Monday, September 23, 2013
"မျက်ရည် ....ခြွေ "
ကျွန်မတွင်...သော့ ခတ်ပြီး လုံခြုံစွာသိမ်းထားသော ၊ လူမြင်မခံနိုင်သော ၊ တန်ဖိုးထားရသည့် ပစ္စည်းများရှိပါသည်။
စိန် ၊ ရွှေ ၊ ငွေ များ မဟုတ်ပါ...
ဒေါ်လာအစိမ်းရွက်များ မဟုတ်ပါ.....
ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ မဟုတ်ပါ.....
ရည်းစားစာနှင့် အမှတ်တရလက်ဆောင်များမဟုတ်ပါ....
ထိုအရာများသည် ကျွန်မ တစ်သက်လုံးရေးလာခဲ့ သည့် ဒိုင်ယာရီစာအုပ်များပင်ဖြစ်ပါ၏။
ဒိုင်ယာရီလေးတွေကိုတိတ်တိတ်လေးရေးပြီးဘယ်သူမှမမြင်အောင်သိမ်းရခြင်းကလည်း
စွန် စားမှုတစ်ခုပင်..။သူများတွေ ဘယ်အရွယ်မှာဒိုင်ယာရီစရေးကြသလဲမသိပေမယ့် ကျွန်မကတော့ အလယ်တန်းကျောင်းသူ ဘ၀မှာ စ ရေးခဲ့ပါသည်။ ဒိုင်ယာရီစရေးဖြစ်ကတည်း
က ကျွန်မတွင်မမြင်ရသော ခွန်အားများ ရရှိလိုက်သလို ခံစားခဲ့ရ၏။
ဒိုင်ယာရီစာအုပ်လေးတွေထဲတွင် လိမ်ညာဟန်ဆောင်ခြင်းလုံးဝကင်းရှင်းသော ၊ ဘယ်သူမှ မသိသောခံစားမှုများနှင့်  ကျွန်မ ... ရှိနေပါသည်။
တစ်ကယ်တော့ သူတို့ (ဒိုင်ယာရီများ) ဟာ ကျွန်မ ရဲ့  စိတ်စေရာ ၊ ကျွန်မခြယ်လှယ်ချင် တိုင်းခြယ်လှယ် လို့  ရသောကျွန်မရဲ့ သစ္စာတော်ခံ လေးများလည်းဖြစ်၏။
ခမ်းနားဆန်းပြားပြီး တခြားသူကြားလျှင် လှောင်ရယ်ချင်စရာကောင်းလှသည့် ကျွန်မ ရဲ့  စိတ်ကူးအိပ်မက်တွေ ကို ဒိုင်ယာရီလေးများသိကြပါ၏။
ဘယ်သူ့ မှပြောပြလို့ မရသော ၊  ရှက်ရွ့ံဝမ်းနည်းဖို့ ကောင်းသော အဖြစ်အပျက်ကို ဒိုင်ယာယီလေးများသိကြပါသည်။
များပဲ သိကြပါသည်။
အသက်လေးအတော်အတန်ရလာတဲ့ကျွန်မဟာ ငယ်နုစဉ် ကျွန်မ နဲ့ တဖြည်းဖြည်း ကွဲပြား လာတာကလည်း ဒိုင်ယာရီဟောင်းလေးတွေ သက်သေပါ...။အရင်တုန်းကကျွန်မ.. က  ယခုအရွယ်ကျွန်မ..ထက် ပိုပြီးရဲရင့် တာ ၊ ပို ပြီးတက်ကြွရွှင်လန်းခဲ့တာ၊ စိတ်ဓါတ်တွေ ပိုပြီးကြံ့ ခိုင်ခဲ့ တာ ကို ဒိုင်ယာရီလေးတွေကဖော်ပြနေပါ၏။
သေချာတာကတော့...ဒိုင်ယာရီလေးတွေပြန်ဖတ်တိုင်း ကျွန်မမျက်ရည်ကျရခြင်းပါ..။
ခံစားမှုအမျိုးမျိုးပေးသောဒိုင်ယာရီလေးတွေထဲမှာ ကျွန်မမျက်ရည်ကိုခြွေချနေသော ၊
