Monday, June 4, 2012
နေ၀န်းနီရဲ့ အနွယ်တော်သို့  တမ်းချင်း
 ( ၁ )
 ဒီမနက် ထူးထူးခြားခြား နှင်းတွေ အရမ်းကျနေတယ်--
ပြတင်းတံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲနှင်းမှုန်လေးတွေကအခန်းထဲကိုအပြေးဝင်လာပါတယ်-
အေးစက်သွားတဲ့ မျက်နှာပြင် ပေါ်ကခံစားမှုနဲ့ အတူ နှလုံးအိမ်ထဲမှာလဲ အေးစိမ့် သွားတာပဲ-
ဟိုး-- ခြံထောင့်မှာ  ဆောင်တော်ကူးပန်းတွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေပြီနဲ့ တူတယ်။
  ဒါပေမယ့် လောလောဆယ် ပြူတင်းအပြင်မှာ ဘာအရာဝတ္တုကိုမှ မမြင်ရလောက်အောင် 
နှင်းတွေကပိတ်ဖုံးထားလိုက်တာ--
တခါတလေ လာလည်ခွင့်ရတာနဲ့ ပဲ ငွေနှင်းမှုန်တွေက မပြန်ချင်တော့ဘူးနဲ့ တူတယ်--
မရဘူး နှင်းလေးတွေရေ--မင်းတို့ ကို နှင်ထုတ်မယ့်  တန်ခိုးရှင်ကြီးလာတော့မှာ--သိလား
မင်းတို့ဘယ်လောက်ပဲပိတ်ဖုံးထားပါစေ-သူလာရင် မင်းတို့ အဝေးကိုလွင့်စင်ပြေးရတော့မှာပါ။
 ပြတင်းဝကမခွာဘဲ အကြာကြီးရပ်နေမိတယ်--တစုံတခုကို မျှော်စောင့်ရင်းပေါ့ ---
ဟော-ကြည့်နေရင်းမှာပဲအရှေ့စွန်းစွန်းဆီက နေ၀န်းကြီး ရဲရဲ နီစွာ ထွက်ပေါ်လာပါတော့တယ်။
 သူရိန်နေမင်းကြီးရဲ့ရောင်စဉ်တန်းတွေဖြန့်ကျက်လိုက်တဲ့အခါမှာတော့နှင်းပုဝါပါးလေး ပေါက်သွာြး့ပီ-
တစစ မြင့်တက်လာတဲ့ နေမင်းကြီးကိုကြည့်ရင်း တစုံတယောက်သော သူကို လွမ်းဆွတ်
သတိရစိတ်နှင့် အတူ ရင်ထဲမှာကြေကွဲနာကျင်နေပါတယ်--
 အချိန်ဆိုတဲ့ သမားတော်ကြီး က ခင့်ကို ဆေးပေးတာမှားနေတာလားဟင်-
 ခင့် ရင်ထဲက ဒဏ်ရာ တွေက ဘာလို့ များ မပျောက်နိုင်သေးတာလဲ--
  ခင်လေ ---အခု  နေမင်းကြီးကို ကြည့်နေပါတယ်။
 ရှင်ကတော့  ခင့် ထက်အရင် နှစ်နာရီခွဲလောက် စောပြီး နေမင်းကြီးကိုမြင်ခဲ့ပြီးရောပေါ့ --
တစစမြင့်တက်လာတဲ့ နေ၀န်းနီကြီးပေါ်မှာ  မပြုံးမရယ်နဲ့  ခင့်ကိုစိမ်းစိမ်းကြီးကြည့်နေတဲ့ သူ့ မျက်နှာ ကို မြင်နေရတယ်--
 အေးစက်တဲ့အထိအတွေ့ ကြောင့် ပါးပြင်ကိုစမ်းလိုက်မိတယ်--အို--မျက်ရည်တွေပါလား-
နှလုံးအိမ်ထဲကမကုန်နိုင်တဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့အတူလွမ်းဆွတ်သတိရခြင်းများ စွာနဲ့ ခင် ငိုရပြန်ပြီပါပြီကော အရှေ့ကျွန်းသားလေးရယ်--
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 ( ၂ )
 ချစ်ခြင်းမေတ္တာတရားရဲ့  ဆန်းကြယ်ပုံကို  ခင် ဟာ သူနဲ့ တွေ့ မှ သိရှိခံစားခဲ့ရတာပါ--
 နှစ်ဆယ့်ရှစ်နှစ်ကျော်တိုင်အောင်အေးစက်ငြိမ်သက်နေခဲ့တဲ့ခင့်နှလုံးသားဟာသူကြောင့်စတင်လှုပ်ရှားလာပါတယ်--
ခင်က ဂျပန်စက်တွေနဲ့ လည်ပတ်ပြီး  ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စက်၇ုံကြီးတခုကဂျပန်စကားပြန်ပေါ့ -
ခင်တို့စက်၇ုံမှာ ပစ္စည်းတွေ ထုတ်လုပ်မှုကိုစစ်ဆေးကြီးကြပ်ပေးမယ့် 
ဂျပန်ပညာရှင် တယောက်ရှိပြီး အလုပ်ကိစ္စနဲ့ပတ်သက်ပြီး
သူက စက်ရုံက၀န်ထမ်းတွေကိုပြောချင်သမျှ ခင် က စကားပြန်ပြီး ပြောပေးရပါတယ်--
အဲဒီဂျပန်ကြီးက အသက် ၅၀ ကျော် ရှိပြီး သိပ်သဘောကောင်းတယ်-
သူ့နာမည်က Kato San  ( ခါ့  တိုး ဆန် ) တဲ့ -
မြန်မာလူမျိုးတွေရဲ့  ခင်မင်ဖော်ရွေတတ်တဲ့ ဓလေ့ စရိုက်ကို သိပ်ချစ်တဲ့ သူပါ--
ခင့် ကိုလဲ သူ့  သမီးတယောက်လို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်--ချီးလဲချီးကျူးတယ်-
ခင်က သိပ်တော်တာပဲတဲ့ --ဂျပန်စကားကို သူတို့ဂျပန်တွေနဲ့ အပြိုင် ပြောနိုင်လို့တဲ့လေ-
  တနေ့ တော့  စက်ရုံမှာလည်ပတ်နေတဲ့  စက်ကြီးတခု ရပ်သွားပါတယ်-အဲဒီစက်က PLC
Program နဲ့ လည်ပတ်ရတဲ့စက်ကြီးပါ-
အဲဒီစက်ကို ဂျပန်က ပို့ လိုက်ကတည်းက ဒီ PLC Programက တပ်ဆင်ပေးလိုက်ပြီး
စက်ရုံမှာ အဆင်သင့် လည်ပတ်နေပေမယ့်  အခုလို ရုတ်တရက် ရပ်သွားတော့ ဘယ်သူမှ
နားမလည်လို့  ပြင်လို့မရတော့ပါ-  Kato San ကလဲထုတ်လုပ်မှ ပိုင်းကိုကျွမ်းကျင်ပေမယ့်     စက်တွေပျက်သွားရင်တော့ PLC အပိုင်းကို မစစ်ဆေးတတ်ပါဘူး--ခင်တို့ သူဌေးက  မြန်မာပြည်ကနားလည်သူတွေခေါ်ပြီးဘယ်လိုပဲကြိုးစားပြီးပြင်ပေမယ့် စက်ကမကောင်းလာတဲ့အဆုံး Kato San နဲ့ သူဌေးတို့ တိုင်ပင်ပြီး   ဂျပန်က PLC Program တပ်ဆင်ပေးနိုင်တဲ့  လျှပ်စစ်ပညာရှင် ကိုခေါ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်-အဲဒီသူက Kato San နဲ့အရင်ကတည်းကသိတယ်တဲ့--
 သူ့နာမည်က Hikari (ဟိခါ့ ရိ ) - တဲ့ လင်းရောင်ခြည်လို့  အဓိပါယ်ရပါတယ်။
 သူ့ အသက်က ၃၁ နှစ် ,အိမ်ထောင်မရှိသေးဘူး--အရမ်းအလုပ်ကြိုစားတာ -တဲ့လေ
 သူမြန်မာပြည်လာဖို့သုံးရက်အလိုမှာလေဆိပ်မှာလာကြိုဖို့တွေ-ဒီမှာလုပ်ရမယ့်   အစီအစဉ်တွေ ကြိုပြောပြထားဖို့ သူဌေးက ခင့်ကို သူ့ဆီ
ဖုန်းဆက်ခိုင်းပါတယ်--ဘေးမှာ Kato San လဲရှိပါတယ်-
ဒီလိုပဲ အလုပ်ကိစ္စနဲ့ဂျပန်ကို ခင် အမြဲဖုန်းဆက်နေကျ--
