Wednesday, May 2, 2012

ရွှေဇီးကွက်နဲ့  လင်းဆွဲမည်း



ညဟာတိတ်ဆိတ်ငြိမ်သက်နေတယ်။
ကြည်စင်တဲ့ ကောင်းကင်ပြာကြီးမှာ  ကြယ်လေးတွေတလက်လက်တောက်ပနေတယ်။
မျက်စိကိုနားပေးဖို့ ကွန်ပျူတာရှေ့က ခဏခွာပြီး အခန်းပြတင်းဝကနေ ကောင်းကင်ပြာကြီးကိုမော့ကြည့်မိတယ်။
တစ်နေကုန်သွားလာနေပြီး ညဘက် အနားမယူသေးလို့ ခြေသလုံးသားတွေက တင်းတောင့်ပြီး ဇက်ကြောတွေလေးလံ ထိုင်းမှိုင်းနေတယ်။
မျက်စိတွေညောင်းညာကျိန်းစပ်နေပေမယ့် အိပ်ချင်စိတ်ကလုံးဝမရှိပါလား။
နာရီကြည့်မိတော့ ညဥ့် နှစ်နာရီ၊ ရေးလက်စစာကမပြီးသးဘူး။
အင်တာနက်ကောင်းတဲ့နိုင်ငံကိုခဏရောက်တုန်း လှလှပပ ထူးထူးဆန်းဆန်းပုံလေးတွေ ပို့စ်တင်ပေးဖို့လည် ဒေါင်းလော့တွေ ဆွဲရဦးမယ်။
အင်း ဒီညလဲ မိုးလင်းခါနီးမှ အိပ်ပြီး နှိုးစက်နဲ့ထပြီး အလုပ်သွားရဦးမှာပဲ။
ကျန်းမာရေးအတွက် မကောင်းမှန်းသိပေမယ့် ညဘက် အိပ်စက်ဖို့ထက် ကိုယ်ဝါသနာပါရာ စာပေအလုပ်လေးတွေ လုပ်ချင်နေတော့လည်း ဒီလိုပဲ ဆက်လက်ကျင်လည်ရမှာပဲလေ။
အစ်မကြီး မမိုးပြောသလို တို့တွေက ညမှာပျော်တဲ့ ဇီးကွက်တွေတဲ့။
ဒီလိုပြောတော့ ညကိုချစ်တဲ့မောင်လေးကပြောတယ်။
ကျွန်တော်လည်းညကိုချစ်တယ်၊ အစ်မတို့လို ဇီးကွက်ပဲတဲ့။
သူ့ကို ကြည်စယ်ချင်လို့  မင်းကဇီးကွက်မဟုတ်ဘူး၊ ညဘက်ထွက်တဲ့ လင်းဆွဲကြီးလေ လို့ ပြောလိုက်တော့ ကျွန်တော်က ဇီးကွက်ပဲဖြစ်ချင်တာတဲ့လေ။
မောင်လေးရေ ဇီးကွက်ရော လင်းဆွဲရောက ညဘက်ကျင်လည်ကျက်စားကြတဲ့ သတ္တ၀ါချင်းအတူတူပါပဲကွယ်။
ဒါပေမယ့် ဇီးကွက်လေးတွေကိုလူတွေက ချစ်ကြတယ်၊ လင်းဆွဲကြီးတွေကျတော့ ရွံမုန်းကြတယ်။
ဇီးကွက်လေးတွေကျတော့ အိမ်မှာထားရင်ကျက်သရေရှိတယ်၊ လာဘ်ရွှင်တယ်ဆိုပြီး ဘုရားစောင်းတန်းမှာတောင် တကူးတက ရောင်းပေးနေကြတာလေ။
ညမှာပျော်တဲ့ တိရစ္ဆာန်ချင်းအတူတူ တန်ဖိုးချင်းမတူဘူးကွယ့်။
တို့ လူသားတွေလည်း ညပျော်တာချင်း တူကြရဲ့လား ပြန်ကြည့်ပါဦး။
