Thursday, May 3, 2012

နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ


ကျမ က ဂျပန်မှာ လုပ်စားတဲ့ ဂျပန်အစားအစာလုပ်နည်းတွေ တင်ပေးတဲ့အခါ  ထမင်းလိပ်နည်းတင်ပေးပါဆိုပြီး တောင်းဆိုကြပါတယ်။
ဂျပန်မှာက  ဆိုင်တွေမှာလည်း အချိန်မရွေးဝယ်လို့ ရနေတော့ လက်ဝင်ပြီးအချိန်ကုန်တဲ့ 
ထမင်းလိပ်ကို အချိန်ပေးပြီးသိပ်မလုပ်ကြတော့ပါဘူး။

အဲဒါကြောင့် ဆရာမမြသွေးနီ ရဲ့ ထမင်းလိပ်နည်းကိုပဲ ကူးယူဖေါ်ပြလိုက်ပါတယ်ရှင်။


နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ



ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို ဖတ်လိုက်ထဲက မြသွေးနီတစ်ယောက် ဘယ်နှယ့် ဘယ်က ဆူရှီကို သွားကြိမ်းမောင်း ကြုံးဝါးနေပါလိမ့်ဆို သိချင်စိတ်လေးတွေ ဖြစ်လာကြမယ် ထင်ပါတယ်။ ဒါကလည်း ခေတ်နဲ့ လျော်ညီစွာ ခေတ်ပေါ်ဝတ္တုတွေကို အားကျပြီး စာဖတ်သူစိတ်ဝင်စား လာအောင် နာမည်နဲ့အရင် ဖမ်းစားလိုက်တာပါ။
အဖြစ်က ဒီလို…။
တစ်နေ့ညနေ အိမ်မှာ သားလှရွှေသွေး သားပြည့်လေးကို ရေချိုးပေးအပြီး ခေါင်းဖြီးပေး လိုက်တော့…
“ အား…အား… နာတယ်မေမေ..နာတယ်..ဖြည်းဖြည်းလုပ်ပါ.. ” ဆို အသံဗြဲကြီးနဲ့ ထအော်ပြီး ခုန်ပါလေရော။ ဒါနဲ့ လန့်ဖြတ်ပြီး ဆံပင်တွေဖြဲ သူ့ချိုစောင်းကို ကြည့်လိုက်လေတော့ ….
“ ဘုရားရေ… နည်းတဲ့ အာလူးသီးကြီး မဟုတ်ပါလား… ဘယ်လိုဖြစ်ရတာလဲ ပြောပါဦး ”
“ ဆူရှီစားရင်း ရန်ဖြစ်တာမေမေ ” တဲ့..။
သူက တစ်ဦးထဲသားတို့ရဲ့ ပုံစံအတိုင်း အပေါင်းအသင်းမင်တယ်။   ပေး၊ ကျွေးပြီး   နှိမ့်ချ   ပေါင်းတတ်တယ်။ သူ့အကြောင်းကို သိလို့ ကျောင်းမှာ ကိုယ်က ရန်မစရဘူး၊ အချင်းချင်း  ရန်မဖြစ်ရဘူးလို့ မှာထားပေမယ့် ကိုယ့်ကို မတရားလုပ်လာ၊ ပြောလာရင်၊ ကိုယ်က မှန်တာ သေချာရင်တော့ အမှန်တရားကို ပေါ်အောင်ကိုယ်တိုင် ဖြေရှင်းရမယ်လို့ သူ့ကို သင်ပေးထားတယ်။ ဒါကြောင့် သူ့ချိုစောင်းမှာ အခုလို ဘုကြီးသီးလာတော့ ဘယ်လို   ဖြစ်ရပြန်ပြီလဲဆို သိချင်စိတ် ပြင်းထန်လာခဲ့တယ်။
“ ဆူရှီ… ဆူရှီ.. ကျောင်းမှာဘယ်က ဆူရှီက ရောက်လာရပြန်တာလဲ..   ဖြစ်ပုံကို မေမေ့ကို   သေချာပြောပြစမ်း ”
