Thursday, May 3, 2012

လက်ညှိုးလေး ညွှန်ရအောင်

ဥတ္တရမဓုရတိုင်း မဟာသာဂရမင်းကြီးရဲ့သားက ဥပသာဂရတဲ့...
ဥပသာဂရမင်းမှာ အဉ္စနဒေ၀ီဆိုတဲ့ သမီးတော်ရယ် ...
ဝါသုဒေ၀၊ ဗလဒေ၀၊ စန္ဒဒေ၀၊ သူရိယဒေ၀၊ အဂ္ဂိဒေ၀၊ ၀ရုဏဒေ၀၊
အဇ္ဖုနဒေ၀၊ သဇ္ဖူနဒေ၀၊ ဃဋပဒေ၀၊ အင်္ကုရရယ်လို့ သားတော် ၁၀ ပါး ရှိသတဲ့ ....
သည်မင်းသားတစ်ကျိပ်တို့ဟာ ဇဗ္ဗူဒိတ်ကျွန်းမှာ ခြောက်သောင်းသုံးထောင်သော မြို့တို့ကို
အောင်မြင်တဲ့အတွက် ဒသဘာတိတမင်းသားများလို့ ထင်ရှားကြတယ် ....
ဇဗ္ဗူဒိတ်တစ်ကျွန်းလုံး အောင်မြင်တဲ့အခါ ဇဗ္ဗူဒိတ်ကို ၁၀ ပုံပြုပြီး
ညီနောင်များ ဝေယူကြတယ် ...
ဝေယူပြီးမှ နှမတော် အဉ္စနဒေ၀ီကို သတိရကြတဲ့အတွက် ပြန်ပြီးခွဲဝေကြမည့်အခါ
အင်္ကုရမင်းသားက သူ့ဝေစု အစ်မတော်ကိုပေးပါ ...
သူ့အတွက် နောင်တော်များနှင့် အစ်မတော်က အခွန်လွတ် ကုန်ရောင်းဝယ်ခွင့်ပြုလျှင်
တော်ပါပြီလို့ ပြောတဲ့အတွက် အင်္ကုရမင်းသားအတွက် တိုင်းပြည်ကို
နှမတော်အားပေးပြီး အင်္ကုရကိုတော့ သူ့ဆန္ဒအတိုင်း ကုန်ရောင်းဝယ်ခွင့် ပြုလိုက်ကြသတဲ့...
*   *   *   *   *   *   *
အင်္ကုရမင်းသားဟာ ကုန်ရောင်းကုန်ဝယ်ရင်း ပစ္စည်းဥစ္စာ တိုးပွားလာတဲ့အတွက်
နေ့စဉ် အလှူကြီးကို ပေးလှူတယ်...
အင်္ကုရမင်းသားရဲ့ ဘဏ္ဍာစိုးဟာ အလွန် သစ္စကတိ တည်ကြည်ပြီး
အရှင်ကို လေးစားတဲ့အတွက် အင်္ကုရမင်းသားကလည်း
ဘဏ္ဍာစိုးကို အလွန် ချစ်ခင်တယ်တဲ့...
အဲဒီ ဘဏ္ဍာစိုးဟာ မယား ကိုယ်ဝန်အရင့်အမာရှိချိန် ကွယ်လွန်ရှာသတဲ့ ...
ဖွားလာတော့ ယောက်ျားကလေး ...
သည်ကလေးကိုလည်း အင်္ကုရမင်းသားက သူ့အဖေ ရထိုက်တဲ့ ရိက္ခာကို ပေးတယ် ..
သူငယ် အရွယ်ရောက်တော့
အင်္ကုရမင်းသားရဲ့ကျွန် ဖြစ်သင့်၊ မဖြစ်သင့် ပြဿနာ ပေါ်လာတယ် ...
