( ၁ )
တစ်စစ အမှောင်ထုကြီးစိုးလာတာနဲ့အမျှ ဆူးလေဘုရားရင်ပြင်ပေါ် မှာ ဘုရားဖူးတွေနည်းသွားပါပြီ …။
ပြန်မှပဲဆိုတဲ့ အသိနဲ့ ထလိုက်တော့ အကြာကြီးထိုင်ထားတဲ့ခြေထောက် ကထုံကျင်နေ လို့ တော်တော်နဲ့ ထလို့မရပါ။ညနေစောင်း ကျူရှင်သင်ပြီးချိန် ကတည်းက သဇင် ဒီဘုရားပေါ်မှာ လာထိုင်နေတာ ခု မိုးစုန်းစုန်းချုပ်တဲ့အထိပါပဲ။
ကောင်းကင်တစ်ပြင်လုံး တိမ်မည်းညိုတွေ အုပ်ဆိုင်းကာ ရွာတော့မယ့်ဟန်ပြင်နေ၏။
တိုက်ခတ်လာတဲ့ မိုးန့ံပါတဲ့ လေအေးအေးလေးကို တစ်ဝကြီှးရှူလိုက်တော့ စိတ်ထဲ လန်းဆန်းလာသလိုပင်..။
ဆူးလေဘုရားမှဆင်းကာ အနော်ရထာလမ်းမကြီးအတိုင်း တဖြည်းဖြည်းလျှောက်လာရင်း စည်ကားဆူညံနေတဲ့  ဘားလမ်းတစ်ဝိုက်မြင်ကွင်းတွေကို အမှတ်မဲ့ ငေးကြည့်နေမိသည်။
ကြည့်ပါဦး... ပျော်နေလိုက်ကြတာ...
လမ်းဘေးမှာ ဈေးရောင်းကြသူတွေကလည်း သွက်လက်ပျော်ရွှင်နေတာပဲ
လမ်းသွားလမ်းလာတွေကလည်း ငေးမောကြည့်ရင်းရယ်မောနေကြတာပဲ
အမယ်..ဒီကြက်ကြော်ဆိုင်က အစောကြီးရှိသေးတယ်... ကုန်ခါနီးနေပါပေါ့ လား
ဟို တုတ်ထိုးဆိုင်မှာတော့ လူသိပ်မတွေ့ ဘူး...
ဒါပေမယ့်  သူတို့ လင်မယားနှစ်ယောက်ကတော့ ဝက်နားရွက်တွေ ၀က်ခေါင်းတွေကို
တုတ်တစ်ခါထိုးစရာ အရွယ်အစားလေး ရအောင်အတူတူလှီးနေကြရင်းရယ်မောနေတာပဲ...
ကြည့်သမျှ မြင်သမျှ လူတိုင်း ဘာလို့ ပျော်နေကြတာလဲသူတို့ ဘ၀တွေမှာစိတ်ညစ်စရာတွေ မရှိဘူးလား...။
ငါကရော ဘာလို့ သူတို့ လို မပျော်ရတာလဲ ၊ မရယ်နိုင်ရတာလဲ..
ပျော်မယ်..ရအောင်ပျော်မယ် ၊ ရယ်မယ်..ရအောင်ရယ်မယ်
တစ်ယောက်တည်း နုတ်ခမ်းကိုကွေးကာ ပြုံးရယ်ကြည့်ဖို့ ကြိုးစားနေစဉ် တိုက်ခန်းရှေ့ ရောက် လာတာမို့ အပေါ်ဆုံး ၈ လွှာထိ တက်လာရင်း မောပန်းသွားတော့ ပြုံးရယ် ဖို့ အကြံအစည် ကိုလက်လွှတ်လိုက်ရပါသည်။
အခန်းရှေ့ ရောက်လို့ တံခါးကို တွန်းကြည့်တော့ မပွင့်တာမို့  ခပ်ပြင်းပြင်းခေါက်လိုက်မိသည်။
တော်တော်လေးကြာမှ တံခါးပွင့်လာကာ နှင်းဆီရဲ့  စူပုပ်ပုပ် မျက်နှာမြင်ရသည်။
စကားတစ်လုံးမှမပြောဘဲ တံခါးဖွင့် ပေးပြီးတာနဲ့ ချာခနဲ လှည့်ထွက်သွားတဲ့ နှင်းဆီကို ကြည့်ပြီး ဒေါသထွက်မိပေမယ့်ကိုယ့် စိတ် ကိုပဲ ပြန်ထိန်းလိုက်ပါသည်..။ နှင်းဆီ ဆိုတာ သဇင့် ရဲ့  တဦးတည်းသောညီမလေးပဲလေ..အသက်ချင်း ၁၀ နှစ်ကျော် ကွာ လို့ သိပ်ချစ်ခဲ့ရတဲ့ ညီမလေးပါ …
ခုတော့ ဒီညီမက ကိုယ့်ကို ရန်သူလို ဆက်ဆံနေပါပြီ..။
ဧည့်ခန်းကို ဖြတ်ပြီး အိပ်ခန်းဘက်အသွား ဆူပူကြိမ်းမောင်းသံ ကို ကြားလိုက်ရသည်။
“ အားလုံးကို ပြောထားမယ်ဟေ့ ..ဒီအိမ် က သာလာယံဇရပ်မဟုတ်ဘူး ၊ ၀င်ချင်တဲ့ အချိန်ဝင် ထွက်ချင်တဲ့ အချိန်ထွက်နေလို့ မရဘူး..ကြားလား.. ”
နှင်းဆီ နဲ့  သော်က ကို ပြောသလိုလိုနဲ့ ကိုယ့်ကို စောင်းပြောနေမှန်းသိပေမယ့် မသိချင်ယောင်ဆောင် ကာအံကြိတ်ပြီး အိပ်ခန်းထဲ ၀င်လာရတဲ့ သဇင့် အသားတွေ တဆတ်ဆတ် တုန်နေပါသည်။အ၀တ်လဲ ပြီးလို့ မီးဖိုချောင်ဘ က်ထွ က်လာချိန်အထိ အသံ ကကြားနေရ၏ ။
