Saturday, January 5, 2013
ပဟေဠိ လရောင်
ခြံထဲ ဆင်းလာပြီး ခုံတန်းလေး ပေါ် ထိုင်လိုက်ချိန်မှာ စံပါယ်ပန်းရနံ့ လေးက သင်းသင်း လေး မွှေးပျ့ံနေတယ်။
 ခုံတန်းဘေး လက်လှမ်းမှီတဲ့  စံပါယ်ရုံလေးက စံပါယ်ပန်းလေး တွေ ကို ဆွတ်ယူပြီး နမ်းရှိုက် မိတယ်။
ကျမ  နာမည်ကြီးရေမွှေးနံ့ တွေထက် ဒီပန်းရန့ံ လေး ကို ပဲကြိုက်တာ။
စိတ်နှလုံး ကို ကြည်မွေ့ ချမ်းအေးပြီး အမောပြေစေတဲ့  စံပါယ်ရန့ံလေးပါ။
ည ကိုးနာရီထိုးတော့မယ်။ တမင် အချိန်ကိုက်ပြီး  ကို ခြံထဲဆင်းလာခဲ့တာပါ။
ဒီနေ့  လပြည့်ကျော် သုံးရက်နေ့  ဆိုတော့ ဒီအချိန်လောက် မှ လ ထွက်မှာကိုး
တိမ်မျှင်ကျဲကျဲလေးတွေ ကြားက လင်းရောင်ဖြာနေတဲ့ လမင်းကြီး က လှလိုက်တာ-
ခေါင်းကိုမော့ ပြီး လရောင်ခြည် အလင်း ကို ခံယူနေရင်း လူတစ်ယောက် ကို သတိရစိတ်နဲ့ 
ကျမ နှလုံးအိမ်ဟာပုံမှန်ထက်ပိုခုန်လာပါတယ်။
နှစ်တွေကြာညောင်းလာပေမယ့် မပြယ်သေးတဲ့ သတိရခြင်းတွေ ကျမမှာရှိသေးတာပါပဲလား ။
ကျမ နဲ့ သူ အလုပ်ခွင် မှာ အတူတူလုပ်ကိုင်ခဲ့တာ တစ်နှစ်တောင် မရှိခဲ့ ပါဘူး။
မှတ်မှတ်ရရ ဆယ် လ နဲ့  ၃ ရက် တည်းပါ။
 ဆယ်လကျော်တည်း  အလုပ်တွဲလုပ် ခဲ့ ရတဲ့  သူ တစ်ယောက် ရဲ့ မွေးနေ့  ကို ဆယ်နှစ် နီးပါး မမေ့ တာကတော့ ကျမ ရဲ့  သူ့ အပေါ်မှာ ထားတဲ့  သံယောဇဉ် အဆိုင်အခဲ က
ဒီနေ့  သီတင်းကျွတ်လပြည့်ကျော် ၃ ရက်ေ န့က သူ့ မွေးနေ့ ပါ။
သူ့ မွေးနေ့  ကို သူမပြောဘဲ ကျမ ဘာသာ သူ့ ပရိုဖိုင်း ကို လိုက်ရှာပြီး မှတ်ခဲ့တာပါ။
ဘာလို့ မှတ်ခဲ့တာလဲ လို့ မေးရင် --သိချင်ခဲ့လို့ ပါ။
အဲဒီတုန်းက ကျမ ဟာ သူ နဲ့ ပတ်သက်ရင် သိချင်စိတ်များလွန်း တဲ့ ကောင်မလေးပေါ့ -
အလုပ်ခွင် မှာ လည်း သူ လုပ်သမျှ လိုက်ကြည့်ရင်း သူ ဘာတွေအဆင်မပြေလည်း ဖြည့်ဆည်းပေးချင် ခဲ့သူပါ ။အထည်ချုပ်စက်ရုံ တစ်ခုမှာ ကျမ က စတိုတာဝန်ခံ ၊  သူက ဂျပန်စကားပြန်ပါ။
အလုပ်သဘောတရားချင်းမတူပေမယ့် သူ နဲ့ ကျမ အလုပ်စားပွဲ က ဘေးချင်း ကပ်နေတာ မို့ သူများထက်ပိုရင်းနှီးခဲ့ပါတယ်။သူ က ပျော်ပျော်နေတတ်ပြီး စက်တန်းထဲမှာလည်း နောက်ပြောင်ကာ ရီစရာတွေပြောတတ်လို့  သူ့ကို အထည်ချုပ်တဲ့သူတွေအားလုံးကသိပ်ခင်ကြပါတယ်။
ကျမလည်း ကိုယ့်ထက် ၂ နှစ်ငယ်တဲ့ သူ့ ကို မောင်လေးတစ်ယောက်လို ခင်မင်စေတနာထားမိတယ်။