 ဂျပန်လူမျိုးတွေရဲ့စကားသံတွေကို ရင်းနှီးနေကျပါ--
ဂျပန်စကားဟာဒုတိယမိခင်ဘာသာစကားဖြစ်နေပါပြီ--
 ဒါပေမယ့်လေ-- ဖုန်းထဲကနေ  သူ့ ပြန်ထူးသံကို ကြားလိုက်ရတဲ့အချိန်မှာ
နားကြောထဲကနေ အေးစိမ့်တုန်ရင်တဲ့ ခံစားမှု တခု စီးဆင်းသွားပြီး သူ့ကို
ခင်ချက်ချင်း စကားပြန်မပြောနိုင်ဘဲ ကြောင် အ နေမိပါတယ်---
ခင့်ဘက် က စကားပြန်မပြောလို့  သူ က စိတ်တိုသွားပုံရပြီး အသံခပ်ကျယ်ကျယ်နဲ့ 
ထပ်ထူးမှပဲ ခင် အသိတရား ပြန်ဝင်လာပြီးကိုယ့်ကိုကိုယ်မိတ်ဆက်ရင်း သူဌေး
ပြောခိုင်းတာတွေသေချာပြောပြလိုက်ပါတယ်-- သူက  သူ လာမယ့်အစီအစဉ်ကို
ရှင်းပြနေတာကို နားထောင်ရင်း ခင့်ရင်ထဲမှာ တငြိမ့်ငြိမ့်နဲ့ 
ပေါ်လာတဲ့ခံစားမှုလေးတခု--အို ဘာပါလိမ့်နော်--ခင့်ဘ၀မှာ ဒီလို
ခံစားမှုမျိုးတခါမှ မဖြစ်ဖူးပါဘူး--
  လေဆိပ်မှာ သူ့ကို သွားကြိုတာ့လဲ ခင်လေ သူ့ကို တခါမှမမြင်ဖူးပဲ
အပေါ်ထပ်လှေခါးက ဆင်းလာတဲ့လူတွေအများကြီးထဲက မြင့်မားထောင်မောင်းတဲ့အရပ်၊
မည်းနက်သန်စွန်းတဲ့ မျက်ခုံးထူကြီးတွေအောက်က စူးရှတောက်ပတဲ့မျက်ဝန်းတစုံကို
တွေ့ လိုက်တဲ့အခါ မသိစိတ်က အလိုလို သူ ပဲလို့ ထင်လိုက်မိတယ်-
 “Kato San ,အဲဒါ Hikari San မှတ်လားဟင်”
 "ခင် ဘယ်လိုလုပ်သိလဲ--ဟုတ်တယ်-သူပဲ-"
 “Kato San ပဲပြောထားပြီးတော့--သူက ကိုယ့်ကိုကိုယုံကြည်မှုအပြည့်ရှိတဲ့
လူတယောက်ရဲ့ ပုံစံဆို-”
 “ဟုတ်တယ်--သူက ငယ်ငယ်လေးနဲ့အရမ်းတော်တော့ ပညာမာနလဲကြီးတယ်"
 Kato San ကိုမြင်သွားလို့  ခင်တို့ ဆီ လှမ်းလာနေတဲ့ သူ့ကို ကြည့်ရင်း ခင့်ရင်တွေ တဒိတ်ဒိတ်ခုန်လာတယ်-
 Kato San ကမိတ်ဆက်ပေးတော့လဲ သူက ခင့်ကို ခဏပဲစကားပြောပြီး လေဆိပ်ကနေ
ဟိုတယ်သွားတဲ့လမ်းတလျှောက် Kato San နဲ့ပဲ စကားတွေပြောသွားတဲ့အခါ
 ခင်လဲ သူ့ အသံလေးကိုငြိမ်ပြီး နားထောင်နေလိုက်တယ်--
 အဲဒီညကလေ  သူ့ ကို ခင် အိပ်မက် စ မက်တာပေါ့ --
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 ( ၃ )
 စက်၇ုံမှာ သူ အလုပ်လုပ်တော့  စက်ထဲ PLC Program ထညိ့တဲ့ data တွေကို
လျှပ်စစ်တာဝန်ခံတွေ နားလည်အောင် သူရှင်းပြတာတွေကို ခင်ပဲ ဘာသာပြန်ပေးရတာပေါ့--
 သူကလေ သိပ်တော်တာပဲ--ဘယ်လိုမှပြင်မရလို့ ဒီအတိုင်းရပ်ထားရတဲ့ စက်ကြီးဟာ
သူလာပြီးသုံးရက်မြောက်နေ့ မှာ ပြန်လည် လှုပ်ရှားလာပါတယ်--
 Program data တွေစစ်ဆေးနေတဲ့အချိန်မှာ သူ့မျက်လုံးတွေဟာ တောက်ပနေလိုက်တာ--
 တင်းတင်းစေ့ထားတဲ့ နုတ်ခမ်း ၊ခိုင်မာပြတ်သားတဲ့ မေးရိုး တွေနဲ့  သူ့ကို
ကြည့်ရတာ ကျောက်ဖြူသားနဲ့ ထုဆစ်ထားတဲ့  ကျောက်ဆစ်ရုပ်တခုလိုပဲ--
 သွက်လက်ထက်မြက်တဲ့သူ့ လှုပ်ရှားမှုတွေ ၊ ပြောဆိုလုပ်ကိုင်နေတာကိုကြည့်ပြီးခင့် ထဲမှာကြည်နူးနေမိတယ်-
 စက်ကြီးကိုလည်ပတ်လှုပ်ရှားအောင်လုပ်နိုင်သလိုခင့်နှလုံးသားကိုလဲလှုပ်ရှားအောင်လုပ်ခဲ့တဲ့သူရယ်--
 မနေ့ တနေ့ ကမှ တွေ့ တဲ့ သူတယောက်ကို အနှစ်နှစ်အလလတွေ့ ဆုံပတ်သက်ခဲ့ဖူးသလို
ကျွမ်းဝင်နှစ်လိုနေတဲ့ ခင့်ရင်ထဲက ခံစားမှုကို  ခင်လေ ရှက်လိုက်တာ--
 သူ့ကိုမြန်မာပြည်မှာနှစ်ပတ်နေပြီးပြင်ခိုင်းမယ့်စက်ကြီးကငါးရက်မြောက်နေ့မှာ   ကောင်းမွန်စွာလည်ပတ်နေပါပြီ--
 သူဌေးကလဲ သူ တော်တာကို သိသွားပြီး တခြားစက်တွေလဲ နောက်ထပ်လာကြည့်ပေးဖို့သူ့ ကို ခေါ်နေပါတော့တယ်--
 မြန်မာတွေကိုလဲမခင်ဘူး--အထင်သေးချင်တယ်-လူမျိုးရေးခွဲခြားချင်တယ်-
 င်က သူ့ကိုရင်ထဲမှာ ဘယ်လောက်ပဲ စွဲလန်းနေပါစေ--ခင့်လူမျိုးထိရင်တော့မခံနိုင်ဘူးလေ- 
ခင့် မှာလည်း မျိုးချစ်စိတ် အပြည့်ရှိပါတယ်။
အလုပ်ခွင်ထဲမှာ အချိန်ကို တမိနစ်မှအစွန်းမခံချင်တဲ့ သူကြောင့် ခင်နဲ့ သူ
မကြာခဏ အတိုက်အခံဖြစ်လာတယ်--
ခင်တို့နှစ်ယောက်ကြားမှာစိတ်ညစ်ရတာကတော့ Kato San ပါ--
 ခင်ဟာသူ့ကိုပြောချင်တဲ့ စကားတွေကို Kato San ကိုပဲပြောပြရတယ်--
 ခင်နှစ်လိုတဲ့သူက ခင်တို့ ကို မနှစ်လိုတာမြင်တော့ ရင်ထဲမှာဝမ်းနည်းလိုက်တာ--
 “ခင်ရယ်--သည်းခံလိုက်ပါ-သူကစိတ်ရင်းကောင်းပါတယ်-အပြောမတတ်လို့ပါ-”
 “အို --သူက ခင်တို့ကို နှိမ်ချင်တာပါ--မင်းတို့မြန်မာတွေက သဘောကောင်းကြပေမယ့်
အပျင်းထူချင်တယ်ဆိုတဲ့စကားက ဘာလဲ--
 ဂျပန်စက်ရုံမှာလို Auto (အလိုအလျှောက်သွားစနစ် ) မဟုတ်ဘဲManual
(လူကကိုင်တွယ်ထိန်းချုပ်တဲ့စနစ်)နဲ့ပဲ လုပ်နိုင်သေးတာ ကဲ့ရဲ့စရာလား-
ခင်တို့တိုင်းပြည်က ခုမှ သုညကစရမှာလေ--နည်းပညာ၊စက်ကိ၇ိယာ၊-အုပ်ချုပ်ရေးပိုင်း၊စီမံခန်
့ခွဲမှုလိုအပ်နေသေးတာတွေအများကြီးပါ--ဒါကိုမကူညီဘဲ ကဲ့ရဲ့စရာလား”
 “သူက စိတ်ရင်းဖြောင့်ပါတယ်ကွယ်--နှိမ်ချင်စိတ်နဲ့ပြောတာတော့မဟုတ်ပါဘူး--
 ဒါပေမယ့်ဂျပန်တွေထဲမှာတောင်သူကစိတ်ဓါတ်သိပ်ပြင်းတဲ့ဂျပန်တယောက်ပါ--
 နိင်ငံခြားတိုင်းပြည်တွေကသူ့ကို အလုပ်လာလုပ်ဖို့ ကမ်းလှမ်းတာတောင်အရေးစိုက်တာမဟုတ်ဘူး--”
