Friday, February 7, 2014

“ ထုံသင်းမွှေးပျံ့ စေ”

 

အိပ်မက်တယ်ကွယ်

နှလုံးအိမ်မှာ အရိပ်ထင်

ငင်လေတဲ့ သမုဒယကြောင့် 

အိပ်မက်ကအနိုးမှာ

ကိုယ်...ငိုမိတယ်

ညကညီ့ကို အိပ်မက်ပြန်ပြီ။ဆုံတွေ့ ကြသည့်နေရာကရေကန်ဘေးဆိုပေမယ့် 
အရင်မက်နေကျညီတို့ မြို့ မှကန်မျိုးမဟုတ်ပေ…။ ဘယ်နေရာဘယ်ဒေသရယ်လို့ မသိပေမယ့် ပြာလဲ့ ကြည်စင်သောရေများ ပြည့်ကာကြာဖြူပန်းများ
ဖွေးဆွတ်နေအောင်ပွင့်သည့်ရေကန်ကြီးကလှပလွန်းပါ၏။ဖြူ့ ကိုညီပြောဖူးသည့်ကန်မျိုးပင်..။
ကန်စပ်မှာ ဖြူ့ ကိုစကားတွေလာပြောနေသောညီ့မျက်နှာကတော့ညိုးငယ်ဖျော့တော့နေသည်။

“ညီ… ဖြူ့ ဆီလာတာလားဟင်..၀မ်းသာလိုက်တာ”

“မဟုတ်ဘူး..လာတောင်းတာ၊  ညီ့ကဗျာတွေပြန်ပေးပါ”

“အို… ဘာလို့ ပြန်ပေးရမှာလဲ၊ ညီ့ကဗျာလေးတွေဖတ်ရင်းဖြူအသက်ဆက်နေရတာလေညီရဲ့ ”

“ဖြူညာတာ ၊ ခုချိန်မှာ ညီ့ကဗျာတွေက အသုံးမ၀င်တော့ဘူးမှတ်လား”

“ဘယ်လိုပြောလိုက်တာလဲ..ညီ့ ကဗျာပဲဖြူဖတ်တာ..ညီ့ကဗျာပဲဖြုနှစ်သက်တာလေ”

“ညီ့ ကဗျာတွေကိုမေ့ လိုက်တော့ဖြူ.. နောက်ဆိုညီ့ကိုလည်းဖြူမေ့ လိုက်တော့မှာပဲလေ၊
ဒေါက်တာကျော်စွာနဲ့ တွေ့ တဲ့အခါ  ညီ့ကဗျာလေးတွေ သိမ်ငယ်နေမှာညီသိပ်ဝမ်းနည်းတာပဲ၊
 ညီသွားတော့မယ်”

ပြောရင်းဖြူ့ရှေ့ တွင် ရပ်နေသည့်ညီ့ပုံရိပ်ဝေးဝေးသွားကာ မှုန်ဝါး..မှေးမှိန်..လွင့် စင်ပျောက်ကွယ်သွား၏။

“ညီ…ဘယ်ကိုထွက်သွားတာလဲ..ဖြူရှင်းပြပါရစေ..ဖြူ့ ကိုအထင်မလွဲပါနဲ့ …
ညီရေ..ညီ..ညီ”

အိပ်မက်ကလန့် အနိုးမှာတော့ ဖြူ့ မျက်ရည်တို့ ရွှဲရွှဲစိုနစ်နေ၏။
အိပ်မက်ထဲတွင်မြင်လိုက်ရသောညီ့ မျက်နှာသည်ဖြူတစ်ခါမှမတွေ့ ခဲ့ ဖူးသောညှိုးငယ်ဝမ်းနည်းခြင်းတို့ဖြင့် 
ပြည့်နေ၏။ ဖြူ ချစ်ရပါလေသောညီ ကညှိးငယ်တတ်သူမှမဟုတ်ပါ။အိပ်မက်ထဲဆုံခဲ့သမျှအချိန်တိုင်း
ချိုသာကြည်လင် စွာဖြင့် ဖြူ့ ကိုပြုံးပြတတ်သည့်ညီ့မျက်ဝန်းများကြောင့် ဖြူ့ အလွမ်းတို့ ပြေရစမြဲပါ။

သည်တစ်ခါမက်သည့်ညီ့ မျက်နှာညိုးညိုးကို ပြန်မြင်ယောင်ရင်း ဖြူ့ ရင်ထဲ နာကျင်လှပါ၏။
တိုက်ဆိုင်မှုလေလား..ညီ သိနေလို့ များလား ။ သည်နေ့ ဒေါက်တာကျော်စွာတို့ မိသားစုကိုမေမေထမင်းစားဖိတ်ထားသည်။
ဖြူ့ ကိုလည်းသေချာဧည့်ခံရ မည်ဟုမှာထားလေ၏။

ဖြူ့ ကိုနားလည်ပေးတတ်သူကိုကျော်စွာကိုဖြူခင်ပါသည်။
ကိုကျော်စွာ့ နှစ်သိမ့်ပေးမှုဖြင့်  ဖြူ့ နှလုံးသားဒဏ်ရာသက်သာလာခဲ့ရတာလည်းအမှန်ပင်။
ကိုကျော်စွာ့စကားသံများကနွေးထွေးလွန်းလှသည်။
ဖြူ ဟာဘယ်လောက်အားငယ်ဝမ်းနည်းနေပါစေ ၊ ကိုကျော်စွာ့ နှစ်သိမ့်ပြုံးကြောင့် လုံခြုံအားရှိသွားစမြဲ…။
ကိုကျော်စွာသည်ဖြူ့ အတွက် အကိုတစ်ယောက်လို၊မိတ်ဆွေတစ်ယောက်လိုနှစ်လို ခင်မင်ဖွယ်ရာကောင်းလှပါ၏။
ဒါ့ကြောင့်များ စိုးရိမ်ပြီးညီကဖြူ့ အိပ်မက်ထဲရောက်လာလေသည်လား…။

