Monday, September 23, 2013
" ဇာတ်သိမ်း မလှသော …."
ရေးနေသည့် ၀တ္တုတစ်ပုဒ် အဆုံးသတ်ဇာတ်သိမ်းခါနီးအရောက်တွင် ဆက်ရေးဖို့ အင်အားမရှိတော့ဘဲကျွန်မရပ်လိုက်မိပါသည်။
ဘယ်လိုဇာတ်သိမ်းရပါ့ …
ဝတ္တုတပုဒ်တွင် ကျွန်မအတွက် အခက်ခဲဆုံးနှင့် မကျွမ်းကျင်ဆုံးက  ဇာတ်သိမ်းပိုင်းပါ…။
ကျွန်မရေးသည့် ဝတ္တုများအား ဝေဖန်ပေးသူတွေပြောကြသည်မှာ….
ဇာတ်ရှိန်တစ်ဟုန်တိုးမြင့် တက်ပြီးကြောက်ခမန်းလိလိကောင်းလာပြီးမှအဖျားရှူးသွားတတ်သတဲ့ ..
ဇာတ်သိမ်းမကောင်းပါတဲ့ …တစ်ကယ်ပဲ ပြန်ဖတ်ကြည့်တော့လည်း ကျွန်မ ရဲ့ ဇာတ်သိမ်းတွေကို ကျွန်မလည်း မကြိုက်ပါ…
ဒါပေမယ့် ဘယ်လိုလှအောင် ဇာတ်သိမ်းရမယ်ဆိုတာ ခုထိကျွန်မ မသိသေးပါ..
ရေးမိသည့် ဝတ္တု မှ မဟုတ်ဘဲ ရှင်သန်နေထိုင်ရာ ဘ၀တွင်လည်း  ကျွန်မဟာ ခင်မင်မှုကို လှပစွာဇာတ်မသိမ်းတတ်သူ တစ်ယောက်ဖြစ်ခဲ့ ဖူးပါ၏။
ကျွန်မ တွင် ဘယ်လိုမှပြုပြင်လို့ မရသော အကျင့် တစ်ခုရှိပါသည်။
ဘယ်လောက်ချစ်ခင်တဲ့သူဖြစ်နေပါစေ.. ကျွန်မ စိတ်ဆိုးလျှင် ၊ သဘောမကျလျှင် ၊ သဘောထားချင်းမတိုက်ဆိုင်ဘူး
ဆိုလျှင် ထိုသူအား  ဘာမှရန်တွေ့ ပြောဆိုခြင်းများမလုပ်ဘဲမခေါ်တော့မပြောတော့ဘဲလစ်လျူရှု ကာ သူစိမ်းပြင်ပြင် လို ဥပေက္ခာပြုတတ်ခြင်းပင်....
ကျွန်မ အယူအဆ နှင့် ကျွန်မ ကတော့ ထိုလုပ်ရပ်ကိုဘယ်တော့မှ မှားသည်ဟုမထင်ခဲ့ပါ..
သို့ သော် .. ကျွန်မ မှန်သည်ဟုထင်ပြီး ကျင့်သုံးခဲ့မိသောထိုလုပ်ရပ်သည် ကျွန်မ ကိုဇာတ်သိမ်းမလှအောင်
ဖန်တီးပေးနေသည့် အဓိကတရားခံဆိုတာ ဘ၀အတွေ့ အကြုံကို ရင်းပြီးသိလာရပါပြီ။
ထိုအကျင့်ကြောင့် ကျွန်မရင်ကိုနာကျင်စေသည့်နောင်တများနှင့် အတူ ဆုံးရှုံးခဲ့ရသည့် သူငယ်ချင်းတစ်ယောက်ကို
ယခုတော့ အမြဲတမ်းသတိတရ နှင့် တမ်းတနေရပါပြီ..။
Xxxxxxxxxxxxxxxxxxxxx
ကျွန်မဘ၀တွင် ညီအမလို ချစ်ခင်ရသောဝေေ၀ခိုင်ဆိုသည့် သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါသည်။
ဝေခိုင် နှင့် ကျွန်မ က အထက်တန်းတုန်းကတည်းက  ကျူရှင်တက်လည်းအတူတူ ၊ စာကျ က်လည်းအတူတူ နှင့်  ဆယ်တန်းအောင်တော့လည်း အမှတ်ချင်းမတိမ်းမယိမ်းပါ။
