Monday, March 18, 2013
ဒဏ်
( ၁)
စားသောက်ဆိုင်လေးက အဲကွန်းဖွင့်ထားလို့ အေးမြနေပေမယ့်  ထက်မြက် ရင်ထဲမှာ တော့ ရှုပ်ထွေးတွေဝေနေပါသည်။ ရှေ့ မှာရှိနေတဲ့  ဆယ်နှစ်ဆယ်မိုး ချစ်ကြိုက်ခဲ့တဲ့  ချစ်သူ ငြိမ်း ရဲ့ မျှော်လင့် ချက် မျက်နှာကို ရင်ဆိုင်မကြည့်ဝံ့ ဘဲ မျက်နှာလွှဲလိုက်ပေမယ့် အရင် ထက် ရင့် ရော်သွားတဲ့ မျက်ဝန်းတ၀ိုက်က အရေးအကြောင်းတွေကိုတော့ မြင်ဖြစ်အောင်မြင်လိုက်ပါသည်။
၃၂ နှစ်ကျော်ပြီဆိုတော့လည်းဇရာရဲ့ အရိပ်အယောင်တွေ စပြီးပြလာပြီပေါ့ လေ။ဒီကြားထဲ ငြိမ်းက မိသားစုတစ်ခုလုံးရဲ့ တာဝန်ထမ်းနေရပြီး ကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့ ပြုပြင်မှု မရှိတော့ ပိုပြီးအရွယ်ကျမြန်လာပါသည်။
အရင်က  ပြည့်ဖူးနေတဲ့ မျက်နှာလေးက ခုတော့ နားထင်ကျကျ နဲ့  ခပ်ချောင်ချောင်ဖြစ်နေပြီး
ဖြူဝင်းခဲ့တဲ့ အသားအရေကလည်း  မည်းညစ်ရိပ်သမ်း နေပါပြီ။
ဒါပေမယ့်  ငြိမ်း ရင် ထဲက သူ့ ကို ချစ်တဲ့ အချစ်တွေကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကအတိုင်းပဲ ရှိနေတာသူသိပါသည်။ သိလို့ လည်း ပြောဖို့ စကားတွေ က နုတ်ဖျား ရောက်ကာမှ ဆွံ့အ သွားရ၏ ။
"မောင် .. တိတ်လှချည်လား ၊ ငြိမ်းမေးတာ ဖြေဦးလေ ၊ ဒီဝါကျွတ်ရင်တော့ ငြိမ်းတို့  အဆင်ပြေလောက်ပါပြီနော်။ အမေ ကလည်း ဒီနှစ်တော့ ဖြစ်အောင် လုပ်ကြတဲ့ ..
ငြိမ်းစိတ်ကူးထားတာကလေ ခန်းမငှားမနေတော့ပါဘူး။
ဦးဇင်းကျောင်းမှာပဲ ဆွမ်းကျွေးလိုက်မယ်လေ ၊ ကျောင်းဝန်းက ကျယ်သားပဲ "
ငြိမ်း အားတက်သရောပြောလိုက်တဲ့ စကားတွေက သူ့ အတွက်တော့ စိတ်ပျက်စရာ
ကောင်းနေပါသည်။တစ်သက်တစ်ခါ ဆောင်ရမယ့် မင်္ဂလာပွဲ ကို ဒီလို ရပ်ကွက် ဘုန်းကြီးကျောင်းလေးမှာ ဖြစ်ကတတ်ဆန်း လုပ်ရမှာတဲ့လား..
သူ့ ကို ကြီးကျယ်တယ်လို့ ပြောချင်ပြောပါစေ ၊ ဒီလောက် ကြိုးစားအားခဲ ထားရတဲ သူ့ ဘ၀ ရဲ့  အရေးပါတဲ့ အခမ်းအနားကို ဒီလို လေးနဲ့ မပြီးစေချင်ပါ။
သူ  ပကာသန မက်တတ်ပါသည်။
ဒါကြောင့်လည်း နှစ်တိုင်း ငွေရေးကြေးရေးအခက်အခဲကိုတွက်ဆ ပြီး လက်ထပ်ဖို့  တွေဝေစဉ်းစားနေ ခဲ့တာ ခုချိန်ထိအောင်ပါ။
သူ က မိဘမဲ့  ၊ ဦးလေး အိမ်မှာ ကပ်နေကာ ကုမ္မဏီကြီးတစ်ခု မှာ အထွေထွေမန်နေဂျာ ရာထူးတစ်ခု ဆုပ်ကိုင်မိအောင် ဘ၀ ကို ကြိုးစားရုန်းကန်လာရသူပါ။
ငြိမ်းကတော့ ကျောင်းဆရာမ လေး ဖြစ်ပြီးမူလတန်းကျောင်းအုပ်ရာထူး မှ အနားယူထားတဲ့  ရောဂါသည် အဖေ နဲ့   လက်ရှိ စာသင်နေတဲ့  အလယ်တန်းပြ ဆရာမ အမေ တို့ ရဲ့ အသမီးကြီးပါ။
ငြိမ်းအောက်မှာ မောင် ၂ယောက် နဲ့  ညီမ တယောက်ရှိပြီး ဒီနှစ် တော့ အကုန် ကျောင်းပြီးလို့  အလုပ်အကိုင်လေး တွေနဲ့ ဖြစ်နေပါပြီ။
ငြိမ်း ဟာ မိခင်ကြီးနဲ့အတူ ဒီမောင်နှမ တွေ ရှေ့ ရေး အတွက် ကြိုးစားရုန်းကန်နေရချိန်မှာ
သူကလည်း ခြေမဲ့လက်မဲ့  နဲ့  သူ့ ဘ၀ ထဲ ၀င်လာမယ့် ငြိမ်း အတွက် ပါထည့်စဉ်းစားကာ
စုဆောင်းရင်း ၊ တွက်ချက်ရင်း ၊ အဆင်မပြေသေးလို့ ငြိမ်းကို စောင့်ဖို့ ပြောရင်းပြောရင်း  နှစ် တွေ ကြာလာပါ၏။
တကယ်တော့ ငြိမ်း က နုနယ်ပျိုမျစ်ချိန်က သိမ်မွေ့ တဲ့ အလှ ၊ ဆရာမ ဆိုတဲ့ ဂုဏ်လေးနဲ့  ခြူချင်သူ ၀ိုင်းဝိုင်းလည် ခဲ့တဲ့  ပန်းပွင့်လေးပါ။ဒါပေမယ့်   သူ ကလွဲရင် ဖွဲ ဆန်ကွဲ ဆိုတဲ့  စိတ်ထားနဲ့  လာချဉ်းကပ်တဲ့  စီးပွားရေးသမားတွေ ရာထူးရာခံတွေ ကို ငြင်းဆိုပြီး သူ့ ကိုပဲ ဇွဲ ရှိရှိ စောင့် လာခဲ့တဲ့ သစ္စာရှင် လေးပါ။
သူကရော …..
