Monday, October 7, 2013
“ ရင်ဝှက်…. ကြယ် "
....
ဘယ်လောက်ပဲ ပိန်းပိတ်အောင် မှောင်နေတဲ့ လမိုက်ည ဖြစ်နေပါစေ…
ကောင်းကင်မှာရှိနေတဲ့  ကြယ်လေးတွေရဲ့ ကိုယ်ပိုင်အလင်းရောင်လေးတွေ လမ်းပြပေးမယ်
ဆိုရင် သွားချင်တဲ့ ခရီးရောက်နိုင်မှာပါ....။
 ဒီလိုပဲပေါ့ နော်...
 ဒီကြယ်စင်လေး ကိုတော့  တခြားဘယ်သူမှ ပိုင်ဆိုင်လို့ မရအောင်အမြတ်တနိုးနဲ့ တိတ်တိတ်လေး ရင်ထဲမှာ      ၀ှက် ပြီး သိမ်းထားပါမယ်...
တစ်ဦးတည်း သာ ပိုင်ဆိုင်တဲ့ .... ရင်ဝှက်ကြယ်လေး ပေါ့ 
......................................
အမိမြေ ပေါ် သူစီးလာသည့် လေယဉ်ဘီး ချလိုက်သည်နှင့်  ခန့် နိုင်  မြင်ယောင်မိတာ မျက်လုံးဝိုင်းလေးများ ပါ….။
ငါး နှစ်ဆိုတဲ့ အချိန်ဟာ ရင်ထဲကသံယောဇဉ်တရားတွေကို ခြေဖျက်နိုင်စွမ်း မရှိပါလား..ကောင်မလေးရေ…
တီးတိုးရေရွတ်ကာ ပြုံးလိုက်မိသော သူ့ အား ဘေးမှ Takaki San ( တာကာ့ခိဆန်) ကကြည့်နေပါသည်။
“မင်း..သိပ်ပျော်နေလား နိုင်ဆန် ”
“ ပျော်တာပေါ့ …ကျွန်တော် မြန်မာပြည်ကို လွမ်းနေရတာကြာပြီလေ ”
“အေးပါ..မင်းအပြောကောင်းလို့  ငါ ဒီမြန်မာပြည်မှာ ရုံးခွဲဖွင့် ဖို့ ရွေးချယ်ပေး လိုက်တာ… မင်း သေချာလုပ်ရမယ်နော် ”
“စိတ်ချပါ ..တာကာ့ ခိဆန် ၊ ကျွန်တော် အစွမ်းကုန် ကြိုးစားမှာပါ ”
“ အိုခေ..မင်းကို ယုံလိုက်ပြီ်”
ပြောရင်းခန့်နိုင်ပုခုံးကိုဖက်လိုက်သည့်တာကာ့ ခိဆန်သည် ခန့် နိုင်နဲ့ အတူ ပူးပေါင်းပြီးအလုပ်လုပ်ရမည့်ဝါရင့် ဂျပန်ရှေ့ နေကြီးပါ..။
ဒါပေမယ့် သူ အောင်အောင်မြင်မြင်နှင့် လုပ်နိုင်မည်ဟု ကိုယ့် ကိုယ်ကို ယုံကြည်ပါသည်။
ရရှိလာသည့် အခွင့် အရေး ကို သူ သေချာဆုပ် ကိုင်အသုံးချရပါမည်။သည်လို ဘ၀အခြေ အနေ မြင့် မားလာတာလည်း သူကျေနပ်ဂုဏ်ယူမိသည်။ ဘယ်တော့ မှရေသေလို ငြိမ်တန့်     မနေဘဲ တဟုန်ထိုးစီးဆင်းသွားချင်သည်မှာ သူ့ ဆန္ဒပါ….။
ခုတော့ သူ့ ဘ၀ ဟာ လွန်ခဲ့ သည့် ငါးနှစ်တာ ကအခြေအနေ နှင့်  အရမ်းကို ကွာခြားသွားပါပြီ…။
ကောင်မလေးရေ… မင်းရောဘာတွေလုပ်နေပါလိမ့် ..အရင်လို မြုံစိစိ မလှုပ်တလှုပ်လေးပဲလား…
သူပြောင်းလဲသွားသလို  ကောင်မလေး အား ပြောင်းလဲစေချင်မိတာ သူ့ အတ္တပင်…
သူရှင်းပြသမျှ မျက်လုံးဝိုင်းလေးနှင့်ကြည့်ရင်း ဖျော့ တော့ စွာ ပြုံးနေတတ်သည့် ၊အားငယ် ရိပ်တွေ နှင့်  လူကြောက်တတ်သည့် ကောင်မလေးတယောက် ကို အလိုမကျခြင်းများဖြင့်  သူ တွေဝေ ခဲ့ ဖူးပါသည်။ ဝေးအောင်ရှောင်ခဲ့ ပါသည်။
သို့ သော်…ထက်မြက်ထူးချွန်လှသောသူ့ ဦးနှောက်အသိဥာဏ်သည် နောက်ဆုံးမှာ ရင်ခုန် ခံစားတတ်သော သူ့ နှလုံးသား အား အရှုံးပေးလိုက်ရပါ၏။
ကောင်မလေးရေ…မင်းဘယ်ရောက်နေလဲ…ကိုယ်ရှာတော့မယ်
xxxxxxxxxxxxxxxxxxxx
လမရှိသောညမို့  အမှောင်ထု အင်အားကြီးနေပေမယ့် နက်ပြာပိန်းပိန်း ကောင်းကင်မှာတော့ ကြယ်ရောင်နှင့် လင်းနေပါ၏။တလက်လက်တောက်ပနေသောကြယ်လေးတွေကိုမော့ကြည့်ရင်း လွမ်းဆွတ်မှုနှင့် အတူ  သီ ငိုချင်လာပါသည်။
ကြာခဲ့ ပါပြီကော…
သည်လို ညရောက်တိုင်း ကြယ်လေးတွေကိုမော့ကြည့်ရင်းသီ့ ကိုအားမလိုအားမရနှင့်   ပြော ဆိုတတ်သည့် သူ တစ်ယောက်အားလွမ်းဆွတ်ပြီးတမ်းတ ရှို က်ငင်ခဲ့ မိတာအကြိမ်ကြိမ် ပါ….။
သို့ သော်  ခုတော့   သီ အားမငယ်တော့ပေ….
