Monday, August 19, 2013
"တစ်ကယ်လို့ သာ .... "
ညနေခင်းသည်  သာသာယာယာရှိနေပါ၏။
 ပန်းချီဆရာ ၏ ဆေးအဖြူရောင်ပါးပါးလေး ပေကျံနေသော စုတ်တံနှင့် ခပ်ကြမ်းကြမ်း ဆွဲခြစ်ထား သလို  အစင်း အစင်းသော တိမ်မျှင်ကျဲလေးများ ပက်ဖျန်းထား သည့်  ကြည်လင်သည့် မိုးပြာရောင် ကောင်းကင်ကြီး အောက်မှာ လေပြည်ညှင်း က တသုန်သုန် တိုက်ခတ်နေပါသည်။
 ပင်လယ်ကမ်းခြေတစ်လျှောက် မှာ  ရေကူးသူတွေ ၊ ဘောကွင်းစီးသူတွေ ၊ ခရုကောက်သူတွေ ၊ လမ်းလျှောက်ရင်းစကားပြောနေကြသူတွေသူ့ အုပ်စုလေးတွေနှင့် သူ ပျော်ရွှင်နေလိုက်ကြတာ...။ သူတို့  ဒီကမ်းခြေ ကိုလာတဲ့  ရည်ရွယ်ချက်ကိုက ဒီလိုပျော်ဖို့ ပဲနေမှာပါ....
 ဒါမျိုးတွေတစ်ခုမှမလုပ်ဘဲတစ်နေကုန် ဘန်ဂလိုထဲမှာပဲ စာဖတ်ရင်းအချိန်ကုန်ကာ ညနေစောင်းနေ၀င် မယ့်အချိန် လေးပဲ ပင်လယ်ဘက်ထွက်ကြည့်တဲ့ ကျွန်မကရော ဒီကမ်းခြေ ကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့မိ ပါလိမ့်…..    သူများတွေမေးရင်နားထောင်လို့ ကောင်းအောင်ပင်လယ်ပြင် မှာ Senset လို့ ခေါ်တဲ့  နေ၀င် ချိန် ကို လာကြည့်တာ လို့ ပြောရမှာဖြစ်ပေ မယ့် ဒါဟာလည်း အဖြေမှန် မဟုတ်ပါ။
 ကျွန်မငေးကြည့်နေဆဲမှာပဲ နေမင်းကြီး မေးဖျားတင် ၀င်နေပြီဖြစ်တဲ့  ပင်လယ်ရေတစ်ပြင်လုံး ပုဇွန် ဆီရောင်သန်းလာတော့ငယ်ငယ်က အမေ ကျွေးခဲ့ဖူးသည့် ပုဇွန်ဆီနယ်ထား တဲ့  ထမင်းအရောင်နှင့်  တူမတူ စဉ်းစားမြင်ယောင်ကြည့်မိသည်။အဲဒီတုန်းကတော့ ကျွန်မရယ် ၊ မောင်လေးနဲ့  ညီမလေးရယ် ၊သုံးယောက်သား စားအတူ ၊ဆော့  အတူပါ။ အမေနယ်ပြီး ဇွန်းတပ်ပေးထားသည့် ပုဇွန်ဆီအနှစ်တွေနဲ့  ထမင်းဆိမ့်ဆိမ့် လေး ကို မောင်နှမသုံးယောက် အလုအယက်စားခဲ့ ရတာ ဘယ်လို အရသာရှိမှန်းမသိပါ..။
 ဇွန်း၂၀ စာလောက်ခပ်စားလို့ ရတဲ့ ပုဇွန်ဆီထမင်း တစ်ဇလုံ မှာမောင်လေးပါးစပ်ထဲ၁၀ဇွန်း   ၊ ကျွန်မပါးစပ် ထဲ ၇ ဇွန်းဝင်ကာ ညီမလေးက သုံးဇွန်းလောက်ပဲစားရလို့  အမေ့ ကိုသွားတိုင်တဲ့  အခါ ၁၀ဇွန်း စားတဲ့ မောင်လေးကို ဘာမှမပြောဘဲ ၇ ဇွန်းစားတဲ့ ကျွန်မကို အမေဆူလို့  စိတ်ကောက်ပြီး ထမင်းလုံးဝမစားတော့ဘဲနေဖူးပါသည်။
 ဒီတော့  အမေ က  ပြန်ချော့ရင်း...
