Friday, April 12, 2013
နွေဦးလေ နဲ့  မှာတမ်းခြွေ
မဖတ်ချင်ပါဘူး ….. မောင်
မောင် ပို့ လိုက်တဲ့ မေးလ် မှာ ဘာတွေရေးထားမလဲဆိုတာသိနေလို့ သက် မဖတ်ချင်ပါဘူး။ မောင့် ဆီလိုက်လာခိုင်းထားပြန်ပြီပေါ့ လေ… ။မနေ့ က VZO နဲ့ စကားပြောကြကတည်းက
မောင့်အကြံကိုသက်ရိပ်မိပါတယ်။
“မြန်မာပြည်မှာဒီနှစ်နွေဆို တော်တော် ပူမှာပဲ၊ အိုက်ကအိုက်၊ မီးကပျက်နဲ့ စိတ်ညစ်စရာကြီးပါကွာ။ ဒီမှာတော့ အေးစိမ့်စိမ့်လေး နဲ့ နေလို့  ကောင်းလိုက်တာ၊ လာလည်တုန်းက သက်တောင် သဘောကျသွားတယ်မှတ်လား"
မောင်ပြောသလို မနှစ်က သက်ရောက်ဖူးတဲ့ နေရာလေးရဲ့ အေးမြ မှု ကို နှစ်သက်ခဲ့ဖူးပါ တယ်။ ချောမွေ့ မြန်ဆန်တဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကိုလည်းသဘောကျခဲ့ တယ်။ ကြည့်လေရာမှာ သပ်ယပ်သန့်ရှင်းနေတာလည်းချီးကျူးခဲ့တယ်။ လှပသာယာနေတဲ့  ရှုခင်းတွေကိုလည်း ခံစားကြည်နူးခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ရင် ကျောင်းကတည်းက သက်နဲ့ မောင် အမြင်မတူကြဘူး နော်...။
သက် UFL ( နိုင်ငံခြားဘာသာတက္ကသိုလ်) တက်ခဲ့တာ နိုင်ငံခြား သွားဖို့ မဟုတ်ဘူးဆိုတာ မောင့်ကို ချစ်သူမဖြစ်ခင် သူငယ်ချင်းဘ၀ကတည်းက ပြောပြထားရက်နဲ့ တောင် ကျောင်းပြီးတာနဲ့  တစ်ခါတည်းလိုက်ခဲ့ဖို့ ခေါ်တဲ့မောင့်ကြောင့်  သက်တို့ အကြီးအကျယ် စကားများခဲ့ ရပြီးပြီ။
သက် ...ဧည့်လမ်းညွှန်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။
သက်တို့ မြန်မာပြည်ကိုလာရောက်လေ့ လာလည်ပတ်ကြတဲ့  နိုင်ငံခြားခရီးသွားတွေကို ကိုယ့်နိုင်ငံ ရဲ့ လှပတဲ့ နေရာစုံလိုက်ပြဖို့ အတွက် ၊ တန်ခိုးကြီးလှတဲ့ ဘုရားသမိုင်းတွေ သေချာရှင်းပြဖို့ အတွက်  ဒေသန္တရ ဗဟုသုတ တွေ သေချာ ပြောပြ ပေးနိုင်မယ့်  ဧည့်လမ်းညွှန် ကောင်းတွေ  မြန်မာပြည်မှာ အများကြီး လိုသေးတယ် မောင်။ ၊ သက်လုပ်တဲ့ အလုပ်ဟာ ကိုယ့်နိုင်ငံကိုအကျိုးပြုတဲ့ အလုပ်မို့ ဘယ်သူတားတား လုပ်မှာပဲလို့  ဆိုတော့ အမြဲတမ်း သက်ကို ချစ်ခင်အလိုလိုက်တတ်တဲ့ မောင် ကသက်နဲ့ အတိုက်အခံပြော ချင် ပုံမရလို့ 