အကိုကြီး ရုတ်တရက်နုတ်မဆက်ဘဲ ထားခဲ့ ခြင်းအား လည်း သီဝမ်းမနည်းတော့ပါ။
အကိုကြီး ကို နားလည်ပေးနိုင်သည့်  သီ ဖြစ်နေပါပြီဆိုတာတော့ပြောခွင့် ရချင်လှပါပြီ..။
အကိုကြီးရေ…. သီ့ ကို စိတ်တိုင်းမကျခဲ့ ဘူးမှတ်လားဟင်…
သီ ရဲ့ ရိုးအ မှုတွေ ၊ အမြင်မကျယ်မှုတွေကို မကြိုက်ခဲ့ ဘူးမှတ်လားဟင်…
ခုချိန်မှာ သီ့ ကို တွေ့ ရင် အကိုကြီး အ့ံသြမှာလား..၀မ်းသာမှာလား..အရင်လို ငယ်ထိပ်ကို ဖွဖွလေးထုပြီးဆူဦးမှာလားဟင်…
xxxxxxxxxxxxxxxxxxxx
ခန့် နိုင် သည့် ဂျပန်စကားပြန်လုပ်ရင်း တဖက်မှလည်းဂျပန်စာသင်ကာ ဂျပန်တွင်ကျောင်းသွား  တက် ရန် ကြိုးပမ်းနေသူဖြစ်ပါ၏။ မိဘနှစ်ပါး က အစိုးရ၀န်ထမ်းတွေမို့ ခန့်နိုင်ဂျပန်သွား ဖို့ ငွေအလုံအလောက်မပေးနိုင်ပါ။ခန့်နိုင်ဘာသာ ရသမျှ အချိန်တိုင်း အလုပ်လုပ်ကာ ပိုက်ဆံစုနေရပါ၏။
ခုလည်း အထည်ချုပ်အော်ဒါပေးထားသည့် ဂျပန်ကြီး နှင့် အတူ အထည်ချုပ်စက်ရုံ တခုမှာ အလုပ်ဆင်းပေးနေရပါသည်။အထည်ချုပ်ပညာရှင် ထိုဂျပန်ဆရာ  က ထက်မြက်တက်ကြွသည့် ခန့် နိုင်အားသဘောကျသူပင်..။စက်တန်းထဲဝင်ပြီး ချုပ်နေသည့် အထည်များအားသူလိုက်စစ် သည့်အခါခန့် နိုင်လည်းအတူ လိုက်ကာလိုတာပြောပေးရပါသည်။
မိန်း ကလေးတွေများသော နေရာမို့  အရပ်မြင့် မြင့်  ၊ ရုပ်ချောချော ခန့်နိုင် ကို ကောင်မလေးတွေ သဘော ကျ ကာ ခင်ချင်ပြောချင်ပေမယ့် ခ န့်နိုင် က ခပ် ကင်း ကင်းနေပါသည်။ သည်လို အလုံပိတ်စက်ရုံထဲမှာပဲ နေ့ နေ့ ညညနေပြီး အထည်ချုပ်ရင်း ပြင်ပဗဟုသုတ ဘာမှမရှိသည့်  စက်ချုပ်နေသည့်ကောင်မလေးများအားခန့် နိုင် သဘောမကျပါ….။
ရှင်းရှင်းပြောရလျှင် …အထည်ချုပ်နေသောကောင်မလေးတွေသည် သူနှင့် ဘက်မတူဘဲ              ထက်မြက်မှုမရှိသောကြောင့် အရောမ၀င်ချင်ပါ…။
သို့ သော်…သည်လို ကင်း ကင်းနေသည့်ကြားမှ  ဂျပန်ဆရာကြောင့် မျက်လုံးဝိုင်းလေးတစ်စုံအား    သူ သတိထားမိဖို့ ဖြစ်လာပါသည်။
“ခန့် နိုင်…Line 2 ထဲမှာ  two Neel ချုပ်နေတဲ့ ကောင်မလေးကိုသေချာကြည့် ကြည့်၊ မျက်လုံးလေးက၀ိုင်းပြီး မျက်တောင်လေးတွေနက်နေတာပဲ…အသားဖွေးဖွေးလေးနဲ့  ဆိုတော့ ငါတို့ ဂျပန်မှာခုခေတ်စားနေတဲ့ ဂျပန်မော်ဒန်လေးနဲ့ တူနေတယ်”
ဂျပန်ဆရာပြောတော့ သူရယ်မိသည်။ ဆရာကပိုလိုက်တာလို့ ပြောရင်း ကြည့်လိုက်မိတဲ့ အခါ  အရည်လဲ့ နေသည့်မျက်လုံးဝိုင်းတွေနှင့် ဆုံသွားသည်။ ကောင်မလေးကသူကြည့်နေတာသိ သည်နှင့်  တစ်ဖက်ကို မျက်နှာလွှဲသွားပါသည်။သူလည်းကောင်မလေးမျက်နှာလွှဲထားသည် မို့ သေချာကြည့်မိတော့ ဆရာပြောတာမလွန်ပါ..တကယ်ပဲ ဒီကောင်မလေးဟာဖွေးဖွေးဥဥ နှင့်  လှနေပါလား….။ အထည်တွေစွန်းမှာစိုးလို့ သနပ်ခါးမလိမ်းရ ၊နုတ်ခမ်းနီ မဆိုးရ၊ ဘာမှပြင် ဆင်ခြယ်သ လို့ မရဘဲအထည်ချုပ်နေရတဲ့ ကောင်မလေးတယောက်ဟာ ဒီလောက်လှရသလား….လို့  သူ အံ့ သြမိတာအမှန်ပါ….။
ဂျပန်ဆရာ က စ က်ချုပ်တာလည်းတော်သော ၊ ပြောစကားနားထောင်သော၊ချစ်စရာကောင်း သည့် ထိုကောင်မလေးကို ခင်မင် သဘောကျပါသည်။ သူကတော့ လူမြင်လိုက်သည်နှင့်  ယုန်ငယ်လေးလို ကြောက်ရွံ့ မှုနှင့် မျက်လုံးလေးတွေ ပြုးကျယ်ဝိုင်း စက်သွားတတ် သည့်ကောင်မလေးသည် နုံအအ နှင့် အကင်းမပါးဟုမြင်မိပါသည်။
သို့ သော်..ဘယ်တော့ကြည့်ကြည့် ညှိုးငယ်နေသည့် ပုံရိပ်လေးကို အားမလိုအားမရသည့်ကြားမှ တဖြည်းဖြည်း သံယောဇဉ်တွယ်လာမိတဲ့ သူ့ ရင်ထဲမှခံစားမှုကို တော့ သူလည်းမတားနိုင်ခဲ့ ပါ။
ထိုကောင်မလေး အား သည်လိုအထည်ချည်းပဲ နေ့နေ့ ညညချုပ်နေရသည့် အလုပ်မလုပ်စေ ချင်ပါ…။ သို့ သော်…သည်အလုပ်တခုတည်းပဲလုပ်တတ်ပုံရသည့်ကောင်မလေးကတော့ သူများတွေ မုန့် စား နေ ..အိပ်နေသည့် အချိန်မှာတောင်   ကြိုးစားချုပ်နေတာပဲ အမြဲမြင်ရသည်။ဘာလို့ များ မနားမနေ ဒီလိုလုပ်နေရတာလည်းလို့ တွေးပြီး သူ သနားမိပါပြီ။
“ ခန့်နိုင် … နားချိန်ကိုဟိုကောင်မလေးချုပ်နေပါလား…သူ့ လိုင်းဆူပါ( ဆူပါဗိုက်ဇာ )ခေါ်မေးပါဦး”
ဂျပန်ဆရာက ကောင်မလေးလိုင်းမှ ဆူပါ ကိုခေါ် မေးတော့….