 အမေ့ ဗိုက်ထဲပြန်ဝင်ပြီး မောင်လေးနှင့် ညီမလေးပြီး မှ ကျွန်မကိုမွေးလို့ ရမယ် ဆိုရင်ပြန် မွေးခိုင်း ချင် လိုက်တာ...ဒါဆို ကျွန်မကို နှိပ်စက်နေသည့်အကြီးဆုံးဆိုတဲ့  စကားလုံးကြီးနဲ့ ဝေးပြီပေါ့ ..။ 
လိုချင်တာမရရင် မောင်လေး ငိုသလိုအော်ငို လို့ ရမယ် ၊အဖေနဲ့ အမေကြားထဲညီမလေးတိုးဝင်ချွဲ သလို ကျွန်မ ချွဲလို့ ရသွားမှာ.. လို့ တွေးမိပေမယ့် ပြုပြင်လို့ မရတော့တဲ့ ဒီဘ၀မှာ ကျွန်မ ဟာ မိသားစုရဲ့ အကြီးဆုံး ဆိုသည့်နာမည်ကြီးကို အသက်ဇိဝိန်ချုပ်ငြိမ်းချိန်ထိ ပိုင်ဆိုင်သွားပါပြီ... ။
 ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ အကြီးဆုံး မဖြစ်ချင်ပါ...။
 ဘာလို့ များကျွန်မဟာ ဒီအကြီးဆုံးဆိုတဲ့ အခြေအနေ ကို မနှစ်မြို့ ခဲ့ရတာလဲလို့ အဖြေရှာကြည့် တဲ့ အခါ အဓိက ကတော့   ကိုယ့်တစ်ယောက်တည်းကိုပဲ ဦးစားပေးစေချင် တဲ့  ကျွန်မ အတ္တ ...... နောက်ပြီးမြေးဦးလေးဆိုပြီး ကျွန်မ ကို ဖူးဖူးမှုတ်အလိုလိုက်ခဲ့တဲ့  ဖိုးဖိုးနဲ့  ဖွားဖွားတို့ ကြောင့်လည်း ပါပါလိမ့်မည်။
 ဖိုးဖိုးတို့ အိမ်ရောက်တော့လည်း ကျွန်မ က မြေးဦးလေးမို့  အလိုလိုက်ခံ ၊ အခွင့် ထူးခံလေးပါ …. ။ ကျွန်မကို လမ်းမလျှောက်ခိုင်းဘဲ ဂုတ်ပိုးပေါ်ထမ်းပြီကျောင်းလိုက်ပို့ တတ်တဲ့ ဖိုးဖိုး နဲ့ မြေးလေး အားမငယ်အောင်ဆိုပြီး မုန့် ဖိုးတွေ အများကြီးပေးတတ်တဲ့ဖွားဖွားကြောင့်  သူငယ်ချင်းတွေကြား မှာလည်းမော်ကြွားနိုင်တော့ကျွန်မ ကျောင်းတက်ရ တာပျော်ရွှင်နေပြီးအဖေတို့ အမေတို့ ကိုတောင် သိပ်သတိမရခဲ့ပါ... ။
 ကျွန်မ ပထမတန်းရောက်တဲ့အချိန် အဖေ နဲ့ အမေ လာတော့ မောင်လေး လည်းပါလာပါပြီ။ အမေ့ ရင်ခွင်ထဲနို့ စို့ နေတဲ့ ဒီနီတာရဲလေးကကျွန်မမောင်လေးတဲ့လား …ပထမတော့ မောင်လေး တစ်ယောက်ရလို့ ပျော်သလိုလိုဖြစ်မိပေမယ့် အမေတို့ မပြန်ခင် တစ်ပတ်အတွင်း မှာပဲ မောင်လေးကြောင့် ကျွန်မစိတ်ညစ်ရပြီ ..။
 အရင်ဆို ဖိုးဖိုးတို့ အိမ်ပေါ်မှာ ခုန်ချင်ခုန် ၊ က ချင် က ဘာမှမဖြစ် ။ သူငယ်ချင်းတွေခေါ် တင်ပြီး အော်ကြီးဟစ် ကျယ်နဲ့ စစ်တိုက်တမ်း ကစားဦးမလား.. ရသည်။ ဖိုးဖိုးတို့ ကမြေးလေး စိတ်ချမ်းသာ ရင်ပြီးရောဘာမှမပြောပါ။ခုတော့ကြမ်းပြင်ပေါ်ခုန်မိရင်လည်း အိပ်ပျော်နေ တဲ့မောင်လေး နိုးမှာ စိုးလို့ တဟဲ့ ဟဲ့ နဲ့ အမေ ကအော်နေပြီ ။ ကလေးက ငယ်သေးလို့ ရောဂါ ပိုးတွေ ကူးမှာ ကြောက်လို့ ဆိုပြီး ချွေးတွေ ဖုန်တွေနှင့် လူးပြီးပေရေနေအောင်  ဆော့ ကစား ထားသည့် ကျွန်မသူငယ်ချင်းတွေ ကိုလည်း အဖေ ကအိမ်ပေါ်တက်မခံပါ။ သူငယ်ချင်းတွေက လည်း အဆူခံရမှာကြောက်ပြီး လာမဆော့ ကြတော့ပေ။ဒီတော့ ကျွန်မတယောက်တည်း ကျန်ခဲ့ပြီး ၀မ်းနည်းနေ ရတဲ့ အထဲမှာ အဖေ နဲ့ အမေ့  နားလည်းကပ်လို့မရပြန်ပါ ....။
  မောင်လေးကိုယ်ပူလို့  ၊ မောင်လေးချွဲကျပ်လို့  ၊ အေးတဲ့ နေရာကနေ ပူတဲ့နေရာရောက်တော့ ကလေး အသားနုနုလေးမခံနိုင်လို့  ….. စတဲ့ အမျိုးမျိုးသောမောင်လေးရဲ့ ရောဂါများကိုသာ အမေတို့ ဂရုစိုက် လုပ် ပေးနေတာလည်းကြ တာလည်းကြည့်မရပါ။ ဒါကြောင့်ဖိုးဖိုးကို တိုင်ပြော မိသည်။
 "ဖိုးဖိုး ၊ အမေတို့ ကသမီးကို မချစ်တော့ဘူးနော် ၊ မောင်လေးကိုပဲ ဂရုစိုက်နေတယ် "
 "အဲ့ လိုမဟုတ်ပါဘူးမြေးလေးရယ် ၊ မောင်လေးကချူချာလို့  သေချာကြည့်နေရတာလေ ၊ ကလေးက တချိန်လုံး နေမကောင်းဖြစ်နေတာ …ကိုယ့်မောင်လေး ကိုမသနားဘူးလား  "
 ဖိုးဖိုးချော့ပြောပေမယ့် မောင်လေးကို ကျွန်မ မသနားပါ...။ ဒါကြောင့် အမေတို့ အဖေတို့ ပြန်သွားတဲ့ နေ့ က မနက်အစော ကြီး နိုးနေပေမယ့် နုတ်မဆက်ချင်လို့  အိပ်ချင်ယောင်ဆောင်နေခဲ့ပါသည်။
 "ဒီကောင်မလေးဟာ ကိုယ့်အဖေ အမေ နဲ့ မောင်လေး ပြန်မှာ သိတာတောင် မထဘူး  "
 အမေ ပြောပေမယ့် အဖွားက...
 " သူ့ ခမျာ ကျောင်းပိတ်ရက်လေးနေမြင့်အောင်အိပ်ရတာအိပ်ပါစေ ၊ ညည်းတို့ ကိုကပိတ်ရက် မှပြန်တာကိုး ၊ သွားကြတော့ …ငါ့ မြေးလေး ကို နိုးမနေပါနဲ့ တော့ …."
 အဖွားတို့ အမေတို့ ပြောတာကို အိပ်ယာထဲမှ အကုန်ကြားပေမယ့်မထဘဲ ပြန်အိပ်နေ တဲ့  အထိ ခြောက်နှစ် သမီး အရွယ်ကျွန်မ က အတ္တကြီးပြီး အသည်းမာခဲ့ ပါ သည်။မောင်လေး မရှိမှ ကျွန်မ အရင်လိုပြန်ဆော့ ကစားရ လို့ ပျော်သွားသည်။
 ဒီလိုနဲ့ နွေရာသီကျောင်းပိတ်ရက်မှာ အမေတို့ ထပ်လာတော့ လည်း ကျွန်မ နဲ့  ပိုစိမ်းသွားပါသည် ။ မောင်လေး အပေါ်ကျွန်မ ကြင်ကြင်နာနာမရှိတာရိပ်မိတဲ့ အမေ က မောင်လေး ကိုချီခိုင်း ၊ ထိန်းခိုင်းပြန်တော့ သူငယ်ချင်းတွေ ဆီမသွား ရလို့  ကျွန်မ ငြူစူမိသည်။သူငယ်ချင်းတွေ ကို အဲ့ ဒီအကြောင်းပြောပြတော့ ….