ညီရေ…
ကိုကျော်စွာကိုဘာလို့ ဖြူဒီလောက်ခင်မင်နေမိတာလဲသိလားဟင်..။
သူကလေ အပ်ကြောင်းထပ်အောင်ရင်ဖွင့်တတ်တဲ့ ဖြူ့စကားတွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးတယ်၊
ဖြူနဲ့ ညီ တို့ရဲ့ ချစ်ခြင်းမေတ္တာကို ကြည်နူးခံစားပေးတယ်။
ညီနဲ့ အတူ လှပကြည်နူးခဲ့ရသမျှ ဖြူ့ ရဲ့ အတိတ်အားလုံးကို သိရှိနားလည်ပြီးဖြေသိမ့်ပေး တတ်သူပေါ့ ညီရယ်..။

xxxxxxxxxxxxx

(၁)

ညီနှင့်အတူရှိခဲ့သော ဖြူ့ ဘ၀နေ့ရက်များသည်ချစ်ခြင်းဖြင့်  တောက်ပရွှန်းစိုကာအသက်ဝင်လှပခဲ့ပါလေ၏။

ညီစေမင်းဆိုသည့်ကလောင်နာမည်ဖြင့် ကဗျာတွေရေးသောညီက မဂ္ဂဇင်းတိုက်တစ်ခုမှာ လည်းအယ်ဒီတာလုပ်သည်။ဖြူကတော့ ဖခင်မရှိတော့ဘဲသားအမိနှစ်ယောက်တည်းပင်။ကျောင်းပြီးသွားကတည်း ကဈေးထဲမှာ ဆန်ဆိုင်ဖွင့်ထား သည့်မေမေ့ ကိုကူညီပေးရင်းဖြူတို့ သားအမိဘ၀လေးကမချမ်းသာ ပေမယ့် အေးချမ်းလှသည်။
ညီ့ဇာတိက ရန်ကုန်နှင့်မဝေးလှသောနယ်မြို့ လေးပါ။ ရန်ကုန်မှာအဆောင်နေကာ
ရသည့်လခနှင့်လောက်အောင်ခြွေတာစားနေရသည့်ညီကအမြဲပျော်ရွှင်တက်ကြွနေသူပင်။

ညီ့ဘ၀ကဖြူနှင့်ကဗျာပါတဲ့ ။
ဖြူ့ ဘ၀ ကလည်း ညီနှင့် မေမေပါပဲလေ။
 ဖြူပွင့်လွှာဆိုသည့်နာမည်နှင့် လိုက်ဖက်စွာဖြူစင်လှပသည့်ပန်းလေးအပါးတွင် လိပ်ပြာရောင်စုံ ဘယ်လိုဝဲပျံနေသော်ငြားလည်းဖြူချစ်သည်က ညီတစ်ယောက်တည်းပါ..။
ဖြူသည်ညီ့ကိုချစ်သူလိုတစ်မျိုး ၊ သူငယ်ချင်းလိုတစ်ဖုံ၊တိုင်ပင်ဖက်လိုတစ်သွယ်တွယ်တာရလွန်းပါ၏။

ဖြူ့ ထံတွင် ညီပေးထားသော ဖြူတန်ဖိုးထားမြတ်နိုးရသည့်လက်ဆောင်လေးရှိသည်။
ထိုလက်ဆောင်ပေးသောနေ့ ကဖြူ့ မွေးနေ့ ဖြစ်သလို ညီအိမ်ကိုတစ်ပတ်ကြာပြန်သွားပြီးမှဆုံရသည့်နေ့လည်းဖြစ်သည်။
ထိုင်နေကျကော်ဖီဆိုင်လေးတွင်ဆုံကြသည်နှင့် စားပွဲပေါ်တင်ထားသည့်ဘူးလေး ကိုညီလှမ်းပေးလာသည်။
ဖြူအမြန်ယူကာဖွင့်ကြည့်လိုက်တော့မထင်မှတ်သည့်အရာကိုမြင်ရသည်။

"ဟယ်…ကြာလည်ဆွဲလေးပဲ ၊ တစ်ခါမှမမြင်ဖူးဘူး၊ ကြာရိုးကိုအဆစ်လေးတွေချိုးထားတာ
လှတယ်နော်…ထိပ်ကကြာပွင့်လေးကလည်းဖွေးဖြူနေတာပဲ”

 ကြာလည်ဆွဲလေးကိုအဖိုးတန်ရတနာတစ်ပါးလို ဖြူတယုတယကိုင်တွယ်နေသည်ကို
ညီကပြုံးလဲ့ရီဝေသောမျက်ဝန်းလေးများဖြင့်ငေးကြည့်နေသည်။

“ အဲ့ ဒီပန်းလေးကဖြူလေ”

“ဟင်…ဘာလို့ လဲ”