" သက် အရမ်းစိတ်အားထက်သန်နေရင်တော့လည်း လုပ်ကြည့်ပေါ့ ၊မောင်ပဲအရင် ထွက်သွား မယ်၊ နောက်တော့မှ သက်ကို လှမ်းခေါ်မယ်နော် "
"သက်ပြောပြီးပြီလေ..သက် မြန်မာပြည်မှာပဲအလုပ်လုပ်ချင်ပါတယ်ဆို"
" အော်..ပြောရခက်လိုက်တာသက်ရယ်၊ကဲ ..မောင်ဘာမှမပြောတော့ဘူး ၊ သက်သဘောပဲ"
မောင်မြန်မာပြည်ကထွက်သွားတဲ့အချိန်ထိစိတ်မကောင်းဖြစ်သွားတာကိုသိပါတယ်မောင် ။
သက်လည်းမောင့်ကိုသိပ်ချစ်တာမို့ မောင်နဲ့ မခွဲတူတူနေချင်တာပေါ့ ကွယ်။
ဒါပေမယ့်  သက်လမ်းကို သက် ဖောက်ရဦးမယ်လေ….။
ဝေးကွာရလေတော့ ရေခြားမြေခြားမှာနေတဲ့ မောင့်ကိုအမြဲစိုးရိမ်နေရတဲ့သက်ပါမောင်…။
သက် သင်တန်းဆင်းပြီး ဧည့်လမ်းညွှန် ဖြစ်ချိန်မှာ မောင်လည်းဟိုမှာအလုပ်ကောင်းကောင်း ရပြီးမြို့ တော်ကြီး မှာနေရတယ်ဆိုတော့ သက်ဝမ်းသာမိတယ်..။
သက်တို့ ခွဲနေရတဲ့ အချိန် တစ်နှစ်ခွဲကျော် ကြာလာတော့ မောင်က မောင့်မိဘ တွေ နဲ့ သက်ကိုအလည်လာဖို့ ခေါ်ခဲ့လို့ သူတို့ နိုင်ငံရဲ့ တနှစ်ပတ်လုံးမှာနေလို့အကောင်းဆုံး ဆိုတဲ့   နွေဦးရာသီမှာ သက်တို့ မောင့် ဆီ လာလည်ခဲ့တယ်လေ။ 
ချယ်ရီပန်းတွေပွင့်တာကလည်းလှလိုက်တာမောင်ရယ် ။ အချိန်အကြာကြီးခွဲခွာနေရတဲ့ မောင်နဲ့အတူ ချယ်ရီလမ်း မှာ လျှောက်ခဲ့ကြရတာ ကတော့ မမေ့နိုင်စရာအမှတ်တရပဲနော်။သက်တို့ ပြန်လာတဲ့ အချိန်လေဆိပ်လိုက်ပို့ တဲ့ မောင့် မျက်နှာက၀မ်းနည်းရိပ်ကိုမြင်ရတော့သက်ရင်ထဲမှာကျင်နေအောင် သနားမိပါတယ်။သက်လည်းမောင့်ကိုသိပ်ချစ်တဲ့ သူပါကွယ်၊ ခွဲခွာခြင်းကိုမုန်းပါတယ် ။
သက်တို့ တစ်ဘ၀လုံး နီးဖို့ ခဏလေးဝေးကြတာပဲလို့ အားတင်းပါ မောင်..။
