Saturday, January 5, 2013
မဖူးသာ လွမ်းတာကပွား
ညဉ့် နက်လာလေ တဖြည်းဖြည်း အေးစိမ့် လာလေလေပါပဲလား။
ပြူတင်းပေါက် ကနေ  လင်းရောင်ဖြာ နေတဲ့  စန္ဒာလမင်းကြီးကို  ထိပ်ထား ငေးကြည့်နေတာ ကြာလှပါပေါ့  ။
အပြင်လောက က လမင်းကြီး က ကြည်လင်ဝင်းပ ပြီး အလင်းရောင်တွေ ဖြာကျနေပေမယ့်  
 ထိပ်ထားရဲ့ လမင်းကြီးကတော့ ဘယ်တော့မှ မသာနိုင်တော့ပါဘူး လို့ တွေးမိရင်း ဘယ်ဘက်ရင်အုံ 
က အောင့် စူးစူး နဲ့ နာလာပါတယ်။
ဟော -- စည်တော်တီး သံပါလား။ မှန်းစမ်း နားထောင်ကြည့်လိုက်မယ်။
တစ်ချက် ၊ နှစ်ချက် ၊ သုံးချက်
အလို စည်တော် သုံးချက် တီးနေပါ ပေါ့ လား ။အရင်ဆို  ဒီလို အချိန်ထိ မောင်တော် 
လာမလားလို့ မျှော်လင့် နေရတဲ့ အိမ်ရှေ့ စံ ကနောင်မင်းသား ရဲ့  ကြင်ယာတော်
 လှိုင်ထိပ်ခေါင်တင်  မင်းသမီး ဘ၀ ကိုပြန်မြင်ယောင်မိပါတယ်။
"ညဥ့်သုံးယာမ်ခါ။ လေပြေလာ။ လေပြေလာ။ ဧရွှေရင်မှာ။    ။ လာနိုးမျှော်မိ။ ဖြေမပျော်နိုင်ဘူး။ ဘုန်းမယ့်ကိုယ်ထူး။   ။ မဖူးသာ။ လွမ်းတာကပွား။ ရှင်နတ်များ။ အိုအို-မ,ပဲကို။   ။ မဖူးသာ။ လွမ်းတာကပွား။ ရှင်နတ်များ။ အိုအို-မ,ပဲကို။ ဆိုငိုမှိုင်ရက်ကယ်ငေး။   ။ သေလုပါပြီ။ ကြွေလုပါပြီ။ အို-ဘာပြုမလာသေး။ ဘုန်းသူနှင့်ဝေး။     ။ လေးမယ်ငယ်ကံ။ ရေးမဘွယ်ဘန်သလေး။   ။ ကြံကာပန်းပါဘိ။ လမ်းဘယ်မမြင်။ ရွှေပင်လယ် ဆီးသည်သို့။ နီးမယ်မထင်။   ။သုံးရွေကြော့ရှင်။ ဘုန်းလာမမြင်သလေး။    ။
သဖြန်။    ။ နှမလေးမယ့်သခင်။ တင်ရန်ကများ။   ။ လှိုင်းကြီးတဲ့ရေ။ မြကြောအဏ္ဏဝေသို့။ မစုံရွှေ-စကြာကွန့်တယ်။နန်းနေညွန့်ဘွား။
လှိုင်ထိပ်ထား တစ်ယောက် မောင်တော် ဘုရားကို မျှော်နေပါတယ်မောင်တော်
မောင်တော် နေရော ကောင်းရဲ့ လား ၊ တိုင်းရေးပြည်ရေး အတွက်ဆို သူများ မင်းညီမင်းသားတွေ နဲ့ 
 မတူဘဲ စိတ်ရော လူရောအပင်ပန်းခံ ၊ တီထွင် လုပ်ဆောင် လွန်းလို့ အကိုတော်  မင်းတုန်းမင်းကြီး က ကိုယ်ပွားလို  အားကိုးရတဲ့  မောင်တော်က လေ သူ့ ကိုယ်သူ တောင် သိပ်ဂရုစိုက်တာမှ မဟုတ်တာပဲကိုးကွယ်။
ထိပ်ထား လေ မောင်တော့် နား မှာ နေပြီး ပြုစု ပေးချင်လိုက်တာ မောင်တော်ရယ်။
သူ တလူ ငါ တမင်း ဖြစ်နေကြတဲ့  ဒီနန်းတော်ကြီး ထဲမောင်တော် မျှော်မှန်းကြိုးစားသလောက်ရော