ယခု ပစ္ဆက္ခ မှာ ကျွန်မဘယ်လို မှ ပြန်မရနိုင်တော့သော ကျွန်မ၏ မြတ်နိုးမှု သုံးခုရှိပါသည်။
ထိုမြတ်နိုးမှုများကတော့  အမေ ၊ ချစ်သူ နှင့်  ငယ်နုစဉ်ဘ၀ တို့ ပဲဖြစ်ပါ၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်မ စရေးခဲ့သော ဒိုင်ယာရီစာအုပ်တွေ ထဲတွင် အမေ့ ကို မကျေနပ်ခြင်းများနှင့်စတင်ခဲ့ပါ၏..။
ကျွန်မတို့ ညီအမနှစ်ယောက် ဟာ ရုပ်ချင်းတစ်စက်မှ မဆင်သလို စိတ်သဘောထား ၊ အကျင့် စရိုက်ခြင်းလည်း လုံးဝကွဲပြားကြတာမို့  သိတတ်စအရွယ်ကတည်းက မတည့်ပါ။ တခြားညီအမတွေလိုချစ်ချစ်ခင်ခင်မရှိကြတဲ့  ဒီညီအမကို အမေစိတ်တိုင်းမကျတဲ့အခါတိုင်း အဆူခံရတာက အကြီးဖြစ်တဲ့ ကျွန်မပါ။
ညီမလေးက ချွဲနွဲ့ တတ် ၊ အမေ့ အကြိုက်လှလှပပနေတတ်ခြင်းတွေကကျွန်မထက်တစ်ပန်း
သာပါ၏။ ကျွန်မကတော့  သနပ်ခါးမလိမ်း ၊ ခေါင်းမဖြီးဘဲ မျက်နှာပြောင်နှင့် စာအုပ်တွေပဲထိုင် ဖတ်နေတတ်ပြီး အရွယ်နှင့် မလိုက်ကြီးကြီးကျယ်ကျယ်တွေလည်း ပြောတတ်တာမို့  အမြဲအဆူခံရပါသည်။
အတူတူအပြစ်ပေးခံရရင်တောင် ညီမလေးက အမေရိုက်ဖို့ တုတ်ရွယ်တာနှင့် အသံကုန်အောင် ငိုပြီး နောက်မလုပ် တော့ပါဘူးအမေရဲ့ ..လို့ သနားအောင်ပြောတတ်သူပါ..။ကျွန်မကတော့ ကိုယ်မှန်တယ် ထင်ရင်အမေ့ လည်းပြန်ပြောတတ်ပြီး တုတ်ကျိုးအောင်ရိုက်လည်း မျက်ရည်တစ်စက် မှမကျဘဲ အံကြိတ်ခံ တတ်တာမို့ သနားစရာမကောင်းပါ...။
မျက်ရည်ကျတယ်ဆိုတာ အရှုံးပေးခြင်းလို့ ခံယူထားသည့် ကျွန်မက အသားဘယ်လောက်
နာနာ ဘယ်တော့မှမငိုပါ…။
ရေးရင်းငို ၊ ငိုရင်းရေး ကာ ကျတဲ့ မျက်ရည်စက်တွေ ဒိုင်ယာရီလေးမှာ စွန်းထင်းသွားတာကြည့်ရင်းကျွန်မရှိုက်သံတွေတဖြည်းဖြည်းစဲလာကာ ခံစားနေရတဲ့ အကြိတ်အခဲတွေကြေသွားစမြဲပင်...။ စိတ်ထဲခံစားသမျှ ရေးလို့ ရပြီး ကျွန်မမျက်ရည်စက်တွေကိုလက်ခံပေးသည့် ဒိုင်ယာရီလေး ကိုလည်းပို ချစ်ခင်သွားမိသည်။
ဒီလိုနှင့် အရွယ်ရောက်လာတော့ အမေ့ ကို နားလည်လာပြီး ဒိုင်ယာရီထဲမှာကျွန်မရေးတဲ့  အမေ့အကြောင်း ကလည်း ပြောင်းသွားပါသည်။