သူ ဂျပန်စကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တာ အားကျလို့  ကျမ ဂျပန်စာ သင်မိပါတယ်။
သူ ကလည်း ကျမ ကို အားရင် အားသလို သင်ပေးတယ်။
ဒီလိုနဲ့  ကျမ သူ့ အပေါ် သံယောဇဉ် ပိုလာမိတယ်။ သူ လည်း ကျမ အပေါ် ပိုတွယ်တာ လာတယ်လို့ကျမ ထင် ခဲ့တယ်။
“ ထင် ခဲ့ တယ်----  ”
 ဒီစကားလုံးလေးဟာ သူ့ ရဲ့ ကျမအပေါ် သဘောထားတွေကို ကောက်ချက်ချတဲ့အခါ သုံးရပါတယ်။
 ဘာလို့လဲ ဆိုတော့ ကျမ သူ့ စိတ်ကို သေချာမကြည့်နိုင်ခဲ့လို့ပါ။
ဒါပေမယ့်  သူ့ ပုံစံ ကိုကျမ အကဲမဖမ်း တတ်ခဲ့ပါဘူး။
တစ်ခါတစ်ခါ အားလုံးထက် သူ ကျမ ကို ပိုပြီး ဂရုစိုက်တယ် လို့ ထင်မိပေမယ့်  တစ်ခါတစ်ခါ သူက ကျမကို
အားလုံး နဲ့တန်းတူ သဘောထားပြီး သာမန်ခင်ရုံ ပဲနဲ့ တူပါရဲ့လို့ တွေးတော စိတ်အားငယ်ခဲ့ရတာလည်း အခါခါပါပဲ။အပြင်ပန်းကြည့်ရင် နောက်ပြောင်ရယ်မောနေပေမယ့်  သူ့ မှာ ဘယ်သူမှမသိနိုင် တဲ့ 
လေးနက် တဲ့  ခံစားမှုတွေ ရှိတယ်လို့  ကျမ ခံစားသိလာတယ်။
မိသားစု အကြောင်းကို လျို့ ဝှက်တတ်လွန်းတဲ့  သူ့ မှာ ဘာပြသနာတွေရှိလဲလို့ 
ကျမသိချင်ခဲ့ပေမယ့်  သူ့ ကို မေးလို့ မရပါခဲ့ပါဘူး။
သူ့ ခံစားမှု ကို ကျမ ဘယ်လို မှ မရိပ်မိနိုင်ခဲ့ပါဘူး။
တခါတလေ ကျမ ကို ရီဝေေ၀ ငေးကြည့်နေတတ်တဲ့ သူ့  မျက်ဝန်းတွေထဲမှာချစ်ရိပ်တွေရှိတယ်လို့  ကျမ သိရှိခံစားရတယ်။ဒါပေမယ့်  တစ်ခါတစ်လေ သူ့ မျက်ဝန်းတွေ က ကျမအပေါ်သိပ်သူစိမ်းဆန်နေပြန်ရော--
ကျမ လိုချင်တဲ့  ပွင့် လင်းမှု   ကို သူ မပေးခဲ့ပါဘူး။
ဒါပေမယ့်ကျမ သူ့ ကို သိပ်သံယောဇဉ် တွယ်ခဲ့တာပါ။
သူ့ အပေါ် ကျမအရိပ်တကြည့်ကြည့် ဂရုစိုက်ခဲ့တာ သူ မသိတာလား ၊ မသိချင်ယောင်ဆောင် ခဲ့တာလား ၊ ဒါကိုတော့ ကျမ မသိခဲ့ ပါဘူး။
ကျမကတော့ တွေးသမျှအတွေးအားလုံးထဲ မှာ သူ့ ကို ထည့်ထားပါတယ်။
သူ့ မွေးနေ့ နားနီးတော့  ကျမ သူ့ ကို လက်ဆောင် ပေးချင်လို့  ဘာပစ္စည်းလေး ပေးရင်ကောင်း မလဲစဉ်းစားလိုက်ရတာ--
သူ လောလောဆယ် ဘာလိုအပ် လဲ ကျမ သေချာ စဉ်းစားကြည့်တော့ သူ့ မှာ ဂျပန်အဘိဓါန်
ကောင်းကောင်းမရှိသေးပါဘူး။
