Wednesday, May 9, 2012

ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက်လိုတယ် တဲ့။



ဒီ post ကို ရေးဖို့ ကြိုးစားနေတာကြာပါပြီ။ ဒါပေမယ့် ကျန်းကိုး အတိအကျ မရသေးတာရယ် ၊ အလုပ်တွေ
မအားတာရယ်ကြောင့် မရေးဖြစ်တာပါ။
ခုတော့ ရေးဖို့ အကြောင်းတိုက်ဆိုင်လာလို့ ရေးရတာပါ။
အကြောင်းက သစ်ထူးလွင် သတင်း ဆိုဒ်မှာ ကျွန်းစုမြို့နယ် ၊ ပထောကျေးရွာမှာ စုန်းဟု ယိုးကာ ပယောဂဆရာရိုက်နှက်ကုသမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကြောင်း MP 4 ဖိုင်နဲ့တကွ ဖတ်လိုက်ရတဲ့အတွက်စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။
ဒါကြောင့် ဒါနဲ့ဆက်စပ်တဲ့ ရွာတစ်ရွာတည်ရင်စုန်း ခုနစ်ယောက်လိုတယ် ဆိုတဲ့အယူအဆကို သုံးသပ်ရေးသားပြပါမယ်။
(ခုရေးမယ့်ဟာက အဲဒီအကြောင်းနဲ့ ဆက်စပ်ရုံဆက်စပ်တာပါ ဘာမှတော့မဆိုင်ပါဘူး)
    ဦးဇင်းတို့ ငယ်ငယ်က ရွာမှာ ပြောနေကြတဲ့ စကား တစ်ခွန်းရှိပါတယ်။ ခုလည်း ပြောနေကြတာပါပဲ။
အဲဒါက ဒီရွာမှာ ဘယ်သူက စုန်းမကြီးတဲ့ ။ ဘယ်သူ့ကို ဘယ်လိုလုပ်လိုက်တာတဲ့ ။ သူက
စုန်းပြုစားလို့ သေရတာဆိုဘဲ..စသဖြင့် ပေါ့။နောက်ပြီးတော့ ရှေးလူကြီးသူမတွေရဲ့ စကားလိုလို ပြောနေကြ
တာရှိပါသေးတယ် ရွာတစ်ရွာတည်ရင် စုန်းခုနစ်ယောက်လိုတယ် တဲ့။ စုန်းခုနစ်ယောက်မပြည့်ရင်ရွာတည်လို့မရဘူးတဲ့။
တည်ခဲ့ရင်လည်း ရွာပျက်တတ်တယ်တဲ့။ တကယ်လို့ ရွာပျက် ရွာဟောင်းများရှိခဲ့ရင်လည်း အဲဒီရွာ
က စုန်းခုနစ်ယောက်မရှိလို့ ရွာပျက်ရတာ လို့ ပြောတဲ့သူတွေကလည်း ပြောနေကြသလို ဦးဇင်းတို့ကိုယ်တိုင်ကလည်း မျက်ကန်းယုံကြည်ခဲ့ကြတာပါ။
 ယခု ဦးဇင်းတို့ကိုယ်တိုင်က စာပေဗဟုသုတ ထိုက်သင့်သလောက် ဖတ်မိလာတဲ့အခါ ၊ ဦးနှောက်တံခါးများ
ပွင့်လာတဲ့အခါ ၊ မျက်ကန်းယုံကြည်မှုတွေကို စဉ်းစားတတ်လာတဲ့အခါမှာတော့ ထက်ပါအယူအဆတွေကို
လက်ခံဖို့ ခက်ခဲလာပါတယ်။ ပြီးတော့ ဘုရားစာပေမှာ ရွာတစ်ရွာတည်ရင်စုန်း(ပညာသည်)ခုနစ်ယောက်လို