 "နင့် မောင်လေးကို မချစ်ဘူးလားဟယ် …ငါဆိုငါ့မောင်လေး ကိုသိပ်ချစ်တာ… ငါ့ မောင်လေး ငိုနေရင်ငါပါရောငိုတာ "
 "ငါ့ မြေး ကိုဘယ်သူဆူတာလဲဟေ့  …တွေ့ ဦးမယ်၊ ဘာလဲ ..ဒီလောက်စာတော်ပြီးလိမ္မာတဲ့ ကလေး ကိုများ သူတို့  က ဆူရသေးတယ်…တိတ်..တိတ်…အဖွားကတော့ အငယ်တွေထက်ငါ့ မြေးကို အချစ်ဆုံး.. ဟုတ်ပြီလား "
 ဒီလိုမျိုး  ချစ်တတ်လွန်းတဲ့ အဖွားကြောင့်လည်း ကျွန်မ ဟာ အချစ်ခံဘ၀မှာသာနေတတ်ပြီးအငယ်တွေ မချစ်တတ်ပါ။
 တတိယတန်းရောက်လာတဲ့ အချိန် အမေတို့ လာတဲ့အခါမှာတော့ မိသားစု နားမကပ်ဘဲ ကျွန်မ ခပ်စိမ်းစိမ်းနေတော့  အမေငိုကာ အဖိုးနဲ့ တကြိတ်ကြိတ်ပြောနေကြ တာမြင်ရသည်။နောက်ဆုံး ရလာဒ် ကတော့ အမေတို့ လည်းမြို့ ပေါ်ပြောင်းလာပြီမို့  ကျွန်မကို အဖေ တာဝန်ကျရာ မြို့ ငယ်လေး ကကျောင်းမှာပဲ တက်ခိုင်းတော့မယ်ဆိုပြီအမေက အပြီးပြန်ခေါ်ပါသည်။
 အမေနဲ့ပြန်လိုက်သွားရမယ့်နေ့ မှာ အဖိုးနဲ့ အဖွားကိုဖက်ပြီး ကျွန်မ ငိုလိုက်ရတာ…။ အဖွားကလည်း  မျက်ရည်လေး တစမ်းစမ်း နဲ့  အမေ့ ကိုတားပါသေးသည်။
 "ကလေး က ဒီကျောင်းမှာနေသားကျပြီးပျော်နေတာ ကို ဘာလို့ ခေါ်သွားမှာလဲ ၊ ခုဆိုငါ့မြေး ကအတန်းတိုင်းဆုရလို့  နှစ်တိုင်း ဆုနှင်းသဘင်ပွဲအဖိတ်ခံရတာအေ့ ... "
  " သမီးဆီရောက်ရင်လည်း သမီးသေချာလုပ်ပေးမှာပါအမေ…ပြန်မခေါ်လို့ တော့မရဘူး ၊ ကလေးက အခု တယောက်တည်းနေနေ ရတာကြာတော့တစ်ကိုယ်ကောင်းဆန်နေတယ်... ကိုယ့်မောင်လေးတွေ ညီမလေးတွေကိုတောင်မခင်တွယ်တတ်တော့ဘူး ၊ ဒီလိုဆက်နေသွားရင် သူ့ တစ်ယောက်တည်း မွေးထား သလို ဖြစ်နေပြီး ညီအကိုမောင်နှမစိတ် မရှိတော့မှာ သမီးကြောက်တယ်"
 အမေဟာ အိမ်ပြန်ရောက်လာတဲ့ ရှစ်နှစ်သမီးကျွန်မ ကို အကြီးဆုံးပီသအောင် ပုံစံသွင်း ပါတော့သည်။
 "သမီးကအကြီးဆုံးနော်..ကိုယ့်မောင်လေး နဲ့ ညီမလေးကို အမြဲညှာရမယ်...ဘာဖြစ်ဖြစ် အလျှော့ပေးရမယ်"
 ဂါထာရွတ်သလို တတွတ်တွတ်ပြောနေတဲ့  အမေ့ စကားကြောင့်  ကျွန်မ ဟာ အကြီးဆုံးဆိုတဲ့ ဘ၀ကို လက်မခံချင်ပေမယ့် လက်ခံလိုက်ရပါပြီ။မငဲ့ညှာ ချင်ပေမယ့်အမေ့ ကိုကြောက်လို့ မောင်လေး နဲ့  ညီမ လေးကို ငဲ့ ညှာခဲ့ရပေမယ့်   ကျွန်မရဲ့  အတ္တတွေ ကတော့ကျန်နေဆဲပါ..။
