Tuesday, October 16, 2012
နှလုံသား နှင့်  စကားပြောခြင်း
 နှလုံသားလေးရေ ၊ မင်္ဂလာပါနော်။
အင်းးးးးး မင်္ဂလာပါ ( နှုတ်သာ ဆက်ရတာ ဒီ အပျိုကြီး ကို ခပ်ကြောက်ကြောက်ရယ်)
မင်း ဘာတွေလုပ်နေတာလဲကွယ်
သြော်-- ကျုပ် ကတော့ ကျုပ် အလုပ် သွေးလှည့်ပတ်ခြင်းစနစ် အတိုင်း လုပ်နေရတာပေါ့ ။
ခင်ဗျား အသက်ရှင်သန်ဖို့ အတွက် နှလုံး မှန်မှန်ခုန်နေဖို့  ကျုပ်လုပ်နေရတာပေါ့ ။
ဟုတ်ပါတယ် နှလုံးသားရယ်၊ မင်း ဟာ တို့ ခန္ဓာကိုယ် အတွက် အရေးအကြီးဆုံး အဓိက တာဝန်ကြီးကို
နေ့  ရော  ည ရော ထမ်းဆောင်နေရတာသိပါတယ်။
ဟုတ်တယ်။ ကျုပ် ရဲ့ အဓိက တာဝန်ကြီးက တော့ ခန္ဓာကိုယ်အတွက် လိုအပ်နေတဲ့ အောက်စီဂျင်ဓါတ်၊ အဟာရဓါတ်တွေ ကို သွေးသန့်  အနေနဲ့ လိုတဲ့နေရာရောက်အောင် နဲ့ မလိုအပ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်၊ နဲ့ အညစ်အကြေးတွေကို သွေးညစ်အနေနဲ့ စွန့်ထုတ်တဲ့နေရာတွေဆီသို့ သယ်ယူပို့ ဆောင်ပေးနေရတာ ယာဉ်ကြီးနဲ့တူပါတယ် ။
ဒီယာဉ်ကြီး လည်ပါတ်နိုင်ဖို့  အတွက်လည်း  စွမ်းအင် လောင်စာ အောက်စီဂျင်ဓါတ် လိုအပ်ပါတယ် ။
နှလုံးကြွက်သားအတွက် သွေးကြောတွေလည်း အတားအဆီးမရှိလည်ပတ်စီးဆင်းနေမှ ကျန်းမာတဲ့ နှလုံးဖြစ်မှာပါ။
 ကျန်းမာတဲ့ နှလုံး ဖြစ်ဖို့  စည်းချက် မှန်ကန်တဲ့ နှလုံးခုန်ချက်၊ လုံလောက်တဲ့ နှလုံးသွေးညှစ်အား၊ သန့်စင်တဲ့ သွေးပမာဏလုံလောက်မှု အစရှိတာတွေလည်း လိုအပ်ပါတယ်။
( ပြောချင်တာ တိုက်ရိုက်မပြောဘဲ ဝေ့ ဝိုက်ပြီး ငါ့ ကို စကားရောဖောရောလုပ်နေတယ်။အပျိုကြီးတွေ များ ခက်ပါ့ )
ကျုပ် ရဲ့ တည်ဆောက်ပုံကတော့ ----
ကြွက်သားထူ အခန်း ၄ ခန်း ရှိပြီး ဘယ်ဘက် ညာဘက် တခြမ်းစီ မှာ အပေါ်အောက် တခန်းစီ ရှိကြတယ်။
အပေါ်ခန်းနဲ့ အောက်ခန်းကို တံခါးဖွင့်ပိတ်သလို အဆို့ ရှင် များနဲ့ ကာရံထားတယ် ။
ညာအပေါ်ခန်းမှာ နှလုံး ဆီသို့  ဝင်လာတဲ့ သွေးပြန်ကြောမကြီး နဲ့ ဘယ်အောက်ခန်းမှာ နှလုံးမှ ထွက်သွားတဲ့ သွေးလွှတ်ကြောမကြီး ရှိတယ် ။
နှလုံးကြွက်သားများအတွက် အောက်စီဂျင် သယ်ပို့ပေးတဲ့ နှလုံးသွေးကြောမကြီးဟာလည်း ဘယ်အောက်ခန်း အထွက် ဝ နားမှာ ရှိတယ်။