အင်း… သူလည်း အရင်တုန်းကတော့ ငြိမ်း ကလွဲရင် ကျန်တဲ့ မိန်းကလေးတွေရဲ့ မျက်နှာတောင် စေ့စေ့မကြည့်ဘဲ ငြိမ်း နဲ့ နီးချင်ဇော နဲ့  အလုပ်တွေကြိုးစားလုပ်ခဲ့တာပါ။
ခုတော့ …
သူ သက်ပြင်းမောကြီးကို ခက်ခဲပင်ပန်းစွာ မှုတ်ထုတ် လိုက်တာကို ကြည့်ပြီး ငြိမ်းမျက်ဝန်းအိမ် မှာ မျက်ရည်ကြည်လေးတွေ ၀ဲလာတာတွေ့ တော့လည်း စိတ်မကောင်းပါ။
ဒါပေမယ့်  ..ငြိမ်းလိုချင်တဲ့ ကတိ ကို သူမပေးနိုင်တော့ဘူး ဆိုတာ ဘယ်လို ပြောရပါ့ …
သူ့ ကို နုတ်ဆက်ကာ ငြိမ်း ပြန်သွားတော့ သူ့ ရင် ထဲမှာ မွန်းကြပ်ရှုပ်ထွေးလာသောကြောင့် သူ့ အကြောင်းတွေ ရင်ဖွင့် နေကျ ၊ သူဘာလုပ်လုပ် အားပေးနေကျ အချစ်ဆုံးသူငယ်ချင်း မင်းဆက် ရဲ့ အဆောင်ကို လာခဲ့မိပါတော့သည်။
xxxxxxxxxxxxxxxxxxx
( ၂ )
သူ့ ရဲ့ ငိုင်တွေငေး နေတဲ့ ပုံစံကို သူငယ်ချင်းက မနှစ်သက်သလို ကြည့်ပြီး…
  မင်း .. ဘာဖြစ်ချင်တာလဲဆိုတာကိုပဲတွေးတော့ထက်မြက် ၊
ဒီအချိန်က တွေဝေတွန့် ဆုတ်နေရမယ့်အချိန် မဟုတ်တော့ဘူး
လဲ့ဝတီ တို့ ဘက်က ဖိတ်စာတောင် အပ်တော့မလို့ ဆို၊
ဒါတောင် မင်းက ငြိမ်းကို ဖွင့်မပြောသေးဘူးလား ”
“ ငါ -- ငြိမ်းမျက်နှာ ကိုမြင်ရင် ပြောမထွက်ဘူးကွာ ”
“ မင်းကိုက မပြတ်သားတာ ၊ ဒါဆို လဲ့ဝတီ တို့ ဘက်က စီစဉ်နေတာတွေ ဖျက်ခိုင်းလိုက်လေ”
“ ဒီလို လည်း မလုပ်ချင်ဘူး ၊ ငါ -- လဲ့ဝတီ ကို မစွန့်လွှတ်နိုင်ဘူး”
“ ဟားး မင်း သေသင့် တယ် ငထက်ရေ ၊မင်း ကို ငါ ဘာပြောရမှန်းတောင်မသိတော့ဘူး
မင်းက အရင်ကတည်းချမ်းချမ်းသာသာ အဆင့်မြင့်မြင့်  နေချင်တာ ငါသိတယ်။
ခု မင်းဘော့စ်ကိုယ်တိုင်က သူ့ သမီး လဲ့ဝတီ နဲ့  မင်း ကို သဘောတူပြီး ဆီဒိုးနား မှာ မင်္ဂလာဆောင် ပေးမယ် ၊ ရဲတိုက်ကြီးလို ခမ်းနားလှတဲ့ သူတို့ အိမ်ကြီးမှာ နေဖို့ စီစဉ်ပေးမယ် ။ မင်း ကိုလည်း သူ့ အလုပ်တွေ ဦးစီးခိုင်းမယ် ဆိုတော့ မင်းမက်လောက်ပါတယ်။ ”
“ အဲဒါတွေကိုမက်ရုံ နဲ့ ဆို ငြိမ်းကို ငါ မပစ်နိုင်သေးပါဘူးကွာ”
“ ဒါဆို ဘာလို့လဲ…”
မင်းဆက် မေးတာ မဖြေဘဲ သူ့ အတွေးထဲမှာ လဲ့ဝတီ ရဲ့  ပုံရိပ်ကထင်ဟပ်လာ၏
ညှိ့ ငင်နိုင်စွမ်းရှိတဲ့  ပြည့်ဖူးအိစက်နေတဲ့ မျက်နှာလေး၊ကိုကြီးလို့ ချွဲချွဲနွဲ့ နွဲ့  ခေါ်တတ်တဲ့ 
အသံချိုလေး၊ နောက်-မူးယစ်ချို မြိန် လှတဲ့ နုတ်ခမ်းလွှာလေးတွေ ၊ နောက် ..နောက် ..