“ ဒီလို မျိုးနေနေရင် နင်တို့ မိန်းမရွှင်ဖြစ်သွားမယ်..ဒါပဲ ငါပြောချင်တယ် ”
ဘာ...မိန်းမရွှင် တဲ့  ၊ ဒါ ယောင်္ကျား ရင့် မကြီး တစ်ယောက်ပါးစပ် က ထွက်လာတဲ့ စကားတဲ့ လား
ဒီလိုလူမျိုးကို အဖေ မခေါ်နိုင်တာ သဇင် မလွန်ပါဘူးနော်…. အမေ
ထမင်းခူးနေရင်း အမေ့ ကို သတိရတမ်းတ မိတော့ စားချင်စိတ်လည်းမရှိတော့ပါ။ဒါပေမယ့် ဟာနေတဲ့ ဝမ်း ကိုတော့ဖြည့်ရမှာမို့  ဟင်းချ က်ထားတဲ့ ဒယ်အိုးအဖုံး ကို ဖွင့် လို က်တော့ ၀ က်သားအဆီတုံး၂ဖတ်နဲ့ အာလူး၃ဖတ် ကို တွေ့ လို က်ရတဲ့ အခါမှာ
သည်းမခံနိုင် တော့ဘဲ အိမ်ရှေ့ ထွ က်လာမိသည်။
“ငါ ၀ က်သားမစားတာသိရက်နဲ့ ဘာလို့ ဒီဟင်းချန်ထားတာလဲနှင်းဆီ ”
“ ဒီဟင်းတစ်ခွ က်ပဲချက်တာ ကိုး ၊ မစားချင်လည်းမတတ်နိုင်ဘူး ၊ ဒီမှာကလေးတစ်ဖက် နဲ့  အားတာမဟုတ်ဘူး ”
“ မအားရအောင် နင် ကိုယ်တိုင်လုပ်ရလို့ လား ၊ အသိန်း ပဲ ဈေးဝယ်ပြီးချက်နေတာ ”
“ အသိန်းဝယ်ပေးလည်း ဈေးဖိုး တွက်ပြီး ၀ယ်ချင်တာပြောပေးရတာပဲလေ ၊ အိမ်ဖော်ကို ပိုက်ဆံအပ်လိုက်လို့ မှမရတာ … ”
“ ဘဲဥတလုံး မှ ၁၂၀ ပဲရှိပါတယ်သဇင်ရယ် ၊ ဘဲဥပဲပြုတ်ပေးထားရင်လည်းရပါတယ် ၊နင် တို့ ဆီ ငါ ကပ်စားနေတာမဟုတ်ဘူး..လတိုင်းဈေးဖိုးပေးနေတာပါ … ”
“ မမကြီး ပေးတဲ့  မဖြစ်စလောက် ဈေးဖိုးကို ထည့်ပြောမနေပါနဲ့  ၊ ခု နှင်းဆီယောင်္ကျားပို့ လိုက် တဲ့ ငွေတွေ နဲ့ ဒီမိသားစုကြီးကို ထိန်းထားရတာ ”
“ ငါ့ လခတစ်ဝက်ပေးထားတာနည်းသေးလား ၊ အရင်က ဒီလစာလေးနဲ့ ပဲ နင်နဲ့ သော်က ကို ဘွဲ့ ရအောင်ထားခဲ့တာ၊ခုမှ နင်တို့ ငွေပေါတိုင်း ပရမ်းရမ်းပတာသုံးနေလို့ မလောက်တာ ”
“ဒါတော့ အဆင့် အတန်းနဲ့ လိုက်အောင် သုံးရမှာပဲ ၊ ကိုယ့်ယောင်္ကျားရှာနိုင်လို့  ကိုယ့်ကုသိုလ် နဲ့ ကိုယ်သုံးနိုင်တာမနာလိုမဖြစ်ပါနဲ့  ”
“ ဘာ..နင်လွန်လာပြီနော်..ငါ …တယ်လေ ”
ဒေါသ နဲ့  လက်တဖက် မြှောက်လိုက်မိချိန်မှာ သဇင့် နားကို သော်ကရောက်လာသည်။
“ မမကြီး ဒီလိုမလုပ်ပါနဲ့  ၊ မမနှင်းဆီ ပြောတာမှန်သင့်သလောက်မှန်နေတာပဲ ”
သော်က… ပြောရက်လိုက်တာ ၊ဒါ .. သဇင်ချီပိုးထိန်းကျောင်းလာခဲ့ ရတဲ အချစ်ဆုံးမောင်လေး
ပြောတဲ့ စကားတဲ့ လား ၊ ဒီလိုတွေဘာလို့ ဖြစ်ရတာလဲ…
ခံပြင်းနာကျည်းမှုတွေ နဲ့ အတူ အိမ်ဦးခန်း ဘက် ကြည့်လိုက်မိတော့ ဆိုဖာထက်မှာ မိန့် မိန့် ကြီး ထိုင်ပြီး သဇင့် ကို ခနဲ့ တဲ့ တဲ့ သရော် သလို မျက်လုံးတွေ နဲ့ ကြည့်နေတဲ့  အမေ့ ယောင်္ကျား ကို မြင်လိုက်ရတဲ့ အခါဘယ်လိုမှ ဆက်မနေနိုင်တော့ လို့  အောက်ကိုပြန်ဆင်းပြေးလာမိသည်။
အပြင်မှာ မိုးတွေရွာနေပေမယ့် ခြေဦးတည့် ရာ ထွက်လာမိရင်းညမှောင်မှောင်မိုးသည်းသည်းမှာ သဇင်ငိုမိပြန်ပါပြီ။
အမေ..အမေရယ်
အမေ ရှိတုန်းက မျက်ရည်တစက် မထွက်တဲ့ သဇင် ခု နေ့ တိုင်းငိုနေရပြီ
ခုလို ဖြစ်ရတာ တွေ ဘယ်သူ့ ကြောင့် လဲ ဟင် ..သမီးကြောင့်ပဲလား သူ့ ကြောင့် လဲပါတယ်မှတ်လား
မသိတော့ဘူး ၊သမီး ဘာမှမသိတော့ဘူး...