အဲဒီတုန်းက အင်တာနက်တွေ အီးမေးလ် တွေသိပ် မတွင်ကျယ်သေးတော့  စာအုပ်စာတမ်းတွေ ကို ပဲအားကိုးရပါတယ်။ဂျပန်စကားပြန် လုပ်ပြီး ဂျပန်အဘိဓါန် ကောင်းကောင်းသူ့ မှာ မရှိလို့   ကျမ ပေးချင်လာပါတယ်။
ဒါကြောင့်  သူ့ မွေးနေ့ မတိုင်ခင် တည်းက စာအုပ်လေး ကိုဝယ်သိမ်းထားပါတယ်။
ဒါပေမယ့်  သူ့ မွေးနေ့ ရောက်လာတော့ လည်း သူ  ကျမကို မပြောပါဘူး။
ဒီညနေ စောစောပြန်မယ်လို့  သူဌေး ကို ခွင့် တောင်းနေတဲ့ သူ့ ကိုလှမ်းကြည့်ရင်း ကျမရင်နာလာပါတယ်။
သူ စောစောပြန်ပြီး တနေရာ မှာ မွေးနေ့ ပွဲ ကျင်းပမယ်နဲ့ တူပါရဲ့ ။
ကျမ ကတော့ လက်ဆောင်လေး ကြိုဝယ်ထားပြီး ဒီနေ့  ရောက်လာဖို့ စောင့်လိုက်ရတာ
သူ့ ကို ကျမ စေတနာတွေ ပြ ပြီး စာအုပ်လေး ပေးမယ်လို့  အားခဲထားသမျှ အလကားပါပဲ။
ကာယကံရှင် မပြောတဲ့ မွေးနေ့  ကို ကျမ က ဘယ်လိုမှ လက်ဆောင် မပေးရတော့ဘူးလား
သူပြန်ခါနီးလေလေ ကျမ စိတ်တွေ ထူပူလာလေလေ ပါပဲ။
ကျမ ရဲ့ လက်ဆောင်ဟာ ကျမချစ်တဲ့သူ လုပ်ငန်းခွင် မှာ အဆင်ပြေစေမယ့်  အရာလေးမို့ 
ကျမ ရအောင်ပေးမယ်လို့  စိတ်ဆုံးဖြတ်လိုက်ပါတယ်။
ဒီလို နဲ့ အရိပ်အခြေ ကြည့်နေတုန်း သူ့ ကို ဂျပန်ကြီး က စက်တန်းဘက် ခဏခေါ်သွားလို့ 
ကျမ ထိတ်ခနဲဝမ်းသာသွားပြီး ကျမ စားပွဲဘေးက အသာထ ကာ သူများတွေ အလစ်ချောင်းကာ ထိုင်ခုံမှာ တင်ထားတဲ့ သူ့ ကျောပိုးအိတ်ဇစ်  ဖွင့်ကာဂျပန်အဘိဓါန်စာအုပ်လေး  ကို မြန်မြန်ထိုးထည့် ပြီး
ဇစ်ပြန်ပိတ် ထားလိုက်ပါတယ်။
ခဏနေ သူပြန်လာတော့ အိတ်ကို အမြန်ကောက်လွယ်ကာ ပြန်သွားပါတယ်။
ကျမကတော့ ဘာပဲဖြစ်ဖြစ်  အဲဒီစာအုပ်လေး ပေးလိုက်ရတာ ကျေနပ်မိတယ်။
ဒါပေမယ့်  မွေးနေ့ ကိုတောင် ကျမကိုမပြောတဲ့ သူ့ ရဲ့ သူစိမ်းဆန် မှု ကြောင့်လည်းရင်နာမိတယ်။
အဲဒီည  က ဖြာကျနေတဲ့ လရောင်အောက်မှာ သူ့ ကို တမ်းတရင်း ကျမငိုမိတယ်။
ချစ်သူ ရဲ့ မွေးနေ့  မှာ သူပျော်ပါစေ လို့  မျက်ရည်တွေ နဲ့ ကျမဆုတောင်းနေတာ လမင်းကြီး က တော့ကြည့် ပြီး အံ့သြ နေပါလိမ့်မယ်။
နောက်နေ့  အလုပ်ခွင် ထဲ မှာ သူ က ကျမ ကို တကြည့်ကြည့် လုပ်ပြီး တခုခု စဉ်းစားနေပုံမို့ စာအုပ်ကိစ္စ ပဲ ဖြစ်မယ်လို့  ကျမ သိလိုက်ပါပြီ။
ကျမ မသိချင်ယောင်ဆောင်ကာ နေနေတော့ သူ မချင့် မရဲ ဖြစ်လာပုံရပါတယ်။
“ ပြောဦးမယ် ၊ မနေ့ က ကျွန်တော့မွေးနေ့ လေ”
“ဟုတ်လား -- နင်ကလည်း ပြောတောင်မပြောပါလား ၊
