Friday, January 4, 2013
သွင်ပြောင်းပန်း
သွင်ပြောင်းပန်း
(၁)
သူရိန်နေမင်း
 ရောင်ဝါလင်းရာ
ပွင့်လန်းဝေဆာ
ပန်းနေကြာ
" ဟန်သာ  ရေ -- MD က လာခဲ့ ပါဦး တဲ့ "
ရုံးရောက်လို့  အလုပ်စားပွဲ ထိုင်လိုက်ရုံပဲရှိသေး  ဘေး က မမ၀ါ ရဲ့  စကားကြောင့်  ဟန်သာစိတ်ညစ်သွားရင်းမေမေ့ စနက်ပဲနေမယ်လို့ သိလိုက်ပါတယ်။
ညကရော ခု အိမ်ကထွက်မလာခင် အထိရော တဖျစ်ဖျစ်တောက်တောက် ပြောရတာ အားမရသေးလို့ 
 ခုသူ့ အကို ကို တိုင်လိုက်ပုံရတယ်။
တလောက လုံး မှာ  ဟန်သာ ကြောက်တာ  ဘဘ  ပဲ ရှိတာမို့  မေမေ က စစ်ကူတောင်းတာနေမယ်။
ဘယ်လောက် စစ်ကူတောင်းတောင်း ဟန်သာ့ ဆုံးဖြတ်ချက် က မပြောင်းဘူးဆိုတာ မေမေ မှမသိဘဲ။
MD ရုံးခန်း ဘက်လျှောက်လာရင်း သူ့ စားပွဲ ကိုကြည့်လိုက်မိတော့ ကိုခန့် က ဂျပန်ကြီးကို အလုပ်ကိစ္စတွေ 
ရှင်းပြနေပါတယ်။
ဂျပန်စကား ကို ဂျပန်တစ်ယောက်လို သွက်လက်ချက်ချာစွာ ပြောနေတဲ့ ကိုခန့် အသံလေးကို 
ချစ်ခင်စိတ်နဲ့ ဟန်သာနားထောင်မိတယ်။
ကိုခန့်   နဲ့ ဝေးတဲ့ အရပ်ဆီ သွားမယ့် ကိစ္စများ ဘယ်တော့ မှ ဟန်သာ မလုပ်နိုင်ပါဘူးကွယ်။
အခန်းထဲရောက်တော့  ဘဘ က ထုံးစံအတိုင်း လေးနက် တဲ့  မျက်နှာထား နဲ့ ဟန်သာ့  
မျက်ဝန်းတည့် တည့် ကို
စိုက်ကြည့်ကာ မေးလိုက်ပါတယ်။
" သမီးဟန်သာ -- ဘာလို့  စင်္ကပူကျောင်းသွားတက်မယ့် ကိစ္စ ကို ဖျက်လိုက်ရတာလဲ"
" သမီး မသွားချင်တော့လို့ ပါ ဘဘ"
" အစက သမီးပဲ သူငယ်ချင်းတွေ တက်တဲ့  ကျောင်း မှာ တက်ချင်လှပါတယ်ဆိုပြီး ဘာလို့ မသွားချင်တော့တာလဲ "
" သမီး စာရင်းကိုင် ပိုင်း စိတ်မ၀င်စားတော့လို့ ပါ"
" ဖြစ်ရပြန်ပြီ ၊  ကဲ -- ခု ဘာလုပ်ချင်ပြန်တာလဲဟန်သာ
သမီး ကျောင်းပြီးတာလည်း တစ်နှစ်ကျော်နေပြီနော် ၊ ဘဘဆီ လုပ်တာ ခြောက်လ ရှိပြီဆိုပေမယ့် 
ရုံးစတက်ဖ်  အဆင့် လောက် နဲ့ ပဲ စသင်ခိုင်းထားတာ မကြိုက်လို့  မအေ ကို စင်္ကပူ ကျောင်းသွားတက်မယ်ဆိုပြီးအသည်းအသန် ပူဆာ ခဲ့ ပြီး ခု သွားရခါနီးမှ ဘယ်လို ဖြစ်တာလဲ"
" သမီး ဂျပန်စာ သင်ချင်လို့ ပါ၊ ဘဘ အလုပ်အတွက်လည်းအထောက် အကူ ဖြစ်မယ် ထင်ပါတယ်"
" အလို ၊ အဆန်းပါလား ၊ ဆယ်တန်းအောင် လို့  UFL တက်တုန်းက ဂျပန်စာယူပါလို့ ဘဘပြောတုန်းကတော့
အင်္ဂလိပ်စာ မှ အင်္ဂလိပ်စာ ဖြစ်နေပြီး ခု မှ ဘာလို့ သင်ချင်ရတာလဲ"