“ ဟုတ်တယ်၊  သီသီ က သိပ်ကြိုးစားတာ ၊ နားခိုင်းလို့ မရဘူး ၊ စံချိန်ကျော်အောင်ချုပ်နေတာ ၊ ဒါကြောင့် လတိုင်း သူများတွေထက် လခပိုများတယ်…သူ က ထမင်းစားဖို့ ငွေပဲချန်ပြီး အိမ်ကို လခအကုန်ပေးရတာ၊သူ့ မောင်လေး ကျောင်းတက်ဖို့ နဲ့ အိမ်စရိတ်အကုန်သူထောက်ပံ့ နေရ  တာလေ”
“ ဟာ…သူ့ အိမ် မှာ တခြားပိုက်ဆံရှာတဲ့သူမရှိတော့ဘူးလား ”
“သူ က ဧရာဝတီတိုင်းဘက် ကပါ…နာဂစ်တုန်း ကသူ့ အဖေ ဆုံးသွားတယ် ၊ သူ့ အမေ လည်း  အဲ့ ဒီ ကတည်း က ကျန်းမာရေးမကောင်းတော့ လို့  အိမ်မှာ ပဲနားနေရတာ ၊ ခု သူ့ မောင်လေး       က ကိုးတန်းတဲ့ …”
ဖြစ်မှဖြစ်ရလေ…
ဆူပါပြောပြနေတာနားထောင်ရင်းသူ့ ရင်ထဲမှာ ဂရုဏာမြစ်တစ်စင်းတသွင်သွင်စီးဆင်းသွားပါပြီ။
ဒါကြောင့် …နားချိန်မှာ သူများတွေလိုမုန့် သွားမစားဘဲတယောက်တည်း စက်ချုပ်နေ သည့်ကောင်မလေးနားမှာစကားပြောရင်းသူနေပေးမိသည်။ တခြားအချိန်တွေမှာ မှိန်ဖျော့ နေ တတ်သည့်ကောင်မလေး၏မျက်လုံးဝိုင်းလေးများသည် သူနှင့် စကားပြောနေချိန်မှာတော့  ထူးခြားစွာ အရည်လဲ့ တောက်ပနေတာမြင်ရတော့ သူ့ ရင်တွေခုန်မိပါသည်။
သို့ သော်…ဒီလို စက်ရုံထဲမှာ အထည်ချုပ်တွေပဲ ချုပ်နေသည့် ၊ ဘာမှအသိအမြင် ဗဟုသုတ မရှိသော ကောင်မလေးတယောက် ကို  မတွယ်တာချင်သည့်သူ့ မာနကြောင့် ကောင်မလေး ကို သူခပ်တန်းတန်းပဲဆက်ဆံခဲ့ ပါသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဂျပန်ဆရာပြောသမျှ ကို တက်ကြွရွှင်လန်းစွာ သံနေသံထားဖြင့် ဘာသာပြန်ပြီးပြောပေးနေသည့်   သူ့  ကို ခိုးကြည့်ရင်း သီ့ ရင်ထဲမှာ ကြည်နူးနေမိပါသည်။သိပ်တော်တဲ့ အ ကိုကြီး ..သီ့ အိပ်မက် ထဲထိ ရော က်ရော က်လာတတ်တဲ့  အ ကိုကြီးဟာ ခုတလော  ဘာလို့ များ သီ့ ကို မြင်ရင် သက်ပြင်းချရင်း မျ က် နှာလွှဲလွှဲသွားတတ်တာလည်းဆိုတာ သီနားမလည်တော့ပေ…။ဂျပန်ဆရာက သီ့  ကို ဂျပန်မလေးနှင့် တူတယ်ပြောပြီးရင်းရင်းနှီးနှီးနေပေမယ့် အကိုကြီး က တမျိုးပင်….။
ဒါပေမယ့် လေ…အကိုကြီးဟာ သီ့  ကို ခင်တယ်ဆိုတာ သီ အလိုလို သိနေပါသည်။စက်တန်း    ထဲမှာ တခြားကောင်မလေးတွေကို အရောမ၀င်သည့့် အကိုကြီးကအားလပ်ချိန်တွေ မှာ သီတယောက်တည်း   စက် ချုပ်နေသည့်နားလာပြီးမျက်နှာခပ်တည်တည်နှင့်  သီ့ အိမ်အကြောင်းတွေ မေးတတ်ပါသည်။
“ ဒီလခ နဲ့ မင်းအိမ် အတွက်လောက်ရဲ့ လား ”
“ ဟုတ် ကဲ့ …အမေ က ခြွေတာသုံးတတ်ပါတယ် …တောမှာဆိုတော့ စားဖို့ သိပ်မကုန်ပါဘူး ၊     မောင်လေးကျောင်းစရိတ်ပဲပူရတာပါ ”
“ မင်းရောကျောင်းပြီးသွားပြီလား”
“ ဒီမှာနေရင်း အဝေးသင် နဲ့ ပြီးသွားပါပြီ ”
“ အင်း...တခြားသင်တန်းတွေ မတက်ဘူးလား ”
“ ရှင်…. ဘာသင်တန်းလဲ ”
“ အာ…ဘာသာစ ကားသင်တန်းတို့  ၊ စာရင်း ကိုင်သင်တန်းတို့ ပေါ့  ”
“ မတက်နိုင်ပါဘူး….အချိန် လည်းမရှိပါဘူးရှင့်  ”
“ ဒါဆို ..မင်းက စက်ပဲချုပ်သွားမှာပဲလား”
“သူဌေး ကပြောပါတယ်…နောက်နှစ်ဆို လိုင်းမှာလက်ထောက်ဆူပါ ရာထူးတိုးပေးမယ်တဲ့ ”
“အော်.. ဒီလိုနဲ့ အထည်ချုပ် စ က်ရုံထဲမှာပဲနေတော့မလို့ လား”
“ဟုတ်…ဒီ စ က်ရုံ မှာ အဆောင်လည်းရပြီးဖယ်ရီလည်းရှိတော့ အဆင်ပြေပါတယ်”
“ဘာ..ဒါဆိုမင်းတစ်သက်လုံး စက်ချုပ်သွားမယ်ပေါ့ ..ဟုတ်လား”
မေးရင်း သူ့   ကို ဒေါသဖြစ်လာသလို လေသံတင်းတင်းနှင့် အော်နေသည့်အကိုကြီး ကိုသီ နားမလည်ဘဲ ကြောင်ကြည့်နေမိပါသည်။ တုံးတယ်လို့ ပဲပြောပြော..သီ ပြောတာ ဘာအမှား ပါသွားသလဲ သီမသိပါ…။အလကားနေရင်း ဘာမဆိုင်ညာမဆိုင်လာအော်နေသည့် စကားပြန် ကိုလူချောကို သီ နားမလည်တာတော့အမှန်ပါ…။သီ့ ဘာသာအေးအေးဆေးဆေး စက်ချုပ်နေတာအပြစ်လား…
သီ့ နှင့် ဆုံတိုင်း သင်တန်းတွေတက်ဖို့ ၊ တခြားအလုပ်တွေရှာဖို့ တွေသူပြောတတ်ပါသည်။
တစ်လတစ်လ အမေ နှင့် မောင်လေးအတွက်ပဲခေါင်းထဲရှိကာ ထမင်း၂နပ်စားဖို့ တောင် ကိုယ့်အတွက်ကိုယ်မသထာချင်တဲ့  သီ့ ကိုများ သူ မို့  လာတိုက်တွန်းနေတယ်…လို့  စိတ်ထဲ မှ ပြန်အထွန့် တက်မိပေမယ့်  သီဟာ သူရှေ့ မှာတော့ ဘာမှပြန်မပြောရဲဘဲသူပြောသမျှကိုသာ နားထောင်နေမိပါသည်။
xxxxxxxxxxxxxxxxxxxxx
ခန့်နိုင် ခုတလော အလိုလိုနေရင်း စိတ်ရှုပ် ဒေါသဖြစ်နေမိပါသည်။
ဘာလို့ ဒီလို ဖြစ်နေရတာလဲဟု သူ့ စိတ်သူဆန်းစစ်ကြည့်တော့ ကောင်မလေးကြောင့် ပင်…
ဟုတ်ပါသည်..ကောင်မလေးကို သူ စိတ်တိုင်းမကျပါ…အလိုမကျပါ…
ကောင်မလေးသည် သူဖြစ်စေချင်သလို ကိုယ့်ဘ၀ ရှေ့ ရေးကို မကြည့်တတ်ပေ..။
ကောင်မလေးတွေးနေတာ အထည်များများချုပ်ဖို့  ၊ ရတဲ့ လခလေးကို အိမ်ပြန်ပို့ ပြီး သူခြွေတာစားဖို့ ပင်…
သူ့ အမေ နဲ့ သူမောင်လေးလုပ်ကျွေးနေတာ ဘာများမှားနေလို့ လဲဆိုရင်တော့ မှားတော့မမှားပါ…။
ဒါပေမယ့်.. ခန့် နိုင်သည် သူတွယ်တာမိနေသောကောင်မလေး ကို အမြင်ကျယ်ကျယ်နှင့်  ကိုယ့်ဘ၀အတွက် စဉ်းစားစေချင်ပါ၏။
တစ်ခြားနေရာတွေမှာ  ခန့် နိုင် တွေ့ ဆုံနေရသည့် လယ်ဗယ်တူ မိန်းကလေးတွေ ကို ကျော်ကာ ဒီလိုရိုးအ လှသည့် စက်ချုပ်သမလေးအပေါ် ကို မှသံယောဇဉ် တွယ်နေမိသည့် သူ့ စိတ် ကိုလည်း သူ နားမလည်တော့ပေ။
တစ်နေ့ တော့…ကောင်မလေး စက်ချုပ်ရင်းမူးလဲသွားသည့်အခါ သူ ပြာပြာသလဲဖြစ်သွားရသည်။
ဆေးခန်းသွားပြတော့ အားနည်းပြီး အစာမရှိလို့ မူးတာ ဟု ဆရာဝန်ပြောပါသည်။
ကုတင်ပေါ်မှာဖျော့ တော့ စွာ လှဲနေသောကောင်မလေး ရဲ့ လက်ဖ၀ါးလေးကို ညင်ညင်သာသာ ဆုပ်ကိုင်ရင်း သူ တီးတိုးစွာဖြင့် ပြောလိုက်မိတာက….