မြန်မာမိန်းကလေး ပီသလှတဲ့ ငယ်ချစ် ငြိမ်း မပေးခဲ့တဲ့  သာယာမှုတွေ ကို လဲ့ လေး က သူ့ ကိုပေးခဲ့ပါသည်။ဆယ်နှစ်တာ ချစ်ခဲ့ပေမယ့်  သူ ငြိမ်းပါးပြင်ကိုဖွဖွလေးပဲ နမ်းခဲ့ဖူးပါသည်။ 
 ငြိမ်း နုတ်ခမ်းလေးတွေ ကို သူတောင်းဆို ကြည့်ဖူးပေမယ့် လက်ထပ်ပြီးမှ ဆို တဲ့  စကားနဲ့ ပဲ ငြိမ်းကငြင်းပယ်ခဲ့စမြဲပါ
နောက်ပြီး ငြိမ်းဆီမှ လဲ့ လေး ဘက် သူ ယိမ်းယိုင်လာရတဲ့  အဓိက အချက်ကတော့ ကလေး ယူဖို့ ကိစ္စပါ။
“ စိတ်ကူးမယဉ်ချင်စမ်းပါနဲ့ မောင်ရယ် ၊ သားသမီးများတာ ပြည့်စုံချမ်းသာနေ မှ ပျော်စရာကောင်းတာပါ။ ခု ငြိမ်းတို့ ကိုပဲကြည့် ၊ မောင်နှမတွေ များတော့ ဘယ်လောက်ရုန်းကန်နေရသလဲ..
မောင် နဲ့ ငြိမ်းတို့ လက်ထပ်လည်း ဘ၀က သုည ကစရမှာလေ ၊ ကလေးတစ်ယောက်တည်းယူပြီးသေချာပြုစုပျိုးထောင်ပေးလိုက်တာကပိုကောင်းပါတယ်။
နောက်ပြီး ငြိမ်း လည်း သုံးဆယ်ကျော်နေပြီဆိုတော့ လက်ထပ်ပြီးရင် ကလေး သိပ်ယူနိုင်မယ် မထင်ဘူး ”
ငြိမ်းစကားတွေကြောင့် သူ ကြည်နူးမျှော်လင့်တဲ့ အိပ်မက်လေး ပျက်ပျက်သွားတတ်ပါသည်။
 လဲ့ ဝတီက ခုမှ ၂၃ နှစ်ပဲ ရှိသေးတဲ့  ကျန်းမာဖွံ့ ဖြိုးတဲ့ မိန်းမငယ်လေး …
သူ လိုချင်တဲ့ သားသမီးတွေ အများကြီးမွေးပေးနိုင်တဲ့အပြင် ပြုစုစောင့်ရှောက်နိုင်မယ့်ငွေကြေးလည်း မပူရတဲ့ သူမျိုးပါ။
တကယ်ဆို သူ့ လို လူနဲ့  လဲ့ ဝတီ ဆုံဆည်းဖို့ အကြောင်းသိပ်မရှိပါ။ သူ့ ဘော့စ် ရဲ့ လူယုံအဖြစ် အိမ်ကိုဝင်ထွက်ခါစက တောင် လဲ့ ဝတီ က အိမ်မှာတွေ့ ရတဲ့အချိန်မရှိသလောက်ပါ။
ဒါပေမယ့်  နောက်ပိုင်း သူအိမ်သွားတိုင်း လဲ့ ဝတီရှိနေကာ သူဌေးကတော်ကလည်း သူ့ ကိုအရေးပေးလာကာ လဲ့ လေးနှင့် အမြဲမြင်တွေ့ ဆက်ဆံရရင်း ဒီအခြေအနေထိ ဖြစ်လာကြတာပါ။
လဲ့ လေးရဲ့ ညှိ့ ငင်မှုအောက်မှာပျော်ဝင်ရင်း ငြိမ်းဆိုတာ သူ့ စိတ်အတွေးတွေ ထဲမှာ ပါးလျှားမှေးမှိန်လာတာ မဖြစ်သင့်မှန်းသိပေမယ့်  ဘယ်လိုမှ မတတ်နိုင်ခဲ့ပါ။
ခံစားမှုနဲ့ပဲတွက်တွက် ၊ ဦးနှောက်နဲ့ ပဲစဉ်းစား စဉ်းစား လဲ့ လေး ကို သူရွေးလိုက်တာမှန်တယ်လို့  ယူဆပါသည်။ ဒါကြောင့်  ငြိမ်းကို စွန့် လွှတ်ဖို့  ကလွဲရင် သူ့ မှာတခြားနည်းလမ်းမရှိပါ။
“ ငါ .. ငြိမ်းကို ရအောင်ပြောပြရမှာပဲမင်းဆက် ၊ ငါ လဲ့ဝတီ ကို လက်မလွှတ်နိုင်ဘူး”
“ ဟင်း .. ငြိမ်းအတွက်မတရားမှန်းသိပေမယ့်  မင်းဒီလိုဆုံးဖြတ်ပြီးမှတော့ ဘယ်တတ်နိုင်မလဲ၊
အမြန်ဆုံးပြောဖြစ်အောင်ပြောပါကွာ၊ ကြာရင်အခြေအနေတွေရှုပ်ထွေးကုန်မယ် ”
မင်းဆက်ရဲ့ တိုက်တွန်းစကားကြောင့် သူ အားတက်လာပြီး ငြိမ်းကို အမြန်ဖွင့်ပြောမယ်လို့ 
တွေးကာ စိတ်လက်ပေါ့ ပါးစွာအိမ်ပြန်လာခဲ့ပါသည်။
xxxxxxxxxxxxxxxxxxx
( ၃ )
“ ကဲကွာ ..”