ပဲခူးဒီဂရီကောလိပ်မှာ ကျောင်းတက်ကြတော့လည်း မေဂျာတူ  ၊ အဆောင်တူ မို့ ကျွန်မတို့ နှစ်ယောက် ကျောင်းပြီး
သည့်အထိ တစ်တွဲတွဲမခွဲဘဲ သိပ်ချစ်ခဲ့ ပါသည်။အတန်းလစ်လည်းအတူတူ ၊ ဈေးသွားဝယ်လည်းအတူတူ ၊
အိမ်ပြန်လည်းအတူတူပါ။ကျောင်းဆောင်မှာလည်းတခန်းတည်းနေပြီးကုတင်ချင်းကပ်လျှက်အိပ်ကြပါသည်။အိမ်မှပေး
လိုက်သည့် ဟင်းဘူးတွေ ၊ မုန့် တွေဆိုလျှင်လည်း သူ့ ဟာကိုယ့် ဟာမခွဲဘဲအတူတူစားကြပါသည်။အိမ် မှပို့ သည့်
ပိုက်ဆံကိုလည်း အတူတူမျှသုံးကြပါသည်။
ရုပ်ချင်းမတူပေမယ့် အသားဖြူတာ၊ မျက်နှာဝိုင်းတာတွေတူသည့် ကျွန်မနဲ့ ဝေခိုင်က အင်္ကျီတွေလည်းဆင်တူချုပ်ဝတ်ကြပြီး အားလုံးကညီအမတွေလားမေးလျှင် သဘောကျရယ်မောမိတတ်ကြပါသည်။
ဝေခိုင်က ကျွန်မထက်၆ လငယ်ပါသည်။
ကျွန်မနှင့် စိတ်ချင်းတူသော ဝေခိုင့် ကို ကျွန်မ နှင့် မတည့်သည့်ညီမအရင်း ထက် ပိုချစ်ပါသည်။ဝေခိုင် ကလည်း စာတော်ပြီးသူ့ ကိုနှိမ်သည့် သူ့ အမထက် ကျွန်မကို ပိုချစ်ပါသတဲ့ ..။ပြောရလျှင် ဝေခိုင်ရောကျွန်မပါ  မိသားစုတွင်
အချစ်မခံရသည် လည်းတူသည်မို့  အချင်းချင်းရင်ဖွင့် ကြကာ တစ်ယောက်သောကတစ်ယောက်မျှဝေ အားပေးနေကျပါ။
ကျွန်မ တတိယနှစ်အရောက်တွင် အဖေ့ အလုပ်တာဝန်ကျသည့် တခြားမြို့ ကိုပြောင်းရတော့ကျောင်းပိတ်ရက်များမှာ မတွေ့ ကြရလို့ ကျွန်မတို့ လွမ်းရပါသည်။သည်ခေတ်လို ဖုန်းမတွေမပေါ ၊ အင်တာနက်တွေမရှိသေးတာမို့ 
ကျွန်မတို့ နှစ်ယောက်ဟာ စာရေးပြီးအလွမ်းသယ်ကြပါသည်။
ကျွန်မ က အဲ့ ဒီအချိန်တုန်းကတည်းက စာရေးလျှင်ဖွဲ့ နွဲ့ ပြီး အရှည်ကြီး ရေးတတ်ပေမယ့်ဝေခိုင်ကတော့ခပ်ပြတ်ပြတ်ပဲရေး တတ်လေသည်မို့  သူ့ စာ ကတိုတိုလေးပါ။ကျွန်မ က မကျေနပ်လို့ အရှည်ကြီးရေးခိုင်းသည့်အခါ သူ့ ခမျာကြိုးစားရေးရပါသည်။
ရေးမိရေးရာ အကုန်ရေးထည့်ပေးလိုက်သည့် စီစဉ်မကျသော သူ့ စာရှည်ကြီးကိုဖတ်ကာ ကျွန်မချစ်ခင်စွာရယ်မောမိစမြဲပါ။
နောက်ဆုံးနှစ်ကျောင်းတွေပြန်တက်တော့ မတွေ့ ရသည့်ရက်တွေကိုအတိုးချပြီးအလွမ်းသယ်နေသည့် ကျွန်မတို့ နှစ်ယောက်ကို တခြားသူတွေကတောင် ပြောယူရသည့်အထိပင်..။
ကျောင်းပြီးသွားသည်အထိ ကျွန်မတို့ နှစ်ယောက် မှာချစ်သူရည်းစားဆိုတာမရှိခဲ့ပါ။