တကယ်ဖြစ်လာပါ့ မလားဟင်။
 ဒီိလို ပြောလို့  အဆိုးဘက်ပဲတွေးတယ်လို့  နှမတော် ကို အမျက်တော် ရှ ရင်လည်းရင်နာနာ နဲ့  ခံပါ့ မယ်။
မောင်တော် ရင်ဆိုင်နေရတဲ့  အခြေအနေ ကို နှမတော် က အသိဆုံးမို့ ပါ။
ထိပ်ထားထက် ထက် မောင်တော် က ၁၃ နှစ်ကြီးပေမယ့်  မောင်လေးတစ်ယောက်လို သားတော်လေးတစ်ပါးလိုရင်ခွင် ထဲထွေးပိုက်ပြီးအမောတွေပြေစေဖို့  ယုယ ကြင်နာချင်တဲ့ စိတ် နဲ့  ချစ်လှပါတယ်မောင်တော်ဘုရားရယ်။
နန်းတွင်း ၀င် တဲ့  အပျိုတော်တွေ သယ်လာတဲ့   မောင်တော့်သတင်း တွေ နားစွင့်ရင်း စိတ်ပူပန်နေရတဲ့ 
နှမတော် ရဲ့  စိတ်ခံစားမှု ကို သိရင် လေ တစ်ခေါက်တလေတော့  ထိပ်ထား ဆီ ဆောင်တော်ကူး ခဲ့စေချင်ပါတယ်။
မောင်တော့်မျက်နှာတော် ကို ဖူးမျှော်လိုက်ရရင်တော့  ရင်ထဲမှာ  အုံခဲနေ တဲ့  အလွမ်းဆိုတဲ့  အစိုင်အခဲတွေ ပြေပျက် ပြီးနှမတော် ကြည်နူးပျော်ချမ်းမြေ့ မိမှာပါ။
တကယ်တော့  နှမတော် ရဲ့ဘ၀ မှာလေ  မောင်တော်သာ  တစ်ခုတည်းသော အားကိုးရာ လင်းရောင်ခြည် ပါ ။
နှမတော် ၁၂ နှစ်သမီးမှာ မယ်မယ် အနောက်နန်းမတော် မမြလေး ကို ခမည်းတော် အမျက်သင့်လို့  ကွပ်မျက်ခံခဲ့ရကတည်းက အမိရင်ခွင် မဲ့ စွာ ၊  အထီးကျန် အားငယ် စွာ ကြီးပျင်းလာခဲ့ရတာပါဘုရား။
အားငယ်တတ်ပြီး မေတ္တာအကြင်နာ ငတ်ခဲ့ရတဲ့ လှိုင်မြို့ စားမင်းသမီးလေ လှိုင်ထိပ်ခေါင်တင် ဟာ မောင်တော်ကနောင်မင်းသား ရဲ့ ကြင်ယာတော် ထိပ်ထားဖြစ်လာပြီး တည်ကြည်မြင့် မြတ် လှတဲ့  မောင်တော့် ရင်ခွင်ကျယ် မှာမှေးဝင်ခိုမှီ  ရတဲ့ အချိန်မှာ အားကိုးယုံကြည် စိတ်နဲ့  မယ်မယ်ဖုရားလိုမျိုး ခင်ပွန်းသည် ကိုယ်တိုင်သတ်မိန့် ပေးခံရပြီးကံတော်ကုန်ရတဲ့  ဘ၀ ဆိုးမျိုး ဘယ်တော့မှ မရောက်နိုင်တော့ဘူးရယ်လို့ စိတ်ချလိုက်ပါတယ်။
ဒါပေမယ့်  မောင်တော်ရယ် ၊  အိမ်ရှေ့ စံ ကနောင်မင်းသား ရဲ့  ချစ်ခင်မှု က လှိုင်ထိပ်ထား တစ်ပါးတည်းသာ
မဟုတ်လေတော့မောင်တော် ရဲ့  ချစ်ခြင်းတရား နဲ့  အကြင်နာ တွေ ကို လက်ဝေ ခံ ရယူခဲ့ရတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်  ထိပ်ထား ကတော့ မောင်တော့် ကို အချစ်မပျက်ခဲ့ပါဘူး။
မောင်တော်ဘုရားကို မျှော်ရင်း အိပ်မပျော်တဲ့ ညတွေကို  ကုန်လွန်စေဖို့  နှမတော်လေ သီချင်းတွေ စပ်ရတယ်ဘုရာ့ ။