 ဒီလိုနဲ့  အလယ်တန်း ၊ အထက်တန်းများကို ကျွန်မ ထူးချွန်စွာနဲ့ ကျော်ဖြတ် လာခဲ့ပါ ၏ ။ မောင်နှမ ချင်းတူပေမယ့် ကျွန်မတို့ မောင်နှမ သုံး ယောက်ရဲ့ ပညာရေးက မတူညီခဲ့ပါ။   ကျွန်မက ဥာဏ်ကောင်းပြီး စာတော် သည်။ မောင်လေးက လည်းဥာဏ်ကောင်းပေမယ့် စာမကြိုးစား ဘဲ အပေါင်းအသင်းတွေနဲ့  အိမ်မကပ်ပါ...  အငယ်ဆုံးညီမလေးကတော့ လှပချောမော သလောက် ကျက်မှတ်ရတဲ့ ဥာဏ်ရည် ဥာဏ်သွေး နိမ့်ကာ အလှအပဦးစားပေး တတ်ပါသည်။
 ကျွန်မ ကဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့အောင်ခဲ့ပါ၏။အဲ့ ဒီနောက်မှာ သူငယ်ချင်းတွေ နဲ့ မေဂျာတူယူပြီး ကျမနေတဲ့  မြို့ လေးနဲ့ သိပ်မဝေးလှတဲ့ တိုင်းမြို့ နယ်ကြီးမှာရှိတဲ့  တက္ကသိုလ်ကို ဆက်တက်ခဲ့ပါသည်။
 တက္ကသိုလ်ကျောင်းဆောင်မှာလေးနှစ်တာနေရခဲ့ရတဲ့  ဘ၀တွေဟာသိပ်ပျော်ဖို့ ကောင်းခဲ့ ပါသည်။ အားလုံးထဲမှာ အသက်အငယ်ဆုံးဖြစ်လို့  သူငယ်ချင်းတွေရဲ့ အလိုလိုက် ချစ်ခင်မှုတွေကြားမှာ ယစ်မူး သာယာနေတဲ့ ကျွန်မ ဟာ နွေရာသီကျောင်းပိတ်ရက်တွေ အိမ်ပြန်ရောက်တဲ့အခါ  မောင်နှ မတွေ နှင့်  စကားသိပ်မပြောချင်တော့သလိုပင်..။
  ကျောင်းပြီးသွားတဲ့ အချိန် မှာတော့ ကျွန်မ နဲ့ အငယ်တွေအဆင်မပြေတော့ပါ။ ဆယ်တန်းကျောင်းသားဖြစ်ပြီး အပေါင်းအသင်းတွေ နဲ့ အပြင်မှာ ပျော်မြူးနေ တဲ့  မောင်လေး ကို လည်း စိတ်တိုင်းမကျပါ။ ကျောင်းစာမေးပွဲတိုင်းဘယ်တော့ မှအောင်မှတ် မရတဲ့ ညီမ လေးကို လည်း အထင်သေး မိပါ၏။အဖေကလည်း တာဝန်နဲ့  ခရီးတွေထွက်ရတာများပြီး  အိမ်မှာ အမေ ပဲ ရှိနေတတ်သည်။
 " အမေနော်..အမေ့ သားနဲ့ သမီးကို ကြည့်ထိန်းဦးလေ.. အငယ်မလေးကလည်း ဒီစာမေးပွဲလေး တောင်အောင်အောင် မဖြေဘူး ၊ တစ်ယောကကလဲ ညဆို ညဥ့်နက် မှ ပြန်လာပြီး မူးရူးလာ တယ်..  ကိုယ့် အဖေ ရာထူးတောင်မထောက်ဘူး. ရှက်စရာကောင်းလိုက်တာ " 
 " အမေလည်း တတ်နိုင်သလောက်ပြောတာပါပဲကွယ်..ကိုယ့်မောင်လေးနဲ့ ညီမလေးကို သမီးပြော လိုက် တာကလည်း  သူစိမ်းကျနေ တာပဲ...အငယ်မလေးက အလှအပ ကြိုက်ပြီး စာဘက် အာရုံ မရှိဘူး..နောက်ပြီး သမီးလောက်လည်း ဥာဏ်မကောင်းဘူး. .အမေစဉ်းစားထား တာ ဆယ်တန်း မအောင်နိုင်မယ့် အတူတူ ခုကတည်းက အလှပြင်သင်တန်း တက်ခိုင်းလိုက်မလားလို့ ...  "
  ညီမလေးကို မြို့ က နာမည်အကြီးဆုံး အလှပြင်ဆရာမ ဆီမှာအပ်လိုက်တော့ ကျွန်မ ရှက်လိုက် တာ..။ အဖေက ဒီမြို့ မှာ  အရာရှိကြီးဖြစ်ရက်နဲ့  သမီးက ကျောင်းမတက်ဘဲ မိတ်ကပ်ပြင် နည်း သင် တာ ရှက်စရာလို့  ထင်မိသည်။ ဒါကြောင့် ကျွန်မ ကို အထင်ကြီးပြီး အနားကပ်ကာ တက္ကသိုလ် အကြောင်းတွေ မေးတတ်တဲ့ ညီမလေးကိုလည်း စကားသိပ်မပြောချင်တော့ပေ..