"  ခု မြန်မာပြည်ခေတ်ပြောင်းသွားတော့ လာကြတဲ့ နိုင်ငံခြားကုမ္မဏီတွေ ထဲမှာ ဂျပန်ကုမ္မဏီတွေအများကြီးလေနောက်ပြီး ဘဘ ပဲ နောက်နှစ်ကျ ကုမ္မဏီမှာ ဆက်ရှင် တစ်ခု ထပ်ချဲ့ ရင် ဂျပန်ဘက်က တစ်ယောက် ရုံးလာထိုင်မယ်ဆိုအဲဒီအချိန်ကျ ဟန်သာ က  ဂျပန်စာကျွမ်းကျင်နေရင် ဘဘ စကားပြန်တစ်ယောက် ထပ်မရှာရတော့ဘူးပေါ့ "
"အော-အပြောကတော့ ချောပါ့ ဟန်သာရေ ၊ ဂျပန်စာ မေးလ်တွေ ပို့ တတ်တဲ့အထိ ရမှ အလုပ်မှာအဆင်ပြေမှာ။လွယ်တာမှတ်လို့ ၊ ညည်းက ကောက်ရိုးမီးလိုပဲ၊ ဟုန်းကနဲထတောက်ပြီး ငြိမ်းသွားတာလေ"
"အာ--ဘဘ ကလည်း ဟန်သာ့ ဆို သိပ်အထင်သေးတာပဲ။ကြည့်နေပါ။
ဂျပန်စာ နဲ့  လုပ်စားလို့ ရအောင် ကို ဟန်သာကြိုးစားသင်မှာပါ ဘဘ ရဲ့ "
"အေးလေ-- တကယ်ဖြစ်မြောက်အောင် ကြိုးစားမယ် ဆိုရင်တော့ လုပ်ပါကွယ်။
သမီး တကယ်ကြိုစားရင် ဘဘ အတွက် ပိုပြီးအထောက်အကူဖြစ်တာပါ့ 
ခု ကုမ္မဏီ မှာ ဂျပန် နဲ့ ဖက်စပ်လုပ်နေတဲ့  လုပ်ငန်းတွေ ထပ်ချဲ့ ရမယ်။
လောလောဆယ် ဂျပန်စာတတ်တာ  မောင်ကြည်မင်းခန့်  တစ်ယောက်တည်းရှိတာ
နောက်ဆို ဘဘ သမီး ကို အားကိုးရမှာပေါ့ ။"
ဘဘအပြောကြောင့်  ဟန်သာ့ ရင်ထဲ ထိတ်ခနဲနေအောင် ၀မ်းသာ ပြီးပျော်လိုက်တာ။
ဟန်သာ့ စိတ်ကူးယဉ်အိပ်မက်လေး ကတကယ်ပဲ ဖြစ်လာတော့မယ် နဲ့ တူပါရဲ့  ကိုခန့် ရယ်။
ဟန်သာ အလုပ်စားပွဲပြန်ရောက်တော့ကိုခန့်  နဲ့  ဂျပန်ကြီး အပြင်ထွက်သွားကြတာတွေ့ လိုက်ပါတယ်။
ဘယ်အချိန်ကြည့်ကြည့် သန့် ပြန့် ခန့်ညားနေတဲ့  သူ့ ပုံစံ က ဟန်သာ့မျက်ဝန်း ထဲမှာ 
သိပ်ကြည့်ကောင်းတာပဲ။
 မျက်နှာပြင်ပေါ်က ပြေပြစ်တဲ့နဖူးပြင်၊ဖြောင့်စင်းမြင့် မားတဲ့ နှာတံ၊ ထူထဲနက်မှောင်တဲ့မျက်ခုံးထူထူ ၊
 တောက်ပတဲ့ မျက်ဝန်း၊ ပိရိသေသပ် တဲ့ နုတ်ခမ်းထူထူ နဲ့ ကိုခန့် ကို စတွေ့ ဖူးခဲ့တာက လွန်ခဲ့တဲ
ဟန်သာငါးတန်းကတည်းက ဖေဖေဆုံးသွားပြီးနောက်ပိုင်း  ဖေဖေ ရှယ်ယာ ထည့်ထားတဲ့ ဘဘ ပိုင်တဲ့  
ဒီကုမ္မဏီ ကိုဘဘ ကပဲ ဦးဆောင်လုပ်ကိုင်ပေးခဲ့တာမို့  မေမေ နဲ့ ဟန်သာတို့ 
သားအမိနှစ်ယောက် ခုချိန်ထိ မပူမပင်နေခဲ့ရပါတယ်။
သိမ်မွေ့ အေးဆေး တဲ့မေမေက အိမ်အလုပ်တွေ လုပ်ရင်း သမီးကို စောင့်ရှောက်တာကလွဲရင် 
ကုမ္မဏီ ကိစ္စတွေ ဘာမှမသိပါဘူး။
အချိန်တန် ဘဘ ခွဲပေးတဲ့ အမြတ်ငွေ ယူ လိုက်ရုံ ပဲ လုပ်တတ်တဲ့ မေ့ မေ့ ကို ဘဘ က အားမရပါဘူး။
