Sunday, September 9, 2012
ဥပေက္ခာ မိခက်
(၁)
ရှေ့ မှာ ထိုင်နေတဲ့  ဒေါ်ကြည် ကို ကြည့်ကာ မိခက် သက်ပြင်းချလိုက်ပါတယ်။
" မိခက် ရယ်--ညည်းဟာလေ နာမည်အတိုင်း  ငါ့ ကို  အခက်တွေ့ အောင်အမြဲလုပ်တယ်"
အမေပြောနေကျ စကားလေး ကို နားအာရုံထဲ ကြားယောင်နေရင်း ခုတော့ မိခက်လည်း အခက်တွေ့ နေပါပြီအမေရယ်လို့  အမေ့ကို တမ်းတမိတယ်။
ဒီမနက် အမေ ဆုံးတာတစ်လပြည့် ဆွမ်းသွတ် လုပ်ပါ တယ်။
ညနေစောင်းရှင်းလင်းပြီးတာနဲ့ဒေါ်ကြည်က မိခက်ကို သူတောပြန်နေတော့မယ့်   အကြောင်းပြောပါတော့တယ်။
“ဒေါ်ကြီးလည်း ပြောရတာ အားတော့နာပါတယ်မိခက်ရယ်၊  မမ ခင် မဆုံးခင်ကတည်းက ပြန်ဖို့  လုပ်ခဲ့ပေမယ့်  မမခင် က အတင်းတားနေတာနဲ့
သူ့ ကိုသနားလို့ မပြန်ဖြစ်ခဲ့တာပါ”
သြော်---ဒေါ်ကြည်က ဒီအိမ် မှာ နေတာ အ မေ့ သံယောဇဉ် နဲ့ ကိုးလေ--
ခု အမေ မရှိတော့  သွားတော့မယ်ပေါ့ ။
မိခက် ကို တစ်ယောက်တည်း ထားသွားလည်း ရတယ် ထင်နေတာကိုး။
ဟုတ်လည်းဟုတ်တာပဲ၊ မိခက် ကလည်း အမေ ရှိစဉ်ကတည်းက  ဒီအိမ်မှာ ကိုယ့် သဘောနဲ့ အရာရာ ကို ဆုံးဖြတ် လုပ်ကိုင်ပြီး အိမ်ထောင်ဦးစီး နေရာ ယူထားခဲ့တာ။
ဒေါ်ကြည်ဆိုတာလည်း  အမေကသာ ခင်ခင်မင်မင်နဲ့ တိုင်ပင်ဖော်လို စကားတ တွတ်တွတ်ပြောနေပေမယ့် မိခက်က သိပ်အရေးလုပ်စကားမပြောဘဲ
ခပ်တန်းတန်းနေခဲ့တာပါ။ဒေါ်ကြည်နဲ့ မိခက် ရဲ့ ဆက်ဆံရေးက သူစိမ်းဆန်ပါတယ်။
ဒါပေမယ့်  ခု ဒေါ်ကြည် က ထွက်သွားမယ်ဆိုတော့ လည်း  ၀မ်းနည်းအားငယ်တာလိုလို၊ အထီးကျန်သွားသလိုလို နဲ့ ရင်ထဲမှာ တမျိုးကြီး ဖြစ်နေပါတယ်။
အမေ့ ကို အမြဲပြောနေကျ မိခက်ရဲ့ လက်သုံးစကားဖြစ်တဲ့ --
ဥပေက္ခာ ပြုလိုက်မယ် --ဆိုတဲ့ စကားလေးနဲ့  တောင် ဖြေလို့မရဘူး။
ဒေါ်ကြည် က သူ့ သမီး  အပြင်ထွက်ဈေးရောင်းမှာမို့  သူ့ ကိုအိမ်စောင့်ရင်း ကလေးထိန်းခိုင်းမလို့တဲ့ လေ-
ဒ်ါကြည်မပြန်ရင် သူ့သမီးလည်းအရမ်းကသီလင်တ ဖြစ်မှာတဲ့ --
ဒီလိုပြောလာတော့လည်း မိခက် မှာ တားရခက်နေပါပြီ။
ဒေါ်ကြည် မရှိတော့ရင် ဒီတိုက်ခန်းမှာ မိခက်တစ်ယောက်တည်း ကျန်ခဲ့တော့မယ်။
အကိုရင်း ညီမရင်းတွေ သက်ရှိထင်ရှားရှိပါရက်နဲ့ ခု မိခက် က အထီးကျန်တကိုယ်တည်း ဖြစ်နေတာ အမေ မြင်ရင် မသနားဘဲ ဆူပူအပြစ်တင်မှာပါ။
အမေ ရေ--
ပြောစကားနားမထောင်ဘဲ အမေ့ ကို စိတ်ဆင်းရဲ အောင်လုပ်ခဲ့မိတဲ့  မိခက် ဖြစ်နေတာကို လာကြည့်လှည့်ပါဦးအမေ ရယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
မိခက် မှတ်မိသလောက် ငယ်စဉ်ဘ၀ကတည်းက အဖေဆိုတာ မိခက်ရှေ့ မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ ပါ။
အမေပြောတာကတော့  အဖေ က မိခက်တို့  မုန့်တွေအများကြီး စားရဖို့ ၊ အင်္ကျီလှလှ လေးတွေ ၀တ်ရဖို့  အမြဲ ခရီးသွားနေတာတဲ့ ။
အမေကသာပြောတာ ၊ အဖေ ကပြန်လာရင်လည်း မိခက်တို့ ကို ကြင်ကြင်နာနာ သိပ်မရှိသလိုပါပဲ။
သူများတွေ အဖေနဲ့ အမေနဲ့  မိသားစု စုံစုံလင်လင် ဘုရားသွားကြ ၊ လျှောက်လည်ကြ တဲ့ မြင်ကွင်းကို မြင်ရရင် မိခက် စိတ်မကောင်းလို့ ကြိတ်ငိုရပါတယ်။
 ကလေးဘ၀ကတည်းကမိခက်တို့ ကို ဂရုမစိုက်တဲ့  အဖေ့ ကိုလည်း  မကျေနပ်ပါဘူး။
တခါတလေ အဖေ ခဏလေးလာပြီး ပြန်သွာတဲ့အခါ အမေ ငိုနေတတ်တာတွေ့ ရတော့  အဖေ ဟာ အမေ့ ကို သိပ်ရက်စက်တာပဲ လို့ တွေး မိတယ်။
စာတော်တဲ့ မိခက်က နှစ်စဉ် ကျောင်းမှာ ဆုပေးပွဲလုပ်တိုင်း ဆုသွားယူရရင် အဖေ မပါဘဲ အမေ နဲ့ နှစ်ယောက်တည်း သွားရတာ ကို စိတ်ထဲ နာကျည်းမိတယ်။
“အမေရယ် ၊ အဖေ က လွန်လွန်းပါတယ်။ မိခက် ဆုယူတဲ့နေ့ လေးတောင် ပြန်မလာနိုင်ဘူးလား”
မိခက် က ဒီလို ပြောလိုက်ရင် အမေ့  မျက်နှာဟာ ညို့ မှိုင်းသွားပါတယ်။
အကို ဖြစ်တဲ့  ကိုဆက် ကတော့  ယောင်္ကျားလေးမို့  အဖေ ပြန်လာလာ၊ မလာလာ သိပ်ဂရုမစိုက်သလို အပေါင်းအသင်း မက်တဲ့  ညီမလေး မိသက် ကလည်း သူ့ ဘာသာ သူငယ် ချင်းတွေ နဲ့  ဆော့ကစားရရင် ထမင်းမေ့  ၊ ဟင်းမေ့ ပါ။
မိခက်ကသာ အမေ့ ကို အိမ်အလုပ်တွေ ကူလုပ်ရင်း အမေ့ မျက်နှာကို အကဲခပ်ရင်း အဖေ့ အကြောင်း ကို စဉ်းစားမိနေတတ်ပါတယ်။
ဒီလိုနဲ့ အလယ်တန်း လောက်ရောက်တော့  အဖေ့ မှာ ချစ်ခင်စရာ မိသားစု ဆိုတာ မိခက်တို့ ချည်းပဲ မဟုတ်ဘူးဆိုတာ ရိပ်မိလာပြီး ဒီလိုဘ၀မျိုး
နဲ့ ရှင်သန်နေရတဲ့  အမေ့ ကိုလည်း သနားစိတ်နဲ့အတူ မိခက် ကြီးလာရင် အမေ့ ကို လုပ်ကျွေးရင်း စိတ်ချမ်းသာအောင် ထားမယ်လို့  
ဆုံးဖြတ်ချက်  ချ လိုက်ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၃ )
“ကျမ ကို ဂရုမစိုက်ရင်တောင် ရှင် ကလေးတွေ မျက်နှာကိုတော့ ကြည့်သင့်တယ်”
“မင်းတို့ ကို ငါ ငွေအလုံအလောက်ပေးနေတာပဲမှတ်လား ခင်ခင် ”
“အော်--ရှင်က အချိန်တန် ပိုက်ဆံပေးလိုက်ရင် ရှင့် တာဝန်ကျေပြီထင်နေတာပေါ့ လေ
ကလေးတွေ အရွယ်မရောက်သေးခင်  အဖေဆိုတာ ခေါ်စရာမရှိမှာစိုးလို့  ရှင့် ကို သည်းခံနေတာကို အကောင်းထင်မနေပါနဲ့ ၊ ရှင့် လုပ်ရပ်တွေကို ပြင်လိုက်ပါ”
“အောင်မာ--မင်းကများရာရာစစ၊ မပြင်တော့ ဘာလုပ်ချင်လဲ၊ ကွာမလို့လား ၊
မင်း ငါ့ ကိုကွာလိုက်ပြီးရင် လာလုပ်စားမလဲ”
သားနဲ့ သမီးတွေကို ရှာကျွေးမယ် ”