 သူတော်တာခင်သိပါတယ်--ဒါပေမယ့်ခင်တို့ကြိုးစားပြီး  လုပ်နေကြတာကိုလဲအားပေးသင့်-
အသိအ မှတ်ပြုသင့်တာပေါ့ ”
 “သူကစကားနည်းတယ်ခင်ရဲ့--ဒီလိုပဲနေတတ်လို့ပါ”
 Kato san ကိုယ်တိုင်က သူ့ကိုအထင်ကြီးလေးစားနေတာမြင်တော့ ခင်လဲ သူ့ ကို
ဘာမှအတိုက်အခံပြောမနေဘဲ သူ့စိတ်တိုင်းကျရအောင် တတ်နိုင်သလောက်
စီစဉ်ပြီးလုပ်ခိုင်းပါတယ်--သူ စက်တာဝန်ခံတွေကို ရှင်းပြချင်တာတွေကိုလဲ
သေချာကြိုးစားပြီး ဘာသာပြန်ပေးပါတယ်--
 နည်းပညာတွေ အကောင်းစားစက်ကြီးတွေ မရှိပေမယ့် မြန်မာတွေ မညံ့ဘူးဆိုတာ ပြရအောင်
စက်ရုံက လူတွေကိုလဲ ကြိုးစားခိုင်းထားတယ်။
 ခင်တို့ကြိုးစားတာသူအသိအမှတ်ပြုလာပြီးတစစနဲ့သူရဲ့ဆက်ဆံရေးကပြောင်းလဲလာပါတယ်။
 သူရောက်ပြီး ဆယ်ရက်မြောက်နေ့မှာ လုပ်ငန်းအကုန်လုံး ချောမောစွာပြီးစီးသွားပါတယ်--
 သူဌေးက သူ့ ကို ကျေးဇူးတင်လို့  ကျန်တဲ့လေးရက်ကို ရန်ကုန်မြို့ နဲ့
အနီးအနားတွေ လိုက်ကြည့်ရအောင် ခင့်ကို စီစဉ်ခိုင်းတော့ပျော်လိုက်တာ--
 ဘုရားစုံ၊နေရာစုံ သူ့ ကိုလိုက်ပြရင်း၊ ရှင်းပြ စကားပြောကြရင်းနဲ့ အဲဒီလေးရက်မှာ ခင်နဲ့သူဟာ 
တော်တော်လေးကိုရင်းနှီးခင်မင်သွားပါတယ်--
သံယောဇဉ်ဆိုတဲ့  နွယ်ကြိုးလေးတစ်မျှင် ဟာ ခင် နှလုံးသားကို စတင်ရစ်ပတ်နေပါလေပြီ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၄)
လွမ်းဆွတ်သတိရခြင်းဆိုတဲ့ ခံစားချက်ကို သူပြန်သွားမှ ခင်နားလည်သွားတော့တယ်။
သူပြန်တော့ လေဆိပ်ကို ခင်ပဲ လိုက်ပို့ တာပါ။စက်လှေခါးပေါ်တက်သွားတဲ့ သူ့ ကို
ငေးကြည့်ရင်းခင့် အမြင်အာရုံ အောက်က သူပျောက်သွားမှာစိုးစိတ်နဲ့  ခင့် နှလုံးသားတွေ
တုန်ရင်နေတယ်။
KatoSan ကတောင် ခင့် ခံစားမှုကို ရိပ်မိနေပြီ။စိတ်မကောင်းသလိုမျက်နှာထားနဲ့ 
 “ နောက် သုံးလသူ ပြန်လာရဦးမှာပါခင်ရယ် ၊သူဌေးက စက်လာ ကြည့်ပေး ဖို့ ပြောလိုက်တာပဲ
-ဒါပေမယ့် သူကဒီကိုပြန်လာချင်ပုံမရဘူး”
   “အမယ်-သူကဘာလို့ ပြန်မလာချင်ရတာလဲ-ခင်တို့  သူ့ ကို လိုလေသေးမရှိ
စိတ်တိုင်းကျအောင်လုပ်ပေးနေတာပဲမှတ်လား”
“ဒါတော့ဒါပေါ့ --သူကိုက ဘယ်နိုင်ငံရောက်ရောက်  မပျော်တာကွယ့် ၊ တကယ့်မျိုးချစ်ပုဂ္ဂိုလ်လေ"
 ခင်လည်း သူပြန်လာရင် ပြင်ပေး၇မယ့် စက်ကို သန့် ရှင်းရေး သေချာ လုပ်ထားပါတယ်။
  သူတို့ လူမျိုေးတွက အသန့်ကြိုက်၊ အကောင်းကြိုက်တွေ ။ဒီအထဲမှာမှ သူက
တော်တော်လေးကြီးကျယ်ချင်တဲ့ သူလေ။
 ခင့်ရင်ထဲမှာ ကြိတ်ပြီး ပျော်လေလေပါပဲ။
 ဒါပေမယ့် လေ---ခင့်ရဲ့ မျှော်လင့်ချက်တွေကို မေးလ် တစ်စောင်ပို့ ပြီး သူ
ဖျက်စီးလိုက်တယ်။
 သူ့ မေးလ် ထဲက အကြောင်းအရာမဖတ်ရသေးခင်အထိ မေးလ် လာလို့    ခင်ပျော်မိတယ်။
 သေချာ ဖတ်ကြည့်တော့မှ သူကမြန်မာပြည်ကို မလာဖြစ်တော့လို့  ခင် တို့ သူဌေးကို
ပြောပေးဖို့ ရေးထားတဲ့ စာဖြစ်နေတယ်။ အလုပ်ကိစ္စအကြောင်းကလွဲ လို့  ခင့် ကို
သတိရကြောင်းလေးတောင်ရေးမထားတာ ခင် စိတ်မကောင်းပါဘူး။
သြော်--ခင်ကသာ ပြန်ဆုံဖို့ကို တိတ်တခိုး မျှော်လင့်ခဲ့ ရပေမယ့်  သူက ခင်တို့ မြန်မာပြည်ကို လာချင်စိတ်မရှိဘူးပဲ။
ခင့် ကိုရော တစက်လေးတောင် သတိမရဘူးလားဟင်--
ဘုရားတွေဖူးပြီးလျှောက်လည်တုန်းက ခင် မြန်မာဆန်ဆန်လေး ၀တ်ထားတာကို ငေးခနဲ
ကြည့်ပြီးပြုံးနေတဲ့သူ့ ရဲ့ ရီလဲ့နေတဲ့ မျက်ဝန်း လေးကို ပြန်မြင်ယောင်မိရင်း ၀မ်းနည်းလာတယ်။
 ဘာမှမဆိုင်ပေမယ့်  ခင်လေ KatoSan ကိုရှက်မိတယ်။
ခင့် စိတ်ကို သိလို့ လားပဲ KaotoSanက သူနဲ့ ပတ်သက်ပြီး  ဘာမှမပြောဘဲ
မသိချင်ယောင်ဆောင်နေပေးတယ်။
ခင်တို့ စက်ရုံမှာလည်းပျက်တဲ့ စက်တွေ သူ လာမစစ်ပေးလို့  Data တွေထည့်လို့မရဘဲ
အလုပ်နှောင့်နှေးတယ်။နောက်တော့  သူဌေးက ခင့်ကိုခေါ်ပြောပါတယ်။
*စက်ရုံက အင်ဂျင်နီယာ ၂ ယောက် ကို ဂျပန်မှာ PLC ပညာသင်ဖို့  သုံးလဗီဇာနဲ့ လွှတ်ဖို့ စီစဉ်  လိုက်ပြီတဲ့ ။
ခင်လည်း စကားပြန်အနေနဲ့ လိုက်ရမယ်တဲ့ ။Kato San က ခင်တို့ ကိုဂျပန်  လိုက်ပို့ပြီးတစ်ပတ်လောက်နေပြီးရင် မြန်မာပြည် ပြန်လာမယ်တဲ့--
ခင်တို့  သွားလေ့ လာရမှာက Hikari တို့ စက်ရုံတဲ့ ။
အို-- ခင့်ရင်ထဲမှာ တလှပ်လှပ်နဲ့ --သူနဲ့  ဘယ်လိုမှ ပြန်မဆုံရတော့ဘူးလို့ ထင်တားတာ ခု တွေ့ ရဦးမှာပေါ့ 
ကံကြမ္မာကခင့်ကိုမျက်နှာသာပေးတာပဲလား--
ဇဝေဇ၀ါ အတွေးတွေနဲ့ ပဲခင်တို့ ဂျပန်သွားဖို့ပြင်ဆင်ကြရပါတယ်။
 xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
 ( ၅)
 ခင်တို့ဂျပန်ရောက်တဲ့အချိန်က၃လပိုင်းနွေဦးရာသီလေးမို့ အရမ်းကြီးလည်းမအေးတော့ပါဘူး။
ဆောင်းနှင်းဒဏ်တွေအောက်က လွတ်ကင်းပြီး အရိုးပြိုင်းပြိုင်းနဲ့ သစ်ခြောက်ပင်ကြီးလို
ဖြစ်နေတဲ့ ချယ်ရီပင်တွေလည်း အဖူးအငုံလေးတွေထွက်စပြုနေသလို ခင့် နှလုံသားက မေတ္တာ အဖူးအငုံလေးကလည်း ပွင့်အာလာပါတယ်။