ဘဘရဲ့ သားနှစ်ယောက်စလုံးကလည်း အမေရိကားမှာ ပညာသွားသင်ရင်း ပြန်မလာတော့ဘဲ ဟိုမှာပဲ အိမ်ထောင်ပြုကာအခြေချ လိုက်ကြတာမို့  ဘဘ မှာ လုပ်ငန်းတွေ  လွှဲပေးရမယ့် လူ မရှိဖြစ်နေတာနဲ့ 
ဟန်သာ့ ကို အလုပ်သင်ပေးဖို့  ကျောင်းပြီးကတည်းကခေါ်ထားတာပါ။ ဟန်သာကလည်း 
ဘဘကုမ္မဏီ ဆိုတော့ အနဲဆုံး မန်နေဂျာလောက်တော့ လုပ်ရမယ်ထင်ပြီးပျော်နေပေမယ့် 
 ဘဘက ဟန်သာ့ ကို  အလုပ်သင် ရုံးဝန်ထမ်းပဲ စ ခန့်ပြီး အောက်ခြေက စ သင်ခိုင်းတော့  ငိုချင်လိုက်တာ။ ရှက်လည်းရှက်ပါတယ်။
သူဌေးတူမ ကုမ္မဏီရှယ်ယာပိုင်ရှင်သမီးဖြစ်နေပြီး အောက်ဆုံးအဆင့် က စ၀င်ရလို့  ဘဘ ကိုမကျေနပ်စိတ်နဲ့  အလုပ်မလာချင်တဲ့ ဟန်သာ ဟာ ကိုခန့် ကို တွေ့ မြင်လိုက်ရကတည်းက စိတ်ပြောင်းသွားတာပါ။
ဟန်သာတို့ ကုမ္မဏီ က ဂျပန်ကို မြန်မာ့ လက်မှုပစ္စည်းတွေ တင် ပို့ သလို ဂျပန်ဘက်ကလည်း အလှကုန်တွေသွင်းနေတဲ့ ဖက်စပ်လုပ်ငန်း ကုမ္မဏီမို့  ဂျပန်ဘက် က တာဝန်ခံ လည်းရုံးထိုင်ပါတယ်။ ကိုခန့် က အဲဒီဂျပန်ရဲ့ အတွင်းရေးမှူးပါ။
စတွေ့ ကတည်းက ရုပ်ရည် ကို ကြည့်ပြီး နှစ်သက်စိတ်ဝင်စား မိတဲ့  ကိုခန့် က အလုပ်မှာလည်း ထက်မြက်ထူးချွန်တာ ကြာလေဟန်သာသိလာလေလေပါပဲ။ 
ဟန်သာ  လည်းကိုခန့် အကြောင်းတွေ သိချင်လို့  မသိမသာ စပ်စုကြည့်တော့  ကိုခန့် က အိမ်ထောင်မရှိသေးတာ၊မိဘမရှိတော့ဘဲ ညီမလေးတွေကို စောင့်ရှောက်နေတဲ့  အကိုကြီး တစ်ယောက်ဆိုတာ သိရတော့ ပိုပြီးလေးစားမိပါတယ်။
နေ့ တိုင်း မြင်တွေ့ နေရတော့လည်း လေးစားနှစ်လို ခြင်းကနေ သံယောဇဉ် နဲ့  ချစ်ခင်ခြင်းတွေ ဖြစ်ပေါ်လာတဲ့ အခါ  တစစ နဲ့  ဟန်သာ့ ရဲ့  အိပ်မက်စိတ်ကူးတွေ ထဲ
ကိုခန့် ကနေရာယူလာပါတော့တယ်။
ဒါပေမယ့် လေ ကိုခန့် ကတော့ သူ့ အလုပ် နဲ့  သူ တနေကုန် မနားတမ်း လှုပ်ရှားနေပြီး ဟန်သာ့ ကို မြင်ရင်တွေ့ ရင်ပြုံးပြနုတ်ဆက်ရုံလောက်ပဲ ရှိပါတယ်။ဒီလို သူစိမ်းဆန်တဲ့  အနေအထားကို ဟန်သာမကြိုက်ပါဘူး။
ကိုခန့် နဲ့ ဟန်သာ နီးစပ်ချင်ပါတယ်။
ကိုခန့် အလုပ်တွေ ကို ဟန်သာ ကူညီလုပ်ကိုင်ပေးချင်ပါတယ်။
ကိုခန့် သွားရာလမ်း နဲ့  လားရာတူ ကို ဟန်သာ လိုက်ချင်ပါတယ်။
အလုပ်မ၀င်ခင် က ဟန်သာ့ သူငယ်ချင်းတွေ သွားတက်တဲ့  စင်္ကပူ က ကျောင်း ကို  လိုက်တက်ဖို့  
ဟန်သာ အသည်းအသန်ကြိုးစားခဲ့ပေမယ့်  အလုပ်ခွင် ထဲရောက်ကာ ကိုခန့် ကိုတွယ်တာ မိတဲ့ အချိန် က စပြီး ဟန်သာ့ ရည်ရွယ်ချက်တွေလည်း ပြောင်းသွားပါတယ်။ 
