Wednesday, January 15, 2014
“ ညှီစို့ စို့ ... ပန်း ”
လိပ်ပြာဆိုတာ ရနံ့ မွှေးထုံတဲ့ ပန်းလေးတွေပေါ်မှာ နားတတ်ကြတာ သဘာဝပါ…။
သူတို့ နားရတဲ့ ရည်ရွယ်ချက်က သင်းပျံ့ ချိုမွှေးတဲ့ ဝတ်ရည်တွေကို စုပ်ယူစားသုံးဖို့ ပေါ့ ။
ဟိုမှာလိပ်ပြာလေးတစ်ကောင် တောင်ပံတဖျတ်ဖျတ်ခတ်ပြီး ပန်းလေးတစ်ပွင့်နားမှာ
ဝဲနေပြန်ပြီ။
အို….. သိပ်လှတဲ့ ပန်းလေးပါလား
လိပ်ပြာလေးသဘောကျသွားပြီ
ပန်းလေးနား ပျံသန်းနီးကပ်လာပြီ
ဟော…..သူ ပန်းလေးနဲ့ ထိတွေ့ တော့မယ် ၊ နမ်းတော့မယ် …။
အို…..ဘယ်လိုဖြစ်တာလဲကွယ်
ပန်းလေးကို နမ်းမလို့ ဝဲပျံဆင်းသက်လာပြီးမှ လိပ်ပြာလေး ပြန်ထွက်ပြေးသွားတယ်။
ဘယ်လိုများဖြစ်ရတာလဲပန်းလေးရယ်
ဘာလို့  ပန်းလေးပေါ်လိပ်ပြာမ၀ဲရတာလဲ ဟင်…။
Xxxxxxxxxx
( ၁ )
ဟောဒီအထူးကုဆေးခန်းကြီးရဲ့ ဆေးကောင်တာမှာ ဒေလီယာ သာမရှိရင်သက်ဝေအလုပ်ဆက်လုပ်လို့ ရမယ်မထင်ပါဘူး။  အလုပ်ဝင်တဲ့သုံးလအတွင်းမှတ်လိုက်ရတဲ့ဆေးအမျိုးအစားတွေကလည်းများမှများ။ဆေးနာမည်မှတ်မိပြန်တော့
ကောင်တာထဲက ဆေးထားတဲ့နေရာပါအသေမှတ်ရပြန်တယ်။
ဒီကြားထဲအော်ချင်ငေါက်ချင်တဲ့ စီနီယာမမတွေရှေ့ မှာအယောင်ယောင်အမှားမှားနဲ့ သက်ဝေငိုချင်လာတဲ့အခါ
ဖေးမအားပေးသူကဒေလီယာပါ။
ဒီညနေ နှလုံးအထူးကုဆရာဝန်ကြီးထိုင်တဲ့အချိန် မှာလည်းသက်ဝေချွေးပြန်နေပြီ။
နှလုံးရောဂါရှိတယ်ဆိုပြီး ဆရာဝန်ကြီးရှေ့ မှာ လှုပ်နိုင်ရုံ ခပ်ယဲ့ ယဲ့ လူနာတွေကဆေးကောင်တာရောက်လို့ ဆေးဝယ်
ရင်တော့ သူတို့ လောက်လောဘ ဒေါသကြီးတာမရှိတော့ဘူး..။
“သက်ဝေ ၊ ဒီဆေးကတ်တွေက တစ်နေ့ နှစ်လုံးလို့ ရေး ၊ ဟိုအိပ်ဆေးက ညတခြမ်း၊မြန်မြန်လုပ်..မှားလည်းမမှားစေနဲ့  ”
“သမီးရေ ၊ သူကအသစ်လား..ကျွမ်းကျင်တဲ့သူရေးခိုင်းပါကွယ်…အန်တီတို့ နှလုံးဆေးတွေက
အရေးကြီးတယ်နော်.. သမီးတို့ လက်ရေးတစ်ချက်က အန်တီတို့ အသက်ထွက်နိုင်တယ် ”
“ဟုတ်ကဲ့အန်တီ… စိတ်ချပါ၊မမှားစေရပါဘူး”
နှလုံးရောဂါသည်အန်တီအသက်မထွက်ခင် သက်ဝေလျှာထွက်တော့မယ် …။
ဒီလောက်ဂရုစိုက်လုပ်နေတဲ့ကြားက ဆေးကတ်တကတ်ရေးဖို့ ကျန်သွားလို့ 
အန်တီကြီးက အော်ပါလေရော..ဒီအချိန်မှာဆတ်ခနဲ ပြန်ပြောသူကတော့ ဒေလီယာပါ။
“သက်ဝေရေးတာဒီတကတ်ထဲကြားညှပ်ကျန်ခဲ့တာလေ…ဒီဆေးကအမျိုးအစားတူ ငါးကတ်တောင်ရှိတယ်၊ရေးထားပေးတဲ့ကတ်ကိုဖတ်ပြီးသောက်လို့ ရတာပဲ အန်တီ ၊ ကျွန်မတို့ လည်း ပြုံကျနေတဲ့လူနာတွေအကုန်စိတ်ကျေနပ်အောင်လုပ်ပေးနေတာပါ၊နောက်ပြီးဒီဆေးတွေ အန်တီသောက်လာတာပဲနှစ်ချီနေပြီ…မမှတ်မိသေးဘူးလား ”
ဒေလီယာ ၀င်ပြောမှ အန်တီကြီးမျက်နှာနည်းနည်းအကြောလျော့ သွားပြီး
“အော်..အန်တီက အသက်နဲ့ရင်းရမယ့်ကိစ္စမို့ သတိပေးတာပါ..ဆေးတွေက မှတ်မိနေပါပြီ”
ပြောပြောဆိုဆို နဲ့ အန်တီကြီးထွက်သွားတော့ ဒေလီယာကိုသက်ဝေကျေးဇူးတင်လိုက်တာ။
လုပ်သက်ရနေပြီဖြစ်တဲ့ ဒေလီယာကတော့ သက်ဝေကိုအမြဲငဲ့ ညှာပြီးလက်တွဲခေါ်နေကျပါ။
သက်တူရွယ်တူချင်းမို့ သက်ဝေတို့ နှစ်ယောက်ဟာဆုံတွေ့ ရတာလပိုင်းလေးအတွင်းခင်မင်ရင်းနှီးသွားကြတယ်။
နိုက်ဂျူတီသမားလာတော့တာဝန်လွှဲပြီး အတူတူပြန်ခဲ့ရင်းကားဂိတ်ရောက်တော့သက်ဝေက
ကိုယ်စီးရမယ့်ကားအရင်လာတာ မတက်ဘဲဒေလီယာ့ကိုစောင့်ပေးပါတယ်။
“သက်ဝေရယ်အရင်စီးသွားပါ..ငါ့တိုက်ခန်းကနီးပါတယ်။
နင်က အဝေးကြီး ..အကြာကြီးစီးရမှာ”
“ မစီးဘူး.. နင့် ကိုဒီလိုစောင့်ပေးချင်လို့ ၊
