Monday, September 23, 2013
" အဆိပ်သင့် ဝတ်ရည် "
ဒါပေမယ့် ခုတော့ သံသယဆူး စူး လို့  ပန်းလေး အဆိပ်သင့် နေရပြီ ....
ပန်းလေး မှာ အခု ရှိနေတာက  နှလုံးအိမ်ကိုလောင်ကျွမ်းစေမယ့်  အဆိပ်သင့် နေတဲ့  အရည် တွေ .....    အဆိပ်သင့် ဝတ်ရည်တွေပါ...
xxxxxxxxxxxxxxxxxxxxxxxx
( ၁)
လေဆိပ်က နေ ကုမ္မဏီ ကို တန်းပြီးလာခဲ့တဲ့ သူရိန့် ရင် ထဲမှာ ကိုကိုကြီး ကိုတွေ့ ချင်ဇော နဲ့ှဗလောင်ဆူနေပါသည်။
 ငယ်ငယ်လေးကတည်းက မိဘနှစ်ပါး ဆုံးပါးသွားတဲ့ သူ့ အတွက်တစ်ဦးတည်းသောအကိုဖြစ်တဲ့ ကိုကိုကြီးဟာ အဖေဆိုလည်း ဟုတ်ခဲ့  ၊ အမေ ဆိုလည်းဟုတ်ခဲ့ပါသည်။အသက်ဆယ်နှစ်ကွာတဲ့ သူ့ ကို လည်း ကိုကိုကြီးက သားတစ်ယောက်လိုချစ်ခင် စွာပြုစု ပျိုးထောင်ပေး ခဲ့တာမို့ သူ့ ဘ၀တစ်ခုလုံး ကိုကိုကြီး ပုံသွင်းညွှန်ကြားသမျှကျိုးနွံစွာ နာခံ ခဲ့တာပါ။ဒါပေမယ့်  သူ အမေရိကားထွက် သွားတဲ့ခြောက်နှစ်တာအတွင်းကိုကိုကြီးက ပြောင်းလဲသွားပြီပဲ...
သားငယ် မယုံနိုင်ဘူး ကိုကိုကြီး...
ကိုကိုကြီးဟာ ဒီလိုယိမ်းယိုင်လွယ် ပြီး ဆင်ခြင်တုံတရားမရှိတဲ့သူလား...
ကိုကိုကြီးကို မေးချင်တဲ့မေးခွန်းတွေ နဲ့ သူ့ ရင်ထဲမွန်းကြပ်နေပါ၏ဒါပေမယ့် သူ ရုံးခန်းထဲရောက်တော့ ကိုကိုကြီး ကအစည်းအဝေး လုပ်နေလို့ ချက်ချင်း မတွေ့ ရဘဲ ထိုင်စောင့်နေရပါသည်။မှန်ကာထားတဲ့  ဧည့်ခန်းလေးထဲကဆိုဖာမှာထိုင်ရင်း ဖောက်ထွင်းမြင်နေရ တဲ့ အစည်းအဝေးခန်းကို လှမ်းအကြည့်မှာ...မျက်ဝန်းအိမ် ထဲ စွဲထင်သွားတာက ကြည်ပြာရောင်ပုံရိပ်လေး...
အို... သူ့ ရင်ထဲက ဗလောင်ဆူ နေတဲ့ ပူပြင်းတဲ့ခံစားမှုကြီးပျောက်ပျက်သွားရတာက ထူးဆန်းလိုက်တာ..။ သဲကန္တာရထဲကမောပန်းတကြီး နဲ့  ပြေးလာရာ မှ  ကျောက်စက်ရေလေး သောက်လိုက်ရသလို ရင်ထဲအေးချမ်းသွားအောင်သူမ စွမ်းဆောင်နိုင်တာပါလား....
သူမ .... ဘယ်သူပါလိမ့်  .....ကြည့်ရတာ ကိုကိုကြီး ရဲ့ အတွင်းရေးမှူးဖြစ်ပုံရတယ်...အရင်သူသိတဲ့ ကိုကိုကြီး ရဲ့ အတွင်းရေးမှူးက သူ အမေရိကားမှာနေတုန်း ဆုံးသွားတယ်ကြားမိပါ၏။အဲဒီနောက်ပိုင်း အလုပ်ဝင်လာတာနဲ့ တူပါရဲ့ ....
အတွေးပေါင်းများစွာ နဲ့  ထိုင်နေမိတဲ့ သူရိန် တစ်ယောက် ကိုကိုကြီး ထွက်လာပြီး ၀မ်းသာအားရနဲ သူ့ လက်ကို ဆွဲနုတ်ဆက်လိုက် မှအသိဝင်လာသည်။
" သားငယ်.. မင်းကွာ... ပြန်လာမယ့်ရက် ကြိုပြောတာမဟုတ်ဘူး ၊ကိုကိုကြီးလာကြိုမှာပေါ့  "
" ရပါတယ်ကိုကိုကြီး  ၊ ကိုယ့်မြန်မာပြည်ပြန်လာတာပဲ ၊ ကိစ္စမရှိပါဘူး"
“ကဲ..သားငယ် ၊နောက်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့ ၊ဒီနေ့ တော့ အိမ်အရင်ပြန်ပြီး နားလိုက်ဦး ။ ကိုကိုကြီးမအားဘူး၊ ကုမ္မဏီလာတဲ့နိုင်ငံခြားသားတွေ ကို ဒင်နာပေးရဦးမယ်။အော်..ဒါနဲ့  ၀တ်ရည်ရေ...ဒင်နာချိန်ကဘယ်တော့လဲ .. လက်ဆောင်တွေရောပြင်ပြီးပြီလား "
" ၇ နာရီ ပါဆရာ ..အားလုံးပြင်ထားပြီပါပြီ "
သူငေးကြည့်နေတာမြင်တဲ့ ကိုကိုကြီးက သူ့ ကို မိတ်ဆက်ပေးပါတယ်။
" ဒါ ကိုကိုကြီးရဲ့ အတွင်းရေးမှူးမြ၀တ်ရည်တဲ့ ....