အမေ ပြောတာတွေကြားလိုက်ရတဲ့ မိခက် ကတော့  အမေ့ စကားကိုထောက်ခံမိပါတယ်။
နောက်ဆုံးတော့  တကယ်ပဲ အဖေ နဲ့ အမေ တရားဝင် ကွာရှင်းလိုက်ကြပါတယ်။
အဖေက မိခက်တို့ နေတဲ့ နှစ်ထပ်အိမ်ကြီးနဲ့  ကားတစ်စီး အမေ့ အတွက် ထားခဲ့ပြီး အပြီးအပိုင် ကျောခိုင်းသွားပါတယ်။
အဖေ ထွက်သွားတော့  ကိုဆက် က ယောင်္ကျားတန်မဲ့ မျက်ရည်ကျ သလို မိသက်ကလည်း ရှိက်ကြီးတငင် ငိုပါတယ်။
မိသက် ကတော့  ကျောခိုင်း ထွက်ခွာသွားတဲ့ အဖေ့ ကျောပြင်ကို နာကြည်းစွာ ကြည့်ရင်း
မိခက်ဘ၀မှာ အဖေ ဆိုတာ မလိုအပ်တော့လို့ မေ့ ပစ်ဖို့  ဆုံးဖြတ်လိုက်ပါတယ်။
မိခက်ရဲ့ နုနယ်တဲ့ နှလုံးအိမ်မှာ  ဥပေက္ခာ ဆူးလေးတချောင်း စ ပြီးဆူးသွားပါပြီ။
 အမေ့ အတွက် အကောင်းဆုံး ဖြစ်ဖို့  ဘာလုပ်ပေးရမလဲပဲမိခက် စဉ်းစားပါတော့တယ်။
ညဘက် အမေ့ ကို မိခက်စိတ်ကူးလေးပြောပြမိပါတယ်။
“ခုဆို အမေ က သမီးတို့ မောင်နှမ တွေ အတွက် ပိုက်ဆံရှာရတော့မယ်နော်”
“ဟုတ်တယ်မိခက်၊ သမီးတို့ ကို မျက်နှာမငယ်ရအောင်အမေ ကြိုးစားရှာရမယ်”
“အမေ ၊ မိခက်စဉ်းစားထားတာရှိတယ်၊သိလား”
“ပြောပါဦးသမီးရဲ့ ၊ညည်းက ဘာတွေစဉ်းစားထားတာလဲ”
“အော်-- ခု သမီးတို့ အိမ်လေးက လူစည်တဲ့ နေရာလေးဆိုတော့ ကုန်ခြောက်ဆိုင်လေး ဖွင့် ရင်ကောင်းမလားလို့ ၊ အမေ လည်း အိုးမကွာ အိမ်မကွာ ဈေးထိုင်ရောင်းလို့ရတာပေါ့ 
မိခက်တို့ လည်း ကျောင်းအားရက် ကူမယ်လေ”
" ငါ့ သမီးလေးက တွေးတတ်လိုက်တာ၊ အမေ အားရှိသွားပြီ။
သားကြီးကတော့ ဒီနှစ် ဆယ်တန်းဆိုတော့  စာကျက်ပါစေကွယ်"
“ဟုတ်ကဲ့ ၊ ကိုဆက် စာကျက် ရင် သမီးပဲကူလုပ်ပါ့မယ်”
“လိမ္မာလိုက်တဲ့  ငါ့ သမီးလေး၊ ဒါပေမယ့်  ခုခေတ် ကုန်ခြောက်ဆိုင် တစ်ဆိုင်ရဲ့ အရင်းအနှီးကသေးတာမဟုတ်ဘူး၊
အမေ စုထားတာလေးက အဲဒီလောက်မရှိသေးဘူးသမီးရဲ့ ”
“သြော်--အမေ ရယ် ၊မိခက်က အားလုံး စီစဉ်ကြည့်ပြီးသားပါ။ ကား ကိုရောင်းလိုက်ပေါ”့
“အင်း--ဟုတ်တော့ဟုတ်သား ပဲ ၊ ကဲ  ငါ့ သမီးလေးအားကိုးနဲ့  အမေ ကြိုးစားမယ် မိခက်ရေ”
မိခက် လက်ကို ဆုပ်ကိုင်ထားတဲ့  အမေ့ လက်ကို တင်းတင်းပြန်ဆုပ်ကိုင်ရင်းမိခက်ရင်ထဲမှာအားမာန်တွေ  ၀င်ရောက်လာပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၄ )
စွန့် စားပြီး ဖွင့် လိုက်တဲ့ အမေ့ ကုန်စုံဆိုင်လေး ဟာ တကယ်ပဲ ရောင်းကောင်းလာပါတယ်။
ဒီလို ရောင်းကောင်းလာလေလေ မိခက် က ပင်ပန်းလာလေလေပါပဲ။
ကိုဆက် က  စာတော်သလောက် နဲနဲကြီးကျယ်တယ်။ ဒီလို ဈေးရောင်းတဲ့ အလုပ်မျိုးကို သူမလုပ်ချင်ဘဲ  အင်ဂျင်နီယာကြီးဖြစ်ချင်တာပါ။
ဆယ်တန်းအောင်တော့ လည်း အမှတ်ကောင်းလို့ သူတက်ချင်တဲ့  ကျောင်းတော်ကြီးမှာ တက်ခွင့် ရပါတယ်။
အမေ ကလည်း တက္ကသိုလ်ကျောင်းသား သူ့ သားကြီးကို  ဘာမှ မခိုင်းရက်တော့ အမေ ပင်ပန်းမှာစိုးတဲ့  မိခက်ပဲလုပ်ရပါတယ်။
ဆိုင်အလုပ်တွေ ပိနေပြီး စာမှန်မှန်မကြည့်နိုင်တော့လို့  မိခက် လည်း စာမေးပွဲတိုင်းကို အောင်ရုံလောက် အဆင့် ပဲ ဖြစ်သွားလို့  ဆရာမတွေ
သူငယ်ချင်းတွေက ပြောကြပေမယ့် မိခက် ကတော့ ဆိုင်ထဲမှာပဲ စိတ်ကိုနှစ်ထားလိုက်ပါပြီ။
ဆယ်တန်းကို ရိုးရိုးပဲအောင်တော့လည်း ၀မ်းနည်းမနေဘဲ အလွယ်ဆုံးမေဂျာတခု ယူပြီး အဝေးသင်တက္ကသိုလ် တက်လိုက်တာပါပဲ။
ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတဲ့ တက္ကသိုလ်ကျောင်းသူ ဘ၀အရသာလေး မခံစားရတော့ပေမယ့်  မိခက် ဖြေပါတယ်။
အမေ မပင်ပန်းအောင် ၊အဖေ မရှိပေမယ့်  အားမငယ်ရအောင် မိခက် ကြိုးစားရမယ်။
အတန်းကြီးလာတော့  ကိုဆက် ကျောင်းစရိတ်က ပိုပိုကုန်လာပါတယ်။
ဒီကြားထဲ အလှမက်တဲ့ အပျိုပေါက်လေးမိသက် အတွက် အ၀တ်အစားဖိုး ၊ အလှပြင်ပစ္စည်းဖိုးတွေကလည်း ကုန်တာပါပဲ။
ဒါပေမယ့် မိခက်  အမြဲ ကြည်ဖြူခဲ့ပါတယ်။
 ငယ်ငယ်လေးကတည်းက ဖခင်မေတ္တာမရတဲ့ ညီမလေးကို မိခက် သိပ်သနားပါတယ်။
အမက အလိုလိုက် မှန်းသိတော့ မိသက်ကလည်း ဆိုးချင်ပါတယ်။စာလည်းကောင်းကောင်းမလုပ်ချင်လို့  ပြောနေရတယ်။
 ခုတလော မိသက် အလှတွေ အရမ်းပြင်လာလို့  အမေ့ ကို ပြောပြပေမယ့်  အမေက သူ့သမီးကို ကလေးလေးလို့ ထင်ပြီး သိပ်ဂရုမစိုက်ပါဘူး။
မိခက် မှာသာ မိသက် ကျူရှင်က ပြန်ရောက်ချိန် မရောက်ရင် မျှော်ရတာအမောပါပဲ။
ကိုဆက်ကတော့ သူ့ ကျောင်းစာကလွဲရင် အိမ်အကြောင်းဘာမှ မစဉ်းစားပေးသလို ဘာမှလည်းကူမလုပ်ပါဘူး။
ကြာတော့  နေနိုင်လွန်းတဲ့ ကိုဆက် ကို  မိခက် စိတ်နာချင်သလိုလို ဖြစ်လာပါတယ်။
ကိုဆက်ဟာ အကြီးဆုံးဖြစ်ပြီး သိပ်တကိုယ်ကောင်းဆန်၊ အတ္တကြီးတာပဲ။
ဒါပေမယ့်  ဘာမှမလုပ်ပေးသေးတဲ့ သားကိုချစ်လွန်း၊ အားကိုးချင်လွန်းတဲ့  အမေ့ ကြောင့် 
အကိုကြီးကို မကျေနပ်သမျှ မြိုသိပ် သည်းခံရင်း အလုပ်ကိုပဲ ကြိုးစားလုပ်နေလိုက်ပါတယ်။
အမေ နဲ့  မိခက် တက်ညီလက်ညီ ကြိုးစားမှုကြောင့် တဖြည်းဖြည်းနဲ့ မိခက်တို့ စီးပွားတက်လာပြီး ကုန်စုံဆိုင်လေးကနေ
စတိုးဆိုင် အကြီးကြီး ထိ ဖြစ်လာပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၅ )
စီးပွားရေး အဆင်ပြေလာပြီး ပျော်ရွှင် ရတော့မယ့် အချိန်မှာမှ မိသက် က ထဖောက်ပါတယ်။