သည်ပြဿနာကို အစ်မတော်အဉ္စနဒေ၀ီထံမှာ အဆုံးအဖြတ်ခံယူတော့
နွားမကမွေးတဲ့ နွားကလေးဟာ နွားမပိုင်ရှင်နဲ့သာဆိုင်တယ်
နွားထီးပိုင်ရှင်နဲ့ မသက်ဆိုင်ဘူး၊
ယခု ကလေးရဲ့အဖဟာ အင်္ကုရမင်းသားရဲ့ ကျွန်ဖြစ်စေကာမူ
အမိဟာ ကျွန်မဟုတ်တဲ့အတွက်
အင်္ကုရမင်းသားရဲ့ ကျွန်မဟုတ်ဘူးလို့ အဆုံးအဖြတ်ပေးတဲ့အတွက်
သူငယ်ဟာ ကျွန်ဘ၀က လွတ်သွားတယ် ...
သို့သော်လည်း ဒီအရပ်မှာနေသမျှ ကျွန်ဆိုတဲ့အမည်ဟာ ပျောက်မှာမဟုတ်ဘူး...
ဒါကြောင့် ကျွန်အမည်ပျောက်အောင် ရောရူဝမြို့ကို ထွက်သွားခဲ့တယ် ...
ရောရူဝမြို့မှာ အပ်ချုပ်သည်ရဲ့ သမီးနှင့် သင့်မြတ်ကာ
အပ်ချုပ်အတတ်နဲ့ အသက်မွေးပြီး နေထိုင်သတဲ့ ...
*   *   *   *   *   *   *
ရောရူဝမြို့မှာလည်း အသယှသူဌေးကြီးဟာ နေ့စဉ် အလှူကြီးပေးတယ် ...
အပ်ချုပ်သမားဟာ အလှူအိမ်မသိကြတဲ့ ဖုန်းတောင်းယာစကာတို့ကို
စိတ်ရင်းကောင်းကောင်းနဲ့ နေ့စဉ် လမ်းညွှန်ပြတတ်သတဲ့...
အဲဒီ ခရီးလမ်းညွှန်ပြတဲ့ ကောင်းမှုကြောင့် သေသွားတော့
သဲကန္တာရအရပ် ပညောင်ပင်ကြီးမှာ ရုက္ခစိုးဖြစ်သွားတယ် ...
တစ်ရက်မှာ အင်္ကုရမင်းသားဟာ လှည်းငါးရာဖြင့်
အရောင်းအ၀ယ် သွားလာရင်း ရေမရှိတဲ့ သဲကန္တာရအတွင်း မျက်စိလည်နေတယ် ...
မင်းသားနဲ့အတူ ပုဏ္ဏားကုန်သည်တစ်ယောက်လည်း
လှည်းငါးရာနဲ့ မျက်စိလည်နေတယ် ...
သူတို့ကို ရုက္ခစိုးကမြင်တော့ သည်ပုဂ္ဂိုလ်ဟာ ငါ လူသားဘ၀တုန်းက
ကျေးဇူးရှင်ကြီးဖြစ်တယ် ...
ငါ ကယ်မှ တော်မယ်လို့ သူနေတဲ့ ပညောင်ပင်ကြီးကို ပြတယ် ...
ပညောင်ပင်ကြီးကလည်း မြစ်ပျဉ်းက တစ်ထောင်ကျော်၊
အလျားအနံက တစ်ယူဇနာ၊ အမြင့်က တစ်ယူဇနာ ရှိသတဲ့ ...
အင်မတန် ပူပြင်းတဲ့ သဲကန္တာရအတွင်းမှာ
ပညောင်ပင်ကြီးဟာ မဏ္ဍပ်ကြီးတစ်ခုလို အလွန် အေးမြနေတာပေါ့ ...
မင်းသားအဖွဲ့နဲ့ ပုဏ္ဏားအဖွဲ့သားများလည်း
ပညောင်ပင်အောက်မှာ တဲထိုးပြီး အမောဖြေနေတုန်း ရုက္ခစိုးနတ် ပေါ်လာပြီး
လက်ယာဘက်လက်ကို ဆန့်တန်းလိုက်တော့ ရေဲပွန်ထဲကရေတွေ ထွက်လာသလို
လက်တွင်းက ရေတွေ တဝေါဝေါ စီးထွက်လာတယ် ...
