Sunday, September 2, 2012
လုံးဝမသက်ဆိုင်တော့ပါ
 ( ၁ )
ဂျီမေးလ် ဖွင့် လိုက် တယ်ဆိုရင် ပဲ  အကိုကြီး ဓါတ် ပုံ လေး ပို့ ထားတာတွေ့ လို့  ထိတ်ခနဲ နေအောင်  ဝေသီ ၀မ်းသာသွားတယ်။
အကိုကြီးကလေ နှစ်လတစ်ခါ အပြန်အလှန် ဓါတ်ပုံ ပို့ နေကျ အစဉ်အလာကို ချိုးဖောက်တာ   ခြောက်လနီးပါးရှိသွားပြီ။
သူ့ ဘက်က မပို့ လည်း ဝေသီကတော့  ၀တ္တရားမပျက်  ဓါတ်ပုံလှလှလေးတွေ ရိုက်ပြီး ပို့ မြဲပါ။
ဓါတ်ပုံရိုက်တဲ့ နေ့ ဆိုရင် ဝေသီ့ မျက်နှာလေးက ကြည်ရွှင်နေပြီး  ကင်မရာကို ကြည့်တဲ့နေတဲ့ မျက်လုံးလေးတွေ က အရောင်တောက် ပနေတာပဲ။
ဒါကြောင့် လေ--အကိုကြီးကပြောတာ---
ဝေသီ့ ပုံလေးတွေကြည့်ရတာ ဝေသီ့ကို အပြင်မှာ မြင်ရသလို ခံစားရတယ်တဲ့ ။
အကိုကြီးဆီ ကို ဒီလို အသက်ဝင်နေ တဲ့  ပုံလေးတွေပဲ ဝေသီ ပို့ ချင်တယ်။
ဘာလို့ လည်းဆိုတော့  အကိုကြီး  နဲ့ ဝေသီ က ဒီဓါတ်ပုံ လေးတွေကို  ကြည့် ရင်းပဲ သံယောဇဉ် တွယ်နေရတာလေ--
ဟော--ဒေါင်းလော့ ဆွဲ ပြီးသွားပြီ။ ရင်ခုန်စွာနဲ့  ပေါ်လာတဲ့ ဓါတ်ပုံလေးကို အကြည့်မှာ-
အို--အကိုကြီးအသားတွေမည်းပြီးပိန်သွားလိုက်တာ၊မျက်နှာကလည်းအိုမင်းရင့် ရော်သွားသလိုပဲ။
အရင် တောက်ပ ပြီး အားအင်ပြည့်နေတဲ့ သူ့ မျက်လုံးတွေ ထဲမှာ စိတ်ပျက် ၀မ်းနည်းနေတဲ့ပုံပေါ်နေပါလား--
ဒါကြောင့် ထင်တယ် ၊ ခုတလော အကိုကြီးက အွန်လိုင်းလည်းသိပ်မတက်ဘူး။စကားလည်းမပြောရတာကြာပြီ။
အကိုကြီး ဘာတွေ ဖြစ်နေတာလဲဟင်--
အကိုကြီး ခံစားနေရတာတွေ ဝေသီ့ ကို ဘာလို့ ပြောမပြတာလဲဟင်
ဝေ သီ့ ကို လောက အကြောင်းမသိတဲ့ ကောင်မလေးဆိုပြီး မပြောချင်တာလား အကိုကြီးရယ်။
ဝေသီကတော့ လေး အကိုကြီး ခံစားသမျှကို ရင် နဲ့ ရင်းပြီး လိုက်ခံစားမျှယူ ချင်တဲ့ သူပါ။
ဒါတွေကို သိရဲ့ နဲ့  မသိချင်ယောင်ဆောင်နေတာလား ဟင် ---
အကိုကြီး မျက်နှာ  ကို ငေးကြည့်ရင်း  ၀မ်းနည်း စွာနဲ့ ဝေသီ တိုင်တည်ပြောဆိုနေမိပါတော့တယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂ )
ဝေေ၀သီ ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဘ၀ဟာနာမည်နဲ့ လိုက်အောင် ပျော်ရွှင်စရာတွေ ဝေဆာ ပြီး ပြည့်စုံ မှုတွေ နဲ့ သီကုံးထားခဲ့ပါတယ်။
ရွှေကုန်သည် မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သမီးလေး ဝေေ၀သီ ဟာ လှပ သိမ်မွေ့ ပြီး လိမ္မာရေးခြားလည်းရှိပါတယ်။
ကျောင်းပြီးတဲ့အထိ သူငယ်ချင်းတွေ နဲ့ မိဘ ကိုပဲ အချစ်ပိုခင်မင်ပြီး  ချစ်သူရည်းစားမရှိခဲ့ပါ။
ကျောင်းပြီးကတည်းက အမေ နဲ့အတူ  ရွေဆိုင် ကူထိုင်ရတော့ ဘယ်မှလည်း မသွားဖြစ်တော့ဘဲ အိမ်နဲ့ ရွှေဆိုင်ကူးလူးနေရတဲ့  ဝေသီ့ ဘ၀လေးက တည်ငြိမ်အေးချမ်းပါတယ်။
လိမ္မာတဲ့ သမီးလေး ကို  ဖခင်ရော မိခင်ပါ အချစ်ပိုခဲ့ကြပါတယ်။
မေမေနဲ့  အတူ ရွှေဆိုင်လိုက်ထိုင်ရင်း အားတဲ့အချိန် အွန်လိုင်းတက်ပြီး သူငယ်ချင်းတွေ နဲ့  စကားပြောလိုက်၊ စာတွေဖတ်လိုက်နဲ့  ဝေသီ့ မှာ ပျင်းချိန်ကို မရှိပါဘူး။
အွန်လိုင်းမှာ  ဝေသီ က သူယ်ချင်းနဲ့ ကိုယ် သိတဲ့ သူတွေရဲ့ အကောင့် ပဲ လက်ခံပါတယ်။
အမေ့ ကို ဘေးမှာ ထားပြီး အင်တာနက် သုံးရတဲ့  ဝေ သီ က ခုခေတ် မိန်းကလေးတွေလို
ချက်တင်နဲ့ ကြူနေချိန်လည်းမရှိပါဘူး။ဒီလို လုပ်ဖို့ လည်း စိတ်ကူးမရှိပါဘူး။
ဝေသီ အင်တာနက် သုံးတာ ဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့  ခင်ခင်မင်မင်စကားပြောဖို့ 
ဗဟုသုတ တွေ ရှာမှီးဖို့  ၊အကျိုးရှိတဲ့ စာတွေ ဖတ်ဖို့ ပါ။
ခေတ်တွေဘယ်လိုပြောင်းပြောင်း မြန်မာမိန်းကလေး ဆိုတာကိုယ့် ဘ၀ကို တန်ဖိုးထားရမယ် ဆိုတဲ့ အတွေးနဲ့  အွန်လိုင်းပေါ်ကနေ အီစီကလီစာတွေရိုက်ပြီး ထိကပါးရိကပါး ပြောတာလေးတောင် မခံနိုင်တဲ့ ဝေသီ့ ကို  အပျိုကြီး ပဲ ဖြစ် မှာပါလို့ ချစ်စနိုးကြည်စယ်ကြပါတယ်။