ဆယ်တန်းကျူရှင် တက်ရင်း သူ့ ရည်းစားကောင်လေးနဲ့  လိုက်သွားတာ အိမ်ပြန်မလာတော့ပါဘူး။
အဲဒီတော့မှ အမေ့ မှာ မျက်ကလဲဆန်ပြာ ဖြစ်ပါတော့တယ်။
 တပတ်လောက်နေမှ မိသက်ကို ကောင်လေးမိဘတွေက လာပြန်အပ်ပါတယ်။
သူ့ ကောင်လေးမိဘတွေက ကုန်သည်တွေမို့  ပိုက်ဆံရှိပေမယ့်  ကောင်လေးက စာလည်းကောင်းကောင်းမကြိုးစားဘဲ မိသက်လိုပဲ ဆယ်တန်းကို ၂နှစ်ကျထားတဲ့ သူပါ။
ဒီလိုကောင်လေးကိုမှ ကိုယ့်အိမ်ထောင်ဦးစီး အဖြစ်ရွေးရတဲ့ မိသက်ကို ဂရုဏာဒေါသော နဲ့ 
မိခက် က ဆူတော့  တခွန်းမခံ ကက်ကက်လန်အောင်ပြန်ရန်တွေ့ ပါတော့တယ်။
“မခက်  နော် ၊ မိသက် လူ ကို ဘာမှပြောစရာမလိုဘူး၊ သူက အခြေအနေ မဲ့ နေတာလည်းမဟုတ်ဘူး၊ မိသက်တို့ ကို သူ့ မိဘတွေက
ကောင်းကောင်းမွန်မွန် မင်္ဂလာဆောင်ပေးပြီး ခေါ်ထားမှာတဲ့ ”
“မိသက်ရယ်၊ သူ့ မိဘရှိတာ သူရှိတာမှ မဟုတ်တာ ၊နောက်ပြီး သူ့ အမ ၃ ယောက်လည်းရှိသေးတယ်ဆို။ ဘယ်လိုစဉ်းစားပြီး ဒီလောက်လွယ်ရတာလဲဟယ်။
နင့် အသက် ခုမှ ၁၈ နှစ်ကျော်ရုံပဲရှိသေးတယ်နော်မိသက်”
“အို --တော်ပြီ ၊ ဘာမှလာမပြောနဲ့တော့ ၊မိသက် ဘ၀ မိသက်ရွေးချယ်မှုပဲ
မခက် ဘာမှ ၀င်ပြောနေစရာ မလိုပါဘူး။
ဘာလဲမခက် က မိသက် ကောင်းစားမှာ မနာလိုလို့ လား”
“ဘာာ၊ မိသက် နင် ဘယ်လိုပြောလိုက်တာလဲ ”
မိသက် စကားကြောင့်  စိတ်ထဲထောင်းခနဲ ဒေါသဖြစ်သွားပြီး ရင်ထဲမှာဆို့ နင့် သွားကာ
လူက ယိုင်ကျမလို ဖြစ်သွားပါသည်။
မိခက် သိပ်ချစ်ရတဲ့ ညီမလေး ရဲ့ နုတ်က ထွက် တဲ့ စကားတဲ့လား-
သူ ကောင်းစားမှာ မိခက် က မနာလို ဖြစ်ရ ဦးမတဲ့ ။ကောင်းကြသေးရဲ့ လား-
“ဟဲ့ ၊ မိသက် ညည်းရိုင်းလှချည်လား ၊ ညည်းကို လုပ်ကျွေးနေတဲ့  ကိုယ့်အမကို ဒီလိုပဲပြောရသလားဟဲ့  ”
ပြောပြောဆိုဆို မိသက်ကို ရိုက်ဖို့ လက်ရွယ်နေတဲ့  အမေ့ ကို မိခက် တားလိုက်ပါတယ်။
“နေပစေ ၊ မရိုက်ပါနဲ့တော့ အမေ ၊ သူ့ သဘောထားကို သမီး နားလည်သွားပြီ”
မိခက် အေးစက်မာကျောစွာနဲ့  မိသက်ကို ကြည့်ကာ --
“ဒီမှာ မိသက် ၊ နင် က လူဖြစ်မယ် မကြံသေးဘူး နင့် ကို  အရိပ်တကြည့်ကြည့်  နဲ့ စောင့်ရှောက်လာတဲ့  ငါ့ စေတနာ ကိုစော်ကားလိုက်တာပေါ့ လေ၊ ဟုတ်လား
ရတယ် မိသက်၊ နင့် ကို ငါ ဘာမှမပြောဘဲ ဥပေက္ခာ ပြုလိုက်ပြီ
နင် မှတ်ထားလိုက်တော့ ၊ နင်နဲ့ ငါ ဟာ ဒီနေ့ ကစပြီး ဘာမှမဆိုင်တော့ဘူးလို့  ”
“အို -သမီးရယ် ကိုယ့်ညီမလေးကို ဘယ်လိုပြောလိုက်တာလဲ”
“မခက် ၊ ဒီလိုတော့ မပြောပါနဲ့ ၊ မိသက်မှားသွားပါတယ်၊နော်--မခက်နော်”
အမေ နဲ့ မိသက် က၀ိုင်းပြောပေမယ့်  မရတော့ပါဘူး၊
အမေ က ငိုကြီးချက်မနဲ့ ခေါ်ပေမယ့် မိသက် မင်္ဂလာဆောင် ကိုလည်း မသွားတော့ပါဘူး။
မိသက်တို့ လင်မယား လာတောင်းပန်ပြီး ကန်တော့တာလည်း အတွေ့ မခံတော့ပါဘူး။
မိခက် မှာ ညီမ ဆိုတာ မရှိတော့ပါဘူး။
 မိခက်ရင်ထဲကို ဒုတိယမ္မိ ဥပေက္ခာဆူး တစ်ချောင်းထပ်ဆူးသွားပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၆)
ဒီလိုနဲ့  အကိုကြီးလည်းနောက်ဆုံးနှစ်ကျောင်းသားဖြစ်လာပြီး မကြာခင် အင်ဂျင်နီယာဘွဲ့  ရတော့ပါမယ်။
မိသက်လည်း သားလေးတစ်ယောက်ရနေပါပြီ။
မိခက်ကိုကြောက်လို့  အမေက သူ့ မြေးလေးကို ခိုးခိုးပြီးသွားတွေ့ ပါတယ်။
“အမေနော် ၊ အမေ့ သမီး က သူ့ ဘာသာ ယောက္ခမ အိမ်မှာပျော်နေတာ ၊ သွားမတွေ့ နဲ့ ”
“ဒီလိုလည်းမဟုတ်သေးပါဘူးမိခက်ရယ်၊
မိသက်ကယောင်းမတွေမျက်နှာကြည့်နေရတာပါအေ
အမေ သွားတော့ သူအားရှိတာပေါ့ ၊ သူက ညည်းဆီလာချင်နေတာ၊ ကိုယ့်တူလေးကို မကြည့်ချင်ဘူးလားမိခက်ရယ် ၊ အိမ်ကိုလာပါစေ”
“မကြည့်ချင်ဘူးအမေ ၊ သူ က မိခက် ညီမ မဟုတ်လို့ သူ့ သားက မိခက်နဲ့ ဘာမှမဆိုင်ဘူး”
“ညည်းကလဲအေ၊ ကိုယ့်ညီမ ပြောတာလေးကို တစ်သက်လုံးနာနေတာလား”
“မိခက် မနာပါဘူးအမေ ၊ ဥပေက္ခာ ပြုလိုက်တာပါ။ မိခက် စိတ်ထဲ ရင်ထဲ အတွေးထဲမှာ နေရာမပေးတော့တာပါ။ အမေ မိခက်ကို ဒီလောက်တော့နားလည်ပေးပါ”
“ညည်းကတော့  ခက်ပါတယ်မိခက်ရယ်”
အမေ က မိခက် ကို ကြည့်ရင်းညည်းတွားလိုက်ပါတယ်။
ဒီလိုနဲ့ မိခက်တို့ စတိုးဆိုင်လေးလည်းရောင်းကောင်းလို့  မိခက် က အမြတ်ငွေတွေ စုပြီး အထည်ဆိုင်လေးပါတွဲ ဖွင့်ထားပါတယ်။
ကိုဆက်  ဘွဲ့ ယူတဲ့ နေ့ ရောက်လာတော့  အမေ နဲ့ မိခက် အလှဆုံးပြင်ပြီး သွားကြပါတယ်။
ဘွဲ့ ဝတ်စုံနဲ့   ခန့်ညားနေတဲ့ ကိုဆက် ကို  ကြည့်ရင်း ပြုံးနေတဲ့  အမေ့ ကို ကြည့်ပြီး မိခက် ရင်ထဲမှာကြည်နူးလိုက်တာ။
အမေ့ ကို ဒီလို ပျော်နေတာပဲမိခက်မြင်ချင်တာပါ။
ကိုဆက် ချစ်သူ က ကိုဆက် ကို သိပ်နိုင်တယ် ဆိုတာ သဘောပေါက်သွားတဲ့ မိခက် ကတော့ အမေ့ ကို နှစ်သိမ့်လိုက်ပါတယ်။
ဘွဲ့ ယူပြီး၃ လအကြာလောက်မှာ ကိုဆက်က လက်ထပ်တော့မယ်ပြောတော့ မိခက် မတုန်လှုပ်တော့ပါဘူး။သားကို နှမြောတ သ နေတဲ့  အမေ့ ကို နားချရပါတယ်။
“အမေ ရယ်၊ သူတို့ ချင်းအဆင်ပြေရင် ပြီးတာပဲမဟုတ်လား”
“မဟုတ်သေးပါဘူးအေ၊ အမေ နဲ့  ညီမ က မိန်းမသားတွေတန်မဲ့ ချွေးဒီးဒီးကျအောင်ရှာထားတာ နဲ့ ကျောင်းတက်ပြီး
ခုမှအလုပ်တောင်မ၀င်ရသေးဘူး၊မိန်းမယူတော့မတဲ့ ၊ငါရင်နာလိုက်တာ ”
အမေ ကသာရင်နာနေပေမယ့်  ကိုဆက်ကတော့ သူ့ ဆန္ဒ ကို  ထုတ်ဖော်လာပါတော့တယ်။
