“မောင်….ဘာတွေလာပြောနေတာလဲ ၊ ပြန်တော့ နော် ၊ မနက်ဖြန်မနက် ဧည့်သည်တွေ ကို လေဆိပ်လိုက်ပို့ ပြီးပြန်လာရင် ဘုရားသွားကြမယ်လေ…မောင်မနက်ဖြန် နားတယ်မှတ်လား”
“စကားကိုလွှဲမပစ်ပါနဲ့ ..မေးတာဖြေပါဦး၊ မင်းနဲ့ ဒီဂျပန်တွေကဘယ်လိုလဲမောင့် မွေးနေ့  ၊ နယ်ကတကူးတကလာ တဲ့ မောင့် မိဘတွေ နဲ့ တွေ့ ရမယ့်နေ့ တောင် ခွင့် မယူနိုင်လောက်အောင် ဒီဂျပန်တွေကမင်းကို ဘာနဲ့ ဆွဲဆောင်ထားတာလဲ….
ဒင်နာရှိတယ်ဆိုပြီး ..ဧကန္တ ဒီ ဂျပန်တွေနဲ့ မင်း………”
“ ဖြန်းးးးးးး”
တိတ်ဆိတ်နေသည့် ညဖြစ်သောကြောင့်  မောင့်ပါးနှင့့်မေဇင့် လက်ဝါးထိသံဟာ ကျယ်လောင်လွန်းလှသည်။
မောင်သည် နီမြန်းသွားသော သူ့ ပါးပြင်ကို ကိုင်ရင်း မေဇင့် ကို မီးဝင်းဝင်းတောက်နေသောမျက်လုံးဖြင့် ကြည့်ကာ..
“ မင်း..မင်း မောင့် ကိုရိုက်တယ်ဟုတ်လား ”
“ဟုတ်တယ်..ရိုက်တယ်..မေဇင့် သိက္ခာကို လာစော်ကားလို့ရိုက်တယ်..တခြားသူထက်မောင်ဖြစ်နေလို့ ရိုက်တယ်…
မောင်သိထားဖို့ က မေဇင် ဟာ တခြားအရာတွေအတွက်သာညည်းခံနိုင်ပေမယ့်  ကိုယ်ကျင့်တရားကိုထိပါးပြောဆိုရင် ချစ်သူဖြစ်ပစေ..ခွင့် မလွှတ်ဘူး..မောင်ပြန်ပါတော့”
ပြောပြောဆိုဆို မင်သက်ငေးငိုင်နေသောမောင့် ကို ကျောခိုင်းပြီး မေဇင်ခြံထဲလှမ်းဝင်လိုက်ပါသည်။
ဆို့ နင့် ကြေကွဲစွာဖြင့် ဝေ့ ဝဲလာသောမျက်ရည်စတွေ စီးကျမလာဖို့ မျက်နှာမော့ လိုက်တော့ မြင်ရသည် မှာ… လမိုက်ညမို့ ကောင်းကင်ပြင်ကြီးက အမည်းရောင်….။
Xxxxxxxxxxxxx
နောက်နေ့ မောင့် ဆီဖုန်းဆက်ပေမယ့်မောင်ဖုန်းမကိုင်ပါ….။မောင့် အမကိုမေးကြည့်တော့ မိဘတွေနှင့် အတူ ရှမ်းပြည်ပြန်လိုက်သွားပါသတဲ့ …။
ခရီးသွားဝေးသွားတာတောင်ဘာမှပြောမသွားတဲ့မောင်ဟာမေဇင့် ကိုတော်တော်စိတ်နာသွားပုံပင်…
ခွင့်လွှတ်ပါမောင်ရယ်…ရုတ်တရက်စိတ်ဆိုးပြီးဒေါသဖြ စ်ဖြစ်နဲ့ ရိုက်လိုက်မိပေမယ့် 
မောင့် ပါးကိုရိုက်မိသည့်လက်ကိုကိုင်ရင်းတစ်ညလုံးမေဇင်ငိုရတာတော့မောင်မသိဘူးမှတ်လား….။
မေဇင့် ကို ချစ်တယ်ဆိုပြီး ယုံကြည်မပေးတဲ့ မောင့် စိတ်ကိုမေဇင်ဘယ်လိုနားလည်ရမှာလဲဟင်…
မောင်သွားပြီးတစ်ပတ်ကြာသည့်အထိ ပြန်မလာတော့ မေဇင် အကြိမ်ကြိမ်ဖုန်းဆက်ကြည့်ပေမယ့် နေနိုင်လွန်းတဲ့ မောင်ကမေဇင့် ဖုန်း
ကို လုံးဝမကိုင်ပါ။
လွမ်းဆွတ်စွာစောင့်ဆိုင်းနေခဲ့သောမောင် က နောက်နှစ်ပတ်အကြာမှာတော့မေဇင့် ရှေ့ မှောက်ရောက်လာပါသည်။
ဒါပေမယ့် ..မောင့်လက်ထဲမှာဖိတ်စာလေးတစ်ခု...