“ သား.. ဟိုနေ့က မေမေတို့နဲ့ စီးတီးမတ်ရောက်တော့ ဆူရှီဝယ်ကျွေးလို့   ပြောတယ်လေ..   မေမေကတောင် ဗုံမဟုတ် ပတ်မဟုတ်တွေ မစားနဲ့ .. ဈေးကြီးတယ်ဆိုပြီး မကျွေးဘူးလေ… အဲ့ဒါကြောင့် ”
ဗုဒ္ဓေါ… ဒီ ချိုစောင်းက ဘုကိစ္စက ကျွန်မဆီက အခြေပြုခဲ့တာဖြစ်နေပါရော့လား။
ဟုတ်တယ်လေ။ မြန်မာပြည်မှာ ကိုရီးယားကားတွေ စပြီးပြလာထဲက ကိုရီးယား ဖက်ရှင်တွေဝတ်၊ ကိုရီးသီချင်းတွေ ကော်ပီဆို၊ ကိုရီးယား အစားအစာဖြစ်တဲ့ ဆူရှီတို့၊ ကင်ချီတို့၊ ပဲခေါက်ဆွဲတို့၊   တော့ပုကီတို့က မြန်မာပြည်မှာ ရေပန်းစားခဲ့တာ။ ဂလိုဘယ် လိုက်ဇေးရှင်းခောတ်မှာ  မြသွေးနီကို ခေတ်မမှီဘူးပဲ ပြောမလား၊ ဒေသစွဲကြီးတယ်ပဲ ပြောမလား။ ဒီကတော့ သူတို့ရဲ့ အစာတွေကို ဘယ်လိုမှ လျှာပေါ်မှာ အရသာခံလို့ မရပါဘူးနော်။ ဆူရှီဈေးကလဲ ကြည့်ဦး။ ဆူရှီအကွင်းလေး ကျပ်စေ့အ၀ိုင်းလောက် ၁၀ကွင်းလောက်ပါတာကို ၂၁၀၀ကျပ်တဲ့။ နည်းနည်းငွေ ထပ်ဖြည့်ရင် တစ်နေ့တာ ဟင်းလျာဖိုးရနိုင်တာမို့ သူ့အဖေက ၀ယ်ကျွေးလိုက်ပါကွာ ဆိုတာကို  ဗီတိုအာဏာနဲ့ ပယ်ချခဲ့တာ။ အခုတော့ ပြသနာက အဲ့ဒီက စတာတဲ့။ မြသွေးနီ ဆူရှီ ၀ယ်မကျွေးရာကာ စတာတဲ့။
“ ဘယ်လို… ဘယ်လို… မင်းရဲ့ဘုက မေမေ့ကြောင့် ထွက်ရတယ်ပေါ့.. ဟုတ်လားသား.. ”
“ ဟုတ်တယ်.. မေမေသာ အဲ့ဒီနေ့က ၀ယ်ကျွေးရင် သား… အောင့်နိုင်မှာ.. ”
“ ဗုဒ္ဓေါရေ… ဘာကိုအောင့်နိုင်မှာလဲ… မေမေ့ကို ဖြစ်တာတွေ သေချာပြောပြစမ်း ”
သားတော်မောင် မျက်နှာကို သေချာတိုးကြည့်လို့ မေးမှရတော့မယ်။ ဘာလို့လဲဆိုတော့ အနားမှာ သူ့ရဲ့ခမည်းတော်က သူ့ရဲ့ အသည်းကျော်ရဲ့ ချိုစောင်းက ဘုကို အသာအယာ   ဆေးလူးရင်းက  မြသွေးနီကို ဒေါသအမျက် ချောင်းချောင်းထွက်လာတော့မယ့် မျက်နှာထား ကြီးနဲ့  ကြည့်နေပြီလေ။
“ ကျောင်းမှာ သားနဲ့ တစ်လိုင်းထဲထိုင်တဲ့ သူငယ်ချင်းက သူ့အမေလုပ်ပေးတဲ့ ဆူရှီကို ထည့်လာတယ်..၊ သူနဲ့သားနဲ့က အရမ်းခင်တယ်..၊ သားတို့ မုန့်တွေ အမြဲလဲစားနေကြ..၊   မေမေထည့်ပေးတဲ့ မုန့်တွေလည်း သူ့ကို ကျွေးနေကျလေ..၊ ဒီနေ့ သူက ဆူရှီနှစ်ချိုင့် ထည့် လာတာ..၊ ထမင်းစားချိန်မှာ မင်းတစ်ချိုင့်စားဆို ချိုင့်တစ်အံကိုပေးတယ်..၊ အထဲမှာ ဆူရှီ ၅ကွင်းလောက်ပါတယ်…၊  သားလဲ ဟိုနေ့ထဲက စားချင်နေတာဆိုတော့ မင်းကို နက်ဖြန် မင်းကြိုက်တဲ့ ရခိုင်မုန့်တီ ပြန်ဝယ်ကျွေးမယ်ဆို သဘောတူပြီး စားမိတာပေါ့.. ”