ဟုတ်တယ် --ဝေသီ လည်း ခုခေတ် ကောင်လေးတွေ ကိုလေ  စိတ်တိုင်းကိုမကျပါဘူး။
သူတို့ ကို မကြိုက်ရလို့ ကိုယ့်ဘာသာ အပျိုကြီးဖြစ်လည်း ဖြစ်ပါစေလို့  စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ဝေသီ့ ရဲ့ စိတ်နှလုံသားကိုလှုပ်ခတ်စေမယ့်  သူတစ်ယောက်ကို မထင်မှတ်ဘဲ ဆုံတွေ့ ခဲ့ပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 ( ၃ )
မှတ်မှတ်ရရ အဲဒီနေ့ က  ဧပရယ် ဖူးလ် လို့ခေါ်တဲ့ ဧပြီလ ၁ ရက်ေ န့ပါ။
အဲဒီနေ့ ဆို ဝေသီတို့ သူငယ်ချင်းတွေက ဘယ်လိုမှမထင်မှတ် ထားတဲ့ ကိစ္စတွေနဲ့ 
အချင်းချင်း အရူးလုပ်ပြီးနောက်ပြောင် တတ်ကြပါတယ်။
ဒီနေ့ ဟာ ဧပရယ် ဖူးလ် လို့ သိရဲ့ သားနဲ့တောင် သတိတစ်ချက်လစ်သွားတာနဲ့  အရူးလုပ် ခံရတော့တာပါပဲ။
ဝေသီ လည်း အဲဒီနေ့ က သူငယ်ချင်းတွေ နောက်ပြောင်တာ မခံရအောင် သတိထားနေရင်း နေ့ ခင်း ၂ နှစ်နာရီကျော်တဲ့အထိ အနောက် မခံ ရလို့  ငါ တော့ ဒီနှစ် တော့ လွတ်သွားပြီ လို့ ကိုယ့် ကိုယ်ကို အထင်ကြီးကျေနပ်နေတုန်းမှာပဲ ၀င့် ဝါ က ဖုန်းဆက်လာပါတယ်။
“ ဝေသီ မ ရေ ၊ ငါ့ ကို တစ်ခုလောက် ကူညီပါလား ”
“၀င့် ဝါ နော်--နင် ဘာလုပ်မလို့လဲ ဒီနေ့ ကို ”
“အာ----နင်ကလည်းဟယ် ၊နောက်ချင်ရင် ဒီမွန်း လွဲ ချိန်ထိ နေပါ့မလားဟဲ့ ၊ငါ့ အကြောင့် သိရဲ့ သားနဲ့ ၊ဟီးး”
အင်း  ဟုတ်တော့ ဟုတ်သား ၊
အရင်ကတည်းက အစအနောက်သန်တဲ့  ၀င့် ဝါ ကဒီလိုနေ့ ဆိုရင် မနက်မိုးမလင်းခင်ကတည်းက တစ်ယောက်ယောက်ကို အရူးလုပ်ပြီးလောက်ပြီ-
 “ကဲ --နင်ပြောမှာသာပြောစမ်းပါ”
 “ဒီလို ပါဟယ်--ငါ နင့်ကို အကူအညီတစ်ခုတောင်းစရာရှိလို့  --နောက်တစ်နာရီ ဆို ငါ မေမေနဲ့ အပြင် သွားရတော့မယ်။
အဲဒါ နင့် ကိုအွန်လိုင်းကနေ လူတစ်ယောက်ကို တစ်ခုလောက် ပြောခိုင်းစရာရှိလို့ ”
“ဟယ်-ရှုပ်ရှုပ် ယှက်ယှက် ၊နင် ငါ့ အကြောင်းသိသားနဲ့  ၊ငါ အွန်လိုင်းကနေ ဘယ်သူစိမ်းကိုမှ
စကားပြောတာမဟုတ်ဘူး”
“သိပါတယ်ဟယ်၊ခု ငါ ပြောခိုင်းမှာကလည်း သူစိမ်းမဟုတ်ပါဘူး။ ငါ့ အဒေါ် အပျိုကြီးရဲ့ ချစ်ချစ် ဆီပါ။”
“အယ်--နင့် အဒေါ် မှာ ရည်းစားရှိတယ် လို့ ငါ မကြားဖူးပါလား၊ အံတီ ဖြိုးကိုပြောတာလား”
“အေးလေ--ငါ့ မှာ အဒေါ် ဆိုလို့  ပွင့် နဲ့ ကိုယ်လုံးချင်း တူနေတဲ့ ဒီအပျိုကြီးပဲရှိတာကို ”
“ဟယ်--အံတီဖြိုးက ရည်းစားရှိတယ်ဟုတ်လား၊ စွံလှချည်လား၊ငါ့ ထက်သာတယ်-ဟိ”
“ဟဲ့  - လူတိုင်းကို နင့် လို ထင်နေလား၊ လူတိုင်းအချစ်ရှိတယ်။ကဲပါ--ငါ အချိန်မရှိဘူး၊
လိုရင်းပဲပြောမယ်။ အံတီ ဖြိုး လည်း ငါတို့ နဲ့ လိုက်ရမှာ၊ခု မေမေ့ နားနေနေရလို့  သူ့ ချစ်ချစ်ကို
ဒီအချိန် အွန်လိုင်းမတက်နိုင်ဘူးလို့ ပြောပေးပါဟယ်-နော် ”
“ငါ မပြောချင်ပါဘူးဟယ်--မသိတဲ့ သူစိမ်းကိုပြောရမှာ ”
“နင်ကလည်းသိပ်ရစ်တာပဲ--ငါ အချိန်မရှိတော့ဘူး။ ရော့--ဒါ အံတီဖြိုးချစ်ချစ်အကောင့် 
သူက အံတီဖြိုးထက် ငယ်တယ်၊ဒါကြောင့်  ငါ့ အံတီက သူ့ ရဲ့ မောင်တော်ဘုရားကို ဖူးဖူးမှုတ်ထားတာ ဟ ၊ စိတ်အညိုညင်မခံနိုင်ဘူးလေ --တော်ကြာချိန်းထားပြီး အွန်လိုင်းမလာရင်သူ့ ချစ်ချစ် စိတ်ဆိုးမှာ စိုးလို့ဟေ့ -
အဲဒါ နင်ပဲကြည့် ပြောထားလိုက်ပါဟယ်။
ဒါမျိုးကူညီတာ ကုသိုလ်ရပါတယ် သူငယ်ချင်းရယ်။ ဒါပဲနော် ”
သူ ပြောခိုင်းတဲ့ အကောင့် တစ်ခု ထားပြီး ၀င့် ဝါက ထွက်သွားပါတယ်။
အင်း---ဒါဆိုရင်တော့  ဟုတ်မှာပါလို့  တွေးရင်း ၀င့် ဝါပေးတဲ့အကောင့်ကို အက်လိုက်ပါတယ်။