“ဘာလို့ မှန်းမသိဘူး၊ဖြူ့ ကိုချစ်သူမဖြစ်ခင်..စတွေ့ ကတည်းကကိုယ့်စိတ်ထဲမှာ
ကြာဖြူပွင့်လေးလိုပဲမြင်နေမိတယ်၊နောက်ခင်လာတော့လည်းစိတ်ထားဖြူစင်တာသိလာတယ်။
ချစ်သူတွေဖြစ်သွားတော့လည်းညီ့ကိုနားလည်ပေးတတ်လွန်းတဲ့ ဖြူ့ အချစ်ကကြာဖြူပွင့်လေးလိုပဲသန့်စင်တယ်လေ ”

ညီဖွဲ့ နွဲ့ ပြောနေတော့ ဖြူရှက်လိုက်တာ..။ ရင်ထဲမှာတော့ကြည်နူးခြင်းတွေကရစ်ပတ်နှောင်ဖွဲ့ လို့..။

ဖြူတို့ ချစ်ခြင်းမှာ တွက်ချက်ခြင်းတွေမပါဘူး။

အရှုံးအနိုင်တွေမပါဘူး။

သံသယတွေမပါဘူး။

ဂုဏ်ဓနတွေမပါဘူး။

နောက်ပြီး..ပူလောင်ခြင်းတွေလည်းမပါပါဘူး။
ညီသည်ဖြူ့ ပါးပြင်လေးကိုသာသိမ်မွေ့ စွာမွှေးရှိုက်တတ်သူပါ။

ညီကဖြူ့ ကိုသိပ်တန်ဖိုးထားသည်။လက်ထပ်ပြီးလျှင် ဖြူ့ ကိုတင့်တောင့်တင့်တယ်ထားချင်ပါသတဲ့ ။

“ ညီရယ် ၊ လက်ထပ်ပြီးရင် ဒီမဂ္ဂဇင်းတိုက်မှာပဲ ဆက်လုပ်ရုံပေါ့  ”

ဖြူကပေါ့ပေါ့ လေးတွေးပြီးပြောလိုက်ပေမယ့်  ညီကခေါင်းခါလေ၏။

“ညီသေချာစဉ်းစားပြီးပြီ ၊ဒီလိုအခြေအနေနဲ့တော့ဖြူ့ ကိုမယူနိုင်ဘူး၊ညီသင်္ဘောလိုက်တော့မယ်”

“အို…ဘာလို့ သင်္ဘောလိုက်မှာလဲ ၊ညီ ကကဗျာဆရာလေ”

“ကဗျာဆိုတာ ဘယ်နေရာမှာနေနေ ညီနဲ့ အတူရှိနေမှာပါ၊ဒါပေမယ့် ညီ့ ဘ၀ထဲ ဖြူ ရှိဖို့ အတွက်ကတော့
ထိုက်တန်တဲ့ ပေးဆပ်မှုရှိရမယ်လေ ၊ ညီ့ အိမ်က ပြေလည်ပေမယ့် အပိုငွေရှိတာမဟုတ်ဘူး။
ဖြူ့ ကို ခမ်းခမ်းနားနားမင်္ဂလာဆောင်ပြီးလက်ထပ်ချင်တယ် ၊ ဟိုတလောကဖြူပြတဲ့ ဓါတ်ပုံထဲကလို
ထိုင်မသိမ်းလေးဝတ်ပြီးတော့လေ”

“အော်..ဒါကဘာရယ်မဟုတ်ဘဲလှလို့ဝတ်ချင်တယ့်ပြောလိုက်တာပါ ၊
 ဟိုလေ..ဖြူ ကအဲ့ ဒီိလိုမင်္ဂလာဆောင်ရမှညီ့ကိုလက်ထပ်မယ့်သူမဟုတ်ပါဘူး”

ဟိုတယ်တစ်ခုတွင်ခမ်းနားစွာမင်္ဂလာဆောင်ခဲ့သည့် ဖြူ့ သူငယ်ချင်း၏လှပသောသတို့ သမီးဝတ်စုံလေးကို
နှစ်သက်ကြောင်းပြောမိသည့်ဖြူ့ စကားတွေကို ရုပ်သိမ်းလို့ ရလျှင်ပြန်ရုပ်သိမ်းလိုက်ချင်၏။
မိန်းကလေးပီပီ အလှကြိုက်ပေမယ့် ချစ်ရသူညီ့ကိုမတတ်နိုင်သည့်ဝန်မျိုးထမ်းခိုင်း ဖို့ ဖြူဘယ်တုန်းကမှမတွေးခဲ့ပါ။

သို့ သော်..ဘယ်လိုမှတားမရဘဲညီကသင်္ဘောတက်ဖို့ လိုအပ်သည်များပြင်ဆင်ပါတော့သည်။

xxxxxxxxx

(၂)

ဧည့်ခန်းတွင်ထိုင်နေသည့်ကိုကျော်စွာ့ဖေဖေနှင့် မေမေ ကိုငေးကြည့်နေမိပေမယ့်ဖြူ့ မျက်ဝန်းများထဲတွင်
ညီ့မိသားစုကိုသာမြင်ယောင်နေမိသည်။

ညီသင်္ဘောမတက်ခင် ညီတို့ မြို့ လေးသို့ ဖြူအလည်လိုက်သွားခဲ့ဖူးသည်။
ရန်ကုန်နှင့်သိပ်မဝေးလှပေမယ့် ညီတို့ မြို့လေးက ရွာကြီးတစ်ရွာလိုပင် ကျေးလက်ဆန်နေသည်။
နောက်ပြီးရေလည်းရှားပါးလှသည်။မိုးကုန်လျှင်မြို့ လည်ရှိရေကန်ကြီးမှရေကိုသာအားကိုးရပါသတဲ့ ။