“ မောင် ရယ်လွမ်းလိုက်ရတာ ..မေဇင့် ကိုအကြာကြီးထားသွားတယ်”
မောင်စိတ်ပြေအောင်ချော့ ချင်သောကြောင့် ခပ်နွဲ့ နွဲ့ ပြောလိုက်မိပေမယ့်  မောင့်မျက်လုံးတွေကပိုပြီးမှုန်မှိုင်းသွားသလိုပင်…
“ဒီဖိတ်စာ ပေးချင်လို့ လာတာ…”
မောင်လှမ်းပေးသည့်ဖိတ်စာကို အမှုမှတ်မဲ့ ယူပြီးဖတ်လိုက်မိသောမေဇင်သည် ဘာပြောရမှန်းမသိအောင်ပင်ကြောင်အသွားရသည်။
“ မောင်..ဒါ..ဒါ မောင့် မင်္ဂလာဆောင် ဖိတ်စာပဲ”
“ဟုတ်တယ်…အရင်အပတ်က  နှစ်ဖက်မိဘ တွေ့ ပြီးစေ့စပ်လိုက်ပြီ ၊ လက်ထပ်မှာကတစ်လလိုပါသေးတယ်..ဒီဖိတ်စာက နမူနာရိုက်လာတာ”
“မောင်…ဘာတွေလျှောက်လုပ်နေတာလဲ  ၊ မောင်ကမေဇင်မဟုတ်တဲ့ တခြားမိန်းကလေးနဲ့ ယူမလို့ ဟုတ်လား..
အို မဖြစ်နိုင်တာ”
ဆောက်တည်ရာမရ ပြောရင်း မေဇင်  တဆတ်ဆတ်တုန်နေပါပြီ။
“ဖြစ်နိုင်လို့ ခုဖိတ်စာတောင်လုပ်နေပြီပဲ…မင်းနားလည်အောင်ပြောရရင်အရင်လဖေဖေနဲ့ မေမေ လာတာ မင်းကိုလာကြည့်တာပဲ..