ဘာလို့ သမီးကိုလောကကြီးထဲမှာတယောက်တည်းထားပြီး ထွက်သွားရတာလဲအမေရယ်….။
xxxxxxxxxxxxxxxxxxxxxx
(၂ )
သဇင် စကားပြောတတ်စ အရွယ်ကတည်း က ခေါ်ခဲ့ရတာ အမေ ဆိုတဲ့ ဝေါဟာရလေးတစ်ခု တည်းပါ…သူများတွေလည်း သဇင့် လိုပဲထင်ခဲ့ပေမယ့်  တခြား ကလေးတွေ နဲ့ ခင်မင်ပြီးဆော့ ကစားရမှ ၊ မူကြိုမှာ ကိုယ့်အဖေအကြောင်းပြောခိုင်းမှ .. လောကကြီးမှာ အမေ နဲ့ အဖေ ဆိုတာ အတူရှိနေတာပါလားလို့  သိနားလည်လာရသည်။
အဲဒီတော့မှ အမေ့ ကို မေးတော့ အမေ က မျက်ရည်တွေ ၀ဲနေပြီးဘာမှမပြောနိုင်လို့ ဖွားဖွား က၀င်ဖြေပေးသည်။
“မြေးလေးရဲ့ အဖေ က တိုင်းပြည်အတွက် ကာကွယ်ရင်း ရှေ့ တန်းမှာ ကျဆုံးသွားတာ…
မြေးလေးကြိုက်တဲ့ ဟိုဇာတ်ကားထဲ မှာ သူရဲကောင်းတွေ ကိုတွေ့ တယ်မှတ်လား ၊ အဲ့ လို ပဲမြေးလေးအဖေက ရန်သူတွေကို တိုက်ရင်းသေသွားတာ ၊ ဂုဏ်ယူဖို့ ကောင်းတယ်ကွယ့် ၊ တခြားသူငယ်ချင်းတွေမေးရင်လည်း ဒီလိုပဲပြောလိုက်အဖေ မရှိလည်း မြေးလေးကို တုန်နေအောင် ချ စ်တဲ့ ဖွားဖွားရှိတယ်လို့ ”
ဖွားဖွားပြောလိုက်တဲ့ စကား က သဇင့် အသည်းနုနုလေးမှာ စွဲထင်သွားပါ၏ ။တကယ်လည်း ချမ်းသာပြည့်စုံတဲ့ အဖွားရဲ့ သည်းသည်းလှုပ်ချစ်ခင်အလိုလိုက်မှု ခံရတဲ့ သဇင့် အတွက် အဖေမရှိခြင်းဟာ ကြီးမားတဲ့ ကွက်လပ်မဖြစ်ခဲ့ပါ..။
အဖွား က အဝေးပြေး ကားတွေထောင်ထားပြီး ဈေးထဲမှာလည်း ဆိုင်ခန်းတွေငှားထားတာမို့  ချမ်းသာတဲ့သူဌေးမကြီးပါ..။အဖိုးမရှိတော့ပေမယ့် ထ က်မြ က်တဲ့ အဖွားရဲ့ ဦးဆောင်မှုအော က် မှာပိုပြီး စီးပွားတ က်လာပါ၏။
အမေကတော့အဖွားအရိပ်ခိုကာ ယောင်္ကျားဆုံးသွားပေမယ့် အေးအေးဆေးဆေးနေရတဲ့  မုဆိုးမလေး ပါ..။အမေ က အဖွားလို မသွက်ဘဲ ရိုးအလွန်းလို့  အဖွားဆူတတ်တာ သဇင် ငယ်ငယ်လေး ကတည်းက ကြားနေရပါသည်။သဇင်ကတော့ အဖွားလိုချင်သလို သွက်လက် ချက်ချာခဲ့ပါသည်။
“ ငါ့ မြေးလေးက ငါငယ်ငယ်တုန်းကအတိုင်းပဲဟေ့  ၊ သူ့ အမေ လို ရိုးရိုးအအ မဟုတ်ဘူး ”
အဖွားရဲ့ ချီးကျူးထောက်ခံမှုတွေ နဲ့  အလယ်တန်းလောက်ရောက်တော့ သဇင် ဆိုတာ ဘယ်သူမှ ထီမထင်တဲ့ ခပ်စွာစွာ မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ။အဖွားကတော့ အိုမင်းလာပြီး လုပ်ငန်းတွေ ဦးမဆောင်နိုင်တော့ဘဲ အမေ့ ကို တဖျစ်တောက်တောက်ဆူလို့ မဆုံးပါ..။
“ငါ ပဲ အိုကြီးအိုမ နဲ့  လုပ်ငန်းအတွက်ပူနေရတယ် …ရှိတဲ့ သမီးက ထမင်းဟင်းချက်ပြီး အိမ်မှာနေရုံကလွဲပြီးအားမကိုးရဘူး ၊ နောက်ဆို သဇင်လေးက အတန်းကြီးလာမှာ ၊ ပိုက်ဆံက ပိုကုန်ဖို့ ပဲရှိတယ် ၊ ဒီလို ဆက်နေသွားရင်ငါလည်းသေရော ၊ ငါ့ မြေးလေး ဆင်းရဲကျန်ခဲ့မှာပဲ ၊ မဖြစ်သေးပါဘူး ၊တခုခုစီစဉ်မှပါ.. ”
အဖွားရဲ့ တခုခု စီစဉ်မှု က အမေ့ ကို အိမ်ထောင်ချပေးခြင်းပါ..။
အဖွားပိုင်တဲ့ ကုန်ကား မောင်းနေတဲ့ ဦးအောင် နဲ့  အမေ့ ကို အဖွားပေးစားတုန်းက သဇင် ၄ တန်းပါ..။ဦးအောင်ဆိုတာ အိမ်မှာလည်းဝင်ထွက်နေပြီး သဇင့် ကိုလည်းအနွံတာခံတာမို့  ခင်နေပေ မယ့် ကိုယ့်အမေ ယောင်္ကျားဖြစ်လာတာတော့သဇင်သဘောမကျပါ။
“အဖွားကလည်း အမေ့ ကို ဘာလို့  ကိုယ့်ဆီကကားသမားနဲ့ ပေးစားရတာလဲ၊ ယူခိုင်းလဲ သူဌေးကြီးတွေ နဲ့ ယူခိုင်းပါလား ”
ကိုးနှစ်သမီး အရွယ်သဇင်ပြောလို က်တဲ့ စကားကို အဖွားအရမ်းသဘောကျသွားသည်။
“ငါ့ မြေးကတော့ မလွယ်ဘူး ၊ ခုကတည်းက အဆင့် အတန်းခွဲချင်နေပြီ ၊ သူဌေးကြီးတွေကညည်းအမေ လို နုံနုံအအ ကလေးအမေကိုမကြိုက်ဘူးမြေးလေးရဲ့  ၊ ကိုယ့်အလုပ်သမားနဲ့ ပေးစားတော့ ကိုယ့်သြဇာညောင်းတာပေါ့ အေ ”
အဖွားဘယ်လိုပြောပြော သဇင်က ဦးအောင်ကို အထင်မကြီးပါ ။ အမေ နဲ့ ယူပြီးတော့ ဦးအောင်ကို အဖေ လို့ ခေါ်ဖို့ ပြောပေမယ့် သဇင်မခေါ်ပါ။ သဇင့် အဖေ ကသူရဲကောင်း ပါ ၊ ဦးအောင်လို ကားမောင်းသမားမဟုတ်ဘူးလို့ ပြောတတ်လို့ အဖွား နဲ့ အမေလည်း လက်လျှော့ သွားပါသည်။ ဦးအောင်ကတော့ သူ့ ကို အဖေ မခေါ်ပေမယ့် သဇင့် ကို အလိုလိုက်ပါသည်။