ကျွန်မတက္ကသိုလ်တက်တဲ့ အချိန်တွေမှာမပြေလည်ဘဲရုန်းကန်ရင်း ကျွန်မဆီကိုမုန့် တွေ ၊ စားစရာတွေပို့ပေးနေတဲ့အမေ့ ကို သနားကြောင်း ၊ အမေ့ ကို အရင်လို ပြည့်ပြည့်စုံစုံထား ချင်တဲ့ အကြောင်း ၊  ကျောင်းပြီးသွားလို့ အလုပ်ရရင် အမေ့ ကိုလခတွေအကုန်အပ်မယ့် အကြောင်းတွေရေး ထား သည့်ကျွန်မဒိုင်ယာရီလေးဟာ မေတ္တာဓါတ်တွေထုံမွှန်းနေပါ၏။
ဒါပေမယ့်တကယ်တမ်းကျတော့ ကျွန်မအမေ့ ကိုလုပ်ကျွေးလိုက်ရတဲ့ နှစ်ကာလ က တိုတောင်းလွန်းခဲ့ပါ၏။
အမေ ရုတ်တရက်ဆုံးသွားခဲ့တုန်းကလည်း တုန်လှုပ်ခြောက်ခြားစွာဖြင့် ကျွန်မဒိုင်ယာရီရေးခဲ့ ပါသည်။သမီးကို ထားခဲ့ ပြီး  ဘာလို့များ လောကကြီးထဲ က စောစော ထွက်သွားရတာလဲ အမေရယ်လို့ ... မျက်ရည်တွေတွေ ကျကာ  ရင်နာကြေကွဲရသမျှ တမ်းတတိုင် တည် ရေးခဲ့ မိပါ၏။အမေ့ အကြောင်းရေးသမျှတွေအထဲတွင် ၀မ်းနည်းကြေကွဲစရာအကောင်းဆုံး ဒိုင်ယာရီစာမျက်နှာများပါ..။
ဒီစာမျက်နှာတွေကို အခုပြန်ဖတ်ရင် အခု ကျွန်မ မျက်ရည်ကျရပါသည်။
မျက်ရည်တွေကို မုန်းတယ်လို့ ကြွေးကြော်နေပေမယ့် အမေ့ ပုံရိပ်တွေ ပြန်ခံစားချင်တိုင်း
ကျွန်မဟာ မျက်ရည်ကိုအခြွေခံပြီး ဒီဒိုင်ယာရီစာမျက်နှာများကို ပြန်ဖတ်စမြဲပါ....။
xxxxxxxxxxxxxxxxxxxxxxxxxxxx
ချစ်ခြင်းတရားနဲ့ ပတ်သက်လာလျှင် ကျွန်မဟာ ကံမကောင်းခဲ့ဘူးဆိုတာကိုလည်း ဒိုင်ယာရီလေးတွေသိနေပါ၏။ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မ လိုချင်တဲ့ ချစ်ခြင်းမေတ္တာကို ဘယ်တုန်းကမှမရခဲ့ဘဲနာကြင်ခံစားရသမျှ ဒီဒိုင်ယာရီလေးတွေထဲမှာ ရေးခဲ့ လို့ ပါ။
သူမတူတဲ့ချစ်ခြင်းများဖြင့်  သူ့ ကို ဘယ်လောက်သံယောဇဉ်တွယ်ရတယ်ဆိုတာ  ၊ သူ့ အတွက်ဆိုကိုယ့်ကိုယ်ကိုထက်ပိုပြီး စေတနာထားတတ်ဆိုတာ ၊
ဘယ်အရာဖြစ်ဖြစ် သူ့ ကိုဦးစားပေးခဲ့တယ် ဆိုတာ...
ကျွန်မရဲ့ ကိုယ်စောင့်နတ် က လွဲရင် ဒိုင်ယာရီလေးပဲ သိပါ၏။
တိတ်တခိုးတွယ်တာရတဲ့ ကျွန်မချစ်သူ ကို အရိပ်တကြည့်ကြည့် နဲ့ စောင့်ကြည့်ခဲ့တဲ့
ကျွန်မဟာ....
သူ့ ရယ်သံလေးတွေရဲ့ ချိုမြခြင်းမှာ ဘယ်လိုပျော်ဝင်မိတယ်ဆိုတာ ...
သူ့ သွားတက်လေး မှာဘယ်လောက်ရင်ခုန်ရတယ်ဆိုတာ..
သူ့ မျက်နှာ မှာ အညိုရိပ်လေးပြေးသွားရင် နေမထိထိုင်မသာ ပူပင်ရတယ်ဆိုတာ...