နှလုံးရဲ့ ဘယ်အောက်ဖက်ခန်းမှ သန့်ရှင်းတဲ့သွေးတွေကို ရင်ခေါင်း နှလုံးသွေးလွှတ်ကြောမကြီးမှ တဆင့် ဦးခေါင်း ခြေ လက် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများသို့  ပို့ဆောင်ပေးပြီး ၊ သွေးညစ်တွေကိုလည်း သွေးပြန်ကြောများမှ အဆင့်ဆင့်ဖြတ်သန်းကာ နှလုံး ညာဖက် အပေါ်ခန်း အောက်ခန်းများသို့ ပြန်လည် စီးဆင်းစေတယ် ။
အဲဒီသွေးညစ်တွေကို အဆုပ်သွေးလွှတ်ကြောမှ တဆင့် အဆုပ်သို့  ပို့ ပေးပြီး သွေးသန့် ဖြစ်အောင် လဲလှယ်စေတယ်။ အဲဒီသွေးသန့် တွေကို အဆုပ်သွေးပြန်ကြောမှ တဆင့် နှလုံး ဘယ်အပေါ်ခန်းသို့  ပြန်ပို့ဆောင်ပေးတယ် ။ အဲဒါကို သွေးလှည့်ပါတ်စနစ်လို့ ခေါ်ပါတယ်။
နှလုံးမှ နေပြီး ခန္ဓာကိုယ်တခုလုံးကို သွေးသန့် တွေ သယ်တဲ့ လမ်းကြောင်း  နဲ့ သွေးညစ်တွေသယ်တဲ့ လမ်းကြောင်း တွေ ရှိပါတယ်။
အဲဒီလို သွားတဲ့ လမ်းကြောင်းတလျှောက် မပိတ်ပဲ မကျဉ်းပဲ ပုံမှန်ရှိနေရင် သွေးလည်ပတ်စီးဆင်းမှု ဟာချောမွေ့ ပြီး အဆင်ပြေနေတာပေါ့ ။
ဟုတ်လား--ဒါဆို မင်းကိုမေးချင်တယ်၊ ခုတလော တို့ လေ နေရတာအရင်လို မဟုတ်ဘူးဟယ်။
ရင်တွေ တုန်ပြီး မောနေတယ်။ အသက်ရှူရတာ မ၀ ဘဲ ပင်ပန်းလိုက်တာ။
အဲဒါ နှလုံးသွေးစီးကြောင်း ပုံမှန် မဟုတ်လို့ များလားကွယ်။
အင်း-- ဟုတ်တယ်။ ခင်ဗျား က ခုမှ သတိထားမိတယ် ပေါ့ လေ-ဟုတ်လား
ကျူပ် သိပ်မပြောချင်လို့  ၊ ခင်ဗျား နေတာထိုင်တာ အချိုးမပြေဘူး။ ကျူပ် အလုပ် လုပ်ရတာမကောင်းဘူး။
ဟယ်-- တို့ က ဘာလုပ်မိလို့လဲ နှလုံသားလေးရယ်
ဘာ -- ခင်ဗျားပြောရက်တယ်နော် -- ကဲ -- အခု ခင်ဗျား ပေါင်ချိန် စက်ပေါ် သွားရပ်ပြီး ကိုယ်အလေးချိန် ချိန် လိုက်ပါ။
အာ -- မချိန်ချင်ပါဘူး ။ တို့  လေ ဒီနှစ်ဝက်အတွင်း  ကိုယ် အလေးချိန် တွေ တရိပ်ရိပ် တက်နေတာ ဘယ်လောက်တောင်ဖြစ်နေပြီလဲမသိဘူး။ အ၀တ်အစား တွေလည်း မတော်တော့ဘူး ။
နေရ ထိုင်ရတာ လေးလံ နေပြီး လူက ထိုင်းမှိုင်းနေတယ်ဟယ်။
အဲဒါပဲလေ --ခင်ဗျား မဆင်မခြင် စားတိုင်း အဆီတွေ တက် လာပြီး ကျုပ် ရဲ့ လုပ်ငန်းက ထိခိုက်လာတာလေ။