ဖြူတို့ သွားသည့်အချိန်ကမိုးရာသီမို့ ကန်ရေတဖွေးဖွေးနှင့် ကြာပန်းတွေကတဝေေ၀ပါ။
ရန်ကုန်ဘုရားဆောင်းတန်းများမှာရောင်းသလိုအဖူးအငုံကိုအတင်းပွင့်ခိုင်းသည့်ကြာပွင့်မျိုးမဟုတ်ဘဲ သဘာဝအလျှောက်ပွင့်အာနေကြသောကြာပန်းရောင်စုံများကကန် ကြီးကိုအလှဆင်ထားလေသည်။

“လှလိုက်တာညီရယ်..ဒါပေမယ့်ကြာဖြူပန်းတော့မတွေ့ မိဘူးနော်..
ဟိုတစ်ခါညီခူးလာတာ ဘယ်ကလဲဟင်”

“ကြာဖြူပန်းကရှိတော့ရှိပေမယ့် ရှားတယ်ဖြူရဲ့ ၊ ဒီကန်စပ်မှာမပေါက်ဘူး ၊ ဟိုးကန်လယ်လောက်ထိ သွားမှတွေ့ တာ..ဖြူ့ ကိုပေးတဲ့ ကြာဖြူပွင့်က လှေနဲ့ ကန်လယ်ထိသွားခူးထားတာလေ”

“အို..ဟုတ်လား..ဖြူလည်းလှေစီးချင်တယ် ၊ တစ်ခါမှမစီးဖူးဘူး”

 “ဒီကန်ကသောက်ရေခပ်နေတာဆိုတော့ မိန်းကလေးတွေကန်လယ်မသွားရဘူးဖြူရဲ့ ၊
ဒီမြို့ ထုံးစံက နည်းနည်းရှေးဆန်ပေမယ့် အားလုံးသဘောတူလိုက်နာရတယ်”

“ဟင်..ဒါဆိုလှေစီးပြီးကြာဖြူပန်းမခူးရတော့ဘူးပေါ့ ”

ဖြူနုတ်ခမ်းစူတော့ ညီရယ်၏။

“ဒီကန်မှာမခူးရပေမယ့် နောက်တစ်ကန်မှာတော့ခူးလို့ ရမှာပါဖြူရဲ့ ၊
အဲ့ ဒီကန်က ညီနဲ့ ဖြူပဲပိုင်တာလေ”

“ဟင်..ဟုတ်လို့လား”

 “ဟုတ်တယ်…အဲ့ ဒီကန်ထဲမှာ ကြာဖြူတွေချည်း ပဲပွင့် နေတာ ၊
ရေကလည်းကြည်လဲ့ ပြာစင်လို့ .. လေပြည်ညှင်းလေးတိုက်ခတ်တဲ့ ညနေစောင်းမှာညီနဲ့ ဖြူအတူတူ
လှေကလေးကိုလှော်ပြီး ကြာဖြူပန်းလေးတွေဆီသွားနုတ်ဆက်ကြမယ်လေ”

“တကယ်လား..ညီပြောတာလေးနားထောင်ရတာနဲ့တင်ကြည်နူးလိုက်တာ
ခုသွားမယ်လေ..ညီလမ်းပြ ”

ဖြူကညီ့လက်ကိုဆွဲပြီးသွားဖို့ပြင်မိသည်။
သည်တော့..ညီကဖြူ့ ကိုရင်ခွင်ထဲထည့်ကာခပ်တင်းတင်းဖက်ထားရင်းပြောလေသည်။

“အဲ့ ဒီကန်က အခုအပြင်မှာမရှိသေးဘူးဖြူရဲ့  ၊ဟောဒီ့ ညီ့နှလုံးသားထဲမှာပဲရှိသေးတာ၊
ဒါပေမယ့် တစ်နေ့ ကျရင် ဖြူ့ အတွက် ညီကိုယ်တိုင်ရေကန်နဲ့ ကြာဖြူပန်းတွေစိုက်ပေးမယ်နော်”

ချစ်သူ့ စကားအဆုံးမှာတော့ဖြူ့ရင်ထဲမှာကြာဖြူပွင့်တို့ ဝေနေပါပြီ။
ညီ့မေတ္တာတရားကိုသက်ဝင်ယုံကြည်စွာခံစားရင်းညီ့မိသားစုနှင့်ဆုံတွေ့ ရချိန်များကလည်းနွေးထွေး လှပါ၏။နေ့ ချင်းပြန်ခရီးမို့ နေ့ ခင်းထမင်းစားပြီးသည်နှင့် ပြန်ကြကာဘုန်းတော်ကြီးကျောင်းဝင်သည်။
ကျောင်းဝန်းထဲတွင် ဆင်းရဲနွမ်းပါးသည့်မိသားစုမှကလေးများကို ၈ တန်းထိစာသင်ပေးနေသော ဘုန်းတော်ကြီးပညာသင်ကျောင်းလေးရှိသည်။

ညီက ထိုကျောင်းလေးအတွက် ကျောင်းစာအုပ်များနှင့်အတူ ပြင်ပစာများ ဖတ်နိုင်ရန်စာကြည့်တိုက် အသေးစားလေးလုပ်ပေးချင်နေသည်။