ခွပ်
ခွပ်
“ ဟေ့ ကောင် ၊ မင်းတော်တော့နော် ..ငါ သည်းမခံနိုင်တော့ဘူး ”
“ဘာ-မင်းကများသည်းမခံနိုင်တော့ဘူးဟုတ်လား၊ မင်းလူမဆန်တဲ့ အလုပ်လုပ်နေတာ ကိုတော့ ငါတို့ ကသည်းခံရမလား-ပြော ”
 “ ငါ့ ဘ၀ ငါ့ ကိစ္စကို ဘာသိလို့ ပြောနေတာလဲ၊ မင်းက မွေးကတည်းဘ၀ ကို ပြည့်ပြည့်စုံစုံဖြတ်သန်း လာရတာပါ 
“မဆိုင်တာတွေမပြောနဲ့ ထက်မြက် ၊ ခုဟာက နှလုံးသားရေးရာကိစ္စ၊မင်းတစ်ယောက်တည်းကိုသစ္စာရှိရှိ နဲ့ စောင့်လာတဲ့ ငြိမ်းကို မင်းဘယ်လိုလုပ်လိုက်တာလဲ ..ငြိမ်းဟာမင်းကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာ ငါအသိဆုံး ၊ဒီလိုမိန်းကလေးမျိုးကို မှ မင်းကသစ်စိမ်းချိုး ချိုြးုပီးထားခဲ့ရက်တယ်ကွာ ”
ငိုသံပါကြီးနဲ့ ပြောရင်းခေါင်းငိုက်စိုက်ကျသွားတဲ့ ဝဏ္ဏ ရင်ထဲမှာ ငြိမ်းအတွက်သနားဂရုဏာအပြင် ချစ်ခြင်းတွေရှိနေတာ မင်းဆက်သိပါ၏
ငယ်ငယ်ကတည်းက ငြိမ်းကို ၀ဏ္ဏက အချစ်ကြီးချစ်ခဲ့ပေမယ့် သုံးပွင့် ဆိုင်ဇာတ်လမ်းမှာ ငြိမ်းက သူ့ ကိုရွေးချယ်လိုက်တော့ ၀ဏ္ဏက နားလည်စွာနောက်ဆုတ်ပြီး သူငယ်ချင်းတွေလိုပဲဆက်နေလာခဲ့ကြတာပါ။ ဒါပေမယ့်  ခုထိ အိမ်ထောင်မပြုသေးဘဲ ချစ်သူရည်းစားမရှိတဲ့ တကိုယ်တည်း လူပျိုကြီးဝဏ္ဏရင်ထဲကို သူဖောက်ထွင်းမြင်နေရပါသည်။
“မင်း ..ပြန်စဉ်းစားပါဦးမင်းဆက် ၊အချိန်ရှိပါသေးတယ်၊ငြိမ်းကိုမသနားဘူးလားကွာ ”
သူ သနားတာပေါ့  ….. မနေ့ က သူဖွင့် ပြောလိုက်ပြီးတဲ့အချိန် မြင်လိုက်ရတဲ့ ငြိမ်းမျက်နှာ ဟာ ထိတ်လန့် တုန်လှုပ်ကာ သေအံ့ မူးမူး လူတစ်ယောက်လို ဖြစ်သွားပါသည်။
ခုဆို ဆောက်တည်ရာမရ ဘယ်လောက်များ ကြေကွဲစွာနဲ့ ငိုကြွေးနေမလဲပဲ…
သနားပါတယ်ငြိမ်း ၊ ကိုယ်ငြိမ်းကိုသနားပါတယ်။ ဒါပေမယ့်  ကိုယ့်ကိုယ်ကို ပို သနားမိလို့  ဒီလို ရွေးချယ်လိုက်ရတာကို  ခွင့် လွှတ်ပါ..