ခင်တို့ တည်းရတဲ့ နေရာက Hikari တို့ အလုပ်နဲ့ သိပ်မဝေးပါဘူး။
 KatoSan ရဲ့ အိမ်ကလည်း ဒီမြို့မှာ မို့  Katosan မပြန်ခင်အထိ ခင်တို့ကို
မနက်တိုင်း ကားနဲ့လာခေါ်ပါတယ်။
 အလုပ်ခွင်ထဲရောက်ခါစက ရေခြားမြေခြားမှာ ခင်နဲ့ အင်ဂျင်နီယာ ၂ ယောက်
အဆင်ပြေပါ့မလားလို့စိုးရိမ်ပူပင်မိပေမယ့်အလုပ်အတူတူတွဲလုပ်ကြည့်တော့ 
အလုပ်ကြိုးစာပြီး စိတ်ထားရှင်းတဲ့ ဂျပန်လူမျိုးတွေရဲ့ စရိုက်ကို သိလာရတယ်။
ခင် လည်း သူတို့ ပြောတာတွေကို စကားတစ်လုံးမှမမှားအောင် အင်ဂျင်နီယာ ၂ ယောက်ကိုသေချာရှင်းပြပါတယ်။
ခင်တို့ ကို သင်ပေးတာက Hikari မဟုတ်ပါဘူး။တခြားပညာရှင်တစ်ယောက်ပါ။
 ဒါပေမယ့်  သူကလည်း ခင်တို့ ရှိတဲ့နေရာ ရောက်ရောက်လာပြီး ကြည့်ပေးပါတယ်။
 အံ့သြ စရာကောင်းတာကလေ သူက မြန်မာ ပြည် မှာလို မဟုတ်ဘဲ ခင့် ကို စကားတွေရွန်းရွှန်းဝေအောင်ပြောနေတာပါ။
 ခင် အဆင်ပြေရဲ့ လား၊ ဘာလိုတာရှိလဲ၊ စားရသောက်ရတာအဆင်ပြေလား--ဂရုတစိုက်နဲ
့သူမေးနေတာကိုကြည့်ပြီး Kato San ကတောင် ပြုံးနေပါတယ်။
သူ ရှိနေတယ်ဆိုတဲ့  အတွေးနဲ့  ခင် အလုပ်လုပ်ရတာ လုံခြုံအားရှိတယ်။
သူကလေ အလုပ်ခွင်ထဲမှာလည်း သိပ်တော်တာပဲ--
ခင်နဲ့သိလာရတဲ့ဂျပန်တိုင်းကပြောပြကြတာ--သူဘယ်လိုတော်ကြောင်း၊ စိတ်ထားကောင်းကြောင်း၊
ဖြောင့် မတ် မှန်ကန်ကြောင်း -- တွေပါ။
ခင်ချစ်ရတဲ့ သူဟာ လူကောင်းလူတော်လေးပေါ့နော်--
တက်ကြွပျော်ရွှင်နေတဲ့  သူ့ ပုံရိပ်တွေဟာ ခင့် အတွေးအာရုံတွေကို စိုးမိုးထားတယ်။
Kato San မပြန်ခင် ညမှာ Yakiniku လို့ ခေါ်တဲ့ အသားကင်ဆိုင်မှာ သူက ခင်တို့ ကို ညစာကျွေးပါတယ်။
 အတူစားကြချိန်မှာ ခင့် ကို ချည်းဘဲ အသားတွေ ကင်ပေးနေပြီး သူမစားလို့  Kato Sanက  သူ့ကို လှမ်းနောက်တော့သူက ခင့် ကို လှမ်းကြည့်ပြီး ရှက်ကိုးရှက်ကန်းရယ်နေတဲ့  ပုံစံလေးကိုလေ ခင် ချစ်လိုက်တာ--
 ဟုတ်တယ်--ခင် သူ့ ကို ချစ်တယ်။ ဘယ်သူမှ မသိပေမယ့်  ခင့် နှလုံးသားကို ခင် ညာလို့ မရဘူး။
 အဲဒီညက Kato San က အတူပါလာတဲ့ အင်ဂျင်နီယာ ၂ ယောက်ရှေ့မှာ ဘာမှမပြောပေမယ့် 
နောက်နေ့  ပြန်ခါနီးခင့် ကို လာနုတ်ဆက်တော့  သူ့ အကြောင်းပြောပါတယ်။
 "ခင်ရေ--ဘာမှအားမငယ်နဲ့နော် ၊Hikari San ကို သေချာမှာခဲ့ပါတယ်။
ခင်တို့  အလုပ်အသွားအပြန် သူ ကားနဲ့  ပို့ ပေးလိမ့်မယ်။
အဆင်မပြေတာရှိရင် သူ့ ကိုပြောပါ။သူကလည်း ခင့် အတွက်ဆို စေတနာနဲ့ လုပ်ပေးမှာပါ၊
သူ ပြောင်းလဲနေတာ ခင် သတိထားမိလား"
 ဒီလိုမေးတော့ ခင်ရှက်ရှက်နဲ့  ဘာမှမဖြေမိဘူး။ ခင် ကလေ သူပြောင်းလဲနေတာကို
သတိထားမိရုံတင်မကဘဲကျေနပ်ကြည်နူးနေတာတော့  Kato San မသိဘဲကိုးနော်--
 ဒါပေမယ့်လေ--ရင်ထဲမှာ ဘယ်လောက်သူ့ကို ချစ်နေပါစေ-- ခင်ဟာ သူ့ ကို သာမန်
မေးထူးခေါ်ပြော ပဲဆက်ဆံပါတယ်။
 ခုလို ရေခြားမြေခြားရောက်နေချိန်မှာ မြန်မာမိန်းကလေးတစ်ယောက်ရဲ့  သိက္ခာတရားကို
ခင် ထိမ်းရပါမယ်။
ခင် ဒီဂျပန်နိုင်ငံကို လာတာ ကိုယ့် စက်ရုံ လုပ်ငန်းအတွက်၊ ကိုယ့်နိုင်ငံသားတွေ နည်းပညာရယူဖို့အတွက်ပါ။
တာဝန်နဲ့ ဝတ္တရားဆိုတာကြီးကို ဦးထိပ်ရွက်ထားပြီး ခင် အလုပ်ထဲပဲ အာရုံစူးစိုက်ထား ရင်း သူ့အပေါ်အရမ်းမတွယ်တာမိအောင်ထိန်းရင်းခင့်နှလုံးသားတံခါးကိုသော့ခတ်ထားလိုက်ပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၆ )
၎ လပိုင်းရောက်တော့ ဂျပန်ရဲ့ နွေဦးမှာ ချယ်ရီတွေ ပွင့်ကြပြီ။
ဒီအပတ် တနင်္ဂနွေ ခင်တို့ တည်းတဲ့  ဟိုတယ်နားက ပန်းခြံမှာ ပန်းကြည့်ပွဲ ရှိတယ်တဲ့ --Hikari က ပြောပြပါတယ်။
ဂျပန်တွေက ချယ်ရီပန်းပွင့်ချိန်ဆို ပင်လုံးကျွတ်ပွင့်နေတဲ့  ချယ်ရီပင်တွေအောက်မှာ ပျော်ပွဲစားထွက်ရင်း ချယ်ရီအလှကို ခံစားကြည့်ရှု ကြတာကို ပန်းကြည့်ပွဲလို့ ခေါ်တာပါ။
ဒီပန်းခြံကြီးက ချယ်ရီပင်ပေါင်း တစ်ထောင်နီးပါးရှိသတဲ့ --ပွင့်ချိန်ဆို သိပ်လှတာပဲလို့  သူကပြောပြရင်းခင့်ကို ပြုံးပြုံးလေး ကြည့်ပြီး --
ခင် --ဒီတနင်္ဂနွေ ပန်းကြည့်ပွဲ သွားဖို့  လာခေါ်မယ်နော် -တဲ့ 
အို--ခင်လည်းရုတ်တရက် ဘာပြန်ဖြေရမှန်းမသိဘူး--တကူးတက ဂျပန်ရဲ့ ချယ်ရီပွင့်ချိန် ရောက်လာတာဆိုတော့  ခင်လည်း ပန်းကြည့်ပွဲ သွားချင်တာပေါ့ --ဒါပေမယ့်  သူ့ ကို ချက်ချင်း ပြန်မဖြေသေးဘဲ အင်ဂျင်နီယာနှစ်ယောက်ကိုပါ ပြောပြရင်း သွားချင်လားမေးတော့  သူတို့ကလည်း သွားချင်တယ် ပြောတော့မှ ခင် လည်း တနင်္ဂနွေ နေ့  မနက် လာခေါ်ဖို့ ပြောလိုက်ပါတယ်။
စနေနေ့ ညက ခင် စိတ်လှုပ်ရှားပြီး အိပ်လို့တောင်မပျော်ဘူး--
တနင်္ဂနွေနေ့ မနက် စောစောထပြီး ခင် အလှတွေပြင်နေမိတယ်။
အင်ဂျင်နီယာ အကိုကြီးနှစ်ယောက်ကတောင် ခင့်ကို ဒီနေ့  လှနေတယ် လို့ပြောကြတော့  ရှက်ပြုံးလေးပြုံးမိတယ်။
ဟော--သူ့ကား လာပြီ-
