ဘုရားရှင်ထံ အဖူးအမြော် ရောက်သွားတယ်။
ဘုရားရှင်ထံရောက်တော့ ဘုရားရှင်အား ရှိခိုးဦးချပြီး
သင့်တင့်လျောက်ပတ်တဲ့ နေရာမှာ ထိုင်နေသတဲ့။
သည်အခါ ဘုရားရှင်က
"ကေသိ၊ သင်ဟာ ထင်ရှားတဲ့ မြင်းဆရာတစ်ယောက်ဖြစ်တယ်။
မြင်းရိုင်းများက်ု ယဉ်ကျေးအောင် သင် ဘယ်လို ဆုံးမသလဲ" လို့ မေးတော်မူတယ်။
"အရှင်ဘုရား၊ တပည့်တော်ဟာ မြင်းရိုင်းများကို
အနုနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်၊
အကြမ်းနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်၊
အနုအကြမ်းနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်" လို့ လျှောက်ထားတယ်။
ဘုရားရှင်က "ကေသိ၊ အကယ်၍ မြင်းရိုင်းဟာ
အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့်
ဆုံးမလို့ မရလျှင် ဘယ်လိုလုပ်ဦးမလဲ" လို့ မေးတော်မူတယ်။
ကေသိက "အရှင်ဘုရား၊ မြင်းရိုင်းဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့်
ဆုံးမ၍ မရလျှင် ထိုမြင်းရိုင်းကို တပည့်တော် သတ်ပစ်ပါတယ်၊
ဘာကြောင့် သတ်ပစ်ရသလဲဆိုတော့ တပည့်တော်
နာမည်အပျက်မခံချင်တဲ့အတွက် ဖြစ်ပါတယ်" လို့ လျှောက်ထားတယ်။
လျှောက်ပြီးတော့ ကေသိက "အရှင်ဘုရား၊ အရှင်ဘုရားဟာ
ဆုံးမထိုက်သူကို ဆုံးမတတ်တဲ့ အတုမဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။
အရှင်ဘုရားဟာ ဆုံးမထိုက်သူများကို ဘယ်လို ဆုံးမတော်မူပါသလဲဘုရား"
လို့ လျှောက်ထားတယ်။
ဘုရားရှင်က "ကေသိ၊ ငါဟာ ဆုံးမထိုက်သူကို အနုနည်းအားဖြင့်လည်း
ဆုံးမတယ်၊ ကေသိ၊ ငါ အနုနည်းဖြင့် ဆုံးမပုံမှာ ...
ဤကား ကာယသုစရိုက်၊ ဤကား ကာယသုစရိုက်အကျိုး၊
ဤကား ၀စီသုစရိုက်၊ ဤကား ၀စီသုစရိုက်အကျိုး၊
ဤကား မနော်သုစရိုက်၊ ဤကား မနောသုစရိုက်အကျိုး၊
ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်းလို့ ဆုံးမတယ်။
ငါ အကြမ်းနည်းဖြင့် ဆုံးမပုံမှာ ...
ဤကား ကာယဒုစရိုက်၊ ဤကား ကာယဒုစရိုက်အကျိုး၊
ဤကား ၀စီဒုစရိုက်၊ ဤကား ၀စီဒုစရိုက်အကျိုး၊
ဤကား မနောဒုစရိုက်၊ ဤကား မနောဒုစရိုက်အကျိုး၊
ဤကား ငရဲ၊ ဤကားတိရစ္ဆာန်၊ ဤကား ပြိတ္တာလို့ ဆုံးမတယ်။
ငါ အနုအကြမ်းနည်းဖြင့် ဆုံးမပုံမှာ ...
ဤကား ကာယသုစရိုက်၊ ဤကား ကာယသုစရိုက်အကျိုး၊
ဤကား ကာယဒုစရိုက်၊ ဤကား ကာယဒုစရိုက်အကျိုး၊
ဤကား ၀စီသုစရိုက်၊ ဤကား ၀စီသုစရိုက်အကျိုး၊
ဤကား ၀စီဒုစရိုက်၊ ဤကား ၀စီဒုစရိုက်အကျိုး၊
ဤကား မနော်သုစရိုက်၊ ဤကား မနောသုစရိုက်အကျိုး၊
ဤကား မနောဒုစရိုက်၊ ဤကား မနောဒုစရိုက်အကျိုး၊
ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်း၊
ဤကား ငရဲ၊ ဤကားတိရစ္ဆာန်၊ ဤကား ပြိတ္တာလို့ ဆုံးမတယ်" လို့ ဖြေကြားတော်မူတယ်။
သည်အခါ ကေသိက " အရှင်ဘုရား၊ အရှင့်ရဲ့ ဆုံးမထိုက်သူဟာ
အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် ဆုံးမခြင်းကို မခံယူလျှင်
အဘယ်သို့ ပြုလုပ်ပါသလဲ" လို့ လျှောက်ထားတယ်။
ဘုရားရှင်က "ကေသိ၊ ငါ ဆုံးမသောသူဟာ
အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် ဆုံးမခြင်းကို မခံယူခဲ့လျှင်
ထိုသူကို ငါ သတ်ပစ်တယ်" လို့ မိန့်တော်မူတယ်။
ဒီတော့ ကေသိက "အရှင်ဘုရား၊ အရှင်ဘုရားအား သူ့အသက်သတ်ခြင်းသည်
မအပ်ဘူး မဟုတ်လားဘုရား၊ သို့ပါလျှက် သတ်ပစ်တယ်လို့
အဘယ့်ကြောင့် မိန့်တော်မူပါသလဲ"လို့ လျှောက်ထားတယ်။
ဘုရားရှင်က "ကေသိ၊ ငါဘုရားအား သူ့အသက်ကို သတ်ခြင်းသည်မအပ်၊
သို့ပါလျှက် သတ်ပစ်တယ်လို့ မိန့်ဆိုခြင်းမှာ
အဆုံးအမ မခံသောသူကို မဆုံးမဘဲ အသိအမှတ် မပြုခြင်းသာဖြစ်တယ်၊
အဆုံးအမ မခံသောသူကို ပညာရှိ သီတင်းသုံးဖော်များကလည်း
ပြောဆိုဆုံးမထိုက်သူလို့ အသိအမှတ် မပြုကြတော့ဘူး၊
ယခုကဲ့သို့ အသိအမှတ်မပြု၊ အဆုံးအမမှ ၀ကွက်လိုက်ခြင်းသည်ပင်လျှင်
ငါဘုရား၏ သာသနာ၌ သတ်ပစ်ခြင်းမည်တယ်" လို့ မိန့်တော်မူတယ်။
သည်အခါ ကေသိလည်း သဘောကျသွားပြီး
"အရှင်ဘုရား၊ မြတ်စွာဘုရားက အသိအမှတ်မပြု၊
ပညာရှိ သီတင်းသုံးဖော်များကလည်း အသိအမှတ် မပြုခြင်းသည်
စင်စစ် ကောင်းစွာ သတ်ပစ်လိုက်ခြင်း မည်ပါပေတယ်၊
အရှင်ဘုရားရဲ့ တရားတော်ဟာ အလွန် နှစ်သက်ဖွယ်ရှိတယ်၊
ယနေ့မှစပြီး အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်တဲ့ ဒါယကာလို့
တပည့်တော်ကို မှတ်တော်မူပါ" လို့ လျှောက်ထားသတဲ့ကွယ်။
(ထီးချိုင့်မြို့၊ တည်တောဆရာတော်)
ရှာဖွေတင်ပြသူ-မာလာထွေး
No comments:
Post a Comment