အဖွားတွေးထားသလို ဦးအောင်က အဖွားသြဇာညောင်း ပါသည်။ ငွေရေးကြေးရေး က အစ အဖွားပေးသလောက်ပဲယူတဲ့ လက်ဝေခံသားမက်လေးကို ကျေနပ်နေရင်းမှာပဲ ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက်အဖွားဆုံးသွားသည်။
အဲ့ ဒီတုန်းက သဇင်က ရှ စ်တန်း ၊ အမေ က နှင်းဆီ နဲ့ သော်ကကိုထပ်မွေထားပြီးပါပြီ။
ဘာမှမလုပ်တတ်မကိုင်တတ်တဲ့ အမေ က အဖွားမရှိတော့ တဲ့ အခါ ဦးအောင်ကို ပဲ အားကိုး ကာလုပ်ငန်းတွေ အကုန်လုံး ၀ကွက်အပ်လိုက်ပါတော့သည်။
Xxxxxxxxxxxxxxx
(၃ )
အဖွားဆုံးပြီးလုပ်ငန်းတွေ အကုန်လုံးကိုယ့်လက်ကိုယ့်ခြေ လုပ်ရတဲ့ အခါမှာတော့ ဦးအောင်က ပုံစံပြောင်းလာပါသည်။
အရင်လို ရိုးရိုးကုပ်ကုပ်မနေဘဲ ငွေ ကို သုံးဖြုန်းတတ်လာလို့ အမေ နဲ့ တစ်ကျ က်ကျ က်စကား များလာတာသဇင်ကြားနေရသည်။နောက်ပြီး အဖွားလို သေသေချာချာကြီးကြပ်ပြီးမကွပ်ကဲ မအုပ်ချုပ်တတ်တဲ့ ဦးအောင်ကြောင့် လုပ်ငန်း တွေ အရှံးပေါ်လာသည်။
သဇင်ဆယ်တန်းအောင်တော့ စီးပွားက တော်တော်ပျက်နေပါပြီ။
နှင်းဆီ နဲ့ သော်က တို့ ကလည်းအရွယ်ရောက်လာတာမို့ အိမ် စားရိတ်တွေတက်လာ တော့ ၀င်ငွေ နည်း ပြီး ထွက်ငွေချည်းဖြစ်နေကာပိုင်ဆိုင်ထားတဲ့ ကားတွေတစ်စီးပြီးတစ်စီး ရောင်းစားနေရ တဲ့  အခြေအနေ ပါ..။
သဇင်ကျောင်းပြီးချိန်မှာ ကားတွေအကုန်ရောင်းပစ်လိုက်ရပြီး ဆိုင်ခန်းငှားခလေးနဲ့  ပဲ ကျားကန်နေရသည်။တစ်သက်လုံးနေခဲ့ တဲ့ ပါရမီက တိုက် နဲ့ ခြံကိုရောင်းပြီး ရှစ်လွှာက တိုက်ခန်းလေးကိုပြောင်းလာရတော့ ဝမ်းနည်းလိုက်တာ..။
သဇင်ကတော့ ဒီလို ဖြစ်သွားရတာ ဦးအောင်ကြောင့် လို့ နာကျည်းမိပေမယ့်အမေကဆုံးမပါသည်။
“သူလည်း တတ်နိုင်သလောက်လုပ်ပါတယ်သမီးရယ် ၊ ခေတ်အခါကိုက မကောင်းတာပါ ၊ သမီးကဦးအောင်ကို ကောင်းကောင်းဆက်ဆံပါ၊သမီးအပေါ် မှာတော့ သည်းခံတာပဲ မဟုတ်လား ၊ နှင်းဆီ နဲ့ သော်ကရှေ့မှာ သူတို့ အဖေ မကောင်းကြောင်းသိပ်မပြောပါနဲ့ ကွယ်..သမီးညီမလေး နဲ့ မောင်လေးကို သမီးလည်းသိပ်ချစ်တာပဲမှတ်လား ”
ချစ်တာပေါ့  …နှင်းဆီ နဲ့ သော်က ကို သဇင်သိပ်ချစ်ပါသည်။
သူတို့ အရွယ်ရောက်ချိန် စီးပွားကျသွားလို့  ကောင်းကောင်းမနေရတဲ့ ညီမလေး နဲ့ မောင်လေးကို သဇင်သနားပါသည်။ဦးအောင်ဟာ သဘောကောင်းကာ သားသမီးတွေကို ကြင်ကြင်နာနာပြော တတ်ပေမယ့် သားသမီးတွေအတွက်လိုအပ်တဲ့ ငွေကြေးကို မရှာတတ်တာ မို့ သဇင် အထင်သေးမိ ပါ၏။
သဇင် လည်း အတန်းကြီးလာတဲ့  မောင်လေးနဲ့ ညီမလေးအတွက် ကြိုးစားပြီး အလုပ်လုပ် ရ ပါတော့သည်။နေ့ ခင်း စာရင်းကိုင်အလုပ် ၊ ညဘက်ဆို အလယ်တန်း ၊ အထက်တန်းကလေးတွေ ကို ကျူရှင်လိုက်သင်ပေးသည်။ညဘက်အိပ်ချိန်ကလွဲ ပြီး မနားတမ်းအလုပ်လုပ်နေရတဲ့ သမီးကို သနားလို့ အမေ ငိုတော့ သဇင်ပဲပြန်နှစ်သိမ့်ရပါ၏။
“အမေရယ် ၊ သမီးလုပ်နိုင်ပါတယ် ၊ စာသင်ရတာ ပဲ ၊ အလုပ်ကြမ်းမှမဟုတ်တာ ၊ နောက်နှစ်ဆို နှင်းဆီလေး ဆယ်တန်းတက်တော့မယ် ၊ အမှတ်ကောင်းကောင်းရအောင် ၀ိုင်းကောင်းကောင်းမှာ ထားရမယ် ”
သဇင်က ပူပန်နေပေမယ့် ဦးအောင်ကတော့ ဒါတွေ တွေးမိပုံမရတာမို့ သဇင်စိတ်တိုမိသည်။
ခုချိန်ထိ ရသလောက်ဆိုင်ခန်းငှားခလေးနဲ့ ထိုင်စားကာ ဘာအလုပ်မှ မလုပ်တဲ့ ဦးအောင်ကို သဇင်ပြောမိတော့ အမေ ကတားပါသည်။
နောက်ပြီး သဇင် က အိမ်မှာငွေရှာနေတဲ့သူမို့  ဘာမှပြန်မပြောကြပေမယ့် နှင်းဆီ နဲ့ သော်က ကလည်း သူတို့ အဖေ ထိရင်မကြိုက်ပါ…ဦးအောင် ရဲ့ အားသာချ က် က ချိုချိုသာသာပြောတတ် တာပါ..။သမီးရေ သားရေ နှင့် ယုယုယယပြောတတ်တဲ့ အဖေ ကို နှင်းဆီ နဲ့ သော် က သိပ်ချစ်ပါ သည်။ သူ့ အဖေ ငွေမရှာနိုင်တာလည်းအပြစ်မတင်ပါ ..။သဇင် ကသူတို့ လိုတာ ထော က် ပံ့ ပေးနေတာမို့  ဦးအောင် က အေးအေးဆေးဆေး နေနိုင်ပါသည်။ကြာတော့ဦးအောင် ကို သဇင် သည်းမခံနိုင်တော့လို့ ရန်စကားတွေပြောမိတော့ အမေ က မျ က်ရည် ကျပါသည်။
“မပြောပါနဲ့ သမီးရယ် ၊ သူလည်းခု ရင် ကျပ်နာစွဲနေပြီး ကျန်းမာရေးသိပ်ကောင်းတာမဟုတ်ဘူး..