xxxxxxxxxxxxxxxx
မပြောချင်ပါဘူး……မောင်
မောင့်ရဲ့ ဆန္ဒကို ငြင်းပယ်တဲ့စကား သက်နုတ်ဖျားက ဘယ်တော့ မှ မဖွင့် ဟချင်ပါဘူးကွယ်။
ဒီနွေဦးမှာ သက် ကိုမျှော်နေမယ့် မောင့်ကိုသက်ဘယ်လိုရှင်းပြရပါ့ မလဲ..။ထွက်သွားတာ သုံးနှစ်ပြည့်ခါနီးပေမယ့်  မြန်မာပြည်ကိုလွမ်းတယ်လို့ တစ်ခွန်းမှမပြော၊တစ်ခေါက်မှတောင်ပြန်မလာတဲ့ မောင့် ရဲ့  စိတ်ကို သက်သိနေပါတယ်။မောင်..သူများနိုင်ငံမှာပျော်နေပြီမဟုတ်လား။
"သက်တောင့်သက်သာ နဲ့ ပန်းခင်းတဲ့လမ်းကို ဘယ်သူမဆိုလျှောက်ချင်ကြတာပဲ၊
ဒါပေမယ့် မောင့် သက်ကတော့ နေပူဖုန်ထူတဲ့ လမ်းခရီးကိုမှမက်မောနေတာတော့မောင် ကံဆိုးတာပဲ"
မောင်နဲ့ အွန်လိုင်းမှာစကား ပြောတိုင်း သက်ကို ဒီလို စကားတွေနဲ့ မောင် ခနဲ့တတ်တယ်နော်။ မောင့် နောက်ခေါ်မရ လို့ မချင့်မရဲ ဖြစ်ပြီး ပြောတဲ့ စကားဆိုတာသိပေမယ့် သက် ရင်နာရပါတယ်။ သက်ကိုပဲဘာလို့ မရ ရအောင်ခေါ်နေတာလဲ၊ မောင်ပြန်လာဖို့ ပြင်တော့လေ..လို့ သက်ပြောတော့ မောင်နှုတ်ဆိတ်လို့ တိတ်သွားခဲ့တယ်နော်။
သက်တို့ နှစ်ယောက်ရဲ့ အနာဂါတ်အတွက်ပိုက်ဆံရှာချင်သေးတယ်လို့ တော့အကြောင်းမပြပါ နဲ့ ..မောင် ၊သက်ဟာ ချမ်းသာပြည့်စုံမှုကို မက်ပြီး ဇိမ်ခံပစ္စည်းတွေ နဲ့ နေချင်တဲ့ သူမဟုတ်ဘူးဆိုတာ မောင်သိနေတာပဲကွယ် ။
သက်ဓါတ်ပုံတွေကြည့်ပြီး  သက်က အသားတွေမည်းပြီး ပိန်သွားလိုက်တာလို့ မောင်ပြောခဲ့သေးတယ် နော် ။ သက် အလုပ်ကိုက နေပူထဲသွားနေရတဲ့ အလုပ်ကိုးမောင်ရယ်။
ဧည့်သည်တွေ ကို အစစအရာရာ အဆင်ပြေအောင်ဂရုစိုက်နေရလို့ ကိုယ့်ကိုယ်ကို သပြီးအလှမပြင်နိုင် ဘူးလေ…။ဒါပေမယ့်  သူတို့ ရဲ့ ခရီးစဉ် အဆင်ပြေပြေချောမွေ့ ဖြစ်သွားရင် နေပူပူ ဖုန်ထူထူမှာ ပင်ပန်းနေပေမယ့် သက်ပျော်ပါတယ်။