ငါ ဒီနေ့ နင့်ကိုသိပ်ကျေးဇူးတင်နေတာ.. တခုခုပြန်လုပ်ပေးရမှကျေနပ်မယ်”
“ အေးပါ..ပြောမရရင်လည်းစောင့်ဟယ် ”
ဒေလီယာကပါးချိုင့်လေးတွေခွက်ဝင်သွားအောင်ပြုံးလိုက်တော့
မိန်းကလေးချင်းတောင်ငေးကြည့်ရတဲ့  ဒေလီယာ့ အလှကို သက်ဝေအားကျလိုက်တာ..။
Xxxxxxxxxxxx
(၂)
ဒီနေ့ သက်ဝေနဲ့ ဒေလီယာတို့ နှစ်ယောက်လုံးဂျူတီအော့ဖ် မို့ လျှောက်လည်ကြတာပျော်စရာ…။
ပြန်ဖို့ ကားဂိတ်ရောက်လို့ နာရီကြည့်မိတော့  မိုးတော်တော်ချုပ်နေပြီ။
“သက်ဝေ..ပြန်ရမှာဝေးရင်ငါ့ တိုက်ခန်းလိုက်အိပ်လေ..နင်မရောက်ဖူးသေးဘူး”
ဒေလီယာကငယ်စဉ်ကတည်းကမိဘတွေဆုံးသွားပါပြီ။ အတူနေလာတဲ့ အဒေါ်ကလည်းအိမ်ထောင်ပြုပြီးနိုင်ငံခြားအပြီးထွက်သွားတာမို့ တိုက်ခန်းမှာဒေလီယာနဲ့ 
ဆွေမျိုးမကင်းတဲ့ တောကအိမ်အကူအဒေါ်ကြီးပဲရှိပါတယ်။
“အေး..ကောင်းသားပဲ..ဒါပေမယ့်မေမေ့ ကိုနင်ပဲပြောပေး..ငါပြောရင်ရမှာမဟုတ်ဘူး
မေမေက နင့်ကိုချီးကျူးပြီးသဘောကျနေတာ ”
မနက်က သက်ဝေအိမ်ကို ဒေလီယာလာခေါ်ကတည်းကပိုးသားဝမ်းဆက်လေး ၀တ်ပြီးဆံပင်ရှည်စင်းစင်းလေး ချကာမြန်မာဆန်ဆန်လှနေတဲ့ဒေလီယာ့ ကို မေမေကသဘောကျနေတာပါ။တီရှပ်နဲ့ ဘောင်းဘီဝတ်သွားတဲ့
သက်ဝေကိုတောင်ဆူလိုက်သေးရဲ့ ။ဒေလီယာကလည်းလူကြီးတွေအကြိုက်ပြောတတ်ပါ့ ..။
ခုပဲကြည့်..အံတီ..အံတီနဲ့ဖုန်းဆက်လိုက်တာ သက်ဝေ လိုက်အိပ်ခွင့်ရသွားတယ်။
တိုက်ခန်းရောက်တာနဲ့ သက်ဝေကရေအရင်ချိုးလိုက်ပါတယ်။
ဒေလီယာက ဆံပင်ရှည်ကြီးကိုပါလျှော်နေလို့ ရေချိုးခန်းထဲကြာနေတဲ့အခါ သက်ဝေပျင်းလာပြီ ။
အိုး ဘာပုံတွေလဲ
အိပ်နေရာမှ ဆတ်ခနဲထထိုင်လိုက်မိသည်အထိ သက်ဝေထိတ်လန့်သွားတယ်။ရွံစရာကောင်းလိုက်တာ။
ဒီခေတ်ကြီးမှာ အင်တာနက်ပေါ်တက်လာတဲ့  မိန်းကလေးတွေရဲ့ အဖော်အချွတ်ပုံတွေသက်ဝေမြင်ဖူးပေမယ့်  ဒီပုံတွေက ဖော်ရုံချွတ်ရုံမဟုတ်ပါ။မိန်းမ နဲ့ ယောင်္ကျားဆက်ဆံပုံအဆင့်ဆင့် ကိုကွင်းကွင်း ကွက်ကွက်ဖော်ပြထား တဲ့ဓါတ်ပုံတွေပါတဲ့ ဒီစာအုပ်တွေ ဒေလီယာဘယ်ကရတာလဲ…ဘာလို့ ကြည့်နေတာလဲ။
သူ ငေးမောတွေးတောနေတုန်းဒေလီယာရေချိုးခန်းထဲကထွက်လာတယ်။
“ အော်..နင်ဒီစာအုပ်တွေကြည့်နေတာလား”
“အိုမကြည့်ပါဘူး..ရှက်စရာဟယ်..နင်ဒီစာအုပ်မျိုးတွေဘယ်ကရတာလဲ”
“ငါ့အဒေါ်ရှိတုန်းက နိုင်ငံခြားကယူလာတာလေ..နင်ကလည်းဟာ ကြည့်တော့ဘာဖြစ်လဲ
ဗဟုသုတတောင်ရသေး”
“ငါတို့ ကအပျိုတွေလေ…ဒါအိမ်ထောင်သည်တွေပဲသိသင့်တာဟဲ့  ”
သက်ဝေအပြောကြောင့် ဒေလီယာကဟက်ဟက်ပက်ပက်ရယ်လိုက် ရင်း ည၀တ်ဂါဝန်ကိုဝတ်နေပါတယ်။ ဂါဝန်သားပါးလွလွဟာ တောင့်တင်းဖွံ့ ဖြိုးတဲ့ ဒေလီယာ့ ကိုယ်ခန္ဓာကိုအထင်းသားမြင်နေရတာမို့ မိန်းကလေးချင်းပေမယ့်  သက်ဝေမျက်နှာလွှဲမိတယ်။ ဒေလီယာကတော့ဘာမှမဆန်းသလိုပါပဲ။
“ နင်ဘာစားဦးမလဲသက်ဝေ ”
“ တော်ပြီ… တနေကုန်စားလာတာ မဆာတော့ဘူး..အိပ်တော့မယ်”
“ဟယ်..စောပါသေးတယ် ၊ နင်အိပ်ချင်အိပ်နေ၊ ငါ တော့အွန်လိုင်းတက်လိုက်ဦးမယ်”
ဒေလီယာက သူ့ အိုင်ပတ်လေးကိုအိပ်ယာပေါ်ယူလာပြီး ကုတင်ခေါင်းရင်းကိုမှီကာခြေဆင်း ထိုင်ရင်းဖွင့်ကြည့်နေ ပါတယ်။သက်ဝေလည်း ဖုန်းနဲ့ပဲဖေ့စ်ဘုတ် ဖွင့်ကြည့်ရင်းတက်လာတဲ့သတင်းတွေကိုဖတ်လိုက်၊ စိတ်ပါရင်ကွန်းမန့် ပေးလိုက်နဲ့ အတော်လေးကြာတော့ …
“သက်ဝေ ၊ နင့် ကိုငါပြစရာရှိတယ်၊ဒီလိုဆိုဒ်တွေနင်ကြည့်ဖူးလား”
မျက်စိရှေ့ ကို ထိုးပြလာတဲ့ အိုင်ပတ်စခရင်မှာပေါ်နေတာက ခုနကြည့်မိတဲ့ မဂ္ဂဇင်းထဲကလိုပုံများ။