မပြေလည်သည့်မိသားစုအတွက် တဖက်တစ်လမ်းမှထောက်ပံ့ ပေးချင်သည့်စိတ်နှင့်ကျောင်းပြီးကတည်းက
အလုပ်ရှာကြပါသည်။
ဝေခိုင်က အရင် ရန်ကုန်မှာအလုပ်သွားရှာပြီး အလုပ်ရတော့ ကျွန်မကို စာရေးပြီးခေါ်သည်။
ဝေခိုင့် ကိုကျောင်းတုန်းကတည်းကလိုက်နေသည့် ဝေခိုင်နှင့် တစ်မြို့ တည်းနေသည့် ရွှေဆိုင်ပိုင်ရှင်သားဇော်အောင် က အသားမည်းမည်း၊ဂင်တိုတိုနှင့် ရုပ်ဆိုးလှပြီး စာလည်းသေချာမလုပ်တာမို့ ကျောင်းမှာကတည်းကကျွန်မကြည့်မရဘူးဆိုသဖြင့် 
ဝေခိုင် ခါးခါးသည်းသည်းငြင်းခဲ့သူပါ။ဇော်အောင်နဲ့ ပြောတာဆိုတာကျွန်မမကြိုက်မှန်းသိတာမို့ ကျောင်းပြီးသည့်အထိ ခပ်ကင်းကင်းနေခဲ့သည့်ဝေခိုင်က ခုတော့ဇော်အောင်နှင့် ကြိုက်သွားပြီမို့ ကျွန်မဆတ်ဆတ်ခါ နာကာဝေခိုင့် ကိုပြောဆိုမိသည်။
ဝေခိုင်က ကျွန်မပြောသမျှခံပြီးမှရှင်းပြသည်မှာ…
 ဇော်အောင်ကသူဘယ်လိုပြောပြော အလိုလိုက်သည်းညည်းခံသည့်အကြောင်း ၊ သူနှင့် အတူတူရန်ကုန်လိုက်လာကာ အလုပ်တွေကူရှာပေးသည့်အကြောင်း ၊ခု ရသည့်အလုပ်ကလည်းဇော်အောင်ပြောပေးလို့ရတာဖြစ်ကြောင်း ၊ သူ့ အတွက်တင်
မဟုတ်ဘဲ အချစ်ဆုံးသူငယ်ချင်းဖြစ်သည့်ကျွန်မအတွက်ပါ ပြောပေးသည့်အကြောင်း….
ထို ကောင်းကွက်များ ကြောင့် ဇော်အောင် အချစ်ကို လက်ခံခဲ့ ကြောင်း ဝေခိုင်ပြောသည့်အခါ ကျွန်မမတားသာခဲ့ပါ။
ဒါပေမယ့် ဇော်အောင် ရဲ့ ချစ်ခင်အလိုလိုက်မှုတွေကြားမှာဝေခိုင်သည် အရင်လိုမဟုတ်ဘဲ တစစ ပြောင်းလဲ လာပါတော့သည်။
အလုပ်ချင်းအတူတူပေမယ့် ဇော်အောင်ကလိုတာအကုန်ဝယ်ပေး၊ထောက်ပံ့ ပေးနေသည့်ဝေခိုင်က အိမ်ကို ငွေအများကြီး
ပို့ နိုင်ပေမယ့် ကိုယ့်လခလေးနှင့် ခြွေတာသုံးနေရသည့်ကျွန်မက ရသည့်လခလေးထဲမှသာဖဲ့ ပြီး အိမ်ကိုငွေ အနည်းငယ်သာ
ပို့ နိုင်ပါသည်။ဒါကိုဝေခိုင်က နှိုင်းယှဉ်လာသည့်အခါ ကျွန်မစိတ်ထိခိုက်ရပါသည်။
လိုတရ လုပ်ပေးနေသည့်ဇော်အောင့် ကြောင့် ဝေခိုင်ဟာ ကျွန်မအပေါ် ပြောပုံဆိုပုံမှအစပြောင်းလဲသွားသည့် အခါ ကျွန်မခံရ ခက်လှပါသည်။ ဝေခိုင့် အပေါ် မနာလိုသည့်စိတ် တစိုးတစိမှမရှိပေမယ့် အဝေးမှမပြေလည်သည့် မိသားစုကို လိုသလောက် မထောက်ပံ့ ပေးနိုင်သေးသောကြောင့် စိတ်ဓါတ်ကျပြီးအားငယ်နေသည့်ကျွန်မသည် ဝေခိုင်ပြောဆိုတာတွေကို ခံနိုင်ရည်မရှိပါ။