“သားမင်္ဂလာဆောင်စရိတ်လိုတယ်အမေ ၊ သားကောင်မလေးအဖေက ဆောက်လုပ်ရေးကန်ထရိုက်တာလေ၊ လက်ထပ်ပြီးရင်
သူ့အလုပ်တွေသားကို ပေးမှာတဲ့ ၊
ဒီတော့ သူ့ သမီးကို ဟိုတယ်မှာ ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးမှသဘောတူမယ်တဲ့ ”
“အလိုတော်၊ရာရာစစ မင်းက အလုပ်မရှိကိုင်မရှိဘဲ ဘယ်ပိုက်ဆံနဲ့  ဟိုတယ်ပေါ်တက်ပြီး
ဘယ်လို မင်္ဂလာဆောင်မှာလဲ ”
“အမေ ကလည်း၊ အမေ့ မှာ အိမ်ကြီးရော ဆိုင်ကြီးရောရှိတာပဲ”
“ဘာ--မင်းဘာပြောလိုက်တာလဲ ငဆက် ၊ ဒီဆိုင်ထဲမှာ မင်းလုပ်အားတစက်ပါလား ၊ မင်းမို့ ပြောရက်ပေတယ်”
“ဆိုင်ကတော့ထားပါ၊ ဒီအိမ်ကြီးက ကျွန်တော်တို့အတွက် အဖေ ထားခဲ့တဲ့ အမွေ ပဲမှတ်လားအမေ ။ ကျွန်တော့် ဝေစုခွဲပြီး မင်္ဂလာဆောင်စရိတ်ပေးပါ ”
သွေးအေးအေးနဲ့ အမေ မသေခင် အမွေတောင်းနေတဲ့  အမေ့ ရဲ့ ချစ်လှစွာသော သားကြီးကိုမိခက်ကတော့ အေးစက်စွာပဲကြည့်နေလိုက်ပါတယ်။
ကိုဆက် ဟာ တကိုယ်ကောင်းဆန်ပြီး အတ္တကြီးတတ်တာ၊သူ့ ဖို့ ပဲ သူသိတာ မိခက် က နားလည်ပြီးသားမို့  သိပ်မခံစားတော့ပါ။
အမေ့ ကို ဘာလုပ်ရမယ်ဆိုတာ မိခက်ပဲစီမံပေးလိုက်ပါတယ်။
“အမေ့သားက ပြောမရတော့မယ့် အတူတူ  ဒီအိမ်ကြီးကိုပေါက်ဈေးနဲ့ ရောင်းပြီးသူ့ ဝေစု ပေးလိုက်ပါအမေ ။
မိခက်နဲ့  အမေ တိုက်ခန်းလေးတခန်း ပြန်ဝယ်ပြီးနေမယ်”
“ဒီဆိုင်ကရော”
“စတိုးဆိုင်ဖြုတ်လိုက်ပြီး ဗိုလ်ချုပ်ဈေးမှာမိခက်  အထည်ဆိုင်လေးဖွင့်မယ်။
အစကတည်းကမိခက် အစီအစဉ်လုပ်ထားတာရှိတယ်။အတော်ဘဲ”
ဒီလိုနဲ့  အိမ်ကြီးကိုရောင်းပြီး ကိုဆက် ရဲ့ ဝေစု ပိုက်ဆံတွေကို သူ့ လက်ထဲတည့်ပေးရင်း
မိခက်  ရင်ထဲမှာ အကိုဆိုတဲ့ အတ္တသမားတစ်ယောက်ကိုဖယ်ထုတ်လိုက်ပါတယ်
မိသက် အတွက် နှလုံးအိမ်မှာ တတိယမ္မိ ဥပေက္ခာဆူး တစ်ချောင်းထပ်ဆူးရပြန်ပြီပေါ့ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၇)
လေးလွှာက တိုက်ခန်းကို ပြောင်းကြတော့ မိခက် ကလည်း ဗိုလ်ချုပ်ဈေးမှာ တနေကုန် ဆိုင်ထိုင်ရတော့ တာမို့  အမေ တစ်ယောက်တည်း
အိမ် မှာကျန်ခဲ့တာ စိတ်မချပါဘူး။
ဒါကြောင့်  တောက အမေ နဲ့  ဆွေနီးမျိုးစပ်တော်တဲ့  ဒေါ်ကြည် ကိုလှမ်းခေါ်လိုက်ရပါတယ်။
အမေ ကတော့ ဒေါ်ကြည်ရောက်လာတာ ခိုင်းဖို့ ထက် စကားပြောဖော် ရတာမို့  ပျော်နေပါတယ်။
အေးလေ--အမေ့ ခမျာ စီးပွားရှာဖို့ ပဲ အချိန်ပြည့်တွေးပြီး အလုပ်ထဲနစ်နေတဲ့ သမီးနဲ့ နေရတာ
ပျင်းနေမှာပဲလို့  စဉ်းစားမိပါတယ်။
ဒါပေမယ့်  မိခက် မကြိုးစားလို့ မရဘူးအမေ
မိခက် မှာ နောက်လှည့်ကြည့်စရာ ကျောထောက်နောက်ခံကလည်းမရှိဘူး။
သားသမီးတွေ ကို ပစ်သွားတဲ့ အဖေ၊ အတ္တကြီးတဲ့ အကို၊ အသိတရားမရှိတဲ့ ညီမတွေပဲ မိခက်မှာရှိတယ်လေ--မိခက် လဲကျ လို့ မဖြစ်ဘူး--
ခက်မာ ကြံ့ ခိုင်တဲ့ မိခက်ဖြစ်ရမယ်။
မိခက် ရဲ့ အထည်ဆိုင်လေး အတည်တကျဖြစ်တဲ့အချိန်မှာပဲ မထင်မှတ်တဲ့ သတင်းဆိုးကြီးကြားလိုက်ရပါတယ်။
မိသက် ယောင်္ကျား ဆိုင်ကယ်မှောက်ပြီးဆုံးပြီတဲ့ -
ညဘက် မူးမူးနဲ့ ဆိုင်ကယ်စီးလာရင်းမှောက်တာ ပွဲချင်းပြီး ပဲတဲ့ ။
ဒီသတင်းကြားကတည်းက မိသက်ဆီလိုက်သွားတဲ့အမေ က အသုဘ ရက်လည်မှပြန်လာပါတယ်။
“မိခက်ရယ်၊ အသုဘ ပို့ လေးတောင် မလာတာတော့ လွန်လွန်းပါတယ်အေ၊
မိသက်ခမျာ ညည်းလာမလား ဆိုပြီး အားကိုးတကြီးမျှော်လိုက်ရတာ၊
ပတ်ဝန်းကျင်က လည်း ညည်းကိုပြောကုန်ကြပြီ၊ သိလား”
“ဘာပြောပြော မိခက်ဂရုမစိုက်ဘူးအမေ ၊ မိခက် မှန်တယ်ထင်တာလုပ်မှာပဲ”
“ကိုယ့်ညီမလေးကို ဒီအတိုင်းပစ်ထားမှာလား မိခက်ရယ်၊
သူ့ ယောင်္ကျားမရှိတော့ဘူးဆိုတော့ ဟိုဘက် အိမ်က သူစိမ်းအိမ်ဖြစ်နေပြီ။
ကလေးကလည်း ကြီးလာမှာဆိုတော့ ဒီအိမ် မှာခေါ်ထားရအောင်လားသမီးရယ်”
“ဘယ်လိုပြောလိုက်တာလဲ အမေ ၊ အမေ့ သမီး က မိခက် ရင်ကို စုံကန်ပြီး သူ့ ဘာသာထွက်သွားတာပါ။
သူ့ ယောင်္ကျား အသိုင်းအ၀ိုင်းကို သူသိပ်အားကိုးတာ။
အရှင်းဆုံးပြောမယ် ၊သူ့ အတွက် အကိုကြီးယူသွားသလို ဝေစု တခု သမီးပေးမယ်။
ဒီပိုက်ဆံ ကို အမေ ကိုင်ပြီး သူ့ ကိုထောက်ပံ့ လို့ ရတယ်။
ဒါပေမယ့် မိခက် အိမ်ပေါ် ဘယ်သူမှ တင်မထားနိုင်ဘူး၊ တကယ်လို့  အမေ မိသက် ကိုခေါ်ပြီ့း အတူနေမယ် ဆိုရင် မိခက် ဆင်းပေးပါ့မယ်။”
“မိခက်၊ဘယ်လိုပြောလိုက်တာလဲသမီးရယ်၊ ငါ့ သမီးဆင်းပေးစရာမလိုပါဘူး။အမေ က ညည်းကိုအားကိုးပြီး ရပ်တည်နေရတာပါအေ”
“ဒါဆို လည်း အမေ့ ဘာသာ စဉ်းစားဆုံးဖြတ်လေ၊ မိခက် သဘောထားကိုတော့မပြင်နိုင်ဘူး”
“မိခက်ရယ်၊ညည်းဟာလေ အမေ့ ကို အခက်တွေ့ အောင်လုပ်ရက်တယ် ”
မိခက် အကြောင်းသိတဲ့ အမေ က မိသက်တို့ ကို အိမ်မခေါ်လာဖြစ်တော့ပါဘူး။
မိခက်ပေးတဲ့ငွေတွေနဲ့  မိသက်ဆီ သွားထောက် ပံ့ နေတာ မိခက် သိပေမယ့် ဘာသိဘာသာ ပဲနေလိုက်ပါတယ်။
အမေ က သူ့ သမီးမို့ သူပေးတာ ပဲလို့ တွေးလိုက်ပါတယ်။
မိခက် ကတော့ မိသက် ဘာဖြစ်နေတယ်ဆိုတာထက် မိခက်လုပ်ငန်း ကို အထည်ဆိုင်ကနေ ကျောက်မျက်ရတနာအရောင်းအ၀ယ်လေးပါ
တွဲလုပ်နိုင်ဖို့ပဲ တွေးနေမိပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၈)
ဥပေက္ခာဆူးတွေ အထပ်ထပ်ဆူးပြီး အေးစက်မာကြောနေတဲ့ မိခက်နှလုံးသား ထဲကို နူးညံ့ မှုလေးတစ်ခု ၀င်ရောက်လာရတာ ကိုဇော့်ကြောင့်ပါ။
