Tuesday, March 18, 2014

တစ် အပေါင်း တစ်



ဒီမယ်ရှင့် .. ဒီမယ်
အယူအဆမတူ လေတိုင်း
အံကြိတ်ပြီးတက်ခေါက်မနေပါနဲ့ 
ကျွန်မပြောတာသေချာနားထောင်ပါဦး..။

ဘာတဲ့ ..
ပြောရက်လိုက်တာများ
အရည်မရအဖတ်မရ
ကျွန်မဆိုတဲ့ မိန်းမက
အချစ်ဝတ္တုတွေပဲ ရေးနေသတဲ့..လား။

ဟုတ်တာပေါ့ လေ
ရှင်က လက်စောင်းထက်ထက်နဲ့ 
တိုင်းပြည်အတွက် ဆင်နွှဲ
ကဗျာနဲ့ တိုက်ပွဲဝင်နေသူဆိုတော့
ကျွန်မရေးတဲ့စာတွေကို အရေးမထား
ကလေးကလားလို့ များထင်နေတာလားဟင်။

ဒါပေမယ့်..ရှင်မသိသေးတာပြောပြမယ
ရေးခဲ့သမျှ အချစ်ဝတ္တုတွေကို
ဆန်းစစ်ပြီး ရှင်ထောက်ပြစမ်းပါ
ကျွန်မရေးနေတာတွေဟာ
အဆိပ်အတောက်မပါ
စစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်စားပြုခဲ့တာပါ။

ရှင်က ကဗျာနဲ့ တိုင်းပြည်ကိုပြုပြင်ချင်သလို
ကျွန်မကလည်း
လောကပါလတရားတွေပျောက်ဆုံး
ဆိတ်သုန်းနေတဲ့ ဒီခေတ်ကြီးမှာ
နှလုံးသားတွေနူးညံ့ သိမ်မွေ့ စေဖို့ 
ရသစာပေ ရေးပြနေရတာပါ။

တစ်ခုလောက်မေးပါဦးမယ်
စစ်ပွဲတွေဘာလို့ဖြစ်ခဲ့ လဲ
မသိရင်မှတ်ထားလိုက်ဦး
လူသားတွေရင်ထဲ
ချစ်ခြင်းတရားတွေပျောက်ဆုံး
မောဟအမှောင်ဖုံးလို့ 
အသက်တွေဆုံးရှုံးရတာပါ။

မြတ်စွာဘုရားဟောကြားခဲ့တာ
သံသရာမှာ ဆွေမျိုးမတော်စပ်ဖူးသူမရှိတာမို
ပကတိ ခင်မင်ပြီး
ကိုယ်ချင်းစာစိတ်တွေ ကြီးခဲ့မယ်ဆိုရင်
စစ်မက်တွေဝေးကွာပြီး
လောကကြီး သာယာလှပလာမှာပါ။

ချစ်တတ်ရမယ်
ဟုတ်တယ်
အမေအရွယ်ဆို ကိုယ့်အမေလို
နှမအရွယ်ဆို  ကိုယ့်နှမလို
သူ့ သားသမီးဆို  ကိုယ့်သားသမီးလို
သူ့ မိသားစုဆို  ကိုယ့်မိသားစုလို
သူ့ အိုးအိမ်ဆို ကိုယ့်အိုးအိမ်လို
၅၂၈ အချစ်နဲ့  စာနာပြီးလည်း ချစ်တတ်ရမယ်။

ပြီးတော့လေ…
ပူပြင်းလောင်မြိုက်တဲ့ ရမ္မက်နဲ့ 
နူးညံ့ သိမ်မွေ့ တဲ့ အချစ်ကို မကွဲပြား
လွဲမှားနေကြတဲ့ လူငယ်တွေကိုလည်း
၁၅၀၀ အချစ်အကြောင်း
တစေ့တစောင်း ရေးပြရဦးမယ်။

ရှင့် နဖူးမှာချွေးဥတဲ့ အခါ
ကျွန်မရင်ထဲကျဉ်နေအောင်သနားမိတာဟာ..အချစ်

နူးညံ့ တဲ့ရှင့်ခေါ်သံမှာ
သိမ်မွေ့ စွာရင်ခုန်မိတာဟာ..အချစ်

ကျွန်မပါးက သနပ်ခါးလေးမပျက်အောင်
ညင်သာဖွဖွ လေး ရှင်နမ်းရှိုက်တတ်တာဟာ…အချစ်

လက်ဖ၀ါးချင်းဖွဖွ ဆုပ်ကိုင်ရင်း
ဒီ့ထက်ပိုတဲ့  အတွေ့ အထိမရှိ
စိတ်ကူးလေးနဲ့ ရင်ဖိုရတာဟာ..အချစ်

ကျွန်မတို့ နှစ်ယောက်အနာဂါတ်အတွက်
ရှင်မျှော်မှန်းအပင်ပန်းခံနေတာဟာ..အချစ်

အနာဂါတ်မှာ အတူနေကြတဲ့ အခါ
ရှင် နဲ့ ချွပ်စွပ်တူမယ့်သားလေး
ကျွန်မရင်မှာပိုက်ထွေးလို့ ပြုစုချင်တာဟာ..အချစ်

