Monday, September 23, 2013
“ လွမ်းစေ တဲ့  ဝဿန်”
မွန်းတည့် ချိန်ပေမယ့် ကောင်းကင်တစ်ပြင်လုံး အုံ့ ဆိုင်းကာ သည်းကြီးမဲကြီး ရွာနေသည့်  မိုးကြောင့် နေရောင်အလင်းမရှိဘဲ ညို့ မှောင်နေပါ၏။ ။ဝါခေါင်လပြည့် နေ့ ကျော်ပြီး က တည်းက မိုးရက်ဆက်ရွာနေတာ ငါးရက်ရှိလာပါပြီ။
လမ်းတွေအိမ်တွေထဲမှာရေတွေ  ဖွေးဖွေးလှုပ် လို့ ကလေးတွေပျော်နေကြပေမယ့် အလုပ်သွား အလုပ်ပြန် သူများအားလုံးဒုက္ခရောက်ကုန်ကြပါပြီ။သော်တာဆေးကောင်တာထိုင်ရတဲ့  မြင့်မြတ် အထူးကုဆေးရုံကြီးမှာလည်း လူနာတွေပိုများ လာတာမို့  ဒီမိုးကိုတိတ်စေချင်လှပါပြီ။
တော်ရုံပဲရွာပါလားမိုးမင်းကြီးရယ်..တိမ်တမန်သီချင်းလေးလိုပေါ့ ….
♫♪ ဆည်မြောင်းချောင်းကန် ပြည့်လျှံဖြိုးအောင် မိုးလုံးမည်းမျှမရွာစေချင်ပါပေ
                                                                                                          ဆည်မြောင်းချောင်းကန် အသင့် အမှန်တိုးအောင်ပုလဲကုံးရွဲအလှ ရွာ စေချင်ပါပေ ♫♪
♫♪တို့ မြေသည်သာ ဆန် စပါးအတွက်လေမက်မပြေနိုင်သောလယ်တောယာမြေ
ထွန်ယက်ပြုစု ယုယအမြဲပေ ၊ တိမ်တမန် အိုအဆွေ..တို့ များရွှင်လန်း မိုးပုလဲပန်းကိုခြွေ ♫♪
သီချင်းလေးတိုးတိုးညည်းနေရင်း...မိုးရေတွေကြားထဲမှာ သော်တာ ကို့  ပြုံးပြနေသူ
တစ်ဦးကို မြင်ယောင်မိတဲ့ အခါ သတိရ စိတ်နှင့် ငိုချင်လာပါပြီ။
 အခု ရန်ကုန် မှာ မိုးတွေအရမ်းရွာနေတယ်..ဆရာ
လန်ဒန် မှာရော ရွာလားဟင်
ဆရာပြောခဲ့ ဖူးတာ လန်ဒန် ရာသီဥတုက အမြဲအုံ့ မှိုင်းနေတာဆို
ဆရာ့ ရဲ့ စိတ်တွေတော့ အုံ့ မှိုင်းမနေဘဲ တက်ကြွလန်းဆန်းစွာ နဲ့ ဆရာသင်ချင်တဲ့           ဆေးပညာတွေ လေ့လာ ဆည်းပူးနိုင်ပါစေလို့ သော်တာနေ့တိုင်းဆုတောင်းပေးနေပါတယ်
လွမ်းတယ်..ဆရာရယ်
xxxxxxxxxxxxxx
ကျောင်းပြီးကတည်း က သော်တာဟာ မိသားစုအတွက် ကြိုးစားရုန်းကန်နေရသူပါ။
အဖေကရိုးဖြောင့်သူမို့ ညွှန်မှူးဘ၀ နဲ့ ဆေးပင်စင်ယူတဲ့အချိန်မှာ သော်တာတို့ ပိုင်ဆိုင်တာ ဒဂုံမြောက်ပိုင်းက ခြံနဲ့ အိမ်လေး တစ်လုံးပဲရှိပါသည်။ အမေက နဂိုကတည်းက ကျန်းမာရေး မကောင်းသူ..မောင်လေးကရေကြောင်းတက္ကသိုလ်တက်နေဆဲ..                                    ဒီတော့ သမီးကြီး ဖြစ်တဲ့ သော်တာ့ အလှည့်ကျလာပါသည်။
မြင့်မြတ်အထူးကုဆေးရုံရဲ့  ဆေးကောင်တာမှာအလုပ်ဝင်ရင်း အားတဲ့အချိန် မှာ ဆယ်တန်းကလေးတွေသော်တာ ဂိုက်  လုပ်ပေး ပါသည်။ အမေ က အိပ်ချိန်ပဲချန်ပြီး အလုပ်လုပ်နေရတဲ့သမီးကိုကြည့်ပြီးသနားလို့ ပြောပေမယ့်သော်တာအပြုံး
မပျက်ပါ။
“ သမီးမမောပါဘူးအမေရဲ့  ၊  ဆေးကောင်တာမှာလည်းငြိမ်ငြိမ်လေးထိုင်ပြီးဆေးရောင်းရတာ ၊  ဂိုက်လုပ်တာလည်း ထိုင်ပြီးသူတို့ စာကျက်တာစောင့်ပေးကြည့်ပေးရုံပါ..”