နှလုံးကြွက်သားတွေမှာ သွေးကောင်းကောင်း မလျှောက်ရင်  သွေးကြောကျဉ်း/ ပိတ် ပြီး အောက်စီဂျင် မလုံလောက်တော့ဘူး။
ဒီထက် ပို၍ အခြေအနေဆိုးပြီး အောက်စီဂျင်ပြတ်လပ်သွားတဲ့ အချိန်ဆို  နှလုံးအောင့် နှလုံးနာခြင်း
( Angina) နှလုံးပုပ်ခြင်း ( Myocardial Infarction) တွေတောင်  ဖြစ်လာနိုင်တယ် ၊သိလား--
ဟယ်-- ဒီလောက်တောင် ဆိုးလား
ဆိုးတယ်-အဲဒါကို Heart Attack ရတယ် လို့  အများက ခေါ်ဆို ကြပါတယ် ။
ကြောက်စရာကောင်းလိုက်တာနော်--
ဘာပြောတယ်။ ခုမှ ကြောက်စရာကောင်းလိုက်တာ ဟုတ်လား-- ဒီမှာ ကျုပ်ရှင်းပြမယ်။ သေချာ မှတ်ထားပါ။
Atherosclerosis လို့ခေါ်တဲ့ နှလုံးသွေးကြော ကျဉ်းစေ ပိတ်စေတဲ့ အကြောင်းတွေ အများကြီးရှိတယ် ။
ရေမြောင်းထဲမှာ အမှိုက်တွေ ပိတ်သလိုပဲ နှလုံးသွေးကြောနံရံမှာ အမှိုက်နဲ့ အလားတူတဲ့ အဆီတွေ( အများအားဖြင့် ကိုလက်စထရော (Cholesterol) နဲ့ .ထရိုင်ဂလစ်ဆရိုက် (Triglyceride ) တို့ ကြောင့် ပိတ်ရတာ များတယ် ။အဲဒီ့ အပြင် lipoproteins ခေါ် အဆီဓါတ် ထဲမှ VLDL,LDL အစရှိတဲ့အဆီဟာ ကိုလက်စထရော သွေးအဆီခဲ ခြင်းကို ပိုမိုဖြစ်စေတဲ့ ဆိုးသော အဆီဓါတ်ဖြစ်တယ်။
 HDL ဟာ အဆီခဲခြင်းကို လျော့နည်းစေတဲ့ ကောင်းသော အဆီဓါတ် ဖြစ်ပါတယ် တချို့ ကြတော့လည်း thrombus လို့ခေါ်တဲ့ သွေးခဲလေးတွေ ကြောင့် ပိတ်တတ်ပါတယ် ။ ဒါ့အပြင် ဆီးချို ၊ သွေးတိုး၊ ဆေးလိပ်သောက်ခြင်း တို့ကြောင့်လည်း သွေးကြောနံရံ ကျဉ်းပြီး ပိတ်လာတတ်တယ် ။
အော်--  လူအများ ပြောနေကြတဲ့ Heart attack ဆိုတာကရော ကွယ်--
နှလုံးကြွက်သားသွေးကြော ရဲ့ ၅၀ မှ ၇၀ % လောက် ကျဉ်းသွား ပိတ်သွားခဲ့ရင် သွေးလျှောက်မှု လည်း နဲပါးလာပြီး လေ့ကျင့်ခန်း သို့မဟုတ် လှူပ်ရှားမှု နဲနဲပြင်းထန်လိုက်တာနဲ့ နှလုံးမှာ လိုအပ်တဲ့အောက်စီဂျင် အပြည့်မရတော့ပဲ ရင်ဘတ်အောင့်လာတတ်တယ် ။ အဲ့ဒီ အောင့်တဲ့ Chest pain ခေါ် Angina မှာလည်း ပုံသဏ္ဍန် အမျိုးမျိုးရှိတတ်ပါတယ်။ ရင်ဘတ်တခုလုံး ပြုတ်တူနဲ့ ဆွဲညှစ်ခံရသလိုမျိုး ၊ ဇောချွေးပြန်တဲ့အထိ အောင့်တတ်ပါတယ် ။