စင်္ကပူ သွားရင် ကိုခန့် နဲ့လည်း ဝေးရမယ် ။အလုပ်သဘောတရားချင်းလည်း တခြားစီလေ။
အပြင်မှာ လူချင်း သေချာ ရင်းရင်းနှီးနှီး စကားအကြာကြီးမပြောဖူးသေးတဲ့  သူစိမ်းတစ်ယောက်ပေမယ့်  ကိုခန့် ဟာ ဟန်သာ့ အတွက်တော့ တစ်သက်သာ ရည်ရွယ်ထားတဲ့ အိပ်မက်ဦးပါ။
ဒါဆို ယောင်္ကျားတွေလို  ချစ်သူနဲ့  နီးစပ်အောင်  ဖန်တီးယူ လို့ ရော မရတော့ဘူးလားဟင် --
ဟန်သာ ကြိုးစားကြည့်ချင်တယ် ကိုခန့် ရေ ။
ကိုခန့် က ဟန်သာ့ ကို ခင်မင်သံယောဇဉ် တွယ်လာဖို့ ဆိုတာ အမြဲ ဟန်သာ နဲ့ ပြောဆိုဆက်ဆံ ပြီး ရင်းနှီးလာမှ ဖြစ်နိုင်မှာပါ။
ဒီတော့ ကိုခန့် နဲ့  လိုင်းတူအောင် ဂျပန်စာ သင်ပြီး ဘဘ အလုပ် မှာ ပဲ ဆက်လုပ်ဖို့ ဟန်သာ  ဆုံးဖြတ်လိုက်ပြီးဂျပန်စာ သင်တန်းတွေတက်လိုက်ပါတယ်။
မေမေကတော့ စင်္ကပူ ကျောင်း က ၀င်ခွင့် ကျလာ မှ သွားမတက်တော့ လို့ မကျေမနပ် ပြောပေမယ့်   ဟန်သာကဘဘ ကုမ္မဏီ မှာ အတည်တကျ နေရာရပြီး လုပ်သွားမယ်ဆို ကျေနပ်မယ် ဆိုတာ ဟန်သာသိပါတယ်။
ကိုခန့် ရေ
နေကြာပန်းလေးတွေကို မြင်ဖူးတယ်မို့ လားဟင်
သူတို့ ကလေ  သူတို့ ဘ၀ သူတို့ မပိုင်ဘူးသိလား--
သူတို့  ကို ပိုင်ဆိုင် တာ သူရိန်နေမင်းကြီးပါ ။
သူတို့ ရဲ့ လှပ၀င်းဝါတဲ့  ပွင့်ချပ်လေးတွေ က  နေမင်းကြီး ရှိရာမျက်နှာမူ ရာလိုက် ပြီး ပွင့် လန်းရပါသတဲ့ ။
နေမင်းကြီးရဲ့  မျက်နှာကြည့်နေရတဲ့ သနားစရာနေကြာပန်းလေးတွေပဲနော်
ဟန်သာ လည်းလေ နေကြာပန်းလေး လိုပဲ ကိုခန့် ရှိတဲ့ အရပ်ကိုသာ အာရုံဝင်စားပြီး မျှော်ကြည့်ချင်ပါတယ်။
ကိုခန့် မရှိတဲ့ လမ်းကို ဟန်သာမလျှောက်ချင်ပါဘူး။
 ဝေးကွာသွားမှာစိုးလို့ ချစ်မိတဲ့  ကိုခန့်  နဲ့  လားရာတူ ကို မျှော်လင့်  ပြီး အနာဂါတ် ပန်း ကို ပွင့် လန်းချင်ပါတယ်ရှင်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၂)
သခင့် မေတ္တာ
လရောင်ဖြာမှ
ပွင့် ခွင့် ရ ရှာ
ပန်း ကုမုဒြာ
" ဟန်သာရေ -- ကိုခန့်  ဒီနေ့  မလာဘူးလား၊ ဘာဖြစ်လို့ လဲ သိလား "
စာရင်းကိုင်မမ၀ါ ရဲ့ အမေးကို ခေါင်းယမ်း ပြလိုက်ရင်း ဟန်သာ့ ရင်ထဲ မှာ မကောင်းလိုက်တာ ။
ကိုခန့် ကလေ ရုံးမလာဖြစ်တာတောင် ဟန်သာ့ ကို မပြောပါဘူး။
ဂျပန်ကြီးကို စကားပြန်ပေးဖို့ လူမရှိလို့  ဘဘက  ဟန်သာ့ ကို ခိုင်းမှ သိရတာပါ။