ကွာခြားချက်က မဂ္ဂဇင်းထဲကနိုင်ငံခြားသားများဖြစ်ပြီးခုသက်ဝေမြင်နေရတာက မြန်မာမလေးတွေပါလား
“ဟယ်…ဒါ မြန်မာတွေပဲ၊ဒီလိုတွေတင်နေကြတာလား ၊ ရှက်စရာဟယ်”
ဒေလီယာကတဟားဟားအော်ရယ်ရင်း
“ရိုးလိုက်တဲ့သက်ဝေလေးပဲ ၊ ဒီင်္လိုမြန်မာဆိုဒ်တွေတော်တော်များနေပြီဟဲ့ ”
“မကြည့်ပါနဲ့ဟယ်၊ငါတော့မြန်မာမလေးတွေကိုဒီလိုမြင်ရတာရင်ထဲမှာမကောင်းလိုက်တာ”
“အော်… နင်ကလည်း လူဖြစ်လာရင် ဒီကိစ္စတွေကြုံနေရတာပဲ ၊ ကြည့်ရုံတင်မဟုတ်ဘူး။
သိသင့်တဲ့ ဆောင်းပါးတွေလည်းတင်ပေးထားတယ်၊ငါပြမယ်”
သက်ဝေတားနေတဲ့ကြားက ဒေလီယာက ဆိုဒ်တစ်ခုထပ်ရှာနေပါတယ်။ ဒီအကြောင်းတွေပြောရတာကိုရှက်စရာလို့ တစ်စက်မှမထင်တဲ့ဒေလီယာ့ကိုကြည့်ရင်း
သက်ဝေတော်တော်လေးအံ့ သြမိနေပါပြီ။တကယ်ကိုထင်မထားတာပါ။
ခုဆို သူတို့ ခင်လာတာနှစ်ဝက်ပဲရှိသေးပေမယ့် သက်ဝေစိတ်ထဲမှာသူ့ထက်လူကြီးဆန်ပြီး တည်ငြိမ်တဲ့ ဒေလီယာ့ ကိုတကယ့်ညီအမလိုရင်းနှီးချစ်ခင်နေတာပါ။
“သက်ဝေ..ဒီမှာဖတ်ကြည့် ၊ မာစတာဘေးရှင်းအကြောင်း”
“တော်တော့ဒေလီယာ ၊ ငါဖတ်လည်းမဖတ်ချင်ဘူး ၊ သိလည်းမသိချင်ဘူး”
“နင်တစ်ခါမှမလုပ်ဖူးဘူးလား…ကျန်းမာရေးကောင်းတယ်တဲ့ဟ၊စမ်းကြည့်ပါလား”
“တော်ပါဟယ် ၊ ကျန်းမာရေးအကြောင်းပြပြီး လူငယ်တွေကို မကောင်းတဲ့အာရုံဘက်ဆွဲခေါ်နေတာ၊
ငါညအိပ်ခါနီးတိုင်းပရိတ်ရွတ်ပြီးတရားထိုင်တယ်။တရားထိုင်တာလောက်စိတ်ကြည်လင်ပြီး
ကျန်းမာရေးကောင်းတာရှိဦးမလား ”
“ဟာဟ ၊ နင်ပြောနေတာအဖွားကြီးစတိုင်နဲ့ပါလား၊ နင်မစမ်းဘူးသေးရင်
ငါသင်ပေးမယ်လေ…လာ ”
ပြောပြောဆိုဆို  တစ်ကိုယ်လုံးလာထိကိုင်နေတဲ့ ဒေလီယာ့ ကို ကြောင်ကြည့်နေမိပြီးမှ
သတိဝင်လာပြီးသက်ဝေတွန်းထုတ်လိုက်တယ်။စိတ်ထဲမှာလည်းထောင်းခနဲဒေါသထွက်ပြီးအန်ချင် လာ သလိုလိုပင်…။သက်ဝေလိုက်လာမိတာမှားသွားပြီ။
လောလောဆယ်ခံစားနေရတာဒေလီယာ့ ကိုမနှစ်မြို့ တဲ့ စိတ်…။
“အယ်..နင်ကလည်းအဖြစ်သည်းလိုက်တာ..
ကဲ..ဒါဆိုလည်း အိပ်နှင့်  ၊ ငါ့ဘာသာဟိုဘက်အခန်းမှာသွားကြည့်တော့မယ်”
သက်ဝေကိုစောင်ခြုံပေး ၊ မီးမှိတ်ပေးပြီး အိပ်ခန်းထဲကနေထွက်သွားတဲ့ဒေလီ့ယာကျောပြင်ကို
ကြည့်ပြီး သက်ဝေရင်ထဲမှာတော့ အဖိုးတန်ရတနာတစ်ပါးဆုံးရှုံးသွားသလိုပင်..။
Xxxxxxxxxxxx
(၃ )
ဆေးကောင်တာထဲကဆေးတွေကိုသေချာပြန်စီရင်းကြားနေရတဲ့ ရယ်သံတွေကြောင့်သက်ဝေ
သက်ပြင်းချလိုက်မိတယ်။
ဒီည သက်ဝေနဲ့ ဒေလီယာနိုက်ဂျူတီပါ။ ဒီလိုညလုံးပေါက်ဆင်းရတဲ့ အချိန်တွေဆိုဒေလီယာဟာဆေးရုံအပေါ်ထပ်ကဆေးလာထုတ်တဲ့ 
နာ့စ်မတွေနဲ့  မကြားဝံ့ မနာ သာတွေရောပြောနေတတ်တာကြာပါပြီ။ဒီလိုတွေဖြစ်လာလို့ 
သက်ဝေက နိုက်အတူမဆင်းချင်ပေမယ့် ဒေလီယာကအတင်း ဆင်းခိုင်းတတ်ပါ တယ်။ဒေလီယာဟာသက်ဝေအပေါ်မှာတော့တကယ့်ကိုကြင်နာညှာတာပြီးချစ်ခင်တယ်ဆိုတာ သိပေမယ့် သက်ဝေစိတ်ညစ်လာပါပြီ။
သက်ဝေမကြိုက်မှန်းသိလို့  ဘာမှလာမပြောတော့ပေမယ့်ဒေလီယာဟာ သူနဲ့ဝါသနာတူတွေနဲ့  အွန်လိုင်းမှာပြောကြတာ ၊
VZO ချက်ကြတာ သက်ဝေရိပ်မိနေပါပြီ။
အပြင်ပန်းကြည့်ရင် ဒေလီယာဟာဘာမှအပြစ်ပြောစရာမရှိတဲ့ မိန်းမလှလေးပါ။
ခုထိချစ်သူရည်းစားတောင်မထားသေးတဲ့ အပျိုစင်လေးပါ။ ဒါပေမယ့် ဒေလီယာ့ ရဲ့ စိတ်အတွေးတွေဘယ်လောက် ညစ်နွမ်းနေတယ်ဆိုတာသိတဲ့သက်ဝေကတော့ရင်လေးနေပါပြီ။
ဒေလီ ယာ့ကို ဒီညတော့ပြောမှဖြစ်မယ်လို့ စိတ်တင်းလိုက်ပြီးနာ့စ်မတွေအပေါ်ထပ်ပြန်တက်သွားမှ