ဝတ်ရည် ကတော့သားငယ်ကို သိပြီးသားပါ။သူက အံတီတင့် တူမလေ "
အော်..ဆုံးသွားတဲ့ ကိုကိုကြီးအတွင်းရေးမှူးအံတီကြီးရဲ့ တူမကိုး…
အကြည့်ချင်းဆုံမိတော့ သူ့ကို ပြုံးပြတဲ့  မျက်ဝန်းလေးတွေထဲမှာ ရင်းနှီးခင်မင်ရိပ်တွေ မြင်နေရပါ၏
" ဟုတ်ကဲ့ ..လာ သားငယ် ၊ အထုပ်တွေ ဘယ်လောက်များလဲ ၊ မာစီးဒီး နဲ့ ပဲ  ပြန်လို့ရတယ်မှတ်လား"
" သားငယ် က တို့ ထက် ၃ နှစ်ငယ်တယ် "
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
အမှန်တကယ်ဆို သူ မြန်မာပြည် ပြန်လာဖို့ ရည်ရွယ်ချက် မရှိသေးပါ။ ခုမှ သူ့ အသက် ၂၇ နှစ်ပါ။အသက် ၃၀ ကျော်လောက်အထိ အမေရိကားမှာ နေရင်း ပိုက်ဆံစုချင်ပါသည်။ကိုကိုကြီးက ကုမ္မဏီ မှာ အတူတူလာလုပ်ဖို့ ခေါ်တာတောင်သူ ငြင်းခဲ့ပါ၏အမေရိကား မှာဘွဲ့ ရပြီးကတည်းက သူ အလုပ်ဝင်တဲ့ကုမ္မဏီက လစာကောင်းကာ သူ့ကိုလည်းနေရာပေးတာမို့  အလုပ်ခွင်မှာ နေသားကျကာ သူပျော်နေတုန်းပါ။
ခုပြန်လာရတဲ့ အကြောင်းက ကိုကိုကြီးတို့ အိမ်ထောင်ရေးကြောင့်ပါ။
ကိုကိုကြီး လက်ထပ်တုန်းက အနောက်တိုင်းဆန်တဲ့  ကိုကိုကြီးဇနီးကို သူသိပ်ပြီး သဘောမတွေ့ ပေမယ့် အတူတူနေကြတော့ သူ့ ကို အလိုလိုက်ကာ ချိုချိုသာသာပြောတတ်တာမို့  ခင်မင်သွားပါသည်။နောက်ပိုင်းအိမ်ထောင်သက်ကြာလာလေလေ.. ကိုကိုကြီး နဲ့  သူ့ မရီး ရဲ့ ဆက်ဆံရေးက အေးစက်လာလေလေ ဖြစ်လာတာတော့သူရိပ်မိပါသည်။ဒါပေမယ့်  ဒီလောက် အခြေအနေ ဆိုးမယ်လို့ ကို မထင်ထား ခဲ့တာပါ…။
တိုက်ဆင်ဝင်အောက် ကားရပ်လိုက်သည်နှင့်  ချစ်တူမလေး မြတ်နိုးကပြေးထွက်ကြိုပါသည်
“ ဦးဦးကို နိုးလေး မျှော်နေတာ ..တို့ ဦးဦးက အပြင်မှာ ပိုသန့် ပြီး ပိုချောတယ်”
မြတ်နိုးလေးစကားကြောင့် သူ ပြုံးလိုက်မိပါသည်သူအမေရိကားထွက်သွားတုန်းက နိုးလေးတစ်နှစ်ကျော်ကျော်ပဲရှိပါသေးသည်။         ဝေးနေကြပေမယ့်  နိုးလေးစကားပြောတတ်လာတဲ့ အချိန်ကစပြီး ခုသူ ပြန်လာတဲ့ အထိ နိုးလေး နဲ့  သူ တောက်လျှောက်ဖုန်းပြော VZO ချက် ၊ မေးလ် ပို့ ကြတာမို့ တူဝရီးနှစ်ယောက်က အရမ်းရင်းနှီးပါသည်။နိုးလေးပြောပြနေလို့ ကိုကိုကြီးနဲ့ မမကြီး နေ့တိုင်းနီးပါး ရန်ဖြစ်ကြတာလည်း သူသိနေပါသည်။အိမ်ထောင်သည်သဘာဝ ရန်ဖြစ်ကြတာကိုနားလည်ပေမယ့်  ဆိုးဆိုးဝါးဝါး ပြင်းထန်လာ တာ ကို တော့သူလက်မခံနိုင်ပါ .. နောက်ပြီးမမကြီးပြောပြချက်အရဆိုရင် ကိုကိုကြီးကဖောက်ပြန်တာတဲ့ .. ၊နောက် အသစ်တွေ့ နေ သတဲ့ … ၊ အရင် မမကြီးကို ပေးထားတဲ့ ပိုင်ဆိုင်မှုတွေကိုတောင် ကိုကိုကြီးက အကုန်ပြန်သိမ်းနေတယ်လို့ ကြားတော့မရီးဖြစ်သူကို သနားမိပါသည်။
ကိုယ့်အကိုပေမယ့်  ဒီလိုလုပ်တာတော့သူလက်မခံနိုင်ပါ ။ကိုကိုကြီးကိုဖုန်းဆက်မေးတော့လည်း သေချာမပြောပြဘဲ မဆိုင်တာ မပြောနဲ့ ကွာဆိုပြီး စကားပိတ်ပစ်တတ်ပါသည်။နောက်ဆုံး နိုးလေးက အဖေ နဲ့ အမေ ကြားစိတ်ဆင်းရဲနေရတာတွေကို ငိုရှိုက်ကာ ဖုန်းဆက်ပြောလာတော့ သူဆက်မနေနိုင်တော့ ဘဲ အလုပ်ထွက်ကာပြန်လာဖို့   ဆုံးဖြတ်လိုက်ရခြင်းပါ။
အိမ်ထဲဝင်လိုက်တော့ ဘယ်သူမှမတွေ့ ဘဲ တိတ်ဆိတ်နေပါသည်။
“ မမကြီးမရှိဘူးလားနိုးလေး”
“မရှိဘူးဦးဦး ..မေမေက နေ့ ခင်းဆို အပြင်သွားနေတာ ၊ ဖေဖေရော မေမေရော ညဘက်မှ ပြန်လာကြတာ   ၊
နိုးလေး နဲ့  အိမ်အကူ ဒေါ်ကြီးပဲရှိတယ်”
ဟင်း…
သူ ရင်မောစွာသက်ပြင်းချလိုက်ရင်း ချစ်တူမလေးကိုသနားကြင်နာစွာနှင့် ဖက်ထားလိုက်မိသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၃)
သူပြန်လာတဲ့ အထိမ်းအမှတ်နဲ့ ကိုကိုကြီးက အိမ်မှာ ရင်းနှီးသူတွေကို ညစာဖိတ်ကျွေးတော့ မြ၀တ်ရည်နှင့်  ဒုတိယအကြိမ် ပြန် ဆုံတွေ့ ရပါသည်။
ကြည့်စမ်းပါဦး… မြ၀တ်ရည်ဆိုတဲ့ နာမည်လေး နဲ့လိုက်အောင် မဟာဆန်ဆန် ကျက်သရေရှိစွာဝတ်တတ်လိုက်တာ..ညဘက်မြက် ခင်းပြင်မှာလုပ်တဲ့ ဘူဖေးဒင်နာမို့  အားလုံးလွတ်လွတ်လပ်လပ် ကျောဟိုက်လည်ဟိုက် နဲ့ အနောက်တိုင်းဆန်ဆန်ဝတ်လာကြတဲ့ မိန်ကလေးတွေကြားမှာ  သူမကတော့ ငွေခြည်ထိုး ပိုးပြောင် မီးခိုးဖျော့ ရောင် လေးကို ရင်စေ့ လက်စကပန်းကြယ်သီးလေးတွေ တပ်ထားတဲ့ ဝတ်စုံကိုဝတ်ထားပါသည်။ ကျစ်ဆံမြီးတုတ်တုတ်လေးကို ပြန်ခွေပတ်ထားတဲ့ ဆုံထုံးလှလှလေးမှာ စိန်ပန်းခိုင်လေးကို မခို့ တယို့  စိုက်ထားတာကို မြင်လိုက်ရတော့ သူရိန့် ရင်ထဲမှာ အမည်ဖော်မပြနိုင်တဲ့ ခံစားမှုတစ်ခုဖြစ်ထွန်းသွားတဲ့အထိ သူမဆွဲဆောင် ဖမ်းစားနိုင်ပါသည်။
မြ၀တ်ရည်ရဲ့ မျက်လုံးလေးတွေကလည်းသူ့ ကိုသိပ်ရင်းနှီးနေသလိုပဲ…သူစိတ်ထင်တာလားမသိပေမယ့် မီးရောင်ဖျော့ ဖျော့        အောက် မှာ သူ့ ကိုလှမ်းကြည့်လိုက်တဲ့ မျက်ဝန်းလေးတွေ က စိန်ရောင်တောက်သလို အရည်ကြည်လေးတွေ လဲ့နေတာမြင်ရတော့ သူ့ ရင်ခုန်သံ တွေမြန်လာပါသည်။
ခင်ဗျားနဲ့ကျွန်တော်မနေ့ ကမှမြင်ဖူးတာလေ..ဘာလို့ အဲ့လိုမျက်ဝန်းလေးတွေနဲ့ ကြည့်တာလဲမြ၀တ်ရည်…စိတ်ထဲကမေးခွန်းတွေထုတ် ရင်း အဲ့ဒီညက သူ အိပ်မက်လှလှလေးမက်ခဲ့ပါသည်။အိပ်မက်ထဲမှာမြ၀တ်ရည်က ငွေရောင် နတ်သမီးလေးဖြစ်ပြီး သူ့ ဆီလာတယ်တဲ့ …
မနက်မိုးလင်းတော့ ညက အိပ်မက်ကိုပြန်စဉ်းစားရင်း ကြည်နူးစွာ အောက်ထပ်ဆင်းလာတဲ့ သူ့ ကို ရန်ဖြစ်သံများက ဆီးကြိုနေပါသည်။
“မင်း..ငါ့ ကို မဟုတ်တာတွေမစွပ်စွဲနဲ့  ရှယ်လီ  ၊ ဒါ မင်းနဲ့ ငါ ကြားက ပြသနာကသပ်သပ် ၊  သူများကိုဆွဲမထည့်နဲ့  ”
“ မထည့်လို့မရဘူးလေ--ရှင်တို့ အကြောင်းအကုန်လုံးသိနေတာပဲ ..ရှင်တို့ နှစ်ယောက်ပေါင်းပြီး ကုမ္မဏီ ကို အပိုင် စီးချင်နေတာမသိဘူးမှတ်လား ”
“ တော်တော့..မင်းကိုအဲဒါတွေကြောင့် ငါ စိတ်ပျက်တာ  ၊ မင်းက မင်းဆွေမျိုးသားချင်းတွေဘက်သိပ်သိလွန်းတယ်။သူတို့ ပြောတာ အကုန်ယုံပြီး ငါ့ကိုအမြဲရန်လုပ်တယ်  ၊ ခုလက်ရှိဖြစ်နေတဲ့ ကုမ္မဏီအခြေအနေ ကိုမင်းဘာသိလို့ လဲ”
“ ဘာသိရမှာလဲ ..ရှင်ကကျမအကိုတွေအမတွေရှယ်ယာထည့်ထားတာပြန်အမ်းတယ် ၊ကျမ မောင်ကိုလည်း GM ရာထူး ကဖြုတ်ပြီးကုမ္မဏီကနှင်ထုတ်နေတာလေ ..”