“အေးလေ ..သမီးလုပ်နိုင်တယ်ဆိုလည်းလုပ်ပါ ၊ အမေက ငါ့ သမီးလေး ပင်ပင်ပန်းပန်းလုပ်ပြီး သူများအပျိုလေးတွေလိုလှလှပပမ၀တ်ရမစားရဘဲအိမ်စားရိတ်ပေးနေရတာ စိတ်မကောင်း လို့ ပါ… ”
“အို..အမေကလည်း ၊ မိဘကို လုပ်ကျွေးခွင့်ရတာကို က သမီးကုသိုလ် ထူးတာလေ ၊
ဒီလိုပေးရတာသမီးကျေနပ်ပါတယ် ”
တစ်ကယ်လည်းမိသားစုအတွက် ထောက်ပံ့ ရတာသော်တာ မငြူဆူပါ။ အရေးကြီးတာကမောင်လေးကျောင်းတက်ရတာ အဆင်ပြေဖို့ပင်။ အလုပ်အတူတူလုပ်ကြသူ တွေလခထုတ်တိုင်းအိမ်ကိုလခအကုန်မအပ်ဘဲချန်ထားကာပေါ်သမျှ အသစ်အဆန်းတွေ ၀ယ်နေပေမယ့်သော်တာကတော့ရသမျှအိမ်အတွက်ပဲသုံးပါသည်။
အ၀တ်အစားဆိုတာသပ်ယပ်သန့် ရှင်းပြီးကိုယ်နဲ့ လိုက်ဖက်အဆင်ပြေနေဖို့ အရေးကြီးတာလို့   ခံယူပြီးရှိတာလေး နှင့်ပဲလှအောင်ဝတ် ပါသည်။ဘယ်လိုပဲဝတ်ဝတ်ကြော့ရှင်းလှပသည့် ကိုယ်လုံး၊၀င်းပနေသည့်မျက်နှာလေးနှင့်သော်တာ့အလှကထင်းနေပါသည်။ သူများတွေက သာသော်တာပင်ကိုယ်အလှကိုအားကျချီင်္းကျူးနေပေမယ့်သော်တာကတော့မှန်တောင်အေးအေး   ဆေးဆေးကြည့်ချိန် မရဘဲဘာမှလည်းမခြယ်သနိုင်ပါ။
ဒီနေ့လည်းဆယ်တန်းကလေးတွေသင်တဲ့အိမ်မှာတနေကုန်စာကျက်တာစောင့်ပေးရပြီး ညနေစောင်းတော့အိမ်မပြန်နိုင်တော့ဘဲနိုက်ဂျူတီဝင်ရန်ဆေးရုံကိုတန်းလာရသည်။     ဆေးကောင်တာမှာဒီညအတူဂျူတီကျတဲ့  မေရီက ပြောလာသည်။
“ သော်တာရေ ၊ နင်ကြားပြီးပြီလား”
“ဘာလဲ မေရီ ”
“ဒီည ဆရာကြီးဦးမင်းခန့် သား လာဆင်းမယ်တဲ့  ၊ ဆရာဝန်ပေါက်စတဲ့ ဟ”
“ သြော်..ဟုတ်လား ”
မေရီကအားတက်သရောပြောပြနေပေမယ့်သော်တာကတော့စိတ်မ၀င်စားပါ။   လောလောဆယ်အပြင်ကမိုးမိလာလို့ချမ်းလည်းချမ်းပြီး ဗိုလ်လည်းဆာနေတာပဲသိသည်။
ဆရာတွေထိုင်တာပြီးလို့လူနာတွေကုန်သွားတော့မှဆေးရုံနားမှဆိုင်လေးပြေုးပြီးခေါက်ဆွဲ ခြောက် ထုပ်သွားဝယ်ရသည်။ထီးတစ်ဖက်ဆောင်းရင်း ခေါက်ဆွဲထုပ်တွေပိုက်ပြီးပြန်အလာ…           ဆေးရုံရှေ့ နား အရောက်မှာ လူတစ်ယောက် မိုးရွာကြီးထဲ လမ်းလျှောက်လာတွေ့ သည်။
ဒီလူ့ နှယ် ၊ ဒီလောက် မိုးသည်းနေတာ ကို လသာတယ်များမှတ်နေလား ပဲ..
စိတ်ထဲမှ ပြောဆိုမိရင်းသူ့ ခြေလှမ်းတွေ ဆေးရုံဘက်လှမ်းနေတော့ သော်တာမနေနိုင်တော့ပါ။   သော်တာ တို့ ဝန်ထမ်းတွေဟာ ကိုယ့်ဆေးရုံလာတဲ့ သူတွေကို ဖေးမ ကူညီတတ်တာ  အကျင့် ဖြစ်နေပါပြီင်္။
“ ဒီမှာ..ဆေးရုံထဲသွားမှာမှတ်လား ၊ ကျွန်မ ထီးနဲ့ အတူတူဆောင်းသွားတာပေါ့  ၊ လာ…”
မမျှော်လင့်ဘဲအပြောခံရတာမို့သူကသော်တာ့ကိုကြောင်ပြီးကြည့်နေပါသည်။
ကျောပိုးအိတ်ကြီင်္း တစ်လုံးလွယ်ကာ လက်ထဲမှာ ထမင်းဘူးပြားလေး ကိုင်ထား တဲ့  သူ့ ပုံစံက ကျောင်းသားလေးလိုလိုပင်..။
“ရပါတယ်..နေပါစေ”
“အော်…လာပါ၊ကျွန်မထီးကအကြီးကြီးပါ၊၂ယောက်ဆောင်းလို့ရပါတယ်။ ကျွန်မက ဆေးကောင်တာဝန်ထမ်းပါ ”
“ သြော်..ဆေးကောင်တာကလား ”
ဒီတော့မှသူကထီးအောက်ဝင်လာပါသည်။အတူတူလျှောက်လာတော့သူ့ ဆီမှ ဖျော့တော့ လတ်ဆတ်သောရနံ့ သင်းသင်းလေး ရသည်။ ကိုယ်တိုင်ဝယ်မသုံးနိုင်ပေမယ့် လူချမ်းသာတွေ ဆေးလာဝယ်နေတဲ့ ဆေးကောင်တာမှာလုပ်သူမို့ တန်ဖိုးကြီးရေမွှေးရနံ့တွေနှင့်  သ်ာတာရင်းနှီးပါသည်။ ဒီလူဆွတ်ထားတာသိန်းချီတန်ရေမွှေးပါလား..                               ရေမွှေးကျအကောင်း စားသုံးပြီးကားမပါ ၊ ထီးမပါ နဲ့ လာရတယ်လို့ ….
ဆေးရုံဆင်ဝင်အောက်ရောက်လာတော့ သော်တာလည်းသူ့  ကိုထားခဲ့ ကာအမြန်ဝင်ခဲ့ သည်။ခေါက်ဆွဲထုပ်ပြုတ်စားပြီးတော့ရောင်းရငွေသိမ်း၊စာရင်းလုပ်၊ဆေး ကောင်တာရှင်း နှင့်  ညဉ့် နက်မှ နားရပါသည်။
“၀ါးး…၁၂ နာရီတောင်ခွဲနေပြီ ၊ ဒီည သော်တာ နဲ့ ဆိုတော့ငါကောင်းကောင်းအိပ်ရမယ်၊ဟီဟိ”
“အေးပါ ၊ နင်အိပ်ချင်အိပ်တော့ ၊ ငါစောင့်ပါ့မယ် ”
မေရီကအအိပ်မက်သူမို့တစ်ညလုံးထိုင်စောင့်ပေးနိုင်သည့်သော်တာနှင့် နိုက်ဂျူတီတွဲကျလျှင် ပျော်သည်။အပေါ်ထပ်က လူနာတွေအရေးပေါ်ဖြစ်ရင် လိုအပ်တဲ့ ဆေးတွေချက်ချင်းထုတ်ပေးလို့ ရအောင် တစ်ညလုံး ဆေးကောင်တာအထဲ မှ ခုံလေးမှာပဲသော်တာထိုင်ရင်းစောင့် ပေးပါသည်။
ဒီညလည်းမေရီ့ ကိုအိပ်ခိုင်းပြီးဆေးဘူးတွေသေချာပြန်စီနေတုန်းမှာ… အထွေထွေဆရာဝန် MO ဦးမောင်မောင် အပေါ်ထပ်မှဆင်းလာပါသည်။
“ဟာ..ဒီညဆရာလား ၊ ပျော်စရာကြီး သော်တာရေ ၊ငါမအိပ်သေးဘူး ၊ဆရာ့ ဂျူတီဆိုမုန့် စားရမှာ ”
မေရီကတော့လုပ်ပြီ။ တကယ်လည်း ဆရာဦးမောင်မောင်က သဘောကောင်းသူမို့ နိုက်ဂျူတီ ကျသူတွေကို မုန့် တစ်ခုခုဝယ်ကျွေးနေကျပင်...