ဘယ်သူမှမကြားအောင်ဆေးကောင်တာထဲမှာပဲထိုင်ရင်းတိုးတိုးတိတ်တိတ်ပြောလိုက်ပါတယ်။
“ ဒေလီယာ ၊ နင် ဒီကိစ္စတွေသိပ်စိတ်ဝင်စားနေတာမကောင်းဘူးနော်”
“ လာပြန်ပြီ ၊ဒီမှာသက်ဝေ ငါကမျက်စိနဲ့ကြည့်ရုံ ၊ပါးစပ်နဲ့ ပြောရုံလေးပါဟဲ့ ၊
ဘာများပဲ့ ပါသွားလို့ လဲ”
“အေး၊နင်မသိပေမယ့် နင့် ရဲ့ ဖြူစင်တဲ့စိတ်တွေပဲ့ ပါသွားတယ်ဒေလီယာ၊
နင့် လိုအပျိုစင်တစ်ယောက်က ဒီလိုကိစ္စတွေစိတ်ဝင်စားနေတာအဆင့်ကျော်နေပြီ။
နောက်ပြီး အိမ်ထောင်သည်တွေတောင်သွားမေးကြည့်ဦး ၊ ချစ်လို့ ယူကြပြီးသဘာဝအရ
ဆက်ဆံကြပေမယ့်  ဒီကိစ္စတွေချည်းနေ့ တိုင်းတွေးနေတာမဟုတ်ဘူး၊ခု နင့်ခေါင်းထဲမှာ
ဒီအကြောင်းတွေတော်တော်နေရာယူနေတာငါသိတယ်”
“အို..တွေးရုံနဲ့ အပြစ်ဖြစ်ရောလား ၊ နင်ပြောနေတာငါကပဲယောင်္ကျားတကာနဲ့ လိုက်အိပ်နေသလိုပဲ”
“သူတို့ စားဝတ်နေရေးအတွက်ယောင်္ကျားတစ်ကာနဲ့ လိုက်အိပ်နေတဲ့သူတွေတောင်
နင့်လောက်ဒီကိစ္စကိုစိတ်ဝင်စားမှာမဟုတ်ဘူး”
“တော်တော့သက်ဝေ ၊ နင်ပြောတာတွေလွန်နေပြီ ၊နင်ငါ့ ကိုဘာမှတားမြစ်စရာ ထိန်းချုပ်စရာမလိုဘူး၊
နင်လည်းနင်ကြိုက်သလိုနေ ၊ ငါလည်းငါကြိုက်သလိုနေမယ်။နောက်အပတ်ကစပြီး နင်နဲ့ ငါနိုက်ဂျူတီ
အတူမဆင်းတော့ဘူး”
ချစ်သူကိုရန်သူထင်၊ကောင်းစေချင်လိုပြောတဲ့သက်ဝေကို ဒေလီယာက အပြစ်မြင်နေပါပေါ့ လား။ဒေလီယာက သက်ဝေကိုအရင်လိုအခေါ်မပြောတော့ဘဲ စိမ်းသွားတော့သက်ေ၀၀မ်းနည်းလိုက်တာ…။
နောက်ပိုင်းဒေလီယာနဲ့ အတူနိုက်ဂျူတီဆင်းတဲ့ကောင်မလေးပြောပြတာက
အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ဒေလီယာတို့ နိုက်ဂျူတီမှာတညလုံး စကားပြောကြသတဲ့ ။
ဒေလီယာ့အိုင်ပတ်အတူတူကြည့်ကြသတဲ့။
သွားပြီ။ဒေလီယာ ဟာ စိတ်ကိုမထိန်းချုပ်ဘဲလွှတ်ထားပြီလို့  သက်ဝေသိလိုက်ပါပြီ။
မိုက်လိုက်တာသူငယ်ချင်းရယ်…လို့ ရေရွတ်ရုံမှတပါး သက်ဝေမတတ်နိုင်တော့ပါ။
Xxxxxxxxxxxx
( ၄ )
“ငါတို့လည်းမိန်းကလေးချင်းအပုပ်ချသလိုဖြစ်မှာစိုးလို့ မပြောဘဲနေတာပါ။ဒါပေမယ့် တဖြည်းဖြည်း ပိုဆိုးလာတယ်၊ကြာရင်ဆေးကောင်တာတစ်ခုလုံးနာမည်ပျက်တော့မယ်”
“ဟုတ်တယ်၊အဲ့ ဒီဆရာဝန်ရဲ့ ကွန်ပြူတာထဲမှာ ဒေလီယာ့ ပုံတွေရှိတယ်တဲ့ …ရိုးရိုးပုံမဟုတ်ဘူးနော်၊
 အပေါ်ထပ်က နာ့စ်မတွေကအကုန်သိနေပြီ ”
ကြားရနားဝမသက်သာပါလား….။ဒေလီယာ့ အပြုအမူတွေကတဖြည်းဖြည်းပိုဆိုးလာပြီ။
သက်ဝေကအမြင်မတော်ရင်ပြောမှန်းသိလို့ သက်ဝေနဲ့ ဂျူတီတွဲမဆင်းတော့ဘဲ စိတ်ထင်သလိုနေနေ တဲ့ဒေလီယာ့ကိုဘယ်လိုလုပ်ရပါ့ …။
သက်ဝေပူပင်လို့ မဆုံးခင် ပြသနာကစလာပါလေရော ။
ဒေလီယာ နဲ့ ဆရာဝန်တို့  ညဘက် VZO နဲ့  ပြနေကြတဲ့ပုံတွေ သူ့ မိန်းမ မြင်သွားသတဲ့ ။ ဒီတော့မိန်းမကြောက်ရတဲ့ဆရာဝန်ကဒေလီယာ့ကိုအဆက်ဖြတ်လိုက်ပြီးဆေးရုံမှာတွေ့ ရင်တောင် အဝေးကြီးကပတ်ရှောင်နေတာများမြင်ရတဲ့ သက်ဝေတို့ တောင်စိတ်တိုချင်စရာ..။
ဒီလိုတွေဖြစ်သွားလို့ ဒေလီယာ ငြိမ်သွားမယ်လို့ သက်ဝေထင်ခဲ့ပါတယ်။
ဒါပေမယ့် ဒေလီယာကတော့ ဘာမှမမှုသလို နဲ့ ပိုတောင်ဆိုးလာပြီ။
ကောင်လေးတစ်ယောက်နဲ့ တစ်ညလုံးဖုန်းပြောသတဲ့။အဲ့ဒီကောင်လေးကိုသက်ဝေလည်းသိပါတယ်။ မိဘကကျိကျိတက်ချမ်းသာပြီးညဘက်ဆိုကားတစ်စီးနဲ့ နိုက်ကလပ်တက်လိုက်၊ ကောင်မလေးတွေနဲ့
ဟိုတယ်တက်လိုက်လုပ်နေတဲ့သူပါ။ သူ့ ကားပေါ်ကောင်မလေးပါလာတဲ့ညများမှာ ဟိုတယ်မသွားခင်