ဟိုတယ်ခန်းမဆောင်ထဲဝင်လာပြီးခင့်ကိုမြင်တော့လက်ကနဲပြုံးရင်းစိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံက တောက်ပလိုက်တာ--
 သူ့ မျက်ဝန်းအကြည့်ကြောင့် တလှပ်လှပ် ခုန်နေတဲ့  ရင် ကို ထိန်းပြီး ခင်တို့  ပန်းကြည့်ပွဲ သွားကြပါတယ်။
ပန်းခြံထဲရောက်လို့  အရွက်တစ်ရွက်မှ မရှိဘဲ ပင်လုံးကျွတ် ဝေဆာနေအောင်ပွင့်တဲ့  ချယ်ရီပန်းပင်တွေ ကို မြင်လိုက်ရတော့ ခင် ဟန်မဆောင်နိုင်အောင် ပျော်မိတယ်။
လှလိုက်တာ--ပန်းနုရောင်ချယ်ရီတောရဲ့ အလှကို  ခင် မိန်းမောသွားတယ်။
ဂျပန်က ချယ်ရီ ဟာ နာမည်ကြီး လောက်အောင် လှ ပါပေတယ်--
“ခင် အမှတ်တရ သိမ်းထားချင်လို့  ချယ်ရီပွင့် လေးတစ်ခက်လောက် လိုချင်လိုက်တာ --ခူးလိုက်မယ်နော်”
“ခူးလို့မရဘူး--တို့ဂျပန်လူမျိုးတွေကချယ်ရီပန်းကိုမခူးကြဘူး--ကြွေတဲ့အထိအပင်ပေါ်မှာ အလှမပျက်ထားတာ-တစ်ယောက်တစ်ခက် ခူးနေရင် ဒီလို ဝေဆာလှပနေတဲ့  ချယ်ရီပန်းတွေ ကြည့်ရမှာတောင် မဟုတ်ဘူးလေ-”
အင်း-သူတို့ ဓလေ့ နဲ့ သူတို့တော့ ဟုတ်နေတာပါပဲ--
လာကြတဲ့ သူတွေလည်းအများကြီးပဲ--ချယ်ရီပင်အောက်တွေမှာ အုပ်စုလိုက်လေးတွေ ထိုင်ပြီး အသားကင်စားနေသူတွေ ၊ မုန့် စားနေသူတွေ၊  ပြေးလွှားဆော့ကစားနေတဲ့  ကလေးလေးတွေ ၊ စားချင်စဖွယ်ပူပူနွေးနွေး ရောင်းချပေးနေတဲ့  မုန့်ဆိုင်လေးတွေ ---အားလုံးကို လိုက်ကြည့်ရင်း ခင် ဟန်မဆောင်နိုင်အောင် ပျော်နေမိတယ်။
ခင်ပျော်နေတာကို ပြုံးကြည့်နေတဲ့  သူ့အပြုံးလေးက နူးည့ံလိုက်တာ
လှပတဲ့ချယ်ရီပင်တွေအောက်မှာကိုယ်ချစ်ရတဲ့သူနဲ့ တွဲလျှောက်နေရတာကလေခင့်အတွက်
တော့ အိပ်မက်ကမ္ဘာလေးထဲ ရောက်နေသလိုပဲ--
ပန်းခြံတစ်ပတ် အရင်လိုက်ကြည့်ပြီး တော့  သူက ချယ်ရီပင်ကြီးတစ်ပင်အောက်မှာ ပါလာတဲ့ အခင်းလေး ခင်းပြီး ခင်တို့ကို ထိုင်ခိုင်းတယ်။
“ ခင် ဗိုက်ဆာနေပြီလား-- မုန့်သွားဝယ်ကြရအောင်လေ”
 Sakurabantou ဆာကူရာဘန်းတိုးလို့ ခေါ်တဲ့ ချယ်ရီထမင်းဘူးတွေ ၀ယ်ပြီး စားကြတယ်။
စားနေရင်း ခင့်ထမင်းဘူးလေးထဲ ချယ်ရီပွင့်လေးတွေ ကြွေကျလာလို့ခင် သဘောကျစွာရယ်နေတာကို သူက ဓါတ်ပုံတွေတဖြတ်ဖြတ်ရိုက်နေလေရဲ့ --
စားပြီးတော့  ခင်တို့  လမ်းလျှောက်ကြတော့ ခင်နဲ့ သူက နှစ်ယောက်တည်း သပ်သပ်လိုဖြစ်သွားတယ်။
ရွှေငါးလေးတွေကူးခပ်ဆော့ကစားနေတဲ့ရေကန်လေးထဲမှာချယ်ရီပွင့်ကြွေလေးတွေဖြာနေ
တာ လှလိုက်တာ--
ကန်လေးထဲကပေါင်းကူးတံတားလေးပေါ်မှာရပ်ရင်း ခင်တို့ စကားပြောကြတယ်။
“ ခင်--ပျော်လား”
“ သိပ်ပျော်တာပဲ -ခုလိုလိုက်ပို့တာ ကျေးဇူးတင်ပါတယ်နော်”
“ခင်က ခုလို ပျော်ရွှင်ရယ်မောနေတော့ ကလေးလေးလိုပဲနော်-အလုပ်ခွင်ထဲကနဲ့ တခြားစီပဲ”
 “ဟုတ်လား--ခင့်ကိုယ်ခင်တောင် သတိမထားမိဘူး”
“ဟုတ်တယ်--ခင်က အလုပ်ထဲမှာဆို မျက်နှာထားကလည်းတည်တည်ကြီးနဲ့ လေ
ခုလို ခင်ပြုံးနေတာသိပ်လှတာပဲ-"
အို--သူ့အပြောကြောင့် တသိမ့် သိမ့်  ခုန်လာတဲ့ ရင်ကို ဘယ်လို ထိန်းရပါ့မလဲ-
မျက်ဝန်းနှစ်ခုဆုံမိတဲ့အခါရောင်စဉ်တန်းလေးတွေ ထွက်ပေါ်လာသလို လင်းလက်သွားတယ်-
ခင့်အာရုံထဲမှာတစ်လောက လုံး  ချယ်ရီပွင့်လေးတွေ နဲ့  သူပဲရှိနေတယ်--
ခင်လေ--ခင့်နှလုံးသားကိုသော့ခတ်ထားတာပါ--ဘာဖြစ်လို့များသူ့အပေါ်ဒီလောက် တိမ်းညွတ်သွားရတာလဲ--
မဖြစ်ရဘူးနော်-သူဟာမြန်မာမဟုတ်တဲ့  ရေခြားမြေခြားက နိုင်ငံခြားသားတစ်ယောက်--
ခင်ရေ--စိတ်ကို ပြန်ထိန်း ---ရအောင်ပြန်ထိန်း--
ခင် ကိုယ့်ကိုယ်ကို ဆုံးမရင်း စိတ်ကိုပြန်တင်းလိုက်ပါတယ်။
“ခင်တို့  ပြန်တော့မယ်”
“ဟာ-နေပါဦး ခင်ရဲ့ -အစောကြီးရှိသေးတယ်”
“တော်ပြီ--ခင် ဟိုတယ်မှာ လုပ်စရာတွေရှိသေးတယ်”
ခင့် စကားကြောင့် သူ မျက်နှာ ပျက်သွားတယ်-
စိတ်မကောင်းပါဘူး ကွယ်--ခင် တို့  ဒီနေရာမှာ ဆက်နေလို့မဖြစ်တော့ဘူးလေ-
ဟိုတယ်ပြန်ရောက်တော့  သူက ကားပေါ်ကတောင်မဆင်းတော့ဘဲ ပြန်သွားတယ်-
ခင်--စိတ်မကောင်းလိုက်တာ--ရင်ထဲမှာလည်း ဆို့ နင့်နေသလိုပဲ--
ညနေစောင်းတော့ခင်ဘာမှစားချင်စိတ်မရှိတာနဲ့အကိုနှစ်ယောက်ပဲထမင်းစားခန်းထဲ သွားစားကြတယ်။
ခင့်အခန်းဆီ ကောင်တာက ဧည့်သည်လာတယ်ဆိုပြီး ဖုန်းဆက်လို့ အောက်ဆင်းသွားတော့  သူ ရောက်နေတယ်။
“ခင် --ခဏလောက် လမ်းလျှောက်ရအောင်နော်”
သူ့ အကြည့်နဲ့သူ့အပြောကြောင့်  ခင် ဟိုတယ်အပြင်ဘက် လမ်းတစ်ပတ်လျှောက်ကြတယ်-
သူက ဘာမှ မပြောဘဲအကြာကြီး တိတ်ဆိတ်နေလို့  ခင် မနေတတ်တော့ဘူး--
ပြန်လာကြရင်းဟိုတယ်နားရောက်တော့သူကသူဝတ်လာတဲ့လောင်းကုတ်အင်္ကျီအိတ်ကပ်ထဲလက်နှိုက်လိုက်တယ်-ပြီးတော့ သူ့ လက်ထဲ ပါလာတဲ့ အရာလေး ခင့်ကို လှမ်းပေးတယ်-
အို--ချယ်ရီပန်းခိုင်လေးပါလား-
ခင် ချယ်ရီပန်းလေးကို လှမ်းယူတော့  သူက ခင့် လက်လေးကို ဖွဖွဆုပ်ကိုင်ရင်း ခင့်ကို ရီဝေေ၀ကြည့် တယ်--ခင်လည်း မင်သက်မိနေသလို သူ့ကိုပြန်ကြည့်နေမိတယ်--
တစက္ကန့် ---နှစ်စက္ကန့် ---သုံးစက္ကန့် 