သင်တန်းမှာ ကြိုးစားသင်လိုက်တာ ဟန်သာ လည်း ဂျပန်စကားကို အမြန်တတ်ပြီး ပြောလာနိုင်လို့  သိပ်မခက်ခဲတဲ့  ကိစ္စတွေဆိုစကားပြန်ပေးနိုင်ပါပြီ။
ဒါပေမယ့်  ဂျပန်စာ ခန်းဂျီး စာလုံးတွေ က ခက်လွန်းလို့  မနဲ လေ့လာကျက်မှတ်နေရတုန်းပါ။
ဒီတခါတော့  သေချာ ကြိုးစားသင်ပြီး ဂျပန်စာတတ် လာတဲ့ ဟန်သာ့ကိုစောင့်ကြည့်နေတဲ့ ဘဘ ကလည်း
 ကျေနပ်သဘောကျကာ နေရာပေးလာပါတယ်။
ခုဆို ဟန်သာက ကိုခန့် လက်ထောက် နေရာကနေ ဂျပန်ဆိုဒ် ဘက် က ကိစ္စတွေ ကို ကူလုပ်ရပါတယ်။
တိတ်တခိုး ချစ်ရသူ နဲ့ အလုပ်အတူတူ လုပ်ရလို့ လုပ်ငန်းခွင် မှာ ဟန်သာပျော်ရပေမယ့်  အချိန်တွေကြာလာပေမယ့် ကိုခန့် ရဲ့  ဟန်သာ့ အပေါ် ဆက်ဆံ ပုံက ဘာမှထူးခြားပြောင်းလဲ
မသွားသလိုပါပဲ။
အရင်ထက်စာရင် ပိုပြီး ခင်ခင်မင်မင် စကားပြောဖြစ်ပေမယ့်  ကိုခန့်  က အလုပ်ကိစ္စကလွဲရင် စကားအပိုသိပ်မပြောပါဘူး။
ဘဘ ပြောထားလို့  ဟန်သာ့ ကို အလုပ်ကိစ္စတွေ သေချာဂရုစိုက်ပြီး သင်ပေးပေမယ့်  ဟန်သာ လိုချင်တဲ့  ရင်းနှီးတွယ်တာ မှုတွေမရသေးပါဘူး။ ဟန်သာ့ ကို ကြည့်တဲ့  ကိုခန့် ရဲ့  မျက်ဝန်းအိမ် တွေ ဟာ အဖြူရောင်သက်သက်ပါ။
ညီမလေး တစ်ယောက်လို ခင်မင်ကြင်နာ ပုံရပေမယ့်  ဟန်သာလို ချင်တာ အဖြူရောင်မေတ္တာ မဟုတ်ဘူးလေ ။ဟန်သာ ရဲ့  တွယ်တာ မှုတွေ ၊ ကိုခန့် ကို စေတနာပို ဂရုစိုက်မိတာတွေ ကို ကိုခန့် ကမသိတာလား ၊ မသိချင်ယောင်ဆောင်တာလား
 သေချာမပြောတတ်ပေမယ့်  တရုံးလုံးကတော့ ရိပ်မိလာပါတယ်။
ကိုခန့်  မှာ ချစ်သူ ရှိလားလို့ လက်လှမ်းမှီသမျှ စုံစမ်းကြည့်ပေမယ့်  တိကျတဲ့ အဖြေ ကို မရခဲ့ပါဘူး။
အနေတည်ပြီး အလုပ်ကိစ္စကလွဲ ရင် စကားသိပ်မပြောတတ်တဲ့  ကိုခန့်အကြောင်း ကို သိသူ ရှားပါတယ်။
ဒီနေ့ လည်း သူ့ အိမ် မှာ ဘာကိစ္စရှိလို့ မလာနိုင်တာလဲပဲ လို့ တွေးပြီး ပူပန်စိုးရိမ်မိပါတယ်။
ဟန်သာ ကသာ တချိန်လုံး သူ့ အကြောင်းစဉ်းစားနေမိပေမယ့်  ကိုခန့် ရဲ့  စိတ်အာရုံ ထဲမှာ ဟန်သာ ဆိုတာ ရှိပါရဲ့ လား
 ရှိမယ်လို့ ကို မထင်ပါဘူး  ။ ရင် ထဲ မှာ နာကျင်ကြေကွဲရပေမယ့်  ဘယ်တတ်နိုင်ပါ့ မလဲ နော်
ကိုယ့်ကို ရင်းနှီးတွယ်တာ မှုတောင် မရှိတဲ့  သူစိမ်းတစ်ယောက် ကို မှ ဟန်သာ က ချစ်မိနေတာကိုး ။
ဟန်သာ လေ   ရင်ထဲက ခံစားချက်တွေကို ကျိတ်မှိတ်မြိုသိပ်ရင်း ကိုခန့်  ရဲ့ အကြင်နာကို တိတ်တခိုးမျှော်လင့် နေမိပါရဲ့ ။