ဆေးဝင်ဝယ် တတ်လို့  သူ့အကြောင်းသက်ဝေသိနေတာပါ။
သက်ဝေထက်တောင်ငယ်ပုံရတဲ့အဲဒီသူဌေးသားလေးဟာ ဆက်ဆံပြီးဘယ်နာရီကြာမှာ ဘာဆေးသောက်ရင် ကိုယ်ဝန်မရှိနိုင်တာတွေကအစကျွမ်းကျွမ်းကျင်ကျင်သိနေတာများအံ့ သြစရာ။
ဆေးပညာရဲ့ တိုးတက်မှုဟာတစ်ဖက်မှာကောင်းသလိုတဖက်မှာလည်းအကြောက်အလန့်မရှိအောင်တွန်းအားပေး
သလိုများဖြစ်နေပြီလား။ဒီလိုကောင်လေးမျိုးနဲ့ ဒေလီယာညဘက် ဖုန်းပြောတယ်ဆိုကတည်း ကဘာအကြောင်းတွေပြောကြမလဲဆိုတာသက်ဝေသိနေပါတယ်။
ဒေလီယာဟာ  အထိန်းအကွပ်မရှိလို့ ပိုဆိုးလာတာများလား။
ဘာလို့ များ မရှက်နိုင်မကြောက်နိုင်ဒီလိုကိစ္စတွေကို အရမ်းစိတ်ပါနေရတာလဲ…။
မေမေပြောပြဖူးသလိုတဏှာကြီးတတ်တဲ့ ဟတ္တနီမဆိုတာများလား..။စိတ်ထဲမွန်းကြပ်ပြီးဒီအကြောင်းတွေ
တစ်ယောက်ယောက်ကိုဖွင့် ပြောချင်လာတာမို့ ဒေလီယာလို့ မသိစေဘဲကောင်မလေးတစ်ယောက်အကြောင်းအနေနဲ
့မေ့မေ့ကို ပြောပြ လိုက်တော့ ထိတ်လန့် တကြား ဖြစ်သွားပါတယ်။
“လူဆိုတာ မကောင်းတဲ့အာရုံမှာပိုစိတ်ဝင်စားတတ်တာသဘာဝပဲသမီး၊ ဒါကြောင့်ကြည်လင်သန့်ရှင်းတဲ့စိတ်ရှိအောင်တရားအဆုံးအမနဲ့ ကိုယ့်ကိုယ်ကိုထိမ်းသိမ်းနေမှတော်ရုံကျတယ်။
လင်ယူသားမွေး..ဆိုတဲ့စကားပုံလိုအချိန်တန်အိမ်ထောင်ပြုပြီးကလေးမွေးကြတာမဆန်းပေမယ့်အပျိုစင်လေးဖြစ်ပြီး ကာမကိစ္စတွေဒီလောက်စိတ်ပါနေတာဒီကောင်မလေးအတွက်မကောင်းဘူး၊
မိန်းကလေးဆိုတာပန်းလိုပဲ…ဘယ်ပန်းဖြစ်ဖြစ်သူ့အလှနဲ့သူရှိပေမယ့် ကောင်းသတင်းရနံ့ လေးထုံသင်းနေမှ
လိပ်ပြာတွေကတန်ဖိုးထားပြီးလာနားကြမှာ။
ဒီလိုမဟုတ်ဘဲညစ်ညမ်းပြီးညှီနံ့ နံနေရင်တော့ ဘယ်လိပ်ပြာမှမလာဘဲ အသွေးအသားမက်တဲ့  ယင်ကောင်တွေပဲ အုံလာမှာ။ဒါကိုသိထားပြီးအမြဲသတိနဲ့နေနော်..စိတ်ကိုလွှတ်မပေးရဘူး”
သက်ဝေခေါင်းလေးကိုညင်ညင်သာသာပွတ်ရင်းဆုံးမနေတဲ့မေမေ့ ကိုကြည့်ပြီးရင်ထဲဝမ်းနည်းလာသလိုပင်။
ဒေလီယာ့ မှာသက်ဝေလိုမျိုးပြောပြမယ့်အမေ မရှိလို့ ဒီလိုဖြစ်သွားတာလား..၊
အတူနေအဒေါ်ကိုကသင်ပေးခဲ့တာလား ..
အွန်လိုင်းမှာမြင်ချင်ရာမြင်နေရတဲ့ ခေတ်ကြောင့်ပဲလားလို့ တွေးမိပါတယ်။
ဒီလိုလည်းမဟုတ်သေးပါဘူးလေ။
အဓိက က ပင်ကိုယ်စိတ်ပါပဲ…လို့ သက်ဝေထင်ပါတယ်။
ဒေလီယာ့စိတ်ကိုအသိတရားနဲ့မပြင်မချင်းဘယ်လိုမှတားလို့ ရမယ်မထင်ဘူး။
ဒေလီယာရယ်…နင့် စိတ်တွေဖြူစင်လာအောင် ငါဘယ်လိုပြောပြပေးရမလဲဟင်
xxxxxxxxxxxxxxxxxx
(၅)
“ထူးဆန်းတယ်နော်..ငါလေ..သူ့ မျက်ဝန်းထဲကအကြည့်လေးတစ်ချက်
ကိုမြင်လိုက်တာနဲ့ ရင်ထဲမှာတသိမ့်သိမ့်လေးနဲ့ ကြည်နူးသွားတာ၊ ခုထိသူကငါ့လက်လေးကိုပဲ
ကိုင်ဖူးသေးတယ် ၊ သိပ်ကိုတည်ကြည်တဲ့ ယောင်္ကျားတစ်ယောက်ပေါ့ ”
သိမ်မွေ့ တဲ့မျက်နှာထားနဲ့ပြောပြနေတဲ့ဒေလီယာ့ ကိုကြည့်ပြီးသက်ဝေလည်းကြည်နူးလိုက်တာ။
ခုတော့ဒေလီယာရဲ့ စိတ်တွေပြန်လည်ကြည်စင်နူးညံ့ လာပါပေါ့လား။
ချစ်ခြင်းမေတ္တာတရားကဒေလီယာ့ ကိုပြောင်းလဲပေးလိုက်တာပဲ။
အရင်ကမေးထူးခေါ်ပြောလောက်ပဲနေတဲ့ သက်ဝေကိုလည်း အရင်လိုခင်ခင်မင်နဲ့ ပြန်ခေါ်ပြီး
ဒေလီယာက သူ့ ချစ်သူအကြောင်းလာပြောပြပါတော့တယ်။
ဒေလီယာ့ ချစ်သူက ဆောက်လုပ်ရေးကုမ္မဏီပိုင်ရှင်တဲ့ ။
ဒေလီယာ့ မွေးနေ့ မှာရွှေတိဂုံဘုရားသွားတုန်းက စတွေ့ ကြတာတဲ့ ။
ဘုရားပေါ်မှာစတွေ့ကတည်းကဒေလီယာ့ ရဲ့  မြန်မာဆန်တဲ့အလှမှာကြွေဆင်းသွားပြီး ဒေလီယာ့ လိပ်စာစုံစမ်း၊
