Saturday, August 18, 2012
တစ်နေ့ နေ့  တစ်ချိန်ချိန် တစ်နေရာရာမှာ
ဒီမနက်လည်းတို့ လေဆိပ်ကိုရောက်လာခဲ့ရပြန်ပြီကောင်လေးရေ-
မြန်မာပြည်ကို လာမယ့် နိုင်ငံခြားသားတွေကို ကြိုဖို့ ပါ။
အလုပ်ကိစ္စနဲ့ ခဏခဏလာကြိုနေရလို့ လေဆိပ်က၀န်ထမ်းတစ်ချို့ ကတောင် တို့ ကိုမှတ်မိနေလို့  ပြုံးပြီးနုတ်ဆက်နေကြတယ်။ 
ဟော--လေယဉ်ဆိုက်ပြီတဲ့ 
ခရီးသည်တွေ ဆင်းလာမယ့်စက်လှေခါးကိုမြင်ရတဲ့ မှန်ဘေးမှာ လူတွေအပြည့်ပဲ။
သူတို့ ဟာ သူတို့ မိသားစုဝင်၊ သူငယ်ချင်း၊ ခင်ပွန်း၊
ချစ်သူ ပြန်လာမှာကိုလာကြိုကြတာဆိုတော့ အားလုံးရဲ့ မျက်နှာတွေက ပျော်ရွှင်စိတ်လှုပ်ရှားနေကြပုံပဲ။
ဒီလေဆိပ်ကြီးဟာ တကယ်တော့ တမြေစီခွဲနေရတဲ့ ချစ်သူခင်သူတွေရဲ့ ဆုံဆည်းရာကြီးပါ။
ပြန်လည်ဆုံတွေ့ တဲ့သူတွေကို အားကျစွာ ငေးမောကြည့်နေရင်း နှလုံးအိမ်ထဲမှာ တဆစ်ဆစ်နာ လာတယ်။
လေဆိပ်ကိုလာတိုင်း မင်းကို သတိရ တမ်းတ မိတဲ့ ဝေဒနာဆိုးကြီးကိုတို့ ခံစားခဲ့ရတာ ကြာခဲ့ပါပြီ ကောင်လေးရေ-
ဟိုးတချိန်  မင်းထွက်သွားတုန်းကလည်း တို့ လေဆိပ်ကိုလိုက်ပို့ခွင့် မရခဲ့ဘူးနော်-
မင်းဘယ်အချိန်ပြန်လာမလဲ ၊ပြန်များရောက်နေပြီလားဆိုတာလည်း မသိဘဲ လေဆိပ်လာတိုင်း မင်းပဲ ခုဆိုက်မယ့် လေယဉ်နဲ့ ပါလာတော့မယောင် တို့စိတ်ကို လှည့်စားပြီးမျှော်လင့်ခဲ့ရတဲ့နှစ်တွေကို လက်ရေချိုးရင်း တို့လက်နှစ်ဖက် ပြည့်တော့မယ်ကောင်လေးရေ-
မင်းသိပ်ရက်စက်တယ်--တို့ ကို တိတ်တိတ်လေးထားသွားတယ်--
သိပ်မာနကြီးတဲ့ကောင်လေးရယ်--
မင်းစိတ်ကို တို့ နားလည်ပါတယ်။
မင်းကမပြည့်စုံတဲ့  မင်းဘ၀ကို တို့ရှေ့ မှာ ချမပြ ချင်ဘူးပေါ့ နော်-
တို့ ကို စိတ်ညစ်စရာတွေ မသိစေချင်ဘူးဆိုတဲ့ မင်းကတို့ ရှေ့ မှာ ပျော်စရာအကြောင်းတွေပြောပြဖို့ 
ဘယ်တော့ များမှရောက်လာမှာလဲဟင်-
မျှော်ရတာမောလိုက်တာကွယ်--
တကယ်တော့ မင်းသိပ်ရက်စက်ခဲ့လွန်းပါတယ် ကောင်လေးရေ--
မင်းငိုရင် တို့ ထပ်တူဝမ်းနည်းနာကြင်ရသလို တို့ပျော်ရွှင်နေရင်လည်း မင်းဝမ်းသာကျေနပ်ခဲ့ဖူးတယ်လေ-
မင်းခံစားချက်တွေကိုတို့ သိသလို တို့ စိတ်နှလုံးသားကိုလည်း မင်း မြင်ပါတယ်။
မင်းရဲ့  အိပ်မက်စိတ်ကူးတွေ ကို အကောင်အထည်မပေါ်ခင် ချမပြချင်တဲ့ မင်းရဲ့ မာနက တို့ နဲ့ မင်းကို ဝေးကွာစေတာပါပဲ။
တို့ဖြစ်စေချင်တာက အေးအတူပူအမျှ ဆိုးတူကောင်းဖက် လက်တွဲဖော် တိုင်ပင်ဖော်ပါကွယ်။