ကိုခန့်ရေ ----
ကုမုဒြာ ကြာပန်း ဆိုတာ လေ တခြား ကြာပန်းတွေ နဲ့မတူ ပါဘူး 
တခြားသော ကြာပန်းတွေက နေ့ ခင်းအလင်းရောင်မှာ ၀င့် ထည်စွာ ပွင့်ဝေဆာ ကြပေမယ့်   
ကုမုဒြာ ကြာပန်းလေးကတော့  စန္ဒာ လမင်း ကြီးရဲ့  ရောင်ခြည်တွေ ဖြာကျဆင်းမှ ပွင့် လန်းခွင့် ရတာပါတဲ့ လေ။
လမင်းကြီး မရှိတဲ့ ညတွေ ဆို ကုမုဒြာ လေး ဘယ်လန်းနိုင်ပါ့ မလဲနော်
ပန်းပွင့် ဖို့  လရောင်ကို တိတ်တခိုး မျှော်လင့် နေရတဲ့  သနားစရာ ကုမုဒြာလေး လို ပဲ ----
ကိုခန့် ဆီက ဖြာကျစီးဆင်းလာမယ့်  ချစ်ခြင်းတွေ ရရှိမှ ဟန်သာ့ ရဲ့ မေတ္တာပန်းလေးဟာ
 ပွင့် လန်းဝေဆာ ခွင့် ရမှာပါရှင် ---
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(၃)
နေကိုအံတု
မိုးကိုစိန်ခေါ်
မြေပေါ်ကျလဲ
ရဲရဲတောက်ပဲ
ပွင့် မြဲ  ပွင့် ဆဲ
စိန်ပန်းနီရဲရဲ
" ဟယ် --စိန်ပန်းတွေ ပါလား ၊ ကိုထွေးရေ -- ကားကို လမ်းဘေး ကပ်ပြီး ရပ်ပေးပါ "
ကားရပ်လိုက်တာနဲ့  ရဲရဲတောက်အောင် ပွင့် နေတဲ့  စိန်ပန်းပင်တွေ တန်းစီပေါက်နေတဲ့  လမ်းလေးဆီ မပြေးရုံတမယ် လှမ်းသွားတဲ့ ဒေါ် ဟန်သာ ကို ယဉ်မောင်း ကိုထွေးတစ်ယောက် 
 တအ့ံတသြ လိုက်ကြည့်နေမိပါတယ် ။
သူ သိထားတဲ့  ဒေါ်ဟန်သာ ဆိုတာ အသက်သုံးဆယ်ကျော်လေးနဲ့  ကုမ္မဏီတစ်ခုလုံးကို ဦးစီးပြီး ဂျပန်လူမျိုးတွေ နဲ့  ယှဉ်ဘောင်တန်းအလုပ်လုပ် နေတဲ့  ထက်မြက်သွက်လက်ပြီး စည်းကမ်းကြီးတဲ့ အပျိုကြီးပါ။
နုတ်ခမ်းပါးလေးကို တင်းတင်းစေ့ ထားပြီး တစ်ဖက်သား မျက်လုံးအိမ်ကတဆင့် စိတ်ထဲကို
 ဖောက်ကြည့်သလိုအကြည့်စူးစူးတွေ ပဲမြင်ခဲ့ဖူးတဲ့  ကိုထွေးဟာ ပန်းလေးတွေကို
 ငေးကြည့်နေတဲ့ ဆွေးရိပ်သန်း မျက်ဝန်းလေး ကို မြင်ရတာ ထူးဆန်းလို့ နေပါတယ်။
ဟန်သာ ကတော့ ဘယ်သူ မှ ဂရုမစိုက်တော့ ဘဲ  ပတ္တမြားရောင်တောက်အောင် ပွင် နေ့တဲ့ စိန်ပန်းပင်ကြီး တစ်ပင်အောက်မှာရပ်လိုက်ရင်း ကြွေ ကျနေတဲ့ စိန်ပန်းပွင့် လေး ကို ကောက်ယူလိုက်ပါတယ်။
မြေပေါ်ကြွေနေပေမယ့်  စိန်ပန်းပွင့်လေးက ညှိးနွမ်းမသွားဘဲ ရဲရဲတောက် လှပနေဆဲပါ။
အပင်ပေါ်က စိန်ပန်းခိုင်တွေ ကြည့်ပြန်တော့လည်း ရဲစွေး စွာ နဲ့  မိုးကိုမျှော်ပြီး ပွင့် နေလိုက်ကြတာ။
ဒါဟာ--စိန်ပန်းပွင့် တွေရဲ့  ထူးခြားချက်ပါ။