ကျွန်မ မခေါ်ချင်မပြောချင်တာ သိသွားလို့ ညီမလေး ကြိတ်ငိုတဲ့အခါ အမေဆူတာခံရပြန်သည်။
 "ကိုယ့်ညီမကိုဘယ်လိုဆက်ဆံနေတာလဲသမီး..အမေ မကြိုက်ဘူးနော်..ညည်းကိုယ်ညည်းစာတော် တယ်၊ ဘွဲ့ ရတယ်ဆိုပြီး ဘ၀င်မြင့် မနေနဲ့ ၊ ခုထိ အိမ်အတွက်ဝင်ငွေ တစ်ပြားမှ ရှာပေးနိုင်သေး တာမဟုတ်ဘူး.. "
အမေ့စကားတွေက ကျွန်မ ရင်ထဲ မြှားတွေလို လာစိုက်ပါသည်။
 "သမီး က ဘာမှမဟုတ်တာမလုပ်ဘူး နော် ၊ အမေ့သားသမီးတွေသာ မိဘနာမည်ဖျက်ကြတာ"
 "အမေ့ သားသမီး ဆိုတာ ညည်း မောင်လေးနဲ့ ညီမလေးပဲလေ ၊ ကိုယ်တော်သလိုသူတို့ တော် လာအောင် အမေ နဲ့ ကူပြီး ဆုံးမပေးပါလား သမီးရယ် "
 အမေဘယ်လိုပြောပြော ကျွန်မ ကတော့ သူတို့ ကို ခပ်ခွာခွာနေကာ ကိုယ် အလုပ်ကောင်းကောင်း ၀င်ရဖို့ အတွက် လိုအပ်တဲ့သင်တန်းတွေသာတက်နေမိပါသည်။
တစ်ည... မောင်လေး က သူငယ်ချင်းတွေ နဲ့  စားသောက်ဆိုင်တစ်ခု မှာ ရန်ဖြစ်ကာပြန်လာတော့ ကျွန်မ နှင့်  စကားများကြပါသည်။အဖေ တာဝန်နှင့်  ခရီးထွက်နေကာ အိမ်မှာရှိမနေပါ။
 " နင့် ကိုယ်နင် အရာရှိသားဆိုပြီးရမ်းကားမနေနဲ့ ..နင်မရှက်ပေမယ့် ငါရှက်တယ်..နင့် ကို ငါ့ မောင်လို့ တောင်မပြောချင်ဘူးဟဲ့ .... အလကားဆန်ကုန်မြေလေး"
 "မမကြီးလွန်လာပြီနော်... ကျွန်တော့ ကို အဲ့ လို မနှိမ်ပါနဲ့ ..လူငယ်သဘာဝပဲ..ဘာဖြစ်လဲ.. "
 " ဘာလူငယ်သဘာဝလဲ...ခုမှ လက်တောက်လောက်လေးရှိသေးတယ် ၊ အသုံးကိုမကျဘူး..."