ဇာတ်က အရှိန်တက်လာပြီ။ ကျွန်မရော သူ့ဖခမည်းတော်ရော မျက်တောင်မခတ်စတမ်း နားထောင်နေကြတယ်။
“ ဒါနဲ့ သားက တစ်ခုပဲ စားရသေးတယ်..၊ ပြီးတော့ နောက်ဆုံးတန်းက သူငယ်ချင်းဆီ ခဏ သွားပြီး ပြန်လာတော့ သူက ကျွေးထားတဲ့ သူ့ချိုင့်ကို ပြန်ယူလိုက်ပြီမေမေ..၊ နောက်ပြီး ကျန်တဲ့ ဆူရှီအကွင်းတွေ အားလုံးကို သူ့ပါးစပ်ထဲ ပလုပ်ပလောင်း အကုန် ထည့်စားပစ် လိုက်တယ်…၊ သားလဲ အရမ်းစားချင်နေချိန်ဆိုတော့ စိတ်ဆိုးပြီး မင်းကျွေးပြီးသား ဘာလို့   ပြန်ယူရတာလဲဆိုပြီး သူ့ရင်ဘတ်ကို  တွန်းထည့်လိုက်တယ်၊ သူက ယိုင်သွားပြီးတော့ သူ့လက်ထဲက သုံးဆင့်ထမင်းချိုင့်နဲ့ သားခေါင်းကို ရိုက်လိုက်တာ..”
“ ဘုရားရေ… ဆရာမ မသိဘူးလား ”
“ သိတယ်မေမေ..၊ သူက အရင်ငိုပြီး ဦးအောင် သွားတိုင်တာ၊  သားတို့ နှစ်ယောက်လုံး ရိုက်ခံရတယ်..၊ ညနေက သားအောက်မှာ ဘောလုံးဆင်းကန်တော့ ဘောလုံးခေါင်းတိုက်ရင်း အနာကို ထပ်ထိသွားသေးတယ်.. .၊  ဒါကြောင့် အခု ဒဏ်ရာက နာနေတာ.. ”
“ သားကို စားစရာတွေ ပြည့်ပြည့်စုံစုံ စီစဉ်ပေးရက်နဲ့ဘာကြောင့် သူများဟာစားချင်ရတာလဲ..”
“ အား.. မေမေကလဲ.. သားတို့က အဲဒီလိုပဲ လဲစားနေကြလေ..၊ ဟိုနေ့ကသာ မေမေဆူရှီကို ၀ယ်ကျွေးလိုက်ရင် သားစားချင်စိတ်ကို အောင့်နိုင်ဦးမှာ..၊ နောက်ပြီး သူ့မေမေက ခဏခဏ လုပ်ကျွေးတယ် သိလား..၊ ကျောင်းကို ယူယူလာတယ်…၊ မေမေကတော့ သားကို……. ”
သားတော်မောင်က အကယ်ဒမီရှော့အိုက်တင်နဲ့ စကားကို ဆက်မပြောပဲ မျက်နှာလေးကို လွှဲထားလိုက်တာနဲ့ သူဘာကို ဆိုလိုတယ်ဆိုတာ မြသွေးနီကောင်းကောင်း နားလည်လိုက်ပြီ။ ဒီအကယ်ဒမီအိုက်တင်က သူ့ဖခမည်းတော် အသည်းနှလုံးကို ဒါရိုက်ဟစ်ထိသွားပြီ။ အစားမက်သူ သားပြည့်တစ်ယောက် “ အဲ့ဒီနေ့က မေမေ ၀ယ်ကျွေးရင် သား.. အောင့်နိုင်မှာ..” ဆိုပြောတာကို အခုအခါ မြသွေးနီ ဇာတ်ရည်လည်လာရပြီ။ သူ့ခမည်းတော်က ရှုတေတေနဲ့ …