တစ်ခါမှမမြင်ဖူးမတွေ့ ဖူးဘဲ လေဆိပ်မှာနာမည်ဆိုင်းဘုတ်ကြီးထောင်ပြီးသွားကြိုခဲ့ရတဲ့  သက်ဧည့်သည်တွေဟာမြန်မာပြည်ကပြန်ခါနီးလို့ လေဆိပ်ကို သက်ပြန်လိုက်ပို့ တဲ့ အခါမှာ ခွဲရခါနီး ဆွေမျိုးရင်းချာတစ်ယောက် လို နုတ်ဆက်ကြတယ်မောင်ရဲ့  ..။
အလာခရီးတုန်းက ဇဝေဇ၀ါရိပ်သန်းပြီးစိုးရိမ်နေတဲ့သူတို့ မျက်နှာတွေ ဟာ မြန်မာပြည်အနှံ့ ကို သက် လိုက်ပို့်ပြီးတဲ့ အခါ ရင်းနှီးခင်မင်ခြင်း ၊ အားကိုးယုံကြည်ခြင်းတွေ နဲ့ ရွန်းလဲ့ တောက်ပလာတာ ကို ကြည့်မြင်လိုက်ရတဲ့ အခါ သက်ရင်ထဲကြည်နူး ပီတိဖြစ်မိပါတယ်။
သေချာပါတယ် ၊အဝေးကနေ သက်ကိုသတိတရလှမ်းဆက်သွယ်ကြတဲ့  သက်ရဲ့ ရွှေဧည့်သည် တွေဟာနောက်တစ်ခါ မြန်မာပြည်ကို ထပ်လာကြလိမ့် ဦးမယ်။ မရောက်ဖူးသေးတဲ့ တခြားမိတ်ဆွေတွေကိုလည်းခေါ်လာကြဦးမှာပါ။ 
သူတို့ ပြန်လာလည်ရင်ကြိုဖို့ သက်မြန်မာပြည်မှာရှိမှဖြစ်မယ်…မောင် ။
xxxxxxxxxxxxxxxx
မနှိုင်းချင်ပါဘူး ….မောင်
မောင်ရောက်နေတဲ့ နိုင်ငံ နဲ့  မြန်မာပြည်ကို နှိုင်းပြပြီး သက်ကို မစည်းရုံးပါနဲ့လားကွယ်….။ မောင်ဘယ်လိုပြောပြောသက်ရဲ့ စိတ်ထားက မပြောင်းလဲလာနိုင်တာ မောင် သိသင့် ပါတယ်။သက်ကို ခေါ်မရလို့ ဒေါသထွက်ထွက် နဲ့ မောင်ပြောခဲ့သေးတယ်နော်..။
" ရေကြည်ရာမြက်နုရာရှာတာဟာအပြစ်လားသက်ရယ် ၊ မောင့်တိုင်းပြည်ကို မောင် သစ္စာဖောက် နေတာလည်း မဟုတ်ဘူး၊သူများနိုင်ငံမှာ မြန်မာတွေ သိက္ခာကျအောင် မဟုတ်တာလည်း လုပ်မနေ ပါဘူး။ သက်လာကြည့်စမ်းပါ..လုပ်ငန်းခွင်ထဲမှာ အလုပ်ကြိုးစားလွန်းတယ်ဆိုတဲ့  သူတို့ လူမျိုးတွေ ထက်သာအောင်ကို
 မောင် ကြိုးစားလုပ်နေတာပါ "
ယုံကြည်ပါတယ်မောင်
သက်ချစ်တဲ့ မောင်ဟာ စိတ်ဓါတ်ခိုင်မာပြီး အရည်အချင်းရှိတဲ့ လူတော်လူကောင်းမှန်း သက်သိပြီးသားပါ။ ဒါကြောင့်လည်း ဒီလိုနှစ်တိုလေးနဲ့  ကုမ္မဏီအကြီးကြီးတစ်ခုမှာထိုက်သင့်တဲ့ နေရာတစ်ခုရခဲ့  တာပေါ့ ။ရေကြည်ကြည်နဲ့ မြက်နုနုလေးတွေ မောင်ရှာတွေ့ နေပြီလေ..။.