ဝေခိုင် ကလည်းကျွန်မ ကို နှိမ်ချင်လိုသည့်စိတ်ဖြင့် ပြောတာမဟုတ်မှန်းတော့သိပေမယ့် သူပြောတာတွေနားမထောင်ချင်တော့ သည့်ကျွန်မဟာ သူလာပြောတိုင်း မသိချင်ယောင်ဆောင်ကာ ဘာမှပြန်မပြောတော့ဘဲနေလိုက်ပါသည်။ကျွန်မ ကို ဝေခိုင်အရင်လိုပဲ ချစ်ခင်ဆဲဆိုတာသိပေမယ့် ကျွန်မရဲ့ အနေအထား ကို မငဲ့ ညှာဘဲ ပြောဆိုတတ်သည့် ဝေခိုင့်  ကိုလုံးဝ စကားမပြောချင်တော့ပါ။
ကြာလာတော့ ဝေခိုင်က သူ့ ကို ကျွန်မစကားမပြောတာသိသွားပြီးပေါက်ကွဲပါတော့သည်။
သူ့ ကို ဖုတ်လေသည့်ငါးပိ ရှိသည်လို့ တောင်မထင်ဘဲ လစ်လျှူရှု ၊ဥပေက္ခာပြုထားသည့် ကျွန်မကို ဝေခိုင်ကလည်းပြန်တင်းကာ ကျွန်မတို့ နှစ်ယောက်ဟာတကယ့်သူစိမ်းပြင်ပြင် တွေလိုဖြစ်သွားပါတော့သည်။ဇော်အောင်ကတော့ ကျွန်မတို့ 
သူငယ်ချင်းနှစ်ယောက်ကြားမှာညှိနှိုင်းပေးပေ မယ့် ဘယ်သူမှမလျှော့တာ မို့  ဇော်အောင် ပဲမောရတာအဖတ်တင်ခဲ့ပါသည်။
ဝေခိုင်ကဇော်အောင့် ကိုပြောပြသည်မှာ..
ကျွန်မ က သူ့ ကိုဘာလို့ ဒီလိုမခေါ်မပြောတာလဲ..ဆိုတာနားမလည်ပါတဲ့ …။
သူပြောပေးသည့် အလုပ်ကိုလုပ်နေပြီး တဆောင်တည်းနေပြီး သူ့ ကို မပြောမဆိုဘဲနေသည့် ကျွန်မကို
သူဒေါသဖြစ်လှပါသတဲ့ ….။ ကျွန်မအပေါ် သူ ခင်မင်ခဲ့ သမျှ ခု နာကျည်းမိပါသတဲ့ ….။
ဇော်အောင်ကတော့ ဝေခိုင့် ကို ပြောလို့ မနိုင်သူပီပီ ကျွန်မဘက်ကအရင်စပြီး ဝေခိုင့် ကို ပြန်ခေါ်ဖို့ နားချရှာပါသည်။
ဇော်အောင့် စေတနာ ကို နားလည်ပေမယ့် ကျွန်မ ဘယ်လိုမှ ဝေခိုင့် ကို ပြန်မခေါ်ချင်ပါ..။ကျွန်မ စိတ်ကို နာကျင်စေမယ့်
စကားတွေ အလိုက်မသိထပ်ပြောနေမှာကိုလည်းမခံချင်တော့ပါ။
သည်လိုနှင့် ကျွန်မ တို့ သူငယ်ချင်းနှစ်ယောက်ဟာ မျက်နှာချင်းတောင်မဆိုင်ချင်တော့သည့်တကယ့်သူစိမ်းပြင်ပြင် ဖြစ်သွား ကာ ဝေခိုင်လည်း  အလုပ်ပြောင်းသွားပါသည်။
ဝေခိုင်တို့ မင်္ဂလာဆောင်တော့ကျွန်မ ကိုမဖိတ်ပါ…။
ကျွန်မလည်း ဝေခိုင် မဖိတ်သည့်မင်္ဂလာဆောင်ကို မသွားရတာဘယ်လိုမှမနေပါဘူးလို့ …ကိုယ့်ကိုယ်ကို
စိတ်တင်း ရပေမယ့် ရင်ထဲတစ်နေရာမှနာကျင်မိနေတာတော့ညာလို့ မရပါ။
နောက်..သူ သမီးတစ်ယောက်သားတစ်ယောက်မွေးတာကြားပေမယ့် ကျွန်မ သွားမကြည့်ရတော့ပါ။