စိန်ခြူးကြာညောင်ဆိုတာ လေ မောင်တော် အဆောင် ပေါ်မလာလို့  ထိပ်ထားနှလုံးသားက လွင့်စင်ကျလာတဲ့ အလွမ်းပန်းပွင့်လေးတွေ နဲ့ သီကုံးထားတဲ့ ဘောလယ်တပုဒ်ပါ။
နားဆင်ကြည့်ပါဦး မောင်တော်ရယ်။
 Myanmar Classical: စိန်ခြူးကြာညောင်- Khattayar Tamar Cho
ဒီလိုနဲ့  အထီးကျန်ညတွေ ကြာညောင်းလာတဲ့ တစ်နေ့ မှာ မောင်တော် အဆောင်တော် ကူးလာတော့ ထိပ်ထားလေခုန်ကြွမတတ် ပျော်မြူးနေမိတာ ဟန်တောင်မဆောင်နိုင်တော့ပါဘူး။
မောင်တော် ကြိုက်တတ် တဲ့  စားဖွယ်ရာတွေ နဲ့  အမြန် ပွဲတော်တည်ဖို့  ပြာယာခပ်နေမိတော့တယ်။
ဒါပေမယ့်  မဖူးမျှော်ရတာ ကြာလှပြီ ဖြစ်တဲ့  မောင်တော့် မျက်နှာ ကို တ၀ကြီး ကြည့်မဟဲ့ လို့ အားခဲလိုက်တဲ့  ထိပ်ထားရဲ့  ရင်အစုံကို  ခြေစုန်ကန် လိုက်တာ က မောင်တော်ရဲ့  
သုန်မှုန် ခက်ထန်ပြီးမာကြောနေတဲ့  မျက်နှာပါ။
ရွှေနန်းဆောင် ထဲမှာ ဘာအရေးတွေ ဖြစ်ခဲ့ပါလိမ့်မောင်တော်ရယ် ၊ သိချင်စမ်းပါဘိတော့တယ်။
 ကိုယ့်ရွှေပြည် ကို ချစ်လှတဲ့ မောင်တော်  ကနောင် မင်းသား ကို တူတော်နှစ်ပါးကလည်း အမြင်မကြည်တာ
ထိပ်ထားရိပ်မိပါတယ်ဘုရား။မောင်တော်  ဟာ ရှေးကျနေသေးတဲ့ အရှေ့ တိုင်းပြည်ဘက်မှာ နေပေမယ့်  စိတ်ဓါတ်အတွေးအခေါ်ကခေတ်မှီလွန်းလှပါတယ်။ တိုင်းပြည်အတွက် လုပ်ပေးချင်စိတ်များလှတဲ့ အိမ်ရှေ့ စံကိုယ်တော်လေးဟာကိုယ့်ပြည်က လူတော်တွေကိုလောကဓါတ်ပညာတွေ တတ်စေချင်တယ်။ အနောက်ဘက်က ပြည်ကြီးတွေ မှာ ပညာတော်သင်စေလွှတ်ဦးမတဲ့ လေ။
ဒါပေမယ့်  မောင်တော်ရယ် ၊ မောင်တော့်ရဲ့  အတွေးအခေါ်နဲ့ စိတ်ကူးအိပ်မက်တွေဟာ လက်တွေ့ အကောင်အထည်ဖော်ခွင့် ရတာ နည်းလိုက်တာ။
ဒါပေမယ့်  တိုက်ခိုက်ဖို့  လက်နက်ခဲယမ်းမီးကျောက်တွေကမရှိ၊
တီထွင် တော့လည်း ခွင့်မပြုကြဘူး။ရေမြုပ်ဗုံးတွေ တီထွင် ပြီးလို့  လက်တွေ့ စမ်းသပ်မယ်ဆိုတော့လည်း
 ရေထဲက ငါးတွေသေရင် ပါဏာတိပါနာ ကံ ထိုက်မဟဲ့ ဆိုပြီး အားလုံး ၀ိုင်းတားမြစ်ကြလို့  မောင်တော် လက်လျှော့ခဲ့ ရတယ်လေ။
ဒါတွေကြောင့် လည်း မောင်တော့် စိတ်တွေ ညစ်ညူးနေ တာ ထင်ပါရဲ့ နော်။
 မောင်တော့် မျက်နှာထားဟာကြည်သာရွှင်ပြသင့် ပါတယ်။ 
ချိုသာတဲ့ အပြုံးလေးတစ်ပွင့် နဲ့ ကြင်နာတဲ့ စကားသံလေး တခွန်းတောင်ထိပ်ထားကို 