ခု အမ  ပို့စ်တင်ဖို့ စာလေးတစ်ပုဒ် ရေးနေတဲ့အချိန်၊ မကြီးမိုး ကသူ့တာဝန်ကျတဲ့ အွန်လိုင်းဆိုဒ်လေးမှာအလုပ်ရှုပ်နေတဲ့ အချိန်၊ မင်းက စာကောင်းပေမွန်လေးတွေကို အားလုံးဖတ်နိုင်ဖို့ စိစစ်တင်ပေးနေတဲ့အချိန်မှာ  တို့နဲ့မသက်ဆိုင် မအပ်စပ်တဲ့ နေရာတွေမှာလည်း ညဘက်မအိပ်ဘဲ ကျင်လည်လှုပ်ရှားနေသူတွေ အများကြီးပါပဲ။
သူတို့တွေကလေ တို့တွေလို အိပ်ရေးပျက်ထားတဲ့ မျက်ကွင်းညိုကြီးနဲ့  အိမ်နေရင်း အင်္ကျီအစုတ်နဲ့  အချိန်မရလို့ ဘာမှမလိမ်းခြယ်ဘဲ မျက်နှာပြောင်နဲ့ အညောင်းခံပြီး ကွန်ပျူတာရှေ့မှာ ထိုင်နေတာ မဟုတ်ဘူးကွယ့်။
ရင်ခုန်ပျော်ရွှင်စရာကောင်းတဲ့ ခံစားမှုတွေနဲ့ ဆူညံတဲ့တေးဂီတသံတွေကြားမှာ မွှေးကြိုင်လှပ မြူးကြွ လန်းဆန်းနေလိုက်ကြတာ။
သူတို့ ပျော်နေကြတယ်မောင်လေး။
သူတို့ဟာ မီးရောင်ကို ရွှေတောင်မှတ်နေကြတယ်။
သူတို့ဟာ တဒင်္ဂသာယာမှုလေးအတွက် မောဟအမှောင်ထုထဲကို တိုးဝင်နေကြတယ်။
အစ်မ တစ်ခါတလေ အလုပ်ကိစ္စနဲ့ တော်တော်လေး ညဥ့်နက်မှ နောက်ကျပြီး ပြန်လာဖူးတယ်မောင်လေး။
အဲဒီအချိန် အစ်မ ဖယ်ရီစီးလာတဲ့ လမ်းတလျှောက်မှာ တွေ့ရတာကလည်း ညပျော်သူတွေပါပဲ။
တေးဂီတသံတွေနဲ့ ဆူညံစည်ကားနေတဲ့ KTV ဆိုင်တွေ၊
မူးရူးပျော်ပါး   လူစိတ်ပျောက်နေတဲ့သူတွေရှိတဲ့ စည်ဘီယာဆိုင်တွေ၊
အနောက်တိုင်းသံစဉ်တေးသွားတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပွတ်သီးပွတ်သပ် ဖက်ရမ်းနမ်းရှုပ်ရင်း ကနေကြတဲ့  နိုက်ကလပ်တွေ၊
လမ်းမပေါ်မှာမြူဆွယ် ဖိတ်ခေါ်လမ်းသလားနေသူတွေ၊
စတိတ်စင်ကြီးတွေနဲ့  ခမ်းခမ်းနားနား သီဆိုကခုန်နေကြတဲ့ စားသောက်ဆိုင်တွေ၊
မာဆတ်လို့ ခေါ်နေကြတဲ့ အနှိပ်ခန်းတွေ၊
ဒီလိုနေရာတွေမှာ လူတွေ ညဘက်လာပျော်ကြတယ်။ ငွေကိုရေလိုလာသုံးကြတယ်လေ။
လှချင်ပချင်ပြီး အိမ်ကကောင်းကောင်းမဆင်နိုင်တဲ့ ကောင်မလေးတွေ၊ မိသားစုတပြုံတမကြီးအတွက် အိမ်စရိတ်လောက်ငအောင် တစ်ယောက်တည်းရှာနေရတဲ့ ကောင်မလေးတွေ၊ စိတ်အလိုလိုက်ပြီး သာယာအပျော်ရှာကြတဲ့ ကောင်မလေးတွေကို ဒီဆိုင်တွေကကြိုဆိုနေတယ်လေ။