အလုပ်ဆင်းချိန်တိုင်းလမ်းထိပ်ကိုလာတွေ့ နဲ့ သံယောဇဉ်တွယ်ကြသတဲ့  ၊ဒေလီယာကလည်း သူ့ ကိုမြင်မြင်ချင်း ချစ်သတဲ့ ၊ဒေလီယာထက် ၅ နှစ်ကြီးတဲ့ သူမို့ အမြန်လက်ထပ်ဖို့ သူ့ မိဘတွေကိုပြောထားသတဲ့ ။
“ငါနဲ့ စကားမပြောဖြစ်တဲ့အချိန်တွင်းမှာနင်ကချစ်သူရသွားတာပါလား၊ဘာပဲဖြစ်ဖြစ်
ငါဝမ်းသာပါတယ်ဒေလီယာ၊သူ့ မိဘတွေနဲ့ ရောတွေ့ ပြီးပြီလား”
“အရင်အပတ်ကသွားတွေ့ ပြီးပြီ၊ငါ့ကိုသဘောကျပုံပါပဲ။ဒီနှစ်ထဲမှာမင်္ဂလာပွဲစီစဉ်ပေးမယ်တဲ့ ၊
သူလည်းသားတစ်ယောက်တည်းလေ၊ငါ့ ကိုရွှေတောင်ကြားက သူတို့ အိမ်မှာလိုက်နေပါတဲ့ ။
သူတို့ မိသားစုကတော်တော်လေးသိမ်မွေ့ အေးဆေးပုံရတယ်။ဘုရားတရားလည်းကိုင်းရှိုင်းတယ်
ငါလေ ခုမှ အရင်တုန်းကပေါက်ကရလုပ်ခဲ့တာတွေကိုနောင်တရမိတယ်။စေတနာနဲ့ တားခဲ့တဲ့ 
နင့်ကိုလည်းစိတ်ဆိုးခဲ့မိတာတောင်းပန်ပါတယ်သက်ဝေရယ်”
“ရပါတယ်ဟာ၊နင်ခုလိုအချိန်မီ ထိန်းနိုင်တာကောင်းပါတယ်။ နင်ကျူးလွန်ခဲ့တာမနောကံသက်သက်ပဲလေနော့ ၊ ကာယကံမှမပါတာ…ဟိဟိ ”
စိတ်မကောင်းဖြစ်နေတဲ့သူငယ်ချင်းကိုစိတ်သက်သာအောင်ရယ်စရာလုပ်ပြီးပြောပေးနေတဲ့သက်ဝေ စကားကြားခါမှ ဒေလီယာ့ မျက်နှာကွက်ခနဲပျက်သွားပြန်တယ်။
“ကာယကံထိမပါပေမယ့် ၀စီကံတော့ပါခဲ့တယ် ၊ ခုပြန်တွေးကြည့်မှ ရှက်လိုက်တာဟယ်
ဒါပေမယ့် ငါလေ … ငါ ခုထိအပျိုစင်ပါ သက်ဝေရယ် ”
အင်း…သက်ဝေကြားဖူးတာတော့အပျိုစင်ဆိုတာ စိတ်ထဲမှာတောင်ညစ်ညမ်းတဲ့အတွေးတွေမရှိဘဲ
ပကတိဖြူစင်သန့် ရှင်းနေတဲ့မိန်းကလေးကိုခေါ်တာတဲ့ ။ဒါဆိုဒေလီယာကိုအပျိုစင်လို့ခေါ်ထိုက်သေးရဲ့  လား။
ဘာပဲဖြစ်ဖြစ် ဒေလီယာ့ ဘ၀အတွက်တော့အဆင်ပြေလုံခြုံသွားပါပြီ။
မိဘမရှိဘဲတစ်ယောက်တည်းနေနေရတဲ့ ဒေလီယာ့ အတွက်ချစ်တဲ့သူရဲ့ နွေးထွေးတဲ့မိသားစုအသိုင်း
အ၀ိုင်းမှာနေရတော့မှာပျော်စရာပါ။ သူငယ်ချင်းအတွက်သက်ေ၀၀မ်းသာလိုက်တာ။
Xxxxxxxxxxxxxxx
(၆)
“ငါ..အဲ့ဒီကောင်ကိုသွားသတ်မယ် ၊ ယုတ်မာလိုက်တဲ့ကောင်
ငါ့ ကိုတမင်သက်သက်အရှက်ခွဲတာ”
“ဒေလီယာစိတ်ကိုထိန်းလေ ၊ ဟဲ့ ဘယ်သွားမလို့ လဲ ၊ မသွားနဲ့ ၊မသွားရဘူး”
တိုက်ခန်းတံခါးကိုအတင်းဖွင့်နေတဲ့ဒေလီယာကိုသက်ဝေ နဲ့  အိမ်အကူအဒေါ်ကြီးတို့ 
ဝိုင်းချုပ်ကာ ကုတင်ပေါ်ပြန်တင်ပေးလိုက်တော့ ဒေလီယာက ချုံးပွဲချငိုနေတယ်။
ငိုပါစေ ..အဲ့ ဒီလိုများများငိုပစ်လိုက်မှ နင့်စိတ်တွေပုံမှန်ပြန်ဖြစ်လာမှာသူငယ်ချင်းရယ်..။
အဖြစ်အပျက်တွေချက်ချင်းပြောင်းလဲသွားတာကာယကံရှင်ဒေလီယာမပြောနဲ့  ၊ သက်ဝေတောင်
သွေးပျက်ချင်စရာ..။
ဒေလီယာ နဲ့ သူ့ ချစ်သူတို့  မင်္ဂလာပွဲအတွက်စီစဉ်နေကြချိန်မှာ ဒေလီယာ့ချစ်သူရဲ့ ဖေ့စ်ဘုတ်ပေါ်ဗီဒီယိုဖိုင်တစ်ဖိုင်တက်လာပါတယ်။
အဲ့ ဒီဖိုင်ကိုကြည့်ပြီးတာနဲ့ ဒေလီယာ့ချစ်သူဟာ ရှက်လွန်းလို့ နိုင်ငံခြားကိုချက်ချင်း ထွက်သွားပါသတဲ့ ။ဒေလီယာ့ကိုဒီတစ်သက်မတွေ့ ချင်တော့ပါတဲ့ ။
သူ့ မိဘတွေကလည်းလာရှင်းပြတဲ့ ဒေလီယာ့ကိုပက်ပက်စက်စက်ပြောပြီးနှင်လွှတ်လိုက်ပါတယ်။
ဒေလီယာ့ ရဲ့ ဘ၀အိပ်မက်ပျက်ပြယ်သွားအောင်လုပ်လိုက်သူကဒေလီယာနဲ့အရင်တုန်းကပြောဆိုခဲ့တဲ့ သူဌေးသားပါပဲ။ တကယ်တော့ အဲ့ဒီသူဌေးသား နဲ့ ဒေလီယာအပြင်မှာ တစ်ခါမှမချိန်းဖူး ၊ မဆုံဖူးပါဘူး။ဒါပေမယ့်  ညဘက် VZO နဲ့ သွေးသားကိစ္စတွေပြောကြရင်း စိတ်တွေဖောက်ပြန်လာတဲ့အချိန်ဟိုဘက်ဒီဘက်အ၀တ်အစားတွေချွတ်ပြ၊ ပါးစပ်ကပြော ထားကြတဲ့ ဗီဒီယိုပါ။ဒေလီယာမသိအောင်VZO ချက်နေရင်း ဖုန်းနဲ့ ခိုးရိုက်ထားပုံပါပဲ။ နင်ယောင်္ကျားတွေကိုလျှော့ တွက်လိုက်တာကိုးဒေလီယာရယ်…။