“ နောက်.. ဒါမျိုးမဖြစ်စေနဲ့..၊ သားကိုလဲ သားအမေက လုပ်ကျွေးလိမ့်မယ်… လာမယ့်တနင်္ဂနွေ အ၀စားရမယ်ဟုတ်လား ” ဆိုပြီး သူ့ဟာသူ ဆုံးဖြတ်ချက်ချပြီး ရက်ပါ သတ်မှတ်ပေးလိုက် တယ်။
“ ဟေး ” ကနဲ  ၀မ်းသာစွာ အော်လိုက်တဲ့ သားအသံက မြသွေးနီရဲ့ မျက်လုံးကို ဇကောလောက်   ပြူးသွားစေတယ်။ ဟုတ်တယ်လေ… ဆူရှီဆိုတာကို မြင်ပဲမြင်ဘူးပြီး တစ်ခါသော်မျှ လုပ်ကြည့်ဖို့ စိတ်ကူးမယဉ်ဘူးတဲ့သူဆိုတော့ ပြူးရပြီပေါ့။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ဆိုပြီး အပြုံးပန်းလေးကို မျက်နှာထက်မှာ ဆင်မြန်းထားလိုက်ပါတယ်။ သားရဲ့ခမည်းတော်က   မြသွေးနီကို ဘယ့်နှယ့်ရှိစ ဆိုတဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်ပြီး…
“ သားအတွက် ဘာမဆို ဖြည့်ဆည်းပေးချင်တဲ့ အမေတစ်ယောက်ဖြစ်ချင်တယ်ဆို.. စိတ်ချမယ်နော်” ဆိုပြောပြီး လှည့်ထွက်သွားလေတော့ စိန်ခေါ်ရင် ဘွာမခတ်တတ်တဲ့    မြသွေးနီလည်း ဟန်ကိုယ်ဖို့ဆိုတဲ့အတိုင်း…
“ ပါးပါးလေးပါသားရယ်..၊  အပြင်မှာ ၀ယ်စားရတာ မတန်ဘူး..၊  မေမေကိုယ်တိုင် လုပ်ကျွေးမယ်..၊ ငါ့သား စားဖို့သာပြင်ထား..” ဆို ထွက်သွားလေသူကြီး မကြား ကြားအောင်   အော်ပြောလိုက်မိတော့တယ်။
မခံချင်စိတ်နဲ့သာ အဲ့ဒီလို ပြောချလိုက်တယ်။ လက်တွေ့မှာ ဆူရှီဆိုတာ ဘယ်နေရာကနေ အစစပြီး ဆွဲထုတ်ရမယ်ဆိုတာ  မသိသူဆိုတော့ အမေပေးထားခဲ့တဲ့ ခေါင်းထဲက မှတ်ဥာဏ်တွေကို အကန့်လိုက် ဖြည်ချပြီး စဉ်းစားလိုက်တယ်။ အင်း.. စိန်ခေါ်ပွဲလေးတော့ စပြီ။ စိန်ခေါ်ရင် ဘွာမခတ်တတ်သူဆိုတာ ကလေးတို့အဖေ အသက်ကြီးလာတော့   မေ့နေလောက်ပြီထင်ရဲ့။ သိပ်မကြာပါဘူး။ ၁၀မိနစ်လောက်ပါဘဲ။ မြသွေးနီ ပြုံးလိုက်မိတယ်။
မြသွေးနီ ပြုံးလိုက်မိတယ်။ မြသွေးနီဘလော့ဂ်ဂါ.. ဘလော့ဂ်ဂါ မြသွေးနီ..ပဲ။
ဒါလေးများ အွန်လိုင်းမှာ မုန့်လုပ်နည်းတွေ၊ ဟင်းချက်နည်းတွေ ရေးနေတဲ့ နာမည်ကြီး ဘလော့ဂ်ဂါတွေ အများကြီးရှိနေတာပဲ..။ ဒီတော့ ကမန်းကတမ်း အွန်လိုင်းတက်၊ အပူကပ်နေကျ ရေးဖော်ညီမချောကို Gtalk ကနေ အဖြစ်အပျက်ကို အကျဉ်းပြောပြ၊ ဆူရှီလုပ်နည်းလေးများ ရှာဖွေမစပေးပါဦးဆို အကူအညီတောင်း၊ ၁၀မိနစ်တောင်မကြာပါဘူး၊ သူပို့ပေးတဲ့ ဆူရှီလုပ်နည်းတွေကို ဓာတ်ပုံတွေနဲ့တကွ ဝေေ၀ဆာဆာ ရတော့တာဘဲ။ သြော်.. အင်တာနက်ခေတ်များ… ကောင်းလေစွ..။