နိမ့်ပါးဆင်းရဲ တဲ့ မိသားစုကပေါက်ဖွားလာတာ၊မိဘမောင်နှမတွေစရိုက်ကြမ်းတာမင်းရွေးချယ်လို့
မရခဲ့တဲ့ ဘ၀ပေးကံကြမ္မာမို့  ရှက်စရာမလိုပါဘူးကွယ်။
မင်းရဲ့ စိတ်ထား ၊ မင်းရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့  မင်းနှလုံးသားကိုပဲ တို့ ကကြည့်ခဲ့တာပါ။
အောင်မြင်ကြီးပွားချင်လွန်းတဲ့ကောင်လေးရယ်--တို့ နှလုံးသားကိုတော့ ငဲ့ ကြည့်သင့်ပါတယ်။
မင်းဟာ ရေခြားမြေခြားကို နှစ်အကြာကြီးသွားမယ့်ကိစ္စကိုဘာလို့ တို့ကိုမပြောခဲ့ရတာလဲ-
မင်းထွက်မသွားခင် တစ်ပတ်အလို လောက်မှာတို့တွေ စကားပြောကြတော့ မိန်းကလေးတွေသစ္စာမရှိကြတဲ့ အကြောင်းတွေမင်းပြောခဲ့လို့ 
တို့ နဲ့ စကားများရသေးတယ်။
မင်းသူငယ်ချင်းတစ်ယောက်ကနိုင်ငံခြား ၄ နှစ် ထွက်သွားတာ ပြန်လာတော့ သူ့ ကောင်မလေးက တခြားတစ်ယောက်နဲ့ လက်ထပ်သွားသတဲ့ --
ဒါမျိုးတွေ ဖြစ်တယ်ဆိုတာ သူ့ အကြောင်းနဲ့ သူ ရှိတတ်ကြပေမယ့်  မိန်းကလေးတိုင်းသစ္စာမမဲ့တတ်ပါဘူးလို့ တို့ကရှင်းပြတော့မင်းက လှောင်ရယ် ရယ်နေတယ်။
မင်းသာနိုင်ငံခြား မှာ အကြာကြီးသွားနေပြီးပြန်လာရင် တို့ က ကလေး၂ယောက်လောက်ရနေမှာပဲနော် --လို့ မင်းပြောတော့ တို့ စိတ်ဆိုးဆိုးနဲ့  ဟုတ်တယ်လို့  ရွဲ့ ပြောလိုက်မိတယ်။
ဒီတုန်းက ၀မ်းနည်းခံပြင်းစိတ်နဲ့ ညိုမှိုင်းသွားတဲ့  မင်းမျက်နှာကို တို့ ခုထိမြင်ယောင်ဆဲပါ။
တို့ မင်းကို အရွဲ့ တိုက်ပြောခဲ့မိတဲ့ စကားကို အတည်ယူသွားတာလားဟင်---
မင်း တို့ကို နှစ်ရှည်လများ ခွဲသွားရက်မယ်မထင်လို့ ပြောခဲ့မိတာပါကောင်လေးရယ်----
တို့မိန်းကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို မင်း လျှော့ တွက်လွန်းပါတယ်--
သွားမယ့်နိုင်ငံ ပဲ သိရပြီး လိပ်စာလည်းမသိ ဖုန်းနံပါတ်လည်းမသိ နဲ့  မင်းရုတ်တရက်ပျောက်သွားတဲ့ အခါ
တို့ ဟာ ဆောက်တည်ရာမရ ခံစားကျန်ရစ်ခဲ့ရတယ်။
မင်းနဲ့ သိတဲ့သူတွေကိုရသလောက်လိုက်မေးတော့လည်း သူတို့ ကိုတောင် ပြောမသွားဘူးတဲ့ -
မင်းဘာလို့  တို့ကို ထားခဲ့ရတာလဲလို့ တို့အကြိမ်ကြိမ် အဖြေရှာကြည့်ခဲ့တယ်။
မိန်းကလေးတွေကို မယုံကြည်တတ်တဲ့ စိတ်အခံရှိတဲ့  မင်းက တို့ရဲ့ သစ္စာတရားကို စမ်းသပ်ချင်လို့ ပဲလား---လို့  တွေးကြည်ခဲ့တယ်။
မင်းကြားဖူးလားဟင်--ရာမဇာတ်တော်ထဲကအကြောင်းလေးပါ။