“ဟားဟား.. မေရီတို့ ကတော့ စားမယ်ဆိုတာချည်းပဲ၊၊ဒီညကျွေးမှာ ငါမဟုတ်ဘူး၊ဆရာကြီးမင်းခန့် သား..ခုလာလိမ့်မယ် ”
ဆရာပြောနေစဉ်မှာအပေါ်ထပ်ဓါတ်လှေခါးမှဆင်းကာဆေးကောင်တာဘက် လာနေသူ တစ်ယောက်ကိုမြင်တော့သော်တာ အံ့ သြသွားသည်။သော်တာ့ထီးကပ်ဆောင်းလာတဲ့သူပဲ ၊ လက်စသတ်တော့ သူက ဆရာကြီး မင်းခန့် သားကိုး…
“ ကဲ..အားလုံးမိတ်ဆက်ပေးမယ် ၊ ဒါဒေါက်တာ ဇော်မင်းခန့် တဲ့ …ဆရာကြီးဦးမင်းခန့် ရဲ့ သား၊ ဒီဆေးရုံမှာနိုက်ဂျူတီ လာဆင်းမှာ၊နင်တို့တွေကမသိတာတွေပြောပြပေးပါ၊ အထူးသဖြင့်ဆေးကောင်တာက မမတွေ ၊ ဘာဆေးတွေ ဘယ်ဆရာဝန် သုံးတတ်တယ် ဆိုတာပြောပြပေးလိုက် ၊ ဟုတ်ပြီလား”
တစ်ယောက်ချင်းနာမည်ပြောပြီးမိတ်ဆက်ပေးရင်းသော်တာ့အလှည့်အရောက်မှာတော့ ...
“ခုန က ထီးဆောင်းပေးလို့ ကျးဇူးတင်ပါတယ် ၊ဒီနေ့  ကျွန်တော် ကားမယူလာမိတဲ့ နေ့ မှ မိုးမိတာလေ ၊ ထီးကလည်းပါမလာဘူးခင်ဗျာ ”
အလိုလေး..သိမ်မွေ့ ရိုကျိုးလိုက်တဲ့ အသံပါလား… ဆရာကြီး ဦးမင်းခန့်နဲ့ တခြားစီပါလား ..
သူ့ အဖေ အရိုးအကြောအထူးကုဒေါက်တာမင်းခန့်ကတော့ လူနာတွေအပေါ် သာ ချိုသာပေမယ့်သော်တာတို့ လို ဆေးရုံဝန် ထမ်းတွေကို မထင်ရင်မထင်သလို မျက်နှာထား တင်းနှင့် အော်ဟစ်ပြော ဆိုတတ်သူပါ။အသားညိုပြီးရုပ်ဆိုးတဲ့ အဖေ က ဒီလို ဖြူဖြူသွယ်သွယ်သားလေးရထားတာ အမေတူတာပဲနေမှာပါ…။
အဲ့ ဒီ တစ်ညလုံးဆေးကောင်တာ မှာရှိတဲ့ ဆေးတွေမေးရင်း ၊ပြရင်း သူနဲ့ သော်တာ ခင်မင်ရင်းနှီးသွားပါသည်။
xxxxxxxxxxxxxxxxxxx
ဒေါက်တာဇော်မင်းခန့် က သော်တာ့ထက် တနှစ်ကြီးပေမယ့် ဘ၀မှာ မပူမပင်နေရလို့ လားပဲ...သူ့ မျက်နှာကသော်တာ့ ထက်ငယ်ပုံပေါက်နေပါသည်။  သော်တာ့ကိုခေါ်တာလည်း …မသော်တာတဲ့ 
“ မသော်တာက ခုမှ ၂၄နှစ်ပဲရှိသေးတာလား ၊ မထင်ရဘူးနော် ”
“ ဟာ..မဟုတ်ပါဘူး ၊ ရုပ်ရင့်တာပြောတာမဟုတ်ပါဘူး၊လူကြီးဆန်တာ ၊တည်ငြိမ်တာပြောတာပါ ”
နောက်လို့ နောက်မှန်းမသိဘဲ ပြာပြာသလဲရှင်းပြနေသည့် သူ့ ကိုလည်းသော်တာကအိမ် မှာရှိတဲ့ မောင်လေးလိုပဲ သဘောထား မိပါသည်။ကြာလာတော့ သူ့ အကြောင်းကိုအားလုံး သိလာကြပြီးနာမည်ပေးထားတာကဆရာဇော်မင်း ဂေါက်..တဲ့ ။   
ပြောလည်းပြောချင်စရာပင် ။သူ့ အတွေးအခေါ် ၊ အပြုအမူတွေဟာ  သာမာန်လူတွေနှင့် မတူပါ။
ရောက်ခါစကဆရာဝန်ကြီးသာ၊းခပ်ချောချောဆရာဝန်လေးဆိုပြီးအရေးပေးချင်ခေါ်ချင်ကြတဲ့  မိန်းကလေးတွေလည်း သူ့ ရဲ့  တုံဏှိဘာဝေ ပုံကြီးကိုကြည့်ကာ စိတ်ပျက်သွားကြပါသည်။သူ ဟာ လူမှုရေးအရ ဖော်ဖော်ရွေရွေနဲ့ ပြောတတ်ဆိုတတ်သူ လည်း မဟုတ်ပါ ။နိုက်ဂျူတီ ဆိုလျှင်ကျောပိုးအိတ်ကြီးလွယ်ကာရောက်လာပြီးလူရှင်းတာနဲ့ ဆေးကောင်တာကဆေးတွေမေး လိုက်၊ အင်္ဂလိပ်စာတွေထုတ်ကျက်လိုက်၊အသံထွက်ခွေတွေနားထောင် ရင်း လိုက်ဆိုနေတာများ တစ်လောကလုံး သူတစ်ယောက်တည်း ရှိနေသလိုပင်….။
“ဆရာဇော်မင်းဂေါက်ကတော့ လုပ်ပြီ ၊သူအင်္ဂလိပ်စာတွေ အော်ဆိုနေတာနဲ့ ငါတို့ အပြင်မှာ အိပ်မရတော့ဘူး၊ ဆေးရုံကို သူ့ အိမ်များမှတ်နေလားပဲ ၊ သော်တာရေ ၊ငါတို့  ဟို ဓါတ်မှန်ခန်းထဲ ၀င်အိပ်လိုက်ဦးမယ်၊ နင်ပဲ ကြည့်ထားလိုက်တော့နော်”