ဒီဆိုင်တွေမှာ သူတို့လိုအပ်ချက်တွေကို ဖြည့်ပေးမယ့် ငွေကို ရေလိုသုံးနိုင်တဲ့ အန်ကယ်ကြီးတွေ၊ စားနေကျကြောင်ဖားကြီးတွေလာကြတယ်။
ဒီလိုနေရာတွေမှာ ပန်းပွင့်လေးတွေဘယ်လောက်တောင် နွမ်းကြွေခဲ့ပြီလဲ။
ကုမရတဲ့ ကြောက်စရာရောဂါဆိုးကြီးကို ဘယ်နှစ်ယောက်လောက်များ လက်ကမ်းသယ်ပြီး လူအများကိုဖြန့်ဖြူးပေးနေသလဲ။
ညဘက်ပျော်ရွှင်သာယာမှုအတွက် မိသားစုကိုမထောက်ထားဘဲ ဖောက်ပြန်အကျင့်ပျက်သူတွေကြောင့်
သူတို့ရဲ့ ဇနီးတွေ သားသမီးတွေ ဘယ်လောက်တောင်စိတ်ဆင်းရဲခဲ့ရပြီလဲ။
တကယ်တော့ ဒီလို အမှောင်ဖုံးတဲ့  လောကကြီးကို တားမြစ်သင့်ပါတယ်မောင်လေးရယ်။
ကြယ်စင်လင်းတဲ့ သာယာအေးချမ်းတဲ့ ညအလှကိုဖျက်စီးနေကြတဲ့ သူတို့ကို မင်းက ဘယ်ညပျော်သတ္တ၀ါလို့ သတ်မှတ်မှာလဲဟင်။
ရှင်းနေတာပဲမောင်လေးရယ်။
သူတို့ဟာ အမှောင်ထုထဲမှာနေရင်း သူတို့ကိုယ်တိုင်က မည်းမှောင်နေတဲ့ လင်းဆွဲမည်းမည်းကြီးတွေပါ။
ဒါဆို ကျွန်တော်တို့ကရောလို့ မင်းမေးရင်အစ်မဖြေပါ့မယ်။
အစ်မတို့ဟာ ကိုယ်တတ်နိုင်သမျှအင်အားလေးနဲ့  သူများတွေအိပ်စက်အနားယူချိန်မှာ မနားနိုင်ဘဲ ကိုယ့်ဆိုဒ်ထဲကို လာတဲ့သူတွေကို တတ်နိုင်သမျှ အသိပညာ၊ အတတ်ပညာကောင်းလေးတွေ၊ ပျော်ရွှင်အပန်းပြေမှုလေးတွေပေးဖို့ စာပေတာဝန်ကို ထမ်းဆောင်နေကြတဲ့  စာပေမောင်နှမတွေပဲ။
အမတို့ခြယ်မှုန်းတဲ့ စာပေ ပန်းချီကားလေးလှပလာသလို အမတို့ကလည်း အများရဲ့ ချစ်ခင်မှု၊ ယုံကြည်အားထားမှုကိုရမယ့်  ညပျော် ရွှေဇီးကွက်လေးတွေပေါ့ မောင်လေးရယ်။

(ညတိုင်း အိပ်ချိန်မရှိဘဲ ဆိုဒ်တာဝန်တွေကို ထမ်းဆောင်နေတဲ့  အွန်လိုင်းဆိုဒ် တာဝန်ခံများသို့ )
                                                                                                                                         
                                                                                                                                        သန္တာအောင်

1 comment:

  1. အားပေးသွားပါတယ် ရွှေဇီးကွက်ကလေး မမရေ ♦♦

    ReplyDelete