 စေတနာမရှိတော့တာလားဘုရား။
မျှော်ခဲ့ရတဲ့  မျက်ရည်ဝေ သော အလွမ်းညတွေ အတွက် မောင်တော့် ရဲ့ တုန့် ပြန်မှု ကဒီလိုစိမ်းကားတင်းမာခြင်းတဲ့ လား။
ကနောင်မင်းသား မှာ လှိုင်ထိပ်ထား အတွက် မေတ္တာ အကြင်နာ တွေ မရှိတော့ဘူးတဲ့ လား။
အသက်မဲ့နေတဲ့ လူတစ်ယောက်လို ငြူငြူကြီး နဲ့  ဘာမှမပြောတဲ့  မောင်ဘုရား ကို ပွဲတော်လိုက်နေရတာ
ရင် ထဲမှာခံပြင်းဝမ်းနည်းစိတ်တွေ တလိပ်လိပ်တက်လာ လို့   ဆောင့် ကနဲ ထထွက်သွားမိတာ ထိပ်ထားအပြစ်လား။
 ဆောင့်အောင့်ထွက်သွားတဲ့ ထိပ်ထားကို မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေ နဲ့ ကြည့်ပြီး လက်သုံးတော်ဓားနဲ့ ရွယ်ရင်း
"  သယ် -- ငါထပိုင်းလိုက်ရ "လို့ ပြောလိုက်တဲ့ အခါ ထိပ်ထားလေ ရပ်နေတဲ့ နေရာကနေ မဟာပထ၀ီမြေကြီးကိုခွဲဝင်သွားချင်လောက်အောင် ရှက်ရွံ့ အားငယ်  ပြီး ခြောက်ခြားဝမ်းနည်းမိပါတယ်။
ပြောရက်လိုက်တဲ့ မောင်တော် ၊ ပေးအပ်ထားတဲ့ ချစ်ခြင်းတွေ နဲ့ အပြိုင် ရက်စက်နိုင်သူကြီး ကို ထိပ်ထား စိတ်နာမိပါပြီ။
ဒါကြောင့်  ရွှေနန်းတော်ထဲ သားတော်လေး ကိုလက်ဆွဲဝင်ပြီး မင်းတုန်းမင်း တရားကြီးရဲ့ ရှေ့တော်မှောက်မှာ ..
. “ ကနောင်မင်းသားကြီးနဲ့  မပေါင်းနိုင်တော့ပါဘူး ဘုရား ... ” လို့ လျှောက်တင်ခဲ့တဲ့ မိတာ နှမတော်လွန်ပါသလား။
မိန်းမသားဆိုတာ  ဘယ်အရွယ်ရောက်ပစေ ကိုယ့်ချစ်သူရဲ့ အကြင်နာအယုယ ခံချင်ကြတာချည်းပါ။
ဒါပေမယ့် လေ ထိပ်ထားလုပ်သမျှကို အကောင်းမမြင် တဲ့ မောင်တော်ကတော့ မပေါင်းနိုင်တော့ပါဘူးဆိုတဲ့ 
ထိပ်ထားရဲ့ စိတ်ကောက် စကားကို  ကလေးဆန်လှချည့်ရဲ့လို့  ရေရွတ်ပြီး လှည့်မကြည့်တော့ပါဘူး။
အသဲကြွေလုအောင် နာကျင်ဝမ်းနည်ရပါတယ်ဘုရား။
ဒီတခါတော့ ထိပ်ထားအတွက် ချစ်ခြင်းမေတ္တာ မရှိတော့တဲ့ မောင်တော် နဲ့ ဝေးကွာတာ ကပိုကောင်းမယ်
ဆိုပြီး တင်းခံခဲ့ပါတယ်။ အချစ်ကြီးလို့  နာလုံးကြီးပါတယ်မောင်တော်။
ဒီလို နဲ့  မောင်တော် နဲ့ ထိပ်ထား တစ်နှစ်တာလောက် ကွဲကွာပြတ်ကင်းခဲ့ရတယ်လေ။
ရင် ကွဲအောင် လွမ်းလေသမျှ  နာကြည်းစရာ တွေစဉ်းစားရင်း ရအောင်နေခဲ့ပါတယ်။
တကယ်လို့သာလေ မောင်တော် က  " လက်သုံးတော်ဓါးကိုမှ ယောင်မှားကာကိုင်.... သေစေလိုလို့  မဟုတ်ပါဘဲ...”