သက်ကြည်ညိုတဲ့ဆရာတော်ကြီးဟောကြားဖူးတာလေး မောင့်ကိုပြန်ပြောပြမယ်နော်။
“ရေကြည်ရာမြက်နုရာ ရှာတယ်ဆိုတာ လူတိုင်းလုပ်နိုင်ပါတယ်၊ ဒါပေမယ့် ကိုယ်ရှိနေတဲ့နေရာ ကိုရေကြည်ပြီးမြက်နုလာအောင်တော့ လူတိုင်းမလုပ်နိုင်ကြဘူး တဲ့ မောင်ရဲ့ ။
ဒါကြောင့်  မြန်မာပြည်က ပညာတတ်လူငယ်တွေကို တိုးတက်ပြီးသားနေရာ ကို ရှာဖွေသူထက် ကိုယ့်နေရာမှာ ရေကြည်အောင်၊မြက်နုအောင် လုပ်ကြဖို့ ဆရာတော်ကြီးမိန့်ကြားသွားတာ နားထောင်ပြီး သက်လေကြက်သီး ထမတတ်ဆရာတော်ကြီးကို ကြည်ညိုလေးစားမိတယ်။
သက်လည်း အခု သက် တတ်စွမ်းသလောက် ကြိုစားပြီး ရေကြည်တူးနေပါတယ်။မောင့်ကိုလည်း သက်နဲ့ အတူတူကူပြီးမြက်ပင်နုနုလေးတွေကိုပျိုးထောင်ပေးမယ့်သူ ဖြစ်စေချင်လိုက်တာကွယ်။
ပြန်လာရင် မောင် အခြေအနေပျက်သွားမှာပေါ့ ဆိုတဲ့ စကားနဲ့တော့အကြောင်းမပြပါနဲ့ ။
 မောင်ရှိတဲ့ နိုင်ငံက ကုမ္မဏီကြီးတွေအခုသက် တို့ နိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ လာနေကြတာ အများကြီး
ခုချိန်မှာ သက်တို့ တိုင်းပြည်ကလေ… ဘာနဲ့တူလဲဆိုတော့ ဆွတ်ခြူချင်သူတွေ ၀ိုင်းဝိုင်းလည်နေ တဲ့ ပန်းလေးတစ်ပွင့် လိုပါပဲ။ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတဲ့ ရနံ့ လေးထုံသင်းမွှေးလာပါပြီ။
မောင်ပဲပြောခဲ့ဖူးတယ်လေ ..။ရောက်ခါစက မောင့်ကို မြန်မာပြည်ကလာတယ်ဆိုပြီး ဆက်ဆံရေး တမျိုးဖြစ်နေတဲ့ အယူသည်းပြီးခေါင်းမာသူတွေဟာ ခေတ်စနစ်ပြောင်းလဲသွားတဲ့ အချိန်မှာ မောင့်ကို ဖက်လှဲတကင်းဆက်ဆံလာကြတယ်၊ အားတဲ့ အချိန်တိုင်း မြန်မာပြည်အကြောင်းတွေကို စိတ်ဝင်တစားမေးကြပြီး လာလည်ချင်နေကြတယ်ဆို….။
သူတို့ နိုင်ငံမှာ တကယ့်ထိပ်တန်းသူဌေးတွေပဲ စားနိုင်တဲ့  ဒူးရင်းသီး၊  သရက်သီး ၊  မင်းဂွတ် သီးတွေ  မြန်မာပြည်မှာ ဘယ်လိုပေါတယ် ဆိုတာ မောင်ပြောပြလိုက်တော့ တအံ့ တသြနဲ့  မောင့်ကို ကြည့်နေတယ်ဆို….။
နှင်းရိုက်တဲ့ဒဏ် ခံနိုင်တဲ့  အသီးအပင်တွေပဲ အားထားစိုက်နေရပြီး မြေပြန့် ရှားပါးလှတဲ့ နိုင်ငံမှာ ကြီးပျင်းခဲ့တဲ့ သူတို့ ကို မြန်မာပြည်ရဲ့ ပူနွေးစွတ်စိုတဲ့ရာသီဥတု နဲ့  ဘာအပင်စိုက်စိုက်ပေါက်တဲ့ အကြောင်းတွေမောင်ပြောပြတော့ ဒီလိုမြေမျိုး လိုချင်အားကျစိတ် နဲ့ သူတို့ မျက်ဝန်းတွေ အရောင်တလက်လက် တောက်နေတယ်ဆို ….။