ငွေမရှာပေးပေမယ့် အမေ တို့ အပေါ်အိမ်ထောင်ဦး စီးအနေနဲ့ ရပ်တည်ပေးနေတာပဲ ၊နောက်ပြီး သမီးကို ကြင်ကြင်နာနာနဲ ဆက်ဆံတာပဲမဟုတ်လား ”
အမေပြောသလို ဦးအောင်က သဇင့် ကို လည်းချိုချိုသာသာဆက်ဆံပါသည်။ ဒါပေမယ့် မိသားစု ကို ရှာမကျွေးဘဲ နေသာသလို နေနေတဲ့ ဦးအောင်ကိုသဇင်လုံးဝကြည့်မရပါ…။
နှင်းဆီ နဲ့ သော်က လေးအတွက် လိုတဲ့ပိုက်ဆံကို ပေးရတိုင်း ဦးအောင်ကို ပြောဆို မိပါသည်။အဲ့ ဒီအချိန်ထိ သဇင့် အတွေးထဲမှာနှင်းဆီ နဲ့ သော်ကဟာ သဇင် သိပ်ချစ်သလို သဇင့် အပေါ်လည်း ပြန်ချစ်မယ်လို့ ယုံကြည်ထားမိပါ၏။
Xxxxxxxxxxxxxxxxxxxxxxxxx
( ၄ )
ဒီလိုနဲ့ ပဲ နှင်းဆီ နဲ့ သော်က အရွယ်ရောက်လို့ ကျောင်းပြီးသွားကာချောမောလှပတဲ့ နှင်းဆီ က လေယဉ်မယ်အလုပ် ရသွားပါသည်။ပထမဆုံးလခထုတ်တဲ့ နေ့ က ဦးအောင်နဲ့ အမေ့ ကို လခအပ်နေတာမြင်တော့ လိမ္မာတဲ့ ညီမလေး အတွက်သဇင်ဝမ်းသာ လိုက်တာ..။
ဒါပေမယ့် နှင်းဆီပြောလိုက်တဲ့ စကားကြောင့် သဇင့်ဝမ်းသာမှုကကြာကြာမခံပါ…။
“ ခု နှင်းဆီ အလုပ်ရပြီဆိုတော့ ဖေကြီး ဘာမှအားမငယ်နဲ့ တော့နော်..ဖေကြီးကို သမီးရှာတဲ့ငွေ နဲ့  ကျွေးမယ်၊အရင်လို သူများပြောဆိုပြီးမှ ကျွေးတာပေးတာမစားနဲ့ တော့… ”
အို..ပြောရက်လိုက်တာ ၊ သဇင် အံ့ သြလွန်းလို့ မှင်သက်နေတုန်း အမေ က၀င်ပြောပါသည်။
“ ဟဲ့ ..သမီးနှင်းဆီ ၊ ဘယ်လိုပြောလိုက်တာလဲ … သဇင်ကနင်တို့ ကိုခုချိန်ထိ ရှာကျွေးလာတာ
ကိုယ့်အမကြီးကို ဒီလိုပဲပြောရလား ”
“ဟုတ်ပါတယ် .. မမကြီးက သမီးတို့ ကို ရှာကျွေးပေမယ့် အဖေ့ ကိုတော့ အမြဲရန်လုပ်နေတာ ပဲမှတ်လား ၊ အဖေ့ ကို အဲ့ လိုပြောတာတွေနှင်းဆီ မခံချင်ဘူး…သူ့ အဖေ မဟုတ်ပေမယ့် ဒါနှင်းဆီတို့ အဖေလေ ”
ဘုရား..ဘုရား ၊ နှင်းဆီ ပြောနေတဲ့ စကားတွေက သဇင့် ရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုပါပဲ..
ဘာတဲ့ ..သဇင့် အဖေ မဟုတ်ပေမယ့် သူ့ အဖေတဲ့ လား….။
အဲ့ ဒီသူ့ အဖေ က သူတို့ ဒီအရွယ်ရောက်တဲ့ အထိ သက်သာသလိုနေပြီးရှာမကျွေး တာမေ့ နေပြီလား...။အမေကတော့ သဇင့် ကို ဖျောင်းဖျပါသည်။
“နှင်းဆီ ကို အပြစ်မယူပါနဲ့ သမီးရယ် ၊ သူ့ ဘက်က ကြည့်တော့  အဖေ လေ…
အဲ့ ဒါကြောင့် သမီးကိုပြောသားပဲ ၊ ဦးအောင်လို့ မခေါ်ဘဲ အဖေ လို့ ခေါ်ပြီး အဖေလိုဆက်ဆံပါလို့  ”
“ အော်…အမေကပါ အမေ့ ယောင်္ကျားဘက်က နာနေတာလား
ဦးအောင်က ခု နှင်းဆီတို့ နဲ့  သမီးကို သွေးခွဲနေတာ အမေသိလား
ဘာမှအသုံးမကျဘဲ သဇင်အထင်ကြီးလို့ မရတဲ့  လူကို အဖေလို့ မခေါ်နိုင်ဘူးအမေ ”
သဇင်ပြောတော့ အမေငိုပါသည်။
“အမေ့ အပြစ်တွေပါကွယ် ၊ နှင်းဆီတို့ ကို နားဝင်အောင်မဆုံးမနိုင်တဲ့ အမေ့ အမှားပါ
ကိုအောင်လည်း တကယ်ဆို ဒီလို မောင်နှမချင်း သွေးခွဲဖို့ မကောင်းဘူး
ဘာပဲဖြစ်ဖြစ် သမီးကပဲ သည်းခံလိုက်ပါ..။သမီးအတွက် အမေပြောနေတာပါ...