“ မင်း..ဂျပန်စာသင်ရမယ်နော် ”
xxxxxxxxxxxxxxxxx
အကိုကြီးပြောတာကို အမိန့် လိုနာခံတတ်သည့် သီ သည် သူပြောသလို ဂျပန်စာသင် ရန်ခေါင်းငြိမ့် မိပါသည်။
သီ့ အတွက်တနင်္ဂနွေတက်လို့ ရသည့် ပညာဒါနသင်တန်းတွေစုံစမ်းပေးကာ အခြေခံ သင်တန်းစတက်ရမည့် နေ့ က သူကိုယ်တိုင် သီ့ ကို လိုက်ပို့ ပေးပါသည်။
သည်လို မှ လိုက်မပို့ ပေးရင်လည်း သီ တယောက်တည်းဘယ်မှမသွားတတ်ပါ။
ရန်ကုန်မြို့ ထဲ တခါမှ သီမရောက်ဘူးလို့ ဆိုတော့ သူ က သီ့ ကို အံ့ သြသလိုကြည့်ပါ၏။
“ အံ့ ရော…မင်းရန်ကုန်ရောက်တာ ဘယ်လောက်ရှိပြီလဲ ”
“ ဆယ်တန်းအောင်ပြီးကတည်းကဆိုတော့..ခု ငါးနှစ်ကျော်ပါပြီ ”
“ ဒါနဲ့ များ…လိုင်း ကားမစီးတတ်သေးဘူးလား ”
“ ဘယ်မှ  မှ မသွားတာ ”
“ အလို..မြို့ ထဲတခါမှမသွားတာလား ”
“ ဟုတ်..ဘယ်နေရာ မှ မသွားပါဘူး….စက်ရုံရယ် ၊ အဆောင်ရယ် ၊ အဆောင်နားကဈေးလေး ရယ်..ဒါပဲရောက်ဖူးပါတယ် ”
“ ဟာကွာ….မင်းဘယ်လိုများ ဒီ ငါးနှစ် ကိုဖြတ်သန်းနေထိုင်လာတာလဲ..ကောင်မလေးရယ်”
သူ က သီ့ ငယ်ထိပ် ကို ဖွဖွထုရင်း ပြောလိုက်တဲ့ အခါမှာတော့ သီ့ ရင်ထဲဝမ်းနည်းလာကာ
မျက်ရည်တွေ အလိုလိုကျလာပါတော့သည်။
“ ဟာ..ဘာလို့ ငိုတာလဲ..မငိုနဲ့ ၊မင်းကို ဆူနေတာမဟုတ်ပါဘူး…ဂရုဏာဒေါသော နဲ့ ပြောမိတာပါ…
ရန်ကုန်မြို့ တော်ကြီးမှာနေမှတော့ လူတောတိုးတတ်အောင် ကြိုးစားပေါ့ … ကဲ..သင်တန်းရောက်တော့မယ်..မျက်ရည်တွေသုတ်လိုက်ဦး..မင်းသင်တန်းချိန် ပြီးရင် လာပြန်ခေါ်မယ်..မြို့ ထဲတစ်ပတ်ပို့ ပေးမယ်.ဟုတ်ပြီလား ”
ကြင်နာရိပ်တွေသမ်းနေသော သူ့ မျက်ဝန်းအကြည့်ကြောင့် သီ့ ရင်ထဲမှာ တလှပ်လှပ် တုန်ယင်လာပါသည်။
သင်တန်းချိန်ပြီးတော့ သူနှင့်  အတူသွားလာရသည်မှာလည်း အိပ်မက်မက်နေရသလိုပင်…
မစားဖူးတာတွေစားရ ပြီး မရောက်ဖူးသည့်နေရာတွေ သွားခဲ့ရသည့် ထိုတနင်္ဂနွေနေ့ လေးသည်
သီ နှင့် အကိုကြီးတို့ ရဲ့ သံယောဇဉ် ကို ပိုပြီးနက်ရှိုင်းသွားစေပါ၏။
Xxxxxxxxxxxxxxxxxxxxxxxxx
သင်တန်းမဆင်းသေးဘဲ ရောက်သွားသည့်ခန့်နိုင်သည် ကော်ရစ်ဒါ တွင် ရပ်ရင်း စာသင်နေ သည့် ကောင်မလေးကို ကြည်နူးစွာကြည့်နေမိသည်။
ခုဆို ကောင်မလေး သင်တန်းတက်နေတာ လေးပတ်ကျော်သွားပါပြီ။  စက်ရုံက တနင်္ဂနွေ အပတ်တိုင်းမပိတ်ပေမယ့်   ကောင်မလေးကို ခွင့် ယူကာသင်တန်းတက်ခိုင်းခဲ့ပါသည်။သူလည်း သင်တန်းပြီးချိန်လာကြိုပါသည်။
သင်တန်းပြီးသည်နှင့် ကောင်မလေးက သူရပ်နေသည့်နေရာသို့ အပြေးလေးလှမ်းလာပါသည်။
ဝတ်ထားသည့် စိမ်းပြာရောင်အင်္ကျီလေးက အဖိုးမတန်ပေမယ့် ကောင်မလေးရဲ့  အသားလေးတွေပိုပြီးဖွေးဆွတ်သွားအောင် ပံ့ ပိုးပေးထားသလိုပင်…။
ဘယ်မှမသွားဘဲ နေမထိလေမထိ စက်ရုံထဲမှာပဲနေရလို့ လားတောမသိပေ..ကောင်မလေးရဲ့  ပါးပြင်လေးတွေသည်ကြည်လင်နေပြီး သွေးကြောမျှင်လေးများကိုပင်မြင်နေရပါ၏။
“ အကိုကြီး…စောင့်နေရတာကြာပြီလား ”
“ မကြာသေးပါဘူး…ဒီနေ့ တော့ မင်းကို ကားပေါ်တင်ပေးလိုက်မယ်.. အဆောင်ထိလိုက်မပို့ တော့ဘူး..ဂျပန်ဆရာတယောက် နဲ့ ချိန်းထားလို့  ”
“ ဟုတ်ကဲ့  ”
သူ ပြောသမျှ ခေါင်းငြိမ့် နာခံတတ်သည့်ကောင်မလေးကို သနားနေပေမယ့် သူအားမရသေးပါ….။
မပြန်ခင် အအေးဆိုင်မှာထိုင်ကြတော့ သူ့ ကို ကောင်မလေးက မ၀ံ့ မရဲကြည့်ကာ…
“ ဟိုလေ…နောက်အပတ်  သင်တန်းတက်နိုင်မှာမဟုတ်ဘူး ”
“ ဟာ..ဘာလို့ လဲ..ခုမှသင်ခါစ ကို ကျောင်းပျက်ဦးမလို့ လား..မရဘူး”
“ ဟို…တနင်္ဂနွေမဆင်းရင် နှစ်ဆဖြတ်တာ..ဒီလ လခနည်းတော့မှာ…. ”
“ နည်းပစေပေါ့ …ဒီလောက်တော့ ရင်းရမှာပေါ့ ..မင်းဂျပန်စာတတ်သွားရင် ဒီ့ ထက်လခ အများကြီးပိုရမှာမတွေးတတ်ဘူးလား ၊ ငါလည်း တနင်္ဂနွေသင်တန်းရှိလို့ မဆင်းပေးနိုင်ဘူး      ဆိုတာ ဂျပနဆရာပြောထားပြီး သင်တန်းတက်နေတာပဲ ”
“ အကိုကြီးကတော့ဟုတ်တာပေါ့..သီတို့ က မတူဘူးလေ ”
“ အေး..အဲ့ လိုမတူမှန်းသိရင် တူလာအောင်ကြိုးစားရမှာပေါ့  ”
ပြောရင်းဒေါသထွက်ချင်လာသည့်စိတ်ကို ခန့် နိုင်မနည်းပြန်ထိန်းလိုက်ရပါသည်။             တကယ်ဆို တနင်္ဂနွေမှာသူ မအားပါ..ဂျပန်ဥပဒေကျောင်း ၀င်ခွင့် ဖြေမယ့် သင်တန်း တက် ဖို့ ရှိသည့်ကြားမှ အချိန်လုပြီး ကောင်မလေးကို လိုက်ပို့ နေခြင်းပင်…ဒါကိုနား မလည်လေရော့  သလား..
