နှင်းတောထဲမှာလမ်းလျှောက်ရအောင်ချစ်သူရယ်----
ကြည့်မြင်ရာ တစ်ခွင်လုံး ဖွေးဖြူဖြူ နှင်းတွေဖုံး ပြီး အေးချမ်းလိုက်တာနော်
ဒီတစ် ရက်တော့  ချစ်ရသူရဲ့ နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ရင်း နှင်းတောထဲဝင်မယ်
ဦးနှောက်ထဲဗလာ၊ နှလုံးသားထဲဗလာထား ဘာခံစားချက်မှ ယူမလာပါနဲ့ လား
ချစ်ရက်နဲ့  နှစ်ကိုယ်တူ မနီးနိုင်လို့  ပူဆွေးရတဲ့  လွမ်းဆွေးမှုဝေဒနာ တွေ
ဝေးရချိန်များ မကြင်နာအားလို့  မေ့နေမလား ဆိုတဲ့  စိုးရိမ်ပူပင်ခြင်းတွေ
လျှောက်လှမ်းရမယ့် တို့ ဘ၀ခရီး ဆူးညှောင့် ကင်းလို့ လင်းပါ့မလားဆိုတဲ့အတွေးတွေ
အားလုံးကို မေ့ထား နှင်းများကြားမှာ ပျော်မယ်လေ။
နှင်းတောထဲမှာလမ်းလျှောက်ရအောင်ချစ်သူရယ်---
လောကကြီးရဲ့  မာယာကြွယ်လှည့်စား ကောက်ကျစ်မှုများတွေ
သကာရည်ဖုံးတဲ့  အလိမ်အညာ အပြုံးတွေ
နောက်ကျောဓါးထိုး အမှားမျိုးအထွေထွေနဲ့  ရက်စက်မှုတွေ
အပြိုင်အဆိုင်ကြွား မာန်မာနများတွေ
ရှုပ်ထွေးပွေလီ လူ့ လောကီ အကြောင်းတွေ
အားလုံးကို မေ့ထား နှင်းများကြားမှာပျော်မယ်လေ။
နှင်းတောထဲမှာလမ်းလျှောက်ရအောင်ချစ်သူရယ်-----
ကမ္ဘာကြီးကပူနွေး ဆွေးရတော့မယ့် ရေခဲမြစ်တွေ
တောမီးတွေလောင် တောင်တွေကပြို ကောင်းကင်ကငို
ကန္တာရသဲမုန်တိုင်း ရိုင်းလိုက်လေစွ
ဆူနာမီ နာဂစ် ဖြစ်ချင်တာတွေ ဖြစ်နေကြ
အိုဇုန်းလွှာပေါက် ဟောသည် လေဟာနယ်ကြီး အောက် မှာ
ခရမ်းလွန် နေခြည်တွေတောက်လည်း တို့ မကြောက်ဘဲ
အားလုံးကို မေ့ထား နှင်းများကြားမှာပျော်မယ်လေ။
နှင်းတောထဲမှာလမ်းလျှောက်ရအောင်ချစ်သူရယ်--
ဆင်းရဲကျပ်တည်း ငိုငြီးခြင်းတွေ
ဆာလောင်မွတ်သိပ် ဒီလိုစိတ်နဲ့  အိပ်မရခြင်းတွေ
သမုဒ္ဒရာ ၀မ်းတစ်ထွာ အမြဲဖြေရှင်း ဆင်းရဲ ခြင်းတွေ
လိုက်လေဝေးလေ အိပ်မက်စိတ်ကူး ပြသနာတွေကိုခူး
ဘယ်လိုပဲဖြစ်ဖြစ်နေနေ ကမ္ဘာမြေကတော့ ပုံမှန်လှည်ပတ်နေတာပဲလေ-
တို့  တတ်စွမ်းသမျှ အားထုတ်ကြိုးပမ်း နိုင်တဲ့ဝန် ထမ်းနေတာပဲကွယ်
မေတ္တာ ဂရုဏာ မုဒိတာ တွေကြားမှာ တခါတလေ ဥပက္ခာ လေးနဲ့ နေတတ်အောင်နေ
အားလုံးကို မေ့ထား နှင်းများကြားမှာပျော်မယ်လေ။

(ကဗျာမမည် စာမပီတဲ့  ခံစားချက်လေးတစ်ခုပါ။)
ကြာဖြူနွယ်
No comments:
Post a Comment