ဆိုတဲ့  ဒီဘောလယ်လေးနဲ့  ပြန်မချော့ခဲ့ရင် တစ်သက်တာပြတ်စဲ ကြမှာနော်။
မောင်တော်ကလေ ကိုယ်တိုင်မစပ်တတ်လို့  မြင်းစာရေးညီမောင်မောင်ဘ ကို စပ်ခိုင်းလိုက်တာလေ။
" ဖူးပွေ့ လက်တင်။ တွေ့ မြင်ချင်ရေးငယ်နှင့်။ နေ့စဉ်ပင်ဆွေးပါရ။ ငေးငိုမိမှိုင်။ လဲမလို့-သဲညှို့ ခွေယိုင်။ မပြေနိုင်ကြွမ်းတယ်လေး။ လွမ်းဗျာထုဆိုင်။ ။ လက်သုံးတော်ဓားကိုလ။ ယောင်မှားကာကိုင်။ နိုင်ချင်လိုလို့-ဟုတ်ပါဘဲ။ နှုတ်အာရဲတယ်လို့ အပြစ်တင်။ မချစ်ပြင်ပြင်။ ချစ်ရင်
အကျိုးကိုလေး။ ငြိုးမာန်ဖွဲ့ဆင်။   ။ သတ်တော်မူရက်ထာဖြင့်။ အသက်ကိုပင်။ ကျေနပ်အောင်စီရင်၍။ ပြုချင်တော်တိုင်း။ ခုခင်နော်ဆိုင်းပါနှင့်။ ပိုင်းဘို့ ရယ်။ မြရိုးသီလ၀င်။ သံစက်သွားကိုလေးထားအပ်ပမယ်။  ။ ငါးပါးမာန်တက်သူမို့ ။ ရက်စက်လေတယ်။ သက်သက်ကယ်သွေဖယ်လို့ ။
မေတကယ်စိမ်း။ သေလွယ်မှငြိမ်းမှာထင့်နွဲ့ယိမ်း နွဲ့ယိုင်၊ မြစိမ်းလဲ့ခိုင်။သန္ဓေနှစ်ကယ်လေး။ စိမ်းရှာဖြစ်နိုင်။   ။"
 အော် --တတ်လည်းတတ်နိုင်ပါ့ မောင်တော်ရယ်-- ဘာတဲ့  " လက်သုံးတော်ဓားကိုလ။ ယောင်မှားကာကိုင်"တဲ့ လား။
ထိပ်ထား ကို လက်သုံးတော်ဓါး နဲ့  ရွယ်တာ ယောင်မှားသွားတာပါတဲ့ လေ။အဲဒီနေ့  က ထိပ်ထားကို ဓါးနဲ့ ပိုင်းတော့မလိုလုပ်ရင်းကြည့်လိုက်တဲ့ မောင်တော့်ရဲ့ မီးတောက်မီးလျှံအကြည့်တွေကရော
 ယောင်မှားကြည့်တာလားဟင် ။
 ညာနေမှန်းတော့သိပါရဲ့ မောင်တော်ရယ် ၊ ဒါပေမယ့်  ထိပ်ထားတို့ မိန်မသားတွေဟာလေ ကိုယ့် ချစ်သူ ကဟန်ဆောင်လိမ်ညာပြီးပေးမယ့်  အကြင်နာလေးကိုဖြစ်ဖြစ် လိုချင်မက်မောတတ်ကြပါတယ်။
မချော့ခင်ကတည်းက ပျော့ချင်နေတဲ့ ထိပ်ထားဟာ မောင်တော်ချော့ တဲ့ ဘောလယ် လေး ကြောင့်  ပြန်ပြီး
စိတ်ပြေ သွားရပါပြီရှင်။ တကယ်တော့ မုန်းနေကြလို့  ပြတ်စဲကြတာမှမဟုတ်တာကိုးနော်။
ပြန်ပြေလည်ပြီးနောက်ပိုင်းမှာ ထိပ်ထားလေ မောင်တော့်ကို ပို ပြီး မြတ်နိုးကြင်နာ ခဲ့တယ်။ပါရမီဖြည့်ခဲ့တယ်။