နောက် အမေ မရှိတော့ရင် ဒီမောင်နှမတွေ နဲ့ ပဲသမီးကျန်ခဲ့မှာ ၊ ကိုယ့်မောင်နှမအချင်းချင်း သင့် မြတ်စေချင်လို့ ပါ ကွယ် ”
အမေဟာ အဲ့ ဒီကတည်းက ဦးအောင်ထက်အရင် လောကကြီးထဲက ထွက်ခွာသွားရမှာ ကိုကြိုသိနေလို့ များသဇင့် ကို ဆုံးမခဲ့တာလားမသိပါ..။ ဒါပေမယ့် ခေါင်းမာလှတဲ့ သဇင် က မာန်မချနိုင်ဘဲ ဦးအောင်ကို ခပ်စိမ်းစိမ်းပဲဆက်ဆံခဲ့ပါ၏။
ဦးအောင် ကလည်း နှင်းဆီတို့ ကြီးလာပြီး အား ကိုးလာရတော့ သူ့ အပေါ်မော က်မာတဲ့ သဇင့်  ကို ကြည့်မရပုံပါပဲ..အရင်လို သမီးလို့ တောင်ချိုချိုသာသာမခေါ်တော့ပါ..။
တဖြည်းဖြည်းနဲ့  မိသား စု နဲ့ အတူတူနေနေရင်း သဇင်ဟာတစ်ယောက်တည်းသီးသန့် လို ဖြစ်လာပါတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၅)
အမေဆုံးသွားတာသဇင့် အတွက်တော့ ရွှေတောင်ကြီးပြိုသွားသလိုပါပဲ..။
ဦးအောင်ဟာ အမေမရှိတော့တဲ့အခါ သဇင့် ကို ပြောဆိုဆက်ဆံတာအရင်ထက်ပိုတင်းလာပါသည်။
အဲ့ ဒီအချိန်မှာ နှင်းဆီ က ချ စ်သူရနေပါပြီ ..။ သူ့ ကောင်လေးက သင်္ဘောတက်နေပြီး ဒီတခေါက်ပြန်လာရင်လက်ထပ်ကြမှာတွေဦးအောင်ကိုပြောပြနေ ပါသည်။သော်က အလုပ်လည်း ၀င်ငွေကောင်းတာမို့  သဇင့် လခဟာ သူတို့ အတွက် အသုံးမလိုတော့ပါ..။
အမေ မရှိတော့ အားလုံးအလုပ်တွေ နဲ့ မို့ မီးဖိုချောင်ဝင်မယ့်သူမရှိလို့  အိမ်ဖော်ငှားရပါသည်။
အိမ်ဖော်ခ ၊ ဈေးဖိုး တွေ အချိုးကျ ပေးကြမယ်လို့ နှင်းဆီပြောလာတော့ သဇင် အံ့ သြမိသည်။
“ အချိုးကျတွေလုပ်မနေပါနဲ့ နှင်းဆီရယ် ၊ မမကြီး ရသမျှ သုံးပါ… ”
“နေပါစေ..ပိုက်ဆံ အကုန်ထည့် ပြီး မမကြီး စိတ်ကြိုက်တွေ ပဲ ချက်နေတော့ အဖေ မစားနိုင်ဘူး ”
အလို… ဦးအောင်မစားနိုင်အောင် သဇင် လုပ်မိလို့ လား ၊ မဟုတ်ဘူး၊မှားနေပြီနော်
အမေရေ..လို့ ပဲ သဇင် တ မိပါတော့သည်။
လောကကြီးက မာယာများလိုက်တာအမေရယ်
အမေ ရော သဇင်ပါ ဦးအောင်ကို လျှော့ တွက်ခဲ့မိတယ်နဲ့ တူပါရဲ့ …။
ခုတော့ သဇင်ဟာ အမေ ပိုင်တဲ့အိမ်မှာ နေရင်း ဦးအောင်တို့ သားအဖတွေရဲ့  အရိပ်အကဲကိုကြည့်နေရပါပြီ။ဒါပေမယ့် ညီမလေး နဲ့ မောင်လေးဆိုတဲ့ သံယောဇဉ် နဲ့ ဦးအောင်ကို သဇင်သည်းခံနေလိုက်ပါသည်။
နှင်းဆီ မင်္ဂလာဆောင်ပြီးတော့လည်း သူ့ ကောင်လေးသဘောင်္ပြန်တက်နေရလို့  ဒီအိမ်မှာပဲ
ဆက်နေပါသည်။ နောက်.. နှင်းဆီ ကလေးမွေးတော့ သဇင့် မှာ တူမလေးအတွက် ညအိပ်ညနေ ဆေးရုံမှာစောင့်ပေး ၊အိပ်ရေးပျက်ခံ ကထိကထ ခံ လုပ်ပေးပါသည်။
နှင်းဆီလည်း သဇင့် စေတနာကို အသိအမှတ်ပြုလာပြီး ညီအမတွေပြန်တည့်လာတာမို့  သဇင်ပျော်လိုက်တာ …။ နှင်းဆီကတောင် ခုထိအိမ်ထောင်မပြုသေးဘဲ အပျိုကြီးဖြစ်လာ တဲ့ သဇင့် ကို အိမ်ထောင်ပြုဖို့  တိုက်တွန်းနေ ပါသည်.။ သဇင်ကပဲ ချေးများလွန်းတာလား တော့မသိပါ ၊ ကိုယ့်ကို ပရိုပို့ စ်လုပ်တဲ့သူတွေ နဲ့  တွဲကြည့်ပြီး အကဲခပ်ပေမယ့် သဇင် အထင်ကြီးလောက်တဲ့ လူ မတွေ့ သေးပါ..။ အမှန်တိုင်းပြောရရင် ဦးအောင်လို ချိုချိုလေးပြောပြီးနောက်ကျော ဓါးနဲ့ ထိုးမယ့်သူမျိုး နဲ့  ဆုံမှာ သဇင်ကြောက်လှပါသည်။
“ မမကြီး က ..ရွေးနေတာ မရသေးဘူးလား ၊ ဒါန့ဲအရွယ်လွန်သွားမယ်နော် ”
“ အင်း..တော်တော်နဲ့ လည်း အကြိုက်မတွေ့ ပါဘူး နှင်းဆီရယ် ”
“ ဟိုတလောက တွဲတဲ့ တစ်ယောက်မဆိုးပါဘူး ”
“အမလေး..နှင်းဆီ အကြောင်းမသိလို့  ၊ အဲ့ ဒီတစ်ယောက်က ကြည့်တော့ မခုတ်တတ်တဲ့ကြောင်လိုနဲ့  မလွယ်ဘူး ”
“အေးလေ..မမကြီးတွဲနေတာ မမကြီးပဲ သိမှာပေါ့်  ၊ဒါပေမယ့် ဒီလို တွဲကြည့်လိုက် ၊ပြတ် သွားလိုက်နဲ့ ဆိုတော့ ပတ်ဝန်းကျင် ကပြောနေပြီ..”