တစ်ခါတစ်ခါရန်ဖြစ်
စိတ်ကောက်ပြီးစကားမပြောလည်း
နှလုံသားချင်းနီးနေတာဟာ..အချစ်
ကဲ..ဘယ်လောက်ကြီးကျယ်ခမ်းနားလိုက်သလဲကွယ်

အချစ်မှာ  တည်းခိုခန်းကိုသွားကြတာမပါဘူး။
အချစ်မှာ  ကြမ်းတမ်းရိုင်းစိုင်းတဲ့ ရင်ခုန်သံတွေအကျုံးမ၀င်ဘူး။
အချစ်မှာ  ပူလောင်ပြင်းပြတဲ့ ရမက်တွေမပါဘူး။
အချစ်မှာ  အိမ်ထောင်မပြုသေးဘဲ ဆေးကဒ်တွေစားနေတာမရှိဘူး။
ရွံရှာညစ်ပတ်ဖွယ်တွေ ကို သူတို့ အချစ်လို့ ထင်နေကြတာ
ကျွန်မဘယ်လိုများ လက်ပိုက်ကြည့်နေရက်ပါ့မလဲ။


ပန်းပွင့်လေးနဲ့တူတဲ့ မိန်းမငယ်လေးတွေ
အညှာမလွယ် အကြွေမစောရအောင်
ရင်ထဲကတကယ့် စေတနာထားပြီး
ကျွန်မကလောင်နဲ့  ရေးသမျှဟာ
အပျော်ဖတ်သက်သက်မဟုတ်စေရဘူးရှင့်..။

ဘာလဲ..
ရှင်က အမရာ၊ကန္နရီ ၊မဒီ ၊သမ္ဗူလ
တော်လေး၀၀င် မိန်းမလို
ငါ့စကားနွားရ ပြောသမျှ သည်းခံပြီး
ကျွန်မကိုခေါင်းညိတ်စေချင်လို့ တော့
ဒီခေတ်ကြီးမှာ မရတော့ဘူးလေ..။

ပြောပြီးပါပကော….
ကျွန်မတို့ နှစ်ယောက်ဟာ သူ့ ဘက်ကိုယ့်ဘက်
ဘာမဆို ညှိနှိုင်းတိုင်ပင်ပြီး
လောကဓံကို တစ်သက်လုံးအတူ
တိုက်ပွဲဝင်ကူကြမယ့် ရဲဘော်ဘက်တွေပါလို့ ။

ရှင် နဲ့ ကျွမက ဥပမာပြရရင် ..
ငြိမ်းချမ်းရေးကောင်းကင်ကြီးကိုလွမ်းနေရတဲ့ 
ဖိနပ်ပါးလေးတစ်စုံလို
ရှင်က ညာ ဆို ကျွန်မက ဘယ်
ရှင်က ဘယ် ဆို ကျွန်မက ညာ
နှစ်ဖက်စုံတွဲစီးမှ အတူလှမ်းနိုင်ခရီးပေါက်
ပန်းတိုင်ကို ရောက်တော့မှာပေါ့ …။

ရှင်က စိတ်ဓါတ်ကြံ့ ခိုင်မွန်မြတ်ပြီး
တိုင်းပြည်အတွက် စွန့်စားအနစ်နာခံမယ့်
သူရဲကောင်းတွေ ပေါ်ထွန်းစေချင်သလို
ကျွန်မကလည်း လင်ကောင်းမယား
သားကောင်းမိခင်ဖြစ်လာစေမယ့်
စာရိတ္တခိုင်မာတဲ့ မိန်းကလေးတွေချည်းပဲ
ရှိစေချင်တယ်ဆိုတာ ယုံစမ်းပါ။

တစ် နဲ့ တစ်ပေါင်းရင် နှစ် ဖြစ်
စိတ်ဓါတ်ခွန်အားတွေ သစ်ရမှာ
တစ် ထဲက တစ်ကိုနုတ်ပြီး
သုညကြွင်း အကျည်းတန်အောင်
ဘာလို့များလုပ်ချင်ရတာလဲ။

ကဲ..ရှင့်လက်လေး ကမ်းပေးစမ်းပါ
ကျွန်မရှင်းပြရတာ မောလှပါပြီ
မျက်မှောင်ကြီးကုပ်ပြီးကြည့်မနေပါနဲ့ 
သွားတက်လေးပေါ်အောင်
ရယ်ပြုံးပြလိုက်စမ်းပါကွယ်..။

ရှင်ရေးတဲ့ကဗျာတွေ
ကျွန်မအားပေးဝေဖန်သလို
ကျွန်မရေးတဲ့ အချစ်ဝတ္တုကို
ဒေါသတကြီးအပြစ်မဆိုဘဲ
လိုအပ်တာသာထောက်ပြစမ်းပါ။

ထပ်ပြောမယ်…
ရှင်နဲ့ ကျွန်မကလေ
တစ်  အပေါင်း တစ်
ထာဝရ..နှစ်
ဖြစ်ကြရအောင်နော်…။



ကြာဖြူနွယ်

No comments:

Post a Comment