သော်တာကတော့ သာမန်ယောင်္ကျားတွေလိုမဟုတ်ဘဲ ကလေးတစ်ယောက် လို ဖြူစင် တဲ့ သူ နဲ့ တစ်ညလုံး အတူရှိနေ လည်းဘယ်လိုမှမနေပါ…။သူပြောတာပြတာတွေ လည်းသော်တာ နားထောင်ပေးပါသည်။သူ့ ကို သူ့ အမေကအရမ်းချစ်ပြီး ခုထိကလေးလို မြင်နေတုန်းပါတဲ့  ၊ အမေထည့်ပေးတဲ့ ထမင်းဘူးခုထိယူလာရတုန်းတဲ့ ..   သူ့ မှာညီမလေးတစ်ယောက်ပဲ ရှိသတဲ့  …၊အခုသူကအင်္ဂလန်မှာဆေးပညာဆက်သင်ဖို့ သွားမလို့ အင်္ဂလိပ်စာ လေ့လာနေတာတဲ့ ....။
ဒါဆို သူ့ အဖေဆရာဝန်ကြီးလို... တစ်နေ့ မှာ သူလည်းအင်္ဂလန်ပြန် အထူးကု ဆရာဝန်ကြီးဖြစ်လာဦးမှာပေါ့ … 
                                                                                                                 သူ့ အဖေလိုပဲ .... ချမ်းသာပြီးကိုယ့်အသက်သေမှာ အရမ်းကြောက်တတ်တဲ့   ၊ ငွေကိုရေလို သုံးနိုင်တဲ့ ရေပေါ်ဆီ အသိုင်းအ၀ိုင်းက လူနာတွေ ကိုပဲကုပေးမှာပေါ့ ..
လို့ တွေးမိပြီး ပြည်သူလူထုကိုဆေးပညာနဲ့  အကျိုးပြုဖို့ မစဉ်းစားဘဲ နိုင်ငံခြားသွား ဖို့ စာတွေ ချည်း ဖိကျက်နေတဲ့ သူ့ ကိုလည်း အထင်မကြီးမိပေ။ သူဟာလည်း တနေ့ သူ့ အဖေလို ပဲလာမှာပါလို့ သော်တာထင်ထားမိပါသည်။
xxxxxxxxxxxxxxxxxxxxx
သူ့ အပေါ်ထားတဲ့ သော်တာ့အမြင်တွေပြောင်းလဲသွားရတာဆောင်းနှင်းတွေဝေနေတဲ့  ညတစ်ညမှာပေါ့ ..။
အဲ့ ဒီညကလည်း ထုံးစံအတိုင်း ညဥ့်နက်လာတော့ သူက အင်္ဂလိပ်အသံထွက်ခွေတွေ နားကြပ်နဲ့ နားထောင်ရင်းလိုက်အော်ဆိုနေ လို့ အကုန်လုံးအခန်းလွတ်တွေမှာ ၀င်အိပ်ကြပြီး သော်တာပဲကျန်ခဲ့သည်။
ဂိုက်လုပ်ပေးနေတဲ့ ဆယ်တန်းကလေးတွေစာမေးပွဲနီးပြီမို့ သေချာစာစစ်ပေးရင်းတစ်နေကုန် ပင်ပန်းလာတဲ့ သော်တာလည်း အလုပ်ပြီးလို့ နားမယ်ဆိုခါမှ ဆေးကောင်တာရှေ့ နားက ဆက်တီမှာထိုင်ပြီး ဆူညံနေတဲ့ သူ့ ကို သိပ်မကြည်တော့ပေ..။
ဒီအရွယ်ရောက်နေတာ ဒီလောက်တော့ သိတတ်သင့်ပြီ..သူများတွေ မောလို့ နားချင်တာလည်း မနားရဘူး…လို့ တွေးကာ မျက်နှာစူပုပ်ပြီးသူ့ ကို လည်း  ပြုံးမပြမိတော့ပါ။              ခဏနေတာ့သူ စာ ကျက်တာရပ်သွားပါသည်။ အရင်လိုသော်တာ့ကို လှမ်းစကားပြောနေတော့ မကြားချင်ယောင်ဆောင်ပြီး ပြန်မပြောဘဲ ဆေးကောင်တာထဲက ခုံမှာထိုင်ရင်းမှေးခနဲ အိပ်ပျော်သွားမိသည်။
ဘယ်လောက်ကြာကြာအိပ်ပျော်သွားသည်မသိ… ၊ သင်းပျံ့ တဲ့ မွှေးရနံ့ လေးကိုယ့်ဘေးနားရှိသလိုလိုထင်မိပြီး လန့် နိုးသွားတော့ သူက သော်တာ့ဘေးမှာ….
“မသော်တာ ၊ နိုးသွားပြီလား.အပေါ်ထပ်က ပေးရှင့်  အရေးပေါ် ဒရစ်ချိတ်မလို့ DS လိုလို့  လာထုတ်တာ ၊ခုပဲကျွန်တော်ပေးလိုက်ပြီ၊ သူ့ ဆေးမှတ်တမ်းဖိုင်မှာလည်း ရေးဖြည့်ုပြီးပြီ …ပြန်အိပ်ချင်အိပ်နော်.. ”
နူးညံ့ ညင်သာစွာပြောနေတဲ့ သူ့ အသံကိုနားထောင်ရင်း သော်တာ့ရင်ထဲမှာဝမ်းနည်းလာပြီး
ဘယ်လိုကျလာမှန်းမသိတဲ့ မျက်ရည်တွေ က ပါးပြင်ပေါ် မှာ….
“ဟာ..ဘာလို့ ငိုတာလဲ ၊နေမကောင်းဘူးလား ၊  ညဦးပိုင်းကတည်းက ရိပ်မိတယ် ၊ဒီည မသော်တာအရင်လို မဟုတ်ဘူး၊ကျွန်တော့်ကိုလည်းစကားမပြောဘူးလို့..ဘာတွေ စိတ်ညစ် စရာရှိလို့လဲ..”
“ မဟုတ်ပါဘူးဆရာ ၊ ခု ဆယ်တန်းစာမေးပွဲတွေနီးလာတော့ သူတို့ စာတွေစစ်ပေးရတာ စိတ်ပင်ပန်းသွားလို့ပါ.. ရပါတယ်…ဘာမှမဖြစ်ပါဘူး.. ”
“ဟုတ်တာပေါ့ ..မသော်တာ က သူများလို အလုပ်တစ်ခုတည်းလုပ်ရတာမှမဟုတ်တာ..