ရွက်ပြောင်းချိန်မှာ ရောင်စုံခြယ်ပြီး လှပတဲ့  သူတို့ ရဲ့ တောင်တန်းကြီးတွေမှာ ပေါက်တဲ့ အပင်တွေဟာ သိပ်အသုံးမ၀င် ဘဲအလှပြသက်သက် ဖြစ်နေပြီး  မောင် ပြောပြတဲ့ မြန်မာပြည်ရိုးမတောတွေ ထဲမှာ ရှိတဲ့ ရှားပါးသတ္တ၀ါတွေ ၊ အဖိုးတန်သစ်တောတွေ နဲ့ တန်ဖိုးကြီးသစ်ခွပန်းတွေကို ခုချက်ချင်း သွားကြည့်ချင်တယ်လို့ ပြောကြတယ်ဆို…..။
ဘာပဲဖြစ်ဖြစ် သက် ကတော့ မြန်မာပြည်သားဖြစ်ရတာအမြဲဂုဏ်ယူမိပါတယ် ..။
xxxxxxxxxxxxxxxx
မငြင်းချင်ပါဘူး ….. မောင်
သက် ချစ်တဲ့မောင် နဲ့ အွန်လိုင်းမှာ တွေ့ ဆုံရတဲ့ အချိန်လေးမှာ သက်အတိုက်အခံစကားတွေ နဲ့ အငြင်းအခုန် မလုပ်ချင်ပါဘူး။
“ ခုလိုနွေရောက်လာရင် မီးကပျက် ၊ ရေကမရှိနဲ့  စိတ်ညစ်စရာပဲနော်၊ လမ်းတွေလည်းဖုန်ထနေ လောက်ပြီ.. သက်နေရတာအဆင်ပြေရဲ့ လား”
မောင်ဒီလိုပြောတော့စေတနာစကားပေမယ့် သက် စိတ်ဆိုးပါတယ်။
လောကကြီးကို အကောင်းမြင်သမားနဲ့ အဆိုးမြင်သမားကြည့်ပုံချင်းမတူဘူးမောင်ရဲ့ ..။
အရှင်းဆုံးဥပမာပေးရရင် …ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ကိုကြည့်ပြီး အဆိုးမြင်သမားက ဟွန်း….ရေကလည်းတစ်ဝက်ပဲရှိတော့တယ်”လို့ စိတ်ပျက်လက်ပျက်နဲ့ ငြူစူအပြစ်တင်နေခ်ျိန်မှာ အကောင်းမြင်သမားကတော့“ဟယ်…ရေတစ်ဝက်ကြီးများတောင်ကျန်သေးတာပဲ၊တော်ပါသေးရဲ့  ” လို့ ဝမ်းသာအားရရေရွတ်လိုက်သတဲ့ ….။
ဒီလိုပဲပေါ့ …မောင်က အေးချမ်းလှပတဲ့ နေရာကနေ  ဖုန်ထူနေပူတဲ့မြန်မာပြည်နွေဦးကို အပြစ်တင်ကဲ့ ရဲ့ နေပေမယ့်  သက်ကတော့ပူပြင်းတဲ့နွေဦးမှာ ဖူးပွင့်ဝေဆာအလှဖြာနေတဲ့  ပန်းလေးတွေကို ကြည့်ပြီး ကြည်နူးမှုတွေနဲ့အတူ နေ့ရက်တိုင်းကိုရှင်သန်ချင်ပါတယ်။
ဟော …ခုမောင့်ဆီစာရေးနေရင်း အသံလေးတစ်ခု သဲ့ သဲ့ ကြားတယ်..ဥသြ  ဥသြ တဲ့ ..။ လွမ်းမောစရာအသံလေးနဲ့တွန်ကြူးတတ်တဲ့ ဒီငှက်ကလေးကို နွေရောက်လာမှမြင်ရတာ လေမောင်ရဲ့ ..။သက် အတွက်တော့ ဥသြလေးရဲ့  အသံက နွေဦးကဗျာပါပဲ…။
လှပဝေဆာနေတဲ့ ပန်းလေးတွေ ကတော့နွေဦး ပန်းချီပေါ့ ။