“ မင်းမှားနေုပြီ … မင်းမောင်ကြောင့်  ငါတို့ ကုမ္မဏီဘယ်လောက်နစ်နာခဲ့ရသလဲ..မင်းသိလား ”
“ အို ..ရှင်မဟုတ်တာမပြောနဲ့ .. ရှင့် ဟာမကသာ အပိုင်စီးချင်လို့ လိုက်အပုတ်ချနေတာ ”
“ မင်း..သူများကို အဲလို မပြောနဲ့ နော်  ”
“ ပြောတော့ဘာဖြစ်လဲ..ရှင်က ဒီလောက်ပြောတာလေးတောင်မခံနိုင်ဘူးလား ”
ပြောရင်းပြောရင်း လေသံတွေတင်းမာပြင်းထန်လာတဲ့  ကိုကိုကြီးတို့ လင်မယားရဲ့ ရန်ပွဲကိုကြည့်ကာသူရိန်စိတ်ညစ်ညူးသွားပါသည်။ ခုထိ ပြသနာဇစ်မြစ်ကိုနားမလည်သေးကာဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲမသိသေးလို့ သူ ရုံးကိုပဲ စောစောသွားလိုက် ပါသည်။ရုံးမှာ သူ့ စိတ် ကို ကြည်နူးစေသူလေးရှိတယ်လေ..
ဒီနေ့  သူမက ခရမ်းရင့်ရောင် ဇင်းမယ်ဝမ်းဆက်လေးဝတ်ထားကာ ဆံပင်လေးကို နောက်ကျောမှာဖြန့်ချထား တာမို့  ပိုပြီး နုနယ်လှပနေ ပါသည်။တော်ဝင်တဲ့ခရမ်းရောင် ဟာ မြ၀တ်ရည်ရဲ့ အသားလေးတွေကိုရွှေရောင်တောက်စေပါသည်။ သူ့ ကိုမြင်လိုက်တာနဲ့ပြုံးလဲ့   တောက်ပသွားတဲ့မျက်လုံးလေးကလည်း စိန်ပွင့်လေးလိုပါပဲ…
“ သားငယ် ..စောလှချည်လား ၊ ဆရာနဲ့အတူမလာဘူးလား ”
“ ဟုတ်တယ်..မေးစရာရှိလို့ တမင်စောစောထွက်လာတာ  ”
“ ဘာများပါလိမ့် … ”
“ ဒီက GM ကမမရှယ်လီမောင်လား ”
“ ဟုတ်တယ်လေ ”
“ သူအခုဘယ်မှာလဲ ..တွေ့ ချင်လို့ ”
“ သူ့ ကို ဆရာက  လောလောဆယ် အလုပ်နားထားတယ် ”
“ဘာလို့ နားထားတာလဲ ”
“ ဒါတော့ဆရာ့ ကိုပဲ မေးကြည့်ပါ ”
မြ၀တ်ရည်အဖြေကြောင့်သူ ဆက်မေးလို့ မရနိုင်တော့တာ သိသွားကာ လက်လျှော့ လိုက်ပါသည်။
ကိုကိုကြီးလာတော့လည်း မျက်နှာမကောင်းပါ။ နောက်မြ၀တ်ရည်ကို အခန်းထဲခေါ်ပြီးသူတို့  စကားတွေပြောနေကြတာနေ့ ခင်း ထမင်းစား ချိန်တောင် ထွက်မလာတော့ပါ။ဘာတွေအရေးကြီးနေလဲ..ကုမ္မဏီ မှာ ပြသနာတွေကြီးနေတာလား..၊စိုးတထင့်ထင့် နဲ့  ရုံးမှာထိုင်နေရ တာ မပျော်တော့လို့  သူ အိမ်ပြန်လာတော့ မရီးဖြစ်သူ က ဆီးပြောပါသည်။
“ သားငယ်…မင်း ရုံးကိုသွားနေတာ ဘာတွေတွေ့ လဲ ”
“ ဘာကိုတွေ့ ရမှာလဲမမရှယ်လီ  ”
“ မင်း အကိုကြီး ဘာလုပ်နေလဲ ”
“ မမြ၀တ်ရည် နဲ့ နှစ်ယောက်သားခေါင်းချင်းဆိုင်ဆွေးနွေးနေကြတာတော့တွေ့ နေတာပဲ”
“အေး..အဲဒါ ပြောတာလေ..မင်း အကိုက မရတော့ဘူးသားငယ်..ဒီမိန်းမ ခိုင်းတာ အကုန်လုပ်တော့မှာ ”
“ ဗျာ..ဒီမိန်းမ ဆိုတာ……..”
“ အဲ့ ဒီမြ၀တ်ရည်ကြောင့် မင်း ကိုကိုကြီး က စိတ်ပြောင်းသွားတာ ”
“ ဟာ……မဖြစ်နိုင်ဘူးထင်တယ်နော် ”
“ မင်းကခုမှရောက်လာလို့ မသိသေးတာပါ သားငယ်ရယ် ၊ ဒီမိန်းမ ကုမ္မဏီမှာကြီးစိုးနေတာကြာပြီ။ မင်းအကိုကလည်း အရုပ်ပဲ… သူ့ စိတ်တိုင်းကျ ၀န်ထမ်းတွေကိုဖြုတ်လိုက် ၊ ထုတ်လိုက်လုပ်နေတာ”
ဘုရား ဘုရား….သူနားကြားများလွဲနေလားပဲ။ သူ့ ရဲ့ ငွေရောင်နတ်သမီးလေးမြ၀တ်ရည်က ကိုကိုကြီးတို့ အိမ်ထောင်ရေးကိုဖြိုခွဲပြီး ပစ္စည်းတွေ အပိုင်သိမ်းဖို့ ကြံနေတဲ့ မိန်းမ..တဲ့ ၊ကျွန်တော်မယုံချင်ဘူး မြ၀တ်ရည် …. စိန်ရောင်တောက်နေ တဲ့ ခင်ဗျား မျက်ဝန်းလေးတွေ က ကြည့်တဲ့ အကြည့်က ကြည်လင်သန့် စင်နေတာပါ..