ဒသဂီရိခိုးယူသွားတဲ့  မယ်သီတာ ကို ရာမမင်းတို့ သွားကယ်ပြီးနန်းတော်ပြန်ရောက်လာတော့
ရာမမင်းက သီတာကို ဒသဂီရိဆီ နေခဲ့တာ အပြစ်မရှိအမှားမရှိခဲ့တဲ့အကြောင်း တိုင်းသူပြည်သားတွေ အားလုံးသိဖို့ သစ္စာဆိုခိုင်းသတဲ့ --
(တို့ကတော့ ကိုယ့်ဘာသာချဲ့တွေးကြည့်တာ ရာမမင်းကိုယ်တိုင်ကသစ္စာ ဆိုမှယုံချင်ပုံပါ)
ဒီတော့ မယ်သီတာလည်း မောင်တော်ရာမမင်းသူ့ ကိုမယုံကြည်တာကိုလည်းဝမ်းနည်းရင်း
ရဲရဲတောက်နေတဲ့ မီးဖိုကြီးတစ်ဖို ဖိုခိုင်းသတဲ့ -
မယ်သီတာဟာ ဒသမင်းနဲ့ ဆံချည်တမျှင်တောင်မညိစွန်းခဲ့တဲ့အကြောင်း၊မောင်တော်ရာမမင်းအပေါ်မှာ
သစ္စာတည်မြဲကြောင်းပြောဆိုတိုင်တည်ရင်း မီးဖိုထဲခုန်ဆင်းလိုက်တဲ့အခါ အလျှံညီးညီးတောက်လောင်နေတဲ့ မီးတွေဟာငြိမ်းအေးသွားပြီးမီးဖိုကြီးအလယ်မှာ ကြာပန်းပွင့် ကြီးပေါ်ပေါက်လာသတဲ့ -
တို့မျက်လုံးထဲမှာ မြင်ယောင်ကြည့်မိလိုက်တော့  ကြာပွင့်ကြီးပေါ်က သစ္စာရှင် မယ်သီတာဟာသိပ်ကိုလှပ၀င့်ကြွားနေတာပဲ--
ရာမမင်းနဲ့တကွ တိုင်းသူပြည်သားတွေ အားလုံးလည်း သီတာဒေ၀ီရဲ့ သစ္စာတရားကို သံသယကင်းစွာ ယုံကြည်သွားခဲ့ ကြပါတော့တယ်--တဲ့ ကောင်လေးရယ်။
ဒီဇာတ်တော်လေးထဲကလိုပဲ မီးပုံကြီးဖန်ဆင်းပြီးခုန်ဆင်းပြမှ မင်းက ယုံမှာလားဟင်-
ဘယ်လောက်ပဲစမ်းသပ်တယ်ဆိုစေဦးဒီလောက်နှစ်အကြာကြီးပစ်ထားရက်တာမင်း သိပ်ရက်စက်တယ်--ဆိုတဲ့ 
စကားကို ဖွဖွရွတ်ရင်း တို့ ဟာလေယဉ်ပျံသံကြားတိုင်းမျှော်ခဲ့ရင်း နှစ်ကာလတွေကြာညောင်းလာခဲ့တယ်။
မင်းကိုတမ်းတရင်း တဖြေးဖြေးနဲ့  လူငယ်ဘ၀ကနေ လူလတ်ဘ၀ရောက်လာခဲ့တယ်။
မင်းကိုရွဲ့ ပြောခဲ့ သလို ခုဆို တို့ ဟာ ကလေး ၂ယောက် အမေ အရွယ်လောက် ရှိခဲ့ပါပြီ။
ဒါပေမယ့်  တို့ နှလုံးသားကတော့  မင်းထွက်သွားခါစကအတိုင်း မင်းအပေါ်ထားရှိတဲ့ ချစ်ခြင်းတရားတွေနဲ့ရှင်သန်နုပျိုနေဆဲပါ။
မင်းကို မျှော်လင့်စောင့်စားနေဆဲပါ။
တို့ ယုံကြည်ပါတယ်ကောင်လေးရေ--
မင်းပြန်လာမှာပါ--
တို့ ရှေ့ မှောက်ကို မင်းပြန်ရောက်လာမှာပါနော်--
မင်းနဲ့ တို့ကလေ တစ်နေ့ တစ်နေ့ နေ့  တစ်ချိန်ချိန် ဟောဒီလေဆိပ်ကြီးရဲ့ တစ်နေရာရာမှာသေချာ ဆုံတွေ့ ကြရမှာပါနော်--
 သစ္စာတရားဖြင့်မျှော်လင့်စောင့်စားနေကြသော မိန်းမသားများကို နားလည်ခံစားပေးလျှက်
ကြာဖြူနွယ်
No comments:
Post a Comment