 ဘာလဲ မုန့် ကျွေးရမှာကြောက်လို့လား”
ကျမက ခုမှသိသလို နဲ့  ပြန်ပြောလိုက်တော့ သူ က ကျမ ကို စေ့ စေ့ ကြည့်ကာ
“ ခင်ဗျား တကယ်မသိဘူးလား ”
“ ဟယ်-- နင်မှမပြောတာ ငါ ကဘယ်လိုသိမှာလဲဟဲ့ ”
 “ အေးလေ-- မသိလည်း ပြီးတာပါပဲ”
သူ ကမကျေမနပ် နဲ့ ပြောကာလှည့်ထွက် သွားပါတယ်။
တကယ်တော့  သူလည်းကျမ ပေးတာလို့  ထင်ချင်ပေမယ့်  သူ့ မွေးနေ့  ကို ကျမ မပြောထားတော့ ဇဝေဇ၀ါ ဖြစ်နေပုံရပါတယ်။ကျမ ကလည်းမပြောချင်ပါဘူး။သူ့ ကိုဘယ်လောက် ချစ်ခင်ပါစေ  ကျမ ရဲ့ 
ရင်ထဲ ခံစားချက်တွေ သူ့ ကိုအမြင်မခံနိုင်ပါဘူး။
သူ ကျမအပေါ် ဘယ်လို သဘောထားလဲဆိုတဲ့ ပဟေဠိ တစ်ပုဒ် ကို အဖြေ မသိရသေးခင်
ကျမ မေတ္တာ တွေ ကို ဖုံးကွယ် မြိုသိပ်ထားချင်ပါတယ်။
ကျမ လည်း လူသားတစ်ယောက်မို့  အတ္တ ရှိပါတယ်။
ကျမ သူ့ ကို ချစ်ခင်မြတ်နိုးသလောက် သူလည်းကျမ ကိုထပ်တူထပ်မျှ ချစ်စေချင်ပါတယ်။
ကျမ သူ့ ကို အရိပ်တကြည့်ကြည့် ဖြည့်ဆည်းချင်သလောက် ကျမ ကို သူ လည်းဂရုစိုက်စေချင်ပါတယ်။
ဒီလို ဖြစ်မလာသရွေ့  ကျမ မေတ္တာ  ကို မပြဘူးလို့ တင်းထားရင်းနဲ့  သူ နဲ့ကျမ ခွဲခွာချိန်ရောက်လာပါတယ်။
သူနိုင်ငံခြားသွားခါနီး အလုပ်ထွက်လိုက်တုန်းကလည်း သူက ကျမကို အထူးတလည်နုတ်ဆက် မသွားခဲ့ပါဘူး။
ဒါပေမယ့် သူ လေဆိပ် ဆင်းမယ့် နေ့ က ကျမကို ဖုန်းဆက်ပါတယ်။
“ ကျွန်တော် သွားတော့မယ်နော် ၊ ဟိုမှာဘယ်လောက်ကြာမယ်မသိဘူး
အားလုံးကို မေ့ပြီး အလုပ်ထဲ အာရုံနှစ်ထားရမယ်။
ဘ၀အာမခံချက်ရဖို့  တော်တော်ကြိုးစားရဦးမှာပဲ”
သူပြောတာနားထောင်နေရင်း ကျမရင်ထဲဆို့ ကာငိုချင်လာပါတယ်။
သူပြောသွားတဲ့ ထဲမှာ ကျမ ကို သတိရနေမယ်၊ စာရေးမယ်။ဖုန်းဆက်မယ်လို့ တခွန်းမှ မပါပါဘူး။
ဒါဆိုလည်း ဘာလို့ သွားခါနီး တကူးတက နုတ်ဆက်ရတာလဲ
သူဟာကျမကို ဘယ်လိုသဘောထားနေလဲ
သူ ထွက်သွားပြီနောက်ပိုင်း ကျမ ဟာ လသာညတိုင်း လမင်းကြီး ကိုမော့ကြည့်တိုင်တည်ကာ
မေးခွန်းတွေ မေးမိတယ်။
သူ--ကျမ ကို ဘယ်လိုသဘောထားခဲ့လဲ
သူ့ စိတ်အတွေးထဲမှာ ကျမဘယ်လောက်နေရာယူထားမှာလဲ
သူ ကျမ ကို ဘယ်တော့ဆက်သွယ်လာမှာလဲ
ကျမ က ပဲ ချစ်ခင်တွယ်တာမှုတွေ သူ့  ကိုပြစေချင်တာလား
သူ့ ဘ၀ခရီးဖော် ကို ဘယ်လိုရွေးချယ်မှာလဲ
သူ့ မှာ ကျမ မဟုတ်တဲ့ တခြားမိန်းကလေးတစ်ယောက်ရှိနေတာလား