“ ခုချိန်မှာအရာအားလုံးဟာ ပြီးဆုံးသွားပြီဝဏ္ဏ ၊ ငါ လဲ့ ဝတီ ကို ယူမှ ရတော့မယ် ”
“ တောက်.. မင်းကွာ ၊ လူစိတ်မရှိတဲ့ လူယုတ်မာ ”
“ ဟေ့ကောင် ၊ မင်း ငါ့ကို လူယုတ်မာလို့ တော့ မပြောနဲ့ ၊ ငါ ငြိမ်းကို ဘာမှ မယုတ်မာခဲ့ဘူး ”
“ လူ ကိုအနိုင်ကျင့် စော်ကားမှ ယုတ်မာတာမဟုတ်ဘူး၊  ငြိမ်းရင်ထဲက မေတ္တာတရားကို စော်ကားပြီး ဘ၀နဲ့ ပုံထားတဲ့ မျှော်လင့် ချက်တွေကို ခြေမွဖျက်စီးပစ်တာလည်း ယုတ်မာတာပဲ၊မင်း သစ္စာဖောက်ပဲ ”
“ ဘာ … မင်းငါ့ကို လာမခြိမ်းခြောက်နဲ့ ၊ ငါအိမ်ထောင်သည်မဟုတ်သေးဘူး ၊ လက်မထပ်ခင် ရွေးချယ်ပိုင်ခွင့် ရှိတာပဲ ၊ အရင်ရည်းစားကိုပစ်ပြီးနောက်ရည်းစားကိုယူတယ်ကွာ၊ဘာဖြစ်လဲ
မင်းအနေနဲ့ ငါ့ ကို ဘာဥပဒေနဲ့ တရားစွဲမလို့ လဲ၊ကဲ ပြောပါဦး ”
“ တော်တော့ ၊ဆက်မပြောနဲ့ တော့ ၊ ကြာရင်မင်းကိုငါသတ်မိလိမ့်မယ်၊ မင်းမှတ်ထားဖို့ က လူ တွေမှာ အသိစိတ်နဲ့ လိုက်နာရမယ့်  မပြဌာန်းထားတဲ့ ဥပဒေတွေရှိတယ်ကွ...
ခုလို မေတ္တာတရားကိုစော်ကားပြီး သစ္စာဖောက်ရင်တနေ့  မင်းအပြစ်ဒဏ်သင့် လိမ့်မယ် ”
“ဟားဟား…ငါ့ကိုလာမခြိမ်းခြောက်နဲ့ ဟေ့ ကောင် ၊ မင်းရဲ့ မမြင်ရတဲ့ ဥပဒေအကြာင်းတွေလာပြောမနေနဲ့ ၊ ငါသွားမယ်။ ဒါပဲ ”
အော်ဟစ်ပြောဆိုနေတဲ့ ဝဏ္ဏကို သူ ကျောခိုင်းထွက်ခဲ့ပါ၏
ဘာ… မမြင်ရတဲ့ ဥပဒေဒဏ်သင့်မယ် ဟုတ်လား  ၊ သွားစမ်းပါ …. 
 ခု မှ ပန်းခင်းတဲ့ သူ့ ဘ၀ စမှာလို့ တွေးပြီး သူ တစ်ချက်ပြုံးလိုက်မိပါသည်။
xxxxxxxxxxxxxxxxxxx
( ၄ )
သူ့ ရဲ့ မင်္ဂလာပွဲကြီးစည်ကားသိုက်မြိုက်စွာ ပြီးစီးသွားပါပြီ။
ဆံထုံးနောက်ယောင်ပါ ဆိုသလို တဲကုပ်သာသာ အိမ်လေး မှ နန်းတော်ကြီးလို ခမ်းနားတဲ့  လဲ့ လေး အိမ်ကို သူပြောင်းနေပါသည်။
မနက်ဆို ကားကိုယ်တိုင်မောင်းကာ အလုပ်ဆင်းနေရတဲ့  သူဌေးသားမက်ဆိုတဲ့အရသာက သိပ်ချိုမြိန်တာပါပဲလား….
သူရွေးချယ်လိုက်တဲ့ လမ်းဟာ မှန်တယ်လို့  သူ တွေးရင်း ၀ဏ္ဏ ပြောတဲ့စကားသံများကိုပြန်ကြားယောင်ကာ ပုခုံးတွန့် လိုက်မိသည်။
 သူငယ်ချင်းမင်းဆက်ပြောလို့ သိရတာက … ငြိမ်းရဲ့ ကြေကွဲအားငယ်ခြင်းတွေပျောက်အောင် ၀ဏ္ဏတစ်ယောက် အသည်းအသန်ကြိုးစားနေပါသတဲ့ ….
ငြိမ်းကိုလက်ထပ်ဖို့ ပြောမရတဲ့ အဆုံး ငြိမ်းမိဘတွေကတဆင့်  အကျပ်ကိုင်ပြောခိုင်းပါသတဲ့ ….
နောက်ဆုံး သူ လက်ထပ်ပြီးလို့ ခြောက်လအကြာမှာ ၀ဏ္ဏ နဲ့ ငြိမ်း လက်ထပ်လိုက်ကြတော့
သူ ခနဲ့ ပြုံးတောင်ပြုံးလိုက်မိပါရဲ့ …..
နောက်ပိုင်းတော့ သူလည်း သူ့ ဘ၀အတွက် အကောင်းဆုံးစီမံကိန်းတွေချဖို့ ကြိုးစားနေရတာနှင့်  ဘာကိုမှမတွေးအားတော့ပါ။
တကယ် အတွင်းကျကျ အိမ်သားဖြစ်သွားမှ သိရတာ သူ တို့ ကုမ္မဏီက အရှုံးပေါ်နေပြီ..