အို…နှင်းဆီ ကတောင်ဒီလိုပြောနေပါလား..။ ပတ်ဝန်းကျင်ကပြောတာပဲလား ၊ ဦးအောင်ကပြောနေတာပဲလား..။
သဇင် ကတော့ ကိုယ်နဲ့ တစ်သက်လုံးနေရမယ့်သူမို့ သေချာရွေးနေပေမယ့်
ပတ်ဝန်းကျင် အမြင် ကတမျိုးဖြစ်နေပြီလား..။သဇင် တွဲတယ်ဆိုတာ ရည်းစားလို လက်ပွန်းတတီးနေတာမဟုတ်ဘဲမိတ်ဆွေလို ဆက်ဆံရင်း အကဲခပ်တာမို့  သဇင့် လိပ်ပြာသဇင် လုံပါတယ်။ သဇင် ဟာကိုယ်ကောင်းရင်ခေါင်းမရွေ့ ဘူးလို့ တွေးပြီး ဝေဖန် ကဲ့ ရဲ့ သံတွေကို လစ်လျှုရှုထားလိုက်မိပါသည်။
xxxxxxxxxxxxxxx
( ၆ )
ဘ၀မှာ ဒေါသနဲ့ ဆုံးဖြတ်မိရင် မှားတတ်တယ်ဆိုတာ သဇင့် သိက္ခာနဲ့ ရင်းပြီးသိလိုက်ရပါပြီ။
အဲ့ ဒီနေ့ က အိမ်သားတွေအကုန် အပြင်သွားနေကာ ဦးအောင် နဲ့ သဇင်ပဲကျန်ပါသည်။
သဇင်ကတော့ ကိုယ်လုပ်စရာရှိတာလုပ်ရင်းဦးအောင်ကိုလည်း ရှိတယ်လို့ မထင်ပါ..။
သန့် ရှင်းရေးလုပ်ပြီးရေချိုးမလို့  ထဘီရင်လျှား နဲ့  အိပ်ခန်းထဲကအထွက်မှာ အခန်း ထဲ ၀င် လာ တဲ့ ဦးအောင်ကိုတွေ့ တဲ့အထိ သဘောရိုးပဲထင်ကာလှမ်းအထွက် ဦးအောင်က သဇင့်  ကို လှမ်းဆွဲကာ ဖက်ထားပါသည်။ အငိုက်မိကာ ဦးအောင်ဖက်တာခံလိုက်ရမှ သဇင် လန့် သွားကာ
အတင်းရုန်းထွက်ရင်း ပါးစပ်မှလည်းငယ်သံပါအောင်အော်လိုက်မိသည်။ ဒီတော့မှ ဦးအောင်က လွှတ်ပေးလိုက်ကာ..
“ နင်ကလည်း ၊ ဘာဖြစ်တာလဲ ၊ ငါ က စတာ ကိုများ ၊ တော်ပြီ ..ငါသွားတော့မယ် ၊ နှင်းဆီတို့ လာရင် ဘာမှမပြောနဲ့ နော်”
ဘုရား..ဘုရား ဒါ စတာတဲ့ ..ပထွေးက မယားပါသမီးကို ထဘီရင်လျှားထားတဲ့ အချိန် အခန်းထဲဝင်လာပြီးဖက်တာ စတာ တဲ့ လား...
မထင်ထားပါဘူး..ကိုး နှစ်သမီးကတည်းက အမေ နဲ့ ယူခဲ့ ပြီးသဇင့် ကို သမီးလို့ ခေါ်ခဲ့ တဲ့ ဦးအောင်ဟာ သဇင့် ကို ဒီလိုမျိုးဆက်ဆံတာလုံးဝမယုံနိုင်အောင်ပင်…အမေ ရေ..သမီးကို အမေ့ ယောင်္ကျားက စော်ကားဖို့ တောင်ကြံနေပြီအမေရဲ့ …
ဦးအောင်ဟာ နေခဲ့တဲ့ တလျှောက်လုံးဒီလို အပြုအမူမျိုးမရှိခဲ့ဖူးပါ..ခုမှ ဘယ်လိုဖြစ်တာလဲပဲ..
ယောင်္ကျားလေးတွေ တယောက်ပြီးတယောက်ပြောင်းပြီး တွဲနေတဲ့  သဇင့် ကို အထင်သေးလို့ လား..။ရှက်ဖို့ ကောင်းလိုက်တာ…
ရေချိုးခန်းထဲမှာ ရေလည်းမချိုးနိုင်ဘဲ ၀မ်းနည်းတုန်လှုပ်စွာနဲ့ သဇင်ငိုနေမိပါသည်။
အကြာကြီးနေတော့ ဦးအောင် ရေချိုးခန်း တံခါးလာခေါက်ကာ...
“သဇင်ရေ ..နှင်းဆီတို့ ပြန်လာပြီ..ထွက်ခဲ့တော့ ၊ ခုန ဖြစ်သွားတာ ငါတောင်းပန်ပါတယ် ၊ ငါ အသိစိတ်လွတ်သွားလို့ ပါ ၊နောင်ဘယ်တော့မှ မဖြစ်စေရဘူး..ဟုတ်ပြီလား ၊ဘယ်သူမှ မသိစေနဲ့ နော်… ”
ဦးအောင်ပြောတာတွေ နားထောင်ရင်းဒေါသနဲ့ သဇင့် သွေးတွေတွေဆူပွက်လာသည်။
ဘာလို့မပြောရမှာလဲ..ပြောမယ်..ဒင်း က သူ့ သမီးတွေသားတွေရှေ့ ကျ သူတော်ကောင်း လုပ်ချင်နေတယ်..နှင်းဆီ တို့ ကို သူ့ အဖေ ဘယ်လိုလဲဆိုတာပြောရမယ်…
ပြောမယ်..ပြောမယ်
အဲ့ ဒီေ န့က ပြောလိုက်မိတဲ့ စ ကားတစ်ခွန်းဟာ သဇင် ချစ်ရတဲ့ ညီမလေး နဲ့မောင်လေးရဲ့  အထင်သေးခြင်းနဲ့  စိမ်း ကားမှုတွေသာရခဲ့မယ်ဆိုတာ သဇင်မတွေးမိခဲ့ ပါ..
ဦးအောင် ကို မုန်းတီးရွံရှာ စိတ် နဲ့  အားလုံးရှေ့ မှာ ဦးအောင်လုပ်ခဲ့ တာတွေပြောပြလို က်တော့
“ဘာ..မမကြီး ဘာပြောလို က်တာလဲ..မဖြစ်နိုင်တာ ၊ အဖေ သူပြောတာဟုတ်လား ”
“ ဘယ် က လာ သမီးလေးရယ် ၊ အဖေ က ဒီလိုလုပ်ပါ့ မလား
သမီးသဇင် ..ဘာတွေလျှောက်ပြောနေတာလဲ ၊ အဖေ့ အင်္ကျီလေး လျှော်ခိုင်းမလို့ လာပေးတာလေ
အဖေ့ ကို ဒီလို ထင်ရက်တာဝမ်းနည်းတယ်ကွယ် ..သမီးဘာအကြံအစည်နဲ့ စွပ်စွဲနေတာလဲ ”
အိုးးး ပြောထွ က်လို က်တာ ၊ ဗြောင်ငြင်းနေတဲ့ ဦးအောင် ကို သဇင်စက်ဆုပ်စွာကြည့်နေ မိပေမယ့်  နှင်းဆီနဲ့ သော် က တို့  သူတို့ အဖေ ပြောတာယုံသွားပါသည်။
“မမကြီး ဘာရည်ရွယ်ချက်နဲ့ ပြောတာလည်းမသိပေမယ့် ဒါလုံးဝ မဖြစ်နိုင်ပါဘူး ၊ အဖေ့ ကို ဒီလိုမျိုး သိက္ခာ မချပါနဲ့ ”
“ ဟုတ်တယ်..ဒီလိုပြောတာတော့ သော် က လည်းမကြို က်ဘူး ၊ မမကြီး မရိုးသားဘူး ”
သွားပြီ…ခုတော့ တရားလို က တရားခံ လုံးလုံးဖြစ်ပါပေါ့ လား….နှင်းဆီတို့  ကိုပြောမိတာမှားပြီ လို့ သိလို က်ချိန်ဟာ နှောင်းသွားပါပြီ..