အဲဒီလူကြီးက အွန်လိုင်းမှာရှိနေတာပဲကိုး၊ သူ့ ချစ်ချစ် အံတီဖြိုး နဲ့ ချက်ဖို့ စောင် နေ့တာလား ပဲလို့ တွေးရင်း ပြုံးလိုက်မိပါတယ်။ ၀၀တုတ်တုတ်နဲ့ အစားပုပ်ပြီး စကားများလှတဲ့  အံတီဖြိုးကိုမှ ချစ်သူတော်ထားတဲ့ ဒီလူကြီးကို လည်းရယ်ချင်မိပါတယ်။
နာမည်ကလည်း မိုးဝတီ  တဲ့ --
ကြည့်ရတာ သူကလည်း မိုးဒီ လို ခန္ဓာကိုယ်ကြီးလားပဲမသိဘူး--ဟိ
ဝေသီ အက်တာသူချက်ချင်းလက်ခံပါတယ်။
ဝေသီလည်း ပြောစရာရှိတာ မြန်ုမြန်ပြောဖို့  သူ့ကို လှမ်းခေါ်လိုက်ပါတယ်။
“ ကိုမိုးဝတီလား--ကျမ ဝေသီပါ၊ ၀င့် ဝါ မှာခဲ့လို့ပါရှင် ”
“အော်--၀င့် ဝါပြောတဲ့ သူ့ သူငယ်ချင်းဆိုတာလား  ”
“ဟုတ်ပါတယ်ရှင်၊ခုလေအံတီဖြိုးကအပြင်သွားနေလို့အွန်လိုင်း မတက်နိုင်ပါဘူးတဲ့ ၊ စောင့် နေမှာစိုးလို့ပြောခိုင်းလိုက်ပါတယ်”
“အံတီဖြိုးဆိုတာဘယ်သူလည်း၊ ကျွန်တော် မသိပါဘူးခင်ဗျာ၊ ”
“အာ--အကိုကြီးကလည်း ကိုယ့်ရည်းစားနာမည်တောင် မသိတော့ဘူးလား ”
“ဟေ့--ကလေးမမင်းဘာတွေလာပြောနေတာလဲ--ခုမှ အကောင့်လာအက်ပြီးလူကိုစွပ်စွပ်စွဲစွဲ”
“အမယ်--သူကပဲပြောရသေးတယ်၊  ကိုယ့်ရည်စား ကိုယ်မေ့ နေပြီး--ဟွန်း”
“မင်း လွန်လာပြီနော်--မင်းအကောင့် ကို လက်ခံတာ ၀င့် ဝါက မနဲပြောထားလို့ ၊ နို့မို့ဆို သူစိမ်းအကောင့် ဆို လက်ခံတာမဟုတ်ဘူး”
အမယ်--သူကပဲရာရာစစ ပြောနေသေးပါလား၊ဝေသီလည်းစိတ်တိုလာပါတယ်။
“ရှင်က အံတီဖြိုးကို မသိဘူးဆိုပြီး  ၀င့် ဝါကို ဘာလို့ သိနေတာလဲလူညာကြီးရဲ့ ”
“ဟာ-မင်း စကားပြောတာကြည့်ပြောနော်--၀င့် ဝါ က ငါ့ တူ ရည်းစားပဲ။
ဒီနေ့ ရည်စား မင်္ဂလာဆောင်သွားလို့  အသည်းကွဲပြီးကိုယ့် ကိုယ်ကို သတ်သေဖို့ ကြိုးစာေးနတဲ့သူ့ သူငယ်ချင်းတစ်ယောက်ကို စကားလေးပြောပေးပါဆိုလို့  မင်းအကောင့် ကိုလက်ခံလိုက်တာ-
မင်းနှယ် ကိုယ့် မချစ်တဲ့သူ အတွက်နဲ့ များ သတ်သေဖို့ လုပ်တယ်လို့ ၊မိုက်လိုက်တာ ”
“ဟင်--ရှင် မသိဘဲဘာတွေပြောနေတာလဲ၊ ခုပြောနေတာတွေတစ်ခုမှမဟုတ်ဘူး”
“ဘာမဟုတ်ရမှာလဲ၊ ၀ငိ့ဝါ  ကသေသေချာချာ ပြောပြထားတာ ”
“အို--မှားနေတယ်--မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး”
ဝေသီလည်း ပြောပြာဆိုဆို မေးကိုပိတ်ချလိုက်ရင်း ၀င့်ဝါ စနက်ဆိုတာသိသွားပါပြီ။
ရှက်စရာကောင်းလိုက်တာဟယ်--
ဝင့် ဝါကတော့ တော်တော်ရက်စက်တာပဲ၊ နောက်စရာရှားလို့  ဝေသီကပဲ ကိုယ့်ရည်းစား က မင်္ဂလာဆောင်သွားလို့ သတ်သေရဦးမယ်။
ဝေသီ စိတ်တိုတို နဲ့  ၀င့် ဝါဆီဖုန်းခေါ်ပြီး ရန်တွေ့ ပစ်လိုက်တော့ --
“ဟေး--ဝေသီ  ကိုယ်ညံ့  လို့ ကိုယ် ခံရတာ ၊ငါတို့  သူငယ်ချင်းတွေ ကတိထားထားတယ်လေ၊ ဧပရယ် ဖူးလ် မှာ စ ရင် စိတ်မဆိုေးကြးလို့ --ဟီဟိ ”
“ဟဲ့ --စတာက ရိုးရိုး စ ပါလားဟဲ့ ၊ ဟိုလူကြီးအမြင်မှာ ငါကပဲ ယောင်္ကျားတစ်ယောက် အတွက် ကိုယ့်ကိုယ်ကို သတ်သေမယ့်သူ ဖြစ်သွားရပြီ”
“အာ--အဲဒီလူကြီး ကို ဂရုမစိုက်ပါနဲ့ ၊ အဲဒီ ကိုဖြိုး ဦးလေး က အလုပ်ကလွဲရင် ဘာမှမသိဘူး။
သူ့ အကောင့် ကို သိတဲ့သူဆိုလို့  ငါနဲ့  ကိုဖြိုးပဲရှိတယ် ၊ နင် လည်း မကျေနပ်ရင် သူ့ ကိုဘလော့လုပ်ပစ်လိုက်ပေါ့ ၊ဒါလေးများ၊ဒါပဲနော် ငါနောက်မှပြန်ဆက်မယ် ၊တာ့တာ ”
ပြောပြောဆိုဆို ဖုန်းချသွားတဲ့  ၀င့် ဝါ ကိုစိတ်တိုရင်း ဧပရယ်ဖူးလ် နေ့ မှာ ဝေသီတစ်ယောက်
ထူးထူးခြားခြားကို အရုးလုပ်ခံလိုက်ရပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၄ )
ဝင့် ဝါ က သူ အကောင့် ကိုဘလော့လုပ်လိုက်ဆိုပေမယ့်  ဝေသီ မလုပ်ဘဲ သူ့ အခြေအနေ ကိုစောင့်ကြည့်နေလိုက်ပါတယ်။
သူ့ အကောင့်  က မီးအမြဲ နီ နေပြီး ဝေသီ့ကိုလည်း လာမခေါ်ပါဘူး။