 ရင်ဘတ် အပြင် လည်ပင်း မေးရိုး လက်မောင်း ကျောပြင် တို့ မှာပါ တွဲပြီးအောင့်တတ်ပါတယ် ။ တချို့ လည်း အတိအကျ ပြောလို့ မရပဲ အစာအိမ်နာသလိုပုံစံမျိုးနဲ့ နာတတ်ပါတယ်။ နှလုံး သွေးကြောပိတ်တဲ့ နေရာနဲ့ ဆိုင်တယ် ။
တချို့ကျတော့ လည်း အောင့်ခြင်း နာခြင်းမျိုးမရှိပဲ နဲ့ နှလုံးကြွက်သား ပုပ်သွားတတ်တယ် ။
အို-- ဆိုးလိုက်တာနော် --တို့ က အဲဒီ အဆင့် တော့ မရောက်သေးပါဘူးဟယ်။ မောရုံလေးပါ။
အဲဒါ -- အစ ပဲလေ ။ ခုက စ ပြီး သတိထား ကာကွယ်သွားမှ ခင်ဗျား Heart Attack မရမှာပေါ့ ။
အမေရိကန်နိုင်ငံမှာ တနှစ်ကို လူ တသန်းလောက် Heart Attack ရတတ်ကြပြီး ၄ သောင်းလောက် အသက်ဆုံးရှုံးကြရပါတယ် ။
ဒါကြောင့် နှလုံးရောဂါ ထ လာရင် ပေါ့ပေါ့ဆဆ မနေပဲ ကုသမှု ခံယူသင့်ပါတယ် ။
နှလုံးသွေးကြောမှာ ကျဉ်းပြီး ပိတ်ပြီး သွေးမလျှောက်ရင်  မိနစ် ၂၀ မှ ၄၀ မိနစ် အတွင်း သွေးပြန်လျှောက်အောင် ပြုလုပ်ပေးရမယ် ။
မပြုလုပ်ရင် နှလုံးကြွက်သားပုပ်ခြင်း စတင်ဖြစ်လာနိုင်တယ် ။
 ဒီထက်ကြာကြာအချိန်ဆွဲ ထားရင်တော့ ၆ နာရီမှ ၈ နာရီ ကြာသွားရင် သွေးမလျှောက်တဲ့ နေရာမှ နှလုံးကြွက်သားတွေ
 လုံးဝ အပြီးတိုင် ပုပ်သွားပြီ ။  ပြန်မကောင်းနိုင်တော့ဘူး။
ကြွက်သားတွေ အနာရွတ်ဖြစ်ကျန်ခဲ့ပြီး aneurysm ကြွက်သားပွလာပြီး နောင်တချိန်မှာ ပေါက်ထွက်သွားနိုင်ပါတယ်။
နားထောင်ကြည့်တာနဲ့တောင် တော်တော် ဆိုးဝါးမယ့်ဝေဒနာဆိုတာ သိပါပြီဟယ်။
မင်း ကို  ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး နှလုံးသားရေ-
တို့ လေ ဒီအပတ် ပဲ ဆေးခန်းသွားပြီး လိုအပ်တာတွေ စမ်းသပ်လိုက်တော့မယ်နော်။
သွားသင့် တာ ကြာပြီလေ--ခင်ဗျားက စမ်းသပ်ခ တွေ ၊ ဆေးဖိုးတွေ တွက်ပြီး နှမြောတွေဝေနေတာမှတ်လား--
ခင်ဗျား တချိန်လုံး စားနေတဲ့  မုန့် ဖိုးတွေ  စုလောက်ရင်တောင် ဒီပိုက်ဆံ ထွက်လာမှာပါ။
ဟယ်--တို့ လည်း လျှော့ စားဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့်  ချက်ချင်းကြီး တော့ လုံးဝ မစားဘဲ နေလို့မရဘူးလေ-ဖြေးဖြေးချင်း လျှော့မှာပေါ့ ။
( ပြောလိုက်ရင် ဆင်ခြေကြီးပဲ။)
ဒါတောင် ခု ထိ ပြောခဲ့တာက ရုပ်ပိုင်းဆိုင်ရာကိစ္စ တွေ ပဲရှိသေးတယ်။