ကျောက်မျက်ရတနာ သင်တန်းတက်ရင်းခင်သွားတဲ့  ကိုဇော်က နိုင်ငံခြားနဲ့ ဖက်စပ် လုပ်နေတဲ့  ရတနာကုမ္မဏီ တစ်ခု ထောင်ထားပါတယ်။
သင်တန်းပြီးသွားပေမယ့်လည်း မိခက် ဆိုင်လာလည်လိုက်၊ အိမ်ကိုလာပြီးအမေ့ ကို စားစရာတွေလာပို့ လိုက် လုပ်တတ်တဲ့  ရည်မွန်သားနားတဲ့ 
ကိုဇော့် ကို အမေ က သဘောကျနေသလို မိခက် ရင်ထဲကလည်း သံယောဇဉ်တွယ်လာမိပါတယ်။
ဘယ်သူ့ မှ အားမကိုးဖူးတဲ့ မိခက်လေ ကိုဇော့်ကို အားကိုးမှီခိုချင်တယ်။
ကိုဇော် နဲ့ သာဆို ဆက်လျှောက်ရမယ့်  ဘ၀ခရီးလမ်းလေးက ပျော်စရာကောင်းမယ်လို့ စိတ်ကူးတွေ ယဉ်တတ်လာတယ်။
အထည်ဆိုင်နဲ့ တိုက်ခန်းလေးပဲပိုင်ဆိုင်မှုရှိတဲ့ မိခက် အနေနဲ့  ကိုဇော်တို့ အသိုင်းအ၀ိုင်းနဲ့ ယှဉ်ပြီး အားငယ်စိတ် ၀င်မိပေမယ့်
ချစ်ချင်းမေတ္တာတရားကိုတော့တားဆီးလို့မရခဲ့ပါဘူး။
အမေ ကလည်း မိခက်တို့ နှစ်ယောက်ကို ကြည့်ပြီး ကျေနပ်နေပါတယ်။
ချစ်သူတွေဖြစ်ပြီးတစ်နှစ်ကျော်ကြာတော့ ကိုဇော်ကတရားဝင်လက်ထပ်ခွင့် တောင်းတဲ့အခါ မိခက်မိသားစု အခြေအနေ ကို
  ပွင့် ပွ င့်လင်းလင်းပဲ ပြောပြလိုက်ပါတယ်။
“ကိုယ့် ကို ဒါတွေပြောဖို့ မလိုပါဘူး ခက်ရယ်၊ ကိုယ်ချစ်တာ မင်းကိုပါ
မင်းရဲ့ ထက်မြက်တဲ့အရည်အချင်းနဲ့  စိတ်ဓါတ်ကိုပါ”
“ခုတော့ ဒီလိုပဲပြောကြတာပေါ့ ကိုဇော်ရယ်၊ တကယ်တမ်း အသိုင်းအ၀ိုင်းနဲ့ ချစ်သူယှဉ်ပြီး ရွေးရရင် တွေဝေ တတ်ကြတာပဲ”
“ဒီလို ဖြစ်စရာမရှိပါဘူးကွာ၊ စီးပွားရေးအကွက်မြင်ပြီးတော်တဲ့ခက် ကိုရွေးထားတာမေမေတို့ ကသဘောတောင် ကျဦးမှာ ၊သိလား”
ကိုဇော် တွေးထားသလို ဖြစ်လာပါစေလို့  ဆုတောင်းခဲ့ပေမယ့်  တကယ်တမ်း ကျတော့ အခြေအနေ တွေက တင်းမာကုန်ပါတယ်။
ကိုဇော်တို့ မိဘတွေက မိခက် နဲ့သဘောမတူဘဲ ကိုဇော့်ကို သူတို့ သဘောကျတဲ့ သူနဲ့ စေ့စပ်ပေးဖို့ လုပ်လာ လို့ 
ကိုဇော် အိမ်နဲ့ စကားများပြီးထွက်လာပါတယ်။
“ကိုဇော်ရယ်၊ဒီလို တော့ မလုပ်နဲ့လေ၊ ကိုယ့်မိဘတွေက စေတနာနဲ့ လုပ်တာပဲ။ခု ကိုဇော် အိမ်ပေါ်ကဆင်းလာတော့ရောဒီပြသနာကပြေလည်သွားမှာလား”
“ပြေလည်တယ်၊ ကိုဇော်နဲ့ခက် လက်ထပ်ကြမယ်လေ”
“ကိုဇော့် မိဘတွေ သဘောမတူတဲ့ မင်္ဂလာပွဲ ကို မိခက် လက်မခံနိုင်ပါဘူး၊ ကိုဇော် အိမ်ပြန်ပြီး
မိဘတွေ နဲ့ သေချာ ညှိနှိုင်းပါ။ အချိန်ဘယ်လောက်ကြာကြာ မိခက်စောင့် ပါ့မယ်”
မိခက်ရဲ့ စကားကြောင့် ကိုဇော် အိမ်ပြန်သွားပါတယ်။
မိခက်လည်း ကိုဇော် နဲ့ သူ့မိဘတွေ ညှိနှိုင်းပြီးမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့် နေခဲ့ပါတယ်။
ဒါပေမယ့်  အချိန်တွေသာကုန်လာတယ် ၊မိခက် စောင့် ရကျိုးမနပ်ပါဘူး။
ကိုဇော် က တဖြည်းဖြည်းနဲ့  သူ့ အိမ်ကသဘောတူတဲ့ ကောင်မလေးနဲ့ နေ့ ရော ညပါ တတွဲတွဲ ဖြစ်လာပါတယ်။ 
မေးလိုက်ရင် အိမ် ကိုမလွန်ဆန်နိုင်လို့ ၊ အချိုသတ်ပြီးတွဲနေတာပါလို့ ဆိုပေမယ့်  ကိုဇော့်ရင်ထဲကို မိခက်မြင်နေရတော့ ၀မ်းနည်းမိပါတယ်။
ကိုယ့်ချစ်သူဟာ အနေ နီးစပ်တိုင်း သာယာသွားမယ့်  လူစားမျိုးမဟုတ်ပါဘူးလို့ အားတင်းပြီးစိတ်ဖြေနေရပေမယ့် 
မိခက် ဘယ်လို မှ ဖြေမရနိုင်တော့တဲ့ နေ့ တနေ့ ကိုရောက်လာပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၉ )
အဲဒီနေ့ က ဈေးပိတ်ရက်မို့  မိခက် ရဲ့ စိန်ထည်တွေ ၀ယ်နေကျ ဖောက်သည် အံတီကြီး ရဲ့ ကွန်ဒိုတိုက်ခန်း ကို စိန်ထည်လေးတွေ သွားပြတာပါ။
အံတီကြီးက တော်တော်လေးအားပေးလိုက်လို့ မိခက် ၀မ်းသာအားရ နဲ့  ပြန်ခါနီး တံခါးပေါက်ဝအရောက်မှာ မျက်နှာချင်းဆိုင် အခန်းထဲက
ထွက်လာတဲ့  စုံတွဲ တတွဲ ကိုမြင်လိုက်ရလို့ ကြောင်ပြီးငေးကြည့်နေမိပါတယ်။
ကိုဇော် တစ်ယောက်လည်း မိခက်ကို ဘယ်လို မှ မမျှော်လင့် ထားတဲ့ နေရာ မှာ တွေ့ လိုက်ရလို့  ထိတ်လန့် အံ့သြတဲ့မျက်နှာနဲ့ ကြည့်နေတုန်းမှာ
သူ့ကောင်မလေးက ဆွဲခေါ်သွားပါတယ်။
အံတီကြီးကတော့ ဘာမှမရိပ်မိဘဲ ပြောပြနေပါတယ်။
“ဒီကောင်လေးနဲ့ ကောင်မလေးက ယူတော့မယ့်စုံတွဲပါ ၊အံတီ့ မိတ်ဆွေ ရဲ့ သမီးလေးပဲ။ ဒီအခန်း က သူတို့ အတွက် လက်ဖွဲ့ မှာလေ------
သူတို့ က မင်္ဂလာမဆောင်ရသေးပေမယ့်  ဒီမှာလာလာနေတတ်တယ်။
ခုခေတ် မိန်းကလေး တွေ က သိတဲ့အတိုင်းပဲ မိခက်ရေ၊ လွယ်ကုန်ကြပြီလေ”
အံတီကြီး ပြောတဲ့ စကာေးတွကို နားထဲကြားယောင်ရင်း မိခက် အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းမသိတော့ပါ။
မိခက်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရပ်လိုက်တာ--
နောက်ဆုံးတော့ မိခက်အထင်ကြီးအားကိုးခဲ့တဲ့ ချစ်သူဟာလည်း သာယာမှုနောက်လိုက် တဲ့ ယောင်္ကျားပါပဲလား--
အိမ်ရောက်တော့ ကိုဇော် ရောက်နေပါတယ်။
အမေ့ ကိုလည်း နားဝင်အောင်ရှင်းပြထားပုံရပါတယ်။
“ရှင်-ဘာလာလုပ်တာလဲ ၊ ပြန်ပါ။ရှင်နဲ့ ကျွန်မ ဇာတ်လမ်း ပြီးသွားပါပြီ”
“ဟာ-ဒီလို မဟုတ်ဘူး ခက် ၊ ကိုယ်ရှင်းပြပါရစေ၊ ခက် အထင်လွဲနေတာ”
“ဘာ--မျက်စိနဲ့ တပ်အပ်မြင်တာတောင် ရှင်းပြချင်သေးတာလား”
“မဟုတ်ဘူးခက် ၊ ကိုယ် သူ့ ကို မချစ်ဘူး၊ သူဘယ်လောက်လိုက်လျော ပေးလည်းမယူနိုင်ဘူး
သူ့ကိုလည်းခု ပြောခဲ့လိုက်ပြီ၊ ကိုယ်ချစ်တာခက်ပါ၊ ခက်ကိုပဲ လက်ထပ်မှာပါ”