ဝေခိုင့် ကလေးလေးတွေဟာ ဘယ်သူနဲ တူပါလိမ့် ..ဝေခိုင်နဲ့တူရင်ချောမှာ..ဇော်အောင်နဲ့ တူရင်ရုပ်ဆိုးတော့မှာပဲလို့ 
ကျွန်မ ပူပင်တွေးတောနေမိတာတွေဝေခိုင်ကတော့မသိနိုင်ပါ။
မသိစိတ် မှ ဘယ်လိုမေ့ ထားပေမယ့် အချိန်ကြာလာသည့်အခါ ဝေခိုင့် ကို ကျွန်မ မေ့လို့ မရတာ သိလာခဲ့ပါသည်။ ကျွန်မဘ၀မှာ ဝေခိုင့်လောက်ချစ်ခင်ရသည့်သူငယ်ချင်းဆိုတာ လည်း မရှိတော့ပါ။
 အလုပ်တွေအခါခါပြောင်းရင်း စိတ်ရောင်စုံ နှင့် လူအမျိုးမျိုးကြားမှာ ယခုတော့ ကျွန်မသည်းခံဆက်ဆံရနေပါပြီ။
ကိုယ့်ကိုနာကျင်အောင်ဘယ်လောက်ပဲပြောဆိုနေပါစေ..ဘာမှမခံစားရသလိုဟန်ဆောင်ရင်းပြုံးပြုံးလေးနှင့် အခင်အမင်
မပျက်ပြန်ပြောနေရသည့်အခါတိုင်း ကျွန်မ ရင်ထဲကျင်နေအောင်သတိရမိတာကတော့ ကျွန်မရဲ့ အချစ်ဆုံး
သူငယ်ချင်းဝေခိုင်ပါ….။
CDခွေတွေရစ်သလို  အတိတ်ကိုပြန်လှည့်သွားလို့ သာရမည်ဆိုပါလျှင်…
ကျွန်မ ဟာ ဝေခိုင့် ကို မခေါ်မပြောတာတွေမလုပ်ဘဲ  ကျွန် မစိတ်ကို သိမ်ငယ်စေသည့်စကားတွေမပြောဖို့  ၊
နားလည်အောင် ရှင်းပြပြောဆိုပါမည်။
ဝေခိုင် ဘယ်လိုပြောလျှင် ကျွန်မဘယ်လိုစိတ်ထိခိုက်ခံစားရကြောင်း  ပွင့် ပွင့် လင်းလင်းရင်ဖွင့် ပြပါမည်။
သည်လိုဆိုရင် … ဝေခိုင်လည်း ကျွန် မစိတ်ကိုနားလည်ကာ သူလက်လွတ်စပါယ်ပြောဆိုမိတာတွေ
ဆင်ခြင်ပါလိမ့်မည်။  ဒါဆို ကျွန်မတို့ သူငယ်ချင်းနှစ်ယောက်စိတ်ဝမ်းမကွဲဘဲ ခုချိန်ထိ ခင်ခင်မင်မင်ရှိနေကြလျှင် ဘယ်လောက်ကောင်းလိမ့်ပါမလဲ…။
 ကိုယ့်စိတ်ခံစားမှုကို ရှေ့ တန်းတင်ပြီးမခေါ်ချင်မပြောချင်သည့်အကျင့်ဆိုးကြီးကြောင့် ကျွန်မဟာ
အချစ်ဆုံးသူငယ်ချင်းနှင့် ဆက်ဆံရေးမှာ ဇာတ်သိမ်းမလှခဲ့ပါ..။
ယခုအချိန်မှာတော့…
အသက်ကြီးလာလေ...အပေါ်ခင်မင်မှုတွေချည်းပဲတွေ့ ရတတ်သည့်လောကကြီးထဲမှာ
ကျွန်မလည်းဟန်ဆောင်ခြင်းများနှင့် အတူ အလိုက်သင့် ရှင်သန်နေထိုင်ရင်း နှစ်ကိုယ့်တစ်စိတ်လို ချစ်ခင်ခဲ့ရသည့်
သူငယ်ချင်းဝေခိုင့် ကို အမြဲတမ်း သတိရတမ်းတနေမိပါလေတော့သည်။
ချစ်ခင်သူများနှင့် ဇာတ်သိမ်းလှနိုင်ကြပါစေ
ကြာဖြူနွယ်
Women`s World Joural
No comments:
Post a Comment