နောက် ရက်တွေ ၀င့် ဝါပြောပြတာ ကိုဖြိုးက သူ့ ဦးလေးကို ၀င့် ဝါကဧပရယ်ဖူး လုပ်ချင်လို့ ဝေသီ့ အကြောင်းမဟုတ်တာတွေ ပြောလိုက်တာ ပြန်ရှင်းပြလိုက်ပါသတဲ့ ။
ဒါဆို သူ ဝေသီ့ ကို မဟုတ်တာတွေ ပြောထားတာ အားနာလိုက်တာဆိုတဲ့ စကားလေးတော့ ပြောရမှာပေါ့ ။
သူပြောလာရင် ဝေသီကလည်းအဲဒီနေ့ ကသူ့ ကိုရန်တွေ့ ခဲ့တာ တောင်းပန်မလို့ စောင့်နေခဲ့ပေမယ့်  တစ်ပါတ်သာကျော်လာတယ်။ သူကတော့ ဝေသီ့ကိုမခေါ်ပါဘူး။
တနေ့  ၀င့် ဝါ နဲ့ ဝေသီ အွန်လိုင်းမှာဆုံတော့
“ဝေသီရေ၊ ခု ဦးဝတီ ကပြောခိုင်းလို့ ၊သူ နင့်ကိုပြောခဲ့တာ အားနာပါတယ်-တဲ့  ”
“ကြည့်စမ်း၊ ဝေသီ ရှိနေရဲ့ နဲ့ သူက ၀င့် ဝါ ကနေ တဆင့် ပြောခိုင်းနေတာ မကျေနပ်ပါဘူး
သူက ဘာလို့  ငါ့ ကိုတွေ့ နေရဲ့ နဲ့  မခေါ်ရတာလဲဟဲ့  ”
“အော်--ငါပြောပြီးပါရောလား၊ သူက သူ့ အလုပ် နဲ့  သူ လို့ ၊ငါတို့လို ကောင်မလေးတွေကို အပျော်စကားပြောချိန်မရှိဘူး”
ဘယ်လိုပဲပြောပြော ဝေသီ့ ရင်ထဲမှာတော့  သူ လာမခေါ်လို့ မကျေနပ်ပါဘူး။
သူ က ကြည့်ရတာ ရက်စက်ပြီး ပြတ်သားမယ့်ပုံပါ။
ဘာလို့လဲဆိုတော့ သူ တင်တတ်တဲ့ စာသားတွေက သူရဲကောင်းတွေရဲ့ အဆိုအမိန့်တွေ၊
တိုက်ပွဲခေါ်သံ လို စာစုတွေ၊ နိုင်ငံရေး အကြောင်းတွေချည်းပဲ။
သူမခေါ်လည်းဘဲ အွန်လိုင်းပေါ်တက်တာနဲ့ သူ ရှိမရှိ အရင်ကြည့်မိတဲ့အထိ တစစနဲ့  ဝေသီ့ အာရုံ ထဲမှာ သူ့ အကြောင်းက နေရာယူလာပါတယ်။
အွန်လိုင်းမှာ သူ နဲ့ တစ်ခါလောက် စကားပြောချင်စိတ်ဖြစ်မိပါတယ်။ဝေသီ့ကို သူ သတိထားမိလာစေချင်တယ်။
ဝေ သီ လှတာ သူ သိစေချင်တဲ့စိတ်နဲ့  ဂျီတော့မှာလည်း  ကိုယ့်ပုံလေးတွေ တင် ထားမိပါတယ်။
ဒါပေမယ့်  သုံးလကျော်ခဲ့ပေမယ့် သူ့ အကောင့်ကတော့ မီးနီပြီးတိတ်ဆိတ်လျှက် ပဲမို့  ဝေသီ့ ရင်ထဲ ၀မ်းနည်းအားငယ်သလိုတောင် ခံစားရပါတယ်။
ဒီလိုနဲ့တနေ့ မှာတော့  ဝေသီ အွန်လိုင်းရောက်တာနဲ့ သူ့ အကောင့်ကိုကြည့်လိုက်တော့ ထူးထူးဆန်းဆန်း မီးစိမ်းနေလို့  အံ့ သြနေတုန်းမှာပဲသူကဝေသီ့ကို ခေါ်လာပါတယ်။
“ညီမလေးရေ၊  အကိုတစ်ခုပြောချင်လို့ ပါ။”
“အော်--ဟုတ်ကဲ့၊ပြောပါ ”
“ညီမလေး ခုတင်ထားတဲ့ မင်္ဂလသုတ်က စာသားမှားနေလို့ပါအမှန်က အသေ၀နာစ ဗာလာနံ ဖြစ်ရမှာ  ”
သူပြောမှ ဝေသီ လည်းကိုယ်တင်ထားတဲ့ စာသားကိုပြန်ကြည့်တော့မှစာလုံးပေါင်းမှားနေတာတွေ့ လို့ပြင်လိုက်ပါတယ်။
“ဟုတ်တယ်၊ ညီမ ရေးတာမှားသွားလို့ ၊ကျေးဇူးပါပဲနော် ”
“ရပါတယ်၊ ညီမလေးက မင်္ဂလသုတ် က စာသားတွေ တင်ထားတတ်တယ်နော်၊ ”
“ဟုတ်ကဲ့ ၊ ဝေသီ ကြိုက်လို့ပါ ”
“ကောင်းတယ်၊ မင်္ဂလာတရားနဲ့ အညီ နေတယ်ဆိုတဲ့ သဘောပေါ့ ၊ ဒီလို တွေးပြီးဒီလို စာတွေ တင်တတ်တဲ့ မိန်းကလေး ခုခေတ်မှာရှားသွားပြီ၊ညီမလေးက ဘာသာရေးလည်းကိုင်းရှိုင်းတယ်လို့  ကြားတယ် ”
 ကြည့်စမ်း၊ သူက ဝေသီ့ ကိုသာလာစကားမပြောတာ ဝေသီ့ အကြောင်းသိနေပါလား
 ကြည့်ရတာ ၀င့် ဝါ စနက်ပဲဖြစ်ရမယ်လို့တွေးမိပါတယ်။
အဲဒီနေ့ ကစလို့  သူနဲ့  ဝေသီ စတင် ခင်မင် ရင်းနှီးလာပါတယ်။
 ဝေသီ အွန်လိုင်းပေါ်ရောက်တာနဲ့   သူ့ အကောင့် ရဲ့ မီးနီလေး က စိမ်းလာပြီးစကားတွေပြောလာတတ်တာမို့ 
ရင်ထဲမှာ ကျေနပ်ပျော်ရွှင်ခြင်းနဲ့ အတူ ထူးဆန်းတဲ့ ခံစားမှုလေးတစ်ခု ရင်ထဲကို နူးညံ့ သိမ်မွေ့ စွာ တိုးလာပါတယ်။
တစ်စထက် တစ်စ မမြင်ရတဲ့ နှောင်ကြိုးလေးတစ်မျှင်ဟာ ဝေသီတို့ နှစ်ယောက်ကိုရစ်ပတ်လာခဲ့ပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၅ )
သူ က ဝေသီ့ ထက် ၉ နှစ်တောင်ကြီးတာမို့  အကိုကြီးလို့ ခေါ်မိတယ်။
ဂျီတော့ မှာ စာရိုက်ပြီး သူ ခေါ်တဲ့  ညီမလေး ဆိုတဲ့  အသံဟာ တလောကလုံးမှာ အသာယာဆုံးလို့ ထင်ပါတယ်။