ဒီလောက်အပင်ပန်းခံပြီး ဂျပန်စာသင်ခိုင်းနေသည့် သူ့ စေတနာကို နားမလည်သည့်ကောင်မလေး ကို စိတ်ပျက်လက်ပျက်နှင့် စိုက်ကြည့်နေမိပါသည်။
xxxxxxxxxxxxxxxxxxxx
အထည် ချုပ်ရိုးကြောင်းမှန်အောင် သတိထားချုပ်နေသည့်ကြားမှ သီ့ အာရုံက အကိုကြီးဆီရောက်သွားပါသည်။
သင်တန်းမတက်ဘဲအလုပ်ဆင်းနေသည့် သီ့ ကို ဘယ်လောက်တောင်ဒေါပွနေလဲပဲနော်…။
 သီတို့ လိုင်းဘက် ဂျပန်ဆရာ နှင့် အတူအကိုကြီး လာပေမယ့်  သီ့ ကို   စကားမပြောပါ….။ အားလပ်ချိန် သီတယောက်တည်း အထည်ချုပ်နေတော့လည်း အရင်လို မလာပေ…။
အကိုကြီး ရဲ့  တင်းမာနေသည့် မျက်နှာထားကို မြင်ရတော့ သီ့ ရင်ထဲမကောင်းပါ…။ ခုလောလောဆယ်စိတ်ဆိုးနေပေမယ့်  နောက်အပတ် သင်တန်းပြန်တက်လျှင် အကိုကြီး စိတ်ဆိုးပြေသွားမှာ..ဟုတွေးပြီး နောက်အပတ်တနင်္ဂနွေနေ့ ရောက်ဖို့ မျှော်နေမိပေမယ့် သီ့ အဆောင်ကို အမေရောက်လာပါတော့သည်။
xxxxxxxxxxxxxxxxxxxxxxxxxxx
ခန့် နိုင် သည် ခုံတန်းမှာထိုင်ရင်း လေပြည်ညှင်း လေး အေးမြညင်သာ စွာ တိုက်ခတ်နေ သည့်  အင်းလျှား၏ညနေဆည်းဆာအလှ ကို မခံစားနိုင်ဘဲ ရင်ထဲတွင်ပူလောင်ဆူပွက်နေ သည်။ လောကကြီး မှာ ကိုယ့် စေတနာ ကို အစော်ကား ခံရသည်လောက် အခံရခက်တာ မရှိတော့ပေ…။
ကောင်မလေး ….မင်း ဟာ အလကားပဲ…မြင့် စေချင် လို့ အပေါ်တင်ပေးနေတာကို ခုန်ချတဲ့ လူမိုက်ပဲ..
တနင်္ဂနွေတိုင်း ကောင်မလေး သင်တန်းမတက်တာ သုံးပတ်ရှိပါပြီ။ နေမကောင်းတာမျိုးမဟုတ်ဘဲ အလုပ်တော့ပုံမှန်ဆင်းနေတာမို့  ဂျပန်စာ မသင်ချင်လို့ မတက်တာပဲပေါ့ …။အလုပ်ထဲမှာ သူ့ ကို တခုခုပြောချင် ပုံနဲ့  အနားကပ်လာတတ်သည့်ကောင်မလေးကို သူလုံးဝမပြောမဆိုတော့ ဘဲ ခပ်စိမ်းစိမ်းနေလိုက်သည်
ခုတော့…ဂျပန်ဆရာလည်း မနေ့ ကဂျပန် ပြန်သွားပြီမို့ စက်ရုံမှာ သူအလုပ်ဆင်းဖို့ မလိုတော့ပါ။ သူဖြေထားသည့် ဂျပန်ဥပဒေကျောင်းဝင်ခွင့် လည်း အောင်ပြီဆိုတော့သူလည်း  ဂျပန်သွား ဖို့ ပြင်ဆင်ရပါတော့မည်။
တကယ်တော့ …သူ စိတ်ကူးယဉ်လွန်းခဲ့တာပါလား..