အဓိက က သူ့ ယောက္ခမ က လောင်းကစားအရမ်းဝါသနာထုံပါ၏ ။ သူကတော့ သူ ဆက်ခံရမယ့်  ကုမ္မဏီကို မယိုင်လဲသွားအောင် ကြိုးစားထူမတ်နေပါသည်။
အနီးကပ်ပေါင်းကြည့်မှ  လဲ့ လေးတို့ မိသားစု ဟာ အရမ်းဆိုရှယ်ကျတာ သူသိလာရသည်။
သွားလိုက်ရတဲ့ နိုက်ကလပ် ၊ ကျွေးလိုက်ရတဲ့ ဒင်နာ ၊ ဧည့်ခံလိုက်ရတဲ့  အရက်ဝိုင်း …
တကယ်ဆို ခုလို စီးပွားရေး ကျလာချိန်မှာ  အရင်ထက်ပိုပြီးခြွေတာစေချင်ပေမယ့်  သူ့ ပြောစကားကို လဲ့ လေးကနားမထောင်ပါ။
“ အို ..ကိုကြီးကလည်း ၊ လဲ့ လေးတို့ အသိုင်းအ၀ိုင်းမှာ ဒီလောက်တော့ လုပ်ရမှာပဲ ၊ တစ်သက်လုံး ဒီလို နေလာတာ ခုမှတော့ ပုံစံမပြောင်းနိုင်ပါဘူး ”
လဲ့ လေး ကအစ ပြောမရမှတော့ သူ လက်ပိုက်ကြည့်နေရုံပဲရှိတော့တာပေါ့ ။
ဒီလိုနဲ့ အိမ်ထောင်သက် တစ်နှစ်ကျော်လာပေမယ့် လဲ့ လေး ကိုလည်း ကလေးယူဖို့  စည်းရုံးလို့  မရသေးပါ။အိုဂျီ ( မီးယပ်နှင့် သားဖွားအထုးကု ) နှင့် သွားပြမယ်ပြောတိုင်း ခါးခါးသည်းသည်း ငြင်းဆန်နေ လို့  သူ အခက်တွေ့ နေ၏။
သူ့ အသက်က ၃၃နှစ် ကျော်လာပြီဆိုတော့ ကလေးအမြန်လိုချင်ပါသည်။ သားလေးတွေသမီးလေးတွေနဲ့ ပျော်မဟဲ့ ဆိုတဲ့ သူ့ စိတ်ကူးကို သူ လက်မလျှော့ နိုင်ပါ။
ငယ်ရွယ်နုပျိုတဲ့ လဲ့ လေးဟာ သူ့ ကို ကလေးလေးတွေ အများကြီးမွေးပေးမှာပါဆိုတဲ့  တွန်းအားလေးနှင့်  သူ အလုပ်တွေကြိုးစားလုပ်နေပါသည်။
xxxxxxxxxxxxxxxxxxx
( ၅ )
“ ဟေ့ ကောင် ၊ ထက်မြက် ထတော့ ၊ ငါအလုပ်သွားတော့မယ်၊မင်းဒီနေ့ တော့ အိမ်ပြန်တော့ကွာ.. မင်းဒီလို ခဏခဏငါ့ အိမ်ထွက်လာလို့  လဲ့ ဝတီက ငါ့ကိုမကြည်တော့ဘူး ” 
“ ငါ.. ငါ မပြန်ချင်ဘူး ၊ ငါ ဘာဆက်လုပ်ရမလဲ မင်းဆက် ”
သူ့ အသံက ဖျော့တော့ကာ အားအင်မရှိတော့ပါ 
“ အင်း --- ခုလိုအခြေအနေ ကျမှ မင်း ဘာမှလုပ်လို့ မရတော့ဘူး ၊ လဲ့ ဝတီကိုဆက်ပေါင်း ၊ မင်းယောက္ခမ ရဲ့ အကြွေးတွေ ကျေအောင်ဆပ်ပြီး ပေါင်ထားတဲ့ အိမ်ကြီးပြန်ရွေးနိုင်အောင်လုပ်ပေါ့ ကွာ ”
“ ပိုက်ဆံ ရှာတာကတော့ ငါလည်း တတ်နိုင်သလောက်လုပ်ပေးမှာပါ ၊ ဒါပေမယ့်   ..ငါ ဒီတစ်သက် ကလေးမရတော့ဘူးကွ ၊ မင်းသိလား .. ငါ လိုချင်တဲ့ သားသမီးတွေ ငါ မရတော့ဘူး.. ”
ပြောရင်း သူ ဆို့ နင့်ကာ မျက်ရည်တွေ ကျလာပါသည်။
အရာရာအားလုံးဟာ ပြီးဆုံးသွားပါပြီ။
လဲ့ လေးဟာ သူနဲ့ မယူခင် အပျိုဘ၀က လူမသိသူမသိ အရပ်လက်သည်နဲ့  ကလေးဖျက်ချကာ  သားအိမ်ခြစ်ဖူးသတဲ့  ၊ အဲဒီဒဏ်တွေကြောင့် ကိုယ်ဝန်မမြဲနိုင်တာသိလို့ လဲ့ လေးက ကလေးယူဖို့ ငြင်းဆန်နေတာပါတဲ့ …..