 ကျွန်မ က ဒေါသဖြစ်ဖြစ် နှင့် ပြောဆိုမိတော့ မောင်လေးက အိမ် မှဆင်းကာ သူ့ သူငယ်ချင်းအိမ် သွားနေ ပါ၏။အဖေပြန်လာတာ့ ဒီကိစ္စကို သိသွားကာ ကျွန်မကို ဆူပါတော့သည်။
 "ကိုယ့်မောင်လေးကို ချော့ မော့ မပြောဘဲ နှိမ်သလို ပြောလိုက်တာ သမီးကြီး မှားတယ်.. လူငယ်တွေ ဟာဒီအရွယ်မှာ ဒီလိုပဲ အရာရာကိုလက်တည့်စမ်းချင်ကြတာပဲ... ဆယ်ကျော် သက်လေးတွေကို အနုနည်းနဲ့  ထိန်းမှ ရတာကွယ့် ၊ အဖေ လည်း ခရီးတွေပဲ ထွက်နေတာ နဲ့  အိမ်မကပ်ရဘူး..၊ သမီးက အကြီးတစ်ယောက် အနေနဲ့  မောင်လေးနဲ့ ညီမလေးကို ဖေးဖေးမမ နဲ့ နားဝင်အောင်ပြောပါ  "
 အဖေပြောသလို ကျွန်မ မလုပ်နိုင်ခဲ့ပါ။ကျမသူငယ်ချင်းတွေက သူတို့ မောင်တွေ နှမတွေဘယ်လို စာတော်တာ ၊ ဘယ်လိုကြိုးစားတာ ..လို့ ပြောတိုင်းကျွန်မ နဲ့  စရိုက်ချင်းမတူ တဲ့ မောင် နှင့်ညီမ အကြောင်းတွေးပြီး စိတ်နာမိသည်။ ကိုယ့်လို မထူးချွန် မထက်မြက်ကြ တာလည်းအထင်သေးကာ စကားလည်း သိပ်မပြောချင်တော့ ဘဲ ချစ်ခင်စိတ်မရှိတော့ပါ။
 ဒီလိုနဲ့ မောင်လေး နဲ ညီမ လေး ရဲ့ ပညာရေးကဆယ်တန်းမအောင်ဘဲပြီးဆုံးသွားပါသည်။ ညီမလေးက ကိုယ်ပိုင်အလှပြင်ဆိုင်လေး ဖွင့် လို့ ရတဲ့အထိ တတ်လာလို့  အမေ က ချီးကျူးနေပေမယ့် ကျွန်မကတော့ မိန်းမလျှာတွေ တရုန်းရုန်း နှင့်  လုပ်ရတဲ့ ဒီလုပ်ငန်းကို မကြိုက်ပါ..။ပညာ နဲ့  အသက်မွေး ကာ အရာရှိအရာခံ ဘ၀ နဲ့  ဂုဏ်သရေရှိရှိ နေချင်တဲ့ ကျွန်မ က ဘွဲ့ တစ်ခုရအောင် တောင် မသင်နိုင်တဲ့ မောင် နဲ့  ညီမကို အထင်သေးစိတ်ပျက်မိတာတွေဟာ သူတို့ ဘ၀ ကို ပိုပြီးဆိုးအောင်တွန်းပို့ မိတာများလား...။
 မရည်ရွယ်ခဲ့ပါဘူး  ..... ကျွန်မ မှာ တခြားမိသားစုတွေကအကြီးဆုံးတွေလို သည်းခံ ညှာတာ တတ်တဲ့  သဘောထားကြီး တဲ့ စိတ်မျိုး မရှိပေမယ့် ကိုယ့်မောင်နှမတွေကို နိမ့် ပါး ပျက်စီးသွားစေ ချင်တဲ့  စိတ်ယုတ်မာမျိုးလည်းမရှိခဲ့ဘူးဆိုတာ သစ္စာဆိုရဲပါသည်။ ကျွန်မ မောင်နှမတွေ ဘ၀အခြေ အနေဆိုးသွားမယ့်ကိစ္စတွေ ရှိလာခဲ့မယ်မှန်းသိခဲ့ရင် ကျွန်မ အပြုအမူတွေကိုဆင်ခြင်ခဲ့မှာပါ..။
 ဒါပေမယ့် အားလုံးဟာ ဖြစ်ပျက်ပြီးစီးသွားပါပြီ။ ပြန်လည်ပြုပြင်လို့ မရတော့ပါ...။
 တစ်ကယ်လို့ သာညီမလေး အိမ်ထောင်မကျခင် အခြေအနေ ကိုပြန်သွားလို့ ရမယ်ဆိုရင် .... သူ့ ကို အဖက်မတန်သလို မနှိမ်ဘဲ အပြင်မှာစိတ်လေပြီး သာယာမှုမရှာအောင် ၊ ကိုယ် နဲ့  မထိုက်တန်တဲ့  အသိုင်းအ၀ိုင်းထဲရောက်မသွားအောင် ၊ ငယ်ငယ်ရွယ်ရွယ် နဲ့ ယောင်္ကျားနောက် လိုက်မပြေးအောင် ... ချစ်ခင်ကြင်နာစွာ နဲ့  ဆုံးမသွန်သင်ပေးပါမည်။