“ညီတို့ ငယ်ငယ်တုန်းကမှစာအုပ်ဆိုင်ကောင်းကောင်းရှိသေးတယ်ဖြူရဲ့ ၊အခုခေတ်ရပ်ကွက်တိုင်းမှာ VCDအငှားဆိုင်တွေချည်းပဲ..စာအုပ်ဆိုင်ရှိရင်လည်းအပျော်ဖတ်တွေနဲ့ပဲပြည့်နေတာ..
ညီကခုခေတ်လူငယ်တွေကိုစာကောင်းပေမွန်လေးတွေဖတ်စေချင်တယ်”

“ဒီခေတ်က ဖျော်ဖြေရေးတွေကလည်းများတာကိုးညီရဲ့  ၊ ဂျာနယ်တွေတော့ဖတ်ကြတာပဲလေ”

“မတူနိုင်ဘူးဖြူ ..ခုထွက်နေတဲ့ဂျာနယ်တွေမှာခေတ်သတင်းနဲ့ ပေါ်ပင်ဆောင်းပါးတွေပဲရေးကြတာများ တယ်၊နောက်ပြီးမီဒီယာကျင့်ဝတ်နဲ့မညီဘဲထည့်နေတဲ့သတင်းတွေရှိတယ်၊လူငယ်တွေကိုနိုင်ငံရေးမှိုင်း တိုက်ပေးနေသလိုပဲ၊ဒီစာတွေသတင်းတွေဖတ်ပြီးခုခေတ်လူတွေရဲ့ စိတ်ထားတွေခက်ထန်ကြမ်းတမ်းလာတာ
ညီသဘောမကျဘူး”

“ဒါဆိုညီကဘယ်လိုစာတွေဖတ်စေချင်တာလဲဟင်”

“ဖြူ့ ကိုညီပေးဖတ်တဲ့ ရသစာပေ မျိုး၊ အတွေးအခေါ်ရင့်သန်စေမယ့် ဆောင်းပါးကောင်းမျိုးတွေဖတ်စေချင်တာ ၊အဲ့ ဒီလိုစာအုပ်ကောင်းတွေရှိပေမယ့်  အများစုကမသိကြဘူး၊မဖတ်ကြဘူး။
ညီက စာအုပ်ကောင်းကောင်းလေးတွေစုပြီးစာကြည့်တိုက်လုပ်ပေးမလို့ ၊
တကယ်လုပ်မယ်ဆိုတော့ စေတနာတစ်ခုတည်းမရတော့ဘူး ၊ အသပြာကလည်းပါဦးမှလေ၊
ဒါကြောင့် ညီ ပိုက်ဆံရှာရမယ် ၊ ဖြူ့ ကိုလည်းပြည့်ပြည့်စုံစုံထားချင်တယ်၊စာကြည့်တိုက်တွေလည်း
ဆောက်ပေးချင်တယ်”

စိတ်အားထက်သန်စွာပြောပြနေသည့်ညီ့မျက်နှာကိုလေးစားချစ်ခင်စွာငေးကြည့်ရင်းဖြူ့ရင်ထဲမှာ ၀မ်သားဝမ်းနည်းခံစားနေရသည်။မွန်မြတ်တဲ့ချစ်သူစေတနာအတွက်ဝမ်းသာပေမယ့်  အချိန်အကြာကြီးခွဲခွာရတော့မှာကိုတော့ဖြူဝမ်းနည်းလှပါ၏။

xxxxxxxxxx

(၃)

ပြုံးချိုစွာဖြင့် စကားပြောနေသည့်အသားဖြူဖြူ အရပ်မြင့်မြင့်ကိုကျော်စွာကိုကြည့်ရင်းဖြူသည်ပထမတစ်ခေါက်
သင်္ဘောတက်ပြီး ညီပြန်လာတုန်းက အသားတွေမည်းကာပိန်သွားသည်ကိုသတိရမိသည်။

“ညီရယ်..ပိန်ပြီးမည်းသွားလိုက်တာ ၊ သင်္ဘောပေါ်မှာအရမ်းပင်ပန်းလားဟင်”

“အရာရှိမှမဟုတ်တာဖြူရယ်..ပင်ပန်းသင့်သလောက်တော့ပင်ပန်းတာပေါ့ ..
ဒါပေမယ့် စရိတ်ငြိမ်း လစာကောင်းကောင်းရခဲ့တာတန်ပါတယ်”

ဖြူ့ နဖူးမှဆံစလေးများကိုသပ်တင်ပေးနေသောညီ့လက်ဖ၀ါးကိုလှမ်းကိုင်ကြည့်တော့ကြမ်းရှနေ၏။
ကလောင်ကိုင်တဲ့ညီ့လက်တွေကြမ်းကုန်တာဖြူစိတ်မကောင်းလိုက်တာ၊၀မ်းနည်းပြီးဖြူမျက်ရည်ကျမိတော့ ညီကဖြူ့ နဖူးကိုခပ်ဖွဖွထုသည်။

“မိပိုလေး…ဘာလို့ ငိုရတာလဲ..ညီကယောင်္ကျားပါ ၊ဒီလောက်ပင်ပန်းတာလေးခံနိုင်ရည်ရှိပါတယ်။
ဒီတစ်ခေါက်စုမိတာညီသုံးပုံပုံထားတယ်။တစ်ပုံက ညီ့မိဘတွေကိုကန်တော့မယ် ၊တစ်ပုံကစာကြည့်တိုက် အတွက်ဘုန်းဘုန်းကိုလှူမယ်၊နောက်ဆုံးတစ်ပုံက ညီတို့ မင်္ဂလာဆောင်ဖို့ ဖြူ့ ကို အပ်ထားမယ်