မေမေတို့ အရင်ကတည်းက သဘောတူပြီးလူကြီးချင်းပြောထားတဲ့ တစ်မြို့ တည်းနေတဲ့ ကောင်မလေးကမယူနိုင်ပါဘူးလို့ ငြင်းပြီး ၊သားမှာချစ်သူရှိပါတယ် ၊ လာကြည့်ပါဆိုပြီး နယ်မှာနေတဲ့ မိဘတွေကိုတကူးတကခေါ်ခဲ့ပေမယ့် မင်း ဘယ်လိုလုပ်ခဲ့သလဲ…. မင်းကြောင့် မေမေ့ ကိုဘယ်လိုမှပြောမရဘဲ ငါ မြို့ ပြန်ပြီးစေ့စပ်ခဲ့ရပြီ  ”
“ အို..မောင့်မေမေ နားလည်အောင် မေဇင်လိုက်ရှင်းပြမယ်လေ”
“ မရတော့ဘူးမေဇင် ၊ ငါလည်းသေချာပြန်တွေးကြည့်ပြီးပါပြီ ၊ ချစ်သူ ထက်အလုပ်ကိုဦးစားပေးတတ်တဲ့  မင်းစရိုက်နဲ့  ဘယ်လိုမှ လက်တွဲလို့ မဖြစ်နိုင်ဘူးဆိုတာသိသွားပြီ၊နောက်ပြီး…ရှေးဆန်တယ်ဆိုဆို…အတ္တကြီးတယ်ပဲပြောပြော….ကိုယ့် မိန်းမဟာ
ကိုယ့်ကိုပဲပြုစုစေချင်တယ် ၊ အလိမ္မာအိမ်ပါ နဲ့  ထားရာနေစေရာသွားမယ့် ဇနီးပဲလိုချင်တယ်လေ…မင်းကိုဘယ်လောက်ချစ်ချစ် လက်မထပ်နိုင်တော့ဘူး ၊ နုတ်ဆက်ခဲ့ပါတယ် ”
မေဇင့် ကိုကျောခိုင်းလှည့်ထွက်သွားသော မောင့် ကျောပြင်ကိုမယုံနိုင်သလိုငေးကြည့်ရင်းကျောက်ရုပ်တစ်ရုပ်လို ထိုနေရာမှာပဲမေဇင် ရပ်နေမိပါတော့လေ၏။
xxxxxxxxxxxxxxxx
မြင်မြင်ရာ ဖုံးလွှမ်းထားသည်က စိမ်းသောအရောင်တွေချည်းပင်….
မေဇင်မော့ကြည့်နေသည့်ကောင်းကင်ကြီးက ဘယ်လိုဖြစ်ပြီးစိမ်းနေပါလိမ့် ..
မောလိုက်တာ..မေဇင်ဒီကောင်းကင်ပြင်ကြီးထဲပျံဝဲနေရတာမောလှပြီ
ဟော..မေဇင်တိုးဝင်နေတဲ့ ကောင်းကင်စိမ်းကြီးမှာထင်ဟပ်လာသည့်မျက်နှာပြင်တစ်ခု…
အို..မောင့် မျက်နှာပဲ…
ရှာလိုက်ရတာမောင်ရယ်…မေဇင့် ကိုပစ်ထားရက်တယ်နော်
ဟင်..မောင့်မျက်လုံးတွေကလည်း စိမ်းလဲ့ ပြီးအရောင်တောက်နေလိုက်တာ..
ကြည့်နေရင်း..မောင့် မျက်လုံးတွေထဲကစိမ်းဖန့် တဲ့ ရောင်စဉ်တန်းတွေထွက်လာပြီ....
ဟင်..မောင် ..ဘယ်သွားတော့မလို့လဲပဲ..
မောင်…မေဇင် မောင့်ကိုလိုက်ရှာနေတာကြာပြီ
မေဇင့် ဆီလာခဲ့လေ…ဘာလို့  ကျောခိုင်းလိုက်တာလဲ
အို…မောင်ပျောက်သွားပြန်ပြီ…
မေဇင်ကြည့်နေရင်းမောင့် ရုပ်သွင်ပျောက်ကွယ်သွားပြီးအစိမ်းရင့်ရောင် ကောင်းကင်ပြင်ကြီးကိုပဲမြင်ရတော့တယ်
မောင်..ဘယ်ရောက်သွားတာလဲ..မေဇင့် ဆီပြန်လာခဲ့ပါ..ထွက်မသွားပါနဲ့ 
မောင်…မောင်…မောင်
“သမီး..သတိထားလေ....သမီးလေး ”
ပထမဆုံးမြင်တွေ့ ရသည်က စိုးရိမ်စွာ စိုက်ကြည့်နေသော မေမေ့မျက်ဝန်းများပင်..