ဗီဒီယိုဖိုင်ကြည့်ရပြီးပြောနေကြတဲ့စကားတွေနားထောင်ရမှ ဒေလီယာဟာမကောင်းတဲ့ ၀စီကံကိုပါ ကျူးလွန်ခဲ့မှန်းသက်ဝေနားလည်သွားပြီ။
ပြောရဲလိုက်ကြတာ ၊ အိမ်ထောင်သည်တွေတောင်နားမထောင်ရဲလောက်စရာ ညစ်ပတ်စက်ဆုပ်ဖွယ်
စကားတွေဒေလီယာပြောရဲသတဲ့ ။မမြင်ဝံ့ စရာအခြေအနေကိုပြရဲသတဲ့ ။ဟီရိသြတ္တပတရားဆိုတာ ရော
နင်နားလည်သေးရဲ့ လားဒေလီယာ…။
ခုတော့လူပုံအလယ်မျက်နှာမပြရဲတဲ့ အဖြစ်။နင်ကသာအပျိုရည်မပျက်သေးဘူးပြောနေပေမယ့် နင့် ချစ်သူနေရာမှာငါသာဆိုလည်းနင့်ကိုမယူတော့ဘူးဒေလီယာ။ယောင်္ကျားတွေဟာကိုယ်သာမဟုတ်တာ
လုပ်ချင်လုပ်မယ်။သူတို့ ယူတဲ့မိန်းမကို ခြောက်ပစ်ကင်းသဲလဲစင်၊ ဖြူစင်သန့် ရှင်းနေစေချင်တာလေ။
မချင့်မရဲနဲ့စိတ်ထဲကရေရွတ်ရုံသာတတ် နိုင်ပြီးသက်ဝေဘာမှလုပ်မပေးတတ်တော့ဘူး။
မိန်းကလေးဝန်ထမ်းတွေများတဲ့ဒီဆေးခန်းကြီးမှာအကျင့်စာရိတ္တနဲ့ပတ်သက်ပြီး သေသေချာချာ စည်းကမ်းတင်းကျပ်ထားတာပါ။ခုတော့အလုပ်ထဲမှာလည်းဗီဒီယိုခွေတွေပြန့်သွားပြီမို့ 
 ဒေလီယာတစ်ယောက် အရှက်တကွဲဖြစ်ကာ အလုပ်ထုတ်ခံရလိုက်ပါပြီ။
ချစ်သူကလည်းလုံးဝနားလည်မပေးဘဲထားပစ်ခဲ့ပြီမို့ ဒေလီယာတစ်ယောက်ဆောက်တည်ရာ
မရနဲ့ စိတ်တွေပုံမှန်မဟုတ်လို့ သက်ဝေမနည်းလိုက်ထိန်းနေရပါတယ်။
မေမေကတော့အစကတည်းက အမှန်တိုင်းမပြောဘဲဖုံးထားတဲ့ သက်ဝေကို တဖျစ်ဖျစ်တောက်တောက်
ဆူပူနေပါတော့တယ်။
တဖြည်းဖြည်းဒေလီယာသက်သာသွားပြီး ပုံမှန်ပြန်ဖြစ်လာလို့ ဝမ်းသာနေဆဲမှာပဲ
သက်ဝေကိုမပြောမဆိုနဲ့ ဒေလီယာပျောက်သွားပါတယ်။
တိုက်ခန်းကိုအပြတ်ရောင်းသွားတဲ့ဒေလီယာကနိုင်ငံခြားပဲထွက်သွားလား..
ဘယ်များပြောင်းနေသလဲ…
စိုးရိမ်စိတ်တွေနဲ့ သိသမျှနေရာတွေလိုက်ရှာကြည့်ခဲ့ပေမယ့် ဘယ်လိုမှရှာမတွေ့ တော့ဘဲဒေလီယာကစုံးစုံးမြုပ်ပျောက်ဆုံးသွားပါပြီ။
(၇)
“ ဒေလီယာ ၊ ဒေလီယာမှတ်လား ”
ဝမ်းသာလွန်းလို့ သက်ဝေအသံတွေတုန်ယင်လှုပ်ခတ်နေပေမယ့် အမေးခံရသူကတော့
မျက်ဝန်းစိမ်းများဖြင့်ကြည့်နေပါတယ်။
မတွေ့ ရတဲ့ သုံးနှစ်အတွင်းဒေလီယာပိန်သွားတယ်။အရင်လိုဆံပင်ရှည်ကြီးနဲ့မဟုတ်ဘဲ
ရွှေရောင်လှိုင်းတွန့် ဆံပင်ဝဲ၀ဲလေးနဲ့  ကိုယ်ကျပ်ဝါ၀န်လေးနဲ့ဆိုတော့ အရင်ကထက်တောင်
နုပျိုလှပနေတယ်..။ဒါပေမယ့် မျက်ဝန်းများကအေးစက်စိမ်းကားလို့ ..။
“ လူမှားနေတယ်နဲ့တူတယ်”
“ဟယ်…မှားစရာလားဒေလီယာရယ်..နင်မနောက်နဲ့နော်”
“မနောက်ဘူး ၊မှားနေပြီ ”
“ဟင်…တကယ်ဒေလီယာမဟုတ်ဘူးလား”
“ဆောရီး..အချိန်မရလို့ သွားတော့မယ်”
ပြောပြောဆိုဆိုချာခနဲလှည့်ထွက်သွားသူကိုကြောင်ကြည့်နေမိပြီးမှ သက်ဝေနောက်ကလိုက်ပါတော့တယ်။
ဆူပါမားကက်ကြီးထဲကမပြေးရုံတမယ်ထွက်သွားတဲ့ မိန်းကလေးနောက်လိုက်ရင်း
မီလုမီခင်ဖြစ်လာကာမှ တက္ကစီတစီးပေါ်တက်သွားတယ်။
မရဘူး..ဒေလီယာကိုတွေ့ မှဖြစ်မယ်။
ကားပါကင်မှာရပ်ထားတဲ့ ကားပေါ်တက်၊အမြန်မောင်းထွက်ခဲ့တဲ့အခါ မီးပွိုင့် မိနေတဲ့ တက္ကစီကိုမီသွားပါတယ်။
သက်ဝေကိုမြင်တာနဲ့ ထွက်ပြေးသွားသူဟာဒေလီယာမှဒေလီယာအစစ်ပါ။
ဆံပင်ပုံနဲ့ အ၀တ်အစားပြောင်းသွားပေမယ့်  ဘယ်လိုမှဖုံးထားလို့ မရတာကမျက်လုံးတွေပါ။
သက်ဝေသိတယ်…ဒီမျက်လုံးတွေရဲ့ အဓိပ္ပါယ်ကိုသိလို့ စိတ်လည်းပူမိတယ်။
ဟိုးအရင်အလုပ်ထဲမှာတုန်းကမဟုတ်တာမလုပ်ဖို့ တားတဲ့အချိန်မှာသက်ဝေကိုကြည့်တတ်တဲ့မျက်လုံးတွေနဲ့ 