သူတို့ ဟာ သူတို့ ကို အမြတ်တနိုး ခူးယူပန်ဆင်သူမရှိ ၊ တန်ဖိုးထား ဂရုစိုက်မယ့် သူ မရှိလည်း မမှုပေါင်။
တစ်နှစ်တစ်ခါ ရဲရဲတောက်အောင် ပွင့်  ပြီး မြင်ရသူ စိတ်အားတက်အောင် သူတို့ ရဲ့  သတ္တိ ကို  ပြတာပါပဲ။
နီရဲတောက်ပ နေတဲ့  ဒီ စိန်ပန်းလေးတွေဟာ ဟန်သာ့ ရဲ့  ကျေးဇူးရှင် ၊ ဟန်သာ့ ရဲ့ ဆရာ လို့ ပြောပြရင် ကြားရသူတွေကရီချင်ရီကြမှာဖြစ်ပေမယ့်  ဒါအမှန်တရားပါပဲ လို့ တွေးမိရင်း ဟိုအတိတ် ဆီက ကိုခန့်  အချစ်ကိုမျှော်လင့် ရင်းစောင့် စားခဲ့ရတဲ့ ရက်တွေ ကို ပြန်မြင်ယောင်လာပါတယ်။
အရင်ဘ၀ကချစ်ကြွေးရှိခဲ့လို့  ဆပ်လိုက်ရတာလားတော့ မသိပါ။
ဟန်သာချစ်ခင်မျှော်လင့် ခဲ့ရပေမယ့် နောက်ဆုံးမှာ  ကိုခန့် က ဟန်သာမဟုတ်တဲ့  မိန်းကလေးတစ်ယောက် နဲ့ လက်ထပ်ကာ ဂျပန်ထွက်သွားကြပါတယ်။
အဲဒီအချိန်တုန်းက ဟန်သာ ခံစားရတာများ သေလုမတတ်ပါပဲ။
မထင်ထားဘူးလေ ၊  ချစ်သူရည်းစား ရှိတယ်လည်းမကြားဘဲ ရုတ်တရက် အလုပ်ထွက်သွားကာ လက်ထပ်လိုက်တဲ့ ကိုခန့်  ကြောင့်  တရုံးလုံး အံ့ သြကြရပါတယ်။
ဘဘ ကတောင် ကိုခန့် ဒီလို လုပ်သွားလို့  နှမြောတသ ပြီး တဖွဖွ ပြောတာကြားနေရတဲ့  ဟန်သာ့ ရင်ထဲမှာ လေနှလုံးသားတွေ ကွဲကြေအောင် ခံစားခဲ့ရပါတယ်။
 ဒါပေမယ့်  အဆိုးထဲက အကောင်းလို့ ပြောလို့ ရတာ ကတော့ ---
ကိုခန့် မရှိတော့ပေမယ့်  ဟန်သာက ဂျပန်စာလည်းကျွမ်းကျင်လာပြီအလုပ်ကိစ္စတွေလည်းလုပ်တတ်နေပြီမို့  ကုမ္မဏီ ရဲ့ လုပ်ငန်းတွေ  ဟန်မပျက်ဘဲ ဆက်လက်လည်ပတ်နေပါတယ်။
ကိုခန့် မရှိတော့လို့  စိတ်ပျက်အားလျှော့ နေတဲ့  ဘဘ ကို အားပေးနှစ်သိမ့် ရင်း ကိုခန့် ရှိစဉ် ကလို ဂျပန်ဘက်နဲ့  ပတ်သက်ဆက်ဆံနေရတဲ့  ကိစ္စတွေ အားလုံး ချောမွေ့ အဆင်ပြေအောင် ဟန်သာ လုပ်ခဲ့ပါတယ်။
မှတ်မှတ်ရရ အဲဒီအချိန်က ဒီလိုပဲ စိန်ပန်းနီတွေ ရဲရဲတောက် အောင်ပွင့် နေပါတယ်။
ဟန်သာလေ အရေးတယူ တန်ဖိုးထား ပေးမယ့် သူ မရှိလည်း  ရဲရဲတောက်အောင် ပွင့် နေတဲ့  စိန်ပန်းပင်ကြီးကို ကြည့်ပြီးရင်ထဲကဝေဒနာ တွေ ကို ဖြေသိမ့်  အားတင်းခဲ့ပါတယ်။
စိန်ပန်းနီ လေးတွေဟာ သိပ်ရဲရင့် တာပဲ။
ဘယ်သူ့ မျက်နှာ မှ ကြည့်မနေဘဲ ကိုယ့်သဘောနဲ့ ကိုယ် ရဲရဲ ပွင့်တယ်။
ကြွေကျသွားလည်း တော်ရုံနဲ့ မညှိးနွမ်းဘဲ နီရဲ လှပနေတာပါပဲ။
သူတို့  ကို ကြည့်ရင်း အားတင်းရင်း ဟန်သာ့ ရင်ထဲကဝေဒနာ တွေသက်သာလာပါတယ်။