 တစ်ကယ်လို့ သာ မောင်လေးတစ်ယောက် လက်မောင်းထဲ ဆေးထိုးအပ်နှင့် ဘိန်းဖြူ ထိုးသွင်း လို့  အချုပ်ကျမသွားချင် အခြေအနေ ကို ပြန်သွားလို့ ရမယ်ဆိုရင်....သူ့ ကို အမြဲ အပြစ်တင် ကဲ့ ရဲ့  တာတွေ မလုပ်ဘဲ အပေါင်းအသင်းမမှားရအောင် ၊ မိဘသိက္ခာ ထိန်းနိုင်အောင် ချိုသာစွာနှင့်  အမေ နှင့်  အတူတူ ပြောဆိုထိမ်းသိမ်းပေးပါမည်။
 ဒီလိုသာဆိုရင်... အဖေလည်း သား နဲ့ သမီးစိတ်ကြောင့် ရှက်ဒေါသ နဲ့  ဦးနှောက်သွေးကြောပြတ် ကာ အိပ်ယာထဲဘုန်းဘုန်းလဲကျကာ နာတာရှည် လူမမာ ဖြစ်သွားစရာလည်းမလိုတော့ဘူးပေါ့ ...။
 ဒီလိုသာဆို.... အမေလည်း အရာရှိကတော်ဘ၀နဲ့ ကြော့ကြော့လေးဆက်နေ ကာ ဈေးရောင်း စရာ မလိုတော့ဘူးပေါ့ .... ။
 ဒီလိုသာဆို.... ကျွန်မလည်း  မိဘနှစ်ပါးကို ငဲ့ ကာ ဆက်သင်ချင်တဲ့ ပညာတွေ မသင်ရဘဲ အဖေ နဲ့  အမေကို အစစအရာရာ ကူညီစောင့်ရှောက်ပေးနေတဲ့  ကျမ မချစ်တဲ့  ရပ်ကွက်ထဲက သစ်ခွဲစက် ပိုင်ရှင် သူဌေး နဲ့  နောက်အပတ်မှာ လက်မထပ်ရတော့ဘူးပေါ့ ...။
 ဒီလိုသာဆို.... စိတ်ရှုပ်ထွေးစွာနဲ့   မင်္ဂလာမဆောင်ခင်  တစ်ယောက်တည်း ပင်လယ်ကမ်းခြေကို ခရီးထွက် မလာရတော့ဘူးပေါ့ ....။
 လောကကြီးမှာ လူသားတွေဟာ ကံပစ်ချရာ နေကြရတယ်လို့ ဆိုပြီး စိတ်ဖြေကြရပေမယ့်  တစ်ကယ် တော့ကံ ဆိုတာ အလုပ် လို့ မြတ်စွာဘုရားဟောခဲ့ ပါ၏။ ကိုယ့် အလုပ် ရဲ့ ကံ ကိုယ့် ထံပြန်လာ တတ် တာ ဘယ်တော့  မှ မပြောင်းလဲတဲ့  ပရမတ္တသစ္စာတရားပါ။
 ဘယ်သူ က မှ ဒါတွေ နင့်ကြောင့်လို့ လက်ညှိးထိုးစွပ်စွဲကဲ့ ရဲ့ ခြင်းမရှိပေမယ့် ကျွန်မရဲ့ မိဘ နဲ့  မောင်နှမတွေ ဒီလိုဖြစ်ပျက်သွားကြတာ ဟာ ကျွန်မ ရဲ့ အကြီးဆုံး မပီသမှုတွေလည်း ပါတယ် ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ အကြောင်းတရားတွေမို့  ဒီအကြောင်းတရားတွေ ရဲ့ အကျိုးဖြစ် ထွန်းမှုကို ကျွန်မ ခံယူပါမည်။
 အိမ်ရှင်မဘ၀နဲ့ နေရင်း နာတာရှည်လူမမာ အဖေကြီးကိုပြုစုရင်း တစ်သက်လုံး အကြီးဆုံး မပီသခဲ့ သမျှ မောင် လေး နှင့်ညီမလေး အဆင်ပြေလာအောင်တတ်နိုင်တဲ့ ဖက် မှ ကူညီထောက်ပံ့  ပေးသွား ပါမည်။
 အမှောင်ထု ကြီးစိုးလာတဲ့ ကမ်းစပ်မှ ထရပ်ကာ တည်းခိုရာ ဘန်ဂလို ဆီလျှောက်လာရင်း ကျွန်မစိတ်တွေ တည်ငြိမ်အေးချမ်းလာပါ၏။ 
မနက်ဖြန် အိမ်မပြန်ခင်မှာတော့ ပေးဆပ်ညှာတာခြင်း နဲ့ အကြီးဆုံးပီသစွာဖြင့် နေထိုင်သွားမယ့် မိန်းကလေးတစ်ယောက်အဖြစ် ပင်လယ်ပြင်မှ ထွက်ပေါ်လာမယ့် နေမင်းကြီး ကို ကျွန်မ နုတ်ဆက် ရပါဦးမည်။
 မိသားစုကို ငဲ့ ညှာဂရုစိုက်တတ်သော အကြီးဆုံး များကို လေးစားစွာဖြင့် 
ကြာဖြူနွယ်
No comments:
Post a Comment