Friday, May 4, 2012

ငယ်တယ်ရယ်လို့ မထီမဲ့မြင် ပြုချင်သလား

 
သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးတော်မူစဉ်ကာလက
ပေဿနဒီကောသလမင်းကြီးဟာ ဘုရားရှင်ထံ ချဉ်းကပ်ပြီး "အရှင်ဂေါတမ၊
အရှင်ဟာ အတုမရှိသော သဗ္ဗညုတဉာဏ်တော်ကို သိတယ်လို့ ၀န်ခံပါသလား"
လို့ ... လျှောက်ထားတယ် ...။
ဘုရားရှင်က ၀န်ခံကြောင်း မိန့်တော်မူတော့ ကောသလမင်းကြီးက
"အရှင်ဂေါတမ၊ ယခုအခါ လူအများက သူတော်ကောင်းလို့ သမုတ်ထားကြတဲ့
ဂိုဏ်းဆရာကြီးများ အထင်အရှား ရှိနေကြတယ် ...
အဲဒီဆရာကြီးတွေဟာ ဘယ်သူတွေလည်းဆိုတော့
ပုရာဏကဿပ၊ မက္ခလိ ဂေါသာလ၊ နိဂဏ္ဍနာဋပုတ္တ၊ ဗေလဋ္ဌ၏သား သိဉ္စည်း၊
ပကုဓ ကစ္စယန၊ ဆံပင်ကမ္ဗလာကိုဆောင်သော အဇိတတို့ ဖြစ်ကြပါတယ်။
ထိုဆရာကြီးများထံ ချဉ်းကပ်ပြီး
သဗ္ဗညုတဉာဏ်ကို သိတယ်လို့ ၀န်ခံပါသလားလို့ မေးတဲ့အခါ
တစ်ဦးမျှ ၀န်ခံသူ မရှိကြပါဘူး...
အရှင်ဂေါတမဟာ အရွယ်အားဖြင့် ငယ်တယ်၊
ရဟန်းပြုသစ်စလည်း ဖြစ်တယ်၊
သို့ပါလျှက် ဘာကြောင့် ၀န်ခံပါသလဲ" လို့ လျှောက်ထားတယ် ...
သည်အခါ ဘုရားရှင်က "မင်းကြီး၊ ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊
ပြက်ရယ် မပြုအပ်တဲ့အရာ လေးပါးရှိတယ် ...
(၁) မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်ဘူး
(၂) မြွေကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်ဘူး......
(၃) မီးကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်ဘူး .......
(၄) ရဟန်းကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်ဘူး .
မင်းကြီး...မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် ၊ ပြက်ရယ်ပြုခဲ့လျှင်
ထိုမင်းသား မင်းဖြစ်သောအခါ ရာဇဒဏ်ခတ်ခြင်းကို ခံရတတ်တယ် ...
မြွေကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် မြွေပေါက်ခြင်းကို ခံရတတ်တယ် ...
မီးကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် မီးအလောင် ခံရတတ်တယ်...
မင်းကြီး...ရဟန်းရဲ့တန်ခိုးဟာ သီလဖြစ်တယ် ...
သီလရှိသော ရဟန်းကို ငယ်သောကြီးသော မထီမဲ့မြင် မပြုကောင်းဘူး၊
ပြက်ရယ်မပြုကောင်းဘူး။
မင်းကြီး...သီလရှိတဲ့ ရဟန်းရဲ့မီးဟာ
မထီမဲ့မြင်ပြုသူ၊ ပြက်ရယ်ပြုသူကို လောင်တတ်တယ် ...
ရဟန်းမီး အလောင်ခံရသူဟာ
အခြွေအရံ သားသမီး မဖြစ်ထွန်းဘူး ...
ဖြစ်ထွန်းတဲ့ အခြွေအရံ သားသမီးများလည်း ပျက်စီးတတ်တယ် ...
ဆင်းဆင်းရဲရဲ ကျန်ရတတ်တယ် ...
လောကမှာ ရိုးရိုးမီးအလောင် ခံရတဲ့ မြက်ပင်များဟာ
အချိန်တန်လျှင် အခက်အလက်အရွက် ပြန်ထွက်ပြီး စည်စည်ပင်ပင် ဖြစ်နိုင်သေးတယ် ...
ရဟန်းမီး အလောင်ခံရတဲ့သူကတော့ အတက်အရွက် ပြန်မပေါက်နိုင်တော့ဘူး ...
ထန်းပင်ငုတ်တိုလို ဖြစ်ရတတ်တယ် ...
ဒါကြောင့် မြွေ၊ မီး၊ မင်း၊ ရဟန်းများကို ငယ်တယ်ဆိုပြီး
မထီမဲ့မြင် မပြုကောင်းဘူး" လို့ ဟောတော်မူတယ် ...။        ။
(ထီးချိုင့်မြို့၊တည်တောဆရာတော်ဘုရားကြီး)
                                                           ရှာဖွေတင်ပြသူ-မာလာထွေး

No comments:

Post a Comment