အိပ်ရေးပျက်လည်းသိပ်မခံနဲ့ .နိုက်ဂျူတီဆို အိပ်ဦးလေ…အားနည်းနေတာနေမှာ
ခနလေး.. ကျွန်တော် ဂလူးကို့ ဖျော်တိုက်မယ်နော် ”
ပြောပြာဆိုဆို သူ့ ကျောပိုးအိတ်ထဲမှ ဂလူးကို့ ထုပ်လေးယူကာထဖျော်ပေးပါသည်။
“ရော့..သောက်လိုက်ဦး၊ရေခဲသေတ္တာထဲမှာသံပုရာသီးလေးတွေ့ လို့ ထည့်ဖျော်လာတာ.. ချဉ်ချဉ်အေးအေးလေးဗျ၊ အိမ်မှာမေမေကျွန်တော့ကိုဖျော်တိုက်တဲ့အတိုင်းပဲ.. ”
သူဖျော်ပေးတဲ့ ဂလူးကို့ ကတကယ်ပဲသောက်လို့ ကောင်းပါသည်။ ခပ်ကြောင်ကြောင်နဲ့ အလိုက်ကန်းဆိုးမသိတဲ့ သူလို့ ထင်ထားမိပေမယ့် သူ့ မှာကြင်နာတတ်တဲ့ နှလုံးသားရှိတာပါပဲလား...
“ တကယ်အားရှိသွားတာပဲ..ကျေးဇူးတင်ပါတယ်ဆရာ ၊ နောက်ပြီးတောင်းပန်ပါတယ်နော်”
“ ဟောဗျာ ၊ဘာလို့ မသော်တာကတောင်းပန်ရတာလဲ ”
“ဟိုလေ... ပြောရရင် သော်တာက ဆရာ့ကိုအလိုက်မသိတဲ့ သူလို့ ထင်နေတာ… ကိုယ်လုပ်ချင်တာလုပ်နေတာ...ဆေးပညာမလေ့လာ ဘဲ ဒီအင်္ဂလိပ်စာတွေချည်း ဖိကျက်နေတာဆရာဝန်မပီသဘူးလို့ … ”
“သြော်..မသော်တာရယ် ၊ ကျွန်တော့မှာ ရည်ရွယ်ချက်တွေရှိပါတယ် ၊ ခုလောလောဆယ်တော့ ဒီအင်္ဂလိပ်စာတွေမကျက်လို့မရဘူး ၊ ကျွန်တော်က နဂိုကတည်းက အင်္ဂလိပ်စာ မှာ အားနည်းတယ် ၊ သွားမှာကလန်ဒန် လေ၊ သူတို့ စာတတ်မှ သူတို့ သင်ပေးမယ့် ဆေး ပညာတွေအကုန်ရမှာပေါ့ ..”
“ဒါတော့ဒါပေါ့ဆရာရယ်၊သော်တာကတော့ဆရာ နိုင်ငံခြားမှာ ဆေးပညာတွေသွားသင်၊      ပြန်လာတော့အထူးကုဆေးခန်းတွေလိုက်ထိုင်ပြီးလူချမ်းသာတွေကိုပဲ ကုပေးမှာ မကြိုက် ပါဘူး၊ တောင်တန်းဒေသတွေ ၊ မဖွံဖြိုးသေးတဲ့ နေရာတွေမှာ ဆေးသွားမကုပေး ချင်ဘူးလားဆရာ”
သော်တာပြောတာကိုနားထောင်ရင်းပြုံးလိုက်တဲ့ သူ့ အပြုံးက တောက်ပလိုက်တာ...
“ကျွန်တော် မသော်တာကို သေချာရှင်းပြမှရတော့မယ် ၊ခုထိ ကျွန်တော့် ရည်ရွယ်ချက် အမှန်ကိုဘယ်သူ့မှ ပြောမပြရသေး ဘူး ၊ဖေဖေတောင်မသိသေးဘူး… ”
“ရှင်..ဘယ်လို..နားမလည်ဘူး ၊ဆရာကြီးလွှတ်လို့ ဆရာအင်္ဂလန်သွားမှာမဟုတ်ဘူးလား”
“ဟုတ်တယ်၊ဖေဖေလွှတ်တာကတော့မှန်တယ် ၊ဖေဖေက ကျွန်တော် ပြန်လာရင် သူ့ လိုပဲမြို့ ပေါ်က ဆေးခန်းကြီးတွေမှာပဲ ထိုင်မယ်ထင်နေတာ …တကယ်တော့ ကျွန်တော်အင်္ဂလန်သွားတာ ကိုယ့်ကိုယ်ကျိုးအတွက်ချည်းမဟုတ်ဘူးမသော်တာ 
သူတို့ နိုင်ငံရောက်ရင် သူတို့ ရဲ့ ဆေးပညာတွေသင်မယ် ၊ သူတို့ နဲ့ တန်းတူထူးချွန်လာရင် ကျွန်တော်တို့ နိုင်ငံအပေါ် သူတို့ ဘယ်လိုကူညီထောက်ပံ့ ပေးနိုင်မလဲကျွန်တော် ဆွေးနွေးမယ် ၊မဖွ့ံဖြိုးသေးတဲ့ တောင်တန်းဒေသတွေ အတွက် လိုအပ်တာတွေကျွန်တော်သူတို့ ဆီက အလှူခံမယ် ၊ သူတို့ နဲ့  ပူးပေါင်းညှိနှိုင်းပြီးမှ ကျွန်တော့်နိုင်ငံအတွက် အကျိုးရှိတာတွေ လုပ်ပေးဖို့ ကျွန်တော် ပြန်လာမှာပါ..”