သူ လိုချင်တဲ့ ဘ၀မျိုးရအောင် လုပ်ပေးနိုင်မယ့်  အစွမ်းတန်ခိုးတွေပိုင်ဆိုင်ချင်တယ်ဆိုတာ...
မာနကြီးပြီး စိမ်းကားတတ်တဲ့ သူ့ ကို စိတ်နာချင်ပေမယ့် သံယောဇဉ်တွေပဲ
ပိုတိုးလာမိတယ်ဆိုတာ...
အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့ စရိုက်ကို ပြုပြင်ပေးချင်ခဲ့တယ်ဆိုတာ...
 ချစ်ရသူမသိသွားခဲ့သည့် ခံစားမှုတွေအကုန်လုံးသိနေတဲ့ ဒိုင်ယာရီလေးဟာ သူအဝေးရောက်သွားတဲ့ အခါ  ကျွန်မကို သနားနေမှာပါ...။
ကျွန်မမဟုတ်တဲ့ တခြားမိန်းကလေးတယောက်ကို လက်ထပ်တော့မယ်လို့ ပြောပြီး
သူ နုတ်ဆက် ခွဲခွာသွား တဲ့ နေ့ က ကျွန်မလည်း သူ့  ကို မေ့ လိုက်ဖို့ ဆုံးဖြတ်ရင်း ရေးခဲ့  တဲ့  ဒိုင်ယာရီစာမျက်နှာများဟာ ကြေကွဲ ရိပ်တွေ ထင်ဟပ်နေပါ၏။နှလုံးသွေးဖြင့် ရင်နာစွာရေးခဲ့ 
ကျွန်မ လွမ်းဆွတ်တမ်းတနေတာ အပြင်လောကမှာရှိနေတဲ့ အိမ်ထောင်သည်သူ့ ကိုမဟုတ်ဘဲ ကျွန်မချစ်မြတ်နိုးခဲ့  ဖူးတဲ့ အတိတ် ကချစ်သူကိုဆိုတာ ဒိုင်ယာရီလေးတွေသိနေမှာပါ….။
အမြဲမဟုတ်ပေမယ့် …
 မာန နဲ့ အတ္တတွေ ကြီးမားလာတတ်တဲ့ လက်ရှိကျွန်မဟာ … နူးညံ့ သိမ်မွေ့ တဲ့ ချစ်ခြင်းတွေနှင့်  ရှင်သန်ခဲ့ဖူးသော အတိတ် ကကျွန်မ ကို တမ်းတချင်တဲ့ အခါတိုင်း မျက်ရည်တွေအခြွေခံ ကာ ဒီဒိုင်ယာရီစာမျက်နှာများကို ပြန်ဖတ်စမြဲပါ....။
xxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်မ အလုပ်ခွင် စ ၀င်ရတဲ့  ငယ်နုစဉ်အချိန်မှာလည်း  ဒိုင်ယာရီလေးတွေဟာ ကျွန်မရဲ့  တိုင်ပင်ဖော်တိုင်ပင် ဖက်ဖြစ်လာခဲ့ ပါ၏…။
လုပ်ငန်းခွင်ထဲမှာ အရင်ရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပညာပြတာခံရတိုင်း ခံပြင်းမှုတွေနဲ့ ပေါက်ကွဲ ရင်ဖွင့်ပြီးဒိုင်ယာယီထဲမှာ ရေးခဲ့ဖူးပါသည်။
ကိုယ်မှန်ပါရက်နဲ့ အလျှော့ပေးသည်းခံလိုက်ရတဲ့ နေ့ များဆိုရင်တော့ အဲ့ ဒီည မအိပ်နိုင်ဘဲ ခံစားရတာတွေရေးပါတော့သည်။ မပြောလိုက်ရတဲ့  အမှန်တရားတွေကို လွတ်လပ်စွာ ရေးခွင့်ရတဲ့  ဒိုင်ယာရီလေးရှိလို့ သာ မနက်ဖြန်အတွက် ကျွန်မပြန်လည် အားတင်းနိုင်ခဲ့တာပါ။