အဖြေမရှိတဲ့ ပဟေဠိ ပေါင်းများစွာနဲ့ လရောင်အောက် မှာ  မိန်းမောခဲ့ရတဲ့ နှစ်တွေတဖြည်းဖြည်း ကြာလာခဲ့ပေမယ့် သူ ကျမကို လုံးဝမဆက်သွယ်ခဲ့ပါဘူး။
ကျမ မှာ သူ့ အသိ ဖုန်းနံပါတ်တွေ ရှိပေမယ့်  သူကိုယ်တိုင်ပြောလာတဲ့      သူ့ အကြောင်းပဲသိချင်တဲ့  ကျမဟာ ဘာမှကို မစုံစမ်းခဲ့ပါဘူး။
ကိုယ် တကယ်ချစ် တဲ့ သူ ဆိုရင် တောင်စဉ်ခုနှစ်ထပ်ခြားပစေ ရောက်အောင်လာတတ်ကြတဲ့ 
လူ့ လောကကြီး မှာ ကျမ ကို လုံးဝ မဆက်သွယ်တော့တဲ့သူဟာ ကျမ ကို မချစ်ခဲ့လို့ ပဲနေမှာလို့  အချိန်ကာလတွေ ရင်းပြီးသိလာခဲ့ရပါပြီ။
သူ နိုင်ငံခြားက ပြန်လာပြီလား၊ အိမ်ထောင်ကျသွားပြီလား။
ပုံမှန်ဆိုရင်တော့  သူ့ မှာ ကိုယ်ပိုင်မိသားစု နဲ့ သားတွေသမီးတွေ ရနေလောက်ပါပြီ။
ဒီလို သူ့ ဘ၀ တည်ငြိမ်သာယာ မှာ ကို ကျမ ကျေနပ်ပါတယ်။
သူ့ ကြောင့်နာကျင် ခံစားရတဲ့ ဝေဒနာတွေလည်း အနယ်ထိုင်စပြုလာပါပြီ။
ကျမ ဘာသာ   ဘ၀မှာ တစ်ကိုယ်တည်းလွတ်လပ်စွာရပ်တည်ရတာကိုနှစ်သက်ပျော်မွေ့ နေပါပြီ။
ဘယ်သူ့ ကိစ္စ မှ ဦးစားမပေးဘဲ အတ္တကြီးကြီးနဲ့  ကိုယ့် အောင်မြင်မှု ကိုပဲရှေ့ တန်းတင်ပုံဖော်ရင်း  ကျမ နှလုံသားတွေဟာ မာကျောလာပါပြီ။
   ဒါပေမယ့် ပေါ့ လေ -----------------------
 တစ်နှစ်တစ်ခါ  သူ့ မွေးနေ့  ကို ရောက်လာခဲ့ ရင်တော့ လရောင်အောက်မှာ မိန်းမောရင်းအဖြေ မသိခဲ့တဲ့ ပဟေဠိ တပုဒ် အကြောင်း ကို တော့ကျမ စဉ်းစားမိဦးမှာပါပဲလေ။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
Women`s World Journal  Vol-3,Issue 9 , Mar-5 ,2014  
1 comment:
  1. ကိုယ် တကယ်ချစ် တဲ့ သူ ဆိုရင် တောင်စဉ်ခုနှစ်ထပ်ခြားပစေ ရောက်အောင်လာတတ်ကြတဲ့ 
    လူ့ လောကကြီး မှာ ကျမ ကို လုံးဝ မဆက်သွယ်တော့တဲ့သူဟာ ကျမ ကို မချစ်ခဲ့လို့ ပဲနေမှာလို့  အချိန်ကာလတွေ ရင်းပြီးသိလာခဲ့ရပါပြီ။
    ဒါပေမယ့် ပေါ့ လေ -----------------------
    တစ်နှစ်တစ်ခါ သူ့ မွေးနေ့  ကို ရောက်လာခဲ့ ရင်တော့ လရောင်အောက်မှာ မိန်းမောရင်းအဖြေ မသိခဲ့တဲ့ ပဟေဠိ တပုဒ် အကြောင်း ကို တော့ကျမ စဉ်းစားမိဦးမှာပါပဲလေ။
    ကိုယ်တွေ့လေးများဖြစ်နေရောလား မမရယ်..............
    ခိုင်လေး
    ReplyDelete