“အော်--လွယ်လိုက်တာရှင် ၊ အစက  ရှင့် ကိုကျွန်မက တော်တော် အထင်ကြီးမိခဲ့တာပါ။
ခုတော့ ရှင်ကလည်း အလကားပဲ၊နီးစပ်မှုကိုသာယာပြီးနှမချင်းမစာနာ အခွင့် အရေးယူတတ်တဲ့  လူမျိုးပဲ ”
“ခက်ရယ်၊ကိုယ်မှားသွားပါတယ်၊ ကိုယ့်ကိုဒီတခါတော့ခွင့်လွှတ်ပေးပါနော်
ခက် ကိုပဲ ကိုယ့် အိမ်ထောင်ဖက်အဖြစ် ရွေးထားတာပါ၊ တခြားသူကိုယ်မယူပါဘူး”
“မရတော့ဘူး၊ခုမှတော့ ဒီစကားတွေလာမပြောနဲ့တော့--ရှင်ပြန်ပါတော့ ”
ဘယ်လိုတောင်းပန်လို့ မှမရတော့ ကိုဇော်ပြန်သွားပါတယ်။
နောက်ရက်တွေလည်း လိုက်တောင်းပန်နေပေမယ့်  မိခက် ကတော့ သူ့ ကို လုံးဝ ဖြတ်လိုက်ပါတယ်။
အမေ ကတော့ ထုံးစံအတိုင်းမျက်ရည်လေးတစမ်းစမ်းနဲ့  မိခက်ကိုနားချပါတယ်။
“ပြောရခက်လိုက်တာ မိခက်ရယ်၊ ညည်းလောကကြီးအကြောင်းဘယ်လောက်သိလို့ လဲအေ၊
ယောင်္ကျားဆိုတာ တခါတလေ သာယာမှုနောက် လိုက်သွားမိတတ်တာပဲ၊သူကိုယ်တိုင်က သမီးကိုပဲ လက်ထပ်မယ်ပြောနေတာ လက်ခံလိုက်ပါလား၊
ငါ့ သမီးလေးတစ်ယောက်တည်း ရုန်းကန်နေရတာ ပင်ပန်းလိုက်တာ ၊  
အမေ လေ အမေ့သမီးလေးကို ကိုယ်ပိုင်မိသားစု ဘ၀လေးနဲ့  ပျော်ပျော်ရွှင်ရွှင် နေတာမြင်ချင်လို့ပါ်။ ”
“မရတော့ဘူးအမေ ၊ မိခက် အကြောင်းကိုသိရဲ့ သားနဲ့ လာပြီးနားမချပါနဲ့ တော့
သူ့ ကိုမိခက် အချိန်အကြာကြီးနားလည်မှုတွေပေးပြီးစောင့်ခဲ့ပေမယ့်  အလကားပဲ
မိခက်မေတ္တာ နဲ့ မတန်တဲ့ ဒီလိုလူမျိုးကို မိခက်  ဥပေက္ခာ ပြုလိုက်တော့မယ်
မိခက် ဘ၀ ကို တစ်ယောက်တည်းဖြတ်သန်းရဲပါတယ်အမေ”
အဲဒီ့ အချိန်ကစလို့ ဘယ်လိုတောင်းပန်ပေမယ့် မိခက် လက်မခံတဲ့အဆုံးမှာ ကိုဇော်လည်း စိတ်ဓါတ်ကျကာ မိဘတွေ နဲ့ အတိုက်အခံပြောဆိုပြီး နိုင်ငံခြားကို
အပြီးထွက်သွားတယ်လို့ အမေ ကပြောပေမယ့်  မိခက်ဘယ်လိုမှ မခံစားရတော့ပါဘူး။
ဒီတစ်ခါ လည်း  မိခက် နှလုံးသားကိုသွေးစိမ်းရှင်ရှင် ထွက်အောင် ဥပေက္ခာဆူး တစ်ချောင်းက ထပ်မံစိုက်စူး သွားပါပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၁၀)
ဒီလို နဲ့ပဲ မိခက် ဟာအမေ နဲ့ နှစ်ယောက်သားနေထိုင်ရင်း ၊ အလုပ်တွေကြားမှာနစ်မြုပ်ရင်း
အသက် ၃၀ကျော်လို့ ၄၀နားနီးနေတဲ့ အပျိုကြီး ဘ၀ ရောက်လာပါတယ်။
ရတနာရောင်းဝယ်တဲ့ လုပ်ငန်းတစ်ခုတည်းပဲ အိုးမကွာ အိမ်မကွာလုပ်ရင်း ထပ်ဝယ်ထားတဲ့ တိုက်ခန်းတွေ ကို အိမ်ငှားတင်ထားတဲ့ မိခက် ရဲ့ ဝင်ငွေ က မနည်းပါ။
ဒီလို အခြေအနေ အထိ မိသက်ကို မခေါ်ထားလို့ အမေ က ပြောချင်ပေမယ့်  မိခက်မသိချင်ယောင်ဆောင်နေလိုက်ပါတယ်။
အတ္တကြီးတယ်ပဲပြောပြော မိခက်  က အမေ နဲ့ ဒီလို ၂ယောက်တည်းပဲ အေးချမ်းချမ်းနေချင်တာပါ။
အမေ ဟာ  မိခက်ရဲ့ တစ်မျှင်တည်းသော သံယောဇဉ်နှောင်ကြိုးပါ။
" သမီးရေ၊ ခု သမီးအဖေ က အဆုတ်ကင်ဆာ ဖြစ်နေပြီ။
နောက်အိမ်ထောင် ကလည်းဆုံးပြီး သားသမီးတွေကလည်း အဆင်မပြေလို့  ဆေးမကုပေးနိုင်ဘူးတဲ့ "
" အဲဒီတော့  ဘာဖြစ်လဲအမေ "
" သမီး ပဲ ခေါ်ထားပြီးဆေးကုပေးပါလားကွယ်"
" ခက်တာပဲ အမေရယ်၊ သမီးမှာ ဘယ်တုန်းကအဖေ ရှိခဲ့လို့ လဲ "
" အဖေ ဆိုတာ ဘာဖြစ်နေနေ အဖေ ပါပဲသမီးရယ်"
"မဟုတ်ဘူး၊ ဖခင် ၀တ္တရားကျေပြီး မင်္ဂလာတရားတော်နဲ့ အညီ သားသမီးကိုချစ်ခင်ကြင်နာစွာ ကျွေးမွေးပြုစု လုပ်ကိုင်ပေးမှ အဖေ လို့ခေါ်တာ"
" မိခက်၊ ညည်းအသက်လည်းမငယ်တော့ဘူး၊ နားလည်ခွင့် လွှတ်သင့် တာကို ခွင့် လွှတ်ပေးလိုက်ပါလားသမီးရယ်၊
ဒီလို မလုပ်ရင် ဥပေက္ခာ တရားတွေနဲ့  ငါ့ သမီးလေးစိတ်ချမ်းသာမှာမဟုတ်ဘူး"
"ဥပေက္ခာ ပြုလိုက်တာ အပြစ်လားအမေ ၊ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ ဗြမ္မစိုရ်တရားလေးပါးထဲမှာတောင် ဥပေက္ခာ တရားဆိုတာ ပါသေးတာပဲ"
" တော် တော့ မိခက်၊ညည်းက  ညည်းလိုတာဆွဲယူနေတာ။
့ဗြမ္မစိုရ်တရား လေးပါးထဲမှာတောင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ ပြီးမှ ဥပေက္ခာလာတာပါ။
နောက်ပြီး မိသားစုဝင်ချင်း ထဲမှာ မေတ္တာ၊ ဂရုဏာ ပဲထားမှ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ တစ်သက်လုံး အတူနေနိုင်မှာပေါ့ ။
ကိုယ် က မှန်နေတယ်ဆိုပြီး သတိလက်လွတ် မှားသွားတဲ့ ကိုယ့်သွေးသားတွေကို ဘာမှ မကူညီ မစောင့် ရှောက်ဘဲ
ဥပေက္ခာ ပြုထားလိုက်တာ ကောင်းသလား၊"
အမေ ကဘယ်လိုပြောပြော မိခက် ကတော့ မိခက် မူအတိုင်းဆက်သွားပါမယ်။
အားလုံးက ၀ိုင်းအပြစ်တင်ကြပါတော့တယ်။
အမေ ကလည်း အဖေ ဆုံးပြီးကတည်းက မိခက် ကို သိပ်စကားမပြောဘဲ ခပ်တန်းတန်းနေလို့  မိခက် ၀မ်းနည်းရပါတယ်။
" အမေ ၊ မိခက် ကို စကားမပြောဘဲဒီလိုချည်းတော့ မနေပါနဲ့ 
မိခက် မှာ အမေ တစ်ယောက်တည်းပဲ ရှိတာပါ"
" အဲလိုဖြစ်အောင် ညည်းဘာညည်းပဲလုပ်နေတာမှတ်လား မိခက်ရယ်၊
ခု အမေ က ညည်းကိုစိတ်ဆိုးနေတာ မဟုတ်ပါဘူး၊ ညည်းအကြောင်းစဉ်းစားပြီး ရင်လေး လို့ပါ"
" အာ--အမေကလည်း မိခက် က ဘာဖြစ်နေလို့လဲ၊မိခက် တစ်သက်လုံး ဘာမဟုတ်တာမှ မလုပ်ခဲ့ဘူးလေ၊ ကိုယ့်ဘာသာ စီးပွားရှာပြီး အမေ့ ကို လုပ်ကျွေးနေတာပဲကို"
"ဟုတ်တယ်၊ ညည်းက မဟုတ်တာမလုပ်သလို မဟုတ်တာလုပ်မိတဲ့ ချစ်သူနဲ့ မိဘမောင်နှမတွေကိုလည်း ဥပေက္ခာ ပြုပစ် တတ်တယ်။