ရေငတ်ပြီး သေလုလု ဖြစ်နေကြတဲ့ လူတွေ၊ နွားတွေဟာ ခုမှ
ရေကို အားရပါးရ သောက်ကြရတယ် ..
ရုက္ခစိုးက သင်တို့ ဘာကိုအလိုရှိကြသလဲလို့ မေးတယ် ...
မေးပြီး လူတွေ အလိုရှိတဲ့ အစားအစာ၊
အ၀တ်အထည်တွေ လိုသလောက် ပေးတယ် ...
ဒီတော့ ပုဏ္ဏားကုန်သည်က
"သည်ရုက္ခစိုးဟာ ဣစ္ဆာသယလွယ်အိတ်ကြီးပဲ၊
သူ့ကို ဖမ်းခေါ်သွားလျှင် ရချင်တာ သူ့ဆီက ယူရုံပဲ ...
ဒီတော့ ကုန်ရောင်းကုန်ဝယ်အတွက် ကမ္ဘောဇကို မသွားရတော့ဘူး ...
ရုက္ခစိုးကိုဖမ်းပြီး ဒွါရ၀တီကို ပြန်မှပဲ" လို့
အင်္ကုရမင်းသားနဲ့ တိုင်ပင်သတဲ့ ...
မင်းသားက "ပုဏ္ဏား ... သစ်ရိပ်ခိုပြီးလျှင် သစ်ခက်ကို မချိုးကောင်းဘူးလို့
စကားရှိတယ် ... သူ့ကျေးဇူးကို ချေဖျက်သောအားဖြင့်
သည်လိုမကြံစည်သင့်ဘူး" လို့ ပြောတယ်...
သည်အကြောင်းကို ရုက္ခစိုးကသိတော့ ချက်ချင်းပင် ကိုယ်ရောင်ပြပြီးလျှင်
"ငါ့ကို ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ပုဂ္ဂိုလ်ကမှ မညှည်းဆဲနိုင်ဘူး ...
ငါဟာ လွန်ကဲတဲ့ ဣဒ္ဓိရှင်ဖြစ်တယ် ...
တစ်ခဏချင်း အဝေးကိုသွားနိုင်တဲ့ စွမ်းအားနှင့် ပြည့်စုံတယ်" လို့ ပြောတယ် ...
သည်အခါ အင်္ကုရမင်းသားက
" အရှင်နတ်မင်း ... အရှင့်လက်ယာလက်က လိုရာကို ပြည့်စုံစေနိုင်တဲ့အတွက်
အရှင့်ကို သိကြားမင်းလို့ ထင်ပါတယ် ... ဟုတ်ပါသလား" လို့ မေးတယ် ...
ရုက္ခစိုးက "ငါဟာ သိကြားလည်းမဟုတ်ဘူး ...
စတုမဟာရာဇ်နတ်လည်း မဟုတ်ဘူး...
အမှန်တော့ ရောရူဝမြို့မှ ဖြစ်လာတဲ့
တန်ခိုးကြီးတဲ့ ပြိတ္တာတစ်ဦးမျှသာ ဖြစ်ပါတယ် " လို့ ပြန်ပြောသတဲ့ ...
"ပြိတ္တာဖြစ်ပါလျှက် ဘာ့ကြောင့် ဤမျှလောက်
တန်ခိုးကြီးနေရပါသလဲ" လို့ မေးတော့
ရုက္ခစိုးက "ငါဟာ ရောရူဝမြို့ အပ်ချုပ်သမားဖြစ်စဉ်ကာလက
အသယှသူဌေးရဲ့ အလှူရှိရာဌာနကို လက်ညှိုးညွှန်ပြဖူးတဲ့
ဗြဟ္မစရိယ အကျင့်မြတ်ကြောင့် ဤလိုစည်းစိမ်မျိုး ရပါတယ်" လို့ ပြန်ပြောတယ် ...
(ထီးချိုင့်မြို့ တည်တောဆရာတော်ရေးသားတော်မူသော
ယနေ့ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ)
                                                        ရှာဖွေတင်ပြသူ-မာလာထွေး

No comments:

Post a Comment