နောက်ဆုံးတော့ လူအန္တရယ်ကင်းအောင်  ကိုယ်ဝန်မတည်နိုင်တော့တဲ့  အာနည်းပျက်စီးနေတဲ့ သားအိမ်ကို ထုတ်လိုက်ရပါသည်။
လောကကြီးဟာမာယာများလွန်းလှတာ ကို သူသိချိန်ဟာ နှောင်းခဲ့ပါပြီ။
ခုတော့ သူ့ ဘ၀ဟာ သံပတ်ပေးထားတဲ့ စက်ရုပ်တရုပ်ထက်မပိုတော့ပါ။
ဒီလောက် အိမ်ပေါင်ခြံပေါင် နဲ့ စီးပွားပျက်နေတာတောင် လောင်းကစားဝိုင်းမပြတ်သွားနေတဲ့  သူ့ ယောက္ခမ ၊ အသုံးအဖြုန်းမလျှော့ဘဲ ညတိုင်း နိုက်ကလပ်တက်နိုင်သေးတဲ့ သူ့ မိန်းမ …
အားလုံးအတွက် သူ ရုန်းကန်နေရပါပြီ။
အဖြစ်မှန်တွေပေါ်သွားပြီးကတည်းက လဲ့ လေးက သူ့ ကို သိပ်ဂရုမစိုက်တော့ဘဲ နဂိုစရိုက်အတိုင်း ထင်တိုင်းကြဲနေပါတော့သည်။
သူကလည်း  ရှင်းရှင်းပြောရရင် လဲ့ လေးကို မသတီတော့ပါ။ထုံးစံ အတိုင်း ကိုယ် ယူတဲ့ မိန်းမ ကို စင်းလုံးချောဖြစ်စေချင်တဲ့ ယောင်္ကျားအတ္တကိုစော်ကားရိုက်ချိုးလိုက်တဲ့  လဲ့ လေး ကို သူ လုံးဝ ချစ်လို့ မရတော့ပါ။
အင်းးပြောရရင် အစကတည်းက သူ လဲ့ လေးကို ချစ်ခဲ့ တာမဟုတ်ဘဲ မက်ခဲ့တာပါ။
လဲ့ လေး ရဲ့ စည်းစိမ်ချမ်းသာ ၊ ထင်ပေါ်ကျော်ကြားမှု ၊ အချွဲ အနွဲ့  ၊ အတွေ့ အထိ အယုအယ ..
ခုတော့ သူမက်မောခဲ့တဲ့ အပေါ်ယံအခွံတွေ ကွာကျသွားတဲ့ အခါ သူနဲ့ လဲ့ လေးကြားမှာ
ရှိနေတာက အေးစက်စိမ်းကားခြင်းတွေ….
သူ့ ဘ၀ ကို သူအကောင်းဆုံးတည်ဆောက်ဖို့ အမြဲ အိပ်မက် မက်ခဲ့တာပါ။
ဘယ်လိုဖြစ်ပြီး သူဟာ ဒီလိုအခြေအနေနဲ့  အဆုံးသတ်ရတာတဲ့လဲ..မယုံချင်စရာကောင်းလှချည်လား ..။
တုန်လှုပ်ခြောက်ခြားစွာနဲ့ သူတွေးမိတာက ၀ဏ္ဏပြောခဲ့တဲ့  ရေးမထားတဲ့ ဥပဒေ...
ပုဒ်မတပ်လို့ မရတဲ့  အပြစ်ဒဏ် ….
ဘုရား ..ဘုရား ၊ သူဟာ တကယ့်ကို ဒဏ်သင့် ခဲ့ ပြီလား…
xxxxxxxxxxxxxxxxxxx
( ၆ )
“ထက်မြက် ..ထက်မြက် ၊ မင်းငါခေါ်တာကြားလား ၊ ဘယ်လောက်တောင်သောက်ထားပါလိမ့် ..ဘယ်သူမှမရှိကြဘူးလားနန်းခင်”
“ဟုတ်ကဲ့ ..ဖေဖေကြီးကပြန်မလာသေးပါဘူး ။မမလေးနဲ့ မေမေကြီးက လည်း ဒင်နာသွားပါတယ်။အကိုကြီးက အရက်တွေသောက်ပြီး အော်ဟစ်နေတော့ကျမကြောက်လို့  အကိုကြီး သူငယ်ချင်း ကို လှမ်းခေါ်လိုက်တာပါ ”
“ အေးအေး--ငါနားလည်ပါတယ် ၊နင်ကြောက်ချင်လဲကြောက်စရာ ၊
ဟေ့ကောင် ထက်မြက်  ဘာလို့ ဒီလောက်တောင်သောက်ထားတာလဲ …စိတ်ညစ်လိုက်တာ ” 
မင်းဆက်နဲ့ အိမ်အကူကောင်မလေးပြောနေကြတာ သူ့ နားထဲကြားတစ်ချက် ၊ မကြားတစ်ချက် …
မူးလိုက်တာ ၊ အားလုံးချာချာလည်နေတာပဲ..
အရင်ညတိုင်းသောက်နေကျထက် ဒီည သူ အရက်တွေ အများကြီးသောက်မိတယ်။ ခုချာချာလည်နေအောင် မူးတယ်..
မူးပစေ ၊ မေ့ ပစေ..သူ ဘာကိုမှမတွေးချင်လို့ ကိုဒီလိုလုပ်လိုက်တာ..
ဒါပေမယ့် .... ဒီလောက် ခြာခြာလည်မူးပြီးအသိစိတ်ပျောက်ချင်နေတာတောင် ညနေကမြင်ရတဲ့ မြင်ကွင်းက သူ့ မျက်ဝန်းထဲမှာ ဘာလို့ ကြည်လင်ပြတ်သားစွာမြင်နေရတာလဲ…
သုံးနှစ်တာ ကာလ မှာ သူ ကတော့ ကုမ္မဏီကြွေးတွေနဲ့ နပန်းလုံးရင်းသူစိမ်းသာသာ ဆက်ဆံရေးနဲ့ မိန်းမတစ်ယောက် ပဲပိုင်ဆိုင်ခဲ့ပေမယ့် …..