“ မင်းကတော့ သူ့ ပုံစုံချောချောလှလှလေးကြည့်ပြီး ဘယ်ထင်ပါ့ မလဲ… ရုံးက ၀န်ထမ်းတွေကိုအကုန်လုံးသိတယ် ၊သူက ပြင်သစ် ဘာသာနဲ့ ကျောင်းပြီးထားတာ ၊  MBA ဘွဲ့ လည်းရပြီးသား ၊ ပြင်သစ်ကုမ္မဏီမှာ ဒေါ်လာအများကြီးရတဲ့  အလုပ်ကိုလုပ်နေရင်း သူ့ အဒေါ် ဆုံးတာနဲ့  ဒီကိုချက်ချင်းပြောင်းလာတာလေ…အရင်အလုပ်ထက် လစာ ထက်ဝက်လောက်ပဲ ရတဲ့ ဒီပြည်တွင်း ကုမ္မဏီ အသေးလေးရဲ့  အတွင်းရေးမှူးအလုပ်ကို သူပြောင်းလာကတည်းက အကြံအစည်ရှိလို့ ပဲပေါ့ ….သူ ရောက်လာပြီးနောက်ပိုင်း ၀န်ထမ်းဟောင်းတွေ အကုန်ပြုတ်ကုန်တာပဲ..ဒီမိန်းမ သိပ်အဆိပ်ပြင်းတယ်သားငယ်..မင်းလည်းသတိထားပါ ”
မမရှယ်လီပြောသမျှကို ငိုင်တွေကာနားထောင်နေရင်း ရင်ထဲမှာ တဆစ်ဆစ်နာလာတာဘာကြောင့်များလဲ မြ၀တ်ရည်ရယ်
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၄ )
တစ်ညလုံးအတွေးများစွာနဲ့ အိပ်မပျော်လို့ ဒီမနက်သူခေါင်းတွေကိုက်နေပါသည်။ရင်ထဲမှာလည်းဟာတာတာနဲ့ နေရတာ အဆင်မပြေဖြစ် နေတဲ့ သူ့ စိတ်ကိုသူပြန်ဆန်းစစ်ကြည့်ရင်းထိတ်လန့် သွားပါ၏။
ခင်ဗျားဟာ မမရှယ်လီပြောသလိုတကယ်အဆိပ်ပြင်းနေသလားမြ၀တ်ရည်ရယ်….
သူ စိတ်ထဲကမချင့်မရဲ ရေရွတ်ရင်း ကော်ဖီသောက်ဖို့ ထွက်လာတော့ ကိုကိုကြီးရှိနေပါသည်။
“ လာ..သားငယ် ကြိုက်တဲ့ တင်တင်အေး မုန့် ဟင်းခါး ၀ယ်ထားတာ..မင်းမစားရတာကြာပြီမှတ်လားကွ ၊ အ၀သာတီး  ”
ပြုံးရွှင်ချိုသာစွာနဲ့  သူ့ ကိုမုန့် ဟင်းခါးကျွေးနေသည့်  ကိုကိုကြီး က အရင်ကအတိုင်းဘာမှမပြောင်းလဲသလိုပါပဲလား…
သူဇဝေဇ၀ါနှင့်  ဘာမှမပြောဘဲမုန့်ဟင်းခါးကိုသာ အရသာခံ စားနေလိုက်ပါသည်။
ကိုကိုကြီး ကားနဲ့ သူ လိုက်ခဲ့ကာ ကုမ္မဏီရောက်တော့ ကိုကိုကြီးနောက်လိုက်မသွားဘဲ ၀န်ထမ်းတွေအလုပ် စားပွဲဘက်             ယောင်လည်လည် နဲ့ သွားလိုက်သည်။ ခုချိန်ထိ သူ့ ကှို ကိုကိုကြီးညီလို့ သိပ်မသိကြသေးပါ။
“ နဒီရေ…မနေ့က ငါ ကြည့်မြင်တိုင်ဆိုင်ခွဲအတွက်လိုအပ်တဲ့ မှာယူစာရင်း တင်ထားတာငွေကျပြီလား..ခုထုတ်ချင်တယ် ”
“ နေဦး..မနေ့ က မမ၀တ်ရည် မအားလို့  မစစ်ရသေးဘူးဆိုပြီး လက်မှတ်မထိုးပေးသေးဘူး..ခဏစောင်နော့် ”
“ ဟာ..နင်ကလည်း ငါသေချာပြောထားတာကို … စိတ်ညစ်တယ်..အလုပ်လုပ်ရတာအဆင်ကိုမပြေဘူး…အရင်က GM ဆို ချက်ချင်းတင်ချက်ချင်းလက်မှတ်ထိုးပေးတာ…ခု သူရောက်လာမှ သိပ်ရစ်တာပဲ…သူ့ ကိုယ်သူ သူဌေးကတော်မှတ်နေလားပဲ ”
“ ဟယ်..မမ၀တ်ရည်ကိုအဲ့ လိုမပြောပါနဲ့ ၊ သူ က အလေအလွင့် ဖြစ်မှာစိုးလို့ သေချာစစ်နေတာပါ ”
“ တော်ပါ..သူ မောင်ပိုင်စီးရမယ့် ငွေတွေလျော့ ကုန်မှာ စိုးလို့နေမှာပေါ့ … ”
ကြားရတဲ့စကားသံတွေက နားမခံသာပါလားမြ၀တ်ရည်ရယ်..သူ သက်ပြင်းမောတစ်ချက်ချလိုက်ရင်း ကိုကိုကြီးအခန်းဘက် ထွက်အလာ..အထဲမှာ မြ၀တ်ရည် နဲ့  စကားပြောနေတယ်ကြားတော့ အလုပ်ကစ္စပြောနေတုန်းဝင်တာရိုင်းပြမှန်းသိသိနဲ့  အခန်း တံခါးမခေါက်ဘဲဝင်သွားမိသည်။ရုတ်တရက်ဝင်လာသည့်သူ့ ကို ကိုကိုကြီးက ဘာမှမပြောပေမယ့် မြ၀တ်ရည်က ခပ်ထန်ထန် လှမ်းကြည့်နေသည်။
“ ကျမ နောက်မှထပ်လာခဲ့တော့မယ်ဆရာ … ”
“ ဘာလို့ လဲမြ၀တ်ရည်..အော် သားငယ်ရောက်လာလို့ လား..သူ့ ရှေ့ ပြောလို့ရပါတယ်ကွယ့် ”
“ ခွင့် လွှတ်ပါဆရာ..ဒီအချိန်မှာ ကျမ  ဘယ်သူ့ ကိုမှ အလွတ်မပေးဘဲစောင့်ကြည့်မယ်လို့ ပြောခဲ့တယ်လေ..”