ခင်တို့ ဒီအတိုင်းစိုက်ကြည့်နေရင်း သူ့ နုတ်ဖျားက စကားလေးတစ်ခွန်းဆိုလိုက်တယ်--
“ခင့်ကို ချစ်တယ်”
ပြီးတော့ချာခနဲသူ လှည့်ထွက်သွားတယ်--ခင်သာ နေရာမှာမင်သက်ငေးမောရင်းကျန်ခဲ့တယ်။
သူ ပြောလိုက်တဲ့  စကားလေးက ခင့်နားထဲမှာ ပဲ့တင်ထပ်နေတယ်--
ခင့်ကိုချစ်တယ်တဲ့ လား--
Hikari က ခင့်ကို ချစ်တယ်တဲ့လား--
ခင့် အိပ်မက်ကို စိုးမိုးထားသူက ခင့်ကို ချစ်တယ်တဲ့လား-
ခင့် ပါးပြင်ပေါ်  မျက်ရည်တွေ စီးကျလာပါတယ်။
ခင် ငိုမိတယ်--ခင်ချစ်တဲ့သူ က ချစ်တယ်လို့ ပြောနေတာကို ခင် ငိုမိတယ်--
အဲဒီညက တစ်ညလုံး မိုးလင်းတဲ့အထိ ချယ်ရီပန်းခက်လေး ကို စိုက်ကြည့်ပြီး ခင်ငိုရတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၇ )
နောက်နေ့ တွေ အလုပ်ထဲမှာ  သူက ခင့်ကို စကားလာမပြောဘူး။
ခင်လည်းမသိချင်ယောင်ဆောင်ပြီး သူ့ ကို မခေါ်ဘဲနေလိုက်တယ်။
သူ့ စိတ်ကို ခင်နားလည်ပါတယ်။
ခင်တို့ နှစ်ယောက် အခြေအနေ ကို ရိပ်မိတဲ့  အင်ဂျင်နီယာ အကိုကြီးကတောင်မေးနေတယ်။
ခင်နဲ့  Hikari San က စကားများထားတာလား--အရင်လို သူ စကားလာပြောတာမတွေ့ ဘူး
မဟုတ်ပါဘူးအကိုရယ်--သူ့ ဘာသာ အလုပ်ရှုပ်နေလို့ နေမှာပါ
သူများတွေ မရိပ်မိအောင် ဟန်ဆောင်နေလာရင်း နောက်တနဂံင်္နွေ ရောက်တော့ 
သူ ခင့်ဆီရောက်လာတယ်။
ခင်နဲ့နှစ်ယောက်တည်းအပြင်မှာနေ့လည်စာစားရင်းစကားပြောချင်တယ်တဲ့ --
အင်ဂျင်နီယာအကိုကြီး နှစ်ယောက်ကလည်း လိုက်သွားခိုင်းနေတာနဲ့  ခင် သူ ခေါ်တဲ့နောက် လိုက် လာခဲ့ပါတယ်။ Ramen လို့ခေါ်တဲ့ ခေါက်ဆွဲ ဆိုင်မှာ ခေါက်ဆွဲ စားကြပြီးတော့  ခင်တို့ 
ဟိုတယ်နားကပန်းခြံထဲကိုသွားကြတယ်။အရင်အပတ်ကအစွမ်းကုန်ပွင့်ခဲ့တဲ့ ချယ်ရီပွင့်လေး
တွေ က မြေပေါ်ကြွေကျ နေပါပြီ။
ကန်ပေါ်က ပေါင်းကူးတံတားလေးပေါ်မှာ ရပ်မိချိန် အထိ သူက ခင့်ကို စကားမပြောဘူး။
အဝေးကို ငေးနေတဲ့  ဘေးတိုက်သူ့ မျက်နှာကို ခင်ငေးမောကြည့်နေမိတယ်။
ဖြောင့် စင်းတဲ့ နှာတံ ၊ ခိုင်မာတဲ့ မေးရိုးနဲ့  ကျောက်ဆစ်သားမျက်နှာ မှာ အနီရိပ်ပြေးနေတယ်။
 ခင့်ကို ချစ်တယ် လို့ ပြောမိတာ ကို ရှက်နေတာလားချစ်သူရယ်--
ခဏနေတော့  ခင် လို့  သူ တိုးတိုးခေါ်ပါတယ်။
“ခင်--ကိုယ့်အပေါ် ဘယ်လိုမြင်လဲ၊ ခင့်သဘောထားကို ပြောပြပါလား”
“ခင့် အမြင်ကတော့ Hikari San က တော်တယ်-အလုပ်ကြိုးစားတယ်-ဖြောင့်မတ်တယ်”
“ဒါဆို --ခင် ကိုယ့်ကို လက်ခံနိုင်မှာလား”
ကဲ-သူကမေးပြီ--ခင် ဟာ ဆုံးဖြတ်ပြီးသား အဆင်သင့်ရှိနေတဲ့ အဖြေတစ်ခုကို ပြောဖို့  နှုတ်လေးနေတယ်။ သူ့ ကို ခင် မပြောရက်ဘူး--ဒါပေမယ့်  ခင် ပြောရတော့မယ်။
ဝဲလာတဲ့ မျက်ရည်တွေကို ထိန်းကာ ခင် စိတ်တင်းရင်း သူ့ ကို ပြန်ဖြေလိုက်ပါတယ်။
“ Hikari San နဲ့  ခင်က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ခင် လက်မခံနိုင်ပါဘူး”
ခင့် အဖြေ ကြောင့် သူ့မျက်နှာ ဟာ ညိုမှိုင်းသွားတယ်--
 ချစ်သူရယ်--ခင့်ရင်ထဲမှာလည်း တဆစ်ဆစ် နာနေပါတယ်။
သူက သက်ပြင်းတစ်ချက် ချရင်း ဆက်ပြောတယ်။
“မဖြစ်နိုင်ဘူးဆိုတဲ့  အတွေးကို ခင်နဲ့  စတွေ့ ကတည်းက ကိုယ်တွေးပြီးသွားပါပြီ။
ကိုယ့် ဘ၀မှာ ခင့်ကိုမြင်မှ ချစ်ခြင်းမေတ္တာ တရားဆိုတာ  ခံစားသိလာတာပါ။
ခင့် ကို မြန်မာပြည် မှာ စတင်ဆုံရကတည်းက စိတ်ထဲမှာ သူများတွေနဲ့မတူဘဲ ခင်တွယ်မိသွားလို့  မဖြစ်နိုင်ဘူးဆိုပြီး ကိုယ် ခင့်ကို ခပ်တင်းတင်းဆက်ဆံခဲ့တယ်။
ခင်တို့  စက်ရုံကိုတောင် ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။
ဒါပေမယ့်  ခင် က ဂျပန်ကို ရောက်လာတော့  ကိုယ်  ဟန်ဆောင် လို့မရတော့ဘူးလေ--
ကိုယ်တို့ နှစ်ယောက် ဟာ တကယ် ရေစက်ရှိမယ်လို့  ကိုယ်တွေးမိတယ် ”
အို-သူကလည်းခင့်ကိုတွယ်တာခဲ့တာကြာခဲ့ပြီကိုး--ခင့်မေတ္တာတွေရောင်ပြန်ဟပ်တာထင်ပါရဲ့
“ကိုယ့် မိဘတွေကိုတောင် ခင့်အကြောင်းပြောပြထားတယ်။ သူတို့က ခင် ဂျပန်မှာ လာနေနိုင်မယ်ဆိုရင် ကိုယ့်သဘောပဲတဲ့ --သူတို့ ခင့် ကို လက်ခံနိုင်သတဲ့ 
ခင် ဂျပန် မှာ ကိုယ်နဲ့ အတူ တစ်သက်လုံး မနေနိုင်ဘူးလား၊ ခင့် ကို ကိုယ် ပြည့်ပြည့်စုံစုံနဲ့  စိတ်ချမ်းသာအောင်ထားပါ့မယ်--”
ခင် သူ့ မေတ္တာကိုယုံပါတယ်--ဒါပေမယ့်ခင်ငြင်းရမယ်--ခင့်နှလုံးသားကိုခင်ကိုယ်တိုင်ပြန်
နင်းချေနေရတာ နာကျင်လိုက်တာ-
“ ခင် ဂျပန်မှာ လာမနေနိုင်ပါဘူး Hikari San ၀မ်းနည်းပါတယ်”
ခင့် အဖြေကြောင့်  သူ ခေါင်းငိုက်စိုက် ကျသွားပါတယ်။
သနားလိုက်တာချစ်သူရယ်--ဖြစ်နိုင်မယ်ဆိုရင် သူ့ ရင်ခွင်ထဲတိုးဝင်ပြီး ခင် အားရပါးရ ငိုချလိုက်ချင်တယ်--ကြာလာရင် ဆက်ပြီး ဟန်မဆောင်နိုင်မှာ စိုးလို့  ခင် ပြန်တော့မယ်လို့ ပြောလိုက်တယ်။
“ ဒါဆို-ခင့် ကို နောက်ဆုံး တစ်ခုမေးချင်တယ်--မဖြစ်နိုင်ဘူးဆိုပေမယ့် ခင် ကိုယ့်ကို ချစ်လား”
အို--မမေးပါနဲ့ ချစ်သူရယ်-- ဘာလို့  ခင်မဖြေနိုင်တဲ့ မေးခွန်းကိုမှ မေးရတာလဲ--