ချောက သူ့ရဲ့လုပ်နည်းလေးကိုပါ မျှဝေပေးတယ်။ နက်ဖြန် တနင်္ဂနွေဆိုတော့ ဒီနေ့ လိုတာတွေ ဈေးဝယ်ထားမယ်။ မသိတာရှိရင် ဖုန်းလှမ်းဆက်မေးမယ်ဆို ချောကို ကြိုတင်မှာထား။ ပြီးတာနဲ့ ဆူရှီအရေးတော်ပုံ အတွက် ၀ယ်ရမယ့် ပစ္စည်းစာရင်းတွေ ချရေးလိုက်တယ်။ ရုံးကလည်း ဒီနေ့ ၆နာရီမှ ဆင်းတာမို့ လိုအပ်တဲ့ ပစ္စည်းအမယ်တွေကို အိမ်နားက စီးတီးမတ်မှာ ၀င်ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
အသီးအရွက်နဲ့ လိုအပ်တဲ့ အခြားအမယ်တွေကို ၀ယ်ပြီးချိန်မှာတော့ လက်ထဲမှာ ကြွပ်ကြွပ်အိတ် တစ်လုံးအပြည့်နဲ့ ဆူရှီအော်ပရေးရှင်းစဖို့ ခြေတစ်လှမ်းလှမ်းပြီးသွားလေပြီ။ အဲ.. ဆူရှီလိပ်ဖို့ ၀ါးယင်းလိပ်လေးတောင် ပါလိုက်သေး။
ဆူရှီစလိပ်ပြီ…။
Aja Aja Fighting !
( ကိုရီးယားကားထဲကလို ကိုယ့်ကိုယ်ကို အားပေးခြင်းပါ… ။ ဤကား စကားချပ်။ )
တနင်္ဂနွေနေ့ မနက်ခင်းမှာတော့ တစ်ခါမှမလုပ်ဘူးတဲ့ ဆူရှီလုပ်ဖို့အတွက် မီးဖိုချောင်ထဲမှာ   မြသွေးနီတစ်ယောက် ပစ္စည်းအမယ်တွေ ပတ်ချာလည်ဝိုင်းလို့ စိတ်တွေ လှုပ်ရှားစွာ အသင့်ရှိနေခဲ့တယ်။ ကဲ.. ဆူရှီကို ဘယ်လိုများ ကသောင်းကနင်းနဲ့ လိပ်လိုက်တယ်ဆိုတာ ကြည့်လိုက်ရအောင်။
အခုလို သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်အူချောင်းကြော်လေးတွေကို အမြှောင်းလိုက် လှီးပါတယ်။ မြသွေးနီကတော့ သခွားသီးနဲ့ မုန်လာဥနီကို စားရင် ထုတ်ထုတ် ထုတ်ထုတ်လေး ဖြစ်နေအောင် လှီးပြီး  ဗနီကာရည်လေး ခဏစိမ်ထားလိုက်တယ်။ ဒါက မြသွေးနီစတိုင်၊ လုပ်နည်းထဲတွင်မပါ။ ဤကား စကားချပ်။
ထမင်းပူပူကို ဆားသင့်ယုံ၊ နှမ်းဆီ၊ ကြက်သားမှုန့်လေးနဲ့ အရသာရှိအောင် စီးစီးလေး   ဖြစ်အောင် နယ်လိုက်ပါတယ်။
ဒါက ဆူရှီလိပ်ရာမှာ မပါမဖြစ် ရေညှိရွက်နဲ့ ၀ါးယင်းလိပ်လေးပါ။
ဝါးယင်းလိပ်ပေါ် ရေညှိအရွက်ကို ခင်းလို့ နယ်ထားတဲ့ ထမင်းကို ပါးပါးလှပ်လှပ်လေး   ဖြန့်ခင်းရပါတယ်။  ကောင်းစေချင်ဇောနဲ့ ထမင်းအများကြီးထည့်လို့ကတော့ သွားပြီ.. လိပ်လိုက်ရင် အထူပွပွကြီးနဲ့ မလှမပဖြစ်နေရော။ မြသွေးနီ ကိုယ်တွေ့။