သြော် ..မောင့်ကို သက်မြင်တွေ့ ခဲ့ရတဲ့  နွေဦးပန်းချီကားလေးအကြောင်းပြောပြရ ဦးမယ်….။
တနေ့ က ဧည့်သည်တွေကို ထောက်ကြန့် စစ်သင်္ချိုင်းဘက် သက်လိုက်ပြရတုန်းကပေါ့ ..။ မြို့ ထဲကထွက်လာကြပြီး မင်္ဂလာဒုံနယ်မြေဘက်ရောက်တယ် ဆိုရင်ပဲ ရှုခင်းတွေပြောင်းသွားတာကို သူတို့ က စိတ်ဝင်တစားကြည့်ကြပါတယ်။ မင်္ဂလာဒုံဈေးကျော်လာပြီး ရထားသံလမ်းဂုံးကျော် တံတားကိုဖြတ်တော့  ကားလမ်းမအလယ်မှာ စိုက်ထားတဲ့ ပျဉ်းမပန်းပြာပြာလေးတွေ ကလည်း စီတန်းနေတာ သိပ်လှတာပဲမောင်....။
တဖြည်းဖြည်း  မြို့ ပြင်ဘက်ရောက်လာတော့ တွဲလွဲခိုပြီး ပင်လုံးကျွတ်ပွင့် နေတဲ့ငုပန်းဝါ၀ါတွေရဲ့ အလှကိုမြင်တော့ သူတို့ ရင်သပ်ရှုမောသွားတယ်လေ… ။ဆက်သွားရင်း လမ်းမှာ ငုပန်းဝါ၀ါ နဲ့  ပျဉ်းမပြာပြာလေးတွေ အတူတူပေါက်နေကြ တဲ့ နေရာရောက်တော့ သက်ကို ကားရပ်ခိုင်းပြီး သူတို့ ဓါတ်ပုံရိုက်ကြတယ်မောင်ရဲ့ ..။
စိန်ပန်းနီနီတွေကလည်း ပွင့် တဲ့ အပင်က ပွင့် နေကြပြီလေ။ရဲရဲတောက်နေတဲ့စိန်ပန်းရဲ့  အလှကလည်းသူတို့ ကို ဖမ်းစားဆွဲဆောင်နိုင်ပါတယ်….။သက်မြင်သလောက်ပြောရရင် စိန်ပန်းပင်ပျိုလေးတွေက အရင်ပွင့် တယ်မောင်ရဲ့ …။အပင်ကြီးတွေက ခုမှ ရွက်သစ်ဝေခါစ ၊ အသီးထွက် ခါစ ပဲရှိသေးတယ်။မေဦးမိုးလေး ရွာသွန်းစအချိန်ဆိုရင်တော့ ဒီလမ်းတစ်လျှောက် စိန်းပန်းနီနီတွေ ရဲ ပြီးလှပနေတာမနှစ်က သက် မြင်တွေ့ ခဲ့ဖူးတယ်လေ…။
သက် ကထောက်ကြန့် မရောက်မချင်း တွေ့ နေရတဲ့ လမ်းတွေ၊ အိမ်တွေ၊ ပျိုးခင်းလေးတွေ အကြောင်း သူတို့ ကို ရှင်းပြနေတုန်းမှာ ရှင်လောင်းလှည့်ပွဲတစ်ခုနဲ့ တိုးတယ်…မောင်။  မြင်းပေါ်မှာ ထိုင်နေ တဲ့  မောင်ရှင်လောင်းလေးတွေကို လိမ်းပေးထားတဲ့ သနပ်ခါး ပုံစံကို သဘောကျလို့ ဆိုပြီး သူတို့ လေဓါတ်ပုံတွေရိုက်ပြီး မှတ်တမ်းတင်လို့မဆုံးပါဘူး။သက်တို့ မြင်ရတာက စုပေါင်းရဟန်းခံ ရှင်ပြုပွဲ မို့ မောင်ရှင်လောင်း တွေကလည်းအများကြီးပါပဲ။