ကောင်မလေးကို ဂျပန်စာ ကျွမ်းကျင်အောင်သင်ခိုင်းမယ်…ပြီးရင် လခကောင်းတဲ့ အလုပ်လေး ရှာပေးမယ်…ပြင်ပဗဟုသုတတွေရပြီး အမြင်ကျယ်အောင် ၊လူဝင်ဆံ့ အောင်နေခိုင်းမယ် ၊ သူဂျပန်ကပြန်လာရင် ကောင်မလေးနဲ့ သူ အတူတူလုပ်ငန်းတွေ လုပ်ကြမယ်… 
ပျော်ရွှင်အဆင်ပြေမယ့် ဘ၀လေးတည်ထောင်ကြမယ်…
အို…သူမက်ခဲ့တဲ့ အိပ်မက်တွေ အများကြီးပါ…
ဒါပေမယ့်  ကောင်မလေးသည် သူ့ အိပ်မက်တွေအားလုံးကို ရိုက်ချိုးဖျက်ဆီးလိုက်ပါပြီ။
မနေ့ က စက်ရုံမှာသူအလုပ်ဆင်းတာနောက်ဆုံးရက်ဆိုတာ ကောင်မလေးသိပုံမရပါ။အရင်လို ပဲ စံချိန်ပြည့်အောင်အထည်တွေမနားတမ်းထိုင်ချုပ်နေသည့် ကောင်မလေးကို နုတ်ဆက်ချင်ပေမယ့်  စိတ်ထိန်းထားရတာ သူ့ ရင်ဘတ်တွေအောင့်လာတဲ့ အထိပါ။
နေပါစေတော့လေ…သူပျော်ရာမှာ နေဖို့  ခန့်နို်င် ထားခဲ့ ပါမည်။
နေခဲ့တော့ေ ကာင်မလေးရေ…မင်း နဲ့ ဝေးရာ ကိုယ်သွားရတော့မယ်
xxxxxxxxxxxxxxxxxxxxxxxxxx
တစ်ညလုံး ငိုရလွန်းလို့ သီ့မျက်လုံးတွေမို့ အစ်နေပါပြီ။အဆောင်မှာ သူများတွေ စက်ရုံသွား ဖို့ ပြင်နေကြပေမယ့် သီိ့မျက်ရည်တွေမဆဲသေးပါ…။ အိပ်မပျော်ဘဲ မိုးလင်းသွားရလို့ ခေါင်းတွေ လည်း မူးနေပါသည်။အရင်ကဆို ဒီလောက်ရောဂါလေးတွေကို မမှုပေမယ့် ခုတော့ သီ့ မှာ ခွန်အားတွေမရှိတော့ပါ။စက်ရုံကို အကိုကြီးမလာတော့ဘူး…ဆိုတာ မနေ့ ကမှ သီသိရပါသည်။
ရက်စက်လိုက်တာအကိုကြီးရယ်..နုတ်ဆက်စကားလေးတောင် မပြောသွားဘူး…။သီ့ ကို စိတ်နာသွားတာပေါ့ နော်…။
သီသင်တန်းမတက်နိုင်သေးတဲ့အကြောင်းကို ရှင်းပြချင်ပေမယ့် သီ့ ကို လုံးဝ အနားမကပ်ခံတဲ့ အကိုကြီးကိုရှင်းပြခွင့် မရခဲ့ ပါ။
သီ...သင်တန်းတက်ချင်ပါသည်။ …ဂျပန်စာလည်း တတ်ချင်ပါသည်။…အကိုကြီး လိုမျိုး ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ ဂျပန်စကားပြန်သိပ်လုပ်ချင်ပါသည်။တနင်္ဂနွေနေ့တိုင်း အပြင်မှာ အကိုကြီးနဲ့ ဆုံရတာ လည်း သိပ်ကြည်နူးပါသည်။
 ဒါပေမယ့် …မောင်လေး အူအတက်ပေါက်ပြီးဆေးရုံတင်ခွဲစိတ်ရမယ်ဆိုတာ အဆောင်ကိုအမေ အပြေးလာပြောတော့  သီတို့ ဆူပါ  က သူဌေးကိုချ က်ချင်း ပြောပေးကာသီ့ တစ်လစာလောက်     ငွေ များ အမေ့ ကိုပေးလိုက်ပါ၏။ သူဌေး  ငွေချေးပေးလိုက်သောကြောင့် မောင်လေးလည်း အချိန်မှီခွဲစိတ်နိုင် ခဲ့ ပါ၏။
သီ့ ကို သူဌေးက အလုပ်ပဲကြိုးံစားလုပ်ပြီး ခု ချေးပေးလိုက်သောငွေ ကို သုံးလခွဲ ပြီးပြန်ဆပ် ဖို့ ပြောတော့ သီကျေးဇူးတင်စွာဖြင့်  သူဌေးကို ကန်တော့မိပါသည်။ ဒီလောက်ကိုယ့်အပေါ်ကောင်းနေသည့်သူဌေး  အတွက် သီပြန်လုပ်ပေးနိုင်တာ က အထည်တွေ များများချုပ်ပေးဖို့ပင်….။ချေးထားတဲ့ ငွေပြန်မဆပ်နိုင်မီ သီ အလုပ်မပျက်ချင်ပါ…။
 ဒါကြောင့် လောလောဆယ် တနင်္ဂနွေ နေ့ မှာ ခွင့် မယူဘဲ အလုပ်ဆင်း ကာ သင်တန်းသွား မတက်နိုင်ခဲ့ ပါ။
ဒါတွေအကိုကြီးနားလည်အောင် သီပြောပြချင်ပေမယ့်သီ့ ကိုအနားကပ်မခံသည့်                           အ ကိုကြီးကြောင့် ဘယ်လိုမှ ပြောခွင့် မသာခဲ့ ပါ…။
သီဟာဘယ်လောက်ပဲရိုးအနုံချာနေပေမယ့်  ချစ်ခြင်းမေတ္တာတရားကို ခံစားတတ်သည့်      နှလုံးသား ရှိပါသည်။ သီ့ အပေါ်အကိုကြီးဘယ်လိုသဘောထားသလဲဆိုတာ… ဘာလို့ ဂျပန်စာတွေသင်ခိုင်းတယ်ဆိုတာ…တခြားဗဟုသုတရမယ့် စာအုပ်တွေဘာလို့ ဖတ်ခိုင်း တယ် ဆိုတာ…သီ နားလည်ပါသည်။
ဒါပေမယ့် သီအဲ့လိုနားလည်တာကိုဘာလို့ များထက်မြက်လှတဲ့ အကိုကြီးကမသိရတာပါလိမ့် …။
သူဌေးရဲ့ အကြွေးတွေကျေသွားမှ သင်တန်းပြန်တက်မယ်လို့ ..အားခဲပြီး အထည်တွေကြိုးစား ချုပ်နေသည့်သီ ဟာအကိုကြီး စက်ရုံကိုမလာတော့ဘူးဆိုတာသိတော့ ရင်ကွဲအောင်ငိုရပါပြီ။
အကိုကြီးရေ….သီပြောတာလေးနားထောင်ပေးပါလား..အကိုကြီးဖြစ်စေချင်သလို သီကြိုးစားမယ်ဆိုတာ ဘာလို့ မသိဘဲ သီ့ ကိုထားခဲ့ ရတာလည်းဟင်…
အကိုကြီးဘေးမှာ နေရဖို့ ကြိုးစားမယ့်အကြောင်းတွေ သီပြောပြချင်ပါတယ်
အကိုကြီးရေ….
အကိုကြီးရေ….
xxxxxxxxxxxxxxx
“ သွားတော့မယ် နိုင်ဆန်ရေ…မင်း ဒီရုံးခွဲကြီးကိုသေချာကြပ်မတ်နိုင်မယ်လို့ ငါမျှော်လင့် ပါတယ် ”
“ ဟုတ်ကဲ့ပါ တာကာ့ခိဆန်…ဂရုစိုက်သွားပါနော်..အန္တရယ်ကင်းသော ခရီးဖြစ်ပါစေ..