ခုနတွေ့လိုက်တဲ့မျက်လုံးတွေကတစ်ထပ်တည်းပဲ။
ည၇ နာရီတောင်ရှိနေပါပြီ။ဒါပေမယ့် သက်ဝေအိမ်ပြန်လို့ မဖြစ်သေးဘူး။ဒေလီယာနဲ့တွေ့ ချင်သေးတယ်။
 နင်ဘာတွလုပ်နေတာလဲဒေလီယာ
ငါလက်ထပ်လိုက်တာရောသိရဲ့ လား
နင်တွေ့ လိုတွေ့ ငြားနဲ့  သတင်းစာတိုင်းမှာ ငါ့မင်္ဂလာပွဲအကြောင်းထည့်ခဲ့တယ်
မင်္ဂလာဆောင်မှာ နင့်ကိုသတိရပြီးငါမျက်ရည်ကျမိတာနင်သိရဲ့ လား
ငါချစ်ရတဲ့ ခင်ပွန်းက ငါ့ကိုတန်ဖိုးထားဂရုစိုက်တိုင်း နင့်အဖြစ်ကိုတွေးမိပြီးရင်ထဲမှာကျင်နေအောင်
သနားနေမိတာနင်သိရဲ့ လား
ရှေ့ ကတက္ကစီကိုမျက်ခြေမပြတ်လိုက်လာရင်းရပ်သွားတာမြင်မှ မလှမ်းမကမ်းမှာ ကားရပ်ပြီးမှောင်ရိပ်ခို
ရပ်လိုက်ပါတယ်။တက္ကစီပေါ်ကဆင်းလာတဲ့မိန်းကလေးဟာလမ်းကြားလေးထဲခပ်သုတ်သုတ်လှမ်းဝင်သွားလို့ 
သက်ဝေကားပေါ်ကဆင်းရင်းမသိမသာလိုက်ကြည့်မိပါတယ်။
ဟော…တိုက်ခန်းတခန်းပေါ်တက်သွားပါလား…။လိုက်ကြည့်ရမလား..။
ဆက်မလိုက်ရဲဘဲသက်ဝေရပ်နေမိပါတယ်။ဘယ်လိုလုပ်ရမလဲ…။
အာခေါင်တွေခြောက်ကာရင်တွေပူလာတာမို့ မြေညီထပ်ကစတိုးဆိုင်လေးထဲဝင်ပြီး
ရေသန့် ဘူးဝင်ဝယ်ပါတယ်။
“ ခုနကတက်သွားတဲ့မိန်းမလား..မင်းပြောတာ”
“ဟုတ်တယ်လေ”
ဆေးလိပ်ဘူးဝယ်ရင်း တီးတိုးပြောနေသူနှစ်ယောက်စကားကိုကြားလို့ 
သက်ဝေဆိုင်ထဲကပြန်မထွက်သေးဘဲ မုန့် ဝယ်မလိုလိုနဲ့ နားထောင်နေမိတယ်
“နေတာကတော့တစ်ယောက်တည်းကွ…လူသိတော့မခံဘူးဒါပေမယ့် အွန်လိုင်းမှာအဆင်ပြေရင် အပြင်ခေါ်လို့ ရတယ် လို့ ကြားတယ်၊သူစိတ်ပါတဲ့သူနဲ့ ပဲတွဲတာတဲ့  ၊ပိုက်ဆံကြောင့်မဟုတ်ဘူး..၀ါသနာလေ၊ ၀ါသနာ ..ဟဲဟဲ”
“ဟား..မိုက်လှချည်လား ၊ ဒါဆို သူ့ အကောင့်ငါ့ကိုပေးကွာ…တွေ့ ချင်စမ်းပါဘိ”
ဘုရား..ဘုရား
ကားပေါ်မနဲပြန်တက်ရင်းသက်ဝေရင်ထဲထိခိုက်နာကျင်ကာလူတကိုယ်လုံးတုန်ယင်နေပါပြီ။
ဒေလီယာ ….သေချာတယ်..နင်ဟာဒေလီယာပဲ
ခွေးမြီးကောက်ကို ကျည်တောက်စွပ်..သလိုပါပဲလား
ဖြောင့်သွားပြီလို့ ငါထင်နေတဲ့ နင့် စိတ်ဓါတ်တွေဟာခုတော့ကျည်တောက်ကွာသွားပြီးကောက်မြဲ ကောက်လျှက်
ပါပဲလားဒေလီယာ..။
ဒီလိုတွေဖြစ်နေလည်းငါနဲ့တစ်သက်လုံးပြန်မဆုံရအောင်ပုန်းမယ့်ပုန်း လုံအောင်ပုန်းပါလား။
ခုတော့ ငါ့ကိုရင်နာရအောင်နင်လုပ်ရက်တယ်၊မတွေ့ ရတဲ့ နှစ်တွေမှာ နင့်ကိုပူပင်သတိရနေတဲ့
ငါ့စိတ်တွေကိုနင်းခြေရက်တယ်။
သွားပြီ…ခုတော့..လုံးဝကိုနင်ရေစုန်မျောနေတာပါလားဒေလီယာရယ်
ငါလေ…ငါစိတ်လျှော့ လိုက်ပါပြီ။
အခုလောလောဆယ်ငိုကြွေးစီးကျနေတဲ့ငါ့ မျက်ရည်တွေတိတ်တာနဲ့ နင့်ကိုငါ့ ဘ၀ထဲက
ထုတ်လိုက်ပြီဒေလီယာ။
နေခဲ့ပါတော့…
နင်ပျော်ရာအညှီတောမှာသာနေခဲ့ပါတော့….။
xxxxxxxxxxxxxxxxxxx
ဟော..ဟိုးအဝေးမှာ ယင်မည်းတစ်အုပ်တ၀ီဝီနဲ့ ပါလား..။
သာမန်ဆိုရင်တော့ သူတို့ ပန်းလေးတွေကို လှည့်မကြည့်ဘဲဖြတ်ကျော်ပျံသန်းနေကျပါ။
သူတို့ ရဲ့ အစာက အညှီအရိအရွဲတွေလေ..။
ဒါပေမယ့် ဒီနားအရောက် ယဉ်ပါးလှတဲ့ နှာခေါင်းတွေကအညီနံ့ ရလာလို့ အနံ့ ခံကြည့်တော့
လားလား….တွေ့ ပါပကောလား..။
အညှီနံ့ တထောင်းထောင်းထွက်နေတဲ့  ပန်းလေးဆီ ယင်မည်းတွေချီတက်လာပြီ။
အလို… ပန်းလေးမှာ ယင်တွေဝိုင်းနေတာ ထူးဆန်းလှတဲ့မြင်ကွင်းပဲ..။
သြော်…နောက်ဆုံးတော့ သိလိုက်ရပါပြီ
ဒီပန်းဟာလိပ်ပြာမကြိုက်တဲ့ ပန်း
ရနံ့ မမွှေးပျံ့ တဲ့ပန်း
ယင်ကောင်နားတဲ့ ပန်း
ညီစို့ စို့ နံနေတဲ့ ပန်းပါလား….။
ကြာဖြူနွယ်
No comments:
Post a Comment