ဆိုင်းဝိုင်းတင်ထားတဲ့ ကားမှာဆိုနေကနေကြတာကို ကြည့်ပြီးသူတို့ လည်းပျော်ရွှင်နေကြတယ်လေ.. ။ ဧည့်သည်အဖွဲ့  ခေါင်းဆောင် က သက်ကိုပြုံးကြည့်ရင်း“မင်းတို့ မြန်မာပြည်က ဆူညံအသက်ဝင်ပြီး ပျော်စရာကောင်းလိုက်တာ..လမ်းပေါ်မှာလည်းလူတွေသွားနေကြတာအများကြီးပဲ…။ တို့ ဆီမှာတော့ အေးလွန်းလို့ တံခါးတွေအကုန်ပိတ်ထားရပြီး လမ်းမမှာအမြဲ တိတ်ဆိတ်ခြောက်ကပ်နေတာ ၊ မင်းတို့ နွေဦးက ပန်းလေးတွေ ရောင်စုံပွင့် ပြီး စည်ကားလှပလိုက်တာ..လို့ ပြောလာတော့ သက် ဂုဏ်ယူစွာနဲ့ အားပါးတရပြုံးလိုက်မိတယ်လေ.. ။
xxxxxxxxxxxxxxxx
မလိုက်ချင်ပါဘူး ….. မောင်
မောင်ဘယ်လို ချော့မော့စည်းရုံးနေလည်းပဲ သက်ရဲ့ ဆုံးဖြတ်ချက်က ပြောင်းလဲသွားမှာ မဟုတ်ပါဘူး…။မောင်ကသက်ဆိုပြနေကျ သီချင်းလေး မေ့ နေပြီလားလို့ မေးခဲ့တယ်နော်…။ မမေ့ ပါဘူးမောင်..သက်စိတ်ကူးယဉ်ပြီးမောင့်ကိုဆိုပြခဲ့တဲ့ သီချင်းလေးလေ..။
  မောင်..ရှေ့ကိုတည့်တည့် လျှောက်ရင် …. မေလည်းနောက်က လိုက်မယ်မောင်ရေ
ဟော ..ရှေ့မှာအဖြူ မြင်သလားမေ ..ဘော်သာခွာကြူ ပုလဲဖြူ မြင်သားပေါ့ သက်ဝေ..
ဘုရားသွားရည်စူ စိတ်တူုကိုယ်တူ
မောင်တည့်တည့်လျှောက်ရာ ကို သက်နောက်ကနေလိုက်မှာပါ..၊ဒါပေမယ့် သူများနိုင်ငံမှာတော့ မဟုတ်ဘူးလေမောင်..။မောင်တည့်တည့်လျှောက်ရမှာ ကိုယ့်မြန်မာပြည်မှာပါ…။
သီချင်းလေးထဲကလို ဘုရားသွားကျောင်းတက်အတူ သာသနာပြုချင်ပါတယ်….မောင် ။
နောက်ပြီး..ဟောဒီလို နွေဦးမှာတွန်မြူးတဲ့  ဥသြငှက်သံလေးကို အမြဲနားထောင်ချင်တယ်။
ငုဝါ၀ါ၊ပျဉ်းမပြာပြာနဲ့ စိန်ပန်းနီနီရဲနေ တဲ့ နွေဦးပန်းချီလေးကို သက်နှစ်တိုင်းကြည့်ချင် သေးတယ်လေ…။
နောက်လဆို သင်္ကြန်ကျတော့မယ်…မောင် ။
သင်္ကြန်မိုးပြေးလေး ရွာသွန်းလာရင် နွေရဲ့ ဘုရင်မဖြစ်တဲ့  ရွှေဝါရောင်ပိတောက်ပန်းတွေလည်း ပွင့် လန်းကြတော့မယ်လေ။တွေးရင်းနဲ့ သင်္ကြန်ကျတိုင်း သက်ကို ပိတောက်ပန်းတွေ ခူးပေးပြီး  ဦးဦးဖျားဖျားရေလောင်း တတ်တဲ့ မောင့်ကို သိပ်လွမ်းတာပဲကွယ်…။
မောင်မရှိတဲ့ နေ့ ရက်ကို သက် မဖြတ်သန်းချင်တော့ဘူးမောင်ရယ်…။
ဒါကြောင့်လေ …နွေဦးလေ နဲ့ အတူမောင့်ဆီကို မှာတမ်းခြွေလိုက်ပါရဲ့ ။
သက်ရှိရာ မြန်မာပြည် ကို ပြန်လာခဲ့ပါနော် ။
ကြာဖြူနွယ်
2014 ဧပြီလထုတ် Fashion Image Magazine
No comments:
Post a Comment