တိုင်းရေုးပြည်ရေးတွေ နဲ့ စိတ်ရှပ်ပင်ပန်းနေတဲ့ မောင်တော့် ကို ပိုပြီးဂရုစိုက်တယ်။ သတိလည်းပေးခဲ့တယ်။
မောင်တော့် အနားမှာ အနီးကပ်ရန်သူတွေ ရှိတာရိပ်မိနေတဲ့ ထိပ်ထား မှာ တနေ့ မှ ရတက်မအေးရပါဘူး။
ဒါပေမယ့်  ဦးနှောက်ထဲ အတွေးထဲမှာ တိုင်းပြည်ကောင်းစားရေးပဲရှိတဲ့ သူတော်ကောင်းကြီး ကနောင်မင်းသားကတော့အားလုံးကို သူ့ လိုစိတ်ပဲလို့ ထင်နေခဲ့တယ်။
ဒီလို နဲ့  ပဲ ထိပ်ထားတို့ နှစ်ယောက်ရဲ့ နောက်ဆုံးနေ့ ကိုရောက်ခဲ့ပြီလေ။
အဲဒီနေ့ ကလေ  နမိတ်တွေ ပြပါသကောမောင်တော်ရယ်။ လွှတ်တော်သွားဖို ဆင်ပေါ်တက်နေတဲ့ မောင်တော် ရဲ့ ခေါင်းရိပ်ကို မတွေ့ ရတော့  ထိပ်ထား ရင်ထဲ ဒိန်းကနဲဖြစ်သွားပြီး
 လွှတ်တော်မသွားပါနဲ့ မောင်တော်ရယ် လို့ အတန်တန်တားခဲ့ပေမယ့် မောင်တော် က လက်မခံ ခဲ့ပါဘူး။
လောကဓါတ် သိပ္ပံပညာကို လိုက်စားနေတဲ့ မောင်တော်ကထိပ်ထားနမိတ်ကောက်တာကိုတောင်
ရယ်ပွဲဖွဲ့ လိုက်သေးတယ်။
စိတ်ချပါနှမတော်ရယ် ၊မောင်တော့်ကို “လုပ်ကြံနိုင်တဲ့သူ မမွေးသေးဘူး ...” လို့ ရယ်မော ပြောဆိုပြီး ထွက်သွားတဲ့ မောင်တော့် နောက်ကျော ကို မြင်လိုက်ရတာတစ်ဘ၀စာ  နောက်ဆုံးပါပဲလား။
ရင်နာဖို့ ကောင်းလိုက်တာမောင်တော်ရယ်။
အခါတော်ပေးတာက ပညာရှိအမတ်ကြီး ဦးပုည တဲ့ ။
အလိုလေး ဘယ်လိုအသည်းနှလုံးနဲ့ များ လုပ်ရက်ကြတာပါလိမ့်။
သေခြင်းတရားဆိုတာ အသက်အရွယ်မရွေး ဆွဲခေါ် ထုတ်သွားတတ်တာ မှန်ပေမယ့်  ဒီလို လုပ်ကြံသတ်ဖြတ်ခံရပြီးကံတော်ကုန်ရတဲ့ မောင်တော့်ရဲ အဖြစ်ဆိုးကြီး ကို ဘယ်လိုမှ ဖြေမဆည်နိုင်ပါဘူး။
အသည်းနှလုံးမှာ ကြိမ်မီးအုံး သလို ခံစားရပါရဲ့ ဘုရား ။
"  မဖူးသာ။ လွမ်းတာကပွား။ ရှင်နတ်များ။ အိုအို-မ,ပဲကို။ ဆိုငိုမှိုင်ရက်ကယ်ငေး။   ။ သေလုပါပြီ။ ကြွေလုပါပြီ။"
ထိပ်ထားရဲ့  ဘ၀ဟာ မောင်တော့်ကိုလွမ်း ဖို့ မွေးဖွားလာရသလိုပါပဲလားမောင်တော်ရယ်။