“ပြောပြန်ပြီ ၊ ဒီလောက်ဖြစ်နေတာ ဖြူမင်္ဂလာဆောင်တော့ဘူး၊တရားရုံးမှာပဲလက်ထပ်လိုက်လည်းပြီးတာပဲ၊
ညီနောက်တစ်ခေါက်ပြန်မသွားနဲ့တော့နော်၊

“မသွားလို့မရဘူးဖြူရဲ့ ၊အတူတူပြန်လာတဲ့ ကပ္ပတိန်ကညီ့ကိုခင်နေတာ ၊သူဒီတစ်ခေါက်ပြန်တက်ရင် ညီ့ကိုအတူတူခေါ်သွားမယ်တဲ့ ..လစာလည်းပိုရအောင်ပြောပေးမယ်တဲ့ ”

တက်ကြွစွာပြောနေသည့်ညီ့ကိုကြည့်ပြီးဖြူမတားသာတော့ပါ။ဖြူ့ မေမေကလည်းညီနှင့်သဘောတူသည်။
ညီပြန်ရောက်ချိန်လေးမှာ ဖြူလည်းစာကြည့်တိုက်အတွက်ကူညီပေးပါသည်။
စာအုပ်တွေဝယ်ပြီးမြို့ ကိုသွားပို့ ကြသည်။ဆောက်နေသည့်စာကြည့်တိုက်အဆောက်အဦးလေး
တဖြည်းဖြည်းရုပ်လုံးပေါ်လာတာကိုကြည့်ပြီး ညီနှင့်အတူဖြူလည်းကြည်နူးမိသည်။

သည်လိုနှင့် ..ခွဲခွာချိန်များအတွက် အလွမ်းသယ်လို့ မှအားမရခင်ညီသင်္ဘောပြန်တက်ရ၏။

“ညီရယ်..ပြန်မသွားပါနဲ့ဦးလား.. ခုသွားမှာလည်းမိုးတွင်းကြီးဆိုတော့ ပင်လယ်မှာအန္တရယ်များမှာ ၊နောက်ပြီုးခုတစ်လောဖြူ့ အိပ်မက်တွေလည်းမကောင်းဘူး”

“ဖြူအစိုးရိမ်လွန်နေလို့မက်တာနေမှာပေါ့.. တကမ္ဘာလုံးကသင်္ဘောတွေပင်လယ်ပြင်မှာဒီလိုပဲသွားနေတာပါ…ဘာမှမဖြစ်ဘူး၊ကပ္ပတိန်က ညီ့အတွက်သေချာပြောပေးထားတာ၊ သူလိုက်တဲ့သင်္ဘောနဲ့သွားမှလစာလည်းပိုများမယ် ၊
အလုပ်လုပ်ရတာ လည်းအဆင်ပြေမှာ၊နောက်ပြီးဒီတစ်ခေါက်ညီကခြောက်လပဲနေမယ်ဆိုတာ
လည်းခွင့်ပြုတယ်”

“ဖြူ့ ရင်ထဲမှာဘယ်လိုကြီးဖြစ်နေတာလည်းမသိဘူး..စိတ်တွေလေးနေသလိုပဲ”

“ခြောက်လဆိုတာခဏလေးပြည့်သွားမှာပါကွယ်”

ညီဘယ်လိုနှစ်သိမ့်ပေမယ့် ဖြူ့ ရင်ထဲကစိုးရိမ်စိတ်ကပျောက်မသွားပေ။ပထမအခေါက်သွားတုန်းက
သည်လို မခံစားရပါဘဲနှင့် သည်တစ်ခေါက်ညီ့ကိုလေယာဉ်ကွင်းလိုက်ပို့  ရင်းဖြူအရမ်းဝမ်းနည်း အားငယ်နေမိခြင်းသည်နမိတ်ပုံရိပ်ဟုသိများသိခဲ့လျှင်ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ရအောင်တားခဲ့မှာပါ။

မသိခဲ့ပါဘူး။ ရက်စက်လှသည့်ကံကြမ္မာဆိုးကြီးကို ဖြူတို့ မသိခဲ့ကြပါဘူး။
လေဆိပ်ထဲဝင်ကာ စက်လှေခါးပေါ်တက်သွားရင်းဖြူ့ ကိုလက်ပြနုတ်ဆက်သွားသည့်
ညီ့ပုံရိပ်သည် ဖြူနောက်ဆုံးတွေ့ မြင်ရသည့်ပုံရိပ်ဖြစ်ခဲ့လေ၏။

ညီရေ..ညီပြောတော့ ခြောက်လဆိုတာခဏလေးဆို

ပြန်လာတာနဲ့ ဖြူတို့ အတူတူနေရတော့မှာဆို

ပင်လယ်ပြင်မှာဘာမှမဖြစ်ဘူးဆို

ဘာလို့ ညီတို့ သင်္ဘောမှရွေးပြီးမုန်တိုင်းမိရတာလဲ

သင်္ဘောကြီးတိမ်းစောင်းနေတုန်းရေထဲကျသွားရသူဟာဘာလို့ ညီဖြစ်နေရတာလဲ

ဖြူ့ကိုဘာလို့ ဒီလိုရက်ရက်စက်စက်ခွဲသွားရတာလဲ

ဘာလို့ လဲ

ဘာလို့ လဲ

xxxxxxxxxx

(၄)

