Tuesday, December 30, 2014

မြစ်တစ်စင်း ချစ်ခြင်းနဲ့စီးဆင်းနေတယ်

မြစ်တစ်စင်း ချစ်ခြင်းနဲ့စီးဆင်းနေတယ်
ထူးဆန်းတဲ့ဒီမြစ်ဟာ
အစရှိပေမယ့် ဘယ်မှာဆုံးမလဲဆိုတာ
မြစ်ဘာသာတောင်မသိဘူးတဲ့လေ

မြစ်ဆိုတာ ကွေ့ကောက်တတ်ပေမယ့်
ပေးဆပ်ခြင်းရေအလျင် တသွင်သွင်စီး
ခရီးမပြတ် ဆက်လက်နှင်ခဲ့တယ်

တစ်ခါတစ်လေမှာ
ငွေလရောင်အောက် ငြိမ့်ငြိမ့်ငြောင်းညင်သာ

တစ်ခါတစ်လေမှာ
ဝဲဂယက်ကြမ်းတမ်း လှိုင်းထသရမ်း

တစ်ခါတစ်လေလည်း
သက်မြော့သွေ့ခြောက် ခပ်ဖျောက်ဖျောက်

ကြောက်စရာ့ဒီခရီးမှာ
မြစ်ကတော့ မညီးခဲ့ရှာလေဘူး။

ဒီမြစ် ရဲ့အဆုံးသတ် ဆိုတာ
သာယာလှပတဲ့ ပင်လယ်ပြာဖြစ်မလား

ဒါမှမဟုတ်
ပူပြင်းခြစ်တောက် နေရောင်အောက်မှာ
ခန်းခြောက် ပျောက်ပျက်သွားမလား

စဉ်းစားနေစရာတော့မလိုပါဘူးလေ
ဖြစ်တည်လာမှတော့
စီးဆင်းနိုင်သလောက်စီးဆင်းရမှာ
မြစ်ရဲ့တာဝန်ပါ

မြစ်တစ်စင်း ချစ်ခြင်းနဲ့စီးဆင်းနေတယ်...။

No comments:

Post a Comment