ဆရာရယ်…
သော်တာ ဘာဆက်ပြောရမှန်းမသိအောင် ရင်ထဲမှာလှိုက်ဖိုကြည်နူးလာသည်။
“မသော်တာ မြင်ချင်တဲ့ နိုင်ငံအကျိုးပြုဆရာဝန်ဘ၀ဆိုတာ ကျွန်တော့အိပ်မက်ပါ… ဒါပေမယ့် ဖေဖေနဲ့ မေမေ ရှေ့ မှာ အခု အဲ့ ဒါတွေပြောပြရင်သူတို့ လက်ခံမှာ မဟုတ် ဘူးလေ၊ ဖေဖေ က သူ့ လိုဆေးခန်းတွေမထိုင်ဘူးဆိုရင်ခုကတည်းက ကျွန်တော့်ကို အင်္ဂလန်လွှတ်မှာမဟုတ်တော့ဘူး ၊ မိဘစိတ်ဆင်းရဲအောင်အတိုက် အခံလုပ်နေရင် လည်းမကောင်းဘူး ၊ ဒါကြောင့်သူတို့ အလိုကျနေရင်း ကျွန်တော်အင်္ဂလန်သွားရဖို့ ပဲ လုံးပန်းနေတာပါ။
ခုချိန်မှာ ကျွန်တော့်အတွက်အလိုအပ်ဆုံးက အင်္ဂလိပ်စာတော်ဖို့  ပဲမသော်တာ ၊ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်မှ ကျွန်တော်တောင်းဆိုချင်တာတွေတောင်းဆိုလို့ ရမှာ၊ ကျွန်တော့်ကို နားလည်ပေးနော် …”
သော်တာ့ကို ရွှန်းရွှန်းစားစားစိုက်ကြည့် ပြီး တောင်းပန် သလိုပြောနေတဲ့  သူ့ ကိုသော်တာရင်ဆိုင်မကြည့်ရဲတော့ပေ၊ အရင်က သူ့ ကိုအထင်သေးခဲ့တာတွေ အတွက်လည်း အားနာနေမိသည်။
“ဆရာ့ ကို သော်တာတမျိုးမြင်မိတာအားနာလိုက်တာ ၊ဆရာ့ ရည်ရွယ်ချက်တွေက မွန်မြတ်ပါတယ် ..”
“အားနာဖို့ မလိုပါဘူးမသော်တာ ၊ ကျွန်တော်ကတော့ စတွေ့ ကတည်းက မသော်တာဟာ ကျွန်တော့်အတွက် ထူးခြားတဲ့ မိန်းကလေးလို့ ထင်မိနေတာပါ..”
အို..သူ့ စကားက ဘာကိုဆိုလိုတာလဲ..သော်တာ က သူ့ အတွက်ထူးခြားသတဲ့ လား..
ရင်ထဲမှာဖိုလှိုက်လာပြီး ရှက်စိတ်နဲ့ သော်တာသူ့  ကိုမကြည့်ရဲတော့ပါ။ အမြဲတမ်းကိုယ့်မောင်လေးတယောက်လို သဘောထားပြီးနောက်ပြောင်နေပေမယ့်အခုသော်တာ သူ့  ကို လေးစားစိတ်နဲ့ အတူ မရွံ့ မရဲ ဖြစ်မိပါပြီ။
သူ ကလည်း ဘာမှဆ က်မပြောတော့ဘဲ သော်တာ့ ကို နားဖို့ ပြောပြီးအပေါ်ထပ် MO ခန်း ကိုတက်သွားပါသည်။သော်တာကတော့ တစ်ညလုံးပြန်အိပ်မရတော့ဘဲသူ့မျက်နှာ နဲ့ သူ့ အပြောတွေ ကိုပြန်မြင်ယောင်ရင်ခုန်ရင်း မိုးစင်စင်လင်းသွားပါတော့သည်။
xxxxxxxxxxxxxxxx
လူတစ်ယောက်ကိုလေးစားအထင်ကြီးခြင်းဟာ ချစ်ခြင်းရဲ့ အစပေပဲလား….။
သော်တာဟာ သူများတွေသူ့ ကိုဘယ်လိုထင်ထင်သူ့ ရင်ထဲကမွန်မြတ်လှတဲ့ စိတ်စေတနာကို မြင်ရပြီးပြီမို့  သူ့ ကို တိုးလို့ တွယ်တာလာပါသည်။ဟောသည်လောကကြီးမှာ မမြင်ရပေမယ့် အခိုင်မြဲဆုံးကြိုးလေး သော်တာ့နှလုံးသား ကို ရစ်ပတ်ဖွဲ့ နှောင်နေပါပြီ။
သူ နဲ့ အေးအေးဆေးဆေးစကားပြောရတဲ့ နိုက်ဂျူတီညတွေ ကို သော်တာမျှော်တတ်လာသည်။
ဆေးကောင်တာထဲမှာထိုင်ရင်း သူအင်္ဂလိပ်စာကျက်နေတာလှမ်းကြည့် ရတာကလည်း
  သော်တာ့အတွက်ကြည်နူးစရာပင်..။
တဖြည်းဖြည်း သူ အင်္ဂလန်သွားဖို့ ရက်နီးလာသလို သော်တာနဲ့  သူ့ ကြားက သံယောဇဉ်တွေလည်း တိုးလာ၏။
ဒါကို ရိပ်မိသွားတာက သူ့ အဖေပါ။ဆရာကြီး ကသူ့ သား နဲ့ သော်တာဒီလိုရင်းနှီးခင်မင်နေတာ မကြိုက်ဘူး ဆိုတာ သော်တာပြန်ကြားအောင် တဆင့် ပြောခိုင်းသည်။ ၀မ်းနည်းနာကျင် မိပေမယ့်သော်တာ နားလည်ပေးပါသည်။ ဆရာကြီးတို့ ဘက်ကကြည့်တော့လည်း သူ့ သားအဖိုးတန်လေးကို သော်တာလိ ပိုက်ဆံမရှိ ၊ အသိုင်းအ၀ိုင်းမရှိတဲ့ သာမာန် ၀န်ထမ်းလောက်နဲ့ ဘယ်သဘောတူပါ့ မလဲလေ…။
မေရီကတော့ သော်တာ့ဘက်မှဆတ်ဆတ်ခါ အောင်နာနေပါ ၏။
“ထားလိုက်ပါမေရီရယ် … ဆရာကြီး ကို ငါစိတ်မဆိုးပါဘူး၊သူ့ သားကို ချစ်လို့ ပြောတာပါ ”
“အမလေးဟယ်.သူ့ သားဂေါက်နေတာတော့မသိဘဲ နာနေသေးတယ် ၊ ငွေမရှိပေမယ့် ငါ့သူငယ်ချင်းလိုလှပထက်မြက်တဲ့ သူမျိုးက သူ့ သားနဲ့ တန်တောင်မတန်ပါဘူး ”