“မငိုပါနဲ့တော့ဖြူရယ်…အချိန်တွေလည်းဒီလောက်ကြာနေပြီ..ဖြူ့ မျက်ရည်တွေခမ်းသင့်ပါပြီ”

အချိန်တွေကြာခဲ့ပြီတဲ့လား..။
ဟုတ်တာပေါ့ လေ..ဖြူ့ အသည်းနှလုံးတွေကြိမ်မီးအုံးသလိုခံစားခဲ့ရသည်မှာငါးနှစ်ကျော်ခဲ့ပြီ။
ဖြူ့ ကိုတစ်ဘ၀စာညီခွဲခွာထားခဲ့သည်မှာငါးနှစ်ကျော်ခဲ့ပြီပဲ။

ဒါပေမယ့် ဖြူ့စိတ်ထဲမှာတော့မနေ့ တနေ့ ကလိုပင်။
ညီ့ပုံရိပ်တွေကဖြူ့ အသည်းနှလုံးမှာအရိပ်ထင်ဆဲပါ။
အပြင်လက်တွေ့ ဘ၀မှာ ညီပြန်မလာနိုင်တော့ပေမယ့်  ဖြူ့ အိပ်မက်တွေထဲကို ညီလာနေဆဲ…။
ညီတို့ မြို့ က ရေကန်ကြီးနဘေးမှာ ဖြူတို့ အမြဲဆုံပြီးစကားတွေပြောနေဆဲ…။မက်ခဲ့သမျှအိပ်မက်ထဲမှာ ညီက ဖြူ့ ကိုချစ်ခင်ကြင်နာနေဆဲ..။့  ညကမက်သည့်အိပ်မက်တွင်တော့ညီ့မျက်နှာ
ညှိးငယ်နေရခြင်းဟာ အခုဖြူ့ ရှေ့ မှာရှိနေသည့် ကိုကျော်စွာကြောင့်များလား။

အိမ်ထဲတွင်မေမေတို့ လူကြီးများက ရယ်မောပြောဆိုနေပေမယ့် ခြံထဲရှိခုံတန်းပေါ်ထိုင်နေသည့်
ဖြူနှင့် ကိုကျော်စွာတို့ ကတော့မရယ်နိုင်ကြပါ။

ကိုကျော်စွာ့ မိဘများကိုစကားမလွန်ဖို့ ဖြူမေမေ့ကိုပြောထားရပါသည်။
မိခင်တစ်ယောက်၏စေတနာဖြင့် ဖြူ့ ကိုသင့်တော်သူနှင့် အိမ်ထောင်ချပေးချင်နေသည့်မေမေ့
ကိုဖြုနားလည်ပါသည်။ ကိုကျော်စွာ့မေတ္တာကိုလည်းခံစားရပါသည်။

“ညီမရှိတော့တဲ့ နောက်ပိုင်းမှာ  ကိုကျော်စွာဟာဖြူ့ အတွက် အကိုတစ်ယောက်လို အားကိုးယုံကြည်ရတဲ့သူပါ၊ဖြူ့ အပေါ်စေတနာရှိတာလည်းဖြူယုံပါတယ်..ဒါပေမယ့် ”

“ဒါပေမယ့် …ညီ့ကိုမမေ့နိုင်သေးဘူးလို့ ပြောမလို့ လားဖြူ ၊ ဖြူ့မေတ္တာကို တကယ်လေးစားပါတယ်..ဒါပေမယ့် လက်တွေ့ ကျကျစဉ်းစားဆုံးဖြတ်စမ်းပါ..
မျက်ရည်တွေစွန်းထင်းနေတဲ့ ဖြူ့ ရဲ့ ပထမနေ့ စွဲစာမျက်နှာတွေကိုဖျက်လိုက်ပါတော့…”

“ရှင်..ဖျက်ပစ်ရမယ်..ဟုတ်လား”

“ဟုတ်တယ်ဖြူ..မေ့သင့်တာကိုမေ့ လိုက်ပါတော့...ဖြူစိတ်ချမ်းမြေ့စေရမယ့် ဒုတိယမြောက်နေ့စွဲစာမျက်နှာ
ကိုယ်ရေးပေးချင်တယ်..ကိုယ်ဖြူ့ ကိုလက်ထပ်ပါရစေ”

ဘယ်လိုမှရှောင်ကွင်းလို့ မရသည့်အချိန်ရောက်လာပါပေါ့လား…။
မျှော်လင့် ချက်အလင်းရောင်များလက်ဖြာနေသောကိုကျော်စွာ့မျက်ဝန်းများကိုငေးကြည့်ရင်းဖြူပြန်ပြောဖို့ 
အားယူနေဆဲမှာပဲ…

“သားရေ..ပြန်ကြရအောင်..မင်းဖေဖေသွားစရာရှိသေးတယ်”

ခေါ်သံနှင့်အတူ ကိုကျော်စွာ့ မေမေကအိမ်ပြင်ထွက်လာသည်။
ခုံတန်းမှမထချင်ထချင်နှင့် ထလိုက်ရသောကိုကျော်စွာက ဖြူ့ ကို စူးစူးစိုက်စိုက်ကြည့်ပြီး ပြတ်သားစွာပြောလေသည်။