ရှေးဘ၀ရေစက် ဆိုတာ ဒါမျိုးကိုပြောတာလားပဲ--သူစိမ်းယောင်္ကျားလေးတွေ ဆို သိပ် ရင်းရင်းနှီးနှီးနဲ့  မခင်တတ်တဲ့ ဝေသီလေ အကိုကြီးကို တော့ အနှစ်နှစ်အလလ ရင်းနှီးခဲ့ သူလို သဘောထားနေမိတယ်။ တစ်နေ့ တာ ဝေသီ့ အကြောင်းတွေ ၊ ဝေသီ ခံစားရတာတွေ တိုင်တည်ပြောဆိုနေမိတယ်။
ဒါပေမယ့် အကိုကြီး ကေ တာ့ သိပ်ကို လျှို့ ဝှက်လွန်းတယ်လို့ ဝေသီ ထင်ပါတယ်။
ခုထိ အကိုကြီး ဘာအလုပ်လုပ်တယ်၊ ဘယ်နိုင်ငံ နေတယ်ဆိုတာ တိတိကျကျ မသိပါဘူး။
အကိုကြီး ကိုမေးတိုင်း ပြောပြလို့ မရလို့ပါ ညီမလေးရယ်--လို့ ပဲပြန်ဖြေတတ်တယ်။
ဝင့် ဝါ ကိုတောင် သူ့ ကောင်လေး ကမပြောပြဘူးတဲ့ --အန္တာရယ်များပြီး လူသိခံလို့ မရတဲ့ အလုပ်မို့  ပြောလို့မဖြစ်ဘူးတဲ့ ။
ဒါပေမယ့်  နိုင်ငံအတွက် လုပ်နေတာတော့အမှန်ပဲတဲ့ ---
ခု ဝေသီတို့ ကို ပြောပြထားတဲ့ နာမည်ကတောင် မှတ်ပုံတင်ထဲကနာမည်မဟုတ်ဘူးတဲ့ --
ဘယ်လိုလဲ အကိုကြီးရယ်--ရှင်ဟာ ဘယ်လို လူစားလဲဟင်--
ကိုယ့် ရဲ့ ကိုယ်ပိုင်ဘ၀ ကို အပျောက်ဆုံးခံပြီး လုပ်နေရသတဲ့လား--
အကိုကြီး နဲ့  စကားပြောရင်း ဝေသီ ခန့် မှန်းမိတာကတော့ သူနေရတာမြန်မာနိုင်ငံနဲ့ သိပ်မဝေးတဲ့  ကျွန်းဆွယ်လေးတစ်ခု လို့ ပဲထင်ရတယ်။
အကိုကြီးက သိပ်ပါးနပ်ပြီး သတိရှိတယ်။
ဝေသီ က သူ နေတဲ့ နေရာ ကိုအချိန်တွက်ကြည့်ချင်လို့ ခု ဘယ်နှနာရီလဲလို့  အငိုက်ဖမ်းပြီးမေးတာတောင်   မြန်မာစံတော်ချိန် ကိုပဲဖြေတတ်တယ်။
တစ်ခါတစ်လေ တစ်ပတ်လောက်ပျောက်နေတတ်ပြီး တစ်ခါတစ်လေလည်း အွန်လိုင်းမှာ အမြဲရှိနေတတ်တဲ့  အကိုကြီး က ဘာတွေလုပ်နေလဲ ဝေသီ မခန့် မှန်းတတ်တော့ဘူး။
သေချာတာတခုကတော့ အကိုကြီး အလုပ်ကခက်ခဲပင်ပန်းတယ်ဆိုတာ ခန့် မှန်းမိတယ်။
ဝေသီ နဲ့ တွေ့ တဲ့အချိန်  အကိုကြီးရေ --ဘာစားပြီးပြီ လဲလို့ မေးလိုက်ရင်
ပေါင်မုန့်၊ ကော်ဖီ၊ ကြက်ဥပြုတ်၊ ခေါက်ဆွဲပြုတ် --ဒါတွေပဲ စားနေတယ်ပြောပါတယ်။
ထမင်းလည်းတစ်ခါတလေ မှချက်စားရတဲ့ပုံ ပေါ်တဲ့  အကိုကြီးကို ဝေသီ သနားလိုက်တာ။
အိမ်မှာဖွယ်ဖွယ်ရာရာ ဟင်းလေးတွေ ချက်တဲ့ နေ့ ဆို  တကူးတက ဓါတ်ပုံရိုက်ပြီး  မေးလ်နဲ့  ပို့ ပေးတတ်တဲ့ ဝေသီ့ ကို အကိုကြီးက ရယ်မော သဘောကျနေတတ်တယ်။
အကိုကြီးကိုလေ ဝေသီ ကိုယ်တိုင် ချက်ကျွေးချင်လိုက်တာ--
ဘယ်ကမှန်းမသိတဲ့  သူစိမ်းတစ်ယောက်အပေါ် ထားမိတဲ့ ဝေသီ့ သံယောဇဉ်တွေဟာ အချိန်ကြာလေ ပိုတိုးလေ ပါပဲ အကိုကြီးရယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၆ )
ဒီလိုနဲ့  ဝေသီ တို့ ခင်လာတာ ၆လ လောက်ရှိလာတဲ့အထိ အကိုကြီးကို မမြင်ဖူးပါဘူး။
တနေ့ တော့ ဝေသီ လည်း အကိုကြီး ကိုမြင်ဖူးချင်တယ်လို့ ပြောလိုက်တယ်။
“ဘာဖြစ်လို့ မြင်ဖူးချင်ရတာလဲညီမလေးရယ်၊ အကိုကြီးက ရုပ်ဆိုးပါတယ်”
“ဆိုးဆိုး ဘာဖြစ်လဲ၊ ကိုယ့်  အကို ပဲမြင်ဖူးချင်တာပေါ့  ”
“ဒီအတိုင်းပဲ ပြောစကားတွေကိုပဲပုံဖော်ကြည့်နော်”
“မရဘူး၊ အကိုကြီးဓါတ်ပုံ ပို့ မှာလား ၊မပို့ဘူးလား”
“မဖြစ်လို့ပါ ညီမလေးရယ်”
“တော်ပြီ၊ရတယ် --ဒီလောက်တောင်ပြောနေတာတောင် မပို့ ပေးရင်လည်းနေ ၊ ကိုယ် ကတော့ ကိုယ် အကိုကြီး ပုံမို့ တောင်းနေတာ ကို ၊ရတယ် ၊စိတ်ဓါတ်သိရတယ် ”
ဝေသီ လည်းဒီလောက် တောင်းနေတာတောင် မပြဘူးဆိုလို့  စိတ်တိုတို နဲ့ အကိုကြီးကို ဘလော့လုပ်ထားလိုက်ပါတယ်။
ရှက်လည်းရှက် ပြီး ခံပြင်းမိပါတယ်။ဝေသီ့ ဘ၀မှာ ပထမဆုံးရင်းနှီးပတ်သက်မိတဲ့ ယောင်္ကျားတစ်ယောက် ဟာ သာမန်လူတွေလို ဘ၀မျိုးမဟုတ်ပါလား--
ဒီလို လူမျိုးကို သံယောဇဉ် တွယ်မိတဲ့ ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်မိတယ်။
ဝေသီ အကိုကြီးကို ဘလော့ လုပ်ထားတဲ့  ၆ ရက်မြောက်နေ့ မှာပဲ ဝေသီ့ မေးလ် ထဲကို ဓါတ်ပုံလေးတစ်ပုံ ရောက်လာပါတယ်။
“သိပ်ဆိုးတဲ့ ကောင်မလေး