သူ့ အိမ်ကသူ့ ကို ဒီဆေးရုံမှာမဆင်းခိုင်းတော့တဲ့အခါ သော်တာ သူ့ ကို သတိရလိုက်တာ..။
ရင်ထဲက မေတ္တာအစိုင်အခဲကို ကိုယ့်ဘာသာကြိတ်ခြေနင်းဖျက်နေတဲ့ သော်တော့ရှေ့ ကို တစ်နေ့တော့သူရောက်လာပါသည်။
ညနေဂျူတီထွက်လို့ ကားဂိတ်မှာကားစောင့်နေတုန်း သူ့ ကားရောက်လာပြီး သော်တာ့  ကိုခေါ်ကာ အင်းလျှားကန်ဘက်မောင်းလာ တဲ့ အထိ သူက ဘာမှမပြောပါ။ ကန်ဘောင်ခုံတန်းမှာထိုင်မိတော့သူ့ မျက်နှာလေးချောင်ကျနေတာကြည့်ပြီး ငိုချင်လိုက်တာ..။
“ ဆရာပိန်သွားတယ်နော် ၊ ပင်ပန်းနေလို့ လား ”
“ လူပင်ပန်းတာရော ၊ စိတ်ပင်ပန်းတာရောပါတယ်မသော်တာ .. ကျွန်တော် မနက်ဖြန် စေ့စပ်ရတော့မယ် ”
“ကျွန်တော် ခုချိန် ဒီ စေ့ စပ်ပွဲ ကိုငြင်းလို့ မရဘူးမသော်တာ ၊ အဓိကကမေမေ့ မှာနှလုံးရောဂါ အခံလည်းရှိတယ်၊ မေမေအရမ်း စိတ်ထိခိုက်သွားလိမ့်မယ်..။ဒါပေမယ့်ကျွန်တော်သိပါတယ်။ တဖက်မိန်းကလေးလည်း မိဘတွေကြောင့်သာလက်ခံလိုက်ရတာပါ၊သူ့ မှာချစ်သူရှိတယ်လေ ၊ သူ ရအောင် ပြန်ဖျက်မှာပါ၊သူလည်းကျွန်တော့ကိုမယူပါဘူး ”
“အို..ဆရာတို့ ဟာ ကလည်းဘယ်လိုကြီးလဲ၊ သူလည်း ကိုယ့်မချစ် ၊ ကိုယ်လည်းသူ့ မချစ်ဘဲနဲ့ ”
“မိဘတွေရဲ့ အတ္တကြောင့်ပေါ့ ၊ အဲဒီမိန်းကလေး ချစ်သူက နွမ်းပါးတယ်လို့ကြား တယ်၊  ဒါနဲ့ သဘောမတူနိုင် လို့ နိုင်ငံခြားမှာနှစ်ရှည်လများသွားတော့မယ့် ကျွန်တော်နဲ့  အတင်း စေ့စပ်ပေးတာ ”
တစ်ဖက်မိန်းကလေး ချစ်သူ ကနွမ်းပါးလို့ တဲ့ လား…ဆရာ နဲ့  ရင်းနှီးခင်မင်နေတဲ့ သော်တာ က ဘာမှမရှိတာလည်း ပါတယ် မှတ်လားဟင်…ဆရာ နဲ့ သော်တာ့ ကြားမှာငြိတွယ်နေ တဲ့  သံယောဇဉ်ကြိုးကို ဖြတ်ချင်တာရောမပါဘူးလား.. လို့ စိတ်ထဲမှမေးနေ မိပေမယ့် သူ့ ကို ဘာမှတွန်းအား မပေးချင်တော့ပါ…။
သူဟာကြီးမားတဲ့ ရည်ရွယ်ချက်နဲ့  မကြာခင် ရေခြားမြေခြားမှာ နှစ်ရှည် လများသွားပြီးခက်ခဲ တဲ့ဆေးပညာတွေ သင်တော့ မှာလေ… သူ့ ကိုပျော်ရွှင်ချမ်းမြေ့ စွာနဲ့ ပညာသင်စေချင် တာသော်တာ့ ရဲ့     စေတနာပါ။
သော်တာတို့ နှစ်ယောက်ဟာ ဘာမှမပြောဘဲခုံတန်းလေးမှာထိုင်နေကြတာ မှောင်စပျိုးလာ သည့်အချိန်အထိပင်..။
နောက်… မိုးဖွဲလေးတွေ ကျလာပါသည်။
“ မိုးတွေရွာတော့မယ် ၊ ပြန်ကြရအောင်ဆရာ ၊ သော်တာလိုင်းကားစီးသွားတော့မယ်နော် ”
သော်တာပြောနေပေမယ့် သူကကန်ရေပြင်ကို စိုက်ကြည့်နေရာမှမရွေ့ ပေ..   ဘေးတိုက်မြင်ရတဲ့ သူ့ မျက်နှာလေး ကို ငေးကြည့် ရင်း သော်တာသနားလိုက်တာ …ဖြစ်နိုင်ရင် မိခင် ကသားငယ်ကို ချော့သလိုမျိုးသူ့ ကိုရင်ခွင်ထဲပွေ့ ထား ရင်း ခေါင်းမှ ဆံစလေးတွေ ကိုပွတ်သပ်ကာ နှစ်သိမ့် ပေးချင်ပါရဲ့ …။
သော်တာ့ မေတ္တာဟာရယူလိုခြင်းထက်ဖြည့်ဆည်း ပေးချင်တဲ့ ကျယ်ပြန့်နက်ရှိုင်းတဲ့မေတ္တာမျိုးပါ။
“မသော်တာ… ”
“ ပြောပါဆရာ ”
“ ကျွန်တော့ ကိုခွင့် လွှတ်ပါနော် ”
“ အာ..ဆရာ ကလည်း ဘာတွေပြောနေတာလဲ ၊လာပါ ပြန်ရအောင်နော် ”
သူ ပြောနေတာ ကိုဘာမှမဖြစ်သလို ရယ်မောရင်းခုံတန်းမှထရပ်ကာ သော်တာပြန်ဖို့ ပြင်တော့
သူပါထရပ်ရင်း သော်တာ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ထားသည်။
“ ကျွန်တော် နောက်ဆယ်ရက်ဆို သွားရတော့မယ် ”
“ ဟင်…စောလိုက်တာ ”
“ ဟုတ်တယ်…တမင်စောပြီးသွားတာ ၊ မြန်မာပြည်မှာဆက်မနေချင်တာ လည်း ပါတယ်။ နောက်နေ့ တွေ မသော်တာနဲ့  တွေ့ နိုင်တော့မယ်မထင်ဘူး ၊ နုတ်မဆက်ဘူးနော်၊ ကျွန်တော်တို့ ပြန်ဆုံကြမယ်လေ ”