“ ကိုယ်ပြန်မယ်ဖြူ … ဖြူ့ ဆီက အဖြေကိုကိုယ်စောင့်နေမယ်နော်”

xxxxxxxxxxx

 အချိန်ရာသီကြာညောင်း

မဟောင်းတဲ့ သစ္စာ

မပြယ်လေတဲ့ ချစ်ခြင်းတရား

ကြာဖြူပွင့် များထုံသင်းမွှေးပျံ့ စေသား

ညနေခင်းရောက်လာသည်နှင့် အအေးဓါတ်ကစိမ့်ဝင်လာသည်။ ကန်ထဲမှာတော့မိုးတွင်းတုန်းကလိုဝေဖြာမနေပေမယ့် ဆောင်းဦးမှာပွင့်သည့်
ကြာပွင့်လေးများကတတ်နိုင်သလောက်ရေကန်ကြီးကိုအလှဆင်ထား၏။
နာရီကိုငုံ့ ကြည့်ရင်း ပြန်ဖို့ သင့်နေမှန်းသိပေမယ့်  သည်ကန်နားကဖြူမခွာရက်နိုင်ပေ။

 သည်ကနေ့ ..လစဉ်ထုတ်မဂ္ဂဇင်းနှင့်စာအုပ်များဝယ်ကာညီတို့ မြို့ မှစာကြည့်တိုက်ကိုလာပေးခြင်းပင်။
ဖြူ့ ကိုမြင်လေတိုင်းညီ့မိသားစုဝင်များအတိတ်ကိုတမ်းတပူဆွေးနေရမှာမလိုချင်သောကြောင့်ညီ့ အိမ်သို့ 
မသွားတော့ဘဲ ဘုန်းဘုန်းကျောင်းမှာထမင်းစားပြီးသည်နှင့် သည်ရေကန်ကြီးဆီသို့ ဖြူရောက်ခဲ့သည်မှာ အချိန်တော်တော်ကြာသွားပါပြီ။ပြန်မှပါ။နောက်ကျလျှင်ဖြူ့ ကိုမေမေမျှော်နေလိမ့်မည်။
မကြာသေးခင်ကမှ မေမေ့ဆန္ဒကိုဆန့်ကျင်ငြင်းပယ်ထားသည့်သမီးတစ်ယောက်မို့  နောက်ထပ်မေမေစိတ်ပူ
စိတ်ဆင်းရဲအောင်မလုပ်ချင်တော့ပေ။

ကိုကျော်စွာ့ ကို ဖြူအပြတ်ငြင်းလိုက်ပြီးပါပြီ။
ဘယ်လိုပဲလက်တွေ့ ကျကျစဉ်းစားပေမယ့်  ဖြူ့ နှလုံးသားကကိုကျော်စွာကိုလက်မခံနိုင်ပါ။
ချစ်ရသူနှင့် ကွေကွင်းဆင်းရဲရခြင်းဆိုသည့်ဒုက္ခကိုခံစားခဲ့ရသည့်ဖြူ့ အနေဖြင့်  မချစ်ရသူနှင့် 
ပေါင်းဖက်ရမည့်ဒုက္ခ ဆင်းရဲကိုထပ်ပြီးမခံစားချင်တော့ပါ။

ကိုကျော်စွာပြောသလို မျက်ရည်များဖြင့် နာကျင်ပင်ပန်းလှသည့်ဖြူ့ ဘ၀၏ပထမနေ့ စွဲစာမျက်နှာများကိုတော့
  ဖြူဖျက်ပစ်လိုက်ပါပြီ။ပြန်မလာတော့တဲ့ညီ့ကိုလည်းအိပ်မက်ထဲမှာမရှာတော့ပါ။ဖြူအိပ်မက်မက်ပြီး ငိုနေသမျှ ညီရောက်ရာဘ၀မှာပူလောင်စိတ်ဆင်းရဲနေရမှာဖြူစိုးရိမ်လှပါ၏။

ဖြူ...မငိုတော့ပါဘူးညီရေ

ဖြူ့မျက်ရည်တွေနဲ့ ညီပူလောင်နေမှာစိုးလို့ပါ။

ဒါပေမယ့်  ညီ့အပေါ်ထားခဲ့တဲ့ ဖြူ့ ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကတော့ဖြူ အသက်ရှင်နေသရွေ့ တည်ရှိနေမှာပါ။

 ညီဖြစ်စေချင်သလို..စာကြည့်တိုက်တွေများလာပြီးစာဖတ်သူတွေတိုးပွားလာအောင်တတ်နိုင်သမျှ ၊ စာပေကုသိုလ်လုပ်ပေးရင်းနဲ့ ပဲ ဖြူ့ဘ၀ရဲ့ ဒုတိယမြောက်နေ့စွဲစာမျက်နှာကို ဖြတ်သန်းနေထိုင်သွားဖို့ 
ဖြူဆုံးဖြတ်ထားပါတယ်။တစ်ယောက်တည်းဖြစ်နေလည်းဖြူအထီးမကျန်ပါဘူး။
အဖော်မလိုတော့ပါဘူး။

ဖြူ့ သစ္စာနဲ့ ချစ်ခြင်းတရားတွေကြောင့်…

အပြင်မှာညီဖန်တီးပေးမယ့်ကြာဖြူကန်မရှိပေမယ့် ဖြူ့ နှလုံးသားထဲမှာတော့ ကြာဖြူရနံ့ တွေ

အမြဲထုံသင်းမွှေးပျံ့ နေမှာပါညီရယ်….။


ကြာဖြူနွယ်

No comments:

Post a Comment