စိတ်ပိုင်းဆိုင်ရာ  နဲ့ ခင်ဗျား ကျုပ်ကိုနှိပ်စက် ထားတာတွေ အများကြီး ရှိသေးတယ်။
အို-- ဘာတွေ များလဲ ၊ တို့ တောင်မသိပါဘူး။တို့ က စိတ်ကောင်း ထားပါတယ်။
အားလုံးကို သည်းခံ ပြီး မေတ္တာ၊ဂရုဏာ နဲ့ ဆက်ဆံနေတာပဲကို--
ဟဟ -- ခင်ဗျား ကို ကျုပ် ကလည်း စိတ်ပုတ်စိတ်ယုတ် ရှိတယ် မပြောပါဘူး။
ဒါပေမယ့်  ခင်ဗျားစိတ်က လေပွေ လိုပဲ ၊ ဖြတ်ခနဲ ဖြတ်ခနဲ ပြောင်းပြောင်းသွားတယ်။
စိတ်ဓါတ် တက်လွယ် ကျလွယ်တယ် ။ နောက်ပြီး မသိစိတ် ကို သိစိတ် နဲ့  ဟန်ဆောင်ဖုံးကွယ်ထားတယ်။
ခင်ဗျား စိတ် ဟာ အမြဲ ဖြူစင်သန့် ရှင်းနေ စေချင်တယ်။ မကောင်းတဲ့ ခံစားချက်တွေ ၀င်လာခဲ့ရင်တောင်
ဇွတ် ဖိနှိမ်ထားတယ်။ ဒါကြောင့် ထွက်ပေါက်မရှိဘဲ မွန်းကြပ်နေတဲ့  စိတ်ခံစားမှုတွေက ကျုပ် ကို ထိခိုက်စေတာပဲ။
သြော်-- တို့ ရဲ့ စိတ်ခံစားမှု တွေ က မင်းကို ဒုက္ခပေးတာလား၊ စောရီးပါကွယ်။
ဒါပေမယ့်  နှလုံသားလေးရေ ၊ တချို့ ကိစ္စတွေ က ဒီလို ဟန်ဆောင်ထိန်းချုပ်မထားရင် ၊ မြိုသိပ် မထားရင် ဘ၀ မှာ ဆက်လက်ရှင်သန်လို့ ကိုမရတော့ဘူးကွယ့် ။ မင်းသိပါတယ်ကွယ်။ တို့ ဘ၀ မှာ ကြေကွဲ ဆုံးရှုံးမှုတွေ များတယ်။
ဒါတော့ --ခင်ဗျား က ကိုယ့်ကိုယ် ကို ညှာပြီးသနားလို့ ပြောတဲ့ စကားပါ။ လူရယ်လို့ ဖြစ်လာရင် ဒုက္ခ ဆိုတာရှိတာပဲ။
 ခင်ဗျား တစ်ယောက်တည်း စိတ်ညစ်နေရတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့ ။
လောကကြီး မှာ ခင်ဗျား ထက် ဆိုး တဲ့ ဘ၀ တွေ အများကြီးပါ။
ခင်ဗျား က သိပ်ခံစားတတ်လွန်းတယ်။ကိုယ့် ဘ၀ ရဲ့ ကောင်းကွက်တွေ မေ့ ပြီး ၀မ်းနည်းဖို့ ပဲတွေးနေတယ်။
အသက် ၃၁ နှစ် မှ အမေ ဆုံးသွားတာကို ခုထိ ခံစားနေတယ် ။ မိဘမဲ့ ဂေဟာ မှာ မွေးကတည်းကရောက်နေတဲ့ 
ကလေးတွေ  ဘယ်လောက်များလဲ သွားကြည့်ကြည့်ပါ ။
မောင် လေးက အသက် ၃၀ မှာ အိမ်ထောင်ပြုသွားတာကို နှမြော ပြီး လွမ်းဆွတ် တမ်းတနေတယ်။
သူ အိမ်ခွဲ သွား လို့  သားအဖ နှစ်ယောက်တည်း ဗာဟီရ ကိစ္စ နည်းပြီး အကုန်အကျ သက်သာလာလို့  ခင်ဗျား
ငွေစုလာနိုင်တယ်မှတ်လား။
ခု ခင်ဗျား မှာ တင့်တယ်တဲ့ ရာထူးတစ်ခုနဲ့ လုံလောက်အောင်သုံးစွဲနိုင်တဲ့ လစာရှိတယ်။