ဟင်..ဒါမေဇင့် ကုတင်လည်းမဟုတ်ဘူး ၊ မေဇင်ဘယ်ရောက်နေပါလိမ့်..
 “သမီး ဖျားရင်းသတိလစ်သွားလို့ ဒီအထူးကုဆေးခန်းခေါ်လာရတာ ”
မေဇင်သိပါပြီ။ ဒီတစ်ခေါက် တောင်တက်ခရီးစဉ် သွားတဲ့ ဂျပန်ဧည့်သည်တွေလိုက်ပို့ ပြီး ပြန်အလာပင်ပန်းပြီး အပြင်းဖျားခြင်းပင်…။
“ဆရာဝန်ကတော့ အနားယူလိုက်ရင်ကောင်းသွားမှာပါတဲ့ …သမီးအလုပ်လက်မခံနဲ့ ဦးနော် ”
“ ဟုတ်ကဲ့မေမေ..ဒါနဲ့ ဒီနေ့ ဘာနေ့ လဲ”
“ ၂၃ ရက် ၊တနင်္ဂနွေနေ့ လေ..သမီး”
အို…ဒီနေ့  ..မောင် မင်္ဂလာဆောင်မယ့် နေ့ ပါလား
နာရီကြည့်လိုက်မိတော့ မွန်းလွဲ ၂  နာရီရှိပါပြီ…။မောင် တို့ မင်္ဂလာပွဲပြီးလောက်ရောပေါ့ 
ဒါဆိုမေဇင်သိပ်ချစ်ရတဲ့မောင်ဟာသူတစ်ပါးရဲ့ ခင်ပွန်းဖြစ်သွားပြီ…
ဘယ်လိုနှလုံးသားနဲ့ များ မေဇင်မဟုတ်တဲ့ တစ်ခြားမိန်းကလေးကို လက်ထပ်ရက်တာလဲ..
မောင်ပြောခဲ့သလို ယောင်္ကျားတစ်ယောက်ရဲ့ အတ္တ ကြောင့်လားဟင်...
မောင် ဖိတ်စာပေးပြီးကျောခိုင်းလှည့်ထွက်သွားခဲ့ ကတည်းက မေဇင်ရင်နင့် ကြေကွဲစွာနဲ့ 
နားလည်သွားရတာ..မေဇင့် ကို မောင် ..တကယ်မချစ်ခဲ့ဘူးဆိုတာပါပဲ..။
သည်းသည်းလှုပ်ဂရုစိုက် ပြီးဆတ်ဆတ်ထိမခံသ၀န်တို တတ်တာ မှအချစ်လားဟင်
 ဒီလိုမဟုတ်သေးပါဘူးမောင်ရယ်…
ကိုယ် ချစ်တဲ့ သူအပေါ် ယုံကြည်နားလည်ပေးတာ ၊ ချစ်သူရဲ့ စိတ်ခံစားမှုတွေဝေမျှစာနာပေးနိုင်မှ…စစ်မှန်လေးန က်တဲ့ ချစ်ခြင်းမေတ္တာလို့ မေဇင်ယူဆပါတယ်…
မေဇင့် စိတ်သဘောထားကို နားလည်မပေးနိုင်တဲ့မောင် ဟာ မေဇင့် ကို တကယ်ချစ်ခဲ့တာမဟုတ်နိုင်ပါဘူး….။
ဒါကြောင့်လေ…ဖြေသာသလို ဖြေရင်းမောင်ထားခဲ့တဲ့  ကောင်းကင်စိမ်းအောက် မှာနေကျန်ရစ်ခဲ့ရတဲ့မေဇင်ဆုတောင်းပေးပါတယ်..
ယောင်္ကျားတစ်ယောက်ရဲ့ အတ္တနဲ့ စိတ်တိုင်းကျထူထောင်လိုက်တဲ့ ဘ၀သစ်မှာ မောင်…ပျော်ပါစေ….။
ကြာဖြူနွယ်
No comments:
Post a Comment