မောင်တော့် မျက်နှာတော်ကိုတစ်ဝကြီး မျှော်ဖူးခွင့်တောင်အပြည့်အ၀ မရဘဲ တစ်သက်တာလွမ်းရပြန်ပါပကော
ရှင်ကွဲ ကွဲတုန်းကလည်း လွမ်းရတယ် ။ ခု အပြီးတိုင် သေကွဲကွဲရတော့လည်း တစ်သက်တာလွမ်းရပြီပေါ့ ။
ခုတော့ ထိပ်ထားတို့ သားအမိအတွက် သာမက တိုင်းပြည်အတွက် ရွှေတောင်ကြီးပြိုပါပေါ့ လား
မောင်တော်ဘုရားရေ။
မောင်တော့် လို လူမျိုးဆုံးရှုံး သွားရတာဟာ မြန်မာပြည်ကြီး ရဲ့   ရှေ့ ရေးပါ ပြောင်းလဲသွားရတာပါဘုရား
တိုင်းပြည် ရှေ့ ရေး ထက် ကိုယ့်အာဏာတည်မြဲ ရေး ကို အတ္တ အပြည့် နဲ့  ပုံဖော်နေကြတဲ့  ဆွေတော် မျိုးတော် တွေ ရဲ့ ရက်စက်မှု ကြောင့်  မကျကောင်းတဲ့ မင်းသွေးတွေလည်းမြေခလို့  ကျ ခဲ့ ရပါပြီဘုရား။
ဒါတွေ ကို မောင်တော် ကတော့ တမလွန် ကနေ ကြားနိုင် မြင်နိုင်ပါ့ မလား
ဖြစ်နိုင်ရင်တော့ မောင်တော့်  ကို အေးချမ်း တဲ့  ဘုံဘ၀ ကို ရောက်ရှိ ခံစားစေချင်ပါရဲ့ ဘုရား
ခုလို လမင်းကြီး ထိန်ထိန်သာ တဲ့  ညမျိုး မှာ  ထိပ်ထားလေ  အရင်လို မျိုး မှန်ရွှေပြူပြတင်းကနေ မောင်တော့် ကိုယောင်ယမ်းမျှော်မိပါတယ်ဘုရား။ 
လမင်းကို  မော့ ကြည့်ရင်း အမောင့် မျက်နှာတော် ကို မှန်းမျှော် ရင်း ဆုခြွေတောင်း
လိုက်ပါရဲ့ ။ ဖြစ်လေရာ ဘ၀ အဆက်ဆက် မှာ မောင်တော် ဒီလို အဖြစ်ဆိုးမှကင်းဝေးပါစေ။
လူ့ ဘ၀ ပြန်ရခဲ့ရင် အမျိုးဘာသာ ၊ သာသနာ အကျိုး ကို အားသွန် ထမ်းရွက်ခွင့်  အပြည့်ရတဲ့ ပုဂ္ဂိုလ် ဘ၀ မျိုး ရရှိပါစေ။မဆုံးနိုင် တဲ့ သံသရာ တကွေ့ ကွေ့ မှာ ထိပ်ထားနဲ့ မောင်တော်  ပြန်လည် ဆုံတွေ့ ကြမယ်ဆိုရင် မောင်တော့် ကို ပါရမီဖြည့် ခွင့်  ပြန်ရပါစေလို့ ဆုတောင်းနေပါ့ မယ် ဘုရား ။ 
 ( အိမ်ရှေ့ စံ ကနောင်မင်းသား ရဲ့ ကြင်ယာတော် လှိုင်ထိပ်ခေါင်တင် မင်းသမီး ရဲ့ အလွမ်း ကို  ပုံဖော်ရေးဖွဲ့ ကြည့် ခြင်းပါ )
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
No comments:
Post a Comment