တယ်ဆို တဲ့ဟောကြားချက်   တစ်နေရာမှ မတွေ့ဖူးပါဘူး။ ဒါကြောင့်အထက်ပါ အယူအဆကို ဦးဇင်းတို့ရဲ့ဆရာတော်ကို မေးကြည့်မိပါတယ်။ ဆရာတော်က အဲဒီအကြောင်းကို သူလည်းစာရေးမလို့တဲ့။ ဒါပေမယ့် မအားတဲ့အတွက်ကြောင့် မရေးဖြစ်ပါဘူးတဲ့။ ပြီးတော့ ကြည့်ရမယ့် စာပေကို ညွှန်းလိုက်ပါတယ်။ဦးဇင်းကလည်းအလုပ်ကခပ်များများဆိုတော့ မကြည့်ဖြစ်ပါဘူး ။
 နောက်ဆုံး စာအုပ်နာမည်ပါမေ့သွားခဲ့ပါတယ်။
ဒါကြောင့်ဒီနေရာကနေ ၀န်ခံပါရစေ။ ဦးဇင်းရဲ့ပေါ့ဆမှုကြောင့် စာအုပ်အညွှန်း အတိအကျ မဖော်ပြနိုင်တဲ့အတွက်ဦးဇင်းရဲ့ ပေါ့ဆမှုသာဖြစ်ပါတယ် ဆိုတာ ၀န်ခံပါရစေ။
   အဲဒီ စာပေက ဋီကာစာပေထဲကပါ။ အဲဒီ ဋီကာမှာ ဆိုထားတာက စုန်းဆိုတာနဲ့ပတ်သက်ပြီး စုန်းဆိုတာ
-စုန္နောတိ ဥဇုကတော-လို့ ဖွင့်ပြထားတယ်လို့ ဆရာတော်က ပြောပါတယ်။ စုန္နော =စုန်း ဟူသည် ။
ဥဇုကတော=ဖြောင့်မှန်သော သူ လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒိဋီကာမှာ ဖွင့်ပြတာက ရွာတစ်ရွာတည်ရင်
စုန်းခုနစ်ယောက်လိုတယ်ဆိုတာ ပညာသည် စုန်း ၊ လူတွေကို လှည့်စား ပြုစားတတ်တဲ့စုန်းကို ပြောတာ
မဟုတ်ပါဘူးတဲ့ ။ ဖြောင့်မှန်သော ၊ တတ်သိသော ၊နားလည်သော ပညာရှင် ခုနစ်ယောက် သာ ဖြစ်တယ်
လို့ ဆိုပါတယ်။ ကဲ စဉ်းစားကြည့်ကြစို့ ။
  ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက်လိုတယ်ဆိုတဲ့ အယူအဆအရ ဦးဇင်းတို့ ထင်မှတ်မှားခဲ့တဲ့၊ လူတွေ
ကို ပြုစားတတ်တဲ့ ပညာသည် စုန်း (ကဝေ ) ခုနစ်ယောက်ဟာ အဲဒီရွာအတွက် ဘယ်လို ကောင်းကျိုးပြု
တတ်သလဲ။ ဘာကောင်းကျိုးမှ ပြုမှာမဟုတ်ပါဘူး ။ လူတွေ ဒုက္ခရောက်အောင်သာ သူတို့ လုပ်တတ်တာပါ။
(ပညာသည် စုန်းတိုင်း လူကို မပြုစားကြောင်း နားလည်ထားပါ။)ဒါဆို အဲဒီ ပညာသည် စုန်းကို ရွာတည်ရင်
ခုနစ်ယောက်လိုတယ်လို့ ပြောတာမဖြစ်နိုင်တော့ဘူး။ ဒါဆိုဘာကိုပြောတာလဲဆိုတော့ ဋီကာ ဆရာက
ဖွင့်ပြခဲ့တဲ့အတိုင်းပါပဲ။  ဖြောင့်မှန်သော ပညာရှိ ခုနစ်ယောက်လိုတယ်လို့ ဆိုလိုတာပါ။အဲဒီပညာရှိခု
နစ်ယောက်ဟာ----

