
သတ္တ၀ါအများ ကျင်လည်ကျက်စား ဖြစ်ပွားရာဖြစ်တဲ့ ဘုံပေါင်း ၃၁ ဘုံရှိတယ်။
၃၁ ဘုံဆိုတာ အပါယ်လေးဘုံ၊ ကာမသုဂတိ ခုနစ်ဘုံ၊ ဗြဟ္မာ့ဘုံ ၂၀ အားဖြင့်
ဘုံပေါင်း ၃၁ ဘုံဖြစ်တယ်။
အဲသည် ၃၁ ဘုံ အနက် လူ့ဘုံဟာ အလုံးစုံသောဘုံတို့နဲ့ ဆက်ဆံတဲ့ဘုံ ဖြစ်တယ်။
ဘယ်လိုဆက်ဆံသလဲဆိုတော့
လူ့ဘုံမှ ကွယ်လွန်သူဟာ အပါယ်လေးဘုံမှာလည်း ဖြစ်နိုင်တယ်။
လူ့ဘုံမှာလည်း ပြန်ဖြစ်နိုင်တယ်။ နတ်ဘုံခြောက်ဘုံမှာလည်း ဖြစ်နိုင်တယ်။
ဗြဟ္မာ့ဘုံ ၂၀ မှာလည်း ဖြစ်နိုင်တယ်။
လူ့ဘုံမှာ ကွယ်လွန်သူဟာ ၃၁ ဘုံအတွင်း ကံထိုက်သင့်ရာ တစ်ဘုံဘုံမှာ
ဖြစ်နိုင်ခွင့် ရှိသလို ၃၁ ဘုံအတွင်း ဘယ်ဘုံကပင်ဖြစ်စေ
စုတိကွယ်လွန်ပြီးနောက် လူ့ဘုံ၌ လာရောက်ဖြစ်နိုင်ခွင့်ရှိတယ်။
ဒါကြောင့် လူ့ဘုံဟာ အလုံးစုံသော ၃၁ ဘုံတို့နှင့် ဆက်ဆံတယ်။
(၁) ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် အပါယ်လေးဘုံမှ စုတိကျတဲ့ သတ္တ၀ါများဟာ အပါယ်လေးဘုံရယ်၊
လူ့ဘုံရယ်၊ နတ်ပြည်ခြောက်ထပ်ရယ် ပေါင်း ကာမ ၁၁ ဘုံ၌သာ ပဋိသန္ဓေဖြစ်ပေါ်ခွင့် ရှိတယ်။
(၂) လူ့ဘုံရယ်၊ နတ်ပြည်ခြောက်ဘုံရယ် သည် ကာမသုဂတ် ခုနစ်ဘုံမှ စုတိကျသော သတ္တ၀ါများကတော့
၃၁ ဘုံအတွင်း ဘယ်ဘုံမှာမဆို ထိုက်သင့်သောဘုံမှာ ဖြစ်ခွင့်ရှိတယ်။
(၃) သုဒ္ဓါဝါသ ငါးဘုံမှာတော့ အနာဂါမိ ဖလဋ္ဌာန်ပုဂ္ဂိုလ်ရယ်၊ အရဟတ္တမဂ်ပုဂ္ဂိုလ်ရယ်၊ အရဟတ္တဖိုလ်ပုဂ္ဂိုလ်ရယ်
သည် ပုဂ္ဂိုလ်ကြီး သုံးယောက်သာရှိတဲ့အတွက် သုဒ္ဓါဝါသမှ စုတိသော အရိယာကြီးများဟာ အောက်အောက်
ဘုံမှာ ဖြစ်ခွင့်မရှိဘူး။ အထက်အထက် သုဒ္ဒါဝါသဘုံများမှာသာ ဖြစ်ခွင့်ရှိတယ်။
(၄) အသညသတ်ဘုံမှာ စုတိသောပုဂ္ဂိုလ်များကတော့ ကာမသုဂတိ ခုနစ်ဘုံအနက် ကံပစ်ချရာ တစ်ဘုံဘုံမှာ
ဖြစ်ခွင့်ရှိတယ်။
(၅) သုဒ္ဓါဝါသ ငါးဘုံ၊ အသညသတ်ဘုံတို့မှ ကြွင်းသော ရူပ ၁၄ ဘုံတို့မှ စုတိသောပုဂ္ဂိုလ်များကတော့
အပါယ်လေးဘုံမှတစ်ပါး ကြွင်းသော ၂၇ ဘုံအနက် ကံပေးသော တစ်ဘုံဘုံမှာ ဖြစ်ခွင့်ရှိတယ်။
(၆) အရူပ ၄ ဘုံတို့မှ စုတိသော ပုဂ္ဂိုလ်များကတော့ မိမိဘုံမှာသော်လည်းကောင်း၊ အထက်အထက်ဘုံမှာ
သော်လည်းကောင်း၊ သို့မဟုတ် ကာမသုဂတိ ခုနစ်ဘုံမှာသော်လည်းကောင်း ဖြစ်နိုင်ခွင့်ရှိတယ်။
(ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး)
ရှာဖွေတင်ပြသူ-မာလာထွေး
No comments:
Post a Comment