နှင်းဆီဖူးလေးနဲ့တူတဲ့ တင်းတင်းစေ့ ထားတဲ့ နုတ်ခမ်းလေးက ပြောတဲ့စကားက ပြတ်သားလှချည်လား..သူ့ ကိုမယုံသင်္ကာဖြစ်တာမို့ 
စိတ်တိုသွား၏။
“ ဘာတွေပြောနေတာမို့  ဆက်မဆွေးနွေးရဲတာလည်းမြ၀တ်ရည် ၊ ကျွန်တော် က ကိုကိုကြီးညီလေ ”
“ ကိုကိုကြီးညီပေမယ့် သားငယ်က မနေ့ တနေ့ ကမှ မြန်မာပြည်ပြန်လာတဲ့ သူလေ ၊ ကုမ္မဏီအကြောင်းဘာမှမသိသေးဘူး
ခု ပြောနေတဲ့ လေသံ နဲ့ အမူအယာတွေ ကို က ရောက်ရောက်ချင်းနဲ့ မတူတော့ဘူုး၊ သားငယ် ကို တခုခုလွှမ်းမိုးသွားပြီ ”
ဟား  တော်လို က်တဲ့မိန်းမ....
သူ့ စိတ်ထဲ ကို ဖောက်ထွင်းမြင်နေပါလား....
ကိုကိုကြီး ကတော့ ဘာမှမပြောချင်တော့တဲ့ ပုံနှင့် သူတို့ နှစ်ယောက်ပြောနေတာကို ငေးငိုင်ကြည့်နေပါသည်။
“ ဒီမှာသားငယ် ..တို့ ပြောမယ် ၊မင်းနားလည်ထားဖို့ က လောလောဆယ်အခြေအနေ မှာ ကုမ္မဏီကအရှုံးပေါ်နေတယ် ၊လူတစ်ယောက် အလွဲသုံစားလုပ်သွားတဲ့ အကြွေးတွေလည်း ဆပ်စရာရှိတယ်..နောက်ပြီး  အကျင့် ပျက်ဝန်ထမ်းတွေလည်း များနေတယ်.. ဒါကြောင့် တို့ အနေနဲ့ ကုမ္မဏီအတွက် အမုန်းခံ ပြီး ပြောသင့် တာပြောနေရတာတွေရှိမယ်..မင်းနားလည်ပေးပါ ”
သူ့ ကို စေ့ စေ့ ကြည့်ကာ တောင်းပန်တာလိုအမိန့် ပေးတာလို ပြောနေသည့် မြ၀တ်ရည်ရဲ့ မျက်ဝန်းတောက် တောက်လေး        တွေကြောင့်  ရင်ခုန်သံတွေမြန်ကာ ရင်ထဲမှာ ၀မ်းနည်းလာပါသည်။
ခင်ဗျားပြောတာတွေ ကျွန်တော် ယုံချင်ပါတယ်..မြ၀တ်ရည် ..
ခင်ဗျားဟာ သူများတွေပြောသလို မဟုတ်ပါစေနဲ့ လို့  စက္ကန့် နဲ့ အမျှ ဆုတောင်းနေတယ်ဆိုတာ ခင်ဗျားသိပါ့ မလား… သိပါ့ မလားဗျာ..။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၅ )
ဒီလိုနဲ့ ပဲ ကိုကိုကြီးတို့ ကုမ္မဏီမှာ  GM ရာထူးနဲ့  သူအလုပ်ဝင်ခဲ့ပါပြီ။
နေ့ တိုင်းရုံးတက်နေတဲ့  သူ့ ကို လုပ်ပိုင်ခွင့် တွေ လွှဲခဲ့ ပြီး ကိုကိုကြီးကနောက်ထပ်ချဲ့ မယ့်လုပ်ငန်းအတွက် အပြင်မှာပဲ လှုပ်ရှားနေပါတော့သည်။ခုမှ  ၀င်လာတဲ့ သူ့ ကို လုပ်ငန်းသဘောတရားတွေ သင်ပေးသူကတော့ မြ၀တ်ရည်ပါ..။
ထူးဆန်းတာက မြ၀တ်ရည် ရဲ့ မျက်ဝန်းလေးတွေဟာ သူ့ ကို ကြည့်တာသိပ်နွေးထွေးပါ၏။နောက်ပြီး သူနှစ်သက်တဲ့ 
တစ်နေကုန်  မြ၀တ်ရည် နဲ့  အလုပ်ခွင် မှာ ပျော်ရွှင်ကြည်နူးရပေမယ့် အိမ်ပြန်ရောက်လို့ မမရှယ်လီ စကားတွေကြားရရင် သူ့ စိတ်တွေညစ်ညူးသွားရပြန်သည်။
“သားငယ်ရေ ၊  မြ၀တ်ရည် နဲ့  မင်းကိုကိုကြီး အခြေအနေ က ဘယ်လိုလဲ  ၊ဘာတွေထူးခြားလဲ ”
“ဘာမှမထူးပါဘူးမမရှယ်လီ ၊ ကျွန်တော် မြင်တွေ့ ရသလောက် ပုံမှန်ပါပဲ ၊ ကျွန်တော့ ကို မမြ၀တ်ရည်ပဲအကုန်သင်ပေးနေတာ
သူက တော်ပါတယ်…”
“မင်းမသိသေးလို့ ပါ ကွယ် ၊ ဒီမိန်းမက မင်းသမီးခေါင်းဆောင်ထားတဲ့ ဘီလူးမပါ  ”
မြ၀တ်ရည် ကို ဒီလိုပြောတော့ သူမခံချင်ပါ..
“ မဟုတ်လောက်ပါဘူး မမရှယ်လီ ရယ် ၊ သူ့ ကိုယုံလို့ ကိုကိုကြီးက လွှဲထားတာနေမှာပါ ”
“မင်းအကို က မှိုင်းမိနေပြီလေ ၊ ခုထိ ကုမ္မဏီ အသုံးစားရိတ်တွေ ၊ ငွေဝင်ငွေထွက်စာရင်းတွေ သူ ပဲကိုင်နေတာမှတ်လား
တကယ်ဆို သူ နဲ့  ဘာမှမဆိုင်ဘူး သားငယ် ၊ အရင် သူ့ အဒေါ်လုပ်သွားတုန်းက သူဌေးအချိန်ဇယားဆွဲ ပြီး လိုတာ မှတ်ပေးတာလောက်ပဲ ရှိတာ ၊ သူ့ လက်ထက် ကျ မှ အကုန်လုံး ခြယ်လှယ်နေတာ  ”
ဒါတော့လည်း ဟုတ်သည် ။ ကုမ္မဏီ မှာ ၀န်ထမ်းတွေ  မြ၀တ်ရည် ကို ပြောနေတာသူကြားခဲ့သေးတာပဲ..။
“ဘာပဲဖြစ်ဖြစ် မင်း က သူဌေးညီပဲ ၊ ငွေရေးကြေးရေး နဲ့ ပတ်သက်ရင် မင်းပဲ သေချာ စီမံပါသားငယ်ရယ်  ”
“ဟုတ်ကဲ့ ပါမမရှယ်လီ ၊ သူလည်း ကိုကိုကြီး က အကုန်လုပ်ခိုင်းထားလို့ နေမှာပါ ၊ ကျွန်တော် ပြောရင် လက်ခံမှာပါ”
သံသယစိတ်တွေ ကြားထဲ မှပင် သူမြတ်နိုးတွယ်တာနေရတဲ့  မြ၀တ်ရည်ဘက် ကို သူများတွေ အဆိုးမြင်မှာ သူမလိုလားပါ ။ သူသာ ငွေရေးကြေးရေး နဲ့ ပတ်သက်ပြီး ၀င်လုပ်ပေးရင် မြ၀တ်ရည် ကို သူများတွေ အထင်လွဲဖို့ မလိုတော့ပါ ၊ နောက်ပြီး အလုပ်အားလုံး သိမ်းကျုံးလုပ်နေရလို့ မြ၀တ်ရည်ပင်ပန်းနေတာလည်း သူမကြည့်ရက်ပေ..။ ရင်ထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာ များစွာနဲ့  မြ၀တ်ရည်ကိုပြောလိုက်တဲ့ အခါမှာတော့ သူထင်သလို ဖြစ်မလာပါ…။
“သားငယ်က တို့  ကို မယုံလို့ လား  ”
“ဟာ..မဟုတ်ပါဘူး ၊ ကျွန်တော်ပြောတာဒီသဘောမဟုတ်ဘူးလေ ..ခု မြ၀တ်ရည်လုပ်နေရတာတွေ လည်းများလို့  သက်သာအောင်ပါ”
“ရပါတယ် ၊ တို့ အကုန်တာဝန်ယူနိုင်တယ် ၊ လောလောဆယ် တော့ သားငယ်ကို အဲ့ ဒီလုပ်ပိုင်ခွင့် တွေ မပေးနိုင်သေးဘူး   ”
ခပ်ပြတ်ပြတ်ပြောနေတဲ့ မြ၀တ်ရည် ကို ကြည့်ပြီး သူ့ ရင်ထဲမှာ သံသယငွေ့ ငွေ့ ထွက်မိပါပြီ။ ဒီတော့ အရင်လို အမှုမှတ်မဲ့ မနေဘဲ
မြ၀တ်ရည်လှုပ်ရှား သမျှစောင့်  ကြည့်မိပါတော့သည်။
ကိုကိုကြီး နဲ့ မြ၀တ်ရည် ဟာ ဘာလဲ….