ခင်ဗျား နဲ့ အတူနေတဲ့  အဖေကြီးဆိုလည်း  ခင်ဗျား ထားရာနေ စေရာသွားပဲ ။
ဘာကိစ္စဖြစ်ဖြစ် ခင်ဗျား စိတ်ကြိုက်ဆုံးဖြတ်လို့ ရတယ်။ ခင်ဗျားကိုချုပ်ချယ် တားဆီးမယ့် သူမရှိဘူး။
 ခင်ဗျား မှာ စိတ်ရင်းနဲ့  ခင်မင်ပြောဆိုပြီးတိုင်ပင်လို့ရတဲ့ မိတ်ဆွေကောင်းတွေ ရှိတယ်။
ကိုယ်ပိုင် အွန်လိုင်းဆိုဒ်လေး နဲ့ ခင်ဗျား ၀ါသနာပါတဲ့  စာပေနယ် ထဲခြေချခွင့် ရလာပြီ။ စာပေ၀ါသနာရှင်တွေကို
မြေတောင်မြှောက်ပေး ဖို့  လမ်းစပေါ်လာပြီလေ--
ဟုတ်တော့ ဟုတ်ပါတယ်ဟယ်-- ဒါပေမယ့်  တခါတလေ ကျတော့လည်း ဘာရယ်မဟုတ်ဘဲ ၀မ်းနည်းအားငယ်မိတယ်။
တစ်လောက လုံးမှာ ကိုယ်တစ်ယောက်တည်းရှိတော့သလို ခံစားချက်မျိုးနဲ့ ရှင်သန်နေထိုင်ရတာ ဘ၀ က အဓိပ္ပါယ်မဲနေ့သလိုပဲ။
ဟားးးး  အဲဒါ ခင်ဗျားက ရတာမလို ၊ လိုတာမရ ဖြစ်နေတာလေ-
တကိုယ်တည်းနေတဲ့  အပျိုကြီး တွေ ဖြစ်တတ် တဲ့ ခံစားချက်ပါ။
ခင်ဗျား က အိမ်ထောင်သားမွေး ဆိုတဲ့ အပူ ကိုတော့ ကြောက်တယ် ဆိုပြီး လက်မခံဘူး။
ချစ်ခြင်းမေတ္တာ တရားကိုတော့ ခံစားချင်တာ မတရားဘူးလေ--
လက်တွေ့  ခု ခင်ဗျားကို တယောက်ယောက် က လက်ထပ်မယ် ဆိုရင်တောင် ခင်ဗျား မယူပါဘူး၊ ကျုပ်သိတယ်။
သြော်--အဲလိုတော့လည်း မဟုတ်ဘူးပေါ့ ဟယ် -- တို့ လိုချင်တဲ မေ့တ္တာ တရား ကို ရရင်တော့စဉ်းစားမှာပေါ့ ။
တွေ့ လား--ခင်ဗျားရဲ့ စကားထဲမှာ ခင်ဗျားရဲ့ အတ္တ ကို ကျုပ်က မြင်နေရတယ်။
ဒီအတ္တတွေ မာန တွေ နဲ့  ခင်ဗျား အချစ်တစ်ခု ကို လက်လွှတ် ခဲ့ တယ်လေ--
ဘာ-- မင်းပြောတာမှားနေပြီနော်-- တို့ က လက်လွှတ်ခဲ့ တာ မဟုတ်ဘူး။ လိုချင်တဲ့ ချစ်ခြင်းမေတ္တာ မစစ်လို့ သူ့ ဘာသာဝေးကွာသွားတာပါ။ အဲဒီတုန်းက တို့ ဘယ်လောက် ခံစားခဲ့ရသလဲ မင်းအသိဆုံးပါ။
သိပါတယ်။ ခင်ဗျား ခံစားမှုကြောင့် ကျုပ် ပထမဆုံးဒဏ်ရာရခဲ့တာ ဘယ်မေ့ ပါ့မလဲ။
ခင်ဗျား က သူ့ ဆီက ချစ်ခြင်းမရလို့  ခင်ဗျားရင်ထဲက အချစ်တွေကို ဟန်ဆောင်ထိန်းချုပ်ထားတိုင်း ကျုပ်မှာမချိအောင်နာကျင်ခဲ့ရတာပါ။
တောင်းပန်ပါတယ်ကွယ် ၊အဲဒီ တုန်းက တို့ လည်းရင်ကွဲအောင် ခံစားခဲ့ရတာပါ။
ဒါပေမယ့်  တို့ မာနက တို့ ကို တားဆီးထားလို့  ချစ်ခြင်းကို ဒူးမထောက်နိုင်ခဲ့ဘူး။
