Saturday, August 18, 2012

ဒီနေ့  ရှုံးလား မြတ်လား---




ကျမတို့ မြန်မာလူမျိုးတွေ မှာ လူကြီးသူမတွေ ပြောဆို ဆုံးမခဲ့တဲ့  စကားလေးရှိပါတယ်။


နေ့ တစ်နေ့  မှာ စီးပွားဥစ္စာ၊ ကုသိုလ်၊ပညာ တစ်ခုခုယူပြီးဖြတ်သန်းပါ၊

ဒါမှ အဲဒီတစ်နေ့ တာက အကျိုးရှိပါတယ်တဲ့ -----

ဒီစကားလေးကို ကျမ သိပ်ကြိုက်ပါတယ်။


ဒါကြောင့်  ဒီစကားလေးအတိုင်း နေ့ တစ်နေ့ ကို ဖြတ်သန်းပြီးလို့  ညအိပ်ယာဝင်တဲ့အခါ ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်ကြည့်ပါတယ်။

ဒီနေ့  ငါ ဘာရသလဲ-လို့ ။

အထက်ပါ သုံးချက် ထဲက တစ်ခုခု ရရင်တော့  သြော်--ဒီနေ့  ငါမြတ်တယ်-လို့  ကိုယ့်ဘာသာကျေနပ်မိပါတယ်။

ဘာမှ ထင်မကျန်ဘဲ ယောင်ဝါးဝါးနဲ့  နေ့ တစ်နေ့ ကုန်ဆုံးသွားရင်တော့ ညဘက်ပြန်တွေးမိရင်

ဒီနေ့ တော့ ရှုံးပြီလို့  နှမြောတသ နောင်တ ရတတ်ပါတယ်။

ဒါပေမယ့်  ဘယ်လောက်ပဲ ပြန်လိုချင်ပေမယ့် ကုန်ဆုံးသွားတဲ့အချိန်တွေကတော့ ဘယ်လိုမှပြန်မရတော့ပါဘူး။


ဒီလို ဆုံးရှုံးမှုတွေ မဖြစ်ရအောင် နေ့ ရက်တိုင်းကို  အမြတ်ကျန်ပြီး ဖြတ်သန်းရအောင်တော့

ကျမတို့ ကြိုးစားရပါမယ်။

ဒီလို မြတ်ဖို့ ဆိုတာလည်း တကူးတကကြီး လုပ်ယူစရာမလိုပါဘူး။ကျမတို့ နေ့ စဉ်ဖြတ်သန်းနေကျ ပုံစံ ထဲမှာပဲ ရယူနိုင်ပါတယ်။

  
  ကျောင်းသားအရွယ် လူငယ်တွေဆိုရင်လည်းဒီနေ့ လေ့ လာရမယ့်  သင်ခန်းစာ၊ ဘာသာရပ်တွေကို သေချာ သင်ကြားလိုက်ရင် ပညာရသွားလို့ 

ဒီနေ့ သူ  မြတ်ပါပြီ။


အဲ--ဒါပေမယ့်  ကျောင်းသားတာဝန်မကျေဘဲ အတန်းကို ၀တ္တရားအရသာလာတက်ပြီး စာကိုစိတ်မ၀င်စားဘဲ ဟေးလားဝါးလားလုပ်နေရင်တော့

အဲဒီနေ့  သူ ရှုံးပါပြီ။

ကုန်သည် တွေ ပွဲစားတွေ ၊ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ အနေနဲ့လည်း ကိုယ့်ရဲ့ တစ်နေ့ တာ အလုပ်တွေကိုကြိုးစားလုပ်နေရင်းက ဥစ္စာရနေပါပြီ။မြတ်နေပါပြီ။


ဒီလို မဟုတ်ဘဲ ကုန်သည်ပွဲစားတွေကလည်း သမာအာဇီဝ မဟုတ်တဲ့ နည်းလမ်းတွေနဲ့ ရှာမယ်၊ မတရားအမြတ်စားမယ်ဆိုရင်၊

ဝန်ထမ်းတွေကလည်း သူတို့ အလုပ်ကိုစေတနာမထားဘဲ ဖြစ်သလိုလုပ်နေရင်၊ထိုက်တန်တဲ့ လုပ်အားကိုမပေးဘဲ လစာအချောင်လိုချင်နေရင် တော့

အဲဒီနေ့ ဟာ သူတို့ ရှုံးတဲ့နေ့ ပါ။


အနုပညာသည်တွေ၊စာရေးဆရာတွေအနေနဲ့လည်း ပရိသတ်အတွက် ပေးဆပ်ချင်တဲ့စေတနာနဲ့  လုပ်ကိုင်ရပါမယ်။

ကိုယ်ပေးလိုက်တဲ့ အနုပညာထဲက ပရိသတ် တခုခု ရသွားတဲ့နေ့ မှ မြတ်ပါတယ်။


လောကကြီးမှာ အရှုံးဆိုတာကို ဘယ်သူမှ မကြိုက်ကြပါဘူး။အားလုံး မြတ်ချင်ကြတာ ပဲလေ၊


ဘ၀မှာ ဒီလို အမြတ်ရဖို့ ဆိုတာ ကိုယ့်ရဲ့ အသိတရား၊ဆင်ခြင်မှုတွေ လိုပါတယ်။


ဘ၀ကို ရေလိုက်ငါးလိုက်နဲ့  ပေါ့ ပေါ့ တန်တန် ဖြတ်သန်းပြီးအချိန် တွေကုန်ပြီး အရှုံးပေါ်မယ့်အလုပ်တွေ မလုပ်မိအောင် နေ့ ရက်တိုင်း၊နေ့ ရက်တိုင်းကို သတိတရားနဲ့ စောင့်ကြည့်ပါ။


မိုးလင်းတိုင်း -ငါ ဒီနေ့  အမြတ်ရအောင်လုပ်မယ်-လို့ ကြုံးဝါးပြီး စိတ်ရွှင်လန်းတက်ကြွစွာနဲ့ 


နေ့ တစ်နေ့ ကို အကျိုးရှိရှိ ဖြတ်သန်းလိုက်ပါ။


ဒီလိုသာလုပ်နိုင်ပြီဆိုရင် ညအိပ်ယာဝင်တဲ့အခါ ဒီနေတော့  ငါ မြတ်တယ်ဟေ့ --လို့ ဝမ်းသာကြည်နူးစွာ တွေးပြီး အိပ်မက်လှလှမက်နိုင်မှာပါ။

အားလုံးပဲ နေ့ တိုင်း မြတ်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။



စေတနာမွန်ဖြင့် 

ကြာဖြူနွယ်


No comments:

Post a Comment