တခါတလေ ရုံးခန်းထဲမှာ နှစ်ယောက်တည်း တကြိတ်ကြိတ်ပြောနေကြတာ ဘာအကြောင်းတွေလဲ….
တခါတလေ  အပြင်က ကိုကိုကြီး ဖုန်းဆက်ပြီးရင် မြ၀တ်ရည် လိုက်သွားတတ်တာ ဘာသဘောလဲ …
သူ့ နှလုံးသားကို လွှမ်းမိုးနေတဲ့  မြ၀တ်ရည် ဟာ မမရှယ်လီပြောသလို မင်းသမီးခေါင်းဆောင်းထားတဲ့ ဘီလူးမလေးလား..
အဖြေရှာမတွေ့ သေးတဲ့ မေးခွန်းပေါင်းမြောက်များစွာနှင့်  သူ့ မှာ အိပ်ပျက်ညတွေ များလာပါ၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၆ )
ဒီနေ့  သူ့ ရင်ထဲမှာ လှိုက်ခုန်ကြည်နူးနေမိပါသည်။ မနက်ရုံးရောက်တဲ့ အထိ သူ ဟာ ဒီနေ့ ကို မေ့ နေပေ မယ့် စားပွဲမှာထိုင်လိုက်တဲ့ အခါတွေ့ ရတာက ကဒ်ပြားလေး တစ်ခု နဲ့  ဘူးသေးလေးတစ်ခု..။
ဖွင့် ကြည့်လိုက်တော့ သူ့ မွေးနေ့ အတွက်ဆုတောင်းကဒ်လေး နှင့်  နက်ကတိုင်လေးပါ…။
“ မွေးနေ့ မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ
 သားငယ် အတွက်ဆုတောင်းပေးလျှက်
မြ၀တ်ရည် ”
အိုး…….တကယ့်ကို အံ့ သြပျော်ရွှင်စွာ ခံစားရပြီး ကြည်နူးလိုက်တာ..။
ကိုကိုကြီးတို့ မမရှယ်လီတို့  ထားဦး ၊ သူတောင်သတိမရတဲ့  သူ့ မွေးနေ့ ကို မြ၀တ်ရည်က သတိတရ နဲ့ သိနေပါလား…
နက်ကတိုင်လေးကို ဖွဖွလေး ကိုင်ထားဆဲ မှာ မြ၀တ်ရည် ၀င်လာသည်။
“ Happy Birthday ပါသားငယ် ”
“ကျေးဇူးပဲ မြ၀တ်ရည် ၊ ကျွန်တော့် မွေးနေ့ ကို မေ့ နေတာ ”
သူ ပြောတာကို မြ၀တ်ရည် က ပြုံးပြုံးလေးနားထောင်နေသည်။ ပန်းနုရောင် အောက်ခံမှာ ပန်းရင့်ရောင်အသည်းနှလုံးလေးတွေ ထိုးယက်ထားတဲ့  ပိုးပျော့ ဝမ်းဆက်လေးဝတ်ထားတဲ့ မြ၀တ်ရည် သိပ်လှနေပါသည်။ပန်းနုရောင်ဆိုတာ အချစ်ရဲ့ သင်္ကေတပါ  ၊ ဒီအသည်း နှလုံးလေးတွေ ပါတဲ့ ပန်းနုရောင်ဝတ်စုံလေး ကို သူ့ မွေးနေ့ မှာ ၀တ်ထားတဲ့ မြ၀တ်ရည် ရင်ထဲကို သူ ထွင်းဖောက်မြင် ချင်လိုက်တာ။
နေ့ ခင်း မှာ မွေးနေ့ အတွက် မြ၀တ်ရည် အိမ်ကချက်ပြီး ယူလာတဲ့ သူ့ အ ကြိုက် ကြက်သားပလာတာ အတူတူစားရပြန်သည်။သူ စားဖို့  ပလာတာ လေးတွေ အနေတော်ဖဲ့ ကာ ကြက်သားဖတ်လေးတွေ နွှင်ထည့်ပေးနေတဲ့ မြ၀တ်ရည်ကို ကြည့်ပြီး သူ့ ရင်ခုန်သံတွေ မြန်လာသည်။ သူ့ အပေါ် အကြင်နာပိုတဲ့ မြ၀တ်ရည် ကိုမှ  ကိုကိုကြီး နဲ့ သူ အထင်လွဲသံသယဖြစ်မိတာ မှားနေပြီနဲ့ တူပါရဲ့ …။သူ လည်း သူ့ နှလုံးသား ကို ဒီ့ ထက်ပိုပြီး မလိမ်ညာချင်တော့ပါ..။သူ မြ၀တ်ရည် ကိုတွယ်တာခဲ့ရ တာတွေ ပြောပြဖို့ အချိန်တန်ပြီလို့ ထင်မိသည်။
 “ မြ၀တ်ရည် ၊ ညနေ ရုံးဆင်းရင် ဘယ်သွားဖို့ ရှိလဲ ”
“ မရှိပါဘူး ၊ ဘာလို့ လဲဟင်”
“ သြော်…ဒါဆို ဒီညနေ ကျွန်တော့်ကို အချိန်ပေးပါလား ၊ မြ၀တ်ရည် ကို ပြောစရာရှိလို့  ”
“ ရှင်… အခုပြောလို့ မရဘူးလား ”
“ မရဘူး မြ၀တ်ရည် ၊ ကျွန်တော်ပြောမယ့်စကားက ကျွန်တော့ဘ၀အတွက်သိပ်အရေးကြီးလို့ ပါ ”
စိတ်လှုပ်ရှားမှု နဲ့ တုန်ယင်စွာပြောနေတဲ့  သူ့ ကို ကြည့်နေတဲ့ မြ၀တ်ရည်မျက်လုံးလေးတွေဟာ အရည်ကြည်လေးလဲ့ နေပါသည်…။ ခင်ဗျားသိနေတယ်မှတ်လား မြ၀တ်ရည် ၊ ညနေ ကျွန်တော် ဘာပြောမယ်ဆိုတာ သိနေမှာပါ…။
ညနေခင်းရောက်ခါနီးလေလေ ၊ သူ့ ရင်ထဲ လှုပ်ရှားလာလေလေပါပဲ..။လေးနာရီခွဲတော့ ဘယ်လိုမှ အလုပ်လုပ်လို့ မရတော့လို့  အခန်းထဲမှထွက်ကာ မြ၀တ်ရည်ဘက်သွားတော့ ဖုန်းပြောနေတာတွေ့ ရသည်။
“ ရှင် ..ဟုတ်ကဲ့  ၊ ခု ချက်ချင်း လာခဲ့ ပါ့မယ်  ”
ပြောပြောဆိုဆို ဖုန်းချပြီး မြ၀တ်ရည် က အိတ်ဆွဲကာ အပြင်ထွက်ဖို့ ပြင်နေတော့ သူ မေးလိုက်သည်။
“ ဘယ်သွားမလို့ လဲ မြ၀တ်ရည် ၊ ရုံးပဲဆင်းတော့မယ် ၊ ဒီညနေ အချိန်ပေးမယ်ဆို  ”