ဓါတ်ပုံ ပို့ လိုက်တယ်၊ ဘယ်သူ့ မှမပြဘဲ တစ်ယောက်တည်းကြည့်
အကိုကြီး”
အကိုကြီးရယ်--ဒေါင်းလော့ဆွဲပြီးပေါ်လာတဲ့ မျက်နှာတစ်ခုကို ကြည့်ပြီး ရင်ခုန်ကြည်နူးစွာနဲ့ ဝေသီ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ ၀ိုင်းလာမိတယ်။
ဖြောင့် မတ်ပြီး အမှန်တရားကိုမြတ်နိုးတတ် ပုံပေါ်တဲ့  လူတစ်ယောက်ရဲ့ ပုံရိပ်ကို ဝေသီမြင်နေရတယ်။
ခပ်သွယ်သွယ်မျက်နှာမှာ ပြတ်သားတဲ့ မေးရိုးတွေကခိုင်မာတယ်၊ မျက်ခုံးထူထူ၊ နှာတံဖြောင့် စင်းစင်းနဲ့  သာမန်ရုပ်ရည် မှာ ထူးခြားတာက တောက်ပစူးရှတဲ့ မျက်ဝန်းတွေပါ။
အကိုကြီးမျက်လုံးတွေ က ပြတ်သားတိကျမယ့် ပုံပဲ။
အကိုကြီး၊ ဒါဟာ ဝေသီ့ ရဲ့ အကိုကြီးပါလား--
ဝေသီ ချက်ချင်းပဲ အကိုကြီးကို ဘလော့လုပ်ထားတာပြန်ဖွင့်လိုက်ပါတယ်။
အကိုကြီးကလည်း ဝေသီ့ ကိုစောင့် နေပုံရတယ်။
“အကိုကြီးပုံ ကြည့်ပြီးပြီသိလား၊ တို့ အကို က ကြည့်ကောင်းသားပဲ--အဟိ ”
“လူဆိုးမလေးရေ၊ ခင်ဗျားလေး စိတ်မကောင်းဖြစ်နေလို့ သာ ပို့ ရတာ ၊ တကယ်ဆို
အကိုကြီး ရဲ အလုပ်က  ဒီလိုကိုယ့်  ဓါတ်ပုံ ကို ပို့ ချင်သလို ပို့ ခွင့် မ၇ှိဘူး၊ ”
“အာ--ကိုယ့်ပုံကိုယ်ပို့ တာပဲ ၊ ဘာဆိုင်လဲ”
“ညီမလေးမသိလို့ ပါကွယ်၊ အကိုကြီးတို့ က ကိုယ့်ဘ၀ ကိုယ်မပိုင်ဘူး၊ အားလုံးပေးဆပ်ထားရတဲ့ ဘ၀ပါ။ ဒါလေးတော့ မှတ်ထားနော်”
“စိတ်ချပါအကိုကြီး၊ ဒီဓါတ်ပုံကိုဝေသီ တစ်ယောက်တည်းကြည့်မှာပါ၊၀င့် ဝါကိုတောင်မပြပါဘူး။”
“ညီမလေးပုံလေးလည်းပို့ ပေးပါလား၊ အကိုကြီး သိမ်းထားချင်လို့ ”
“ဟုတ်၊ ခု ပို့ ပေးမယ် နော်--ခဏလေး”
ဝေသီ ချက်ချင်းပဲ အကိုကြီးဆီကို ဓါတ်ပုံပို့ ပေးလိုက်ပါတယ်။
“ဟား--ငါ့ ညီမလေးက အချောလေးပဲ၊ ဆံပင်ရှည်လေးနဲ့ ကျက်သရေရှိလိုက်တာ”
အကိုကြီးအပြောကြောင့် ဝေသီ ကြည်နူးမိတယ်။
အဲဒီနေ့ ကစပြီး ဝေသီ နဲ့ အကိုကြီး ဟာ နှစ်လတစ်ကြိမ် ဓါတ်ပုံတွေ အပြန်အလှန် ပို့ ပေးကြပါတယ်။
ဝေသီ့ ပုံလေးတွေကတော့  ပိုပို ပြီး လှပမြူးကြွလာသလောက် အကိုကြီး က ပင်ပန်းပြီး ပိန်သွားတတ်လို့ ကျန်းမာရေးဂရုစိုက်ဖို့ ၊ အစားမှန်မှန် စားဖို့  ဝေသီ့ မှာ တတွတ်တွတ် မှာရပါတယ်။
 ခင်မင်ခဲ့တဲ့ သက်တမ်း တစ်နှစ်ခွဲ အတွင်းမှာ ဒီတစ်ခါပို့ လိုက်တဲ့ အကိုကြီးပုံကိုကြည့်ရတာ ကျန်းမာရေးချို့ တဲ့ နေပုံရပါတယ်။
ဘာရောဂါတွေခံစားနေရတာလဲအကိုကြီးရယ်၊ဝေသီသနားလိုက်တာ၊
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၇ )
ဝေသီ့ ဘ၀ ရဲ့ အပြောင်းအလဲတစ်ခုကတော့ ဖေဖေ ရုတ်တရက် ဆုံးသွားတာကိုကြုံလိုက်ရခြင်းပါ။
ခရီးသွားရင်းရုတ်တရက် ကားမှောက်ပြီးဖေဖေ ဆုံးသွားတော့  ဝေသီ နဲ့ မေမေ တို့ ဖြေမဆည်နိုင်အောင် ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။
ပုံမှန်အတိုင်းသားအမိနှစ်ယောက် ရွှေဆိုင် ထွက်နေပေမယ့် ဖေဖေ ရှိတုန်းကလို မဟုတ်ဘဲ
ရွှေအရောင်းအ၀ယ်လုပ်ငန်းက အရင်လို မဟုတ်တော့ပါဘူး။
နဂိုကတည်းက ဖေဖေ့  ရဲ့ ဦးဆောင်မှုနောက် မှာ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းနေရတဲ့ မေမေကလည်း တခုခုဖြစ်ရင်  ဆုံးသွားတဲ့ ခင်ပွန်းကို တမ်းတ ပြီး အားငယ်ဝမ်းနည်းနေတတ်ပါတယ်။
ဒီလိုအခြေအနေ မှာ ဝေသီတို့ သားအမိရဲ့ ဘ၀လေးထဲတိုးဝင်လာတဲ့သူက သတိုးအောင်ပါ။
သတိုးအောင်ရဲ့ မိဘတွေကလည်း ရတနာကုန်သည်တွေမို မေ့မေ တို့ နဲ့ ရင်းနှီးပါတယ်။
ကျောင်းမှာကတည်းက ဝေသီ့ ကို ချစ်ခွင့် ပန်ခဲ့ဖူးတဲ့ သတိုးအောင် က ကျောင်းပြီးကတည်းက
ထက်ထက်မြက်မြက် နဲ့ မိဘ လုပ်ငန်းကို ဦးဆောင်ပေးနေတာ မေမေက သိပ်သဘောကျတာပါ။ သတိုးအောင်မိဘတွေကလည်း ဝေသီ နဲ့ဆို သဘောတူတဲ့အကြောင်း မေ့  မေ့ ကို ပွင့် ပွင့် လင်းလင်းပြောပြီးပါပြီ။