1။ မြေအနေအထားကို ကျွမ်းကျင်ရမယ်(ရွာမြေပြန့််ပြူးမှုရှိရေး၊ စိုက်ပျိုးရေးအတွက် မြေကောင်းရရှိရေးစတဲ့..
.မြေအနေအထားကို သိတဲ့ ပညာရှင်တစ်ယောက် )

2။ ရေအနေအထားကို ကျွမ်းကျင်ရမယ်(ကိုယ်တည်ဆောက်မယ့်ရွာဟာ သောက်ရေ သုံးရေ စိုက်ပျိုးရေး
အတွက်ရေ ပေါများမှုရှိ မရှိ၊ ရေချိုရ မရ စတဲ့ ရေအနေအထားကို သိတဲ့ ပညာရှင်တစ်ယောက်)

3။ လေအနေအထားကို ကျွမ်းကျင်ရမယ်(စတည်မယ့်ရွာနေရာဟာ လေကြောတည့်တည့်မှာ
တည်နေတာလား။ လေငြိမ်အရပ်မှာတည်တာလား စတဲ့ လေရဲ့ အနေအထားကို သိတဲ့ ပညာရှင်
တစ်ယောက်)

4။ စီးပွားရေး အနေအထားကို ကျွမ်းကျင်ရမယ်(စတည်မယ့် ရွာဟာ စီးပွားရေးအရ အချက်အချာဖြစ်မဖြစ်၊
စီးပွားရေး လုပ်လို့ ရနိုင် မရနိုင်စတဲ့ အချက်တွေကို သိတဲ့ပညာရှင်တစ်ယောက်)

5။ပညာရေး အတွက် တိုးတက်မှု ရှိမရှိကို ခန့်မှန်းတတ်တဲ့ ပညာရှင်တစ်ယောက်။

6။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ နေရာဟုတ်မဟုတ်ကို သိတဲ့ ပညာရှင်တစ်ယောက်။

7။ ဆက်သွယ်ရေးစတဲ့ အရာတွေအတွက် လွယ်ကူတဲ့ နေရာဟုတ်မဟုတ်ကို သိတဲ့ပညာရှင် တစ်ဦး တို
့ ဖြစ်ကြပါတယ်တဲ့။
  အဲဒီ ပညာရှင် ခုနစ်ဦးဟာလဲပဲ ဖြောင့်မှန်တဲ့ ပညာရှင်တွေ ဖြစ်ရမယ်တဲ့ ။  မဖြောင့်မှန်တဲ့ပညာရှင်ဆိုရင်တော့မြေကွက်တွေ ရိုက်ပြီး လူတွေကို ခေါင်းပုံဖြတ် ဦးမှာ ဆိုတာ ရှေးပညာရှင်တို့ က သိထားပြီးသားနေမှာပါ။
ဒါကြောင့် ဖြောင့်မှန်တဲ့ ပညာရှင် ခုနစ်ဦးလို့ ဆိုထားတာပါ။
ဒီလိုဆိုတော့ ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက်လိုတယ်ဆိုတာ ပညာသည်(စုန်း ကဝေ )ခုနစ်ယောက် မဟုတ်ကြောင်းသဘောပေါက်လောက်ပါပြီ။   
သဘောပေါက်တယ်ဆိုရင် ဦးဇင်း ရေးရကျိုးနပ်ပါပြီ။ ပြီးတော့ ကိုယ့်ဝန်းကျင်မှာ ထင်မှတ်မှားနေတဲ့ သူတွေကိုလည်းဖောက်သည်ချပေးမယ်ဆိုရင် ကုသိုလ်ပါရမှာပါ။
    ရွာတစ်ရွာတည်ရင် စုန်း ခုနစ်ယောက်လိုတယ် တဲ့။ အဲဒီ စုန်း ခုနစ်ယောက်ဆိုတာ -စုန္နောတိ ဥဇုကတော-ဖြောင့်မှန်သူ ပညာရှင် ခုနစ်ဦး ဖြစ်ပါတယ်။ အဲဒီပညာရှင်တွေကမှ ရပ်ရွာတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မှာပါဆိုတာသဘောပေါက်ကြပါစေ။သဘောပေါက်ပြီးအသိအလိမ္မာညာဏ်ပညာတွေတိုးတက်သဖြင့် လောက
အတွက် ကောင်းကျိုး ဆောင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း.....စေတနာမေတ္တာများစွာဖြင့်
(သုတတိုးပွား အကျိုးများစေဖို့ ကိုယ်တိုင်ရေးသားထားပါသည်)

1 comment:

  1. ရေလိုက်လွဲနေတဲ့ ရှေးရိုးအယူအဆမှားတွေကိုရှင်းပြပေးတဲ့ဆောင်းပါးရှင် နဲ့
    ပြန်လည်ဝေမျှပေးပါသော ဘလော့ဂါကို အထူးကျေးဇူးတင်ပါတယ်။

    ReplyDelete