“စောရီးပဲသားငယ် ၊ ဒီညနေအားတော့မယ်မထင်ဘူး ခု အရေးတကြီး သွားစရာလေးရှိလို့ ခွင့် ပြုပါ ၊ နောက် မှ ဖုန်းဆက်လိုက်မယ်နော်”
သူ ဘာမှပြန်ပြောချိန်တောင်မရပါ  ၊  မြ၀တ်ရည် အပြေးတပိုင်းထွက်သွားတာငေးကြည့်နေစဉ်မှာပဲ မမရှယ်လီ ဆီမှ ဖုန်းဝင်လာသည်။
“ သားငယ် ၊ မြ၀တ်ရည် ရုံးမှာရှိလား ”
“  မရှိဘူးမမ ၊ ခုလေးတင်ပဲ အရေးတကြီး ထွက်သွားတယ် ”
“  သေချာပါပြီ .. ထင်လို့ ကို မေးကြည့်တာ  ”
“  ဗျာ..ဘာလို့ လဲ မမရှယ်လီ  ”
“မင်းကိုကိုကြီး လည်းခုပဲ ဖုန်းဆ က်ချိန်းပြီးထွက်သွားတယ် ၊ မမကဘယ်သွားမလို့ လဲမေးတာမဖြေဘူးလေ.. သူတို့ ချင်းချိန်းတွေ့ ကြတာနေမယ် ”
“  ဟာ..မဖြစ်နိုင်ပါဘူး ၊ အလုပ်ရှိလို့ နေမှာပါ  ”
“အလုပ်ဆို ဟိုတယ်ချိန်းပါ့ မလား ၊ သူတို့ မရိုးသားဘူး  ”
“ဟိုတယ် ကိုချိန်းတာဟုတ်လား …”
“ ဟုတ်တယ် ၊ မမနားနဲ့ ဆတ်ဆတ်ကြားလိုက်တာ ၊ ……ဟိုတယ်တဲ့  ၊ ခုလိုက်သွားမလို့  ”
“ ဟာ..နေပါဦး ၊ မမရှယ်လီမလိုက်နဲ့  ၊ ကျွန်တော်လိုက်ကြည့်ပေးမယ်..ခုပဲသွားလိုက်မယ် ”
သူချက်ချင်း ....ဟိုတယ်ဘက်ကို ကားမောင်းထွက်ခဲ့ သည်။ ရင်ထဲမှာလည်း ဗလောင်ဆူနေပါပြီ။ကိုကိုကြီး နဲ့ မြ၀တ်ရည် က ဟိုတယ်မှာ ချိန်းတွေ့ သတဲ့ လား..မဟုတ်နိုင်ဘူးနော်..။မနက်က မှ သူ့ မွေးနေ့ အတွက်ဆုတောင်းပေးနေသေးတာ ….ဒါဆိုဘာလို့ ဟိုတယ်ကို အရေးပေါ်ထွက်သွားရတာလဲ..၊ အလုပ်ဇယားထဲမှာအဲ့ ဒီဟိုတယ်မှာတွေ့ ဖို့ ဧည့်သည်မရှိပါ ။
မြ၀တ်ရည် ..ခင်ဗျား .. ဒီညနေ ကို မျှော်လင့် ရင်ခုန်နေတဲ့ ကျွန်တော့ ကို ဘာလုပ်သွားတာလဲ…
ဟိုတယ်ကားပါကင် ရောက်တာနဲ့  ကိုကိုကြီး ကားကို တွေ့ ရသည်။ သူ ဟိုတယ်ထဲအပြေးဝင်လာတဲ့ အချိန်မှာပဲ ရီဆက်ရှင်ကောင်တာ ဖက်မှ  အခန်းတွေဆီတက်သွားရမယ့် ဓါတ်လှေခါး ဆီအတူတူသွားနေတဲ့ ကိုကိုကြီး နဲ့ုမြ၀တ်ရည် ကို အဝေးမှ မြင်လိုက်ရသည်။ သူတို့ အပေါ်ထပ် အခန်း ကိုတက်သွားတော့မှာပါလား ..မရဘူး ၊ ငါလိုက်မယ် ၊ မြ၀တ်ရည် ခင်ဗျား ဘာတွေလုပ်နေတာလဲ….
သူ ဓါတ်လှေခါးဘက်ချိုးကွေ့ လိုက်စဉ်မှာပဲ …
“သားငယ် ၊ ဘယ်မှာလဲ ဟိုနှစ်ယောက် ”
“ဟာ..မမရှယ်လီ ..ဘာလို့ လိုက်လာတာလဲ ၊ ပြန်ပါ ”
“မပြန်ဘူး ..မင်းသူတို့ ကိုတွေ့ လိုက်တယ်မှတ်လား ..သွားမယ် .. ဒင်းတို့ လွန်လွန်းလာပြီ ၊ ဒီနေရာထိ တောင်ချိန်းပြီးလာရသလား ၊ မင်းကိုကိုကြီးဟာသိပ်ရက်စက်တာပဲ ”
“ မဟုတ်ဘူးမမရှယ်လီ ၊ပြန်ပါ ၊ ဟိုတယ်မှာ ဟိုးလေးတကြော်ဆိုမကောင်းဘူး ၊ ကျွန်တော်ကြည့်ဖြေရှင်းပေးပါ့မယ် ”
“မရဘူး ၊ သူတို့ နှစ်ယောက်ကို ငါကိုယ်တိုင်လိုက်ကြည့်မယ် ၊ သွားမယ် ..အား..အမလေး..မူးလိုက်တာ”
“ဟာ….မမရှယ်လီ …လုပ်ကြပါဦး ၊မမရှယ်လီ မူးလဲသွားပြီ  ”
Xxxxxxxxxxxxxxxxxxxxx
               ( ၇ )
သားငယ်…. ဒီအချိန်လောက်ဆိုရင်တော့ အဖြစ်မှန်တွေ သိလောက်ပါပြီနော်….မမရှယ်လီ မူးလဲပြီးဆေးရုံတင်လိုက် ရတဲ့ ညကမြ၀တ်ရည် ကို လက်ညှိးငေါက်ငေါက်ထိုးပြီး ရက်ရက်စက်စက်ပြောခဲ့တာတွေ အတွက် နောင်တရနေပြီလားဟင်…
အဖြစ်မှန်တွေ သားငယ်သိအောင်ကြိုမပြောနိုင်ခဲ့ တဲ့ မြ၀တ်ရည်ကို ခွင့်လွှတ်ပါနော်…
လွမ်းလိုက်တာသားငယ်ရယ် ၊ သားငယ်မွေးနေ့ မနက်တုန်းက အချိန်လေးကို လွမ်းလိုက်တာ….။
နားမထောင်လိုက်ရပေမယ့် သားငယ်ဘာပြောမယ်ဆိုတာ မြ၀တ်ရည် သိပါတယ်သားငယ်…။
 GM လုပ်နေတဲ့ ကိုကိုကြီးယောက်ဖ ရဲ့ အကျင့် ပျက်မှုတွေကြောင့် အံတီတင့် စိတ်ပျက်တာတွေပြောပြတော့ မြ၀တ်ရည်လည်း       ပူပင်ခဲ့မိပါသည်..။ အခုကိုကိုကြီးလုပ်နေတာဆိုပေမယ့် ဒီ ကုမ္မဏီ ကို တစ်နေ့ သားငယ်လည်း လက်လွှဲယူရမှာပဲလေ…။သားငယ် ရဲ့ နောင်ရေးအတွက် ကုမ္မဏီကြီး ပွားတိုးတက်စေချင်တာ သားငယ်အပေါ်ထားတဲ့  မြ၀တ်ရည် ရဲ့  စေတနာပါ…။