ဆယ်နာရီမှာ အင်တာဗျူး ရှိလို့  ကျွန်တော် လိုက်မပို့ နိုင်တာ အားနာပါတယ် ”
“ ရပါတယ်ကွာ..နားလည်ပါတယ၊ ဒီနေ့  အင်တာဗျူးမှာသာသေချာရွေးပါ ၊ မင်းနားမှာထားပြီး ခိုင်းရမှာဆိုတော့ အဲ့ ဒီဝန်ထမ်းကောင်းမှ မင်းအထောက်အကူရမှာ… ကဲ …သွားပြီနော်”
တာကာ့ခိဆန် ကသူ့ ကို နုတ်ဆက်ကာ လေဆိပ်ကိုထွက်သွား မှ သူ ကုလားထိုင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်မိပါသည်။
မြန်မာပြည်ပြန်ရောက်လာသည့် တစ်လတာကာလအတွင်း သူ အိပ်ချိန်မရှိအောင်ပင်ပန်းခဲ့ ပါ၏။
တစ်လဗီဇာ နှင့် လာသည့် တာကာ့ခိဆန် ဂျပန်မပြန်ခင်  ရုံးခွဲဖွင့် ဖို့ လိုတာတွေ မနားမနေ စီစဉ်ရပါသည်။မနေ့ ကတော့ ရုံးခွဲလည်းအောင်မြင်စွာဖွင့် လှစ်နိုင်ခဲ့ပြီမို့ တာကာ့ခိဆန်က ယုံကြည်စိတ်ချစွာဖြင့် သူ့ ကိုနုတ်ဆက်ကာ ပြန်သွားပါပြီ။
ခုထိ ပူလောင်နေသော  ရင် နှင့်  ခန့် နိုင်အိပ်မပျော်နိုင်သေးတာကတော့ လုပ်ငန်းကြောင့်ချည်း ပဲတော့ မဟုတ်ပါ…။
မြန်မာပြည် ပြန်ရောက်သည့်နောက်နေ့ မှာ အလုပ်တွေမအားသည့်ကြားမှပင်  ကောင်မလေး ကို တွေ့ ဖို့ အထည်ချုပ်စက်ရုံကို သူ သွားခဲ့ပါသည်။ ဒါပေမယ့် ကောင်မလေးက အလုပ်ထွက် သွားတာ လေးနှစ်ကျော်ပါပြီတဲ့ …ဘယ်ကိုအလုပ်ပြောင်းသွားမှန်းလည်းမသိပါ..ဆိုသည့်အဖြေမှ လွဲပြီး ကောင်မလေးနှင့်  ပတ်သက်ပြီး သူမသိခဲ့ရပါ..။
သူ ထင်ထားသလို ကောင်မလေးကိုစက်ရုံ မှာ အလွယ်တကူရှာမတွေ့ တော့ ဘာလုပ်ရမှန်း မသိတော့ပေ..။ကောင်မလေးကို မတွေ့ တွေ့ အောင် မြေလှန်ရှာချင်ပေမယ့် ခုချိန် မှာ ရုံးခွဲဖွင့် ဖို့ ကအရေးအကြီးဆုံးမို့  သူ သည်းခံမြိုသိပ်ပြီး အလုပ်များသာဖိလုပ်ခဲ့ပါသည်။
တိကျပြတ်သားပြီးအလုပ်အရမ်းလုပ်သောဂျပန်လူမျိုးတွေနှင့် ဆက်ဆံရမည့်လုပ်ငန်းဖြစ်သောကြောင့် 
ဝန်ထမ်းရှာပေးရာတွင်နာမည်ရသည့် အလုပ်ရှာဖွေရေးအေဂျင်စီများနှင့် ဆက်သွယ်ကာ     သူ့ ရုံးတွင် ခ န့်မည့်ဝန်ထမ်းများကို လည်းသေချာရွေးချယ်ခဲ့ပါသည်။ သည်လိုနှင့် လိုအပ် သည့်  ၀န်ထမ်းတွေ ရလာခဲ့ပေမယ့် အရေးအကြီးဆုံးတစ်နေရာ အတွက် ကျန်နေသေး ပါ၏။
သူ ရဲ့  အတွင်းရေးမှူးရာထူးအတွက်ဝန်ထမ်းအင်တာဗျူးနေသည်မှာ ခုထိ စိတ်တိုင်း မကျသေးပေ…။အရင်တင်ထားသမျှလျှောက်လွှာတွေကုန်သွားသောကြောင့် ဒီနေ့ အေဂျင်စီမှ ထပ်လွှတ်လိုက်မည့် ကောင်မလေးတစ်ယောက်ကို သူအင်တာဗျူးရပါဦးမည်။
ဂျပန်စာကျွမ်းကျင် ပြီး ရုံးလုပ်ငန်း လည်းလုပ်တတ်သော ၀န်ထမ်းများ လာလျှောက်ကြပေမယ့်  ဘယ်သူ့ ကိုမှ သဘောမကျမိတာ တော့ သူ့ ရဲ့ အတ္တပင်…။
တကယ်ဆို ဂျပန်မှပြန်လာရင် သူနဲ့ အတူတူ ဒီလိုလက်တွဲလုပ်ဖို့ ရန်အတွက် ရည်မှန်းထားခဲ့ ဖူး တာက ကောင်မလေးပင်…။ခုတော့ သူ့ စိတ်ကူးတွေရေစုန်မြောရပြီပေါ့ …။
ဘယ်ရောက်ပြီးဘာတွေလုပ်နေလဲကောင်မလေးရေ..မင်းနဲ့ သည်တစ်သက်ပြန်တွေ့ နိုင် ပါတော့မလား..
သူ ပင်ပန်းစွာဖြင့်  သက်ပြင်းမော တစ်ချက်ချ ကာ ဒီနေ့ ဗျူးဖို့ အေဂျင်စီ မှ လွှတ်ပေးသည့်ဝန်ထမ်း ၏ ဓါတ်ပုံ ကပ်ထားသော CV Form ကို ကိုင်ကြည့်လိုက်မိသည့်အခါ…………..
xxxxxxxxxxxxxxxxxxxxxxxxx
Air Con ဖွင့် ပေးထားပြီး အေးစိမ့် နေသည့် ရုံးခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်စောင့် နေရင်း စိတ်လှုပ်ရှားစွာဖြင့်  သီ့ နဖူးမှာချွေးတွေစို့ လာပါသည်။ သီထိုင်နေသည့် ဆိုဖာဘေးမှ မှန်တံခါး အတွင်းမှာသီ့ ကိုအင်တာဗျူးမယ့် ဂျပန်ပြန် ဦးခန့် နိုင် ထိုင်နေပါလား..ဆိုသည့် အသိနှင့်  သီ့ နှလုံးသားတွေ အပြင်ပေါက်ထွက်မတတ် ခုန်နေပါပြီ။
အကိုကြီးရေ… ပြန်ဆုံရတော့မယ်နော်…သီဝမ်းသာလိုက်တာ
ခုလောက်ဆို သီ့ ရဲ့ CV Form မှာပါတဲ့  သီ့ နာမည်နဲ့ သီ့ ဓါတ်ပုံကိုအကိုကြီးကြည့်နေလောက်ပါပြီ။
သီ သင်ယူတတ်မြောက်သမျှရေးထားတဲ့  ပညာအရည်အချင်းတွေကြည့်ပြီး ဒီကောင်မလေးဟာ လွန်ခဲ့ တဲ့ ငါးနှစ် က ဂျပန်စာသင်ခိုင်းတာမတက်ဘဲ အထည်တွေပဲချုပ်နေတဲ့ နုံအအကောင်မလေး ဟုတ်ပါ့ မလားလို့ အံ့ သြ တွေဝေနေပြီလားဟင်….။
မအံ့ သြပါနဲ့ အကိုကြီးရယ်…
သီလေ… အကိုကြီးနုတ်မဆက်ဘဲ ချန်ထားခဲ့ တော့ ရူးမတတ်ခံစားခဲ့ရပါတယ်။ စက်ရုံ မှာနေရင်း အကိုကြီးဂျပန်ထွက်သွားတယ်ဆိုတာ သူဌေးပြောနေတာကြားပြီးကတည်းက ဆုံးဖြတ်တစ်ခုရဲရဲ ချခဲ့ပါတယ်။
သူဌေးရဲ့ ချေးငွေ ကြေအောင်ဆပ်ပြီးတာနဲ့  အဲ့ဒီအထည်ချုပ် စက်ရုံကထွက်လိုက်ပြီး နေ့ ဆိုင်း ညဆိုင်း ခွဲပြီး အလုပ်ဆင်းရတဲ့ အထူးကုဆေးရုံကြီးတစ်ခု မှာ အလုပ်လုပ်ရင်း အားတဲ့အချိန်တွေ မှာဂျပန်စာသင်တန်းတွေကြိုးစားတက်ခဲ့ပါတယ်။သင်တန်းတွေတက်နေရလို့ အထည်ချုပ် စက်ရုံ မှာလုပ်တုန်းကလောက် အိမ်ကိုငွေမပို့ ပေးနိုင်တာလည်း  အေ မ့ကိုနားလည်အောင်ပြောပြ ထားပါတယ်။
“ ခုနေတော့ သမီးငွေပို့ တာနည်းရင် သည်းခံပါဦးအမေရယ် ၊ နောက်ဆို လခများများရ တဲ့  အလုပ်ရအောင် သမီးကြိုးစားမှာပါ… ”
သင်တန်းတွေတက်ရင်း လူပေါင်းစုံတွေ့ ရရင်းနဲ့ သီလည်း လောကကြီးအကြောင်းသင်ယူရင်းနဲ့ 
အမြင်ကျယ်ကျယ် ကြည့်တတ် ပြီး ဘ၀ရှေ့ ရေးကို စဉ်းစားတတ်လာပါတယ်။သီ့ ဝါသနာ ကို လည်းသီ သတိထားမိလာပါတယ်။
တကယ်တော့ စက်ရုံမှာ ပိုက်ဆံရအောင်အထည်တွေချုပ်နေတုန်းကသီလုပ်ချင်တာဘာလဲဆိုတာ သီ မသိခဲ့ ပါဘူး ။ စဉ်းလည်းမစဉ်းစားခဲ့ဖူးပါဘူး…။ အကိုကြီးပြောသလိုအမြင်မကျယ် တဲ့ ကောင်မလေးပါ…။
ဒါပေမယ့် အကိုကြီးကို တွယ်တာမိတဲ့ သံယောဇဉ်တရားတွေ ကပဲသီ့ ကို သတ္တိတွေ ခွန်အားတွေ ရှိအောင် ပြောင်းလဲပေးခဲ့တာ..