ဒီလိုဆက်နေရင် အမေ မရှိတော့ရင် လောကမှာ ညည်းဘယ်လို ရှင်သန်ရပ်တည်မလဲ"
" အမေကလည်း၊ ဘာတွေပြောနေတာလဲ ၊ အမေ က ကျန်းမာနေတာပဲကို။မိခက်ကမှ ခေါင်းမူးလိုက်၊ သွေးတိုးလိုက် ၊ နှလုံးအောင့် လိုက်နဲ့ ရောဂါ ထူနေသေးတယ်။
တို့ အမေ က အလန်းကြီးပါနော် --ဟုတ်တယ်ဟုတ်"
မိခက် က ရယ်ရယ်မောမော နဲ့ စကားလွှဲပစ်လိုက်တော့ အမေ က သက်ပြင်းချနေပါတယ်။
" မနေ့ က သားကြီး အမေ့ ဆီ ဖုန်းဆက်တယ်။ သူ လည်းအခု မိသက်ကို တတ်နိုင်သလောက် ကြည့်ပေးနေပေမယ့်  အတူတော့ခေါ်မထားနိုင်လို့ 
မိခက်ခေါ်ထားပေးဖို့ ပြောချင်လို့တဲ့ ၊သူလည်း ထောက် ပ့ံပါ့မယ်တဲ့ "
"ဟာဟ--ခုကျမှ သူက သူတော်ကောင်း လုပ်နေပါလား၊ သူ မင်္ဂလာဆောင်ဖို့ငွေ လိုတုန်းက အမေ့ ဆီက ဘယ်လို
တောင်းသွားသလဲဆိုတာ အမေ ပြန်စဉ်းစားကြည့်ပါ"
" ဟုတ်ပါတယ်မိခက်ရယ်၊ ဒါပေမယ့်  ဒါတွေက ပြီးခဲ့ပါပြီ။ခု သူ  အသိတရားဝင်ပြီး
ညီမလေးတွေနဲ့ ခေါ်ချင်ပြောချင် ဆက်ဆံချင်တာ ၀မ်းသာစရာပဲမှတ်လား"
" မိခက် ၀မ်းမသာဘူးအမေ ၊ မိခက် ဘ၀မှာ ဘယ်သူမှမလိုဘူး"
အမေကဘယ်လောက်ပြောပြော မိခက် က ဘူးခံနေတော့  အမေ လည်းစိတ်တိုလာပါတယ်။
" ကဲ--ဒီလောက်ပြောမရတာ  အမေ မပြောတော့ပါဘူး၊
 ဒါပေမယ့်  ခု ပြောနေတာတွေဟာ ညည်းအတွက် ချည်းပဲဆိုတာ အမေ မရှိတဲ့ တနေ့ မှာ ညည်းသိလာပါလိမ့်မယ်မိခက်ရယ်"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၁၁ )
အမေ ဟာ သူ သွားရတော့မယ့် ခရီးကိုကြိုသိနေလို့ မိခက် ကို ပြောဆိုဖျောင်းဖျ သွားခဲ့ တာပါလား--လို့  အမေ ရုတ်တရက်ဆုံးသွားတဲ့ နေ့ မှာမှ မိခက် ရင်နာစွာသိလိုက်ရပါတယ်။
အဲဒီနေ့ က မိခက် မနက်ပိုင်းအပြင်သွားမယ်ဆိုတဲ့အထိ အမေ က အကောင်းပါ။
အမေ မူးလဲလို့ ဆိုပြီးဒေါ်ကြည် ဖုန်းဆက်လို့  မိခက် ဆရာဝန်ခေါ်ပြီးအိမ်ပြန်ပြေးလာတဲ့အချိန်မှာ အမေက အသက်ငင်နေပြီး
စကားတောင်မပြောနိုင်တော့ပါဘူး။
ယဲ့ ယဲ့ လေးသာ ကျန်တော့တဲ့  သတိတရားလေးနဲ့ အမေ ဟာ မိခက် ဘက်ကို စောင်းကြည့်ရင်း ကွယ်လွန် အသက်ထွက်သွားတဲ့ အခါ
မိခက် ဟာ မယုံနိုင်ဘဲ အရူးတစ်ယောက်လို ဆောက်တည်ရာမဲ့ ဖြစ်မိပါတယ်။
အမေ က ဒီလို မျိုး မိခက် ကို ခွဲသွားမယ်ဆိုတာ မိခက် မယုံနိုင်ပါဘူး-
မိခက်လေ အမေ့ ကို အိုမင်းတဲ့ အထိ အတူတူနေပြီး ပြုစု လုပ်ကျွေးချင်တာပါအမေရဲ့ 
မိခက် ကို အမေ စိတ်မချဘူးမှတ်လားဟင် ၊
မိခက် ဟာ အမေ ဆိုတဲ့ သံယောဇဉ်ကြိုးလေးတစ်ချောင်းတည်းနဲ့  ချည်နှောင်ပြီး အားလုံးကို ဥပေက္ခာ ပြုထားတာပါအမေရဲ့ ၊
မိခက် အကြောင်းကို သိရဲ့ သားနဲ့  အမေ ထွက်သွားရက်တယ်နော်
မိခက် ဘယ်လို တမ်းတနေပေမယ့်  အမေ ကတော့ မရှိတော့ပါဘူး။
အမေဆုံးပြီးပြီးချင်း ဒေါ်ကြည်ဖုန်းဆက်လို့  ကိုဆက်နဲ့ မိသက် အပြေးအလွှားရောက်လာပါတယ်။
သူတို့  အမေ့ ဘေးမှာ ဖွဲ့ နွဲ့ ငိုနေကြတော့ မိခက် မျက်ရည်စတွေ ခန်းသွားပြီး ရယ်ချင်လာသလိုပဲ။
အမေ ရေ--အမေ့ သားကြီးနဲ့ သမီးလေး အမေ ဆုံးလို့ လာငိုနေတယ်၊
မိခက် မသိလို့ မေးချင်ပါတယ်။ မိဘဆိုတာ ဒီလို သေမှလာငိုယုံ ပဲ အသုံးဝင်တာလားအမေ ၊
ဒီလို စိတ်ဓါတ်ရှိသူတွေနဲ့ များသမီးကို ပြန်ခေါ်ခိုင်းရတယ်လို့ အမေရယ်
အမေ့ ရက်လည်တဲ့ အထိ အိမ်မှာနေပေးကြပေမယ့်  အိမ်ရှင် ဖြစ်တဲ့ မိခက် က စကားတခွန်းမှမပြောလို့  ကိုဆက် လည်း မိခက်ကို စိတ်တိုလာပုံရပါတယ်။
ဒီမယ် မိခက် ၊ငါတို့ ဟာမခေါ်ချင်ရင်ပဲနေလို့ ရမယ်၊ မတော်ချင်လို့ မရတဲ့ တအူတုံဆင်းမောင်နှမတွေပါ။
နင် ငါတို့ ကိုစိတ်နာနေတာသိတယ်။ နင် ဘယ်လိုရုန်းကန်ပြီး အမေ့ ကို လုပ်ကျွေးခဲ့တာလည်းသိတယ်။
အရင်တုန်းက မသိတတ်ခဲ့တာတွေကို ငါ တောင်းပန်တယ်မိခက်။
ခုချိန်ကစပြီး ငါ ဟာ နင်တို့ ကို အကိုကြီးတစ်ယောက်အနေနဲ့  ဖေးမကူညီပေးချင်တယ်
မိသက် လေးလည်း သူစိမ်းတွေကြားထဲမှာနေရတာ သိပ်ပင်ပန်းနေပြီ။
ဒီနှစ် မိသက်သားလေး ကိုးတန်းတက်ရမယ်။
ခု မိသက်က သူ့ ယောက္ခအိမ်ပေါ်ကဆင်းပြီး သူ့ ဘာသာအိမ်ငှားနေပြီးဈေးရောင်းနေရတာ။
နင့် တူလေးကစာလည်းတော်တယ်၊
လိမ်လည်းလိမ္မာတယ်၊ ဒါတွေ နင်သိရဲ့ လားမိခက် ”
“မသိဘူး၊သိလည်းမသိချင်ဘူး၊ ခု အမေ့ ရက်လည်နေ့  နော် ၊ အမေ့ အကြောင်းပဲပြော တာကြားချင်တယ်။ကျန်တာ နားမထောင်ချင်ဘူး”
မိသက်ရဲ့ မာကြောတဲ့ အပြောကြောင့် ကိုဆက်ဟာ စိတ်ဆိုးပြီးပြန်သွားပါတယ်။
မိသက် ကတော့ မျက်ရည်စတွေနဲ့ အတူ မပြန်ခင်မိခက်ကို ကန်တော့ပါတယ်။
“မခက် ၊ မိသက် ပြန်တော့မယ်နော်၊
မခက် မနေစေချင်ရင်လည်း ရပါတယ်၊မိသက် အတင်းအကြပ်မတောင်းဆိုပါဘူး။
ခု မိသက်လည်း ကိုယ့်ဘာသာဈေးရောင်းပြီးသားလေးကျောင်းစရိတ်ရှာမှာပါ။
မခက်နဲ့ အတူလာနေချင်တာဟာ မခက် ပိုင်ဆိုင်မှုတွေကြောင့် မဟုတ်ပါဘူး။
မိသက်လေ မခက် ရဲ့  မေတ္တာရိပ်မှာ ခိုလှုံချင်တာပါ ။ပြီးတော့ မခက်တစ်ယောက်တည်း နေနေရတာလည်းစိတ်မချလို့ ပါ။
တကယ်လို့  တခုခု မခက် လိုအပ်လာရင် လှမ်းခေါ်လိုက်ပါ။မိသက်လာခဲ့ပါ့မယ်။
မခက်အပေါ်ကျူးလွန်ခဲ့တဲ့  အပြစ်တွေအတွက် မိသက်ကန်တော့ခဲ့ပါတယ်။ ”
မိသက် ကန်တော့တာကို ကျောခိုင်း ဥပက္ခောပြုထားရင်း လည်ချောင်းထဲတင်းကြပ်ဆို့ နင့်စွာနဲ့  မိခက် မျက်ရည်တပေါက် လွင့် စင်ကျသွားပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၁၂ )