အင်း ---  မိန်းကလေး တစ်ယောက်ရဲ့  မာန်မာန နဲ့ မေတ္တာစစ် ကိုလိုချင်တဲ့သဘောထားကို ကျုပ်နားလည်ပါတယ်။
ဒါပေမယ့်  ၊ ခင်ဗျား က အပေါ်ယံသာ ချက်ချင်းကျောခိုင်းနာကျည်းတယ်ပြောပြီး ရင်ထဲမှာတလှိုက် လှိုက် ခံစားနေတော့ကျုပ် ပဲ နာကျင်ရတာပေါ့ ။
ဒါတော့ အချိန် လိုတာကိုးကွယ်၊ ခု တို့ မှာ အဲဒီ လို ၀မ်းနည်းနာကျင်မှုတွေ မရှိတော့ပါဘူး။
ခင်ဗျားအတော် ရယ်ရတာပဲ၊ အဲဒီတုန်းကလို ခံစားမှု မရှိပေမယ့်  ခုလည်း ခင်ဗျားဟာ ခံစားချက်တစ်ခုကို
ဟန်ဆောင်နေတယ်လေ။ လူတစ်ယောက်ကို စေတနာတွေထား ၊ ဂရုစိုက်နေပြီး သူမသိအောင်ဖုံးထားပြန်ပြီ။
တခြားသူကို ညာလို့ ရပေမယ့် ကျုပ် ကတော့သိနေတယ်နော်--
ဟယ်--မင်းက လျှင်လိုက်တာ ၊ ဒါက မဖြစ်စလောက် ကိစ္စလေးပါဟယ်။ ပါးပါးလေးပါ။
ပြောပြန်ပြီ ။ ခံစားချက်ဆိုတာ ပါးပါးလေးကနေ စ တာပါပဲ-- ထိန်းချုပ်တာကြာလာတော့ မှ အဲဒီပါးပါးလေးတွေ
စုပြီး အထူကြီးဖြစ်ပြီးမရှုနိုင် မကယ်နိုင် ဖြစ်တော့တာပဲ။ဒီတကြိမ်ဆိုရင်တော့ ကျုပ် တကယ်အနာတရ ဖြစ်ပြီနော်
သိပါတယ်ဟယ် --မင်း မနာကျင်စေရပါဘူး။ ခု တို့ က လူလတ်ပိုင်းရောက်လာပါပြီ၊ တရားနဲ့ ဖြေတတ်ပါတယ်။
ချစ်ခြင်း မုန်းခြင်းတွေကို သတိလက်လွတ် မခံစားတော့ဘဲ အသိလေးနဲ့ ပြန်ထိန်းပါ့မယ်။
အေးလေ --ဒါဆိုလည်း ပြီးတာပဲ ။
ခင်ဗျားတို့ အပျိုကြီးတွေက စိတ်အပြောင်းအလဲကလည်းမြန်တတ်လွန်းလို့ ကြောက်တယ်။
နောက်ပြီး ပြောဦးမယ်။ ခင်ဗျားစာတွေရေးတိုင်း ကျုပ် သိပ်အလုပ် လုပ်ရတာပဲ -- သိလား
ဟယ်--ဟုတ်လား၊ တို့ က ရသမြောက်တဲ့ စာလေးတွေ ပဲရေးနေတာလေ။
တော်ပါ၊ ခင်ဗျားက အလွမ်းရသတွေ ပဲမြောက်နေတာ ၊ စိတ်ပျက်တယ်။
ခင်ဗျား ရေးတဲ့ ဝတ္တုတိုင်းက တခါမှပျော်ပျော်ရွှင်ရွှင်ပေါင်းရတဲ့ ဇာတ်လမ်း မပါဘူး ။ 
ကွဲတာနဲ့ သေသွားတာနဲ့  ချည်းပဲ။
နောက်ပြီး ခင်ဗျားက စာရေးရင် ရင်ဘတ်နဲ့ ရေးတယ်လို ကြွေးကြော် ပြီး  ၀တ္တုထဲက ဇာတ်ကောင်နေရာက ၀င်ခံစားပြီး ကြေကွဲနေတော့ နှလုံသားလေးဖြစ်တဲ့ ကျုပ်လည်းထိခိုက်နာကျင်ရတာပဲ။ခင်ဗျား တော်တော် ဆိုးတယ်။