အကိုကြီး ဂျပန်မှာပညာတွေသင်နေတယ်လို့  တွေးရင်း သီလည်း ဂျပန်စာတွေတတ်အောင် သင်ခဲ့တယ်..။ပြီးတော့….အကိုကြီးနားမှာ အလုပ်တွေ ကူလုပ်ပေးလို့ ရအောင် အတွင်းရေးမှူး သင်တန်းလည်းတက်ခဲ့တယ်။
ဒီလိုနဲ့ သုံးနှစ်တာ ကာလ ကိုဖြတ်ကျော်ပြီးတဲ့ အခါ ….ဂျပန်ကုမ္မဏီတခုမှာ သီအလုပ်ဝင်နိုင်ခဲ့ ပါတယ်။လခလည်းကောင်းတာမို့ အမေ့ ကိုလုံလုံလောက်လောက်ထောက်ပံ့ နိုင်ခဲ့ပါပြီ။ ခုဆိုသီ့မောင်လေးလည်း အဝေးသင်တက်ရင်း အလုပ်ဝင်နေပြီဆိုတော့ သီ့ ရဲ့ ဘ၀အမောတွေ လည်းပြေစပြုလာပါပြီ။
ခုလိုသီ့ ဘ၀တိုးတက်ပြောင်းလဲလာရတာ အကိုကြီးကြောင့်ပါ..
အနာဂါတ်ကိုမမြင်မကြည့်တတ် တဲ့ သီ့ ဘ၀လမ်းမှာ အကိုကြီးဆိုတဲ့ ကြယ်စင်လေးသာ  လမ်းမပြပေးခဲ့ ရင်မှောင်မိုက်နေဦးမှာပါ…။ခုချိန်ထိ သီ ဟာ ပြင်ပဗဟုသုတဘာမှမသိဘဲ  အထည်ချုပ်စက်ရုံထဲမှာ နေ့ မအိပ် ညမအိပ် အထည်ချုပ်နေမယ်ဆိုရင်အကိုကြီး နဲ့ လည်း ဘယ်လိုမှ ပြန်ဆုံနိုင်မှာမဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ငါး လလောက်ကတည်း က  ရန်ုကုန်မှာ ဂျပန်ဥပဒေအကျိုးဆောင်ရုံးခွဲတစ်ခု လာဖွင့် တော့မယ်ဆိုတာသီတို့ ရုံးကဂျပန်တွေပြောလို့ သီသိခဲ့ရပါတယ်။ သူတို့ ကြည့်နေတဲ့  ဂျပန်ဝဂ်ဆိုဒ် မှာ ၀င်ကြည့်မိတော့ရန်ုကုန်ရုံးခွဲ တာဝန်ခံအဖြစ်ထမ်းဆောင်မယ့် သူဆိုပြီး ရေးထားတဲ့ အကိုကြီးအကြောင်းနဲ့ ဓါတ်ပုံကိုတွေ့ လိုက်ရတဲ့ အခါ သီလေ…မျက်ရည်ကျလာတဲ့ အထိဝမ်းသာကြည်နူးမိပါတယ်…။
သီ့ ရဲ့ လမ်းပြကြယ်လေး ပြန်လာတော့မယ်ပေါ့ ..
အကိုကြီးပြန်လာရင် အကိုကြီးနားမှာ အလုပ်တွေကူလုပ်ပေးချင်တဲ့ သီဟာ အကိုကြီးတို့ ဖွင့်မယ့် ရုံးခွဲ အတွက် လူခေါ်နေတယ်ကြားတော့ လိုက်စုံစမ်းခဲ့ပါတယ်။
အကိုကြီးပြန်လာပြီဆိုတာသိတော့ ပြေးတွေ့ လိုက်ချင်တဲ့  စိတ်ကိုထိန်းရင်း အလုပ်လျှောက်လွှာ တင်ခဲ့ ပေမယ့် နောက်ကျသွားပါတယ်။ သီ့ အရင် လျှောက်ထားသူတွေ များနေလို့  သီ့ ကို လိုအပ်မှပြန်ပြောပါ့မယ်ဆိုပြီး စောင့် ခိုင်းထားတော့ အကိုကြီးရဲ့ အတွင်းရေးမှူးနေရာ ကို သူများရသွားတော့မှာပဲလို့  သီပူပင်ခဲ့မိပါတယ်။
ဒါပေမယ့်…ကံကြမ္မာက ဒီတခါတော့သီ့ ကို အရေးပေးတယ်အကိုကြီးရေ
အကိုကြီးက အရင်တင်ထားသမျှလူတွေကို အင်တာဗျူးတာစိတ်တိုင်းမကျ လို့ သီ့ ကို ဒီနေ့ အင်တာဗျူးသွားပါလို့ အေဂျင်စီကဖုန်းဆက်တာမို့ သီအပြေးလေးလာခဲ့ရပါပြီ။
အကိုကြီးရေ..သီ့ ကို တွေ့ ရင် ဘယ်လို ခံစားရမှာလဲဟင်
ပျော်နေမှာလား..ဒေါသဖြစ်နေမှာလား..သူစိမ်းလို ဆက်ဆံမှာလား
နာရီကိုကြည့်မိတော့ ဆယ်နာရီထိုးနေပါပြီ။ ဒါဆိုသီ အင်တာဗျူးဖို့ ဝင်ရတော့မှာပဲ…
ဟော…
အခန်းထဲမှ ဘဲလ်တီးသံနှင့် အတူ ၀န်ထမ်းကောင်လေး သီ့ အနားရောက်လာပါတယ်။
“ မသီသီ…အင်တာဗျူးဖို့ ဝင်လို့ရပါပြီခင်ဗျာ ”
သီ..လာပြီအကိုကြီးရေ…
ထိုင်နေရာ မှ ထကာအခန်းထဲဝင်ဖို့ တံခါးကို ဆွဲအဖွင့် မှာတော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်   သီ့ မျက်ရည်တစ်ပေါက် လွင့် စင် ကျသွားပါတော့သည်။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
No comments:
Post a Comment