အရင် က ဟန်သာ ဆိုတာ တခြားသူတစ်ယောက် ကို မျှော်ကိုး နေရတဲ့  နေကြာပန်းလို ကုမုဒြာ ပန်းလို ဟန်သာပါ။
ဒါပေမယ့် လေ ခု သိလိုက်ရတာက ဟန်သာ့တွက် နေမင်းကြီးလည်း ထွန်းလင်းမလာနိုင်တော့သလို
လမင်းကြီးလည်းမှောင်မိုက်သွားပါပြီ။
အိမ်ထောင်ရှင် ဖြစ်သွားတဲ့ ကိုခန့် ကို တမ်းတ သတိရနေဦးမယ်ဆိုရင် ဟန်သာဟာ ဒု သ န သော --ဆိုတဲ့  ငရဲ ပန်းကိုပန်ဆင်ရမယ့်  မိန်းမမိုက် တစ်ယောက် ဖြစ်သွားမှာပေါ့ နော်။
ဒီလိုတော့ မဖြစ်ချင် ပါဘူး။ ဟန်သာ့ မှာ တတ်မြောက်ထားတဲ့ အသိပညာ တွေ နဲ့  လောကအလယ်မှာ စိန်ပန်းနီလေးလိုရဲဝင့် စွာ ရပ်တည် ချင်ပါသေးတယ်။
ဟန်သာ့  ကို အားကိုးမျှော်လင့် နေတဲ့  ဘဘ နဲ့ မေမေ့ အတွက် ဟန်သာ ကြိုးစားရပါဦးမယ်။
ဒီလို အတွေးတွေ နဲ့ ဟန်သာ ဟာ ပြန်လည်အားတင်းကာ အလုပ်ထဲမှာ ပိုပြီး အာရုံစိုက်  စိတ်နှစ်ပြီး လုပ်လာခဲ့ရင်းဟန်သာ တို့ ကုမ္မဏီ လုပ်ငန်းလည်း ပို ကြီးမားလာပြီး ဘဘ ကလည်း ဟန်သာ့ ကို ယုံကြည်အားကိုး လာကာလုပ်ငန်းတွေ အကုန် လွှဲကာ ဘေးက ကြည့်ပေးရုံ ပဲ နေတော့တာမို့  ကုမ္မဏီ တစ်ခုလုံးကို ဟန်သာပဲ ဦးဆောင်လုပ်ကိုင်ရင်းအချိန်တွေ ကုန်မှန်းမသိ ကုန်လာရင်း မန်နေဂျင်းဒါရိုက်တာ ဒေါ်ဟန်သာ ဖြစ်လာခဲ့ပါပြီ။
အရင်က လို ၀မ်းနည်း အားငယ်တာတွေ မရှိတော့ ဘဲ စိန်ပန်းနီ တပွင့် လိုရဲဝင့် စွာရပ်တည်နိုင်တဲ့  ဟန်သာ ဖြစ်လာပါပြီ။
တကယ်တော့လေ မိန်းကလေးတွေ ဆိုတာ ---
စိတ်နှလုံးသား  နူးညံ့  ပြီး ချစ်ခြင်း ကိုမျှော်လင့် တတ်တဲ့ ပန်းကလေးတွေပါ။
ဒီပန်းလေး တွေဟာ နေကြာပန်းလေး လို ကုမုဒြာ ပန်းလေးလို ချစ်ခြင်းရောင်စဉ် တွေ နဲ့ ပွင့် လန်းဝေဆာချင်ပေမယ့် ကံကြမ္မာ ကြောင့်  မျှော်လင့် တဲ့ ချစ်ခြင်းမေတ္တာ တွေ မပိုင်ဆိုင်ရတဲ့အခါ 
ဘ၀ မှာ စိန်ပန်းနီလေးလို အသွင်ပြောင်းပြီးဘာမထီစိတ်ထား နဲ့  လောကအလယ်မှာ ရဲဝင့့် သိတ္တရှိစွာရပ်တည်နိုင် ရမယ်ဆိုတာ မိန်းကလေးတိုင်း ကိုသိစေချင်လိုက်တာလို့ တွေးရင်း စိန်ပန်းနီလေးကို မြတ်နိုးစွာ ရင်မှာ အပ်ထားလိုက်မိပါတော့တယ် ။
(မိန်းကလေးတိုင်း  ကိုယ်ပိုင်အားမာန်အပြည့် နဲ့  ဘ၀ မှာ ရဲရင့် တောက်ပစွာ ရှင်သန်ရပ်တည်နိုင်ပါစေ )
စေတနာမွန်ဖြင့် 
ကြာဖြူနွယ်
Women`s World Journal  Vol -2 ,Issue -4 , Jan-30,2013
No comments:
Post a Comment