ကြည့်စမ်း ၊ ပြုံးရွှင်နေလိုက်ကြတာ..
ငြိမ်းက ဘာလို့ ကလေးသုံးယောက်တောင်ရနေတာလဲ…..
မင်းတို့ ဘာသာရှောင်မသွားဘဲ ဘာလို့ ငါ့ကို အညှိးအတေးမရှိ လာနုတ်ဆက်ကြတာလဲ…..
ဘာ …. သားဦးလေးက မိန်းကလေး ၊ နောက်မွေးတာက သားအမြွာလေး--ဟုတ်လား
ငြိမ်း ၊ မင်းငါ့ ကိုညာတယ်..မင်းကလေးတစ်ယောက်ပဲယူမယ်ပြောခဲ့လို့ မင်းကို ငါ ပစ်ခဲ့တာလေ…… အဲလို ပစ်ခဲ့လို့  ခု ငါ့ဘ၀ပျက်ပြီကွ…..
ဝဏ္ဏ ... မင်း ကခုတော့ ကလေးသုံးယောက်အဖေပေါ့ ဟုတ်လား..
မင်းနဲ့ မတူဘူးကွ ၊ ကလေးလေးတွေက ဖြူဖြူကစ်ကစ်နဲ့  ငြိမ်းငယ်ငယ်ကနဲ့ တပုံစံတည်းပဲ …
ချစ်စရာလေးတွေ ..ချစ်စရာလေးတွေ
ငါလိုချင်တာဒီလိုကလေးလေးတွေလေ--ငြိမ်း --မင်းဘာလို့ ဝဏ္ဏကို မွေးပေးရတာလဲ….
မင်း ချစ်တာငါ့ ကိုဆို…ခုတော့ မင်းက  ၀ဏ္ဏလက်ဆွဲ ပြီး ပြုံးပျော်နေတာပဲ..
မင်းတို့  နှစ်ယောက် အပြန်အလှန်ကြည့်နေတဲ့ အကြည့်တွေက ယုံကြည်ကိုးစားခြင်း ၊ ညှာတာကြင်နာခြင်းတွေပျော်ဝင်ပြီး အရည်လဲ့ နေတာ ငါ မမြင်ချင်ဘူးကွ …
နာလိုက်တာ ..ရင်ထဲမှာ ကျင်စိမ့်နေအောင် နာနေတာကြီး ပျောက်ချင်လို့  ငါ အရက်သောက်နေတာကွ ၊ ငါ့ ကိုခိုင်းနွားတစ်ကောင်လောက်ပဲသဘောထားတဲ့ ငါ့ မိန်းမ မရှိတဲ့ အချိန် စိတ်ကြိုက်သောက်မလို့ ပါဆို….
ဟေ့ ကောင် မင်းဆက် ..ငါ့ ကိုမတားနဲ့ ..ငါ မူးမှဖြစ်မယ်။ မေ့ မှဖြစ်မယ်။ ကလေးလေးတွေ ကိုငါမမြင်ယောင်ချင်ဘူး။ငါဆက်သောက်ပါရစေ။မင်းဘာလို့ ငါ့ ကိုတွဲပြီး အိပ်ယာပေါ်တယုတယ တင်ပေးနေတာလဲ ၊ ထားခဲ့ပါကွာ..ငါ ဒီလိုပဲညတိုင်း ဖြစ်သလို အိပ်နေကျပါ။ လဲ့ ဝတီဆိုတဲ့ ငါ့ မိန်းမ နားမကပ်ချင်လို့  ငါ ကြုံတဲ့ နေရာထိုးအိပ်နေတာကြာလှပေါ့ ….
ဘာ..ငါ့ကိုသနားတယ်ဟုတ်လား ၊ ဟားးးသွားစမ်းပါ
ငါ တောင်ငါ့ ကိုယ်ငါ မသနားတာ ၊မင်းလည်းမသနားနဲ့ 
ငါက ရာဇ၀တ်သားကွ ၊မင်းဆက်ရဲ့ ..သိလား
ဝဏ္ဏပြောခဲ့ တဲ့အတိုင်းပဲ.. ခု လောကကြီးကဒဏ်ခတ်တာကိုခံနေရတာ..
ငါ ဟာ မေတ္တာဒဏ် သင့် နေတဲ့ သစ္စာရာဇ၀တ်သားကွ ….
ဒီတော့ ငါဘာဆက်လုပ်ရမလဲ..နေ့ ဆို အလုပ်ထဲမှာရုန်း ၊ ညဆို အရက်နွံမှာနစ်..
ဒါပဲကောင်းတယ် ၊ ထားခဲ့ မင်းဆက် ၊သွားတော့ ၊မင်း သွားတော့..
ငါ လည်း ခု အိပ်ချင်လာပြီ ၊ ပျော်အောင်အိပ်လိုက်မယ်။
ဒါမှ ကလေးလေးတွေကိုမမြင်ရတော့မှာ….အိပ်မယ် ..အိပ်မယ်.. 
ကလေးလေးတွေရေ ၊ အိပ်မက်ထဲမလာကြပါနဲ့ တော့…
ဒဏ်သင့် ခြင်းမှ ကင်းဝေးကြပါစေ
ကြာဖြူနွယ်
1 comment:
  1. လာဖတ်သွားတယ် အမရေ..တကယ်ရသမြောက်ပါတယ်။ အတိတ်ဘ၀ရဲ့ ဒဏ်သင့်နေသူတွေအတွက်လဲ ရေးပါအုံးနော်။
    ခင်မင်စွာဖြင့်
    ReplyDelete