မေမေ ကလည်း သတိုးအောင်လို အားကိုးရတဲ့ သူကို သားမက်တော်ချင်ပါတယ်။
ခက်တာက ဝေသီ့  စိတ်နဲ့ နှလုံးသားပါ။
ကျောင်းမှာတုန်းက သတိုးအောင်ကို ပြန်လက်မခံတာက သူငယ်ချင်းတွေနဲ့ ပဲ ပျော်ရွင်နေုပြီး
အချစ်ရေးကို စိတ်မ၀င်စားလို့ ပါ။
ခုကျတော့  သတိုးအောင်ကို လက်မခံနိုင်တာက ဝေသီ့ နှလုံးသားမှာ နေရာမရှိတော့လို့ ပါ။
ဟုတ်တယ်--ခုလေ ဝေသီ့ နှလုံးသားထဲမှာ အကိုကြီးဆိုတဲ့  ဘယ်ကမှန်းမသိတဲ့  လူတစ်ယောက်က နေရာအပြည့်ယူထားပါတယ်။
ခုတလောအကိုကြီးကို အွန်လိုင်းမှာ မတွေ့ လို့  မေးလ်ပို့ပြီး သတိုးအောင်ကိုလက်မခံချင်လို့    မေမေ့ ကိုဘယ်လိုငြင်းရင်ကောင်းမလဲဆိုပြီး မေးထားပေမယ့် အကိုကြီးဆီက ပြန်စာမလာသေးပါဘူး။
အွန်လိုင်းပဲမတက်ဖြစ်တာလား၊ တမင် စာမပြန်ချင်လို့လားအကိုကြီးရေ--
မေမေ ကလည်း ဝေသီ မျက်နှာမကောင်းတာရိပ်မိပြီးမေးလာပါတယ်။
“သမီးလေး--နေမကောင်းဘူးလား”
“ကောင်းပါတယ်မေမေ ၊ခေါင်းနဲနဲကိုက်ချင်သလို ဖြစ်နေလို့ ပါ”
“မေမေ ပြောတဲ မော့င်သတိုးအောင် နဲ့ ကိစ္စကိုစဉ်းစားပေးပါဦးလားသမီးရယ်
သူက သမီးကိုလည်းမေတ္တာရှိနေတယ်၊မိဘချင်းကလည်း ခင်မင်ပြီးသား--”
“သမီးလေ--သမီး အိမ်ထောင်မပြုချင်သေးဘူးမေမေ”
“သမီးအသက်လည်း မငယ်တော့ဘူး ၂၅ နှစ်ကျော်နေပြီနော် --
နောက်ပြီးသမီးမှာ တိုင်ပင်အဖော်ပြုစရာ မောင်နှမတွေလဲမ၇ှိဘူး၊ မပြောကောင်းပြောကောင်း ခုနေ မေမေပါ ရုတ်တရက် ဆုံးသွားရင် လောကအလယ် ငါ့ သမီးလေး တစ်ယောက်တည်းကျန်ခဲ့မှာလည်းမေမေ စိတ်မချဘူးကွယ်”
“ မေမေရယ်--ဒီလိုမပြောပါနဲ့  ”
“မပြောလို့ မရဘူးသမီး၊ ကံကြမ္မာဆိုတာမမြင်ရဘူးလေ--
ကဲ--သမီးက ဒီလောက်တောင် သတိုးအောင်ကိုငြင်းနေရတာ --သမီးမှာ ရည်ရွယ်ထားသူ ရှိလို့ လာ-ပြော”
“သမီးလေ-သမီး ----”
ပိုက်ဆံချမ်းသာတာဆင်းရဲတာလည်းအရေးမကြီးဘူး-
အရေးကြီးတာက မေမေတို့ နဲ့  အတူတူ နေပြီးသမီးလေးကိုစောင့်ရှောက်ပေးမယ့်သူဆိုရပါတယ်”
“အကိုကြီးရေ--မေမေကမေးနေပြီ--ဝေသီ ဘယ်လိုဖြေရမှာလဲ
ဝေသီ့ ချစ်သူဟာ ဘယ်မှာနေပြီးဘာလုပ်မှန်းမသိရတဲ့ ကိုယ်ပိုင်ဘ၀ကို ဖျောက်ထားတဲ့ အမည်မသိ သူစိမ်းတစ်ယောက်ပါလို့ --မေမေ့ ကို ဝေသီ ဘယ်လိုပြောရပါ့မလဲ--”
မေးသမျှ ပြန်မဖြေနိုင်ဘဲ စိတ်ထိခိုက်နေပုံရတဲ့ သမီးလေးကို ကြည့်ရင်းသနားလာလို့ မေမေ ကဘာမှမပြောဘဲထွက်သွားတဲ့အခါ ဝေသီ အကိုကြီးကို တမ်းတရင်း ရှိုက်ကြီးတငင် ငိုမိပါတော့တယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၈ )
ဒီ နေ့  အကိုကြီးကို ပြင်းပြင်းထန်ထန် သတိရလာလို့ ဝေသီ အွန်လိုင်းတက်ခဲ့ပေမယ့်  အကိုကြီးအကောင့် က မီးမလင်းပါဘူး။
လူပဲမရှိတာလား--တမင်ပုန်းနေတာလား ဟင်
ဝေသီ လေ အကိုကြီး ကို ဝေသီ့ ရင်ထဲက ခံစားနေရတာတွေ ပြောပြချင်လိုက်တာ ရှင်
အကိုကြီးရေ --အကိုကြီးရေ လာခဲ့ပါနော်--
စိတ်ထဲကနေ တမ်းတတိုင်တည်နေတုန်းမှာပဲ သူ့ အကောင့် မီးစိမ်းလာပါတယ်။
“ညီမလေးရေ--မတွေ့ ရတာကြာပြီနော်”
“အကိုကြီး--ပျောက်နေလိုက်တာ -နေရောကောင်းရဲ့ လားဟင်၊ဝေသီ စိတ်ပူနေတာ”
“ဟုတ်တယ် --အကိုကြီးနေမကောင်းဘူး ”
“ဟုတ်လား--ဘာဖြစ်နေလို့လဲ--ဝေသီ ဘာကူညီရမလဲ ၊ပြောပါ”
“ရတယ်ညီမလေး--အကိုကြီး အတွက် မပူနဲ့ ၊ ခု ညီမလေးကိုပြောစရာရှိလို့ ခဏ တက်လာတာ”
“ဟုတ်၊ပြောပါ ”
“ညီမလေး ပို့ လိုက်တဲ့ မေးလ် အကိုကြီးဖတ်ပြီးပါပြီ။
သတိုးအောင်ဟာ ညီမလေးလက်တွဲသင့်တဲ့ အဖော်မွန်ကောင်းပါ ၊လက်ခံလိုက်နော်”
အို--ပြောရက်လိုက်တာအကိုကြီးရယ်--သတိုးအောင်ကိုလက်ခံရမယ်တဲ့လား-
“ဘာလို့ ဒီလိုပြောတာလဲအကိုကြီး၊ ဝေသီ မှ သူ့ ကိုမချစ်တာ