ထမင်းဖြန့်ထားတဲ့အပေါ်မှာ ခုနက ခုနက အမြှောင်းလိုက် လှီးထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်မိတ်၊ ကြက်အူချောင်းကြော်လေးတွေ တစ်ချောင်းစီ အလျားလိုက်ကို အလည် နားမှာထည့်။  အရသာပိုရှိအောင် သုံးလေးငါးချောင်းလောက် ပိုမထည့်လေနဲ့။ လိပ်တဲ့အခါ   ပြဿနာအတောင့်လိုက် တက်ပြီသာမှတ်။ ဤကား ကိုယ်တွေ့။
ကြက်ဥလေးခေါက်ကြော်ပြီး လိပ်တဲ့ထဲ ထည့်လိုက်သေးတယ်။ ဖြစ်နိုင်ရင် ဗမာပီပီ ငရုပ်သီး စိမ်းတောင့် လေးတောင် ထည့်လိုက်ချင်မိသေး။  :)
အဲ… ဆူရှီလိပ်ချိန်မှာမှ ပညာက စတာ။ ၄..၅…၆ခါ ကြိုးစားလိတ်တာ ၀ါးယင်းလိပ်ကြီးပါ အလိပ်ထဲ ပါနေလို့ “ ချော ” ဆီ ကမန်းကတမ်း ဖုန်းဆက်မေးရသေးတယ်။ သူကလဲ “ ဟုတ်တယ်..၊  လိပ်ရင် ၀ါးယင်းလိပ်ပါ အထဲလိပ်ဝင်သွားမှာ.. ညီမလဲ တစ်ခါမှ မလိပ်ဘူးသေး ဘူးတဲ့ ” ။ ဒါနဲ့ ဖုန်းချပြီးတာနဲ့ ၀ါးယင်းလိပ်ကို ကသိုင်းရှုရင်းကနေ စဉ်းစားလိုက်။     ပြေထွက်သွားလိုက်….။   ဖြည်ထွက်သွားလိုက်… လိပ်လိုက်နဲ့မို့  နှုတ်ကနေ အကြိမ်ကြိမ် ကြိမ်းဝါးမိပါပြီကော။

“““… နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ..”””

 
“… နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ..”
အဲ့ဒီလိုနဲ့ အဆင်မပြေတဲ့ အကြိမ်တွေများလာပြီးတဲ့ တစ်ကြိမ်မှာတော့…..။ ရပါပြီ။ ၀ါးယင်းလိတ်လေးက အ၀ိုင်းတစ်ခုစာ ပေါ်ယုံလေး အလျားရှိတာဆိုတော့   ရေညှိစလေးကို   အောက်နည်းနည်းလျှောထားပြီး ပိုထွက်နေတဲ့ ရေညှိစလေးကို တစ်ဖက်က ကျန်တဲ့   ရေညှိစလေးမှာ လိပ်ရင်းကနေ တင်းတင်းလေး ဆွဲဖိကပ်လိုက်တာပေါ့။ မတင်းဘဲ   လျော့နေရင် အကွင်းလိုက် ဓားနဲ့ လှီးချိန်မှာ ပုံပျက်သွားနိုင်တာမို့ ဆူရှီအတွက် ဒီအချိန်က အရေးကြီးဆုံးလို့ ထင်မိတာပဲ။ ဤကား ကိုယ်တွေ့။ ကိုယ်တိုင် ဇောချွေးပျံခဲ့ရလို့။ :)
ကဲ.. ဘာတတ်နိုင်သေးလဲ ဆူရှီ … လိပ်လို့ ရသွားပါပြီရှင်။
“… နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ..”