ပြောပါခင်--ခု ခင်က ကိုယ့်ကို ငြင်းလိုက်တာဟာ မြန်မာမဟုတ်လို့ ၊ ဂျပန်မှာ အတူ လာမနေနိုင်လို့ ငြင်းတယ်ဆိုတာ ကိုယ် လက်ခံလိုက်ပါပြီ။ ဒါပေမယ့်  ခင့်ရင်ထဲက ခံစားချက်အစစ်အမှန်ကို သိချင်တယ်--ခင် ကိုယ့်ကို ချစ်လား ဖြေခဲ့ပါ-
“ခင် မဖြေပါရစေနဲ့ --ခင်ပြန်တော့မယ်”
“ပြောခဲ့ ပါခင်ရယ်--ကိုယ့် အတွက် ခင် စကားလက်ဆောင်လေး တစ်ခု ချန်ထားခဲ့ပါ။
နောက်လကုန်လို့ ခင်တို့ပြန်သွားရင် ကိုယ်နဲ့ ခင်ဟာ နောင်ဘယ်တော့မှ တွေ့ ရတော့မယ် မထင်ဘူး။ ကိုယ့် အတွက် နောက်ဆုံးလက်ဆောင်အနေနဲ့  ခင် ပြောခဲ့ပါ--”
“၀မ်းနည်းပါတယ် ၊ ခင် မပြောနိုင်ပါဘူး--”
ခင့်နောက်ဆုံးအဖြေကြောင့်သူလက်လျှော့လိုက်ပုံနဲ့  ခင့်ကို ဘာမှမမေးတော့ဘဲပြန်ပို့ပါတယ်။
ဒါပေမယ့် သူဟာ ခင့်နှလုံးသားကို မြင်သွားတယ်လို့  ခင် ထင်မိတယ်။
နောက်ရက်တွေမှာသူကခင့်ကိုပိုပြီးဂရုစိုက်လာတယ်။အလုပ်အားတာနဲ့ခင် တို့ ဆီရောက်လာ
တယ်။ခင်တို့ကိုဂျပန်ရိုးရာဓလေ့တွေကိုလည်းပြောပြတယ်။အားရက်တွေမှာ နေရာအနှံ့ လည်းလိုက်ပို့တယ်။ အရသာရှိတာတွေလည်း ၀ယ်ကျွေးတယ်။
ခင်သိတယ်--သူကလေ ခင် ဂျပန်မှာ ပျော်လာအောင် လုပ်နေတာပါ။
သာယာတဲ့ ဂျပန်ရဲ့ နွေဦးရာသီမှာ ပွင့်ကြတဲ့ ပန်းရောင်စုံလေးတွေကလည်းလှလိုက်တာ သပ်ရပ်သန့်ရှင်းတဲ့  လမ်းလေးတွေ အိမ်လေးတွေ -ဂျပန်ဟာ ဘယ်နေရာကိုကြည့် ကြည့်  လှပအေးချမ်းနေတယ်။ ဒီလို နေရာလေးမှာ ကိုယ်ချစ်တဲ့ သူနဲ့  တစ်သက်လုံးပြည်ြုပည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်မယ့်  အခွင့်အရေးရှိရက်နဲ့  ခင် ငြင်းနေရတယ်။
တစစ နဲ့ ခင်တို့ ပြန်ဖို့  ရက်လည်းနီးလာပါတယ်။ မြန်မာအင်ဂျင်နီယာ နှစ်ယောက်လည်း PLC Program ပညာတွေ သေချာ သင်ယူတတ်မြောက်ခဲ့ ပါပြီ။ ခင်တို့ ဟာ ဂျပန်ရဲ့ နည်းပညာတစ်ခုကိုကိုယ့်မြန်မာပြည် သယ်ယူလာနိုင်ပြီမို့ ခင် ၀မ်းသာရသလို ပြန်ဖို့နီးလာလေညှိးနွမ်းလာတဲချစ်သူ ရဲ့ မျက်နှာကို မြင်ရတိုင်း ခင် ၀မ်းနည်းနာကျင်ရပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၈ )
လေယာဉ်ပြတင်းပေါက်က မြင်ရတဲ့  ၀ါဂွမ်းဖြူ တိမ်စိုင်တိမ်လိပ်တွေ ကို ငေးကြည့်ရင်း လေဆိပ်မှာ ခင်တို့ကို လိုက်ပို့ ရင်း မျက်ရည်ဝဲနေတဲ့  သူ့ မျက်ဝန်းတွေကို မြင်ယောင်နေမိတယ်။ ခုကစပြီး တစ်သက်လုံး သူ့ ကို ခင် မမြင်မတွေ့ ရတော့ဘူးပေါ့နော်- ဖြစ်နိုင်မယ်ဆိုရင်လွင့်မျောနေတဲ့  တိမ်တွေကို စီးပြီး ချစ်သူဆီ ပြန်ပြီးပြေးသွားချင်လိုက်တာ-- ခုဆိုရင်သူဟာခင်ပေးခဲ့တဲ့စာရှည်ကြီးကိုဖတ်နေပါပြီလို့တွေးရင်း ခင်ရေးပေးခဲ့တဲ့ စာသားတွေ ကိုပြန်မြင်ယောင်နေမိပါတယ်----
Hikari San
ခင် ဒီစာလေးနဲ့  နုတ်ဆက်ခဲ့ပါတယ်-
ဂျပန်မှာ သုံးလတာ နေစဉ် ခင်တို့ကို အစစအရာရာ ကူညီစောင့်ရှောက်ခဲ့တဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။ဂျပန်လူမျိုးတွေရဲ့နိုင်ငံကြီးသားပီသစွာနဲ့သေချာသင်ကြားပြသပေးခဲ့ တဲ့ ကျေးဇူးကို ခင်တို့ မြန်မာတွေက  ဘယ်တော့မှ မမေ့ တော့ပါဘူး။
ခင့် ကြောင့်  ရှင့် စိတ်ကို ဒဏ်ရာဖြစ်စေခဲ့အတွက်တော့  တောင်းပန်ပါတယ်။
ခင့်  အကြောင်းကို ရှင် သိအောင်ပြောပြပါမယ်။
ခင် ဆယ်တန်း အောင်စာရင်းထွက်ပြီး နိုင်ငံခြားဘာသာတက္ကသိုလ် မှာ ဂျပန်ဘာသာတက်ဖို့ လျှောက်မယ်လို့  အိမ်ကို ခွင့်တောင်းတုန်းက ဘိုးဘိုးက ခင့်ကို မေးပါတယ်။
“မြေးလေးက ဘာလို့ ဂျပန်စာ သင်ချင်တာလဲ”
“၀ါသနာပါလို့ပါဘိုးဘိုး--ခင်ကလေဂျပန်စကားပြောရတာကိုသဘောကျတာ---
နောက်ပြီးတော့သူတို့လူမျိုးတွေရဲ့အလုပ်ကြိုးစားပြီးစည်းကမ်းလိုက်နာတဲ့စိတ်ဓါတ်ကိုလည်း
ကြိုက်တယ်၊ နောက်ဆို မြန်မာပြည်မှာ ဂျပန်ကုမ္မဏီတွေလည်း တိုးလာမှာလေ-
သမီး ဂျပန်စကားပြန်တစ်ယောက်လုပ်ပြီး အသက်မွေးချင်လို့ပါ ”
“အင်း-သမီးရည်ရွယ်ချက်ကိုတော့ ဘိုးဘိုး သဘောကျပါတယ်--
ဒါပေမယ့်  ဘိုးဘိုးတစ်ခုတော့ သတိပေးမယ်--ဂျပန်စာတတ်သွားလို့  ဂျပန်တွေနဲ့ လက်တွဲလုပ်တဲ့ အချိန်ကျရင် သမီးမှာ ရှိတဲ့ မျိုးချစ်စိတ်တော့ပျောက်မသွားစေနဲ့နော် ”
“ အာ--ဘိုးဘိုးကလည်း-ခင်ကဘယ်တော့မှဒီလိုမဖြစ်စေရဘူး--ဗိုလိချုပ်အောင်ဆန်းနဲ့
တော်လှန်ရေး တိုက်ပွဲ အတူ ၀င်ခဲ့တဲ့  မျိုးချစ်တော်လှန်ရေးခေါင်းဆောင် ဘိုးဘိုးရဲ့ မြေးပဲ ”
“ဘိုဘိုးသိပါတယ်--ဒါပေမယ့်  ကံကြမ္မာဆိုတာ မမြင်နိုင်ဘူးမြေးလေးရဲ့ --
နောင်တချိန် ခင်ဟာ ဂျပန်တွေနဲ့လက်တွဲလုပ်ရမယ်-ဂျပန်နိုင်ငံကိုသွားချင်သွားရမယ်-
ဒီအချိန်မှာ သူတို့ရဲ့ ပြည့်စုံချမ်းသာမှုတွေ သမီးအားကျမယ်--
သူတို့ လူမျိုးနဲ့  မေတ္တာမျှမိပြီး မြန်မာပြည်ကို ပစ်သွားမှာ စိုးရိမ်တယ်--
စောင့်လေမျိုးနွယ်ဆိုတာကို ငါ့မြေးလေး မထိမ်းနိုင်မှာ စိုးတယ် ”
“ဟာ--ဘိုးဘိုးရယ်--ကြံကြီးစည်ရာ-ခင်ကရေခြားမြေခြားကမြန်မာမဟုတ်တဲ့ သူစိမ်း