 ဒေါ်ကြည်ပြန်သွားပြီးနောက်ပိုင်း မိခက် နေရတာ ပိုပြီး ခြောက်သွေ့ အထီးကျန်လာပါတယ်။
နေ့ ခင်း ဟိုဒီ သွားကာ အလုပ်လုပ်နေလို့မသိသာပေမယ့်  ညဘက်ရောက်လို့  တိုက်ခန်းမှာ တစ်ယောက်တည်းနေရတဲ့အချိန်ဆို ပိုသိသာပါတယ်။
အမေ့ ကိုပဲ ဂရုစိုက်ပြီး စီးပွားရေးဖိလုပ်နေတဲ့ မိခက်မှာ ရင်ဖွင့် တိုင်တည်စရာ မိတ်ဆွေရင်းချာဆိုတာလည်းမရှိသလောက်ပါပဲ။
TV ကလာတဲ့ ချန်နယ်လိုင်းမျိုးစုံပြောင်းကြည့်လည်း ခဏတာစိတ်ပြေရုံပါပဲ။
ရုပ်ဝတ္တုပစ္စည်းတွေ ထက်  မိခက်ဘေးမှာရင်ဖွင့်တိုင်ပင်စရာ  တိုးတိုးဖော်လေး
တစ်ယောက်လောက်ကိုတမ်းတ မိပါတယ်။
ဒီလို အချိန်မှာ မှ အဖော် ဆိုတဲ့ တန်ဖိုးကို ပိုသိလာသလို မိသက်ကိုလည်းစိတ်ထဲသတိရမိသွားပါတယ်။
ဒါပေမယ့်  ချက်ချင်းကြီးလည်းမိသက်ကိုလှမ်းမခေါ်ချင်သေးတဲ့ မိခက်ဟာ မိသက် ကုန်ခြောက်ဆိုင်ထွက်နေတယ်ဆိုတဲ့    နေရာကို
တိတ်တိတ်လေးသွားကြည့်မိပါတယ်။
မိခက် က ဈေးဆိုင်အကြီးကြီးနဲ့ သေသေချာချာရောင်းနေတယ်ထင်ထားပေမယ့် 
မိသက်ဆိုင်က  ဟင်းရွက်တန်းအစပ်မှာဆောက်ထားတဲ့ ယိုင်နဲ့နဲ့  ၀ါးတန်းဆိုင်လေးပါလား။
ချည်ထည် အင်္ကျီ အနွမ်းလေး ၀တ်ပြီး ဈေးထိုင်ရောင်းနေတဲ့  မိသက် က အသားအရည်တွေမည်းညစ်နေပြီး မျက်နှာကလည်း ရင့်ရော်နေလိုက်တာ။
  မိသက်မမြင်အောင် ခပ်ဝေးဝေး က လှမ်းကြည့်အကဲခပ်နေရင်း ရင်ထဲမှာ ဆို့ နင့်လာပါတယ်။ အမေ့ ကိုလည်း ပြင်းပြင်းပျပျသတိရကာတိုင်တည်မိပါတယ်။
 အမေ ရေ၊ မိခက် မှားခဲ့တယ်နော်။
 ကိုယ့်ရဲ့ ညီမလေးတစ်ယောက်တည်း ဒုက္ခရောက်နေတာ မိခက်ပစ်ထားခဲ့ မိတယ်။
 အမေ လည်း မိသက်ကိုဒီလို မြင်နေရင်းမိခက် အိမ်မှာ နေရစားရတာ ဘယ်စိတ်ချမ်းသာ ပါ့ မလဲနော်။
အသိခေါက်ခက် အ၀င်နက်နေတဲ့  မိခက် ကို အသက်နဲ့ ရင်းပြီးအသိတရားဝင်အောင်လုပ်ပေးခဲ့တာလားအမေရယ်။
မျက်ရည်တွေနဲ့ မှုန်ဝါးနေတဲ့ မိခက်မြင်ကွင်းထဲမှာကျောင်းစိမ်းဝတ်စုံလေးနဲ့  ဆိုင်သိမ်းပေးနေတဲ့  ၁၅နှစ်အရွယ်ကောင်လေးတယောက်ကိုမြင်ရပါတယ်။
အို --ကလေးလေး ကိုကြည့်ရတာဖြူဖြူ သန့် သန့်လေးနဲ့  မိသက် ငယ်၇ုပ်လေးအတိုင်းပါလား။ဒါ မိခက် ရဲ့ တူလေးပဲ။
ဆိုင်ရှေ့ ကို ဘယ်လိုရောက်သွားမှန်းမသိဘဲ မိခက်ရောက်သွားပါတယ်။
“ဟယ်--မခက် ၊ ဘာလာလုပ်တာလဲ။ တစ်ယောက်တည်းလာတာလား။”
မိသက် ပြောသံကြောင့် ဆိုင်သိမ်းနေတဲ့  ကောင်လေးက မိခက်ကိုမော့ကြည့်ပါတယ်။
သူ့ မျက်ဝန်းတွေက မိခက် ကို ရင်းနှီးကျွမ်းဝင်နေသလို ပဲ။
“သား ၊ မင်း အံတီ့ ကို သိလား”
“သိပါတယ်  ၊ မေ မေ့ ဆီ မှာ ဖွားဖွားပေးထားတဲ့ ဓါတ်ပုံ ရှိပါတယ်။
ဖွားဖွားကလည်း ပြောထားပါတယ်။ တနေ့  သားတို့နဲ့ အတူနေရမယ့်  သားရဲ့ ကြီးကြီးတဲ့ ”
“ဟုတ်တယ် ၊ ခု ကြီးကြီးနဲ့ အတူနေဖို့  မင်းတို့ သားအမိကိုလာခေါ်တာ။”
“မခက် ---- ”
အ့ံ့သြစွာ လှမ်းအော်နေတဲ့  မိသက်ကို မိခက် စေ့စေ့ကြည့်ရင်း
“မိသက် ၊ ခုချိန်ကစပြီး နင်က ငါ့ ညီမ ပြန်ဖြစ်သွားပြီ။ဒါကြောင့် နင့်ကို ငါဒီလို မထားနိုင်တော့ဘူး။ နင်တို့ သားအမိ ဒီပစ္စည်းတွေကို တစ်ဆိုင်ဆိုင်ပေးလိုက်ပြီး ခုချက်ချင်းငါနဲ့လိုက်ခဲ့ ”
“မခက်ကလည်း ၊ ဒီလိုတော့ ချက်ချင်းကြီးမလုပ်နဲ့ လေ။ ”
“မရဘူး၊ နင် ဒီပုံနဲ့ ဈေးထိုင်ရောင်းနေတာ ငါ မကြည့်ချင်တော့ဘူး။
ခု နင်တို့ ငှားထားတဲ့ အိမ် ရှင် ကို အခန်းပြန်အပ်ဖို့ သွားပြောကြမယ်။
ပြောစရာရှိတာပြောပြီး ရင် နင်တို့ ကိုဒီညကစပြီး ငါ့ အိမ်ခေါ်ထားမယ်။”
မိခက်ကပြောပြောဆိုဆို သားလေးလက်ကိုဆွဲ ပြီး ထွက်လာခဲ့တာမို့ မိသက် မှာ ခုနကသိမ်းထားတဲ့ ဆိုင်ပစ္စည်းထုပ်လေးကို ဘေးဆိုင်က
ဒေါ်ကြီးကို ကမန်းကတန်းပေးခဲ့ရင်းနောက်ကအပြေးလိုက်လာရပါတယ်။
အမေ့ ကို တိုင်တည်လိုက်ပါတယ်။
အမေ ရေ၊ မိခက်လေ ဒီနေ့ ကစပြီးမိသက်နဲ့ သားလေးနဲ့ အတူတူနေတော့မယ်။
မိသက်သားလေးကို မိခက်လည်း  ပြုစုပျိုးထောင်ပေးမယ်။
ကိုဆက်ကိုလည်း ဒီအကြောင်းတွေပြောပြပြီး မောင်နှမတွေ ချစ်ချစ်ခင်ခင်ပြန်ပြီးခေါ်ကြ ပြောကြမယ်လေ။
အမေ့ သမီး မိခက်ဟာ အမေ အမြဲပြောနေတဲ့ ဥပေက္ခာ မိခက် မဟုတ်တော့ပါဘူး။
မေတ္တာ တရားနဲ့ မိခက်၊ ဂရုဏာ တရားနဲ့  မိခက် ဖြစ်နေပြီမို့ ရောက်ရာဘ၀ကနေ ကျေနပ်ပြုံးပျော်နိုင်ပါစေ အမေရေ။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
2 comments:
  1. အင်း.. ဒါမျိုးတွေက ဖြစ်တတ်ပါတယ်လေ.. နောက်ဆုံးတော့လည်း သွေးကစကားပြောတာပါပဲ။ "ရွှေဒေါင်းတောင်"မှာ စာသွားဖတ်ရင်းက အစ်မဘလော့လေးကိုလိုက်ရှာပြီး လာလည်တာပါ။ "ဆည်းဆာနှင်းဆီ"ကို အရမ်းကြိုက်ပါတယ်....
    ReplyDelete
  2. ဒီဝတ္ထုလေးကိုသဘောကျမိတယ် မကြာဖြူရေ။အချစ်ကြီးရင်အမျက်ကြီးတတ်တယ်ဆိုတဲ့စကားပုံလေးလိုပဲ… အနော်လည်း ချစ်ခင်မိရင်အရမ်းပေးဆပ်တတ်သလောက် တခုခုကြောင့် စိတ်နာကျင်သွားရင်တော့ ဥပက္ခာစိတ်ဝင်သွားတတ်သူမို့ ကိုယ့်ကိုယ်ကို သတိပေးနေရတယ်။ မနာကျင်စေဖို့ပေါ့။ ဒါမှလည်း ဥပက္ခာစိတ်မဝင်မှာလေ။ မောင်နှမတွေပြန်စည်းလုံးပေးတဲ့ဇာတ်သိမ်းလေးက ချစ်စရာရယ်ပါ။ :)
    ReplyDelete