ဆူရှီအလိပ်လေးကို တအံ့တသြကြည့်နေမိတယ်။ မြသွေးနီလုပ်ထားတာမှ ဟုတ်စ။ ဓားထက်ထက်ပါးပါးလေးနဲ့ ဖွဖွရွရွမွမွလေး အသက်အောင့်လို့ ဂရုတစိုက်လှီးလိုက်ပါတယ်။ မဟုတ်ဘဲ ဖိလှီးလို့ကတော့ အထဲက အစာတွေ အကုန်ကျွံထွက် လာလေရော။ ဤကား ကိုယ်တွေ့။
ဝါး……… လှလှပပ အရသာရှိရှိ ဆူရှီအကွင်းလေးတွေ…….။
နှစ်သက်ရာ ဆော့စ်ကောင်းကောင်းနဲ့ တို့စားပေတော့..။
“ မေမေ… သိပ်စားလို့ကောင်းတာပဲ.. သူငယ်ချင်းရဲ့ ဆူရှီထက် မေမေ့ဆူရှီက ပိုအရသာရှိ တယ်..  နောက်အမြဲ လုပ်ကျွေးရမယ်နော် ”
နောက်အမြဲ လုပ်ကျွေးရမယ်နော်ဆိုပြီး ထန်းပင်တက်လက်မှတ်ကို သားပြည့်က အမေဖြစ်သူအတွက် ချက်ချင်းပေးပါတယ်။ “ဘယ့်နှယ့်ရှိစ” ဆိုတဲ့ အနိုင်ရသူတို့ရဲ့ မျက်နှာပေးနဲ့ သူတို့သားအဖကို ကျွန်မ…………….အင်းးးးး… မကြည့်ရက်တော့ပါဘူး။ ကျွန်မက   ပေးဆပ်သူ သက်သက်လေ။ :)
တကယ်က အိမ်ကလူကြီး ဆူရှီကို တစ်ကွင်းပြီးတစ်ကွင်း ပြုံးပြုံးကြီးနဲ့ မိန့်မိန့်ကြီး မြုံ့ဝါးနေကထဲက အခုလို လက်စွမ်းပြလိုက်ရလို့  မြသွေးနီတစ်ယောက်   ကျေနပ်နှင့်နေပြီး သားလေ။ ကျန်တာ ဘာဆိုဘာမှ မလိုတော့ပါဘူး။
ဝန်ခံချက်။ ကိုရီးယားအစားအစာ၊ ကိုရီးယားဖာတ်လမ်းတွဲတွေသာ မြသွေးနီ မကြိုက်တာ။ ရှားရားပါးပါး ကိုရီးယားမင်းသား ဘေယောင်ဂျွန်းတို့၊ လီဗြောင်ဟွန်းတို့ သရုပ်ဆောင်တာ ကိုတော့ မြသွေးနီ ကြိုက်ပါတယ်။ အိမ်က လူကြီးကိုတောင် ဆူရှီလုပ်ရင်း “အိုပါး ” လို့ နောက်ပြီး ခေါ်မိသေးတယ်။ အင်း… “ ဆာဒါးငယ် ” လို့တော့ မပြောဖြစ်တော့ပါဘူး။  အသက်တွေက ကြီးပြီကိုး။
———————————-
နောက်ဆက်တွဲ ။ ဒီပို့စ်လေးတင်ပြီး သိပ်မကြာခင်မှာ USAက စာဖတ်မိတ်ဆွေ ကိုစိုင်းဆီက လူကြုံပါဆယ်တစ်ခု  မထင်မှတ်ပဲ ကျွန်မလက်ခံရရှိခဲ့ပါတယ်။ လူကြုံက “ ကိုသားပြည့်အတွက် အမေရိကက လူကြုံပါတယ် ” ဆိုလို့ ကျွန်မ အံ့သြခဲ့ရပါတယ်။

ပို့ပေးလိုက်တာက Steven Pallet ရေးတဲ့ Simply Sushi ဆိုတဲ့ ဆူရှီအမျိုးမျိုး ပြုလုပ်နည်းစာအုပ်လေးပါ။
လုပ်ကိုင်ပုံအဆင့်ဆင့် ရိုက်ကူးထားတဲ့ ဗွီစီဒီပါတဲ့ စာအုပ်လေးက တကယ့်ကို အသုံးဝင်ခဲ့ပါတယ်။
 
Simply Sushi ရေးတဲ့ Steven Pallet
အခုတော့ ကျွန်မ ဆူရှီကောင်းကောင်း လုပ်စားတတ်ပါပြီ။ ဒီအတွက် ကိုစိုင်းကို ကျေးဇူးအထူး တင်ရှိကြောင်း ဒီပို့စ်အဟောင်းလေးနဲ့ အတူ မှတ်တမ်းတင်ပါရစေရှင်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

No comments:

Post a Comment