အတူတွဲလုပ်နေတဲ့ နိုင်ငံခြား ကုမ္မဏီတွေ လည်း လာတော့မှာ မဟုတ်လို့  လူသိရှင်ကြား အသိမခံဘဲ ဖြေရှင်းခဲ့ရပါ၏။ ကုမ္မဏီ က၀န်ထမ်းတွေ ကိုတောင် အသိမပေးဘဲ ဖြေရှင်းနေတုန်း အံတီတင့်  ရုတ်တရက်ဆုံးသွားပါသည်။
ဒီတော့ မြ၀တ်ရည်လည်း ပြင်သစ် ကုမ္မဏီမှထွက် ကာကိုကိုကြီး ကုမ္မဏီဝင်လိုက်ပါတော့သည်။
 နောက်ဆုံး စာရွက်စာတမ်းတွေ ပြန်ရပေမယ့် ကိုကိုကြီးယောက်ဖ က ပြိုင်ဘက်ကုမ္မဏီ မှ ယူထားတဲ့ ငွေတွေ ပြန်လျှော်ပေးရလို့  ကုမ္မဏီအရှုံးပေါ်လာပါသည်။ ကိုကိုကြီးယောက်ဖ ကိုတရားစွဲရင် လူသိသွားမှာမို့ ဘာမှမလုပ်တော့ဘဲ အလုပ်ထုတ်ရုံပဲ ထုတ်ခဲ့ ပါသည်။ ဒါတောင်မှ ကိုကိုကြီးယောက်ဖ က မမရှယ်လီ ကို မဟုတ်တာတွေပြောတာမို့ မမရှယ်လီ က ကိုကိုကြီး နဲ့ မြ၀တ်ရည် ကို အထင်လွဲ သွားပါတော့သည်။
မမရှယ်လီ အထင်လွဲပေမယ့် လည်း ကိုကိုကြီး က ကုမ္မဏီသတင်းပေါက်ကြားမှာစိုးလို့  ဇနီးသည် အား အဖြစ်မှန်မပြောခဲ့ ခြင်းပင်..။ ဒီလို သေချာ ဖုံးအုပ်ထားပေမယ့် ပရောဂျက်အတူတူလုပ်မယ့် ပြင်သစ်ကုမ္မဏီမှရိပ်မိသွားပြီး နောက်ဆုတ်သွားပါသည်။      ဒီပရောဂျ က် ဟာ ကုမ္မဏီ အတွက် အကျိုးအမြတ်တွေ ပေးမယ့် လုပ်ငန်း မို့  ကိုကိုကြီး က ပြန်ရအောင်လိုက်တဲ့ အခါ မြ၀တ်ရည် လည်း ကူညီခဲ့ ပါသည်။ ထိုအချိန်မှာပဲ သားငယ်ပြန်လာပေမယ့် ချက်ချင်းကြီး ပြောလို့ မရသေးတာမို့  သားငယ် ကိုဘာမှ အသိမပေးသေးဘဲ ထားခဲ့ တာပါ။
သားငယ်မွေးနေ့ မှာ အဲ့ ဒီပြင်သစ်ကုမ္မဏီ မှ သူဌေး ညလေယဉ်ဖလိုက်နဲ့  မြန်မာပြည်မှပြန်မယ်ဆိုတာကိုကိုကြီး သိခဲ့ ပါသည်။ ဒါကြောင့်  အချိန်မှီတွေ့ ရအောင်မြ၀တ်ရည် ကို အမြန်ခေါ်ကာ အဲ့ ဒီသူဌေးနားဝင်အောင်ပြောဖို့ သူတည်းခိုရာ ဟိုတယ်ကို လိုက်လာခဲ့ ခြင်းပါ..။ ဟိုတယ်ရောက်တော့သူဌေးအခန်းဆီ ဖုန်းလှမ်းဆက်ကြည့်တဲ့ အခါ သူဌေး က သွားခါနီးသိမ်းဆည်းနေလို့  သူ့ အခန်းထဲ မှာပဲ ပြောမယ်ဆိုလို့  မြ၀တ်ရည်တို့ အပေါ်ထပ်အခန်းဆီတက်သွားမလို့ ပြင်တုန်း သားငယ်တို့ မြင်သွားခြင်းပင်…။
အဲ့ ဒီနေ့  က ပြင်သစ်သူဌေး နဲ့ သေချာပြောပြီး ပရောဂျက်လုပ်ဖို့  သဘောတူညီမှုရခဲ့ပေမယ့်  မြ၀တ်ရည်မပျော်ခဲ့ရပါ..။မမရှယ်လီ မူးလဲပြီးဆေးရုံတင်လိုက်ရတာသိသိချင်း ကိုကိုကြီး နဲ့  လိုက်သွားမိတဲ့ မြ၀တ်ရည် ဟာ သားငယ်ရဲ့ ပြင်းထန်ရက်စက် တဲ့  ပြော ဆိုခြင်းကို ခံလိုက်ရတော့ ဖြေမဆည်နိုင်အောင် ၀မ်းနည်းမိပါသည်။တကယ်ဆို…ဒီညနေမှာ သားငယ်ဟာ မြ၀တ်ရည် နဲ့  အတူ ညစာစားရင်း ချစ်ခွင့်တောင်းမှာမဟုတ်ဘူးလားဟင်…။ ခုတော့ အထင်လွဲ ၊ အမြင်လွဲ ဖြစ်မိတာလေးနဲ့ ကိုကိုကြီးနဲ့  မြ၀တ်ရည်ကို စွပ်စွဲပြောဆိုနေတာ ကြောက်ဖို့ ကောင်းလိုက်တာ..။ အဖြစ်မှန်ဖြေရှင်းလိုက်ရင် ရပေမယ့် မြ၀တ်ရည် တခွန်းမှပြန်မပြောဘဲ နေရာမှ လှည့်ထွက်ကာ ပြန်လာ ခဲ့ ပါသည်။
စိတ်နာပါတယ်..သားငယ် ။
ခုဆို ပြင်သစ်ကုမ္မဏီ နဲ့  ပရောဂျက်အသစ်အတွက် စာချုပ်ချုပ်ပြီးလောက်ရောပေါ့ …။ အားလုံးအဆင်ပြေသွားပြီမို့ လောလောဆယ် မြ၀တ်ရည် ဒီနေရာလေးမှာ အပန်းဖြေပါဦးမည်။
မြ၀တ်ရည် ကို မျှော်နေမှာလား..သားငယ်
မျှော်နေမယ်ဆိုလည်း ခုချက်ချင်းတော့ မြ၀တ်ရည် သားငယ်ကို မတွေ့ ချင်သေးပါဘူး..။
မင်း နှလုံးအိမ်ထဲမှာ ရှိတဲ့ အဆိပ်ရည်တွေ ကုန်အောင်အရင်ရှင်းထားပါဦး..သားငယ်…။
မြ၀တ်ရည် ပြန်လာခဲ့ ရင်တော့ သံသယအဆိပ်ကင်းပြီး ချစ်ခြင်းမေတ္တာရည်တွေ ဖုံးလွှမ်းနေတဲ့ သားငယ်ရင်ခွင် မှာ မှေးခိုပါရစေနော်..။
ချစ်သူတိုင်းသံသယအဆိပ်သင့်ခြင်း ကင်းကြပါစေ
ကြာဖြူနွယ်
New Style Magazine  Feb ,2014 
No comments:
Post a Comment