ဒါကိုတော့ နားလည်ပေးပါ နှလုံသားလေးရယ် ၊ တို့ ရင်ထဲက အနုပညာစိတ်ကိုတော့ပြင်ပေးလို့ မရဘူးလေ။
ဒါပေမယ့်  ကျန်တဲ့  ဆောင်ရန်ရှောင်ရန်ကိစ္စတွေ အားလုံးတော့ တို့ တတ်နိုင်သမျှ လိုက်နာပေးမယ်နော်။
ထားပါတော့--ပြောလို့ လည်းရမှာ မှ မဟုတ်တာ၊ ခင်ဗျားဆီ မှာ မှ အသည်းနှလုံး လာဖြစ်ရတဲ့ ကျုပ် ဘ၀ ကံကြမ္မာကိုပဲအပြစ် ပုံချလိုက်ပါတော့မယ်။
တခုတော့သတိပေးမယ် ။ ခင်ဗျား အိပ်ရေးပျက် သိပ်မခံနဲ့  ၊ အထိုင် များတာ ကာမိအောင် ကိုယ်လက်လေ့ ကျင့် ခန်းလုပ်ပါ။
အဆီ ၊ အချို ၊အငန် တွေ လျှော့ စားပါ။ စိတ်အလိုမလိုက် ပါနဲ့ ။
မခံစား လွယ်နဲ့  ၊ကိုယ့်ကိုယ်ကို သိပ်မသနားနဲ့  ။ဒါတွေ မှ မထိန်းရင် ခင်ဗျား သက်ဆိုးရှည် မှာ မဟုတ်ဘူး
ဆိုတာ သိထားပါ။ခင်ဗျား လည်း မသေချင်သေးဘူး မှတ်လား--
ဘယ့်နှယ့် ပြောလိုက်တာလဲ ဟယ် ၊ သေလို့ ကို မဖြစ်သေးတာ လေ၊ ခု မှ တို့ ဘ၀ မှာ အေးအေးချမ်းချမ်း နဲ့  လုပ်ချင်တာလေးတွေ စိတ်တိုင်းကျ လုပ်ဖို့  တာစူနေတုန်းရှိသေးတယ်။ သေစကားမပြောပါနဲ့ ဦး။
အမယ် --ကိုယ် သေမှာတော့ကြောက်တတ်သားပဲ ၊ ဒါဆိုလည်း ခု ဘယ်နှနာရီ ရှိပြီလဲ ၊ မအိပ်သေးဘူးလား။
ဘာလဲ ကိုရီးယားကားဇာတ်လမ်းတွဲတွေ ညလုံးပေါက်ကြည့်ပြီး ခံစားဦးမလို့လား ၊
အဲဒါကလည်းတ ဒုက္ခပဲနော်-- တရားခွေ ကျတော့ ဖွင့်ထားရင်းအိပ်ပျော်သွားတာချည်းပဲ၊ ဒီကားတွေကျ ညလုံးပေါက်ကြည့်ပြီးနောက်နေ့  မောတယ် ညောင်းတယ်ဖြစ်ဦးမယ်။
ဟိ -- ဒါတော့ ကြိုက်တာကိုးဟဲ့  ၊ စာရေးဖို့  ကုန်ကြမ်းရှာတာလည်းပါပါတယ်ဟယ်။
ခုမှ ည ၁၂ နာရီကျော်ရုံပဲရှိပါသေးတယ် ၊ အိပ်တော့ မလို့ ပါပဲ ၊
ဆိုဒ်ထဲမှာ ပို့ စ်လေးတွေ စစ်စရာရှိလို့ ခဏလေးပါ။
ခင်ဗျားပြောလိုက်ရင် ဆင်ခြေ ချည်းပဲ ။ မရဘူး ၊အိပ်တော့ ၊ကျုပ်လည်းမောနေပြီ။
အေးပါ ၊ မင်း စကားကို နားထောင်ပါ့မယ်။ ကဲ --ခု  ကွန်ပြူတာ ပိတ်လိုက်ပြီနော်။ အိပ်ပြီ -အိပ်ပြီ။
အိုကေ --ဒီလို လိမ္မာ စမ်းပါ ။ ကဲ -- အိပ်မက် လှလှ မက်ပါစေ လို့ ကျုပ်ဆုတောင်းပါတယ်။
ကျုပ်ကတော့  ခင်ဗျား အသက်ဆက်ရှင် ဖို့  အလုပ်လုပ်လိုကဦးမယ်နော်--ဒါပဲ။
ဂွတ်နိုက်အပျိုကြီးရေ ၊ ဂွတ်နိုက်  !
No comments:
Post a Comment