သူ ပြောတာနားထောင်ရင်း သော်တာ့ စိတ်တွေထိန်းမရဘဲ ငိုမိပါတော့သည်။မိုးတွေကလည်း သည်းလာတာမို့ နှစ်ယောက်သား ရွှဲရွှဲစို ကုန်ပါ၏။ သှူကမိုးနဲ့ အပြိုင် ပြိုဆင်းနေတဲ့ သော်တာ့ မျက်ရည်တွေကို ကြင်နာစွာ သုတ်ပေးရင်း…
“ မငိုပါနဲ့ မသော်တာရယ် ၊ ဒီအချိန်မှာ ကျွန်တော့်ရင်ထဲကစကားတခွန်းကိုပြောလိုက်ချင်တာပါ.. ဒါပေမယ့်မနက်ဖြန် တခြားသူတယောက် နဲ့ စေ့စပ်တော့မယ့်ကျွန်တော့် အနေနဲ့  ဘယ်လိုမှ မပြောရက်ဘူးဗျာ ”
သူမပြောပေမယ့် သော်တာကြားပါသည်။ သူ့ ရင်ထဲကစကားကို သော်တာ့နှလုံသား ကကြားသွားပါပြီ။ ဘာပဲဖြစ်ဖြစ်သော်တာကျေနပ်ရမှာပေါ့ ..၊ သော်တာ့မျက်ရည်တွေကြောင့် သူ့ ရင်တွေမပူလောင်စေချင်ပါ။ မျက်ရည်တွေကိုသုတ်ပြီး သော်တာသူ့ ကို ပြုံးပြလိုက်ပါသည်။
“ သော်တာ့ အတွက်နောက်ဆံမတင်းပါနဲ့ ဆရာ ၊ လုပ်စရာရှိတာလုပ်ပြီး စိတ်ဖြောင့်ဖြောင့်  နဲ့ သွားပါ။ မြန်မာပြည်အတွက် အဖိုးတန်တဲ့ ဆေးပညာတွေယူလာမယ့် ဆရာ့ ကို သော်တာ စောင့်နေမယ်နော် ”
သော်တာ့စကား ကြောင့် သူ့ မျက်လုံးလေးတွေတောက်ပသွား တာမြင်လိုက်ရမှသော်တာ့ ရင်ထဲချမ်းမြေ့ ရပါသည်။သော်တာ့ ကိုဆုပ်ကိုင်ထားတဲ့ သူ့ လက်မှအနွေးဓါတ် က သော်တာ့ လက်ဖျားမှသည် ရင်ထဲအထိစီးဆင်းသွားတာမို့  မိုးရွာထဲမှာနွေးထွေးခြင်းကို ခံစားရပါပြီ။
xxxxxxxxxxxxxxxxxx
ဆရာရေ….ဥတုသုံးလီလို့ ဆိုပေမယ့် ဘာလို့ များ မြန်မာပြည်မှာ မိုးရွာတဲ့  အချိန်တွေ များ နေရတာလဲပဲ နော်…
မိုးတွေရွာတိုင်း နောက်ဆုံးနုတ်ဆက်ခဲ့ ရတဲ့ မိုးသည်းညလေး ကိုလွမ်းဆွတ်မိတဲ့သော်တာ့ရဲ့  ခံစားချက်ဟာ  ဝဿန်ငါးကာလ ကို ဖြတ်ကျော်လာခဲ့ ပေမယ့်  ဘာလို့ များ မလျော့ ပါးသွားတာလဲဟင်…
ဆရာလိုချင်တဲ့ ပညာတွေ အဆင့်ဆင့်သင်ယူနေတယ်ဆိုတာ သော်တာကြားရတိုင်း ၀မ်းသာ ကြည်နူးမိပါတယ်။
သော်တာလည်း သော်တာ့မိသားစုလေးအတွက်အရင်လောက်မမောရတော့ပါဘူး ဆရာ... ။
မောင်လေး က သင်္ဘောအရာရှိဖြစ်သွားပြီ ။ အိမ်မှာလည်းဆေးဆိုင်လေးဖွင့်ထားနိုင်ပြီလေ..
ဒီလို အဆင်ပြေနေတာတောင် ဘာလို့ ဒီဆေးကောင်တာ အလုပ်ကိုဖက်တွယ်နေရတာလဲ လို့ ဆရာထင်ပါသလဲ…ဒီအလုပ်လေးမှာ ဆေးအကြောင်းတွေသေချာနှ့ံစပ်အောင်လေ့လာရင်း မသိတာမှန်သမျှ ဆရာဝန်ကြီးတွေ ကိုမေး ရင်းသော်တာ ဆရာဝန်တပိုင်းဖြစ်နေပြီ လို့ ပြောရင်ဆရာရယ်မှာလား…
မရယ်ပါနဲ့ ဆရာရယ်…ဒါတွေအားလုံးဟာ ဆရာ့အတွက်ပါ…
ဆရာပြောသွားခဲ့တယ်လေ… ပြန်လာရင်မဖွံ့ ဖြိုးသေးတဲ့ တောင်တန်းဒေသတွေကို သွားမယ်ဆို.. လိုအပ်တာတွေထောက်ပံ့ ရင်းပြည်သူ့ အကျိုးပြုမယ်ဆို… အဲ့ ဒီအချိန်ကျရင် သော်တာလည်းဆရာနဲ့ အတူတူ ဖ၀ါးခြေထပ်ကပ်လိုက်ပြီးပါရမီဖြည့်ဖို့  ဆိုတာဆေးပညာအကြောင်းတွေ သိမှရမှာပေါ့ …
မက်မိတဲ့ သော်တာ့အိပ်မက်တွေ ဟာ အမှန်တကယ် ဖြစ်လာ ၊မလာဆိုတာမသိသေးပေ မယ့်မျှော်လင့်ချက်လေး နဲ့ ရှင်သန်နေ ရတာကိုကဘ၀ရဲ့ အဓိပ္ပါယ်ပါ… ။ပြန်ဆုံမယ် လို့ ပြောခဲ့ တဲ့ ဆရာ့ စကားလေးတခွန်းတည်းကိုယုံကြည်ပြီးသော်တာစောင့်နေပါတယ်။
မိုးတွေ ရွာပြန်ပြီဆရာ....
ဝဿန်မိုးတွေရွာစွေသွန်းဖြိုးတဲ့အချိန်ဆို တခြားရာသီထက်ပိုလို့  သော်တာ့ရင်ထဲ လွမ်းဆွတ်မိပါရဲ့ ...
ဆရာနဲ့  စတင်ဆုံတွေ့ ခဲ့ တာလည်းဒီဝဿန်ပဲ ၊ ဆရာနဲ့ ခွဲခွာခဲ့ရတာလည်းဒီဝဿန်ပဲ မဟုတ်လားဆရာရယ်….
ဆရာ့ ကို တမ်းတစိတ်နဲ့ အတူ … အနာဂါတ်အတွက်ပြင်ဆင်ကြိုးစားနေ တဲ့ သော်တာလေ..     လွမ်းစေတဲ့ ဝဿန်လရာသီတွေကို ဖြတ်ကျော်ရင်း ဆရာပြန်လာမယ့်နေ့ ကို ဆက်စောင့်နေမယ်နော်….။
စောင့် မျှော်နေသူတိုင်းဆန္ဒပြည့်ဝကြပါစေ…
ကြာဖြူနွယ်
Women`s World Journal  Sep,25.2013 
No comments:
Post a Comment