တစ်ယောက် ကို ကြိုက်ပါ့မလား ”
“ကံကြမ္မာဆိုတာ မမြင်နိုင်ဘူးမြေးလေးရဲ့ --ချစ်ခြင်းမေတ္တာဆိုတာကလည်းဆန်းကြယ်တယ်-
ဒါဆို --ဘိုးဘိုးကို ကတိပေးနိုင်မလား--ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခင် နိုင်ငံခြားသားကို လုံးဝမယူရဘူး--နိုင်ငံခြားမှာ အသက်မမွေးရဘူး”
“စိတ်ချပါဘိုးဘိုး- -ခင် လေးလေးနက်နက် ကတိပေးပါတယ်--ခင် ဂျပန်စာသင်တာဟာ ဂျပန်မှာနေဖို့ ဂျပန်ကို ယူဖို့ မဟုတ်ပါဘူး--ခင်တို့ မြန်မာပြည်အတွက်ပါ-
ခင် ဂျပန်လည်းဘယ်တော့မှ သွားမနေပါဘူး-မြန်မာပြည်မှာပဲ တစ်သက်လုံးနေပါ့မယ် ”
“သာဓုပါကွယ်--သာဓု သာဓု--အမျိုးကိုချစ်တဲ့  ငါ့မြေးလေး ဘုန်းကြီးပြီးအသက်ရှည်ပါစေ”
ဘိုးဘိုးဟာ ခင့်ကတိစကားကြောင့်စိတ်ချမ်းသာစွာနဲ့  ခင့်ကို စိတ်ချလက်ချထားခဲ့ပြီး လောကကြီးထဲကနေ နုတ်ဆက်ထွက်ခွာသွားတာ ငါးနှစ်ကျော်ပါပြီ။
ခင်လည်းဘိုးဘိုးကိုကတိပေးခဲ့တဲ့အတိုင်းမြန်မာပြည်မှာပဲဂျပန်စကားပြန်အလုပ်နဲ့ အသက်
မွေးခဲ့တာပါ။
ဂျပန်လူမျိုးတွေကိုခင်လေးစားပါတယ်-ခင်မင်ပါတယ်။
ဂျပန်စကားပြောနေရတာကို ခင်ပျော်ပါတယ်--
ဒါပေမယ့်  ဂျပန်လူမျိုးတစ်ယောက်ကို လက်ထပ်ပြီး ဂျပန်မှာ တစ်သက်လုံး နေထိုင်သွားဖို့  ခင် ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး--
ခင့် တိုင်းပြည်ကို ခင် ချစ်ပါတယ်။
ခင် ဟာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့  အမျိုးဂုဏ်ကိုစောင့်ထိန်းရပါမယ်။
ရှင် ခင့်ကို ချစ်တယ်ဆိုတာ ခင် ခံစားယုံကြည်လို့ရပါတယ်။ ဒါပေမယ့်  ဘယ်လိုမှ မဖြစ်နိုင်တဲ့ဘ၀မှာ ခင့်ကို မေ့ လိုက်ပါ--
ရှင့်ကို ချစ်လားလို့  မေးခဲ့တဲ့ စကားတစ်ခွန်းကို ခင် မဖြေနိုင်ခဲ့တာခွင့်လွတ်ပါ-
ခင့် စကားတစ်ခွန်းကို ပွေ့ ပိုက်ပြီး တစ်သက်လုံး ခင့်ကို ရှင် သတိရတမ်းတ နေမှာ ခင်မလိုလားပါဘူး။ရှင်ဖြတ်သန်းရမယ့် ဘ၀ခရီးလမ်းမှာ ရှင့် ကိုဖေးမ ကူညီစောင့်ရှောက်မယ့်  လက်တွဲဖော် ကို  ရွေးချယ်လိုက်ပါ။ ချစ်ချင်းမေတ္တာနဲ့ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။
ရှင်အောင်မြင်ပျော်ရွှင်ပြီး သာယာတဲ့ မိသားစု ဘ၀လေး ပိုင်ဆိုင်ဖို့  ခင် မျှော်လင့်ပါတယ်။
အချိန်ဆိုတဲ့သမားတော်ကြီးကုစားလို့ရှင့်ရဲ့ခင့်အပေါ်သတိရခြင်းတွေအမြန်ပျောက်ပြယ်သွားပါစေလို့    ခင် ဆုတောင်းပါတယ်--
ကျေးဇူးတင် ခင်မင်စွာဖြင့် 
ခင်
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၉ )
မြန်မာပြည်ပြန်ရောက်လာပြီးတနေ့မှာခင်ဟာဖြစ်ပျက်ခဲ့သမျှ  KatoSan ကို ပြောပြခဲ့ပါတယ်။
KatoSanကပြောတယ်--ခင့်ဆုံးဖြတ်ချက်မှန်တယ်တဲ -ခင့်ရဲ့ မျိုးချစ်စိတ်ကို လေးစားတယ်တဲ့-
ကြည်တဲ့မျိုးချစ်စိတ်ပြင်းထန်တဲ့ ဂျပန်လူမျိုးတစ်ယောက်--ပါတဲ့--
ချစ်တဲ့စိတ်တစ်ခုတည်း ရှေ့ တန်းတင် ၊ ခံစားမှုကို ဦးစားပေးပြီး ခင်က သူ နဲ့ ဂျပန်မှာ လိုက်နေရင်တောင်  ကြာလာရင် ခင်တို့ အိမ်ထောင်ရေးဟာ သာယာမယ်မထင်ပါဘူး-တဲ့ -
ဒါတွေကို နားလည်လို့  ခင် ရင် အကွဲ ခံ ပြီး သူ့ ကို ငြင်းခဲ့တာပါ။
တစ်သက်မှာတစ်ကြိမ် ပေါက်ဖွားလာတဲ့  ခင့်ရင်ထဲက မေတ္တာပွင့်ဦးကို ခင့်လက်နဲ့ ခင် ကြိတ်ချေဖျက်စီးခဲ့ရတာပါ ချစ်သူရယ်--
ခုဆိုရင် လေးနှစ်ကျော်သွားပါပြီ။ KatoSan လည်း ဂျပန်ပြန်သွားပါပြီ။
ဂျပန်ကနေ ခင့်ဆီ မေးလ် တွေ ပို့ တဲ့အထဲမှာ သူ့ အကြောင်း မပါပါဘူး။
ခင် သတိရနေ၊ခံစားနေရမှာစိုးလိုသူ့ အကြောင်းတွေ ပြောမပြတော့တာ ခင် နားလည်ပါတယ်။
ခင်လည်း အလုပ်ခွင်နဲ့ မိသားစု အသိုင်းအ၀ိုင်းကြားမှာပျော်အောင်နေပြီး ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းနေပါတယ်။
ရှင် လည်း အလုပ်တွေကြိုးစားနေမယ်လို့ ထင်ပါတယ်။
ခင် ဆုတောင်းပေးခဲ့ သလို ခင့် ကိုလည်း မေ့ ချင်လည်းမေ့ နေ လောက်ပါပြီ။
ရှင့်ကို ဂရုစိုက်ကြင်နာတဲ့ ဘ၀ ခရီးဖော်လည်းရှိချင်ရှိနေလောက်ပါပြီ။
ခင်ကတော့လေ--နှလုံးအိမ်ထဲကချစ်ခြင်းမေတ္တာတရားတွေနဲ့အတူရှင့်ကို မမေ့ နိုင်သေးပါဘူး။
ဒါပေမယ့်  ခင့်ရဲ့ တမ်းတခြင်းတွေကြောင့်တော့ ရှင့်ကို မပူလောင်စေချင်ပါဘူး-
ရှင်အမြဲအောင်မြင်ပျော်ရွှင်နေပါစေ--သာယာအေးချမ်းတဲ့ကိုယ်ပိုင်ဘ၀တစ်ခု တည်ဆောက်နိုင်ပါစေလို့  မေတ္တာ ပို့  ဆုတောင်းနေပါတယ်။
နံနက်ခင်းတိုင်း အရှေ့ ကျွန်းက နေ၀န်းနီကြီး ထွက်ပေါ်လာတိုင်း နေမျိုးနွယ် လို့ ဂုဏ်ယူ တတ်တဲ့  ရှင့် ကို  သတိရနေပါ့မယ်ချစ်သူရယ် ---
ခံစားနားလည်နိုင်ပါစေ
သန္တာအောင်
1 comment:
  1. ခင် ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ကိုယ့်လူမျိုးကိုချစ်တတ်ရမယ်လေ။ဒီတော့
    ခံစားနားလည်ပေးသွားပါတယ်။ဒီဝတ္ထု ထဲက ခင် တစ်ယောက်လည်း အမြဲ အေး
    ချမ်းသွားနိုင်ပါစေလို့ ဆန္ဒ ပြုပေးလိုက်ပါတယ်နော်။
    ReplyDelete