ဝေသီ့ မှာလေ--ဝေသီ့ မှာ ချစ်တဲ့သူရှိတယ်”
ဝေသီ လည်း အရဲစွ န့်ပြီးပြောလိုက်ပေမယ့် ----
“ညီမလေးစိတ်ကို အကိုကြီးနားလည်ပါတယ်။
ဒါပေမယ့် သိပ်စိတ်ကူးမယဉ်ပါနဲ့ ညီမလေးရယ်၊ လက်တွေ့ ဘ၀ ကို ဖြတ်သန်းရင်ဆိုင်ရတဲ့အခါ စိတ်ကူးတွေ အိပ်မက်တွေ ကို ဖျောက်ပစ်လိုက်ပါ။
ညီမလေးကို ဒီစကားပြောချင်လို့ အကိုကြီးစောင့်နေတာ၊ အချိန်သိပ်မရှိဘူး၊
အကိုကြီးတို့ နေရာပြောင်းရမယ်။ ပစ္စည်းတွေလည်းအကုန်သိမ်းပြီးပြီ၊
နောက်နေရာရောက်ရင် အကိုကြီး အွန်လိုင်းလည်းမတက်နိုင်တော့ဘူး-
ဒါကြောင့် ညီမလေးကို အပြီး အပိုင် နုတ်ဆက်ပါတယ်။”
“ဟင် --အကိုကြီး --ဒါဆို နောက် အကိုကြီးနဲ့ ညီမလေး ဘယ်တော့မှမတွေ့ ရတော့ဘူးပေါ့ ”
“၀မ်းနည်းပါတယ် ညီမလေး၊ အကိုကြီးဆိုတဲ့ လူတစ်ယောက်ဟာ ညီမလေးနဲ့ လုံး ၀မသက်ဆိုင်တော့ဘူး။
ညီမလေးဘ၀တည်းက အပြီးအပိုင်ထုတ်လိုက်ပါတော့--
ညီမလေးဘ၀ သာယာချမ်းမြေ့ ပါစေလို့ ဆုတောင်းခဲ့ပါတယ် --အကိုကြီးသွားပြီနော်”
ပြောပြောဆိုဆို အကိုကြီး အကောင့် မီးပိတ်သွားတော့ ဝေသီ့ ရင်ထဲဟာကနဲဖြစ်သွားပါတယ်။
ဒါဟာ--တကယ်ပဲလား-အိပ်မက်လား
ရင်နဲ အမျှ  တွယ်တာ ချစ်ခင်လာရတဲ့ သူတစ်ယောက်ဟာ ခု ဝေသီနဲ့ ဘာမှမဆိုင်တော့ဘူးတဲ့ -- တစ်ဘ၀စာနုတ်ဆက်သွားပြီတဲ့ --
ဒါဟာ ဖြစ်သင့် လား-
အကိုကြီးရေ--ဝေသီ့ ရင်ထဲက ခံစားချက်တွေကိုနားထောင်မပေးတော့ဘူးလားဟင်
ဝေသီ့ နှလုံးသားထဲက ချစ်ခြင်းတွေ ကို တစ်စစီ လွှင့် ပစ်လိုက်ရမှာလား-
အကိုကြီးရော ဝေသီ့ ကို တယုတယ နဲ့ ခင်မင် အကြင်နာပိုခဲ့တာပဲမှတ်လား--
ခုမှ ဘာမှမသက်ဆိုင်တော့ပါ-ဆိုပြီး ဒီလိုလွယ်လွယ်လေးလက်ပြ နုတ်ဆက် ထွက်ခွာသွားလို့ ရလား--
အကိုကြီးသိပ်ရက်စက်တယ်-
အကိုကြီးရေ
အကိုကြီးရေ
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၉ )
“မေမေ --ဘုရားရှိခိုးရင်းဘာလို့ နိုနေတာလဲ  ၊ အဲလို နိုရဘူး --တိတ်တိတ် ”
သားသားရဲ့ အသံလေးကြားမှ ဝေသီတစ်ယောက် ပါးပြင်ပေါ်ကမျက်ရည်စတွေကိုသုတ်လိုက်ပါတယ်။
သုံးနှစ်ကျော်ပဲရှိသေးတဲ့ သားလေးက သိပ်စကားတတ်ပြီး ချစ်စရာကောင်းလို့   မေမေနဲ့ ကိုသတိုးရဲ့ 
အသည်းကျော်လေးပေါ့  ။
“မေမေ  --တီတီဝါ ရောက်နေတယ် ”
သားလေးပြောနေတုန်းမှာပဲ ၀င့် ဝါ ဘုရားခန်းထဲဝင်လာပါတယ်။
မျက်ရည်စတွေနဲ့ ဝေသီ့ ကို စိတ်မကောင်းသလိုကြည့်ုရင်းသက်ပြင်းချနေပါတယ်။
“ဒီနေ့ အကိုကြီးဆုံးတာ ၃ နှစ်ပြည့် နော် ၀င့် ဝါ ၊
 ငါ သူ့ တွက် ဘုရားမှာ ဆွမ်းကပ်ပြီး အမျှဝေပေးနေတာပါ။
 သူ ရောက်ရာဘ၀က သာဓုခေါ်နိုင်အောင်ပါ။
 နောက်ပြီးနောင်ဘ၀ဆက်တိုင်း  ဒီလို လူမသိသူမသိ သေဆုံးသွားရတဲ့ သူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးနေမိတယ်”
“အေးပါ--သူငယ်ချင်းရယ်၊
ဒါပေမယ့်  သူက နိုင်ငံအတွက် ပေးဆပ်ရင်းသူ့ ဘ၀ကိုစတေးသွားရတာမို့ မွန်မြတ်ပါတယ်ဟယ်။
သူကောင်းရာမွန်ရာ ဘုံဘ၀ ရောက်မှာပါ ၊
နင်သာ နင့် မိသားစု ဘ၀လေးကို သာယာအောင်တည်ဆောက်ပါ။
ဒါမှ ရောက်ရာဘ၀ကနေ နင့်ကိုကြည့်ပြီး သူပျော်ရွှင်နိုင်မှာ”
သားသားကိုရင်ခွင်ထဲ ပွေ့ ဖက်ထားရင်း ၀င့် ဝါ အပြောကို လက်ခံတဲ့အနေနဲ့ပြုံးပြီးခေါင်းညိတ်လိုက်မိပါတယ်။
ဝေသီ ရဲ့  လက်ရှိ မိသားစုဘ၀လေးကိုဝေသီတန်ဖိုးထားပါတယ်။
ကိုသတိုး စိတ်ချမ်းသာစေရမယ့် အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ်။
 ဘုံဘ၀တစ်ခုကိုရောက်နေတဲ့  ဝေသီနဲ့ လုံးဝမသက်ဆိုင်တော့တဲ့  အကိုကြီးလည်း ဝေသီ့ ရဲ့ သာယာ
ချမ်းမြေ့ နေတဲ့ ဘ၀လေးကို မြင်ရင်ကျေနပ်စွာပြုံးနေလိမ့်မယ်ထင်ပါတယ်။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
No comments:
Post a Comment