အလုပ်တွေအဆင်ပြေ၊ နေရာရလာတော့လည်း ၀မ်းသာအားရ နဲ့ ရေးရပြန်ပါ သည်။ လခအများကြီးရ တဲ့  သူတွေကို ကျွန်မဘယ်လိုအားကျခဲ့တာလည်း ဒိုင်ယာလးပဲ သိပါသည်။လခထုတ်ပြီးတာနဲ့ အိမ်ကို ပိုက်ဆံပို့ ပြီးရင် ကျန်ခဲ့တဲ့ ငွေနည်းနည်းလေး နဲ့  အဆောင်မှာတလလုံးဘယ်လို စားရပါ့မလဲလို့ ပူပန်ခဲ့ ရတာတွေလည်း ဒိုင်ယာရီလေး သိပါသည်။
အိမ်အတွက် မပူရဘဲ ကိုယ့်လခ ကိုယ်ကိုင်သုံးပြီး သူများတွေဝယ်ခြမ်းနေတာမြင်ရင် ဘာမှ မဖြစ်သလိုနေပြပေ မယ့် ကျွန်မလည်း အိတ်လှလှလေးလွယ်ချင်တာ ၊ ဒေါက်ဖိနပ် လှလှလေး စီးချင်တာ၊ အင်္ကျီလှလှလေး ၀တ်ချင်တာတွေ ဒိုင်ယာရီလေးထဲ ရေးမိပြန်ပါသည်။ဒါပေမယ့်  ငယ်နုတဲ့ ကျွန်မ က စိတ်ဓါတ်ကြံ့ ခိုင်မာကြော လှတာ ရေးခဲ့တဲ့ ဒိုင်ယာရီလေးတွေ ကပြန်ပြောင်းပြောပြကြပါသည်။
ဘယ်လို အခက်အခဲရှိရှိ စိတ်မပျက်အားမလျှော့ ဘဲ ကြိုးစားသွားမယ် လို့ရေးခဲ့ တဲ့ ဒိုင်ယာရီစာမျက်နှာများ..
အလုပ်တခုတည်းမှာ ရေသေလိုမနေဘဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင်သွားနေ တဲ့ အကြောင်း ရေးထားတဲ့ ဒိုင်ယာရီစာမျက်နှာများ…
ကြိုးစားမှုတွေအရာထင်လာပြီး တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာလို့ ကျေနပ်အားတက်
မှုတွေနဲ့ ရေးထားတဲ့ ဒိုင်ယာရီစာမျက်နှာများ..
 ပြန်ဖတ်မိတိုင်း အံ့ သြချီးမွမ်းဖို့ ကောင်းလောက်အောင် ငယ်နုစဉ်ဘ၀ မှာ
ကျွန်မ ကြိုးပမ်းအားထုတ် ခဲ့တာပါလား..။
ခုချိန်မှာ…သက်တောင့်သက်သာနေပြီး ၀ိရိယတွေလျှော့ နည်းနေတဲ့ ၊ ပျော့ ညံ့ တွေဝေနေတတ်
တဲ့ လက်ရှိကျွန်မ က … မျှော်လင့်ချက်တွေထွေးပွေ့ ထားတဲ့ ငယ်နုစဉ်ကျွန်မ …ရေးခဲ့ တဲ့  ဒိုင်ယာရီများပြန်ဖတ် ရင်း မရနိုင်တော့တဲ့  တက်ကြွခြင်းတွေကိုနှမြောတသ မျက်ရည်ကျရပါသည်။
ဒါပေမယ့်လည်း …လက်ရှိကျွန်မ ကိုယ် ကျွန်မ အားမရတဲ့ အခါတိုင်း မှာ အတိတ်က တက်ကြွရှင်သန်ခဲ့  တဲ့  ငယ်နုစဉ်ဘ၀ မှ ကျွန်မကို  တွေ့ မြင်ချင်တဲ့ အခါ….  မျက်ရည်အခြွေခံပြီး ဒိုင်ယာရီထဲ မှာ ပြန်လည်ရှာဖွေ စမြဲပါ…။
 မည်သို့ ပင်ဖြစ်စေ ….  မြတ်နိုးရသော ကျွန်မရဲ့  ဒိုင်ယာရီလေးများအား လုံခြုံစွာ သော့ ခတ်ပြီး ကျွန်မဆက်လက်ထိန်းသိမ်းထားပါဦးမည်။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
No comments:
Post a Comment