လောကကြီးမှာ ဘာလို့ သဇင် ကျမှ ဒီလိုမျိုးကြုံရတာပါလိမ့် ….၀တ်ကြွေးရှိရင် ဒီမျှနဲ့ ပဲေ ကျပါတော့လား…။
ခုတော့ ဒီအိမ်ကြီးမှာ သဇင်နေလို့ အဆင်မပြေတော့ပါ…မနေချင်လို့ တနေကုန် အပြင်မှာ အချိန်ဖြုန်းပြီးအိပ်ချိန်မှပြန်လာတတ်တဲ့ သဇင့် ကို ဦးအောင် က အပြင်မှာပဲ မဟုတ်တာတွေ လုပ်နေသလိုသွားပုပ်လေလွင့် ပြောလာပါသည်။
နှင်းဆီ နဲ့ သော် က တို့  ကလည်း သူတို့ အဖေ ကို ထိလို့ နာ ကာ သဇင့်  ကိုအထင်သေး အမြင်သေးနဲ့ ရန်သူလိုဆက်ဆံလာပါသည်။ခုတော့ သဇင့် အတွ က် အိမ်ဆိုတာငရဲခန်းလိုပါပဲ….
ဘာလို့ များသဇင့်  ကျမှ ဒီလော က်ဆိုးဝါးတဲ့  ကံကြမ္မာနဲ့ ဆုံတွေ့ ရတာာတဲ့ လဲ… အားလုံးဟာသဇင့် အပြစ်တွေလား..
သဇင် ဦးအောင် ကို ငယ်ငယ်လေး က တည်း က မော က်မာခဲ့ မိလို့ လား…
တွေးရင်း ချာချာလည်လာပေမယ့် ရှင်းလင်းတဲ့အဖြေ က ထွ က်မလာပါလား
အို….မသိဘူး.. သဇင် မသိတော့ဘူး
xxxxxxxxxxxxxxxxxxxxxxx
(၇ )
“အဲဒီတုန်း ကတော့ လောကကြီးမှာ ကိုယ့်လော က် ကံဆိုးတဲ့သူမရှိတော့ဘူးလို့ ထင်ခဲ့တာပေါ့  ဒကာမလေးရယ် ”
ကြည်လင်တဲ့ မျ က်နှာနဲ့  အေးဆေးညင်သာစွာပြောနေတဲ့ အရင်တုန်း ကသဇင်တစ်ဖြစ်လဲ ဆရာလေးဒေါ်သုဓမ္မစာရီ ကို နွယ်လေးငေးကြည့်နေမိပါသည်။ ဒီစစ် ကိုင်းတောင်ရိုး ကသီလရှင်ေ ကျာင်း ကိုရောက်တိုင်း ၀တ်ပြုလှူဒါန်းနေ ကျ ဒီဆရာလေးရဲ့ အတိတ်ဖြစ်စဉ်တွေ ခုလို သိရတာ နွယ်လေး အတွက် ဆင်ခြင်သတိထားရမှာတွေချည်းပါလား…။
အရင်အခေါက်တွေ လာတုန်းက ဆရာလေး ဒီလို စကားအများကြီးမပြောဘဲ တရားမှတ်နေ တာပဲတွေ့ ပါသည်။ဒီတခေါက်တော့ နွယ်လေး က ခံစားရတာတွေ ဆရာလေး ကိုရင်ဖွင့်ပြောပြမိ ပါ၏။
အမေ အိမ်ထောင်ထပ်ပြုလို့  ပထွေးနဲ့ နေရပြီး ၊ ခု အမေတူဖအေကွဲ ညီမလေးရလာတော့ သူ့ 
ကို ဂရုမစိုက်တော့လို့ မကျေမနပ်ပြောနေတဲ့ ဆယ်ကျော်သက်အရွယ်နွယ်လေးကို မမှားသင့် တာမမှားအောင် ၊ ရောက်ရာဘ၀မှာလိုက်လျှောညီထွေနေတတ်အောင် ဆုံးမချင် လို့  ဆရာလေး က ဘယ်သူမှမသိသေးတဲ့ သူ့ ဘ၀ဇာတ်ကြောင်း ကို မခြွင်းမချန် ပြောပြလိုက်ပါသည်။
“ ဆရာလေးပြောပြတာတွေနားထောင်ရတာနွယ်လေးအတွက်သိပ်တန်ဖိုးရှိပါတယ်
ခု နွယ်လေးလည်း ပထွေး ကသဘောကောင်းရက်နဲ့  ဆူဆူဆောင့် ဆောင့် ဆက်ဆံတတ်တာတွေ ပြင်ပါ တော့မယ်...။ ညီမလေးနဲ့ လည်း ကြီးတဲ့အထိ ချစ်ချစ်ခင်ခင် နေသွားနိုင်အောင်ကြိုးစားပါ့မယ် ၊နွယ်လေး ကို ခွင့်ပြုပါဦးနော် ”
သူ့ ကို ၀တ်ပြုနုတ်ဆက်ရင်း ထွက်သွားတဲ့ နွယ်လေးရဲ့ ကျောပြင်ကို ငေးကြည့်ကာ ဆရာလေး ဒေါ်သုဓမ္မစာရီ ကတော့ နွယ်လေးတစ်ယောက် ကံဇာတ်ဆရာပစ်ချလိုက်တဲ့ ဘ၀မှာ အဆင်ပြေပြေနဲ့ ကျေနပ်ပျော်ရွှင် စွာနေ သွားနိုင်ပါစေ လို့ မေတ္တာပို့ဆုတောင်းပေးနေမိပါတော့သည်။
( လူသားတိုင်း ကံဇာတ်ဆရာပစ်ချလိုက်တဲ့ ဘ၀မှာ အဆင်ပြေပျော်ရွှင်စွာနေနိုင်ကြပါစေ )
ကြာဖြူနွယ်
Women`s World Journal Vol-2, Issue -38 Oct -2 , 2013
No comments:
Post a Comment